Chapter 13
ဖက်တီးကောင်၏တိုက်ခိုက်မှု
"ဦးဦးယန် ကျေးဇူးတင်ပါတယ်"
ယောင်စစ် သူမလက်က သတ္တုလက်ပတ်လေးကိုအသာအယာ ပွတ်သက်ပြီးနောက် ထပ်ပြောလိုက်သည်။
"ကျွန်မမှာ ပိုက်ဆံရှိလာရင် ပြန်ပေးပါ့မယ်"
"အရူးမလေးရယ်...အဲလိုပြောဖို့မလိုပါဘူး...ဒါတွေက ကလေးလေးရဲ့ပိုက်ဆံတွေပဲ ဦးဦးယန်နဲ့ဘာမှမဆိုင်ဘူး..."
ယန်ရွှမ်က ခပ်ပြုံးပြုံးဖြင့်ရှင်းပြလိုက်သည်။
ငါ့ဟာတဲ့လား...မဖြစ်နိုင်တာတွေ...ကမ္ဘာကြီးကလည်းပျောက်ကွယ်သွားပြီ ငါ့မှာပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး...ပြီးတော့ ရှိမယ်ဆိုရင်တောင် ဒီနေရာမှာသုံးလို့ရမှာမဟုတ်လောက်ဘူးလေ...
"ဒါက ကလေးလေးရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ရမှုအတွက် လုမိသားစုကနေပြီးတော့ လျော်ကြေးအဖြစ် လွန်ခဲ့တဲ့ ရက်အနည်းငယ်လွဲပေးထားတာ..."
လုမိသားစု...
ယောင်စစ်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကုတ်ကြသွားသည်။
"အဲ့တာ ခေါင်းဆောင်လုကိုပြောနေတာလား..."
ယန်ရွှမ် ခေါင်းညိမ့်ပြလိုက်သည်။
"ဟုတ်တယ် အဲဒီလုမိသားစုက စွမ်းအင် တူးဖော်ရေးဂြိုလ်တွေ အများကြီးပိုင်တယ်...ဒီ စကြာဝဠာ တစ်ခုလုံးမှာ အချမ်းသာဆုံးလို့တောင်ပြောလို့ရတယ် ...သူတို့မိသားစုကနေပြီးတော့ သူတို့ပိုင်ဆိုင်မှုတစ်ဝက်ကို လျော်ကြေးအနေနှင့် သမီးလေးကိုပေးပါရစေလို့ တောင်းဆိုနေမှတော့... ဦးဦးတို့ကလက်ခံပေးရမှာပေါ့ ဟုတ်တယ်မှတ်လား..."
သောက်ကျိုးနည်း....သူများက ကြောက်လန့်တကြားပေးတာကိုသူက တော်တော်ပျော်နေတာလားဟ....
"ဒါနဲ့လေ ဒီရက်ပိုင်းတွင်းမှာ ကလေးလေးသုံးသမျှ စွဲသမျှအားလုံးကို အဲဒီအကောင့်ထဲနေ ပြန်ပြီး နှုတ်ယူထားပြီးပြီနော်...
ဒီလိုဆိုရင် ကလေးလေးရဲ့ အုပ်ထိန်းသူတွေကိုတွေ့တဲ့အခါကျရင် ဘေစာရွက် ပြပြီးပြန်တောင်းရတဲ့ ဒုက္ခ ကနေလွတ်သွားတာပေါ့ ...မဟုတ်ဘူးလား..."
ငလူးကောင်ကြီး ...ငါချီးကျူးထားတာတွေပြန်ပေးစမ်း...
ထို့နောက်...ယန်ရွှမ်က စကားကြာကြာ ထပ်မပြောတော့ပဲအကြောင်းအရာတစ်ချို့ကို ညွှန်ကြားကာ မြန်မြန်ဆန်ဆန်ပဲ ထွက်သွားလေသည်။
ကျောင်းအုပ်ကြီး ယုက ချက်ချင်းပင်ယောင်စစ်အား ဥယျာဉ်တစ်ခုနှင့်တူသောနေရာသို့ ခေါ်သွားလေသည်။
ထိုဥယျဉ်ထဲတွင်လူတစ်ချို့ ရှိနေပြီး နှစ်ယောက်သုံးယောက်စု၍ ကစားနေကြသည်။ သူတို့အားလုံး၏ အသက်ရွယ်များက ကွဲ ပြားကြလေသည်။ တစ်ချို့က သူမနှင့်ရွယ်တူလောက်ဖြစ်ပြီး အခြားတစ်ချို့က အသက်လေးဆယ်လောက် ရှိပြီးကျောင်းအုပ်ကြီးနှင့်ရွယ်တူလောက်ဖြစ်သည်။
ကျောင်းအုပ်ကြီးယုက ကျယ်လောင်စွာလက်ခုပ်တီး၍ ပြောလိုက်သည်။
"ကလေးတို့ရေ... ဒီကိုလာကြပါဦး...ဒီမှာ မင်းတို့အတန်းဖော် အသစ်နဲ့မိတ်ဆက်ပေးမယ်..."
