အခန်း ၄၁၀
ပုဖန်၏တိုက်ခိုက်မှု...
လေထုထဲ၌ စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားသည်။လေထုကို ဖြတ်သန်းလာသော ဝှိုက်တီ၏ လက်သီးချက်ကို လျန်ခိုင်က သူ့လက်ဖဝါးဖြင့် အသာအယာပင် ဖမ်းဆီးထားလိုက်သည်။ဝှိုက်တီ၏ အနောက်၌ အမူအရာမဲ့စွာဖြင့် ရပ်နေသော ပုဖန်က မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။
ဝိညာဉ် နှုတ်မှော်ဖန်လုံးကို စုပ်ယူပြီးသည့်အချိန်မှစ၍ ဝှိုက်တီ၏ စွမ်းရည်များက တရှိန်ထိုး တိုးတက်လာခဲ့သည်။သူက ယခုလက်ရှိ၌ တန်ခိုးရှင်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။
သို့သော်လည်း လျန်ခိုင်က နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းခါနီး စစ်သည်တော် တစ်ယာက်မဟုတ်ပဲ နတ်ဘုရားနယ်ပယ်အဆင့် အစစ်အမှန် စစ်သည်တော် တစ်ယောက်ဖြစ်သည်။ထို့ကြောင့်ပင် ဝှိုက်တီ၏ ပြင်းထန်လှသော လက်သီးချက်ကို အလွယ်တကူ တားမြစ်လိုက်နိုင်ခြင်းဖြစ်သည်။
"ရုပ်သေးရုပ်.....ရုပ်သေးဂိုဏ်းက တစ်ယောက်ယောက်များလား.....မဟုတ်သေးဘူး......ဒီရုပ်သေးရဲ့ ပုံစံက ရုပ်သေးဂိုဏ်းရဲ့ ပုံစံနဲ့ တော်တော်လေးကို ကွဲပြားခြားနားတယ်....."
လျန်ခိုင်က ဝှိုက်တီကိုကြည့်၍ မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။သူအရင်က ရုပ်သေးဂိုဏ်းက ရုပ်သေးများကို မြင်ဖူးလေသည်။
ငါးနှစ်ကြာတိုင်း ကြာတိုင်း နဂါးမြို့ဟောင်းတိုက်ကြီးအတွင်း၌ ယှဉ်ပြိုင်ပွဲများကို ပြုလုပ်လေ့ရှိသည်။ထိုပြိုင်ပွဲများ၌ နယ်ပယ်အသီးသီးမှ ထူးချွန်လှသော လူငယ်များကို ဖိတ်ခေါ်လေ့ရ်ှသည်။
ထိုယှဉ်ပြိုင်ပွဲအတွင်း လျန်ခိုင်က ရုပ်သေးဂိုဏ်းမှ စစ်သည်တော် တစ်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ထို့ကြောင့်ပင် သူ ရုပ်သေးဂိုဏ်းမှ ရုပ်သေးကို ရင်းရင်နီးနီး သိနေပေသည်။
ဘန်း.....
လျန်ခိုင်၏ ခန္ဓာကိုယ်မှ ပြင်ထန်လှသော စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။ထိုစွမ်းအင်လှိုင်းများက ဝှိုက်တီကို အနောက်သို့ ပြန်လည် တွန်းပစ်လိုက်၏။
ချလွမ်.....
