အခန်း ၄၁၇
ရနံ့မဲ့ထမင်းကြော်
"ဘာဖြစ်တယ် နင်အခု ဘာပြောလိုက်တယ်....ပိုင်ရှင်ပုက အင်ပါရီယာမြို့တော်မှာ မရှိတော့ဘူး ဟုတ်လား......နောက်တစ်ကြိမ် ခရီးထွက်သွားပြန်ပြီ ဟုတ်လား......"
နီယန်က ကွမ်ရှောင်ယီကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်သည်။ကွမ်ရှောင်ယီက ထိုမေးခွန်းကို ခေါင်းညိတ်ပြီး ထပ်မံ အတည်ပြုလိုက်၏။ရှောင်ယီက ပုဖန်မကြာခဏ ခရီးထွက်နေခြင်းကို နေသားကျနေပေပြီ။
ပိုင်ရှင်ပု ဆိုင်၌ နေသည်မှာ ရှားပါးလှသည်။သူ ခရီးမှ ပြန်လာသည့်အချိန်တိုင်းလည်း ဟင်းပွဲအသစ်တစ်ခုကို တည်ထွင် ချက်ပြုတ်ပေလိမ့်မည်။သူက ဟင်းပွဲအသစ်ဖန်တီးရန်အတွက် ခရီးထွက်၍ အချက်အလက်များ စုဆောင်းခြင်း ဖြစ်နိုင်ပေသည်။
နီယန်၏ မျက်နာပေါ်၌ စိတ်မကျေနပ်သည့် အမူအရာပေါ်လာပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။သူမက ပိုင်ရှင်ပုကို တွေ့ချင်ပြီး သူကိုယ်တိုင် ချက်ပြုတ်ထားသည့် ဟင်းပွဲကိုလည်း စားသောက်ချင်သည်။
သို့သော်လည်း သူ့ရှေ့မှ ကလေးမလေးက ပိုင်ရှင်ပု မည်သည့်နေရာသို့ သွားသည်မှာ မသိပေ။သူမ စိတ်လျှော့ထားရန်သာ ဆုံးဖြတ်လိုက်သည်။သူနှင့် နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့သာ မျှော်လင့်နိုင်ပေတော့သည်။
စိတ်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ပို၍ သက်တောင့်သက်သာ ခံစားလာရပြီး ချောမောလှပသည့် မျက်နာလေးပေါ်၌ ပေါ့ပါးသည့် အပြုံးလေးတစ်ခု ပေါ်လာသည်။
သူမက ကွမ်ရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ကို နှုတ်ဆက်လိုက်ပြီးနောက် ဆိုင်မှ ထွက်ခွာသွားလိုက်သည်။လှပလှသော ပုံရိပ်လေးက အင်ပါရီယာမြို့တော်၏ လမ်းမထက်သို့ တိုးဝင်သွားပြီး လျှင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
သူမ... တောင်ပိုင်းဒေသမှ ထွက်ခွာရန် အချိန်ရောက်ပေပြီ။
....
