အပိုင်း ၄၁၅
Viewers 53k

အခန်း ၄၁၅

ဆိုင်ခွဲသစ်


"ဆိုင်ခွဲ နောက်တစ်ခု...."


ပုဖန်က စနစ်၏ အဖြေကြာင့် အံ့အားသင့်သွားသည်။


"ဆိုင်ခွဲတွေ အများကြီး ဖွင့်ရမှာလား....."


ပုဖန်က အနည်းငယ် ရှုပ်ထွေးသွားသော်လည်း စနစ်ပြောချင်သည့် အကြောင်းကို အလျှင်အမြန်ပဲ နားလည်သွားသည်။ဆိုင်၏ စီးပွားရေးလုပ်ငန်းကို မြှင့်တင်ရန်အတွက် နည်းလမ်းနှစ်သွယ်ရှိပေသည်။


တစ်နည်းလမ်းက အင်ပါရီဟာမြို့တော်အတွင်း၌ ရှိနေသောဆိုင်၌ပင် စျေးကြီးသည့် ဟင်းပွဲများကို များများရောင်းချရန် ဖြစ်သည်။ဟင်းပွဲများကို များများရောင်းချနိုင်လေလေ သလင်းကျောက်များ ပိုမိုရရှိလေလေဖြစ်သည်။ဒါက ပုံမှန် နည်းလမ်းများဖြင့် စီးပွားရေးကို မြှင့်တင်ခြင်းပင် ဖြစ်၏။


မှန်ပေသည်။နောက်ထပ် နည်းလမ်းတစ်ခုက ဆိုင်ခွဲများ မြောက်များစွာ ဖွင့်ပြီး စီးပွားရေးကို ချဲ့ထွင်ခြင်းပင် ဖြစ်သည်။စနစ်၏ စကားအရ ဆိုင်ခွဲများမှ ဝင်လာသော ဝင်ငွေကိုလည်း ကျင့်ကြံမှု စွမ်းအင် အဆင့်သို့ ပြောင်းလဲနိုင်ပေသည်။


တစ်ချိန်တည်းမှာပင် ဆိုင်နှစ်ဆိုင်မှ ငွေဝင်နေပါက စီးပွားရေးက ပုံမှန်ထက်ပို၍ မြင့်တက်လာနိုင်မည်။အားလုံးသုံးသပ်၍ ပြောရမည်ဆိုလျှင် လေအလင်းအင်ပါယာမှ စားသုံးသူများကို ရောင်းချသည့် စျေးနှုန်းကပင် ကြီးမြင့်နေပေပြီ။


ပို၍ စျေးကြီးမြင့်သော ဟင်းပွဲများကို ထုတ်လုပ် ချင်သည်ဆိုပါက ဒီနေရာက ကောင်းမွန်သည့် နေရာမဟုတ်ပေ။ထို့ကြောင့် ပုဖန်က နောက်ထပ် ဆိုင်ဆွဲများဖွင့်နိုင်သည့် လမ်းကို ရွေးချယ်လိုက်သည်။ဒီလိုသာဆိုလျှင် ပုဖန်လည်း ဆိုင်ထဲ၌ အမြဲတမ်းနေထိုင်ဖို့ အချိန်မရှိ ဖြစ်သွားပေလိမ့်မည်။


ဒီတိုက်ပွဲ မတိုက်ခင်က ပုဖန် ဆိုင်ထဲ၌သာ အမြဲတမ်းနေထိုင်ဖို့ စဉ်းစားခဲ့သည်။လျန်ခိုင်နှင့် တိုက်ခိုက်ပြီးသည့်နောက် လုံလောက်သည့် စွမ်းအင်မရှိလျှင် အေးအေးဆေးဆေးမနေနိုင်ကြောင်းကို သူနက်နက်ရှ်ိုင်းရှိုင်း သဘောပေါက်သွားသည်။


သူ့၏ စွမ်းအင်အဆင့်က သာမန်သာဖြစ်နေလျှင် အားကောင်းသန်မာသော သူများက ဆိုင်၏စီးပွားရေး ချောချောမွေ့မွေ့ မလည်ပတ်နိုင်အောင် လာရောက်နှောင့်ယှက်နေပေလိမ့်မည်။လူတွေပြောကြသလိုပင် လူတစ်ယောက်က ဒီရေအလား အမြဲတမ်း တိုးတက်နေပေသင့်သည်။


"စနစ် ဆိုင်ခွဲအသစ်မှာ လုပ်ရမဲ့ တာဝန်နှင့်ပတ်သတ်ပြီး မင်းငါ့ကို သဲလွန်စလေးတွေ ပေးနိုင်မလား......."


