ဧကရာဇ်ငယ်လေးမှာဇီဇာကြောင်ပြီးနောက်ပိုင်း သူဟာနောက်တစ်နေ့ကျပုံမှန်ပြန်ဖြစ်သွားပုံရကာ ညီလာခံကိုသွားပြီး အစီရင်ခံစာများဖတ်ပြန်သည်။
ဒါပေမဲ့ သူကနာကျင်မှုကိိုဖိနှိပ်ထားသည်ဟုကျောက်ကျင်းစစ်ခံစားမိကာ သူ့နှလုံးသားမှာလည်းထုံကျင်သွားရပြီး အချိန်နှင့်အမျှကျောက်ရှင်းကိုအေးစက်စက်မျက်နှာဖြင့်မေးနေမိသည်။
"ဘာလို့သမားတော်ရောက်မလာသေးတာလဲ။"
ကျောက်ရှင်းပြောလိုက်သည်။
"သူတို့တွေအမြန်လာနေကြတာမို့ နောက်နာရီအနည်းငယ်အတွင်းမှာရောက်လာကြမှာပါ။"
ဝမ်ရယ်ကစိတ်သိပ်မရှည်ဘူးပဲ၊ မနေ့ကနေဒီနေ့ထိ သူမေးနေတာအနည်းဆုံးအကြိမ်လေးငါးဆယ်လောက်ရှိနေပြီ။ တောင်ပိုင်းရှင်းကျန်ကသနားစရာသမားတော်ကအသက်ကြီးနေပြီမို့ မြင်းနဲ့ခေါ်လာရပြီးတစ်လမ်းလုံးမြင်းခုန်တာကြောင့် သူ့ရဲ့အရိုးအိုကြီးတွေမှာတဂျွတ်ဂျွတ်ပြုတ်တော့မလိုပဲ။
ဒါပေမဲ့ အခုတလောဧကရာဇ်ငယ်လေး၏ဝိုးတိုးဝါးတားပုံစံကိုကြည့်ရင်း ကျောက်ရှင်းသူ့ဝမ်ရယ်ကိုနားလည်ပေးလို့ရသည်။ သူသာကူအဆိပ်မဖြေပေးရင် ဧကရာဇ်ငယ်လေးကတကယ်ရူးသွားလောက်သည်။
0687မှာလည်းHostကိုအနည်းငယ်စိတ်ပူနေမိပြီး ကျောက်ကျင်းစစ်ပေါ်မလာတော့ အချစ်ကူအဆိပ်လွှမ်းမိုးမှုသိပ်မကြီးမားချိန်မှာ သူသေချာဂရုတစိုက်မေးမိသည်။
"အချစ်လေး၊ မင်းအခုတလောဘယ်လိုနေလဲ။ မင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးဖို့လိုလား။"
လင်ခုံးလုသက်ပြင်းချကာပြောမိသည်။
"မင်းနောက်ဆုံးတော့အသံထွက်လာပြီပေါ့?"
0687: "ဒါဆိုဘာလဲ၊ မင်းအရင်ကမင်းလုပ်ဆောင်ချက်ကိုဝင်နှောင့်ယှက်မိမှာကြောက်ခဲ့တယ်မဟုတ်ဘူးလား။"
လင်ခုံးလု: "စကားလုံးတစ်လုံးပါပဲ၊ ပင်ပန်းတယ်။"
သူကားလူတစ်ဦးမှာရှိသင့်သည့်တုံ့ပြန်မှုအလိုက် အမှန်တစ်ဝက်၊ အမှားတစ်ဝက်လုပ်ဆောင်နေခြင်းဖြစ်ပေမဲ့လည်း အချစ်ကူအဆိပ်လွှမ်းမိုးမှု၁၀ ရာခိုင်နှုန်းကြောင့်ဖြစ်ပေါ်လာသည့်ခံစားချက်အတက်အကျမှာလည်းတကယ့်အစစ်အမှန်ဖြစ်သည်။ သူပျော်ရွှင်ပြီး ဒေါသထွက်ကာဝမ်းနည်းနေသည့်အပြင် ညီလာခံသွားတက်ပြီး အစီရင်ခံစာများဖတ်ရတာမို့ အလုပ်နှစ်လုပ်လုပ်နေရတာကသူ့ကိုသေလောက်အောင်ပင်ပန်းနွမ်းနယ်စေသည်။
လင်ခုံးလု: "ပထမတစ်ခေါက်တုန်းကလွယ်သေးတယ်။ ကူအဆိပ်မိပြီးနောက်မှာ ငါမှန်ထဲကိုအရင်ဆုံးကြည့်လိုက်တော့ ငါတကယ်ချစ်မိသွားတဲ့တစ်ယောက်ငါကိုယ်တိုင်ဆိုတော့ သူ့ရှေ့မှာဆိုအချစ်ကူအဆိပ်သယ်ဆောင်လာတဲ့စိိတ်ခံစားချက်တွေသက်ရောက်မခံခဲ့ရဘူး။"
အရင်ဘဝမှာသူနေ့တိုင်းမှန်ရှေ့မှာဆယ်လ်ဖီဆွဲကာ "ငါကအရမ်းချောတာပဲ"ဟုချီးကျူးတုန်းကသူ၏မိမိကိုယ်ကိုယ်ချစ်မြတ်နိုးသောပုံစံကို0687ပြန်တွေးကြည့်မိရာ ရုတ်တရက်တုန်ရီသွားရသည်။
