အပိုင်း ၄၁၈
Viewers 54k

အခန်း ၄၁၈

အရသာမျိုးစုံ အဆာခံဆေးက ခွေးချေးလိုပဲ


ခွပ်.....


ထမင်းကြော်ပန်းကန် စားပွဲပေါ် ပြုတ်ကျသွားရာမှ အသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ပုဖန်၏ မျက်နာကလည်း မဲမှောင်နေပေပြီ။သူက ထိုထမင်းကြော်ပန်းကို ကြောက်ရွံ့မှု အပြည့်ဖြင့် စူးစိုက်ကြည့်နေ၏။


မြူကောင်းကင် မြို့တော်ထဲက နောက်ဆုံးသော စားသောက်ဆိုင်မှာ အဘယ်ကြောင့် စားသုံးသူ မရှိရသည်ကို နောက်ဆုံးတော့ သူသဘောပေါက် နားလည်သွားပေပြီ။


"ဒီထမင်းကြော်က စားလို့ကောရရဲ့လား.....ဒီဟင်းပွဲနဲ့တောင် လူသတ်လို့ရတယ်....."


နန်ကုန်းမင်၏ ခန္ဓာကိုယ်ကတောင့်တင်းနေသည်။သူ့၏ မျက်နာပေါ်၌လည်း ပုဖန် ထွေးထုတ်လိုက်သော ထမင်းစေ့များနှင့် ပေကျံနေ၏။


လက်မအရွယ်အစားခန့်ရှိသော ဥကြော်တစ်ဖက်က သူ့မျက်နှာပေါ်မှ တဖြေးဖြေး လျှောဆင်းကျလာ၏။


ဖတ်.....


ဖတ်ခနဲ မြည်သံနှင့်အတူ ထိုဥကြော်က စားပွဲပေါ်သို့ ကျသွားသည်။ထိုအသံတိုးတိုးလေးကပင် တိတ်ဆိတ်နေသော ဆိုင်ထဲ၌ ပဲ့တင်ထပ်သွား၏။


စားသောက်ဆိုင်ထဲက လေထုက အတော်လေးကို ထူးဆန်းနေသည်။သက်ပြင်းရှည်ရှည် ချသံတစ်ချက် ကြားလိုက်ရပြီး ပုဖန်က သူ့စိတ်ကိုသူ ပြန်လည် ပြင်ဆင် ထိန်းသိမ်းလိုက်သည်။


"ခင်ဗျားရဲ့ ထမင်းကြော်က တယ့်ကို စားလို့မရဘူး.....ဒီလို ကျွမ်းကျင်မှုမျိုးနဲ့ စားသောက်ဆိုင် ဖွင့်ရဲသေးတယ်ပေါ့......."


ပုဖန်က မျက်မှောင်ကြုတ်ထားရင်း သူ့၏ ပါးစပ်ကို သုတ်လိုက်သည်။ထို့နောက် ခေါင်းမော့၍ ယန်မိန်ကျီကို စူးစိုက်ကြည့်လိုက်၏


ဒီတစ်ကြိမ်၌ ပုဖန် တကယ့်ကို ဒေါသထွက်နေပေသည်။သူ အချိန်ကြာမြင့်စွာ ရှာပြီးနောက် တွေ့ရသည့် တစ်ခုတည်းသော စားသောက်ဆိုင်က စားလို့မရသော ဟင်းပွဲဖြင့် သူ့ကို ဧည့်ခံပေသည်။သူ့၏ ဥထမင်းကြော်က ကျောက်တုံးကဲ့သို့ပင် မာကြောလှသည်။


"ဆိုင်ရဲ့ နာမည်ဂုဏ်သတင်းက ဘယ်မှာလဲ....."