ပုဖန်က အကြောအချဉ်ဆန့်ရင်း စနစ်ကို မေးလိုက်သည်။ထို့နောက်သူဆိုင်၏ ကြမ်းပြင်ပေါ်၌ လဲနေသော ဝှိုက်တီဆီသို့ လျှောက်လာခဲ့သည်။ဒီတစ်ကြိမ်၌ ဝှိုက်တီက ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားသည်။သူ အလွန်ဆိုးရွားစွာ ရိုက်နှက်ခံထားရပြီး ဆိုးဆိုးရွားရွား ပျက်စီးနေသော ခန္ဓာကိုယ်ပေါ်၌ လျှပ်စီးတန်းများပင် တဖြတ်ဖြတ် လင်းလက်နေဆဲ ဖြစ်သည်။


ပုဖန်က သက်ပြင်းအသာချလိုက်ရင်း ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်သည်။တဖျစ်ဖျစ် မြည်နေသော လျှပ်စီးလှိုင်းများက သူ့၏ လက်ချောင်းများကိုပင် ကျင်ထွက်သွားစေသည်။


"အခုလောဘောဆယ်မှာတော့ ငါ ဘာသဲလွန်စကိုမှ မပေးနိုင်ပါဘူး....ဆိုင်ခွဲတွေမှာပေးထားတဲ့ တာဝန်ကို မပြီးမြောက်ဘူးဆိုရင် ပိုင်ရှင်က ဒီပင်မဆိုင်ကို ပြန်လာလို့မရပါဘူး....."


စနစ်က ပြောပြီးသား စကားကိုသာ ပြန်ပြောလိုက်သည်။


ပုဖန်က ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ရန်က မလွယ်ကူကြောင်း ရှင်းရှင်းလင်းလင်းကို သိရှိပေသည်။သို့သော်လည်း သူအတွေးများနေ၍လည်းမရပေ။ထိုအချင်းအရာက သူ့၏ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးန်ိုင်ပြီး တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။


"စနစ် ဝှိုက်တီကို ပြန်ပြုနိုင်မယ့် နည်းလမ်းကော ရှိလား....."


ဝှိုက်တီက ဆိုင်ဖွင့်ချိန်ကတည်းက သူ့၏ ဘေးနားမှာ အစဉ်အမြဲ ရှိနေခဲ့ခြင်း ဖြစ်သည်။ပုဖန် ဝှိုက်တီ ယခုကဲ့သို့ ဆိုးဆိုးရွားရွား ပျက်စီးသွားမည်ကို မကြည့်လိုပေ။


"ပိုင်ရှင်က ဆိုင်ခွဲ ဖွင့်မယ့်နေရာနှင့် ပုံစံအနေအထားကိုစီစဉ်ပြီးပြီ ဆိုတာနဲ့ စနစ်ကနေပြီးတော့ ဝှိုက်တီကို ပြန်လည် ပြင်ဆင်ပြီး မင်းဆီကို ပြန်လည် ပို့ဆောင်လိုက်ပါမယ်......"


စနစ်က တည်ငြိမ်လေးနက်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။


ထိုအဖြေကို ကြားမှသာလျှင် ပုဖန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချလိုက်သည်။ဝှိုက်တီက ဆိုးဆိုးရွားရွား ပျက်စီးသွားပြီးပြန်လည် ပြင်ဆင်၍ မရမှာကို ကြောက်နေခဲ့သည်။ထိုကဲ့သို့ အဖြေမျိုးကို သူလုံးဝ လက်မခံပေ။


ရုတ်တရက် ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်၌ အလင်းတန်းတစ်ခု ပေါ်လာသည်။ထိုအလင်းတန်းက အနည်းငယ်ပို၍ လင်းလက်သွားပြီးနောက် ဝှိုက်တီ၏ ခန္ဓာကိုယ်က အဝေးသို့ ယူဆောင်သွားပြီး မှိန်ဖျော့ ပျောက်ကွယ်သွားလေသည်။