နောက်ထပ်အေးချမ်းပုံရသောနေ့လည်ခင်းကုန်သွားပြီးညနေခင်းတွင် နေဝင်ချိန်အောက်မှာ အစောင့်ကနောက်ဆုံးတော့သမားတော်ကိုခေါ်လာပြီဖြစ်သည်။
ကူအဆိပ်ဖြေပေးနိုင်သည့်တစ်စုံတစ်ယောက်ရောက်လာကြောင်း ဧကရီမယ်တော်ကြားလိုက်ရချိန်တွင် သူစိုးရိမ်တကြီးအပြေးအလွှားသွားမိသည်။
သူမကားဧကရာဇ်ငယ်လေးထံရက်အနည်းငယ်ကြာသွားလည်ခဲ့ပေမဲ့ သူမပြန်လာတိုင်း ကျောက်ကျင်းစစ်ကတံခါးစောင့်ပမာ တံခါးအပြင်ဘက်မှာရပ်နေတာကိုသူမမြင်ရသဖြင့် သူမဒေါသထွက်လွန်းလို့ ဗုဒ္ဓကျမ်းစာများကိုမဖတ်နိုင်တော့ဘဲ နေ့တိုင်းလက်ဝါးသိုင်းကျင့်နေရသည်။
ဧကရာဇ်ငယ်လေးမှာသူမလာနေတာကိုမြင်လိုက်ရသော် သူ့တုံ့ပြန်မှုမှာပုံမှန်ဖြစ်ပြီး အသာခေါ်လာသည်။
"မယ်တော်။"
ဧကရီမယ်တော်ကြားလိုက်ရချိန် သူမမျက်လုံးများနီရဲသွားရသည်။
အမေတစ်ယောက်ကသားကိုအသိဆုံးပဲ၊ သူမသားကဒီရက်တွေမှာကူအဆိပ်ရဲ့လွှမ်းမိုးမှုကိုဖိနှိပ်ပြီး သူဟာသိပ်ကိုကျိုးကြောင်းဆီလျော်သလို လူရှေ့မှာအမြဲတည်ငြိမ်ချင်ယောင်နေတာကိုသူမမသိဘဲနေမယ်တဲ့လား။
ဒါပေမဲ့ တကယ်တော့ ဘယ်သူမှမရှိတဲ့အချိန် သူမသားကကျောက်ကျင်းစစ်ကိုမြင်လိုက်ရချိန်မှာပထမတော့ဒေါသထွက်ပေမဲ့ နောက်တစ်ခဏကျသူ့ကိုပွေ့ဖက်ကာ သူ့အချစ်ကိုဖော်ပြနေတာကိုသူမမြင်ခဲ့ရသည်။
ဧကရီမယ်တော်မျက်ရည်ထိန်းကာ ဖျစ်ညှစ်ပြုံးပြီး ရှေ့တိုးကာထိုင်ချပြီး ဧကရာဇ်ငယ်လေး၏လက်ကိုပုတ်ကာ စိုးရိမ်စွာမေးမိသည်။
"ဒီနေ့ပိုကောင်းလာပြီလား။ သမားတော်ရောက်လာပြီလို့မပြောခဲ့ဘူးလား။ ဘာလို့တစ်ယောက်မှမမြင်မိတာလဲ။"
ကျောက်ကျင်းစစ်ကတောင်ပိုင်းဝတ်ရုံနှင့်အဖိုးအိုကိုဦးဆောင်ကာ ဘေးနန်းဆောင်မှဝင်လာစေသည်။
ဧကရာဇ်ငယ်လေးကတစ်ချက်ကြည့်ကာ ဧကရီမယ်တော်၏မေးခွန်းကိုတည်ငြိမ်အေးဆေးသောအသံဖြင့်ဖြေလိုက်သည်။
"သမားတော်ကရက်ပေါင်းများစွာခရီးနှင်လာရတော့ပင်ပန်းနေလို့ ဘေးအခန်းမှာခဏအနားယူနေတာပါ။"
"ဒီလူအိုကြီးမပင်ပန်းပါဘူး။"
ဒါကိုကြားလိုက်ရချိန်အဖိုးအိုမှာချက်ချင်းသူ့မုတ်ဆိတ်ကိုမှုတ်ပြီး သူ့ကိုဒေါသဖြင့်စိုက်ကြည့်လာသည်။
"ဒီလူအိုကြီးကတစ်လမ်းလုံးမြင်းစီးလာရတာ၊ မြင်းခုန်လို့ ခေါင်းမူးသွားရုံပါပဲ။"
တောင်ပိုင်းရှင်းကျန်ကားရှားမင်းဆက်၏တရားစီရင်ပိုင်ခွင့်အောက်မှာမရှိပေ၊ မှော်သမားတော်မှာတောင်ပိုင်းရှင်းကျန်တွင်မြင့်မားစွာရိုသေလေးစားခံရသည်။ သူကနန်းတွင်းဓလေ့ထုံးတမ်းတို့၏ထိန်းချုပ်မှုကိုသဘောမကျဘဲ ပိုမိုသာမန်ကာလျှံကာဆန်လှသည်။