ပုဖန်က တစ်ညလျှင် သလင်းကျောက် ၅၀ ကျသင့်သော အခန်း၌ နေရန် ရွေးချယ်လိုက်သည်။အခန်း၏ ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုများက သူ့ကို သက်တောင့်သက်သာ ရှိစေ၏ ။ထိုနေရာက ပေးရသည့်စျေးထက်တန်သည်ဟု သူခံစားနေမိသည်။
နောက်တစ်နေ့မနက်၌ ပုဖန်က စောစီးစွာ ထလိုက်ပြီး တည်းခိုခန်းမှ ပြန်လည် ထွက်ခွာရန် ပြင်လိုက်သည်။သို့သော်လည်း သူအခန်းအပ်ရာ၌ ဝန်ဆောင်ပေးသည့် သူက မနေ့က တွေ့ခဲ့သည့် အမျိုးသမီး မဟုတ်တော့ပေ။ပုဖန် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည်။သူက..သူမကို တိမ်ခိုး စားသောက်ဆိုင်နှင့် ပတ်သတ်သည့် အကြောင်းကို မေးချင်ခဲ့သည်။
သူအခန်းပြန်အပ်ပြီးနောက် ကြီးကျယ်ခမ်းနားလှသော တည်းခိုခန်းမှ ထွက်လာပြီး မြူကောင်းကင် မြို့၏ လမ်းမများထက်၌ လျှောက်ပတ် သွားနေလိုက်သည်။
သူက သူ့စိတ်ထဲမှ ရှိနေသော ဦးတည်ရာအတိုင်း လျှောက်သွားနေခြင်း ဖြစ်သည်။ထိုဦးတည်ရာက မနေ့က အမျိုးသမီး ညွှန်ပြပေးသည့် နေရာဖြစ်သည်။
မြူကောင်းကင် မြို့တော်က ကြီးမားလှသည်။လမ်း၏ ဘေးယာ တစ်ဖက်တစ်ချပ်စီ၌ အဆောက်အဦးများက အတန်းလိုက် အတန်းလိုက် ပြွတ်သိပ်စွာတည်ရှိနေသည်။
လမ်းမကြီးပေါ်မှသွယ်တန်းထားသော လမ်းသွယ်များစွာနှင့်ဖြတ်လမ်းဆုံ များစွာလည်းရှိသည်။ပုဖန်က မြူကောင်းကင်မြို့မှ လမ်းမထက်တွင် လျှောက်နေရင်း သူ ဝင်္ကပါထဲ လျှောက်နေသလိုပင် ခံစားနေရသည်။
လမ်းမထက်၌ အမျိုးမျိုးသော စိတ်ဝိညာဉ်သားရဲများ ဆွဲလာသည့် ရထားလုံးများလည်း ရှိသည်။ထိုရထားလုံးများက လမ်းမတစ်လျှောက် အလွန်လျှင်မြန်လှသော အရှိန်ဖြင့် သွားလာနေကြသည်။
မြူကောင်းကင်မြို့တော်၏ နည်းပညာနှင့် ကြွယ်ဝမှုများက လေအလင်းအင်ပါယာထက် များစွာ ပိုမို အဆင့်မြင့်သည်။လမ်းမ ဘေးတစ်ချက်ဆီ၌ မြောက်များလှစွာသော သက်စောင့်ဆေးအရောင်းဆိုင်များရှိပြီး ဆိုင်ရှင်အားလုံးကလည်း အဂ္ဂိရတ်ပညာရှင်များဖြစ်သည်။
အဂ္ဂိရတ်ပညာကို အလျှင်အမြန် ချမ်းသာလာနိုင်သော ပညာတစ်ခုအဖြစ် မရှုမြင်သင့်ပေ။တကယ်တမ်းတွင် ထိုပညာရပ်၌ ကျဆုံးမှုများစွာ ရှိပြီး ငွေရှာနိုင်သူက အရေအတွက် နည်းပါးလှသည်။
သူတို့ မအောင်မြင်ခဲ့လျှင် သူတို့၏ အရင်းအမြစ်များအားလုံးနှင့် အားစိုက်ထုတ်ထားသော အချိန်များအားလုံးက အလဟဿ ဖြစ်သွားပေလိမ့်မည်။
ထိုအဂ္ဂိရတ်အလုပ်က အလွန်ပင် စွန့်စားမှု မြင့်မားသော အလုပ်တစ်ခုလည်း ဖြစ်သည်။မြူကောင်းကင်မြို့၌ သက်စောင့်ဆေးလုံးရောင်းသည့် ဆိုင်များက ထူထပ်ပေါများစွာ ရှိနေသောကြောင့် သက်စောင့်ဆေး ရောင်းချနိုင်ရန်က အလွန်ခက်ခဲလှသည်။
ပုဖန် ဆိုင်များဖြင့် ပြည့်နှက်နေသည့် လမ်းပေါ် ဖြတ်သန်းသွားစဉ် အလွန်အမင်း တက်ကြွနေသော အစေခံများက သူ့ကိုပင် ဆွဲခေါ်လုနီးပါးဖြစ်နေကြသည်။သူတို့ ပုဖန်ကို ဆိုင်အတွင်းသို့ အတင်းဆွဲခေါ်မည်ပြုလိုက်လျှင် ပုဖန်က အလွန် တည်ကြည်သော မျက်နာထား...အေးစက်သော အကြည့်များဖြင့် အညှာတာမဲ့စွာပင် ငြင်းပယ်လိုက်သည်။
သူက သက်စောင့်ဆေးလုံးများထက် သူ့၏ ဟင်းပွဲများကိုသာပို၍ နှစ်သက်ပေသည်။
"တိမ်ခိုးစားသောက်ဆိုင်က ငါဒီလမ်းမကြီးအတိုင်း တည့်တည်လျှောက်သွားပြီးသွားရင် ရောက်ပြီထင်တယ်......"