ပုဖန်က မတ်တပ်ထရပ်လိုက်သည်။သူ့၌ စိတ်ပူပန်ခြင်းများလည်း မရှိတော့ပေ။သူက စနစ်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်မှု ရှိပေသည်။သူ့၏ ဖရိုဖရဲ ဖြစ်နေသောဆံပင်များကို သပ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ထို့နောက် ပုခုံး ပေါ်တွင် အိပ်ပျော်နေဆဲ ဖြစ်သည့် ကျိုင်းပုစွန်ကို ခပ်ဖွဖွပုတ်လိုက်ပြီး သူ့အခန်းရှိရာဆီသို့ ထွက်သွားလိုက်သည်။


သူ အခန်းထဲပြန်ရောက်သည့် အချိန်၌... ကြမ်းပြင်ပေါ်၌ ငြိမ်းအေးစွာ အိပ်ပျော်နေဆဲဖြစ်သော ဘလက်ကီကို တွေ့လိုက်ရသည်။ထိုခွေးဝတုတ်က ယခုထိတိုင်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်သည်။အစောပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲမှ စွမ်းအင်လှိုင်းများပင် သူ့ကို နှိုးထစေခြင်း မရှိခဲ့ပေ။


ပုဖန်က ဝှိုက်တီကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။သွေးများစွန်းပေနေသည့် သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်လိုက်ပြီး စိတ်ကျေနပ်မှု ရှိသည့်အထိ ရေချိုးလိုက်သည်။


ရေချိုး သန့်စင်ပြီးသည့်နောက် ပို၍ လန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။လျှာကဝေ အခင်းအကျင်းအတွက် ခေါက်ဆွဲကိုးပွဲမှ စွမ်းအင်များကို ချိတ်ဆတ်ခြင်းက သူ့၏ စိတ်စွမ်းအင်များကို ပမာဏ များများ လောင်ကျွမ်းသွားစေခဲ့သည်။ထို့ကြောင့်သူ မူးဝေနေလေ၏။


ရေချိုးပြီးသည်နှင့် တစ်ပြိုင်နက် ပုဖန်က အိပ်ယာပေါ်သို့ တွားသွားတက်လိုက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။


.....


သွမ့်ယင်က ဖန်ဖန်ဆိုင်ငယ်လေးမှ ပြန်လာပြီးနောက် သူ့၏ သက်စောင့်ဆေး ဆိုင်လေးထဲသို့ တိတ်တဆိတ်ပင် ဝင်သွားလိုက်သည်။သူ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး ဆိုင်ထဲ၌ ရှိသော ဆေးလုံး မီးဖိုကို စူးစိုက်ကြည့်ရင်း စဉ်းစားတွေးတောနေမိသည်။


သူအချိန်ခဏမျှ ကြာပြီးနောက် သူမတ်တပ်ထရပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် သူ့အခန်းဆီသို့ သွားလိုက်ပြီး ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်း၍ ဒီည ချက်ချင်းပဲ မြို့မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။


သူကအကြောင်းတစ်ချို့ကြောင့် လေအလင်းအင်ပါယာမှ အချိန်တော်တော်ကြာ ထွက်ခွာသွားမည့်ပုံပေါ်သည်။အစောပိုင်းအချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲက သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးခဲ့သည်။အနှောင့်အယှက်ကင်းသော ဘဝမှနေထိုင်လိုလျှင် သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် ပို၍ သန်မာမှရပေသည်။


လုံလောက်သော စွမ်းအင်ကျင့်ကြံမှု မရှိလျှင် မမျှော်မှန်းဆနိုင်သည့် ပြိုင်ဘက်နှင့်တွေ့ပါက သူ့၏ ငြိမ်သက်အေးဆေးသော အခြေအနေက ပျက်ပြား သွားပေလိမ့်မည်။


ထိုအခြေအနေက ပုဖန်ကဲ့သို့ သန်မာသော သူတစ်ယောက်အတွက်လည်း အတူတူပင်ဖြစ်သည်။


.........


လေအလင်းအင်ပါယာ၏ အင်ပါရီယာ နန်းတော် အဓိကခန်းမကြီးထဲ၌....