ဧကရီမယ်တော်ကဧကရာဇ်ငယ်လေးကိုကုသပေးရန်သူ့ကိုပြောလိုက်ပေမဲ့ သူမစိတ်ထဲမထားဘဲ ကျောက်ကျင်းစစ်ကိုတစ်ချက်ကြည့်လိုက်မိပြီး သူကဧကရာဇ်ငယ်လေး၏အိပ်ဆောင်အနားမှာတစ်နေကုန်တဝဲဝဲလည်နေတာကိုသူမစိတ်ပျက်မိလေသည်။
ကျောက်ကျင်းစစ်ကဒီရက်ပိုင်းဧကရီမယ်တော်၏သူ့အပေါ်မကျေနပ်မှုကိုနေသားကျနေပြီဖြစ်ရာ သူအများကြီးမတုံ့ပြန်ဘဲ သမားတော်ကိုပြောလိုက်သည်။
"ကိုယ်တော်ရိုင်းသွားမိတယ်၊ ဒါပေမဲ့ဒီကိစ္စကအလျင်လိုနေတာမို့ ကျေးဇူးပြုပြီးတော့ အရှင်မင်းကြီးကိုအရင်ဆုံးကုသပေးဖို့လူကြီးမင်းကိုတောင်းဆိုချင်ပါတယ်။"
သမားတော်မှာအထိန်းအကွပ်မရှိတာမို့ တကယ်စိတ်ထဲမထားဘဲ စကားလုံးအနည်းငယ်သာစောဒကတက်လာသည်။ ထို့အပြင် အချစ်ကူအဆိပ်ကသူတို့တောင်ပိုင်းနယ်စပ်ကထုတ်ကုန်ဖြစ်ကာ အန္တရာယ်ရှိသောအရာဖြစ်သည်။ သူကဒီကိစ္စကိုဖြေရှင်းဖို့ဒီမှာရှိနေသဖြင့် ထိုစကားများကိုကြားလိုက်ချိန်မှာလေးဖင့်မနေတော့ပေ။ သူချက်ချင်းဧကရာဇ်ငယ်လေးအောက်မှာထိုင်ချကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီးတော့လက်ဆန့်ထားပါ။"
လင်ခုံးလုသူပြောသလိုလိုက်လုပ်လိုက်ပြီး သမားတော်ကသူ့လက်ကောက်ဝတ်ပေါ်လက်ချောင်းထိပ်များတင်လာပြီးနောက် မျက်လုံးမှိတ်ကာ ဂါထာရွတ်လိုက်သည်။
ဧကရီမယ်တော်နှင့်ကျောက်ကျင်းစစ်တို့နှစ်ယောက်စလုံးမှာစိုးရိမ်တကြီးရပ်ကြည့်နေမိပြီး ဧကရာဇ်ငယ်လေးမှာလည်းနှုတ်ခမ်းတင်းတင်းစေ့လိုက်ပုံမှာ စိုးရိမ်ပူပင်မှုတစ်စွန်းတစထုတ်ပြမိသည့်အလား။
တစ်အောင့်ကြာသော် သမားတော်ကမျက်လုံးဖွင့်ကာ တည်ငြိမ်စွာပြောလာသည်။
"ဘာမှမဖြစ်ပါဘူး၊ ကူကောင်ကမကြီးသေးတာမို့ ထုတ်ရလွယ်ပါတယ်။"
ဒါကိုကြားလိုက်ရမှ ဧကရီမယ်တော်နှင့်ကျောက်ကျင်းစစ်မှာချက်ချင်းစိတ်သက်သာရာရသွားကြသည်။
လင်ခုံးလုလည်းအတူတူပင်။ အဆိပ်ကိုပိတ်ကာပေးထားသည့်စနစ်ရှိပေမဲ့လည်း သူ့ကိုယ်ထဲမှာပိုးကောင်တစ်ကောင်တစ်ချိန်လုံးရှိမနေစေချင်ပေ။
"ဒါပေမဲ့လည်း ကူကောင်ကိုမထုတ်ခင်မှာ ကျုပ်တို့ကြိုတင်ပြင်ဆင်မှုတချို့လုပ်ဖို့လိုတယ်။"
သမားတော်ကရုတ်တရက်ပြောလာပြန်သည်။
ကူအဆိပ်ကိုကုသလို့ရမှန်းဧကရီမယ်တော်သိလိုက်ရပြီးနောက် သူမစိတ်သက်သာရာရသွားကာ အမြန်ပြောမိသည်။
"ဘာလိုလိုဒီအတိုင်းပြောပြလိုက်ပါ၊ ဒီဧကရီချက်ချင်းတစ်ယောက်ယောက်ကိုလုပ်ခိုင်းလိုက်မယ်။"
ကျောက်ကျင်းစစ်မှာနှုတ်ခမ်းပါးပါးကိုမသိမသာစေ့ထားမိသည်၊ သူလည်းထိုသို့ပြောချင်ပေမဲ့ ဧကရီမယ်တော်ကဦးသွားသည်။
"သိပ်မခက်ပါဘူး။"
