Chapter(38)
Viewers 10k

ကျောက်ကျင်းစစ်တစ်ခဏမျှကြောင်အမ်းသွားရပေမဲ့ ကံကောင်းစွာဖြင့်သူလျင်မြန်စွာသဘောပေါက်သွားကာ ချက်ချင်းဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်မိသည်။

"ကျွန်တော်မျိုးကိုယ့်ကိုယ့်ကိုအကြုံပြုပါတယ်။"


လင်ခုံးလုခပ်ဖွဖွနှာမှုတ်ကာ ကျေနပ်သွားပေမဲ့ သူ့ကိုတမင်ကြည့်ပြီးမှပြောလိုက်သည်။

"ရတယ်လေ။"


ကျောက်ကျင်းစစ်ထရပ်လိုက်ချိန် သူ့နှုတ်ခမ်းထက်အပြုံးတစ်ပွင့်ရှိနေပေသည်။


ဧကရာဇ်ငယ်လေးကသူ့ကိုဒီလောက်မြန်မြန်ခွင့်လွှတ်ပေးဖို့ဆန္ဒရှိလိမ့်မည်ဟုသူမထင်ထားမိပေ၊ အရှင်မင်းကြီးရဲ့နှလုံးသားကပျော့ပြောင်းအောင်လုပ်ဖို့ကတအားလွယ်ကူလှသည်။


ထိုသို့တွေးမိပြီးနောက် သူပိုမိုစိတ်သောကရောက်ကာအပြစ်ရှိစိတ်ခံစားလိုက်ရပြီး ဧကရာဇ်ငယ်လေးကိုကြည့်လိုက်ချိန်တွင်သူ့မျက်ဝန်းထဲကအကြည့်ကပိုမိုနူးညံ့လာသည်။


လင်ခုံးလု၏ဦးခေါင်းခွံထုံသွားရကာ အေးစက်စွာပြောလိုက်သည်။

"ဘာလို့အဲ့မှာရပ်နေသေးတာလဲ။ ကိုယ်တော့်ကိုအဝတ်လဲပေးလေ။"


သူတို့ပထမဆုံးအတူအိပ်ချိန်တွင် သူတို့နှစ်​ယောက်လုံးကောင်းကောင်းမွန်မွန်ပြုမူကြသည်။


သူဟာစမ်းစစ်ကာလအတွင်းမှာရှိနေဆဲဟုကျောက်ကျင်းစစ်ခံစားရသဖြင့် သူ့စိတ်ထဲမှာအကြံရှိရင်တောင် သူဘာမှမလုပ်ရဲပေ။ ဧကရာဇ်ငယ်လေး၏အသက်ရှုနှုန်းတဖြည်းဖြည်းချင်းမှန်လာချိန်မှ သူတိတ်တိတ်လေးလက်ဆန့်ကာ သူ့ကိုသူ့ရင်ခွင်ထဲမှာပွေ့ဖက်ထားချင်မိသည်။


ဒါပေမဲ့သူမလှုပ်ရှားရသေးခင် ဧကရာဇ်ငယ်လေးကရုတ်တရက်သူ့ဘက်လှည့်လာကာ အပူလာရာရင်းမြစ်ကိုအလိုလိုလိုက်ရှာရင်း သူ့ရင်ခွင်ထဲသူ့ဘာသာသူတိုးဝင်လာသည်။


ကျောက်ကျင်းစစ်အေးခဲသွားရပြီးမှ လိမ်မာသောဧကရာဇ်ငယ်လေးကိုသူ့ရင်ခွင်ထဲမှာတင်းကြပ်စွာပွေ့ဖက်ကာ မျက်လုံးအသာမှိတ်ပြီး ပြုံးလိုက်မိသည်။


သူ့ရင်ခွင်ထဲမှာခိုလှုံနေသည့်ဧကရာဇ်ငယ်လေးမှာလည်းနှုတ်ခမ်းတို့ကော့တက်နေတာကိုသူမမြင်လိုက်ပေ။


လင်ခုံးလု: "....သူအရင်လှုပ်ရှားလာမှာကိုမျှော်လင့်နေတာက ဝက်တစ်ကောင်ကိုသစ်ပင်ပေါ်တက်လာဖို့မျှော်လင့်နေရသလိုပဲ။ ထားလိုက်တော့၊ ငါသူ့ဘက်လှည့်ချင်ယောင်ဆောင်ပြီးတိုးဝင်လိုက်တော့မယ်။"


0687: "...." မင်းခဏတောင့်ခံလိုက်ရင် ဝက်တစ်ကောင်သစ်ပင်ပေါ်တက်တာကိုမြင်လိုက်ရမှာ။


ဒီညအပြီးမှာ သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကနောက်ဆုံးရေခဲပြိုကျသွားပြီး သူတို့မှာတဖြည်းဖြည်းချင်းပနံသင့်လာကြသည်။


ကျောက်ကျင်းစစ်ကမိုးသောက်ချိန်ကျရင် ဧကရာဇ်ငယ်လေး၏အိပ်ဆောင်ထဲကိုနေ့တိုင်းအချိန်မှန်ခိုးဝင်လာပြီး တစ်ခါတရံလက်ဆောင်ငယ်လေးများယူလာတတ်ကာ တစ်ခါတရံသူ့ခြေထောက်များနှင့်အိပ်ရာကိုနွေးထွေးစေသည်။


နေ့ဘက်မှာ သူကအချိန်မှန်ထွက်သွားကာနန်းတော်ကိုပြန်ပြီး တိုင်းရေးပြည်ရေးကိစ္စများကိုဖြေရှင်းသည်။ ဒါပေမဲ့ ဒီတစ်ခေါက်သူကအရာရာတိုင်းကိုကိုယ်တိုင်မဆုံးဖြတ်ဘဲ စာအုပ်ထဲမှာသူ့ထင်မြင်ချက်များကိုရေးချပြီးမှ တစ်ယောက်ယောက်ကိုပေရှန်းကိုပို့ခိုင်းကာ ဧကရီမယ်တော်နှင့်ဧကရာဇ်ငယ်လေးကိုဖတ်စေသည်။