ဝှိုက်တီ၏ နောက်ကျောဘက်မှ တောင်ပံတစ်စုံ ထွက်ပေါ်လာ၏ ဧရာမငှက်ကြီးနှင့်တူလှသော တောင်ပံများကို ဖြန့်ကားလိုက်လေရာ ကောင်းကင်ကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်သွားသည်။ထိုတောင်ပံများမှ ထက်မြေ့လှသော ဓားများက အေးစက်သော အလင်းရောင်များကို ထုတ်လွှင့်နေလေသည်။
ကောင်းကင်ထက်၌ တောက်ပလှသော ဓားများနှင့် ပြည့်နေသည့် မြင်ကွင်းက တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။
သာမန်လူတစ်ယာက်သာ ထိုမြင်ကွင်းကိုမြင်လိုက်ရပါက ကြောက်ရွံ့တုန်လှုပ်မှုကြောင့် မတ်မတ်ရပ်နိုင်တော့မည် မဟုတ်ပေ။သို့သော်လည်းလျန်ခိုင်ကမူ အလွန်တည်ငြိမ်အေးဆေးနေသည်။
သူက သာမန်လူတစ်ယောက်မဟုတ်ပေ။သူက မဟာဂိုဏ်းမှ ကောင်းကင်ဘုံ အမွေခံတစ်ယောက်ဖြစ်သည်။ဒီနေရာ၌ သူ့ကို ကြောက်ရွံ့တုန်လှုပ်အောင် လှုပ်ဆောင်နိုင်မည့် အရာဟူ၍ မရှိပေ။
သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။သူရှိရာဆီသို့ ဦးတည်ပျံသန်းလာသော မြောက်များလှစွာသော ဓားများကို သူ့လက်အတွင်းသို့ စုပ်ယူလိုက်သည်။ထိုဓားများက သူ့လက်ကို ဖုံးအုပ်သွားပြီးနောက် ဧရာမ အလုံးကြီးတစ်လုံး ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။
"အရိုးသားဆုံး ပြောရမယ်ဆိုရင်တော့ မင်းရုပ်သေးရဲ့ စွမ်းရည်က မဆိုးပါဘူး.....ဒါပေမယ့်လည်း တော်တော်ကြီးကို လိုနေသေးတယ်....."
လျန်ခိုင်က ပုဖန်ကို ကြည့်၍ လှောင်ပြောင်ပြောလိုက်သည်။ထို့နောက် ထိုသတ္တုအလုံးကို လက်ဖြင့် ရိုက်ချေလိုက်သည်။သတ္တုဓားများက တစ်စစီ ကွဲကြေသွားလေ၏။ထို့ပြင် ဝှိုက်တီ၏ ပုံရိပ်ကလည်း သူ့၏ ရိုက်ချက်ကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။
"ရုပ်သေးရုပ်မရှိတော့ဘူးဆိုတော့ မင်းမှာ တစ်ခြားဘာများ ရှိသေးလဲ......"
လျန်ခိုင်က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး အထင်အမြင်သေးဟန်ဖြင့် မေးလိုက်သည်။
ပုဖန်က မျက်နာသေဖြင့်ပင် တည်ငြိမ်စွာ ရပ်နေသည်။အရင်အချိန်ကဆိုလျှင် ထိုသူက ဘလက်ကီ၏ ရိုက်နှက်ခြင်းကို ခံရပြီးလောက်ပေပြီ။ယခုအချိန်၌ ဘလက်ကီက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေမှ ပြန်လာကတည်းက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ယခုထိတိုင်အောင် နိုးထလာမည့် အရိပ်အယောင်လည်း မရှိနေပေ။ထို့ကြောင့် ဘလက်ကီဆီမှ အကူအညီ မရနိုင်ပေ။
ရုတ်တရက် ပုဖန်၏ စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။သူ့၏ မျက်ဝန်အကြည့်များကလည်းပို၍ တောက်ပလာ၏။အဝေးသို့ လွင့်ထွက်သွားသော ဝှိုက်တီက ပြန်လည်၍ ထရပ်လာနိုင်ပြီ ဖြစ်သည်။
သူ့၏ ငွေရောင်မျက်ဝန်းအရိပ်များကလည်း ပို၍ပင် အေးစက်နေပေပြီ။ ဝှိုက်တီက မြေပြင်ကို ပြင်းထန်စွာ စောင့်နင်းချလိုက်ပြီး မြှားတစ်စင်းကဲ့သို့ လျန်ခိုင်ဆီသို့ တိုးဝင်လာလေသည်။
ဘန်း....
လျန်ခိုင်က နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံး၍ ပုဖန်ကို တစ်ချက်ကြည့်လိုက်၏ ထို့နောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝှိုက်တီ၏ ခန္ဓာကိုယ်က မေပြင်ပေါ်သို့ ပြန်လည်၍ ပြုတ်ကျသွားလေသည်။
"ဒီလူက တော်တော်အစွမ်းထက်တာပဲ....."
ဆိုင်အတွင်း၌ ရှိနေကြသော လူအားလုံး တုန်ရီသွားကြသည်။အခြေခံအားဖြင့် ဝှိုက်တီက အလွန်သန်မာလှသည်။သူက သူ့၏ ရှေ့သို့ ရောက်လာသော တန်ခိုးရှင် အဆင့် မည်သူကိုမဆို အဝတ်ချွတ်နိုင်စွမ်းရှိသည်။
သို့သော်လည်း ယခုရောက်ရှိနေသော ချောမောလှပသည့် လူငယ်ကိုမူ ဝှိုက်တီကို အနိုင်ယူနိုင်ခြင်ူမရှိပဲ လွင့်ထွက်သွားအောင်ပင် အရိုက်ခံနေရသည်။
"ဘလက်ကီသာဆိုရင်ကော ဘယ်လိုနေမလဲ ......"