သမားတော်ကမော့ကြည့်ကာ ကျောက်ကျင်းစစ်နှင့်ဧကရာဇ်ငယ်လေးကိုကြည့်လိုက်ပြီးမှ နောက်ဆုံးကျောက်ကျင်းစစ်အပေါ်ကျရောက်သွားကာပြောလာသည်။
"မင်းကအရှင်မင်းကြီးအဆိပ်မိပြီးနောက်ပိုင်းမှာချစ်မိသွားတဲ့တစ်ယောက်လား။"
ကျောက်ကျင်းစစ်ခေါင်းငြိမ့်ကာဝန်ခံလိုက်တော့ လင်ခုံးလုခေါင်းမသိမသာလှည့်လိုက်မိပြီး သူ့မျက်နှာမှာပူနွေးလျက်။
ဒီနေရာမှာလူအများကြီးရှိနေပြီး အထူးသဖြင့်ကျောက်ကျင်းစစ်ရှိနေသဖြင့် ကူအဆိပ်အကြောင်းနားလည်သွားချိန်တွင့်သူ၏စိတ်ခံစားချက်များကိုမသက်ရောက်စေရန်အလို့ငှာ သူစနစ်ကိုနောက်ထပ်၅ရာခိုင်နှုန်းတမင်ပိတ်ခိုင်းလိုက်ပေမဲ့ သူပုံမှန်ဖြစ်သွားတော့ရှက်ရွံ့မှုကပြန်ရောက်လာသည်။
သမားတော်ကသတိမထားမိဘဲ ကျောက်ကျင်းစစ်ကိုပြောလာသည်။
"အဲ့ဒါလွယ်ပါတယ်၊ ကူအဆိပ်ပြေဖို့ မင်းရဲ့နှလုံးသွေးပဲလိုတာ၊ သွေးအရင်ထုတ်ရအောင်။"
ထိုစကားများထွက်လာသည်နှင့် လက်ရှိလူအများအပြား၏မျက်နှာထားမှာပြောင်းလဲသွားကြသည်။
နှလုံးသွေးကိုဘယ်လိုယူမှာလဲ။ နှလုံးကိုကလော်ထုတ်မှာလား။
ဧကရီမယ်တော်မှာလက်ကိုင်ပုဝါကိုအလိုလိုတင်းကြပ်စွာညှစ်ကိုင်လိုက်မိလျက် ကျောက်ကျင်းစစ်ကိုမော့ကြည့်လိုက်မိသည်။
ကျောက်ကျင်းစစ်၏မျက်နှာထားမှာပြောင်းလဲမသွားဘဲ ခေါင်းငြိမ့်ကာပြောလိုက်သည်။
"ရပါတယ်။"
"မရဘူး၊ ကိုယ်တော်မသောက်ဘူး။"
လင်ခုံးလုချက်ချင်းကန့်ကွက်လိုက်မိသည်။
သူ့မျက်နှာမှာဖြူဖျော့လျက်၊ ဟာသပဲ၊ သွေးသောက်ရမယ်တဲ့လား၊ သူကသွေးကြောက်ပါတယ်ဆို!
ပြီးတော့နှလုံးသွေးယူရမယ်? နှလုံးကသွေးနဲ့လက်ချောင်းကသွေးကဘာကွာလို့တုန်း? ဒါကကျင့်ကြံရေးလောကမှမဟုတ်တာ၊ ဒါလိမ်ဆင်ကြီးမဟုတ်ဘူးလား။
0687: "....." မင်းဗန်ပိုင်းယားလိုမဝတ်ထားမိတာကံကောင်းတယ်။
ကျောက်ကျင်းစစ်၏မျက်နှာထားမှာရှုပ်ထွေးသွားရကာ သူခပ်တိုးတိုးနှစ်သိမ့်ပေးလိုက်မိသည်။
"မစိုးရိမ်ပါနဲ့ ရှောင်လု၊ ကိုယ်အဆင်ပြေမှာပါ...."
လင်ခုံးလု: "....." ဒါပေမဲ့ငါတစ်ခုခုဖြစ်သွားနိုင်တယ်ကွ။
သမားတော်ကသူတို့ကိုစူးစမ်းနေပြီး ဒါကိုမြင်သွားသော်သူနားလည်သွားကာ ရုတ်ခြည်းပြောလာသည်။
"အာ၊ ကျုပ်အမှတ်မှားသွားတဲ့ပုံပဲ။ မင်းနှလုံးသွေးထုတ်စရာမလိုပါဘူး၊ လက်ချောင်းကသွေးစက်တချို့ဆိုလည်းရပါတယ်။"
ကျောက်ကျင်းစစ်: "....."
လင်ခုံးလု၏မျက်နှာဖြူဖျော့သွားရပေမဲ့ သူခေါင်းခါကာပြောမိဆဲပင်။
"အဲ့ဒါလည်းအလုပ်မဖြစ်ဘူး။"
သမားတော်မှာတိတ်တခိုးပြောမိသည်၊ ဒါအလုပ်မဖြစ်ရင် ကြောက်စရာကောင်းတဲ့အချစ်ဖြစ်သွားမှာစိုးတယ်။
ကျောက်ကျင်းစစ်ခပ်တိုးတိုးနှစ်သိမ့်ပေးလိုက်ပြန်သည်။
"ရှောင်လုမကြောက်ပါနဲ့..."