ရိုးရှင်းလှသော ဟင်းပွဲတစ်ပွဲကပင် ဆိုင်၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေနိုင်သည်။ပုဖန်က တကယ့်ကို ဒေါသထွက်နေလေရာ ထိနိးချုပ်မထားပဲ ပြောဆိုနေတော့သည်။


ယန်မိန်ကျီက ပုဖန်ကို ထူးဆန်းသည့် အမူအရာဖြင့် စူးစိုက်ကြည့်နေ၏ ထိုလူငယ်လေးက ထမင်းကြော် တစ်လုတ်စားပြီးနောက် စိတ်ဆိုး ဒေါသထွက်သွားလိမ့်မည်ဟု သူတကယ့်ကို မျှော်လင့်မထားခဲ့ပေ။


ပုဖန်၏ မကျေမနပ် ပြောဆိုသံများကို ကြားပြီးနောက် ယန်မိန်ကျီ၏ မျက်နာက အနီရောင်ပြောင်းသွားပြီး သူမမျက်ဝန်းထဲ၌ ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။


"ငါ...."


ဘန်း.....


ယန်မိန်ကျီ ဘာမှမပြောရသေးခင်မှာပင် အန်ထွက်မတက် ဖြစ်နေသော နန်ကုန်းမင်က သူ့မျက်နာပေါ်မှ ပေကျံနေသည်များကို သပ်ချလိုက်ပြီး ခုံကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။


စားပွဲခုံများက ဖန်ဖန်ဆိုင်ငယ်လေးက ခုံများကဲ့သို့ မဟုတ်ပေ။နန်းကုန်မင်က တန်ခိုးရှင်အဆင့် မရောက်သေးပဲ အဆင့် ၈ သာရှိသေးသော်လည်း သူ့၏ လက်ဝါးရိုက်ချက်တစ်ချက်က ခုံကို အပိုင်းပိုင်းအစစ ကျေမွသွားစေသည်။ပန်းကန်လုံးကလည်း ကြမ်းပြင်ပေါ် ပြုတ်ကျကွဲကြေသွားကာလွင့်စင် ပြန့်ကျဲသွား၏။


"ကောင်လေး မင်းက ငါ့မျက်နာပေါ်ကို ထွေးထုတ်ရဲတယ်....မင်း အသက်ရှင်ရတာ ပျင်းနေပြီလား....."


နန်ကုန်းမင်၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည်။သူ မတ်တပ်ထရပ်လိုက်ပြီး ပုဖန်ကို စူးစူးရဲရဲ ကြည့်လိုက်၏။


အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်သော သူက သန့်ရှင်းမှုကိုလည်း အလွန်နှစ်သက်သည်။ထိုကောင်စုတ်လေးက သူ့၏ မျက်နာပေါ်ကို အစာများ ထွေးထုတ်လိုက်လေရာ သူအလွန်အမင်း ရွံရှာနေလေ၏။ယခုလက်ရှိ နန်ကုန်းမင်၏ စိတ်ထဲ၌ တစ်ခုတည်းသောရှိသောအရာမှာ... သူ့၏ ရှေ့မှ အမှိုက်သရိုက်လိုအကောင်လေးကို အသေရိုက်ပစ်ချင်ပေသည်။


ပထမတစ်ချက်အနေဖြင့် ထိုကောင်စုတ်လေးက သူ နန်ကုန်းမင်ကို ဆန့်ကျင်ပြီး တိမ်ခိုးစားသောက်ဆိုင်၌ စားသုံးရဲပေသည်။ဒုတိယတစ်ချက်က ပို၍ပို၍ပင် အရေးကြီးလေသည်။ထိုကောင်စုတ်လေးက ပါးစပ်အပြည့် ထမင်းများကို နန်ကုန်းမင်၏ မျက်နာကို ထွေးထုတ်ရဲသည်။ထိုကောင်စုတ်လေးက အကြောက်အလန့်မရှိ အလွန်ရဲတင်းလွန်းလှပေသည်။


နန်ကုန်းမင်က ပုဖန်ကို တိုက်ခိုက်ရန်ပြင်သည်ကို မြင်လိုက်ရသည်နှင့် ယန်မိန်ကျီ၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။သူမက ကျယ်လောင်စွာအော်ဟစ်လိုက်၏။


"နန်ကုန်းမင် နင်ဘာလုပ်ဖို့ ကြံစည်နေတာလဲ အခုချက်ချင်း အဲ့ဒီမှာ ရပ်လိုက်....."