သူ့ကို ညွှန်ပြလိုက်သော လိပ်စာကို တွေးတောလိုက်သည်။ပုဖန်က သူ့၏ ပုခုံးထက်၌ အိပ်ပျော်နေဆဲ ဖြစ်သော ရွှေရောင် ကျိုင်းပုစွန်နှင့်အတူ လမ်းမထက် ဆက်လျှောက်လာခဲ့သည်။
သူခပ်ဝေးဝေးသို့ လျှောက်လာပြီးသည့်အချိန်၌ ဆူညံသံများ ပျောက်ကွယ်သွားပေပြီ။လမ်းမ၏တစ်ဖက် အိမ်အသေးများ ကြား၌ မြင့်မားလှသည့် အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။
အိမ်လေးများက ကြည့်ရသည်မှာ တော်တော်လေး အိုဟောင်းနေပြီ ထင်ရသည်။ပုဖန်က သူတို့၏ မျက်နာချင်းဆိုင်၌ ရှိသော အဆောက်အဦးမြင့်ကို အစောပိုင်းကပင် လှမ်းမြင်ထားခဲ့သည်။
ထ်ိုအိမ်ငယ်လေးများကို မြင်ပြီးသည့်အချိန်၌ သူ့၏ မျက်နာပေါ်၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသည်။သူ့၏ ဦးတည်ရာနေရာကို ရောက်ပြီထင်သည်။သူ ခြေလှမ်းခပ်ကျဲကျဲ လှမ်းလိုက်ပြီး ခဏ၌ သူ့ရှေ့မှ စားသောက်ဆိုင်ကို ထင်ထင်ရှားရှား မြင်လိုက်ရပေပြီ။
"တိမ်ခိုးစားသောက်ဆိုင်"
စားသောက်ဆိုင်၏ တံခါးဝ၌ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။သို့သော် သူတစ်လျှောက်လုံး မျှော်လင့်လာရသည့် မျှော်လင့်ချက်များကို မြူကောင်းကင် မြို့ထဲရှိ တိမ်ခိုးစားသောက်ဆိုင်က ချေဖျက်လိုက်သည်။
ဆိုင်ထဲ၌ စားသုံးသူ တစ်ယောက်မှမရှိပေ။
ထိုဆိုင်က ဒီမြို့ထဲမှ တစ်ခုတည်းသော စားသောက်ဆိုက်ဖြစ်ပြီး ပြိုင်ဘက်လည်း မရှိပေ။မည်သည့်အတွက်ကြောင့် ဖောက်သည်မရှိရသနည်း။
ပုဖန် အနည်းငယ်စိတ်ရှုပ်ထွေးသွားသော်လည်း စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်။
စားသောက်ဆိုင်၏ သန့်ရှင်းမှုက မဆိုးလှပေ။အိမ်ဟောင်းများတွင် ရှိလေ့ရှိထရှိသော ဟောင်းနွမ်းသည့် အငွေ့အသက်များကိုလည်း မခံစား ပေ။စားသုံးသူ တစ်ယောက်မှ မရှိသော်လည်း စားပွဲများက သန့်ရှင်းသပ်ရပ်ပြီး သေသပ်စွာခင်းကျင်းထားသည်။
ဆိုင်အတွင်း၌ စိတ်ဝိညာဉ်သစ်ပင်များလည်း ထားရှိထားသည်။ထိုသစ်ပင်များ၌ ပြည့်နေသည့် သစ်ရွက်ကလေးများမှ စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ထုတ်လွင့်နေသည်။