အားလုံးက ဆိုင်ငယ်လေး၏ ကြီးကြီးမားမားကျောထောက်နောက်ခံဖြစ်သော ဘလက်ကီကို သတိရသွားကြသည်။ယခုအခြေအနေကို ဘလက်ကီသာလျှင် ကိုင်တွယ်နိုင်ပေလိမ့်မည်။
ဘလက်ကီက ဝှိုက်တီထက် ပို၍ ကြောက်စရာကောင်းလှသည်။ပြန်ပြောင်းပြောရမည်ဆိုလျှင် ရှုရဂိုဏ်းမှ အရှင်သခင်ကိုပင် သေသည်အထိ ရိုက်နှက်နိုင်ခဲ့သူ ဖြစ်သည်။ထို့ကြောင့် ဒီလူကို ဘလက်ကီက ကိုင်တွယ် ဖြေရှင်းသင့်ပေသည်။
ကွမ်ရှောင်ယီ ရှောင်ရှောင်လုံနှင့် အခြားသူများအားလုံးက အလွန်စိုးရိမ်ပူပန်နေကြသည်။ဝှိုက်တီသာ ရှိနေမည်ဆိုလျှင် ဆိုင်ငယ်လေးက ကျောက်တုံးကျောက်စိုင်ကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်နိုင်ပေလိမ့်မည်။
ထို့နောက် လျန်ခိုင်က တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာရင်း ပုဖန်နှင့် တစ်မီတာမျှသာ အကွာအဝေး၌ ရပ်နေလိုက်သည်။သူတို့နှစ်ယောက်၏ မျက်နာပေါ်မှ အစက်အပြောက်များကိုပင် ရှင်းလင်းစွာ မြင်ရသည်အထိ အလွန်နီးကပ်နေပေသည်။
ပုဖန်က လျန်ခိုင်ကို အေးစက်စွာဖြင့် ကြည့်နေသလို လျန်ခိုင်ကလည်း အပြုံးတုဖြင့် ကြည့်နေလေ၏။သူတို့ အကြည့်ချင်း ထိပ်တိုက်တွေ့ဆုံမိသည့် အချိန်၌ ပုဖန်က လျန်ခိုင်၏ မျက်ဝန်းထဲမှ အထင်အမြင်သေးမှုများကို တွေ့မြင်လိုက်ရသည်။
မှန်ပေသည်။မသေမျိုးခန္ဓာအဆင့်ပင် ရောက်နေသော စစ်သည်တော်တစ်ယောက်က အဆင့် ၈ စစ်နတ်ဘုရားမျှသာ ရှိသေးသော သူတစ်ယောက်ကို အထင်သေးသင့်ပေသည်။
သို့သော်လည်း ထိုအကြည့်တစ်ချက်က ပုဖန်ကို အလွန် စိတ်ဆိုးဒေါသ ထွက်သွားစေသည်။ပုဖန်၏ စိတ်ထဲအတွေးဖြင့်ပင် သူ့လက်၌ အစိမ်းရောင်မီးခိုးငွေ့များ ရစ်ဝဲလာပြီး မဟူရာလိပ်ခုံး ဒယ်အိုးပေါ်လာသည်။
ပုဖန်က ထိုဒယ်အိုးဖြင့် လျန်ခိုင်ကို လွှဲရိုက်ပစ်လိုက်သည်။သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည့်အပြင် မဟူရာလိပ်ခုံး၏ အရှိန်ကလည်း ထင်မှတ်မထားလောက်အောင်ကို မြန်ဆန်လှသည်။
သူ့၏ ရှေ့မှောက်မှာရှိနေသော လူတစ်ယောက်က ထိုမျှလောက် ရဲတင်းလိမ့်မည်ဟု မထင်ထားသောကြောင့် လျန်ခိုင်က ဖြစ်ပေါ်လာသည့်အခြေအနေကို မမျှော်လင့်ထားခဲ့မိပေ။ထို့ကြောင့် ထိုခဏ၌သူ ဒယ်အိုးကို အဝေးသို့ ရိုက်ထုတ်ရန် အရင်လက်ဦးမှုရယူဖို့ မဖြစ်နိုင်တော့ပေ။
လက်ကို ဆန့်ထုတ်လိုက်ပြီး ဒယ်အိုးကို အလျှင်အမြန် ပြန်လည် ရိုက်ခတ်လိုက်သည်။
ဘန်း....