လင်ခုံးလု: "ဟင့်အင်း၊ ကိုယ်တော်မသောက်ဘူး...."
ကျောက်ကျင်းစစ်: "ရှောင်လု...."
လင်ခုံးလု: "ကိုယ်တော်မသောက်...."
ဧကရီမယ်တော်မှာသည်းမခံနိုင်တော့သဖြင့် ထရပ်ကာရှေ့တိုးပြီး သူမသားကိုသူမလက်ထဲကဓားဖြင့်သတိလစ်အောင်လုပ်ပြီးသွားမှ ကျောက်ကျင်းစစ်ကိုကြည့်ကာပြောလာသည်။
"တော်တော်အပင်ပန်းခံနေတာပဲ။"
ကျောက်ကျင်းစစ်: "......"
ဒီရက်ပိုင်းဧကရီမယ်တော်ကနန်းဆောင်ထဲမှာလူရိုက်ကျင့်နေသည်ဟုသူကြားခဲ့ရသည်၊ ကြည့်ရတာတော့ကွန်ဖူးပညာကအလကားဖြစ်သွားပုံမရပေ။
လင်ခုံးလုမှာကူအဆိပ်မပြေမချင်း သတိမေ့လျက်။
ကျောက်ကျင်းစစ်ကအိပ်ရာဘေးမှာတစ်ညလုံးစောင့်ပေးနေပေမဲ့ ဧကရာဇ်ငယ်လေးနိုးလာချိန်မှာအိပ်ပျော်သွားပေသည်။
လင်ခုံးလုနိုးလာခါစမှာ အနည်းငယ်မိန်းမောနေမိဆဲပင်။ သူကျောက်ကျင်းစစ်ကိုမြင်လိုက်ရချိန် အချစ်ကူအဆိပ်ယူဆောင်လာသည့်မူမမှန်သောစိတ်ခံစားချက်များမခံစားရတော့သဖြင့် စနစ်ကိုအမြန်မေးမိသည်။
"ကူကောင်ထုတ်ပြီးသွားပြီလား။"
"ထုတ်ပြီးသွားပြီ။"
"ဒါဆိုငါသွေးထပ်သောက်လိုက်ရတယ်ပေါ့?"
လင်ခုံးလု၏မျက်နှာတမဟုတ်ချင်းဖြူဖျော့သွားရကာ ပျို့အန်ချင်သွားသည်။
ထပ်ပြီး?
0687အနည်းငယ်ပဟေဠိဖြစ်သွားရပေမဲ့ Hostလက်မခံနိုင်ဖြစ်နေတာကိုမြင်လိုက်ရတော့ သူအမြန်ရှင်းပြလိုက်မိသည်။
"မဟုတ်ဘူး၊ သမားတော်ကမင်းကိုလိမ်ခဲ့တာ၊ သူကဆေးတစ်လုံးဖော်ပြီးတော့ ဇာတ်လိုက်ရဲ့သွေးစက်တချို့ထည့်ပြီး အဲ့ဆေးလုံးကိုမင်းရဲ့ရင်ဘတ်မှာအပေါက်သေးသေးလေးဖောက်ပြီးတော့ ဆေးလုံးနဲ့သွေးနံ့ကိုသုံးပြီး ကူကောင်ကိုအပြင်ထွက်လာအောင်သွေးဆောင်ခဲ့တာ။"
အခုတော့လင်ခုံးလု၏အသားအရောင်မှာတိုးတက်လာပေမဲ့ သူမနေနိုင်ဘဲစောဒကတက်မိဆဲပင်။
"ဘာလို့သွေးကိုသုံးမှရမှာလဲ။ ပြီးတော့ကျောက်ကျင်းစစ်ရဲ့သွေးဖြစ်ရမယ်ဆိုပဲ"
".....ဇာတ်လိုက်မှာပိုးကောင်တွေကိုဆွဲဆောင်နိုင်တဲ့အိုသွေးအမျိုးအစားရှိလို့များလား။"
0687တုံ့ဆိုင်းသွားရသည်။
လင်ခုံးလု: "....." မင်းပြောကြည့်၊ ဒီအဖြေကစိတ်ပိုင်းဆိုင်ရာထိခိုက်စေသလားလို့?