စားသောက်ဆိုင်အတွင်းရှိနေသည့် လေက အပြင်ဘက်လေထုထက်ပင် ပို၍ လတ်ဆတ်သည်။စားသောက်ဆိုင်၏ ကောင်တာရှေ့၌ တောင့်တင်းထွားကျိုင်းလှသော လူတစ်ယောက်မတ်တပ်ရပ်နေသည်။
ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည့် ပုဖန်၏ ခြေသံက အလွန်တိုးဖျော့သော်လည်းထိုလူ၏ ခန္ဓာကိုယ်က ဆက်ခနဲ တုန်သွားပြီး သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
"တိမ်ခိုးစားသောက်ဆိုင်က ကြိုဆိုပါတယ်.....ဘာများလိုအပ်တာရှိလဲလို့ မေးပါရစေ......"
အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာပြီးနောက် ထိုတောင့်တင်းသန်မာလှသော လူက လှုပ်ရှားလာခဲ့သည်။သူ ကောင်တာမှ ထွက်လာပြီး ပုဖန်ရှိရာဆီသို့ လျှောက်လာလေ၏။ပုဖန်က သူရှေ့မှ လူကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေမိသည်။
"ငါအမှတ်မှားတာလား......အမျိုးသမီးပြောလိုက်တာ သူ့ သူငယ်ချင်းက ဆိုင်ဖွင့်ထားတယ်လို့ ပြောလိုက်တာလေ....အမျိုးသမီးရဲ့ သူငယ်ချင်းဆိုမှတော့ အမျိုးသမီးပဲ ဖြစ်သင့်တယ်မဟုတ်ဘူးလား....ဘယ်လိုဖြစ်ပြီး သူရှေ့က လူက ကြွက်သားအပြည့်နဲ့ လူတစ်ယောက် ဖြစ်နေရတာလဲ......"
ထိုကြွက်သားအပြည့်နှင့်လူက ငေးကြောင်ရပ်နေသော ပုဖန်ကို ကြည့်၍ အနည်းငယ် အံ့သြသွားသည်။သူက ပုဖန်၏ အာရုံကို ရရန် အလို့ငှာ အော်ခေါ်လိုက်သည်။
သူပါးစပ်ဖွင့်လိုက်သည့်ခဏ ပုဖန် ဆံပင်မွှေးများပင် ထောင်ထသွားသည်။ထိုသူ၏ ပါးစပ်မှ ထွက်လာသော အသံက အမျိုးသမီး တစ်ယောက်၏ အသံ ဖြစ်နေသည်။
အခြေအနေက ပြောင်းလဲသွားပြီး သူရှေ့မှာ ရပ်နေသည့် သူက အမျိုးသမီးတစ်ယောက် ဖြစ်နေပေသည်။ထိုဆိုင်ပိုင်ရှင်က အမျိုးသမီး တစ်ယောက် ဖြစ်နေမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ကြည့်ရသည်မှာ သူ နေရာမှန်ကို ရောက်လာခဲ့ပုံပေါ်သည်။
ပုဖန် အံ့အားသင့်နေရာမှ သတိဝင်လာ ပြီးနောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင်လုပ်လိုက်သည်။ထို့နောက် သူ့၏ရှေ့မှ စားပွဲခုံတွင် ဝင်ထိုင်လိုက်ပြီး ထိုအမျိုးသမီးဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
"အကောင်းဆုံး ဟင်းပွဲ ချပေး....."