ဒယ်အိုးမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက သူ့ကို မျက်လုံးပြူးသွားစေသည်။
"ဘယ်လိုတောင် လေးလံတဲ့အိုးလဲ......"
လျန်ခိုင်က အနောက်သို့ ခြေလှမ်းတစ်လှမ်း ယိုင်ထွက်သွားပြီး ဒယ်အိုးမှ ရိုက်ခတ်လာသောလေအရှိန်ကြောင့် သူ့၏ ဆံပင်များကလည်း လွင့်ပျံသွားသည်။
သို့သော် သူက ခြေလှမ်းတစ်လှမ်းမျှသာ ဆုတ်လိုက်ရခြင်းဖြစ်သည်။
ထိုအနက်ရောင်ဒယ်အိုး၏ လေးလံမှုက သူ့ကို ထိတ်လန့် သွားစေသော်လည်း သေသည်အထိ ရိုက်နှက်နိုင်ခြင်းတောါမရှိပေ။
မဟူရာလိပ်ခုံးဒယ်အိုးကလည်း သူ့၏ လက်သီးချက်ကြောင့် ပုဖန်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
ပုဖန်က ဒယ်အိုးကို ဖမ်းယူလိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။သူ့၏ မျက်နာကလည်း အလွန်လေးနက်တည်ငြိမ်သွားသည်။
"ဒီလူရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာကောင်းတာပဲ..... သူက တန်ခိုးရှင် အဆင့် အထွဋ်အထိပ်ကို ချိုးဖျက်ပြီးသွားပြီး နတ်ဘုရားနယ်ပယ်အဆင့် မသေမျိုးခန္ဓာပဲဖြစ်ရမယ်......"
ပုဖန်၏ ကျင့်ကြံစဉ်က စစ်နတ်ဘုရား အဆင့်သာရှိသေးသော်လည်း မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအားများကို အားကိုး၍ တန်ခိုးရှင်အဆင့်များကိုပင် အခက်အခဲမရှိ အနိုင်ယူနိုင်ခဲ့သည်။
သို့သော်လည်း မသေမျိုးခန္ဓာအဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု ဆိုလျှင် ရူးမိုက်သော စကားပင် ဖြစ်ပေလိမ့်မည်။နတ်ဘုရားနယ်ပယ်အဆင့်သို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့၏ ခန္ဓာကိုယ်က မသေမျိုးခန္ဓာအဆင့်သို့ ပြောင်းလဲသွားပြီ ဖြစ်ပြီး တန်ခိုးရှင် အဆင့် အထွဋ်အထိပ်များပင်လျှင် သူတို့၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ပေ။
သူက အလွန်တည်ငြိမ်နေပြီး
သူ့၏ မျက်နာပေါ်၌လည်း မတုန်မလှုပ်အမူအရာဖြင့်သာ ရှိနေသည်။သို့သော်လည်း သူ့၏ မျက်ဝန်းအကြည့်များ၌ တုန်လှုပ်မှုအချို့ ပါဝင်နေပေသည်။
ထိုအချိန်၌ မဟူရာလိပ်ခုံးဒယ်အိုးက အပေါ်သို့ တဖြေးဖြေး မြှောက်တက်လာခဲ့သည်။ထို့နောက်ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ ရေခဲတောင်မြစ်ရေကို ထုတ်ယူလိုက်ပြီး အိုးထဲသို့ လောင်းထည့်လိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သူ့၏ မျက်နာက နီရဲလာပြီး ရွှေဝါရောင် မီးတောက်ကို မှုတတ်ထုတ်လိုက်သည်။အိုး၏ အောက်ခြေမှ ရွှေဝါရောင် မီးတောက်က ပြင်းထန်သောအရှိန်ဖြင့် လောင်ကျွမ်းလာပြီး လေထုထဲ၌ အပူလှိုင်းများ ဖြန့်ကျက်သွားသည်။
မိနစ်ပိုင်းလေးအတွင်း၌ပင် ရေများက ပွက်ပွက်ဆူလာ၏။ပုဖန်က လွန်ခဲ့သော ရက်အတွင်းကပင် စပ်ပြဲလန်ခေါက်ဆွဲ ပွဲရာကျော် ပြုလုပ်ခဲ့ရခြင်းကြောင့် ထိုခေါက်ဆွဲ လုပ်ခြင်းကို အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပေပြီ။
စပ်ပြဲလန် ခေါက်ဆွဲ တစ်ပွဲကို အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူ ပြီးအောင် ချက်ပြုတ်နိုင်ပေသည်။ပုဖန်က သူ့လက်ထဲမှ ဆွဲနေသော ဂျုံလုံးက ခေါက်ဆွဲမျှင်လေးများ ဖြစ်လာသည့်အခါ၌ ရေဆူဆူထဲသို့ အသာအယာ ထည့်လိုက်။ပိုးချည်မျှင်ကဲ့သို့ ခေါက်ဆွဲမျှင်များက အိုးအောက်ခြေသို့ နစ်မြှုပ်သွားလေ၏။
ရွှပ်...ရွှပ်....ရွှပ်....