ဂျိချန်းရွဲ့နှင့် အင်ပါယာ၏ ဝန်ကြီးများက တစ်ညလုံး အကြောင်းကိစ္စများကို တိုင်ပင်ဆွေးနွေးနေခဲ့ကြသည်။တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ရန်အတွက် စီစဉ်နေခဲ့ကြသည်။ဂျိချန်းရွဲ့က ထိုကဲ့သို့သော ကိစ္စရပ်များကို အထူးတလည်ပင် ကျွမ်းကျင်နေပေပြီ။


အစောပိုင်းဖြစ်ပွားခဲ့သော တိုက်ပွဲ၏ အခြေအနေက သိပ်မဆိုးရွားလှသောကြောင့် ပြန်လည် တည်ဆောက်ရာ၌ လည်း အလွန်ခက်ခဲလိမ့်မည် မဟုတ်ပေ။


တိုက်ပွဲပြီးဆုံးသွားပြီးနောက် ရှောင်ယုလည်း အင်ပါရီယာ မြို့တော်ထဲမှ ထွက်ခွာသွားသည်။


ဒီတစ်ကြိမ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲက သူ့ကို လှန့်နိုးလိုက်သလိုပင်ရှိသည်။သူက လုံလေါက်အောင်မသန်မာသည့်အပြင် အားနည်သည်ဟုပင် ခေါ်နိုင်ပေသည်။


တကယ့်ကို သန်မာလှသော စစ်သည်တော် တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ၌ သူက သူ့ကိုယ်သူပင် မကယ်တင်နိုင်ခဲ့ပေ။ထို့ကြောင့် သူ အလွန် မကျေမနပ်ဖြစ်ခဲ့ရသည်။


ထို့ကြောင့်ပင် သူအင်ပါရီယာ မြို့တော်၌သာ သူအမြဲတမ်းမနေရန် ဆုံးဖြတ်လိုက်သည်။ဒီနေရာ၌သါ နေထိုင်လျေင် သူ့၏ ကမ္ဘာကြီး အလွန်ကျဉ်းမြောင်းနေပေလိမ့်မည်။


ထို့ကြောင့်သူ ရှောင်မိသားစုဝင်များကို နှုတ်ဆက်လိုက်ပြီး ပစ္စည်းများသိမ်းဆည်း၍ ညတွင်းချင်းပင် အင်ပါရီယာ မြို့တော်မှ ထွက်ခွာခဲ့သည်။


......


နေ့အလင်းရောင်က ပြတင်းပေါက်က်ို ဖြတ်ကျော်၍ အခန်းတွင်း ဖြာကျနေသည်။


နွေးထွေးလှသော နေရောင်ခြည်က သူ့၏ မျက်နာပေါ် ကျနေသောကြောင့် ပုဖန်လေးလံလှသော မျက်ခွံများကို အတင်းကြိုးစားရုန်းကန်၍ ဖွင့်လိုက်သည်။


အချိန်က မနက်ပိုင်းကိုပင် ကျော်လွန်၍ နေ့လည်နား ကပ်နားပေပြီ။သို့သော်လည်း သူက အိပ်ယာမှ ချက်ချင်း မထသေးပင်။ပုဖန်က အိပ်ယာပေါ်၌ ခဏမျှ လူးလိမ့်နေပြီး နောက်ဆုံးအတင်းကြိုးစားရုန်းကန်၍ ထလိုက်သည်။


သူ သန့်ရှင်းရေးလုပ်ပြီးနောက် အဝတ်အစားများ သေချာကျနစွာ ဝတ်ဆင်လိုက်ပြီး ဆိုင်ထဲသို့ ဆင်းလာခဲ့သည်။ဆိုင်က ပုံမှန်အတိုင်း ဖွင့်ထားပြီးပြီ ဖြစ်ပြီး ကွမ်ရှောင်ယီက စားသုံးသူများ၏ မှာယူမှုများကို ရေးမှတ်ရင်း အလုပ်ရှုပ်နေပေသည်။


မီးဖိုချောင်ဘက်ဆီမှလည်း ကြော်လှော် ချက်ပြုတ်သံများ ပြန့်လွင့်နေသည်။ရှောင်ရှောင်လုံက ဟင်းပွဲတစ်ခုစီတိုင်းကို သေချာစွာချက်ပြုတ်နေသည်။


ထိုအရာအားလုံးကို ကြည့်ရှုနေရင်း သူ့စိတ်ထဲ၌ အားလုံးက အစစ်အမှန်မဟုတ်ဟုပင် ခံစားလာမိသည်။