သူမ၏ ကြီးမားလှသော ခန္ဓာကိုယ်က ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ပင် လျှင်မြန်စွာ ရွှေ့လျားလာပြီး နန်ကုန်းမင်၏ လမ်းကို ပိတ်ကာထားလိုက်သည်။


ယန်မိန်ကျီ၏ ခန္ဓာကိုယ်က ကြွက်သားအပြည့်ရှိသော ယောက်ကျား တစ်ယောက်နှင့် ယှဉ်လိုက်လျှင်ပင်... အနည်းငယ်မျှပင် အားမနဲပေ။တကယ်တမ်း ပြောရမည်ဆိုလျှင်သူမ၏ ခန္ဓာကိုယ်က အဟန့်ကောင်းသော အရှိန်အဝါများကိုပင် ထုတ်လွင့်နေပေသည်။


"ဒီအထူးဧည့်သည်က ငါ့ရဲ့ တိမ်ခိုး စားသောက်ဆိုင်က စားသုံးသူပဲ......ဒီနေ့ နင်သူကို ထိရဲမယ်ဆိုရင် ငါနင့်ကို ကောင်းကောင်းမွန်မွန် သွားခွင့်ပြုတော့မှာမဟုတ်ဘူး....."


"ဟမ့်....ယန်မိန်ကျီ နင်က တကယ့်ကိုပဲ ဆရာကြီး ရွှမ်ပေရဲ့ နာမည်ကို ဖျက်နေတာပဲ....နင်က သူ့တပည့်လည်း ဖြစ်ပြီးတော့ အဂ္ဂိရတ်ပညာမှာလည်း ပါရမီပါတယ်....ဒါပေမယ့်နင်က ဒီလိုလမ်းကြားသေးသေးလေးထဲမှာ စားသောက်ဆိုင် လာဖွင့်နေတယ်.....မြူကောင်းကင် မြို့တော်မှာ စားသောက်ဆိုင်ဖွင့်တယ်ဆိုတာဘာအဓိပ္ပာယ်လဲဆိုတာ နင်မသိဘူးလား......"


နန်ကုန်းမင်က ယန်မိန်ကျီ၏ ကြွက်သားအပြည့်ဖြင့် ခန္ဓာကိုယ်ကို မျက်လုံးစွေ၍ ကြည့်လိုက်သည်။သူ့၏ အသံ၌လည်း လှောင်ပြောင်သရော်သံများ ထင်ဟပ်နေသည်။


"အဲ့ဒီ အဓိပ္ပါယ်ကတော့ နင်က ရူးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ......နန်ကုန်းမိသားစုက ရသမျိုးစုံအစာခံ ဆေးလုံးကို ထုတ်လိုက်တဲ့ အချိန်ကစပြီး ရူးမနေတဲ့ ဘယ်သူမှ မြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင်မဖွင့်တော့ဘူး.....အဂ္ဂိရတ် ပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့ နင်က ဒီအခြေအနေကို နားလည်ဖို့ ဉာဏ်မှီသင့်တယ်....."


ယန်မိန်ကျီက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမ၏ မျက်ဝန်းများက ဖျက်ခနဲ တင်းမာသွားပြီး သူမမျက်နာက အနီရောင် ပြောင်းလာပေသည်။သူမက စားသောက်ဆိုင်များ တည်မရှိနိုင်တော့ဟူသော ဖြစ်ရပ်ကို လက်မခံနိုင်ပုံရသည်။


"ကောင်းတယ်....ခွေးချေးလိုမျိုး ရသစုံ အစာခံ ဆေးတွေကို မင်းတို့ နန်ကုန်းမိသားစုက ထုတ်လုပ်လိုက်တာလား......"