သိပ်မကြာခင်သူနိုးနေမှန်းကျောက်ကျင်းစစ်သတိထားမိသွားကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မျှော်လင့်စောင့်စားမှုနှင့်စိုးရိမ်ပူပင်မှုတစ်စွန်းတစကသူ့မျက်လုံးထဲမှာတစ်ချက်ဖြတ်သွားသည်။
"အရှင်မင်းကြီးနိုးလာပြီ၊ သက်သာပါရဲ့လား။"
သူနူးညံ့စွာမေးလိုက်သည်။
လင်ခုံးလုသူ့ကိုခေါင်းလှည့်ကြည့်လိုက်ပေမဲ့ တစ်အောင့်ကြာတော့မျက်လုံးမှိတ်ကာ လူသားတို့၏တုံ့ပြန်မှုအလိုက်ပြောလိုက်သည်။
"ကိုယ်တော်အဆင်ပြေတယ်၊ ကျေးဇူးတင်ပါတယ်ကျောက်ချင်း။"
ကျောက်ကျင်းစစ်တစ်အောင့်မျှအေးခဲသွားရကာ သူ့နှလုံးသားမှာတဖြည်းဖြည်းချင်းနစ်မြုပ်သွားချေသည်။
အရှင်မင်းကြီးကဒီလောက်စိမ်းကားပြီးယဥ်ကျေးနေတာ၊ သူ့ကိုခွင့်မလွှတ်ပေးနိုင်လို့လား၊ ဒါမှမဟုတ် ကူအဆိပ်ပြေသွားပြီးနောက်ပိုင်းမှာသူ့ခံစားချက်တွေကိုဆုံးရှုံးလိုက်ရလို့လား။
ကျောက်ကျင်းစစ်တစ်အောင့်ကြာမမေးရဲပေမဲ့ စိတ်ထဲမှာတော့ သူသာအရှင်မင်းကြီးဆိုရင် သူ့ကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူးမလား။
ဧကရာဇ်ငယ်လေးနိုးလာမှန်းဧကရီမယ်တော်သိသွားချိန် သူမကအလျင်စလိုရောက်လာကာ သူမသားကိုစိုးရိမ်တကြီးပွေ့ဖက်လိုက်မိသည်။
ဒါပေမဲ့ကျောက်ကျင်းစစ်လည်းရှိနေကြောင်းမြင်လိုက်ရသော် သူမမျက်နှာထားမှာအနည်းငယ်ဆိုးဝါးသွားကာပြောလိုက်သည်။
"အန်းဝမ်ဖေးကမြို့တော်ထဲဝင်လာတော့မယ်ကြားတယ်၊ ဝမ်ရယ်သူမကိုသွားမကြိုဘူးလား။"
ဧကရာဇ်ငယ်လေးအခုမှနိုးလာတာမို့ ဒီကိစ္စများအကြောင်းပြောဖို့အချိန်ကောင်းမဟုတ်မှန်း ကျောက်ကျင်းစစ်သိသဖြင့် တိတ်ဆိတ်နေမိသည်။ တစ်အောင့်ကြာသော် သူဦးညွှတ်ကာထွက်သွားလိုက်တော့သည်။
သူထွက်သွားသည်နှင့် ဧကရီမယ်တော်ကဧကရာဇ်ငယ်လေးကိုဖက်ကာငိုမိပြန်သည်။
လင်ခုံးလုသူမကျောပြင်ကိုပုတ်ပေးကာသူမကိုနှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့မယ်တော်၊ ကိုယ်တော်ပြန်ကောင်းသွားပါပြီ။"
ဧကရီမယ်တော်ကသူမမျက်လုံးထောင့်ကမျက်ရည်များကိုပွတ်သုတ်ကာ စိတ်ပူစွာမေးလိုက်မိသည်။
"တကယ်လား။"
လင်ခုံးလုခေါင်းငြိမ့်တာကိုမြင်လိုက်ရတော့ သူမတစ်အောင့်ကြာတုံ့ဆိုင်းသွားကာမေးမိပြန်သည်။
"မင်းဘယ်သူ့ကိုသဘောကျလဲ။"
လင်ခုံးလုမသိမသာတောင့်တင်းသွားရကာ သူ့မျက်နှာထက်ရှက်ရွံ့သောအရိပ်အယောင်ရှိနေပေသည်။
ဧကရီမယ်တော်ရုတ်ခြည်းနားလည်သွားရကာ သူမသံကိုမုန်းပေမဲ့ခေါင်းငြိမ့်ကာ ဒေါသတကြီးပြောမိသည်။
"မင်း၊ မင်း၊ သူမင်းကိုအရင်ကသတ်ချင်ခဲ့တယ်ဆိုတာမင်းသိရဲ့လား၊ ပြီးတော့မင်းကိုပါနန်းချချင်ခဲ့တာလေ?"