[ယာယီမစ်ရှင် ။ ။နဂါးမြို့ဟောင်း တိုက်ကြီး၏ မြူကောင်းကင်မြို့၌ ဆိုင်ခွဲအသစ်တစ်ခု ဖွင့်လှစ်ပါ


မစ်ရှင်ဆု ။ ။ အစစ်အမှန်စွမ်းအင် (၁၀%)


ပြင်ဆင်ချိန် ။ ။ သုံးရက်]


သူ့စိတ်ထဲ၌ စနစ်၏ တည်ငြိမ်လှသော အသံ ထွက်ပေါ်လာသည်။ထိုမစ်ရှင်ကို ကြိုတင် မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် ပုဖန်က အံ့အားသင့်မသွားပေ။


"မြူကောင်းကင်မြို့.....အဲ့ဒါက တောင်ပိုင်းဒေသထဲမှာ မဟုတ်ဘူးလား......ဟုတ်လား......"


ပုဖန်အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။သူက တောင်ပိုင်းဒေသတစ်ခွင်လုံးကို အကျွမ်းတဝင်မရှိသော်လည်း မြူကောင်းကင်မြို့ဟူ၍တော့ တခါမှ မကြားဖူးပေ။


ဝင်ငွေ တိုးပွားရန် ရည်ရွယ်ချက်ဖြင့် ဆိုင်ခွဲ အသစ်ဖွင့်လှစ်ရန် ရည်ရွယ်ထားသောကြောင့် လေအလင်းအင်ပါယာထက် ပိုမိုနိမ့်သော နေရာကို မရွေးချယ်သင့်ပေ။


"မြူကောင်းကင်မြို့က အဂ္ဂိရတ်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ အဂ္ဂိရတ်မြို့တော်သုံးခုထဲက တစ်ခုဖြစ်တယ်......အဲ့ဒီမြို့မှာ အဂ္ဂိရတ် ပညာရှင်တွေနဲ့ ပြည့်နှက်နေတယ်.....လူနေမှု အဆင့်အတန်းက အလွန်မြင့်မားပြီး ယှဉ်ပြိုင်မှုတွေကလည်း အရမ်း ရက်စက်ကြမ်းကြုတ်တယ်......"


စနစ်က ပုဖန်၏ စိတ်ကို ဖတ်လိုက်သကဲ့သို့ပင် အခြေအနေတစ်ရပ်ကို ရှင်းပြလာခဲ့သည်။


ပုဖန် ပါးစပ်ပိတ်သွားသည်။


မြူကောင်းကင်မြို့က တကယ်တမ်းတွင် အဂ္ဂိရတ် မြို့တော်တစ်ခု ဖြစ်နေပေသည်။အဂ္ဂိရတ်မြို့တော်ဟု သတ်မှတ်ခံရဖို့အတွက် ထိုမြို့တော်က အဂ္ဂိရတ်ပညာရှင်များကြားထဲတွင် ကျော်ကြားရပေမည်။


ပုဖန်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ပေးအပ်သည့် မစ်ရှင်က လွယ်လွယ်ကူကူ မပြီးမြောက်နိုင်ကြောင်း သူသိပေသည်။


မြူကောင်းကင် မြို့က လေအလင်း အင်ပါယာကဲ့သို့ မဟုတ်ပေ။အဂ္ဂိရတ်မြို့တော်ဟု ခေါ်ဆိုသည့်အတိုင်း အဂ္ဂိရတ်ပညာရှင်များနှင့်သာ ပြည့်နှက်နေသည်။ထိုနေရာ၌ စွမ်းအင် သိပ်သည်းဆေးလုံးဟု ခေါ်သော သက်စောင့်ဆေးက လူသိများ လူကြိုက်များလှသည်။ထိုဆေးလုံးက လူတစ်ယောက်၏ ပုံမှန်လဝက်မျှ စားရမည့် အစားအစာများနေရာ၌ အစားထိုးသုံးစွဲနိုင်ပေသည်။


ထိုကဲ့သို့ ဆေးလုံးမျိုးရှိနေသည့် နေရာ၌ မည်သူက စားသောက်ဆိုင်ကို အသုံးပြုပါမည်နည်း။ထိုအချက်က ပုဖန်ကို ခေါင်းခဲစေသည်။သူ ခေါင်းခါယမ်းလိုက်ပြီး မီးဖိုချောင်ဘက်ဆီသို့သာ ဝင်သွားလိုက်ကာ နေ့စဉ်လေ့ကျင့်ခန်းများကို ပြုလုပ်လိုက်သည်။