ဒါတွေအပြင် ညီလာခံမှာကြီးကြီးမားမားဖြစ်ရပ်တစ်ခုခုရုတ်တရက်ဖြစ်လာရင် သူကလည်းပေရှန်းကိုလူလွှတ်တင်ပြစေပြီးမှ သူတို့နှစ်ယောက်ကိုမေးပြီးနောက်ပိုင်းမှသာဖြေရှင်းတော့သည်။ ခြုံပြောရရင် သူ၏လက်ရှိအပြုအမူမှာဘုရင်ခံမင်းသားနှင့်မတူဘဲ အိမ်တော်ထိန်းနှင့်တူနေပေသည်။


ပေရှန်းကနန်းတော်ထဲမှာ ဧကရီမယ်တော်ကကျောက်ကျင်းစစ်ပို့လိုက်သည့်စာအုပ်ကိုကြည့်ကာ အလွန်ကျေနပ်နေလေသည်။


သူမဧကရာဇ်ငယ်လေးကိုတမင်သက်သက်နန်းတော်အဝေးခေါ်လာခဲ့တာက ကျောက်ကျင်းစစ်တကယ်နောင်တရပြီးအာဏာလုယူလိုသည့်ရည်ရွယ်ချက်မရှိဘူးလားဆိုတာကိုစမ်းသပ်ချင်တာမို့ဖြစ်သည်။ လက်ရှိအမြင်အရဆိုရင် တစ်ဖက်လူ၏လုပ်ဆောင်မှုကသူမကိုကျေနပ်စေသည်။


"ဒီဧကရီအတည်မပြုဘူး၊ အရှင်မင်းကြီးဆီပို့လိုက်ပါ။"

စာအုပ်ကိုဖတ်ကြည့်ပြီးနောက် သူမဘေးကိုပြောလိုက်ကာ တန့်သွားပြီးမှမေးလိုက်သည်။

"အခုတလောဘုရင်ခံမင်းသားဘာလုပ်နေလဲ။"


ဘေးမှာရပ်နေသည့်အထိန်းတော်လီကပြန်ဖြေလာသည်။

"နေ့တိုင်းတိုင်းရေးပြည်ရေးကိစ္စတွေကိုဖြေရှင်းပြီးတာနဲ့ အိမ်မှာတစ်ခုခုလုပ်နေတယ်လို့ကြားပါတယ်။"


"အိုး၊ ဘာလုပ်နေတာလဲ။"

ဧကရီမယ်တော်သိချင်စိတ်ဖြင့်မေးမိသည်။


အထိန်းတော်လီ: "ဒူးပတ်၊ မီးပြင်းဖိုစတဲ့ပစ္စည်းတချို့ပါပဲ။"


"ကြည့်ရတာဧကရာဇ်အတွက်လုပ်ထားတဲ့ပုံပဲ။"

ဧကရီမယ်တော်တွေးကြည့်လိုက်ပေမဲ့ လျှပ်တပြက်အတွင်းမှာ သူမရုတ်တရက်တစ်ခုခုတွေးမိသွားကာ ချက်ချင်းမေးလိုက်သည်။

"သူလုပ်ထားတဲ့ဟာတွေဘယ်ရောက်သွားလဲ။"


"ဒါ...."

အထိန်းတော်လီပြောစရာစကားမဲ့သွားရသည်။


"မေးဖို့လိုသေးလို့လား။ ဧကရာဇ်ကိုပေးလိုက်တာဖြစ်ရမယ်။"

ဧကရီမယ်တော်ဒေါသထွက်သွားကာ စားပွဲကိုဖြန်းခနဲရိုက်ချလိုက်တော့ ရေနွေးကြမ်းကိုလှုပ်ခါသွားစေသည်။

"လာကြစမ်း!"


အထိန်းတော်လီမှာမသိမသာချွေးပြန်သွားရသည်၊ ဘုရင်ခံမင်းသားနှင့်ဧကရာဇ်ငယ်လေးတို့အတူရှိနေကြမှန်းဧကရီသိသွားကတည်းက သူမ၏စကားများမှာပိုပိုပြီးမသင့်တော်တော့ပေ။


သို့ဖြစ်၍ ထိုညမှာ ဘုရင်ခံမင်းသားကဧကရာဇ်ငယ်​လေး၏အိပ်ဆောင်ဆီညဘက်သွားလည်ချိန်မှာ သူအဖမ်းခံလိုက်ရပေသည်။


ထိုအချိန်မှာ သူဧကရာဇ်ငယ်လေး၏ခြေထောက်ကိုနှိပ်ပေးနေတုန်း လင်စန်းနှင့်အခြားလျို့ဝှက်သက်တော်စောင့်များကတဟုန်ထိုးပြေးဝင်လာပြီးနောက် ဧကရီမယ်တော်ကလိုက်ဝင်လာသည်။


လင်ခုံးလုနှင့်ကျောက်ကျင်းစစ်မှာမတုံ့ပြန်မိဘဲ တစ်အောင့်ကြာကြောင်အမ်းသွားကြသည်။


ကျောက်ကျင်းစစ်ကသူမသားတော်၏ခြေထောက်ကိုနှိပ်ပေးနေဆဲဖြစ်ကြောင်းမြင်လိုက်ရရင်း ဧကရီမယ်တော်မှာချက်ချင်းမျက်ခုံးပင့်ကာ ဒေါသတကြီးပြောမိသည်။

"အင်း၊ ဂုဏ်သိက္ခာရှိတဲ့ဘုရင်ခံမင်းသားကျောက်ကျင်းစစ်ကတကယ်တမ်းဒီလိုသူခိုးတစ်ယောက်လုပ်တဲ့ကိစ္စမျိုးကိုလုပ်တယ်ပေါ့? ပန်းသူခိုးနဲ့ဘာကွာသွားလို့လဲ။"


ကျောက်ကျင်းစစ်မှာရှက်ရွံ့သွားပြီး ဧကရာဇ်ငယ်လေး၏ခြေထောက်ကို​အမြန်ပြန်ချကာ စောင်နှင့်အုပ်ပေးလိုက်မိသည်။ လင်ခုံးလုလည်းရှက်သွား​ရသည်၊ ကျောက်ကျင်းစစ်ကပန်းသူခိုးဆို သူကဘာလဲ။


"မယ်တော်အထင်လွဲနေတာပါ၊ ကျောက်ချင်းကကိုယ်တော့်ကို...."