သူ့၏ ပုခုံးပေါ်၌ ရှိနေသော ကျိူင်းပုစွန်ကလည်း ချက်ချင်းပင် အိုးထဲသို့ ခုန်ဆင်းသွားပြီး ရေထဲ၌ စက်ဝိုင်းပုံသဏ္ဍာန် လှည့်လည်လိုက်သည်။ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရွှေရောက်အလင်းတန်းများက ခေါက်ဆွဲထဲသို့ နစ်မြှုပ်ပျော်ဝင်သွား၏ ။ထို့နောက် သူ ငရုပ်ရည်ကို ခပ်ထည့်လိုက်ပြီး ခေါက်ဆွဲ ချက်၍ ပြီးစီးသွားပေပြီ။
အပူငွေ့လေးများ တထောင်းထောင်းထနေသော ပြီးပြည့်စုံသည့် ခေါက်ဆွဲ တစ်ပွဲ ဖြစ်ပေါ်လာပေပြီ။လျန်ခိုင်က ထိုမြင်ကွင်းကို ပါးစပ် အဟောင်းသားဖြင့် ကြည့်ရှုနေမိသည်။သူအံ့အားတသင့် ကြောင်အနေပြီးနောက် သူ့၏ မျက်ဝန်းမှ ရွှေရောင်အလင်းတန်းများ ထွက်လုနီးပါး လဲ့ဖြာလာလေသည်။
"ဒါက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ပဲ....ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကလည်း မင်းဆီမှာပဲကို... ဒီတော့ မင်းက လေ့ကျင့်ရေးကွင်းပြင်ထဲမှာ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လုသွားတဲ့ ရှေးလူမျိုးပေါ့ ဟုတ်လား.....ဟား....ဟား.....ဟား.....ကြည့်ရတာ ငါတော့ ဒီမီးတောက်ကို ရယူဖို့အတွက်နဲ့ နေရာများစွာ သွားနေစရာမလိုတေါ့ဘူးပဲ....."
လျန်ခိုင်က စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။ထို စပ်ပြဲလန်ခေါက်ဆွဲကို ပြုလုပ်သူနှင့် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ပိုင်ဆိုင်ထားသူက တစ်ယောက်တည်းဖြစ်မည်ဟု မထင်ထားခဲ့မိပေ။ထိုသို့ ဖြစ်နေခြင်းက သူ့ကို ကရိကထများမည့် ဘေးမှ များစွာ သက်သာသွားပေသည်။
သူက ခေါက်ဆွဲကို အရင်စားပြီးမှ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို သွားရောက် ယူမည်ဟု စီစဉ်ထားခဲ့ခြင်းဖြစ်သည်။သို့သော်လည်းယခုမူ အရာရာအားလုံးက အတူတကွ ရှိနေခြင်းကြောင့် သူ့တွက် များစွာ လွယ်ကူသွားပေပြီ။
ပုဖန် ခေါက်ဆွဲပန်းကန်ကို မြှောက်ကိုင်လိုက်ပြီး အမြန်စားသုံးရန် ပြင်လိုက်သည်။
လျန်ခိုင်က မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ပြီး သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်။သူအစောပိုင်းက လွှမ်းမိုးနိူင်ခဲ့သော ရှောင်မန်ကဲ့သို့ပင် ပုဖန်ကို ထိန်းချုပ်ရန် ကြံစည်လိုက်သည်။
သူက ပုဖန်၏ လက်ထဲမှ ခေါက်ဆွဲပွဲကို လုယူရန် ရည်ရွယ်လိုက်ခြင်းဖြစ်၏။သို့သော်လည်း ထိုခဏမှာပင် သူ့၏ ဖိအားများက ပုဖန်ပေါ် သက်ရောက်ခြင်းမရှိသည်ကို သတိပြုမိလိုက်သည်။
ပုဖန်က လျန်ခိုင်၏ အကြည့်အောက်မှာပင် ခေါက်ဆွဲပန်းကန်ကို ရှလွတ် ခနဲ အသံမြည်အောင် အားပါးတရ စားသုံးလိုက်၏။ခေါက်ဆွဲထဲ၌ အရည်တစ်စက်မှပင် မကျန်ရစ်ခဲ့တော့ပေ။