ပုဖန်က မည်သည့် ဆိုင်မဆို ဘယ်တော့မှ အထင်တသေးလျှော့တွက်ခြင်းမလုပ်ပေ။သူတို့က စားကောင်းသောက်ဖွယ်များဖြင့် တည်ခင်းပြီး သူ့ကို အံ့အားသင့်အောင် လုပ်နိုင်မလားဆိုတာကို ဘယ်သူမှမသိပေ။
မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ကမ်းလာခဲ့သော အိုဟောင်းနေပြီ ဖြစ်သော ဒီဆိုင်က ပို၍ပင် ထိုသို့အခွင့်အလမ်းမြင့်မားပေသည်။
အမျိုးသမီးက ပုဖန်၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။သူမက ကြီးမားလှသည့် ခန္ဓာကိုယ်ကို လှုပ်ရမ်းရင်း မီးဖိုချောင်ဘက်သို့ ချက်ချင်းပြေးဝင်သွားလေသည်။
ထိုအမျိုးသမီးက လက်ကလေးများ ရမ်းခါရင်း မီးဖိုချောင်ဘက်သို့ အလျှင်စလို ပြေးသည့် မြင်ကွင်းကို တွေ့လိုက်ရသည့်အခါ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ရှုံ့သွားသည်။
ခန္ဓာကိုယ်သန်သန်မာမာဖြင့် သူတစ်ယောက်က ကလေးမငယ်ငယ်လေးကဲ့သို့ တက်တက်ကြွကြွ ပြေးလွှားသည့် မြင်ကွင်းကို မည်သူမြင်ဖူးပါမည်နည်း။ထိုမြင်ကွင်းက တကယ့်ကို ကြောက်စရာကောင်းလှသည်။
ဆိုင်ထဲ၌ စားသုံးသူ မရှိရသည့် အကြောင်းမှာ ထိုအမျိုးသမီးကြောင့်ဟုပင် ပုဖန် ထင်လာမိသည်။
ရှဲ.....
စားစရာများကို ချက်ပြုတ်ရာမှ ဒယ်အိုးနှင့် ယောက်ချိုဇွန်းတို့ ထိခပ်သည့် အသံများ မီးဖိုချောင်ဘက်ဆီမှ ပြန်လည် ထွက်ပေါ်လာသည်။ပုဖန်က ထိုအသံများကို စည်းချက်ကျသည့် အသံများကဲ့သို့ ခံစားနိုင်ပေသည်။သို့သော်လည်း ရုတ်တရက် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့၏ စားစရာများကိုပင် စောင့်ဆိုင်းရင်ပင် စိတ်ကသိကအောင့် ဖြစ်လာမိသည်။သူမည်မျှပင် ပင်ပန်းနေစေကာမူ မွှေးရနံ့သာများကိုတော့ ခံစားနိုင်သေးပေသည်။သို့သော်လည်း ယခုထိတိုင်အောင် မီးဖိုချောင်ဘက်မှ မွှေးရနံ့များ ထွက်မလာသေးပေ။
ပုံမှန်အားဖြင့် ကြော်လှော်ချက်ပြုတ်ရသည့် ဟင်းပွဲတိုင်းက အမွှေးနံ့တစ်မျိုးမျိုးကိုတော့ ထုတ်လွှင့်လေ့ရှိသည်။ပုဖန်၏ အနံ့ခံအာရုံနှင့်ဆိုလျှင် ထိုရနံ့များကို သေချာပေါက် ရသင့်ပေသည်။
ရုတ်တရက် ပုဖန်၏ စိတ်ထဲ၌ တင်းကျပ်သွားသည်။သူအနည်းငယ် ထိတ်လန့်ပြီး စိုးရိမ်ပူပန်လာမိသည်။
ခဏမျှကြာပြီးနောက် ထိုသန်သန်မာမာ အမျိုးသမီးက အငွေ့တထောင်းထောင်းထနေသော ပန်းကန်လုံးတစ်ခုကို သယ်ဆောင်ပြီး မီးဖိုချောင်ဘက်မှ ထွက်လာခဲ့သည်။သူ့၏ မျက်နာပေါ်၌ အပြုံးတစ်ပွင့်ရှိနေပြီး ပန်းကန်လုံးကို ပုဖန်ရှေ့၌ ချပေးလိုက်သည်။
"ဒါ... ဥ... ထမင်းကြော်လား......"