"တိတ်စမ်း!"

သူစကားမပြောရင်အဆင်ပြေပေမဲ့ သူပြောလိုက်တော့ ဧကရီမယ်တော်မှာပို၍ပင်ဒေါသထွက်သွားသည်။


ရက်နည်းနည်းပဲရှိသေးတယ်မလား။ သူတို့ကအတူရှိသွားကြပြန်ပြီ။


"လင်စန်း၊  ဘုရင်ခံမင်းသားကိုပြန်ပို့ပေးလိုက်။"

ဧကရီမယ်တော်ကတည့်တိုးအမိန့်ပေးလိုက်သည်။


ဒီအချိန်ကြီးဒီမှာနေတာကမသင့်တော်မှန်းကျောက်ကျင်းစစ်သိတာမို့ ဧကရာဇ်ငယ်လေးကိုနှစ်သိမ့်ကာတောင်းပန်သောအကြည့်တစ်ချက်ပေးပြီး ထထွက်လာရုံသာတတ်နိုင်သည်။


လင်ခုံးလုသူထွက်သွားတာကိုကြည့်နေမိပေမဲ့ သူကြည့်နေရင်း တိမ်တိုက်ဖြူများပုံဖော်ထားသည့်အနက်ရောင်ဝတ်ရုံစကရုတ်တရက်သူ့ရှေ့မှာပိတ်ရပ်လာသည်။


လင်ခုံးလုမော့ကြည့်လိုက်တော့ ဧကရီမယ်တော်ကသူ့ကိုမျက်နှာအမူအရာကင်းမဲ့စွာကြည့်နေပေသည်။


သူရုတ်ခြည်းရှက်လာရသည်။


ဧကရီမယ်တော်ကလူတိုင်းကိုအပြင်ထွက်ခိုင်းပြီးမှ သူ့နှဖူးကိုတောက်ကာပြောလာသည်။

"မင်း၊ မင်း၊ မင်းကဒီဧကရီကိုတကယ်စိတ်ဆိုးအောင်လုပ်လိုက်တာပဲ။"


လင်ခုံးလုသူ့နှဖူးသူအုပ်ကာ ခပ်ဖွဖွချောင်းဟမ့်ပြီးပြောလိုက်ရသည်။

"မယ်တော်၊ ကိုယ်တော်ကအရွယ်ရောက်နေပါပြီ။"


ဒီတော့နှဖူးကိုမတောက်ပါနဲ့တော့။


ဧကရီမယ်တော်သက်ပြင်းချကာ သူ့ဘေးမှာထိုင်ပြီးမေးလိုက်မိသည်။

"တကယ်သူမှသူပဲလား။"


လင်ခုံးလုစကားမပြောဘဲ အကြည့်လွှဲမိကာ အနည်းငယ်ပြာယာခတ်နေမိသည်။


ဧကရီမယ်တော်ကူကယ်ရာမဲ့သွားကာပြောလိုက်သည်။

"တကယ်တော့ ဒီဧကရီမင်းတို့ကိုမခွဲချင်ပါဘူး၊ အဓိကအကြောင်းရင်းကသူ့ကိုမယုံလို့ ပိုပြီးစမ်းသပ်ကြည့်ဖို့လိုတယ်။"


အရေးကြီးဆုံးအရာက သူတို့ကိုခွဲပစ်ဖို့ခွန်အားမရှိပေ။


"ဒါပေမဲ့မင်းဒီလိုလုပ်လို့မရဘူး။ သူကမင်းကိုလွယ်လွယ်လေးပြန်ချော့သွားတာ။ မယ်တော်ဘာပြောထားလဲ။ မင်းကဧကရာဇ်ပဲ၊ သူမကောင်းရင်တောင် မင်းလိုချင်တဲ့ဘယ်သူမဆိုရနိုင်တယ်။ မင်းဘာလို့သူထိန်းချုပ်တာခံနေမှာလဲ။"


"မင်းကနည်းနည်းလေးပဲမြင်ရသေးလို့ သူ့ကိုစွဲလမ်းနေတာ။ ဒီလိုလုပ်၊ ဒီဧကရီမင်းအတွက်ဆုံးဖြတ်ချက်ချပေးမယ်ဆိုရင်ကော၊ အရင်ဆုံးအမျိုးသားကိုယ်လုပ်တော်တစ်ယောက်လက်ခံပြီးမှ မင်းအတွေ့အကြုံပိုယူပြီးတော့ သူနဲ့အတူရှိစရာမလိုဘူးဆိုတာသူ့ကိုသိခွင့်ပေးလိုက်ရင် သူဘေးကျပ်နံကျပ်ဖြစ်သွားလိမ့်မယ်။"


"ဒါအလုပ်မဖြစ်ဘူး။"

လင်ခုံးလုချက်ချင်းခေါင်းခါမိသည်။


ဘေးကျပ်နံကျပ်ဖြစ်မဖြစ်ပြောရခက်ပေမဲ့ မကောင်းတဲ့စိတ်တန်ဖိုးတက်သွားမှာကတော့သေချာတယ်။


"ဘာဖြစ်လို့လဲ။"

ဧကရီမယ်တော်သူ့ကိုစူးစိုက်ကြည့်ကာ ဒေါသတကြီးပြောမိသည်။

"ဘယ်ဧကရာဇ်မှာမောင်းမဆောင်မရှိလို့လဲ။ မင်းကိုယ်မင်းကြည့်လိုက်အုံး၊ အိုင်း၊ ဒီဧကရီမပြောချင်ပေမဲ့ အကြောက်ကြီးတဲ့သမားတော်ကျန်းနဲ့တူနေပြီ။"


"ရပြီ၊ ဒီကိစ္စကိုဒီလိုပဲဖြေရှင်းမယ်၊ မင်းကဒီဧကရီစီစဥ်တာကိုနားထောင်ရုံပဲ။"

ဧကရီမယ်တော်ကနောက်ဆုံးဆုံးဖြတ်ချချကာ ပြောပြီးနောက်ထထွက်သွားလေသည်။


"နေပါအုံး!"