လက်ကို ဝှေ့ယမ်းလိုက်သော လျန်ခိုင်၏ မျက်နာပေါ်၌ ရှက်ရွံ့သော အမူအရာပေါ်လာသည်။သို့သော်လည်း သူက လုံးလုံးစိတ်ပျက်သွားခြင်း မရှိပေ။
ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ပိုင်ဆိုင်ထားသူက အလွန်ပင် စွမ်းအားမြင့်သော လူတစ်ယောက် ဖြစ်သည်ဟု သူတွေးထင်ထားခဲ့သည်။ထိုသူက မသေမျိုးခန္ဓာအဆင့်ပင် ဖြစ်နိုင်သည်ဟု သူထင်မိခဲ့သည်။သို့သော်လည်း ယခုပုံစံအရ သူစိုးရိမ်မှု လွန်ကဲနေခြင်းသာ ဖြစ်သည်။
ယခုအခြေအနေအရ စပ်ပြဲလန်ခေါက်ဆွဲက ပုဖန်ကို စွမ်းအင် မြှင့်တင်ပေးနိုင်မည်ဆိုလျှင်ပင် မသေမျိုးခန္ဓာအဆင့် သို့ရောက်အောင် မြှင့်တင်ပေးနိုင်ပါမည်လော။ထိုအချင်းအရာက လုံးဝ မဖြစ်နိုင်ပေ။
မသေမျိုးခန္ဓာအဆင့်က တန်ခိုးရှင်အဆင့်နှင့် လုံးဝ ကွဲပြားခြားနားသည်။တန်ခိုးရှင်အဆင့် အထွဋ်အထိပ်အတားအဆီးများကို မကျော်ဖြတ်ပဲနှင့် မသေမျိုးခန္ဓာအဆင့် စွမ်းအားများကို မရရှိနိုင်ပေ။
ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင်စားပြီးနောက် ပုဖန်က စိတ်ကျေနပ်စွာဖြင့် လေချဉ်တက်လိုက်သည်။သူ့၏ မျက်နာကလည်း နီရဲလာပေ၏။ပုဖန်က မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ လှည့်ပတ်နေသော အပူငွေ့လှိုင်းများကို ခံစားကြည့်နေလိုက်သည်။
(ပုဖန်၏အခြေခံ အုတ်မြစ်ကကော ခိုင်မာမှု ရှိရဲ့လား.)
သူ့၏ အဆင့် ချိုးဖောက်သက်ရောက်မှုတိုင်းက စနစ်ပေးအပ်သော တာဝန်များကို အောင်မြင်သောအခါမှသာလျှင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ထို့ကြောင့် ထိုအချင်းအရာနှင့်ပတ်သတ်၍ အငြင်းပွားစရာ မလိုပေ။ သူ၏ စွမ်းအင်ကျင့်ကြံမှုအဆင့်တိငြ်း၌ အဆုံးစွန်သော အောင်မြင်မှု အခြေအနေရှိနေပေသည်။အကယ်၍ ဒီကမ္ဘာပေါ်၌ စွမါးအင်အခြေခံ အခိုင်အမာဆုံးသူကို ပြပါဆိုလျှင် ထိုသူက ပုဖန်ပင် ဖြစ်ပေလိမ့်မည်။
မှန်ပေသည်။ထိုအကြောင်းအရာများကို တစ်ခြားသူများက မသိကြပေ။ပုဖန်ပင်လျှင် ထိုအချက်ကို လုံးဝ သတိမပြုမိခဲ့ပေ။
သူ့၏ စွမ်းအင် ရေဝဲထဲ၌ အစစ်အမှန်စွမ်းအင်များက အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။ထိုစွမ်းအင် ရေဝဲထဲ၌ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ ရွှေရောင် မီးတောက် အရိပ်လေးက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး တဖြေးဖြေးချင်း အရေပြားပေါ်သို့ ရောက်လာမတက် ဖြစ်နေသည်။
ပုဖန်က ပါးစပ်ကို ဖွင့်ဟ၍ အသက်ရှုထုတ်လိုက်သည်။သို့သော်လည်း လေငွေ့အစား အစစ်အမှန်စွမ်းအင် မီးတောက်သာ ထွက်ပေါ်လာသည်။လျန်ခိုင်က ထိတ်လန့်အံ့သြစွာဖြင့်ပင် ပါးစပ်အဟောင်းသား ပွင့်သွားသည်။
"ဘယ်လိုဖြစ်ပြီး ဒီလူက အဲ့ဒီလောက် ထူးဆန်းနေရတာလဲ......"