ပိုင်ရှင် ။ ။ပုဖန်


အစစ်အမှန် စွမ်းအင်ကျင့်ကြံခြင်း အဆင့်။ ။ အဆင့် ၈ ( ဆန်းကြယ်သော ကမ္ဘာထဲ၌ အစားအစာကွင်းဆက်များ၏ အပေါ်၌ ရပ်တည်ပြီး ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် အားနည်းချက်များကို ချေဖျက်နိုင်ရန် ကြိုးစားပါလူငယ်လေး....နတ်ဘုရားတစ်ပါးဖြစ်လာရန် လျောက်လှမ်းရမည့် လမ်းက ပို၍ခက်ခဲလာပေလိမ့်မည်။ဆိုင်သစ်ဖွင့်ဖို့ စတင်ပြင်ဆင်ပြီး ကြယ်ပင်လယ်ကို စွန့်စားဖြတ်ကျော်ပါ...အလုပ်ကို ကြိုးစားပါ လူငယ်လေး။)


ကျွမ်းကျင်မှုများ ။ ။ အချက်အပြုတ်စွမ်းရည် ကြယ်လေးဆင့် 


ဆိုင်ခွဲ ။ ။ပြင်ဆင်ဆဲ


ကျွမ်းကျင်မှုများ ။ ။ဒုတိယအဆင့် ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ ၁၀၀/၁၀၀ ၊ ဒုတိယအဆင့် ခုနှစ်စင်ကြယ် အသားလွှာ ထွင်းထုခြင်းနည်လမ်း ၁၀၀/၁၀၀


ပစ္စည်းများ ။ ။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း ) ၊ မဟူရာလိပ်ခုံးဒယ်အိုး (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)


ချက်ပြုတ်ခြင်း နတ်ဘုရားအဆင့် သတ်မှတ်ချက် ။ ။ အလယ်တန်း စားဖိုမှူး (ချက်ပြုတ်ခြင်း စွမ်းရည်များက ပို၍ တိုးတက်လာပြီး ချက်ပြုတ်ခြင်း နည်းလမ်းများကလည်း ပို၍ ကောင်းမွန်လာပေလိမ့်မည်။)


စနစ်၏ အဆင့် ။ ။ကြယ်ရှစ်ပွင့်

(စွမ်းအင် ပြောင်းလဲမှုအချိုး ၁၀၀ %)


ပုဖန်က စနစ်၏ ဖော်ပြချက်များကို ဖတ်ရှုနေရင်း ဆိုင်ခွဲသစ်ဆိုသော စကားလုံးပင် ပေါ်နေသည်ကို သတိပြုမိလိုက်သည်။

ကြည့်ရသည်မှာသူ ဆိုင်ခွဲသစ်ဖွင့်လှစ်ရန်ပင် ပြင်ဆင်ရပေတော့မည်။


သို့သော်လည်း ဆိုင်အသစ်ဖွင့်လှစ်လိုက်သည်နှင့် သူ လေအလင်းအင်ပါယာမြို့တော်ဆီသို့ အချိန်ခဏအတွင်း ပြန်လာနိုင်မည် မဟုတ်တော့ပေ။ထိုမြို့၌ပင် သူ အချိန်ကြာကြာ နေရပေလိမ့်မည်။


ထိုသို့ဆိုလျှင်ပင် သူအချိန်ဆွဲနေလို့ မရတော့ပေ။ထိုမြူကောင်းကင်မြို့၌ နေရာတစ်ခုကို ခက်ခက်ခဲခဲ ရှာဖွေရပေတော့မည်။


သူ ဆိုင်က ထွက်ခွာသွားပြီးနောက်၌လည်း ဆိုင်လုပ်ငန်းက ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်နေပေလိမ့်မည်။သို့သော်လည်း အရာအားလုံးက ရှောင်ရှောင်လုံ၏ ပုခုံးပေါ်သို့ ကျရောက်သွားပေလိမ့်မည်။ထို့ကြောင့် သူ ဟင်းပွဲများကို သေချာစွာ မည်သို့ ချက်ပြုတ်ရမည်ကို ရှောင်ရှောင်လုံကို ပြည့်ပြည့်စုံစုံ ညွှန်ကြားပေးရပေမည်။