ယန်မိန်ကျီ၏ ခန္ဓာကိုယ်ကြီးနောက်မှ လူတစ်ယောက် လျှောက်ထွက်လာပြီး သူ့၏ တည်ငြိမ်အေးဆေးသောအသံက နန်ကုန်းမင်၏ နားထဲသို့တိုး ဝင်လာသည်။


ယန်မိန်ကျီ အံ့သြသွားသည်။နန်ကုန်းမင်နှင့် သူ့ဘေးနားက လူငယ်လေးပင်လျှင် ပုဖန်၏ စကားကြောင့် အံ့သြတကြီး ဖြစ်သွား၏။


ထိုလူတစ်ယောက်က သူတို့၏ ရသာမျိုးစုံ အစာခံ ဆေးလုံးကို ထိုကဲ့သို့ ရှုံ့ချသည်ကို တခါမှ မကြားခဲ့ဖူးပေ။ထိုရသာမျိုးစုံ အစာခံဆေးလုံးက နန်ကုန်းမိသားစု၏ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။


နန်ကုန်းမင်က ဒေါသထွက်မှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများပင် ထောင်ထသွားသည်။သူက ပုဖန်ကို သတ်ဖြတ်ချင်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


ဒီကောင်လေးက သေချင်နေပေပြီ။သူက နန်ကုန်းမင်၏ မျက်နာပေါ်သို့ ထမင်းများထွေးထုတ်ခဲ့ပြီးသည့်အပြင် ယခု နန်ကုန်းမိသားစုကိုပါ စော်ကားမော်ကား ပြောဆိုနေပေသည်။


သူက နန်ကုန်းမိသားစုတစ်စုလုံးကို စော်ကားလိုက်ရုံသာမက နန်ကုန်းမိသားစု၏ တန်ဖိုးထားရာ ဆေးလုံးကိုပါ စော်ကားလိုက်ပေသည်။


"ငါ နန်ကုန်းမင်က မင်းကို မသတ်နိုင်ဘူးလို့များ ထင်နေတာလား.....မင်းအခု ဘာပြောလိုက်တာလဲ......"


နန်ကုန်းမင်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက် ပုဖန်၏ မျက်နာကို ခပ်စူးစူးစိုက်ကြည့်ရင်း တစ်လုံးချင်းမေးလိုက်သည်။


"ရသာမျိုးစုံ အစာခံ ဆေးလုံးက လူသားတွေရဲ့ ပင်ကိုယ်သဘောသဘာဝကို ဖိနှိမ့်ချုပ်ချယ်ထားတဲ့ ဆေးလုံးပဲ .....အဲ့ဒီထုတ်ကုန်က သဘာဝတရားနဲ့ လုံးဝကို လွဲချော်နေတယ်.....ငါပြောတာမှားလို့လား......အရသာရှိကောင်းမွန်တဲ့ အစားအသောက်တွေကို စိတ်ကျေနပ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် စားရမယ့်နေရာမှာ ဒီခွေးချေးလိုမျိုး သက်စောင့်ဆေးကို အစားမထိုးနိုင်ဘူး...."


ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။သူက အရသာမျိုးစုံ အစာခံဆေးလုံးကို တကယ့်ကို ရွံရှာမိသောကြောင့် ယဉ်ကျေးမှု တစ်စုံတစ်ရာပင် မပြသတော့ပေ။


ယန်မိန်ကျီ၏ မျက်နာအမူအရာက တဖြေးဖြေးဆိုးဝါးလာပြီး ပုဖန်၏ အင်္ကျီလက်စကို အလျှင်အမြန် လှမ်းဆွဲလိုက်သည်။


အစာခံဆေးလုံး ပေါ်ထွက်လာခြင်းက မြူကောင်းကင် မြို့မှ အခြေအနေများကို တကယ်ကို ပြောင်းလဲသွားစေသည်။ထိုဆေးလုံးမရှိခင်က မြူကောင်းကင် မြို့တော် နေရာအနှံ့အပြား၌ မြောက်များလှစွာသော စားသောက်ဆ်ိုင်များ တည်ရှိခဲ့သည်။