လင်ခုံးလုအမောတကောလက်ဆန့်ကာတားလိုက်ရသည်။

"မယ်တော်ကျွန်တော့်အတွက်ဘယ်သူ့ကိုရွေးပေးမှာလဲ။"


"လင်စန်းဆိုရင်ကော၊ ဒီဧကရီ့အထင် သူကတော်တော်လေးချောသလိုပဲ။"

ဧကရီမယ်တော်သာမန်ကာလျှံကာပြောလိုက်သည်။


လင်ခုံးလု: အိုး၊ လင်စန်းလား၊ အဆင်ပြေသားပဲ။


လင်စန်းမှာစေ့စပ်ထားသောသတို့သမီးလောင်းရှိပြီး ၎င်းမှာဧကရီမယ်တော်ဘေးကအတော်လေးထင်ပေါ်သောနန်းတွင်းသူလေးဖြစ်သည်။


ဒါကိုတွေးမိရင်း လင်ခုံးလုရုတ်တရက်အလေးအနက်ပြောလိုက်မိသည်။

"မယ်တော်ပဲကိုယ်လုပ်တော်လက်ခံပြီးတော့ ဘုရင်မလုပ်လိုက်ရင်မကောင်းဘူးလား။"


"မင်း----"

ဧကရီမယ်တော်ဒေါသထွက်သွားကာလျှောက်ထွက်သွားတော့သည်။


နောက်တစ်နေ့မနက်မှာဧကရာဇ်ကကြင်ယာတော်ဧကရီတင်မြောက်တော့မည့်အကြောင်းကိုကျောက်ကျင်းစစ်သိလိုက်ရကာ ရေနွေးကြမ်းခွက်ကိုမတော်တဆခွဲလိုက်မိသည်။


အန်းဝမ်ဖေးကသူ့ကိုတစ်ချက်ကြည့်ကာပြောလာသည်။

"ဒူးပတ်ပေါ်မှာပိုးကောင်ပုံထိုးတာကအသုံးမဝင်တဲ့ပုံပဲ။"


"အဲ့ဒါကနဂါးပါ။"

ကျောက်ကျင်းစစ်မျက်မှောင်ကြုတ်ကာအမှားပြင်ပေးလိုက်သည်။


အန်းဝမ်ဖေးသက်ပြင်းချမိသည်၊ ဘာကွာလို့လဲ။


"မင်းဘာလို့ပေရှန်းကိုသွားပြီး ဧကရီမယ်တော်ကိုမျက်နှာသွားပြပြီးတော့ မတောင်းပန်ကြည့်တာလဲ။"

အန်းဝမ်ဖေးမေးလိုက်သည်။


ကျောက်ကျင်းစစ်စကားမပြောဘဲ မျက်နှာဆူပုတ်ပုတ်ဖြင့်အိမ်ကထွက်သွားတော့သည်


၄၅မိနစ်ကြာပြီးနောက် သူကဧကရာဇ်၏အိပ်ဆောင်ထဲမှာပေါ်လာသည်။


လင်ခုံးလုသူ့ကိုမြင်ရလို့မအံ့သြသွားဘဲ ခပ်တိုးတိုးသာပြောလိုက်သည်။

"ရောက်လာပြီပဲ။"


သူ့တုံ့ပြန်မှုကတည်ငြိမ်အေးဆေးနေတာကိုကျောက်ကျင်းစစ်မြင်လိုက်ရသဖြင့် သူ့နှလုံးသားတဖြည်းဖြည်းချင်းနစ်မြုပ်သွားကာ အက်ရှရှအသံဖြင့်မေးမိသည်။

"အရှင်မင်းကြီးတကယ်လက်ထပ်တော့မှာလား။"


လင်ခုံးလုသူ့ကိုမကြည့်ဘဲ တစ်ခဏတာတိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာခေါင်းငြိမ့်ပြလိုက်သည်။


ကျောက်ကျင်းစစ်လက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့နှလုံးသားမှာနစ်မြုပ်သွားရပြန်ကာ တဖြည်းဖြည်းနှင့်သူ့မျက်လုံးများနီရဲသွားချေသည်။


"ကျွန်တော်မျိုးဘာလုပ်လုပ် တားနိုင်မဲ့နည်းလမ်းမရှိဘူးပေါ့၊ ဟုတ်....လား?"

သူပြောလိုက်ပြီး အဆုံးမှာသူ့အသံကတုန်ရီသွား​ပေသည်။


လင်ခုံးလုသက်ပြင်းချကာ ခပ်လှမ်းလှမ်းကိုလျှောက်သွားပြီး စားပွဲပေါ်ကစာအုပ်များကိုထုတ်ပြလာသည်။


သူစာအုပ်အဖုံးကိုလက်ချောင်းထိပ်များဖြင့်အသာထိကာ "မာပေါင်နန်"လေသံဖြင့်ပြောလိုက်သည်။

"မယ်တော်ကကိုယ့်တော်ကိုလက်ထပ်ခိုင်းနေတာ၊ ကိုယ်တော်မတတ်နိုင်ဘူးရယ်။"


ကျောက်ကျင်းစစ်၏မျက်လုံးများမှာတကယ်ပင်စာအုပ်ထံမှဆွဲဆောင်ခံလိုက်ရပြီး သူလှမ်းကြည့်လိုက်တော့ စာအုပ်အဖုံးပေါ်မှာရေးထားသည့်စာလုံးကြီးလေးလုံးကိုမြင်လိုက်ရသည်- သတို့သမီးကိုလက်ထပ်ထိမ်းမြားခြင်း။


ကျောက်ကျင်းစစ်: "....."