ပုဖန် သူ့၏ ရှေ့မှ ဟင်းပွဲကို မျက်လုံးပြူး များဖြင့် စိုက်ကြည့်နေမိသည်။ထိုပန်းပန်က ဥထမင်းကြော်တစ်ပွဲနှင့် ဆင်တူလှသည်။
တကယ်တမ်းတွင်လည်း ထိုအမျိုးသမီးက ဥထမင်းကြော်တစ်ပွဲ ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။မည်သည့် မွှေးရနံ့မှ ထွက်မလာသော ဥထမင်းကြော်ကို ကြည့်ရုံဖြင့် ထိုအမျိုးသမီး၏ ကျွမ်းကျင်မှုကို တွေးဆနိုင်ပေသည်။
ပုဖန် သူရှေ့မှ ဥထမင်းကြော် ပွဲကို ကြည့်ပြီး ပြောစရာစကားပင် မဲ့နေသည်။ကြော်ထားသော ထမင်းများက အနက်ရောင် အဖြစ်သို့ အနည်းငယ်ပြောင်းလဲနေပေပြီ။ထိုအမျိုးသမီး၏ စကေးက ကလေးမလေး ကွမ်ရှောင်ယီကိုပင် မှီလေသည်။
"စားသုံးသူ မြည်းကြည့်ပါဦး.....ငါနောက်ဆုံးချက်ခဲ့တဲ့ အချိန်က တော်တော်လေးတော့ ကြာခဲ့ပြီ....ငါ့ရဲ့စကေးက ဆိုးရွားကောင်း ဆိုးရွားနေနိုင်တယ်....."
ထိုအမျိုးသမီးက အနည်းငယ် ရှက်ရွံ့နေပုံပေါ်သည်။သူမ၏ ခြင်းကျားခန့်ရှိသာ ခါးကို လှည့်လည်ရင်း ရှက်ရွံ့စွာပင် ပြောနေ၏။
ပုဖန် အသက်ပြင်းပြင်းတစ်ချက် ထပ်မံ ရှုရှိုက်လိုက်သော်လည်း မည်သည့် အနံ့ကိုမှ သူမရပေ။ပုဖန်၏ အမူအရာက အနည်းငယ် မဲမှောင်သွားသည်။
ကြွေဇွန်းကို ပန်းကန်လုံးကောက်ကိုင်လိုက်ကာပန်းကန်အစွန်းပေါ် အသာလေး တင်လိုက်သည်။ထို့နောက် စိတ်ပိုင်းဖြတ်ပြီး ထမင်းတစ်ဇွန်းကိုခပ်၍ ပါးစပ်ထဲ ထည့်ရန်ပြင်လိုက်သည်။
"ဒီနေ့ အနောက်အရပ်က နေထွက်တာလား....ဒီသုံးစားမရတဲ့ စားသောက်ဆိုင်ထဲမှာ တကယ်ပဲ တစ်ယောက်ယောက်ရှိနေတယ် ကြည့်စမ်း....."