ရုတ်တရက် ပုဖန်က လှုပ်ရှားလိုက်သည်။ပထမဦးဆုံးအကြိမ်အဖြစ် ပုဖန်ကိုယ်တိုင် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်၏။သူ့ဆံနွယ်များကို ချည်နှောင်ထားသော သိုးမွှေးကြိုးက ပြေလျော့သွားပြီး ဆံနွယ်ရှည်များက လေအရှိန်ကြောင့် ဝဲခါသွားသည်။
ပုဖန်က အလွန်လျှင်မြန်လှသော အရှိန်ဖြင့် လျန်ခိုင်ဆီသို့ လျှပ်တစ်ပြတ် တိုးဝင်သွားသည်။သူက မဟူရာလိပ်ခုံးဒယ်အိုးကို အသာအယာ ပုတ်လိုက်ပြီး လေထဲ၌ လွှဲယမ်းလိုက်ကာ လျန်ခိုင်ဆီသို့ ရိုက်ချလိုက်သည်။
ထိုတိုက်ပွဲကို ကြည့်နေကြသော လူအားလုံးက စိတ်ရှုပ်ထွေးသွားကြသည်။ကွမ်ရှောင်ယီ ၊ ရှောင်ရှောင်လုံ ၊ ဂျိချန်းရွဲ့နှင့် မြို့တံတိုင်း၌ ရှိသောအခြားသူများအားလုံးက အံ့အားသင့်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြ၏။
"သူတို့ အခု ဘာတွေ မြင်နေရတာလဲ.....နောက်ဆုံးတော့ ပိုင်ရှင်ပု ကိုယ်တိုင် တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ခုကို သူတို့ မြင်ရပြီလား....."
ပုဖန်ကိုယ်တိုင် တိုက်ခိုက်မှုက သူတို့ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ပုံမှန်အားဖြင့်သူ့၏ စွမ်းရည်များကို သိုသိုသိပ်သိပ် ထိန်းသိမ်းထားတက်သော ပိုင်ရှင်ပုက အင်အားကြီးမားလှသော ပြင်ဘက်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
"ဘလက်ကီကကော ...."
သူတို့အားလုံး စိတ်ရှုပ်ထွေးနေမိကြသည်။သို့သော်လည်း ထိုစိတ်ရှုပ်ထွေးမှု၏ နောက်ကွယ်၌ သူတို့ နှလုံးသား ပြုတ်ကျမတက် စိုးရိမ်ပူပန်မှုလည်း ရှိနေသည်။
"ဘလက်ကီ ထွက်သွားတာများ ဖြစ်နိုင်လား.....ဒီလိုဆိုရင် ပိုင်ရှင်ပုက ဘလက်ကီမရှိပဲနဲ့ အရာရာတိုင်းကို သူကိုယ်တိုင် ဖြေရှင်းတော့မှာလား.....ဒါပေမယ့်လည်း ရန်သူက အဆင့် ၁၀ နတ်ဘုရားနယ်ပယ်အဆင့်လေ.....ပိုင်ရှင်ပုက တကယ်ပဲ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား....."
"ဟမ်း.....မင်းက သေချင်နေတယ်ဆိုမှတော့ သွားသေလိုက်တော့.....ပြီးမှပဲငါ မင်းအလောင်းပေါ်မှာ ရပ်ပြီးတော့ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို စုပ်ယူလိုက်မယ်......"