သို့သော်လည်း အစာခံ ဆေးလုံးပေါ်ပေါက်လာပြီးနောက် မြူကောင်းကင် မြို့ထဲ၌ ရှိနေသော စားသောက်ဆိုင်အားလုံး ရပ်နားခဲ့ရသည်။ထိုအစာခံဆေးလုံး တစ်လုံးကပင် လူတစ်ယောက် ရက်အနည်းငယ်စာ လိုအပ်သော အာဟာရ နှင့် ညီမျှနေသည်။


ထိုအစာခံဆေးလုံးက အရသာမျိုးစုံ ရှိသည့်အကြောင်းကို ထည့်မပြောသေးလျှင်ပင် ထိုကဲ့သို့ အဆင်ပြေလွယ်ကူနေသည့် ဆေးလုံးရှိနေလေရာ မည်သူမှ စားသောက်ဆိုင်သို့ သွား၍ စားသုံးတော့မည် မဟုတ်ပေ။


"ယန်မိန်ကျီ ကြည့်ရတာတော့ ဒီနေ့ ခင်ဗျားရဲ့ စားသောက်ဆိုင်ကို လာတဲ့သူက တကယ်ကို တမူထူးခြားနေတာပဲ .....ငါတို့ နန်ကုန်းမိသားစုရဲ့ ဆေးလုံးကို စော်ကားမော်ကားပြောတာကို ပထမဦးဆုံးအကြိမ် ကြုံဖူးတာပဲ....."


နန်ကုန်းမင်က ပြုံး၍ ပြောလိုက်သည်။သို့သော်လည်း သူ့မျက်နာပေါ်ရှိ အပြုံးက တကယ့်ကို ကြောက်စရာကောင်းလီသည်။ယန်မိန်ကျီ၏ ကြွက်သားများက လှုပ်ရှားသွားပြီး သူမ အရှေ့သ်ို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။သူမက နန်ကုန်းမင်နှင့် ပုဖန်၏ ကြားထဲသို့ ဝင်ရပ်လိုက်သည်။


"ယန်မိန်ကျီ ငာဘာလိုချင်တယ်ဆိုတာကို နင်သိပါတယ်.....ဒီနေ့ နင့်ရဲ့ဆိုင်ကို နင်ရောင်းချင်ချင် မရောင်းချင်ချင် ငာ့ကို ရောင်းရမယ်.....ဒီကောင်လေးအတွက်ကတော့... သူပြောခဲ့သမျှ စကားတွေအားလုံးတွက် သူပြန်ပေးဆပ်ရမယ်......"


နန်ကုန်းမင်ဆီမှ ထိုစကားများထွက်လာပြီးနောက် သူ့ဘေးနား၌ ရှိနေသော လူငယ်ကစတင်၍ လှုပ်ရှားလိုက်သည်။ထိုသူ၏ ခန္ဓာကိုယ်မှ အော်ရာများ ထုတ်လွင့်လာပြီး ပုဖန်ဆီသို့ ဦးတည်လာလေသည်။


ယန်မိန်ကျီ၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး သူမ နန်ကုန်းမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။သူမ၏ ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများက ဖောင်းကားလာပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ထို့နောက်သူမ ထိုတန်ခိုးရှင်အဆင့်လူဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။


"ငါ့ရဲ့ စားသောက်ဆိုင်ထဲက အထူးဧည့်သည်ကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ......"


မထင်မှတ်စွာပင် အဆင့် ၈ သာရှိသေးသော ယန်မိန်ကျီ၏ လက်သီးချက်က တန်ခိုးရှင်အဆင့်လူကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။


အနည်းငယ် လွှမ်းမိုးနိုင်စွမ်းရှိပြီး ခန့်ညားထည်ဝါလှသော သူမ၏ ကြောက်မက်ဖွယ်အော်ရာများက ပုဖန်ကိုပင် ကြောင်အသွားစေသည်။


"သူမက တကယ်ပဲ အမျိုးသမီး တစ်ယောက်ဟုတ်ရဲ့လား....."