"အရှင်မင်းကြီးကဘယ်သူ့ကိုလက်ထပ်မှာလဲ။"

သူခပ်တိုးတိုးမေးမိသည်။


"အင်း၊ မယ်တော်ပြောပုံအရဆို လင်စန်းဖြစ်မဲ့ပုံပဲ။"

လင်ခုံးလုပြောပြီးနောက် လှည့်ထွက်လာခဲ့ကာ စားပွဲပေါ်မှာစာအုပ်ကိုတမင်သက်သက်ချန်ထားခဲ့လိုက်သည်။


လင်စန်း?


ကျောက်ကျင်းစစ်၏မျက်နှာမည်းမှောင်သွားရကာ စားပွဲဆီလျှောက်သွားပြီး စာအုပ်ကိုယူကာ အိပ်ဆောင်ထဲကပြောင်ပြောင်တင်းတင်းထွက်လာခဲ့လိုက်သည်။


သူနန်းတော်ဂိတ်ဝကထွက်လာသည်နှင့် သိပ်မဝေးသောနေရာကသစ်ပင်ပေါ်မှာဆောင့်ကြောင့်ထိုင်ကာစောင့်ကြပ်နေသည့်လင်စန်းကိုမြင်လိုက်ရတာကလည်းတိုက်ဆိုင်မှုဖြစ်ပေသည်။


ဒါဘာကိုသတိရှိတာလဲ။ သူလာနေတာကိုတောင်သတိမထားမိဘူးလား။


တည်တင်းသောမျက်နှာဖြင့် ကျောက်ကျင်းစစ်သစ်ပင်ပေါ်ကလူကိုတည့်တိုးပြောလိုက်သည်။

"ဆင်းလာခဲ့၊ နှစ်ကွက်လောက်တိုက်ရအောင်။"


လင်စန်းမှာပဟေဠိဖြစ်သွားပုံရပေမဲ့ ဆင်းလာလိုက်သည်။


သူကလျို့ဝှက်သက်တော်စောင့်ပေမို့ သူ့လေ့ကျင့်မှုအများစုမှာကျွမ်းကျင်ထက်မြက်မှုဖြစ်သည်။ သူကဘယ်လိုလုပ်ပြီးစစ်မြေပြင်မှာစစ်တိုက်ခဲ့ဖူးတဲ့ကျောက်ကျင်းစစ်လိုလူတစ်ယောက်ရဲ့ပြိုင်ဘက်ဖြစ်နိုင်ပါ့မလဲ၊ သူဟာအကြိမ်အနည်းငယ်အတွင်းမှာရှုံးသွားလေတော့သည်။


ကျောက်ကျင်းစစ်ခပ်ဖွဖွနှာမှုတ်ကာ မှတ်ချက်ပေးလိုက်သည်။

"ဒါပဲလား။"


လင်စန်း: "....." ပိုပြီးတော့တောင်ပဟေဠိဖြစ်သွားရ။


ဧကရာဇ်ငယ်လေးကကြင်ယာတော်ဧကရီတင်မြှောက်တော့မည်ဟုကြားလိုက်ရချိန်တွင် ကျောက်ကျင်းစစ်သေချာပေါက်လှုပ်ရှားလိမ့်မည်ဟုဧကရီမယ်တော်အစကထင်ထားမိပေမဲ့ မထင်မှတ်ထားစွာဖြင့် တစ်ဖက်လူကတည်ငြိမ်အေးဆေးနေကာ ဧကရာဇ်ငယ်လေးအတွက်ဒီကိစ္စကိုကိုယ်တိုင်ပင်ဂရုစိုက်ပေးလာသည်။


ဧကရီမယ်တော်ရုတ်ခြည်းစိတ်မကောင်းဖြစ်သွားရပြန်သည်၊ ကျောက်ကျင်းစစ်ကဘာကိုဆိိုလိုတာလဲ။ သူမသားတော်ကိုမကြိုက်တော့ဘူးလား။ ဒီလိုဖြစ်လို့မရဘူးလေ၊ သူမရဲ့ကောင်းကျိုးမပေးတဲ့သားကသူ့ကိုနှလုံးသားတစ်ခုလုံးနဲ့ချစ်နေတုန်းပဲ။


ထို့အပြင် ဧကရီမယ်တော်ကလင်စန်းကိုသူ့ကြင်ယာတော်တကယ်မဖြစ်စေချင်ပေ။


ဒါကိုတွေးမိရင်း သူမဧကရာဇ်ငယ်လေးကိုအမြန်သွားရှာမိသည်။


လင်ခုံးလုကူကယ်ရာမဲ့ချင်ယောင်ဆောင်လိုက်သည်။

"မယ်တော်ကအခုတစ်မျိုး၊ နောက်ကျတစ်မျိုးနဲ့၊ ဒီလောက်ပြောင်းလဲနေတာ ကိုယ်တော့်ကိုယုံကြည်မှုမပျောက်သွားစေဘူးလား။"


ဧကရီမယ်တော်နင်သွားရကာ သူမလှည့်စားခံလိုက်ရပြီဟုခံစားမိသည်။ သူမအစကတည်းကကြင်ယာတော်မတင်မြှောက်ချင်ဘဲ သူမသားအတွက်အမျိုးသားကိုယ်လုပ်တော်ရှာချင်ယောင်ဆောင်ကာ ကျောက်ကျင်းစစ်ကိုဘေးကျပ်နံကျပ်ဖြစ်စေချင်တာဖြစ်သည်။