ဧကရာဇ်ငယ်လေးသာအချစ်ကူအဆိပ်မိနေတုန်းဆိုရင် ဒါကိုကြားပြီးနောက် သူအလွန်အကျူးတုံ့ပြန်လာလိမ့်မည်ပင်။ ဒါပေမဲ့အချစ်ကူအဆိပ်ဖြေပြီးနောက်ပိုင်းမှာ သူနှုတ်ခမ်းတင်းတင်းစေ့ကာ စိတ်ပျက်ချင်ယောင်ဆောင်ရုံသာတတ်နိုင်သည်။
သူ့ကိုဒီလိုမြင်လိုက်ရရာ ဧကရီမယ်တော်မှာပို၍ပင်ဒေါသထွက်မိကာပြောလိုက်သည်။
"သူအခုနောင်တရပြီးတော့ သူ့နှလုံးကိုကလော်ထုတ်ပြီးမင်းကိုကယ်ဖို့ဆန္ဒရှိပေမဲ့လည်း သူမထုတ်ပေးခဲ့ရဘူးမလား။"
"ခြုံပြောရရင် ဒီဧကရီသူ့ကိုစိတ်ပူမိတယ်။ သူဒီနေ့ဒီမှာမရှိဘူးဆိုတော့ သူနဲ့ဝေးဝေးနေဖို့ ပေရှန်းနန်းဆောင်မှာဒီဧကရီနဲ့ခဏအတူသွားနေမယ်၊ အဲ့မှာရေပူကန်ရှိတော့ မင်းခြေထောက်တွေကိုခွန်အားဖြစ်စေလိမ့်မယ်။"
ဧကရီမယ်တော်မှာလျင်မြန်ကာပြတ်သားလှပြီး ဒီမှာပြောပြီးသွားသည်နှင့် ဧကရာဇ်ငယ်လေးမှာ"ဟင့်အင်း"ဟုငြင်းခွင့်မပေးဘဲ ထိုနေရာကလူတို့ကိုအထုပ်အပိုးပြင်ခိုင်းလိုက်သည်။
ထို့ကြောင့် ကျောက်ကျင်းစစ်တစ်ယောက်ကအန်းဝမ်ဖေးကိုနန်းတော်ဆီပြန်ခေါ်လာသည်နှင့် သူမနေရာချတာကိုကူညီပေးဖို့အချိန်မရလိုက်ခင် ဧကရာဇ်ငယ်လေးကနန်းတော်မှထွက်သွားပြီဟုကြားလိုက်ရသည်။
သူ့ရင်ထဲမှာအကြောင်းမဲ့ထိတ်လန့်သွားရပြီး သူအန်းဝမ်ဖေးကိုပြောဖို့အချိန်မရဘဲ မြင်းပေါ်တက်စီးကာသူ့နောက်လိုက်သွားမိသည်။
ဧကရာဇ်ငယ်လေး၏ဝေါယာဥ်မှာဖြည်းညှင်းစွာသွားနေသဖြင့် ကျောက်ကျင်းစစ်မှာမြို့တော်ဂိတ်ဝမှထွက်လာသည်နှင့်သူ့ကိုမှီသွားပေမဲ့ ဧကရီမယ်တော်ကသူ့ကိုဧကရာဇ်ငယ်လေးကိုမကြည့်ခိုင်းဘဲ လှမ်းခေါ်ကာပြောလာသည်။
"အချစ်ကူအဆိပ်ပြေသွားပြီကို မင်းဘာလို့သူ့ကိုလိုက်နှောင့်ယှက်နေသေးတာလဲ။"
ကျောက်ကျင်းစစ်ဘာမှမပြောပေမဲ့ သူ့မျက်နှာမှာအနည်းငယ်အရုပ်ဆိုးသွားသည်။
ဧကရီမယ်တော်က"အိုး"ဟုဆိုကာ ရေနွေးကြမ်းခွက်ကိုဖြည်းညှင်းစွာအောက်ချပြီး ပြောလာသည်။
"အချစ်ကူအဆိပ်ပြေသွားပြီးနောက်ပိုင်းမှာ ဧကရာဇ်ငယ်လေးကမင်းအပေါ်ခံစားချက်တွေရှိနေအုံးမယ်လို့တော့ မင်းထင်နေတာမဟုတ်ဘူးမလား။"
သူဘာမှမပြောသေးတာကိုမြင်လိုက်ရရင်း ဧကရီမယ်တော်ရယ်မောကာပြောလိုက်သည်။
"ဒါဖြင့်ရင်မင်းထင်တာမှားသွားပြီ၊ သမားတော်ပြောသွားတာကတော့ အချစ်ကူအဆိပ်ကလူတွေကိုအကြောင်းမဲ့ခံစားချက်ရှိလာစေတာမဟုတ်ဘူး၊ ဧကရာဇ်ငယ်လေးနက်နက်ရှိုင်းရှိုင်းချစ်သလောက်အချစ်ကနက်ရှိုင်းသွားမှာ၊ ပြောရရင် မင်းရဲ့နှလုံးသားထဲမှာမင်းသဘောကျနေတဲ့တစ်စုံတစ်ယောက်ရှိရင် နောက်ပိုင်းအချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုအောက်မှာ ဒီသဘောကျနှစ်သက်မှုကကူအဆိပ်မိပြီးနောက်ပိုင်းမှာမင်းပထမဆုံးမြင်လိုက်ရတဲ့လူဆီပြောင်းလဲသွားပြီးတော့ အချစ်ကူအဆိပ်ကြောင့် အဲ့ဒါကအဆက်မပြတ်ပိုကြီးထွားနက်ရှိုင်းလာပြီးတော့ အလွန်အကျူးဖြစ်လာလိမ့်မယ်တဲ့။"