အားလုံး ရုတ်တရက်တိတ်ဆိတ်သွားကြပြီးနောက် ခုနှစ်စုံရှစ်စုံမျှသော မျက်လုံးများက သူမရှိရာ ကျရောက်လာပေသည်။
သောက်ကျိုးနဲ...အတန်းဖော်... ဒါကြီးတွေကလေ...
ယောင်စစ် လန့်ဖြန့်လွန်းအားကြီး ၍ သူမခေါင်းထဲမှ အသိဉာဏ်များပင် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသလိုထင်ရပေသည်။
သူမ ကြောင်အ မှင်သက်နေမိသောကြောင့် ကျောင်းအုပ်ယု ထွက်သွားသည်ကို မသိလိုက်ပေ။သတိပြန်ဝင်လာသောအခါ၌ သူမ၏ ပတ်ပတ်လည်တွင် ခုနှစ်ယောက် ရှစ်ယောက်သော ကလေးကြီးများဝန်းရံနေသည်။
"ဒီတော့ နင်က မွေးကာစလေးပေါ့..."
"နင်ကိုကြည့်ရတာ ချစ်ဖို့လဲမကောင်းဘူး..ငါကသာ အချောဆုံးကလေးလေးပဲ..."
"ဟေ့ လူသစ်လေး ....နင်ဘယ်သွေးကိုသောက်ရတာကြိုက်လဲ..."
"ငါကတော့ ညကောင်းကင် သားရဲသွေးကို ကြိုက်တယ်..."
"ငါကတော့ တစ်ခြားဂြိုလ်ကသွေးမျိုးကိုသောက်တာ ..."
"ဟွန်း... နင်တို့အားလုံးကလေ ဘာမှလဲမသိကြဘူး...ငတုံးတွေ...တကယ်တမ်းက ပိကျိ ပိကျိ အော်တဲ့သားရဲရဲ့သွေးကမှ အကောင်းဆုံးပဲ..."
"နင်ကသာ လိမ်နေတာ...အဲ့သားရဲ ရဲ့သွေးကသောက်လို့မရဘူး..."
"ရတယ် ..."
"မရဘူး...ငါ့ဖေဖေပြောတယ် မရဘူး..."
"ငါကရတယ် ပြောရင် ရလိုက်...ဟွန့်... ငါနင်နဲ့ လုံးဝမဆော့တော့ဘူး..."
"ဟွန့်... ငါလဲနင့်လို လူလိမ်နဲ့ မဆော့တော့ပါဘူးနော်..."
အားလုံးက ငြင်းခုန်စကားများနေကြပြီး ယောင်စစ်ပေါ်တွင် အာရုံစူးစိုက်မှုမရှိတော့ပဲ နှစ်ယောက်သုံးယောက်တစ်စုဆီ ပြန်လည် ခွဲထွက်သွားသည်။
ဒါပေမဲ့ နေစမ်းပါဦး...သူတို့စကားပြောတဲ့ ပုံစံက တကယ်ကြီးထူးဆန်းမနေဘူးလား
သူတို့က တကယ်ကြီး မူကြိုကလေးတွေလို လုပ်နေကြတာပဲ ...
ယောင်စစ် သူတိုကိုသေချာစွာအကဲခတ်ကြည့်လိုက်ပြန်သည်။
ဒီကလေးကြီး တွေက တကယ့်ကလေးတွေထက် အဆပေါင်းများစွာကြီးထွားနေတာပဲ
သူယန်ရွှမ်ပြောသည်ကို ပြန်လည်စဉ်းစားလိုက်သည်။
ထိုမွေးကာစကလေးများက အရင်ကမှတ်ဉာဏ်များတစ်ဖြေးဖြေးနဲ့ပျောက်ဆုံးသွားပြီး မှတ်ဉာဏ်အသစ်များနှင့် ဖြစ်သွားလိမ့်မည်။ထိုသို့ဖြစ်လေရာ သူတို့ကို မူကြိုကနေစတင်၍ ပြန်လည်သင်ကြားဖို့လိုအပ်ပေလိမ့်မည်။
ဒါပေမဲ့လည်း ဘာလို့ သောက်ကျိုးနည်းအောင် အသက်တွေက ကွာနေရတာလဲ ...သူတို့ရှာတွေ့တဲ လူသားမျိုးရိုးဗီဇကမတူလို့လား....