ပုဖန် ထမင်းကြော်ကို ပါးစပ်ထဲ ထည့်တော့မည့်အချိန်မှာပင် ဆိုင်အပြင်ဘက်မှနေ၍ လှောင်ပြောင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
ထိုအသံကို ကြားလိုက်ရသည့် ခဏ၌ အမျိုးသမီး၏ မျက်နာအမူအရာက တင်းမာသွားသည်။သူက ဆိုင်အပြင်ဘက်သို့ ဒေါသအပြည့်ဖြင့် ကြည့်လိုက်သည်။
တိမ်ခိုးစားသောက်ဆိုင်ထဲသို့ လူနှစ်ယောက် လှမ်းဝင်လာ၏။အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ထိုလူနှစ်ယောက် ဆိုင်အတွင်းသို့. ်ှဝင်လာပြီှးှထင်သေးသော မျက်နာထားဖြင့် ဆိုင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ ထို့နောက်အေးစက်စွာ နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။
"နန်ကုန်းမင် နင်ဘာလာလုပ်တာလဲ.....ငါအခု ငါ့ရဲ့စားသုံးသူကို ဧည့်ခံနေတယ်....နင်ဒီမှာပြဿနာလာရှာတာဆိုရင် နောက်မြှပန်လာခဲ့....."
သန်မာတောင့်တင်းလှသော အမျိုးသမီးက ပုဖန်နှင့် ထိုလူနှစ်ယောက်၏ ကြားထဲ၌ ဝင်ရပ်လိုက်သည်။သူမက ထိုသူတို့၏ လမ်းကို ပိတ်ကာလိုက်သည့်အပြင် သူမ၏ အသံကလည်း အေးစက်မှုများ ပျော်ဝင်နေလေသည်။
ထိုလူနှစ်ယောက်ကို ပြောလိုက်ပြီးသည်နှင့် အမျိုးသမီးကြီးက နွေးထွေးမှု မျက်နာထားဖြင့် ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ့ရဲ့ လေးမြတ်လှတဲ့ စားသုံးသူလေး နင့်ရဲ့ စားစရာကို အေးအေးဆေးဆေးစားနော်....ငါ ယန်မိန်ကျီကနင်စားနေတာကို ဘယ်သူမှ လာမနှောင့်ယှက်ရအောင် တားဆီးပေးမယ်....."
အချိန်အကြာကြီး ကြာမြင့်ခဲ့ပြီးမှသာ ပထမဦးဆုံးလာသည့် စားသုံးသူ ဟူသည့် အချက်ကို ထည့်မပြောလျှင်တောင် သူမဆိုင်မှ စားသုံးသူ တစ်ယောက်ကို မည်သူမှ နှောင့်ယှက်ခွင့်ပြုမှာ မဟုတ်ပေ။
သူမ၏ ဖခင်ထံမှ ဒီစားသောက်ဆိုင်ကို အမွေဆက်ခံခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက်က ငွေရှာရန် မဟုတ်ပေ။ထိုအစား မြူကောင်းကင် မြို့ထဲ၌ စားသောက်ဆိုင်အများအပြားဖြင့် ခမ်းနားခဲ့သည့် အတိတ်ကို ပြန်ပြောင်းအမှတ်ရနိုင်ရန်သာ ဖြစ်သည်။
"ယန်မိန်ကျီ....မင်းက ငါတို့ကို တားနိုင်တယ်လို့များ ယုံကြည်ချက်တွေ ပြင်းနေတာလား.....တစ်စုံတစ်ယောက်က ဒီစားသောက်ဆိုင်ကို လာပြီးတော့ စားစရာတွေ မှာစားလိုက်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး ......ကျွတ်....ကျွတ်.....ကျွတ်.....ကမ္ဘာကြီးက ကျယ်ပြောတယ်ဆိုတာ တကယ်ကို ဟုတ်တာပဲ.....ထူးဆန်းတာတွေနဲ့ပဲ ပြည့်နှက်နေတယ်......."
နန်ကုန်းမင်က အေးဆေးစွာ လျှောက်လာခဲ့သည်။ယန်မိန်ကျီက မျက်လုံးပြူးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး အရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်ကာ ပိတ်ဆို့တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူမ၏ ခြေလှမ်းမကျသေးခင်မှာပင် နန်းကုန်မင်က သူမဘေးနားသို့ ရောက်လာပြီး ပုခုံး ပေါ် လက်တင်လိုက်သည်။သူက ယန်မန်ကျီ၏ လှုပ်ရှားမှုများကို တားဆီးလိုက်၏။
"တန်ခိုးရှင်အဆင့် ပညာရှင်....."