ဘယ်လိုဖြစ်ကုန်တာလဲ။


ဒါပေမဲ့ ဧကရီမယ်တော်မှာဆန္ဒမရှိလေတော့၊ ကြင်ယာတော်ဧကရီတင်မြှောက်မည့်နေ့ရက်ကတစ်ရက်ပြီးတစ်ရက်နီးကပ်လာပြီဖြစ်သည်။


နှစ်ရက်ကြာပြီး​နောက် ဧကရာဇ်ငယ်လေးကကြင်ယာတော်တင်မြှောက်ပွဲအတွက်နန်းတော်ကိုပြန်လာပြင်ဆင်သည်။


လက်ထပ်ပွဲနေ့တွင် လင်ခုံးလုမှာ​လေးလံသောသရဖူနှင့်အသက်ရှုရခက်သောလေးလံသောမဂ်လာဝတ်ရုံတို့ကြောင့်အလွန်ပင်ပန်းနွမ်းနယ်နေပေမဲ့ သူ့ဘေးကကြင်ယာတော်ကိုကြည့်မိချိန်မှာမရယ်မိဘဲမနေနိုင်ပေ။


ဒူးထောက်နေသည့်အမတ်တို့အားလုံးမှာအနည်းငယ်ထူးဆန်းနေကြပြီး ရင်ထဲမှာတိတ်တခိုးရေရွတ်မိသည်: ဒီကြင်ယာတော်ကဘယ်မိသားစုကလဲမသိဘူး၊ သူမကအရပ်နည်းနည်းရှည်သလားလို့? သူမကအရှင်မင်းကြီးထက်ခေါင်းတစ်လုံးပိုရှည်နေတယ်ရော်။


နန်းဆောင်ဝင်လာပြီးနောက် မျက်နှာအုပ်ပုဝါစကိုချွတ်ပြီး မဂ်လာသေရည်သောက်ချိန်ရောက်လာချိန်မှာ လင်ခုံးလုကလူတိုင်းကိုအပြင်ထွက်သွားခိုင်းပြီးမှ မျက်နှာအုပ်ပုဝါကိုအပြုံးတစ်ပွင့်ဖြင့်ပင့်တင်လိုက်သည်။


အနီရောင်ပုဝါစအောက်တွင် ကျောက်ကျင်းစစ်ကဝတ်ရုံနီဝတ်ထားသည်။ သူငဖီးနစ်သရဖူနှင့်မိတ်ကပ်တို့မဆင်မြန်းထားပေမဲ့လည်း အနီရောင်ဖယောင်းတိုင်အလင်းအောက်မှာ သူ့မျက်ခုံးများကပုံမှန်ထက်အနည်းငယ်ပိုချောနေပေသည်။


လင်ခုံးလုလက်မြှောက်ကာ အနည်းငယ်ဆွဲထားပုံရသည့်မျက်ခုံးများကိုသူ့လက်ချောင်းထိပ်များဖြင့်အသာတို့ထိလိုက်ပြီး သူအသံကသူ့အပြုံးကိုကွယ်ဝှက်မရပေ။

"ကြင်ယာတော်ကဒီနေ့အရမ်းလှနေတာပဲ။"


ကျောက်ကျင်းစစ်သူ့လက်ကိုလှမ်းဆွဲကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး အံကြိတ်ကာပြောလိုက်သည်။

"အရှင်မင်းကြီးကအံ့သြသွားပုံမပေါ်ပါလား။"


လင်ခုံးလုသူ၏အပြစ်ကင်းစင်သောမျက်လုံးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။

"ကိုယ်တော်မောင်မင်းကိုစာအုပ်ပေးခဲ့တယ်မဟုတ်ဘူးလား၊ မောင်မင်းအရိပ်အမြွက်မမြင်ဘူးလား။"


ကျောက်ကျင်းစစ်စာအုပ်ကိုထုတ်ကာ ပထမဆုံးစာမျက်နှာကိုဖွင့်ပြီး ဖတ်လိုက်သည်။

"ခင်ပွန်းသည်လင်ကလက်ထပ်ပြီးတော့ မဂ်လာအခန်းကိုဝင်သွားခဲ့တယ်၊ အလှလေးကလက်ထပ်ပွဲအတွက်ရာသီဥတုကိုပြင်ဆင်မှာလား။"


ဖတ်ပြီးနောက် သူစာအုပ်ကိုအောက်ချကာ မျက်ခုံးအသာပင့်ပြီး မေးလိုက်မိသည်။

"အရှင်မင်းကြီးဒီစာအုပ်ကိုဘယ်ကရှာလာတာလဲ။ ကျွန်တော်မျိုးတစ်ခါမှမတွေ့ဖူးဘူးလားလို့?"


လင်ခုံးလု၏လက်ချောင်းများကသူ့နှလုံးသားတဝိုက်မှာစက်ဝိုင်းများဆွဲနေပြီး ထိုစကားများကြားလိုက်ရချိန်တွင် သူ့နားနားကပ်ကာတိုးတိုးပြောလာသည်။

"ကိုယ့်ဘာသာကိုယ်ရေးထားတာ။"


သူ့အသက်ရှုငွေ့မှာစိတ်အားထက်သန်မှုအပြည့်နှင့်ပင်၊ သူကကျောက်ကျင်းစစ်၏နားထဲတိတ်တိတ်လေးဝင်ကာ ခပ်ဖွဖွယားယံမှုကိုသယ်ဆောင်လာသည်။


ကျောက်ကျင်းစစ်၏မျက်လုံးများမည်းမှောင်သွားရကာ ရုတ်ခြည်းလှည့်ကာဧကရာဇ်ငယ်လေးကိုဖိချပြီး ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်မိသည်။


"အမ်....သေ၊ သေရည်...မသောက်ရသေးဘူးလေ....."