"နင့်မှာ နောက်ဆုံးပေါ်ကွန်ပျူတာ လက်ပတ်ရှိနေတာပဲ..."
ကလေးကြီးတစ်ယောက်က ယောင်စစ်နားသို့တိုးကပ်လာသည်။
သူကအရှိန်ဖြင့် ပြေးဝင်လာသောကြောင့် သူမမျက်နှာကို ရိုက်မိမတတ်ပင်ဖြစ်သွားပြီး ယောင်စစ် အချိန်မှီ နောက်ဆုတ်ရှောင်လိုက်ရ၏။
"ဒါက. အရမ်းမိုက်တာပဲ..."
ထိုကလေးကြီးက ဝတုတ်သောကြောင့် မျက်နှာပေါ်ရှိ အဆီပြင်များပင် လှုပ်ခါနေ၏။သူက တကယ်ကို ဘော်လုံးတစ်လုံးနှင့်တူနေပေသည်။
သူက ယောင်စစ်၏ လတ်ပတ်ကို မျက်လုံးတောက်တောက်လေးများဖြင့်ကြည့်နေပြီး သရေများ ကျတော့မလိုပင် ဖြစ်နေသည်။
ယောင်စစ်ကို စကားစတင်ပြောလာလေသည်။
"ငါ အဲဒါကို အရမ်းကြိုက်နေတာ...ငါမေမေကို ဝယ်ခိုင်း နေတာကြာပြီ...ဒါပေမဲ့ မဝယ်ပေးဘူး...နင်ဖေဖေက အရမ်းမိုက်တာပဲ..."
မေမေ...ကြည့်ရတာတော့ သူရဲ့ အုပ်ထိန်းသူဖြစ်ပုံပဲ ...
"ဟဲ့ လူသစ်လေး..."
ထိုကလေးကြီးက ယောင်စစ်ကို အားဖြင့်တွန်းလိုက်သည်။သို့သော်လည်း သူ၏မျက်ဝန်းများက ကွန်ပျူတာလက်ပတ်ပေါ်တွင် တွယ်ညိနေသည်။
"ငါတို့ သူငယ်ချင်း လုပ်ကြမလား..."
"ဘာလို့လဲ ..."
"ဘာလို့လဲဆိုတော့ နင်မှာ ငါလိုချင်တဲ့ ကွန်ပျူတာလက်ပတ်ရှိတယ်လေ..."
ဟ ...ဒဲ့ကိုပြောတော့တာပါလား...
သူက ယောင်စစ်ကို ထပ်မံတွန်းလိုက်ပြန်ပြီး
"လူသစ်လေး ငါတို့သူငယ်ချင်းဖြစ်သွားပြီဆိုတော့ ငါတို့ဂိမ်းဆော့တဲ့အခါကျရင်နင်လက်ပတ်ကိုခဏ ဌားပေးနော်..."
ရပြီ...ဒီလောက်ဆို သိလိုက်ပြီ....
ထိုတစ်ယောက် ဂိမ်းရူးသာ ဖြစ်မည်။
ဘယ်ခေါတ်မှာမဆို အိမ်တွင်းပုန်း ဖက်တီးများက ဂိမ်းနှင့်လက်ထပ်ထားသူများသာ ဖြစ်နေပေသည်။
"ကောင်းလိုက်တာ..."
ထိုဖက်တီးလေးက ယောင်စစ် ပြန်ပြောသည်ကို နားထောင်မနေပဲ အားရ ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။
"ဒါဆိုရင် ငါတို့ဒီနေ့ကစပြီး သူငယ်ချင်းတွေဖြစ်ပြီနော်...ငါနာမည်က ကျူးဟန်
အကုန်လုံးက ဘေဘီကျူးလို့ခေါ်ကြတယ်..."
"ငါ့ နာမည်က ယောင်စစ်..."
"ယောင်......စစ်..."