ပုဖန် ဆိုင်ခွဲအသစ်ဖွင့်ရန် ဆိုင်မှ ထွက်သွားတော့မည်ကို ရှောင်ရှောင်လုံမသိပေ။အရင်ကလို အချိန်ခဏမျှ ထွက်သွားမည်ဟုသာ ထင်နေမိသည်။


သူ့၌ လုံလောက်သည့် အတွေ့အကြုံရှိနေပြီဖြစ်သောကြောင့် ဆိုင်ကို သေချာစွာ ဂရုစိုက်ထားရန် ယုံကြည်မှုရှိနေပေသည်။ပုဖန်ပြန်လာသည့်အခါ၌ သူ့၏ တိုးတက်မှုများကို အံ့အားတသင့်ဖြစ်စေရန် နေ့တိုင်း သေချာလေ့ကျင့်မည်ဖြစ်ကြောင်းလည်း ကတိပေးလိုက်သည်။


ပုဖန် အချိန်ခဏမျှသာ ထွက်သွားမည်ဟု ထင်ရသော်လည်း ဒီတစ်ကြိမ်၌ သူ မတူညီသော ခံစားချက်များကို ကွမ်းရှောင်ယီခံစားနေမိသည်။သူမက အလွန်ခံစားလွယ်သော မိန်းမငယ်လေး ဖြစ်သောကြောင့်လည်း ပုဖန်၏ ဝမ်းနည်းနေသော သွင်ပြင်ကို တွေ့နေရသည်။


ဆိုင်ပိတ်ချိန်ရောက်သည့်အချိန်၌ ပုဖန်က ကွမ်ရှောင်ယီ၏ ခေါင်းလေးကို ပုံမှန်အတိုင်း အသာအယာ ပွတ်သပ်လိုက်သည်။ကွမ်ရှောင်ယီ၏ စိတ်ထဲ၌ ပိုင်ရှင်ပုက အခါတိုင်းနဲ့မတူ ထူးခြားနေသည်ဟု ထင်မိခဲ့သော်လည်း သူမ အတွေးလွန်နေခြင်း ဖြစ်မည်ဟုသာ တွေးလိုက်မိသည်။


ကွမ်ရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ တဖြေးဖြေးဝေးသွားသည်ကို စောင့်ကြည့်ပြီးမှ ပုဖန်က ဆိုင်တံခါးကို ဆွဲပိတ်လိုက်သည်။ပုဖန်က ဆိုင်ထဲ၌ ခဏမျှ လှည့်လျှောက်လိုက်ပြီး သူ့၏ အခန်းဆီသို့ ပြန်တက်သွားလိုက်သည်။


ဘလက်ကီက ယခုအချိန်ထိ အိပ်ပျော်နေဆဲ ဖြစ်ပြီး မည်သည့်အချိန်မှ နှိုးထလာသည်ကို မသိသေးပေ။နှိုးထလာမည့်အချိန်က သူဆိုင်သစ်ဖွင့်ပြီး ပြန်ရောက်လာသည့်အချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


ပုဖန်က ဘလက်ကီကို စိုက်ကြည့်ရင်းမှ ရောက်တတ်ရာရာတွေးတောနေမိသည်။သူ့၏ ပုခုံးပေါ်မှာ ထိုင်နေသော ကျိုင်းပုစွန်ကလည်း မျက်လုံးကလယ်ကလယ်ဖြင့် လျှောက်ကြည့်နေ၏။


ထိုအချိန်၌ ပုဖန်၏ ခေါင်းပေါ်၌ အလင်းပျောက်အစက်ငယ်လေးများ ပေါ်လာပြီး ရွှေ့ပြောင်းအစီအရင်တစ်ခု လျှင်မြန်စွာ ဖြစ်တည်လာသည်။ 


ပုဖန်က ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ကာ အပြင်ဘက်မှ အင်ပါရီယာမြို့တော်ကို လှမ်းကြည့်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း တွန့်ဆုတ်တွေဝေမှုများ ရှိနေသည်။


သူ့၏ ခေါင်းပေါ်မှ ရွှေ့ပြောင်း မှော်အစီအရင်စီမှလည်း လေပြင်းများ စတင် တိုက်ခိုက်လာသည်။


တည်နေရာရွှေ့ပြောင်း အစီအရင် စတင်တော့မည် ဖြစ်သည်။