တန်ခိုးရှင်အဆင့် လူငယ်၏ အမူအရာက ရှက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။အဆင့် ၈ တစ်ယောက်က သူ့ကို နောက်သို့ ဆုတ်အောင် တိုက်ခိုက်လိုက်ခြင်းက စော်ကားလိုက်ခြင်းပင် ဖြစ်သည်။


သူ့၏ မျက်နာက အေးစက်သွားပြီး ယန်မိန်ကျီကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ထို့နောက် အားကောင်းလှသော အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ယန်မိန်ကျီကို ဖိနှိမ့်ရန် ကြိုးစားလိုက်သည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော နန်ကုန်းမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။သူနှင့် ယန်မိန်ကျီက မြူကောင်းကင် မြို့ထဲ၌ အဆင့် ၃ ရှိသော အဂ္ဂိရတ်ပညာရှင်များဖြစ်သည်။ထို့ပြင် သူတို့နှစ်ယောက်လုံးက မဟာသခင် ရွှမ်ပေ၏ တပည့်များ ဖြစ်သည်။


ယန်မိန်ကျီ၏ ပါရမီက နန်ကုန်းမင်ထက်ပင်ပို၍ ကောင်းလှသည်။ထို့ကြောင့်ပင် မဟာသခင် ရွှမ်ပေက နန်ကုန်းမင်ထက် ယန်မိန်ကျီကို ပို၍ သဘောကျနှစ်သက်သည်။


သူမ အဂ္ဂိရတ်ပညာသင် ကျောင်းမှ ပညာသင်ကြားပြီးသွားပြီးနောက် မဟာသခင် ရွှမ်ပေထံ၌ ဆက်လက်၍ ပညာဆည်းပူးသင့်ပေသည်။သို့သော်လည်း သူမ၏ ပျက်စီးနေပြီဖြစ်သော မိသားစုစားသောက်ဆိုင်သို့ပြန်၍ အကျိုးမရှိတော့သော စားသောက်ဆိုင်ကို ဆက်လက်ဖွင့်မည်ဟု မည်သူမှ မထင်ထားမိခဲ့ပေ။


နန်ကုန်းမင်က အခွင့်အရေးများသူစီ ရောက်လာမည်ကို ချက်ချင်းသိလိုက်သည်။ပညာသင်နေစဉ်တစ်လျှောက်လုံး၌ ယန်မိန်ကျီ၏ ဖိနှိမ့်မှုကို သူ ခံစားခဲ့ရသည်။


သူတို့ ပညာသင်ကြားပြီး ကျောင်းမှ ထွက်ခွာလာပြီးနောက် ယန်မိန်ကျီ ကျောင်းတော်၌ လုပ်ခဲ့သမျှ အရာအားလုံးကို ပြန်ပေးဆပ်ရအောင် လုပ်ချင်ခဲ့သည်။


သူမက သူ့၏ စားသောက်ဆိုင်ကို အလွန်အမင်း စိုးရိမ်နေသည် မဟုတ်သည်လော။


နန်ကုန်းမင်က သူမ၏ စားသောက်ဆိုင်ကို ဝယ်ယူပြီး ထိုမိုက်မဲလှသော အမျိုးသမီးကို အိုးမဲ့ အိမ်မဲ့ ဖြစ်စေလိုလှသည်။


ဘန်း.....