ယန်မိန်ကျီ၏ မျက်နာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။နန်းကုန်မင်က ယန်မန်ကျီကို ကျော်ဖြတ်ပြီး ပုဖန်၏ ရှေ့၌ ဝင်ထိုင်လိုက်သည်။သူက ပုဖန်ကို စိတ်ဝင်စားမှု အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက မြူကောင်းကင် မြို့တော်ကလူ မဟုတ်ဘူး.....တကယ်လို့ မင်းသာ မြူကောင်းကင် မြို့တော်က လူဆိုရင် ဒီစားသောက်ဆိုင်မှာ စားမှာမဟုတ်ဘူး....."
နန်ကုန်းမင်က တစ်ချက်ပြုံးလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဒီဆိုင်မှာ စားတဲ့သူ ဘယ်သူမဆို ငါ့ကို ဆန့်ကျင်တာပဲလို့ ငါပြောခဲ့ပြီးသား....."
ပုဖန်က အလေးအနက် အမူအဖြင့် သူ့၏ ထမင်းကြော်ဇွန်းကိုသာ စိုက်ကြည့်နေသည်။ထို့နောက်သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထမင်းကြော်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
ပုဖန်က နန်ကုန်းမင်၏ စကားကို မကြားပေ။အကယ်၍ သူကြားခဲ့လျှင်တောင် ပြန်၍ တုံ့ပြန်မည် မဟုတ်ပေ။သူ စားသောက်နေသည့် အချိန်၌ မည်သည့်အရာကိုမှ အာရုံမရှိပေ။ပုဖန်က နန်ကုန်းမင်ကို လုံးဝ လျစ်လျူရှုထားပြီး အပူငွေ့တထောင်းထောင်း ထနေဆဲ ဖြစ်သည့် ထမင်းကြော်ကိုသာ အရသာခံလိုက်သည်။
အမ်......
ပုဖန်၏ စိတ်ထဲ၌ တုန်ယင်သွားပြီး သူ့၏ စိတ်အတွင်းထဲ၌ လျှပ်စီးတန်းများ တဖြတ်ဖြတ်လပ်ခါသွားသလို ခံစားလိုက်ရသည်။
"ကောင်လေး မင်းက နားပင်းနေတာလား.....ငါအခုပြောလိုက်တာကို မကြားလိုက်ဘူးလား....."
နန်ကုန်းမင်က သူ့ကို လျစ်လျုရှူထားသော ပုဖန်ကို ကြည့်၍ မကျေမနပ်ဖြစ်သွားသည်။
ဖြောင်း.....
ပုဖန်၏ မျက်ဝန်းများက ပြူးကျယ်နေသည်။နန်ကုန်းမင် စားပွဲကို ဖြောင်းခနဲ ရိုက်ချလိုက်သည့်အချိန်၌ သူနဲနဲမှပင် ထိန်းထားနိုင်တော့ပေ။သူ့ပါးစပ်ထဲမှာ ရှိသမျှ အားလုံးက ပြန်ကန်ထွက်လာပြီး နန်ကုန်းမင်၏ မျက်နာပေါ်သို့ ဖွီးခနဲ ကျသွားလေသည်။
နန်ကုန်းမင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူ့၏ မျက်နာပေါ်၌ ဥဖတ်များနှင့် ထမင်းစေ့များပြည့်နေလေသည်။သူက ပုဖန်ကို အမူအရာမဲ့စွာဖြင့် စိုက်ကြည့်လိုက်မိသည်။
ပုဖန်က သူ့၏ မျက်နာကို လက်နှစ်ဖက်ဖြင့် အုပ်၍ ရိုက်လိုက်သည်။သူ့၏ အမူအရာက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ဒီ....ထမင်းကြော်က.....အရမ်းကြောက်ဖို့ကောင်းတာပဲ......"