"ဒီတော့ဧကရာဇ်အချစ်ကူအဆိပ်မိပြီးနောက်ပိုင်းမှာမင်းကိုအရမ်းချစ်သွားရတဲ့အကြောင်းရင်းရဲ့အဓိကအချက်ကဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာသဘောကျရတဲ့တစ်စုံတစ်ယောက်ရှိပြီးသားမို့လို့ အဲ့ဒါကိုမင်းဆီလွှဲပြောင်းသွားရုံလေးပဲ။ ဒါနဲ့ အဲ့တစ်ယောက်ကလင်စန်းပဲ။ တကယ်တော့ဒီဧကရီကသူ့ကိုဧကရာဇ်နဲ့အတူမရှိစေချင်ပေမဲ့ သူကဧကရာဇ်ကိုဘယ်တော့မှထိခိုက်အောင်မလုပ်ခဲ့ဘူးလေ၊ ဆိုတော့မင်းဘယ်လိုထင်လဲ။"
ကျောက်ကျင်းစစ်လက်သီးဆုပ်လိုက်မိပြီး သူ့မျက်နှာမှာအလွန်ရုပ်ဆိုးနေပြီးဖြစ်ကာ သူအက်ရှရှပြောလိုက်မိသည်။
"ကျွန်တော်မယုံဘူး။"
"ဒါကသမားတော်ကိုယ်တိုင်ပြောသွားတာပဲ။ အိုင်း၊ ကြည့်ရတာတော့ချူဟုန်လည်းအချစ်ကူအဆိပ်ကိုနားလည်ပုံမရဘူး။"
ဧကရီမယ်တော်ကပြုံးနေပုံရကာပြောလာသည်။
"လူတွေကိုလှည့်စားရတာတကယ်ကံကောင်းတာပဲ။"
ကျောက်ကျင်းစစ်ဘာမှမဆိုဘဲ အနေုက်လှည့်ကာဓားကိုဆွဲထုတ်ကာ သူ့ကိုလာတားသည့်တပ်သားများကိုတွန်းဖယ်ပြီး ဧကရာဇ်ငယ်လေး၏ဝေါယာဥ်ကိုမောင်းသွားချင်မိသည်။
ဧကရီမယ်တော်ချက်ချင်းဒေါသတကြီးပြောမိသည်။
"ရိုင်းလိုက်တာ၊ မင်းကဘုရင်မင်းမြတ်ကိုသတ်တော့မလို့လား။"
ကျောက်ကျင်းစစ်ချက်ချင်းအေးခဲသွာစရကာ မလှုပ်နိုင်တော့ပေ။
လုပ်ကြံမှု?
အမှန်ပဲ၊ သူကဒီလိုအတွေးမျိုးကြောင့်အရှင်မင်းကြီးကိုနာကျင်အောင်လုပ်ခဲ့ဖူးတယ်၊ အခုလည်းသူကဓားနဲ့သေနတ်ကိုသုံးပြီးသူ့လမ်းကိုအတင်းတားမိပြန်တယ်၊ အရှင်မင်းကြီးအထင်လွဲသွားအုံးမှာလား။
ထိုစဥ် ဝေါယာဥ်ထဲမှာအနားယူနေသည့်ဧကရာဇ်ငယ်လေးမှာနောက်ဆုံးသတိဝင်လာပြီး ဝေါယာဥ်၏ကန့်လန့်ကာကိုပင့်ကာ ထိုလမ်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ကျောက်ကျင်းစစ်ကိုမြင်လိုက်ရတော့ သူနှုတ်ခမ်းတင်းတင်းစေ့ကာ ဘာမှမဆိုဘဲ ကန့်လန့်ကာကိုအမြန်ပြန်ချလိုက်ပြန်သည်။
ကျောက်ကျင်းစစ်သူ့ကိုမြင်လိုက်ရချိန် သူ့မျက်ဝန်းထဲမှာမျှော်လင့်စောင့်စားမှုတစ်ချက်လက်သွားပေမဲ့ ဝေါယာဥ်ကန့်လန့်ကာကျသွားချိန်မှာ မှိန်ကျသွားရပြန်သည်။
ဝေါယာဥ်ထဲမှာ လင်ခုံးလုသက်ပြင်းချမိသည်။
"အိုး၊ သူလိုက်မလာတော့ဘူးပဲ။"
0687: "....."
လင်ခုံးလု: "မင်းငါ့ကိုသူ့နောက်ပြန်လိုက်သွားစေချင်လား။"
0687: "......"
လင်ခုံးလု: "အဲ့ဒါကဇာတ်ကောင်စရိုက်နဲ့မကိုက်ညီဘူးပဲ။"
0687: "....."
လင်ခုံးလု: "ဒါနဲ့ နှစ်သက်မှုနဲ့မကောင်းတဲ့စိတ်တန်ဖိုးဘယ်လောက်ရှိပြီလဲ။"
0687: "နှစ်သက်မှုနှုန်းက၉၉.၉၊ မကောင်းတဲ့စိတ်တန်ဖိုးက၃၉ရှိပြီ။"
လင်ခုံးလု: "သေစမ်း၊ ၀.၁ကဘာကိုဆိုလိုတာလဲ။ မင်းသေးတစ်ခါထဲပြီးအောင်ပေါက်လိုက်လို့မရဘူးလား။"
0687မသိမသာချွေးပြန်သွားသည်။
"ဒီဥပမာကြီးကနည်းနည်းမသင့်တော်ဘူးလားလို့?"
လင်ခုံးလု: "ပြီးတော့မကောင်းတဲ့စိတ်တန်ဖိုးကမကျသွားတဲ့အပြင် နှစ်ခုပိုတိုးလာသေးတယ်လား? မင်းရဲ့တွက်ချက်တဲ့နည်းလမ်းမှာပြဿနာရှိနေတာလား။"
0687: "မကောင်းတဲ့စိတ်တန်ဖိုးကအမုန်းတရားဖြစ်ဖို့မလိုပါဘူး၊ မင်း'ချစ်လွန်းလို့မုန်းတယ်'ဆိုတာကိုကြားဖူးလား။"
လင်ခုံးလု: "....."
______________________________________