ယန်မိန်ကျီက အဆင့် ၈ ပညာရှင်တစ်ယောက်သာဖြစ်သည်။သူမ၏ မွေးရာပါ ခွန်အားများပေါ် မှီခိုပြီး တန်ခိုးရှင်အဆင့်ကိုတိုက်ခိုက်လျှင် အချိန်ခဏမျှသာတိုက်ခိုင်နိုင်ပေလိမ့်မည်။


သူမက ထိုတန်ခိုးရှင်အဆင့် လူငယ်ကြောင့် နောက်သို့ ပြန်လွင့်သွားပြီး စားပွဲနှင့် ပြင်းထန်စွာ စောင့်မိသွားသည်။အခ်ျိန်ခဏအတွင်းမှာပင် ဆိုင်တစ်ခုလုံး အလွန်ရှုပ်ပွနေပြီး ခုံကျိုး စားပွဲကျိုး များဖြင့် ပြည့်နေပေပြီ။


တန်ခိုးရှင်အဆင့် လူငယ်၏ ဆံရှည်များက တဖြတ်ဖြတ်လွင့်ခါနေသည်။ထိုသူက အေးစက်လှသောအပြုံးဖြင့် ကြမ်းပြင်ပေါ် လဲကျနေသော ယန်မိန်ကျီကို ကြည့်လိုက်သည်။


သို့သော်လည်း သူ့မျက်နာပေါ်ရှိ အပြုံးက လျှင်မြန်စွာပင် အေးခဲသွားလေသည်။အဘယ့်ကြောင့်ဆိုသော် ယန်မိန်ကျီက ကြမ်းပြင်ပေါ်မှ လူးလဲထလာပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် ပုဖန်ကို ဒိုင်းတစ်ခုသဖွယ်ကာကွယ်ထားလေသည်။


"စားသုံးသူ ဒီလိုမြင်ကွင်းမျိုး ရှင့်ကို မြင်စေခဲ့မ်ိတဲ့အတွက် ငါ အရမ်းပဲ အရှက်ရမိပါတယ်.....အခုဆိုင်ထဲကနေ မြန်မြန် ထွက်သွားပါတော့ ငါသူတို့ကို ထိန်းထားလိုက်မယ်......"


ယန်မိန်ကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီနေသော်လည်း သူမက ထိုစကားများကို တည်ကြည်စွာပင် ပြောလိုက်သည်။ပုဖန်က ယန်မိန်ကျီကို အထင်သေးစွာဖြင့် ကြည့်နေသော တန်ခိုးရှင်အဆင့် လူငယ်နှင့် နန်ကုန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့၏။ရှေ့၌ ရှိနေသော ယန်မိန်ကျီကို ပြန်ကြည့်လိုက်၏ ။


ရုတ်တရက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။


သူ့၏ ပုခုံးပေါ်၌ လှဲနေသော ရွှေရောင်ကျိုင်းပုစွန်က ရုတ်တရက် လှုပ်ရှားနေပေသည်။ထ်ိုပုစွန်က ပို၍ သက်တောင့်သက်သာ ဖြစ်မိနေရာကို ရွှေ့နေပုံ ပေါ်သည်။


ပုဖန်က သက်ပြင်းအသာချလိုက်ပြီး ထိုပုစွန်ပိစိကို အနည်းငယ် ပွတ်သပ်ပေးလိုက်သည်။


ဘန်း.....


ယန်မိန်ကျီက အနောက်သို့ နောက်တစ်ခေါက် ထပ်လွှင့်သွားပြန်သည်။ဆိုင်ထဲ၌ တစ်လုံးတည်းသောကျန်နေသည့် နောက်ဆုံးစားပွဲခုံနှင့် တိုက်မိသွားသည်။


ထို တန်ခိုးရှင်အဆင့် လူငယ်က သူမ၏ဇွဲရှိ ခေါင်းမာမှုကြောင့် စိတ်ရှုပ်နေပုံပေါ်သည်။သူ ယန်မိန်ကျီကို လက်သီးတစ်ချက်ဖြင့် ထိုးလိုက်ပြီးသည့်နောက် သူမကြမ်းပြင်ပေါ်၌ အကာအကွယ်မဲ့စွာ လဲကျနေပေပြီ။