ဖက်တီးလေးက သူအတွက် ထွက်ရခက်နေသော အသံကို ကြိုးစားကြည့်လိုက်ပြီးနောက် နောက်ဆုံးလက်လျော့လိုက်သည်။
ထို့နောက် စိတ်လှုပ်ရှားနေသော အသံဖြင့် ယောင်စစ်ကို ထပ်မံပြောလိုက်သည်။
"ဟဲ့ နင် ငါတို့နဲ့ အတူတူ နင်ရဲ့ အစွယ်ကို သွေးချင်လား ..."
ဘာကို အစွယ်သွေးတာလဲ...ဒါက အနာဂတ်ကလေးတွေကြားထဲမှာ ခေါတ်စားနေတဲ့ ဂိမ်းလား...
ထိုဖက်တီးလေးက ယောင်စစ်၏ စကားပြန်ကို စောင့်မနေပဲ သူ၏ကော်လာမှ အစိမ်းရောင် ခလုတ်နှင့်တူသည့်အရာလေးကို ဆွဲချလိုက်ပြီး အားဖြင့် ပြန်ဖိနှိပ်လိုက်သည်။
ရုတ်တရက် သူတို့အနားရှိ မြေပြင်ပေါ်၌ လက်တစ်ဖဝါးစာ အမဲရောင် အပေါက်လေးတစ်ပေါက်ပေါ်လာလေသည်။
ဒါက ရုပ်ရှင်ကားထဲမှာပါတဲ့ တစ်ခြား ဒိုင်မေးရှင်းတစ်ခုကို ဖွင့်တယ်ဆိုတဲ့ ဟာမျိုးလား...အနာဂတ်မှာ ဒါတွေတီထွင်နိုင်ပြီးလား...
ဖက်တီးလေးက ချက်ချင်းပင် ထိုအပေါက်ထဲ လက်နှိုက်လိုက်ပြီး ဆင်တူ ပစ္စည်းလေးနှစ်ခုကို ထုတ်ယူလိုက်သည်။
သူက ယောင်စစ်ဆီသို့ တစ်ခုလှမ်းပေးပြီးပြောလိုက်သည်။
"ဒါက ငါ့မေမေဝယ်လာခဲ့တာ...ဒါ ငါကြိုက်ဆုံးအရောင်ပဲ..."
ယောင်စစ် သူ့လက်ထဲမှ အဖျားနှစ်ဖက်က လုံးနေပြီး အလယ်၌ အချောင်းရှည်ပါသည့်အရာကို ကြည့်လိုက်ပြီး ထိုငတိကိုရိုက်ချင်သွားသည်။
ဘယ်သူကနင်နဲ့တူတူ အရိုးကိုက်ချင်နေလို့လဲ...
သောက်ခွေးထဲမှ...
အဲဒီတော့ သူပြောတဲ့အစွယ်သွေးကြမယ်ဆိုတာက ဒါနဲ့လား...
"ရော့... ရော့..."
ယောင်စစ် လှမ်းမယူသောကြောင့် ထိုဖက်တီးလေးက ထပ်မံထိုးပေးလာလေသည်။ယောင်စစ်လည်း ထိုဖက်တီးလက်ထဲမှ သွားရာများ ဗလပွနဲ့ သရေများပေကျံနေသည့်အရာကိုကြည့်၍ စိတ်မသက်မသာ ဖြစ်လာလေသည်။
"မယူဘူး ...မယူဘူး...ကျေးဇူးပဲ..."
"နင်မယူဘူးလား..."
ဖက်တီးလေးက မကျေမနပ်ဖြစ်နှုတ်ခမ်းဆူသွားသည်။
"ငါ့မေမေက ပြောတယ် ...လိမ်မာတဲ့ ကလေးတွေက နေ့တိုင်းသွားသွေးကြတယ်တဲ့
အဲလိုမှ မဟုတ်ရင် သွားတွေက တုံးတုံးကြီးတွေဖြစ်သွားလိမ့်မယ်..."
ဖက်တီးက ပြောပြောဆိုဆိုပင် သူ၏ သွားအစွယ်လေးများကို လစ်ဟပြလေသည်။
ယောင်စစ် တစ်ကိုယ်လုံးစိတ်မသက်မသာဖြစ်လာလေသည်။
သွေးစုပ်ဖုတ်ကောင်တွေက သွားကိုသိမ်းထားလို့ရတယ်မဟုတ်ဘူးလား...ဘယ်လိုလုပ်တုံးတော့မှာလဲ...