လင်ခုံးလုမှာအချုပ်ခံထားရကာ အနမ်းခံရာမှအသက်ရှုကြပ်လာလုမတတ်ပင်။


ကျောက်ကျင်းစစ်ကသူ့ကိုစားပွဲဆီပွေ့ခေါ်သွားကာ လက်မြှောက်ပြီးသေရည်ကိုလောင်းထည့်ကာ အက်ရှရှအသံဖြင့်ပြောလာသည်။

"အရှင်မင်းကြီးသောက်ပါအုံး။"


အနီရောင်ပုံရိပ်နှစ်ခုမှာခပ်မြန်မြန်နမ်းရှိုက်ကြပြန်ရာ သေရည်ရနံ့နှင့်ထွေပြားမှုတို့ကလေထဲမှာတဖြည်းဖြည်းချင်းပျံ့နှံ့လာသည်။


"ခင်ပွန်းသည်လင်"ကနောက်ဆုံးတော့ဆုတောင်းပြည့်သွားကာ "ဇနီးလေး"ကိုအိပ်ရာပေါ်မှာစောင့်ခိုင်းခဲ့သည်။


နောက်တစ်နေ့တွင် သူကသူ၏အသစ်စက်စက်"ဇနီးလေး"ကိုပျော်ပျော်ကြီးခေါ်ကာ ဧကရီမယ်တော်ဆီအရိုအသေသွားပေးသည်။


ဧကရီမယ်တော်ကနန်းဆောင်ထဲမှာလက်ဝါးသိုင်းကျင့်နေပြီး ထိုစကားများကိုကြားလိုက်ရချိန်တွင်သူမခပ်ဖွဖွနှာမှုတ်လိုက်မိသည်။

"နေထွက်တာနဲ့အရိုအသေလာပေးရမယ်ဆိုတာမသိဘူးပဲ၊ ဒီ'ချွေးမ'အသစ်ကလေးကတော်တော်ပျင်းတာပဲ။"


အထိန်းတော်လီကသူမဘေးမှာရှိနေပြီး ရှက်ရွံ့စွာတွေးမိသည်: မယ်မယ်ပဲအရှင်မင်းကြီးအတွက်စိတ်မကောင်းဖြစ်လို့ တစ်ယောက်ယောက်ကိုဘုရင်ခံမင်းသားကိုအထူးသွားအသိပေးခိုင်းလိုက်တာလေ၊ အရှင်မင်းကြီးနိုးသွားမှာစိုးလို့ မင်းစောစောထပြီးအရိုအသေလာပေးစရာမလိုဘူးဆို?


ဘုရင်ခံမင်းသား၏မိခင်အန်းဝမ်ဖေးလည်းထိုနေရာမှာရှိနေကာ ထိုစကားများကိုကြားလိုက်ရသော်သူမအလေးအနက်ခေါင်းငြိမ့်မိသည်။

"နည်းနည်းနောက်ကျတယ်။"


သူမဧကရီမယ်တော်၏စိတ်အ​ခြေအနေကိုကောင်းကောင်းကြီးနားလည်ပေးလို့ရသည်၊ သူမ၏မထိုက်တန်သောသားကအရှင်မင်းကြီးနှင့်တကယ်ချစ်နေကြမှန်းသူမသိလိုက်ရတုန်းက သူမလည်းအဓိပ္ပါယ်မရှိဟုခံစားခဲ့ရသည်။


ဧကရီမယ်တော်ကလက်ဝါးသိုင်းကျင့်ပြီးနောက် သူမကသူမကိုပြောလာသည်။

"ဒီကိုလာကြည့်ပါအုံး၊ ဒီဧကရီရဲ့လက်ဝါးသိုင်းကဘယ်လိုနေလဲ။"


အန်းဝမ်ဖေးမှာငယ်စဥ်ကတည်းကကိုယ်ခံပညာလေ့ကျင့်ခဲ့သည်။ သူမကို​ပြောစေချင်ရင် သေချာတာပေါ့ သူမကောင်းကောင်းမလေ့ကျင့်ထားပေ။


ဒါပေမဲ့သူမတည့်တိုးမပြောနိုင်ဘဲ ကွေ့ဝိုက်ကာမေးမိသည်။

"မယ်မယ်ကဘာလို့ရုတ်တရက်ကြီးကိုယ်ခံပညာလေ့ကျင့်ချင်လာတာလဲ။"


ပွင့်ပွင့်လင်းလင်းပြောရရင် သူမကအသက်အရွယ်မှန်ကိုကျော်သွားပြီးပြီ။


ဧကရီမယ်တော်ကသူမနှင့်နှစ်ပေါင်းများစွာသူငယ်ချင်းကောင်းဖြစ်ခဲ့သဖြင့် ယဥ်ကျေးမနေဘဲ တည့်တိုးပြောလိုက်သည်။

"ဒီမထိုက်တန်တဲ့သားကခွန်အားကြီးမားတဲ့ချွေးမလေးကိုလက်ထပ်လိုက်တော့ ဒီဧကရီလက်ဝါးသိုင်းကျင့်မှ အနာဂတ်လေ့ကျင့်ရေးအတွက်အဆင်ပြေမှာမဟုတ်ဘူးလား။"


အန်းဝမ်ဖေး: "....." အဲ့ကလေးမှာကြမ်းတမ်းတဲ့အသားနဲ့ထူထဲတဲ့အရေပြားရှိတာမို့ ရိုက်ပြီးသွားရင်သူမလက်တွေပဲနာသွားလောက်တယ်။


"ကျွန်တော်မျိုးမမယ်မယ့်ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာသင်ပေးရင်ကော?"

အန်းဝမ်ဖေးအလေးအနက်အကြုံပြုလိုက်သည်။


ဧကရီမယ်တော်: "....."


တံခါးအပြင်ရောက်လာချိန်ဒီစကားကိုကြားလိုက်ရတဲ့ကျောက်ကျင်းစစ်နှင့်လင်ခုံးလု: "......"