လူငယ်၏ အစစ်အမှန် စွမ်းအားများက ထက်မြည့်လှသည့် ဓားတစ်လက်ပုံစံ အဖြစ်သို့ ပြောင်းသွားသည်။ ထိုတန်ခိုးရှင်လူငယ်က သူရှေ့မှကြွက်သားအပြည့်နှင့် ကြံ့ခိုင်သန်မာလှသော လူကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်လိုလှသည်။မည်သို့ပင်ဆိုစေ သူမက အမျိုးသမီးတစ်ယောက်နှင့်လည်း မတူပေ။


နန်ကုန်းမင်၏ မျက်ဝန်းများက ဖျက်ခနဲ လင်းလက်သွားသည်။သူက တန်ခိုးရှင်အဆင့် လူငယ်ကို တားဆီးရန် မကြိုးစားသောကြောင့် ထိုသူက ယုံကြည်မှု အပြည့်ရှိနေပေသည်။တန်ခိုးရှင်လူငယ်က သူ့ကိုယ်သူ သဘောကျစွာဖြင့် ပြုံးလိုက်သည်။


မဟာသခင် ရွှမ်ပေ၏ စွန့်ပစ်ခြင်းကို ခံထားရသော တပည့်တစ်ယောက်ကို သူကြောက်စရာမလိုပေ။မည်သို့ပင်ဆိုစေ နန်ကုန်းမင်ကိုယ်တိုင်ကလည်း သူမ၏ စားသောက်ဆိုင်ကို လုယူရန်အတွက် မရိုးသားသော နည်းလမ်းများကိုသာ အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။


တန်ခိုးရှင်အဆင့် လူငယ်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။သူက အစစ်အမှန်စွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ထက်မြေ့လှသည့် ဓားကို မြှောက်လိုက်ပြီး ယန်မိန်ကျီကို ပိုင်းဖြတ်ချလိုက်သည်။ထို လေဟာနယ်ကိုပင် စုတ်ဖြဲပစ်တော့မယောင် ထင်ရသော ဓားစွမ်းအင်က ယန်မိန်ကျီဆီသို့ ကျဆင်းလာလေသည်။


သူ့၏ရှေ့မှ ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ရင်း နန်ကုန်းမင်၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေလေသည်။


"မိုက်မဲ တုံးအတဲ့မိန်းမ သေလိုက်တော့...."


အား.....


ထက်မြည့်လှသော အစစ်အမှန်စွမ်းအင်ဓားက ယန်မိန်ကျီ၏ လည်ပင်းကို မပိုင်းဖြတ်ခင်မှာပင် တန်ခိုးရှင် အဆင့် လူငယ်၏ ရှေ့မှောက်သို့ အနက်ရောင် အရာဝတ္တုတစ်ခုပေါ်လာသည်။ထိုအရာဝတ္တုက သူ့၏ မြင်ကွင်းကို ကာဆီးလိုက်လေသည်။


ဘန်း....


ကျယ်လောင်လှသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ သေဆုံးပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသလိုပင် ခံစားလိုက်ရသည်။အနက်ရောင်ဒယ်အိုးနှင့် သူ၏ မျက်နာ ထိခိုက်မိလိုက်သည့်အချိန်၌ သူဘဝတစ်သက်တာလုံး၏ ကံကြမ္မာအပြောင်းအလဲကို တွေ့ကြုံလိုက်ရသလိုပင် ခံစားလိုက်ရသည်။


"ငါက အစာခံ ဆေးလုံးကို ခွေးချေးလိုပဲလို့ ပြောမယ်.....မင်းတို့ ကန့်ကွက်စရာရှိလား......"


တန်ခိုးရှင်အဆင့် လူငယ်ကို ဒယ်အိုးဖြင့် ရိုက်ပြီးသည်နှင့် ပုဖန်က နန်ကုန်းမင်ဘက်သို့ လှည့်လိုက်သည်။ထိုလူငယ်လေထဲပျံနေတုန်းမှာပင် သူက နန်ကုန်းမင်ကို မေးခွန်းမေးလိုက်၏။