ပြီးတော့လည်း ငါတို့ကအမြဲတမ်းကိုက်နေမှာမှမဟုတ်တာလေ တကယ်လို့သွေးရမယ်ဆိုလည်း ဒါကို ဘာလို့ အရိုးပုံစံကြီးလုပ်ထားတာတုန်း...ငါတို့က သွေးစုပ်ဖုတ်ကောင်လေ...ခွေးမှမဟုတ်တာ...
"ငါပြောပြမယ် ဒါကငါအကြိုက်ဆုံးအချောင်းပဲ... ဒါကငါ့မေမေ ကဝယ်ပေးထားတာ...နင်အဲဒီ အချောင်းလေးနဲ့ သွားတိုက်လိုက်တဲ့အခါတိုင်းတော့ အရမ်းကိုသက်တောင့်သက်သာရှိသလိုခံစားရလိမ့်မယ် ..."
ဖက်တီးလေးက သူကို တိုက်တွန်း၍ ပြောလိုက်သည်။
အချောင်း ဟုတ်လား...ဘယ်လိုဖြစ်လို့ အဲလို ညစ်ညဟ်ပတ်ပတ်နာမည်ကြီးပေးထားတာလဲ...
"ငါ သွားမသွေးနိုင်ဘူး..."
ယောင်စစ် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
"နင် သွားမသွေးဘူးဆိုရင် နင်ကလိမ္မာတဲ့ကလေးမဟုတ်တော့ဘူး..."
ဖက်တီးလေးက စိတ်မရှည်ဖြစ်လာလေသည်။
"ရော့ ကိုက်ကြည့်...ဒါတကယ်ကောင်းပါတယ်ဆို...တကယ်ပြောတာ တကယ်လို့ငါသာလိမ်ပြောတယ်ဆိုရင် ငါခွေးဖြစ်..."
ဖက်တီးလေးက ကျိမ်ဆိုပြောလိုက်ပြီး သူပါးစပ်ထဲမှ အရိုးကို ကိုက်၍ အာဝူး အာဝူး လို့အော်လိုက်သည်။
အစ်ကိုကြီးရေ နင်က ခွေးဖြစ်ပြီးသားပဲ မဟုတ်လား...နင်ရဲ့ ပုံစံကိုလည်းကြည့်လိုက်ပါဦး...ခွေးတောင်မှ နင်လောက်ခွေးနဲ့တူမှာမဟုတ်ဘူး...
ရေတံခွန်ကဲသို့ပင် သရေများတဖွားဖွားလွင့်စင်နေသော ဖက်တီး၏ ပုံစံကိုကြည့်ရင်း ယောင်စစ် နဖူးကျောများပင် ထောင်ထလာသည်။ သူလက်သီးတင်းတင်းဆုပ်လိုက်မိသည်။
ကျွတ်ခနဲ ကျွတ်ခနဲ အသံနှင့်အတူ ဖက်တီးလေးအတင်းပေးထားသော အရိုးက ကျိုးသွားလေသည်။
ဖက်တီးလေးက ချက်ချင်းပင် အံအားတသင့်ဖြစ် ကြောင်တက်တက်ဖြစ်သွားသည်။သူပါးစပ်ထဲမှ အရိုးက ရှိနေဆဲဖြစ်ပြီး သရေများကလည်း တစ်တောက်တောက် စီးကျနေသည်။
ထို့နောက် သူ၏ မျက်လုံးလေးများက တဖြေးဖြေး ယောင်စစ်၏ လက်ထဲမှ အရိုးပိုင်းဆီသို့ ရွေ့လျားလာသည်။ မျက်လုံးဝိုင်းဝိုင်းများထဲတွင် ရေအိမ်လေးတစ်ခုဖြစ်ထွန်းလာပြီး နှုတ်ခမ်းများမဲ့ကျသွားခါ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
နေဦး... နေဦး ...မဟုတ်မှလွဲရောနင်....
"အူး....ဝါး......ငါ့အချောင်းလေး..."
ဆွဲဆွဲငင်ငင်ထွက်ပေါ်လာသော အသံကျယ်က ငြိမ်းချမ်းမှုကို ဖြတ်စီးပစ်လိုက်ပြီး ကောင်းကင်ယံကိုပင် ထိုးဖောက်သွားလေသည်။
ငါတော့ ဒုက္ခ ရောက်ပြီ ထင်တယ်.....