ဒါငါ့အမေဟုတ်ရဲ့လား။


လက်ထပ်ပွဲပြီးနောက်ပိုင်း ဧကရာဇ်ငယ်လေးကနောက်ဆုံးမှာညီလာခံသွားတက်ပြန်သည်။


ဒါပေမဲ့ဒီတစ်ခေါက်အခြေအနေကပုံမှန်နှင့်အနည်းငယ်မတူပေ၊ ဘာလို့လဲဆိုတော့ဧကရာဇ်ငယ်လေးကကြင်ယာတော်ဧကရီကိုခေါ်လာ...အာ မဟုတ်ဘူး၊ ဘုရင်ခံမင်းသားကိုညီလာခံဆီအတူခေါ်လာပြီးတော့ နဂါးပလ္လင်မှာဘေးချင်းကပ်ထိုင်စေသည်။


အမတ်အားလုံးမှာအပြန်အလှန်တုန်လှုပ်စွာကြည့်မိကာ ဘာဖြစ်သွားမှန်းမသိကြပေ။


လင်ခုံးလုအမြန်ကြေငြာချက်ထုတ်လိုက်သည်။

"အခုကစပြီး ကြင်ယာတော်ဧကရီကညီလာခံကိုကိုယ်တော်နဲ့အတူတက်လိမ့်မယ်၊ သူ့စကားကကိုယ်တော့်စကားကိုကိုယ်စားပြုတယ်။"


အမတ်အားလုံး: "......" သောက်ကျိုးနည်းကြင်ယာတော်ဧကရီ၊ ဒါကဘုရင်ခံမင်းသားမဟုတ်ဘူးလား။


နောက်ပိုင်းသမိုင်းစာအုပ်များကဒီကာလကိုမှတ်တမ်းတင်ချိန်တွင် သူတို့ကဒီကာလကို"ဒုတိယမင်းဆက်၏ညီလာခံ"ဟုခေါ်ဆိုပြကာ ၎င်းဟာလည်းရှားမင်းဆက်၏မဂ်လာအရှိဆုံးခေတ်ဖြစ်ပေသည်။


လင်ခုံးလုညီလာခံပြန်လာပြီးနောက် စနစ်ကိုမေးလိုက်သည်။

"ဇာတ်ညွှန်းရဲ့အဆုံးသတ်ကဘာတဲ့လဲ။"


0687: "ဇာတ်လိုက်ကမြို့တော်ကိုကျူးကျော်ဝင်ရောက်ပြီးတော့ အဲ့ဒီ့ပြဿနာကောင်တွေကိုသတ်ပစ်ပြီး သူ့ကိုယ်သူဧကရာဇ်အဖြစ်ကြေငြာပြီး မဂ်လာရှိတဲ့လောကကြီးကိုဖန်တီးခဲ့တယ်။"


လင်ခုံးလု: "ဒါဆိုအခုဆိုရင်သူ့ကိုဧကရာဇ်အဖြစ်သွယ်ဝိုက်ပြီးသတ်မှတ်လို့ရတာမို့ အခုကမဂ်လာရှိတဲ့လောကကြီးကိုဖန်တီးတဲ့အချိန်ဖြစ်လိမ့်မယ်။ အဆုံးသတ်ကပင်မဇာတ်ကြောင်းနဲ့အတူတူပဲ။ ငါကပင်မဇာတ်ကြောင်းရဲ့အဆုံးသတ်ကိုရောက်သွားရုံမကဘဲ သူ့ရဲ့မကောင်းတဲ့စိတ်တန်ဖိုးကိုပါရှင်းပစ်ပြီးတော့ သူနဲ့ချစ်ကျွမ်းဝင်သွားတယ်၊ ပါဖက်ပဲ။"


0687: "......"


ဒါပေမဲ့တကယ်တော့ပါဖက်မဟုတ်တာတချို့ရှိနေသေးတယ်။ ဥပမာ ဘုရင်ခံမင်းသားအိပ်ရာပေါ်မှာခစားကတည်းက သူကဧကရာဇ်ငယ်လေးနှင့်အတူနေ့တိုင်းအိပ်ရာဝင်လေသည်။


လင်ခုံးလုတကယ်တောင့်မခံနိုင်တော့ဘဲ ဒီနေ့သူထပ်လာနေတာကိုမြင်လိုက်ရရာ မျက်မှောင်ကြုတ်ပြီးပြောမိသည်။

"ဒီ​နေ့တော့မလုပ်ကြရအောင်။"


သူအရမ်းအိပ်ချင်​နေတဲ့အပြင် သူ့ခါးကနာနေတုန်းပဲ။


ကျောက်ကျင်းစစ်ရယ်မောကာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းပြီးပြောလိုက်သည်။

"အရှင်မင်းကြီးပဲပြောခဲ့တာမဟုတ်ဘူးလား၊ သာမန်မိသားစုရဲ့ဇနီးက...."


"နေ့တိုင်းအိပ်တဲ့လူတစ်ယောက်မှမရှိဘူးကွ!"

လင်ခုံးလုမျက်မှောင်ကြုတ်မိသည်။


ကျောက်ကျင်းစစ်ရယ်မောကာပြောလိုက်သည်။

"ကိုယ်တို့ဒီနေ့အတူမအိပ်ပေမဲ့ ကိုယ်ဒီနေ့မင်းခါးကိုနှိပ်ပေးမယ်နော်။"


ဟုတ်တယ်၊ ခြေထောက်နှိပ်ပေးပြီးနောက်ပိုင်းမှာ သူကဆရာမလိုဘဲခါးနှိပ်နည်းကိုပါကျွမ်းကျင်လာတယ်။


ဒါကိုကြားလိုက်ချိန်ဧကရာဇ်ငယ်လေးကျေနပ်သွားကာ သူ့ပေါင်ပေါ်မှာလှဲပြီး ကြောင်လေးတစ်ကောင်ပမာညည်းညူလိုက်သည်။

"နှိပ်ပေး၊ နှိပ်ပေး။"


____End of Arc(2)__________