အခန်း ၄၁၉
ပိုင်ရှင်လွှဲပြောင်းခြင်း.
ကျယ်လောင်လှသော အသံတစ်ချက် နှင့်အတူ နန်ကုန်းမင်နှင့် ပါလာသော တန်ခိုးရှင်အဆင့်လူငယ်က ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားသည်။သူ့၏ ပါးစပ်မှလည်း ဝေဒနာခံစားရပြီး နာကျင်စွာ အော်ဟစ်သံများထွက်ပေါ်လာသည်။
သူ့၏ မျက်နာက သူနှင့်ပင် မသက်ဆ်ိုင်တော့သလို တန်ခိုးရှင်အဆင့် လူငယ် ခံစားနေမိသည်။သူ့နှာခေါင်းက အလွန်နာကျင်နေ၏ နာကျင်မှုကြောင့်ပင် မထိန်းချုပ်နိုင်ပဲ မျက်ရည်များ စီးကျလာခဲ့သည်။
နန်ကုန်းမင်က အသက်တစ်ချက် ရှိုက်သွင်းလိုက်ပြီး ပုဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ဘာမဟုတ်သည့် လူငယ်တစ်ယောက်က တန်ခိုးရှင်အဆင့်ကိုပင် လွင့်ပျံထွက်သွားအောင် လုပ်လိုက်ပေသည်။
သူ့ရှေ့မှ လူငယ်လေးက တန်ခိုးရှင်အဆင့်ကိုပင် လွင့်ထွက်သွားအောင် လုပ်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။
"သူ့လက်ထဲက ဘာကိုင်ထားတာလဲ......ဒယ်အိုးတစ်လုံးလား သူက တန်ခိုးရှင်အဆင့်လူက်ို လွင့်ထွက်သွားအောင်လို့ အဲ့ဒီဒယ်အိုးနဲ့ ရိုက်လိုက်တာလား...."
တကယ့်ကို မယုံနိုင်စရာကောင်းလှသည်။ဒယ်အိုးန သုံးပြီး တိုက်ခိုက်သည့် သူမျိုးကို သူပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ဒီလူက စားဖိုမှူး တစ်ယောက်လား...."
မဲမှောင်နေသော မျက်နာထားဖြင့် ရပ်နေသည့်ပုဖန်ကို ကြည့်ရင်း နန်ကုန်းမင် အတွေးများစွာ တွေးလိုက်မိသည်။
ယန်မိန်ကျီကလည်း ကြောင်အအံ့သြနေမိသည်။သူမ ကြမ်းပြင်ပေါ်မှ ပြန်လည် ကုန်းထလာပြီးသည့်တိုင်အောင် ပါးစပ်မပိတ်နိုင်သေးပေ။သူမ၏ သန်မာလှသော ခန္ဓာကိုယ်ကို အနည်းငယ်လှည့်လိုက်ပြီး ဒယ်အိုးကိုင်ထားသော ပုဖန်ကို ထိတ်လန့်စွာပင် ကြည့်လိုက်သည်။
ပုဖန်က ယန်မိန်ကျီ အဆင်ပြေမပြေကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းမင်ဘက်သို့သာ ပြန်လှည့်လိုက်သည်။
နန်ကုန်းမင်က အံတင်းတင်းကြိတ်ထားသောကြောင့် သူမျက်နာပေါ်ရှိ ကြွက်သားများလည်း တုန်ယင်နေသည်။သူပုဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
တန်ခိုးရှင်အဆင့် လူငယ်က သူမျက်နာပေါ်မှ မျက်ရည်များကို သုတ်လိုက်သည်။သူခံစားနေရသော ပူလောင်မှုက အနည်းငယ် လျော့နည်း သက်သာသွားစေသည်။သူက ပုဖန်ကို ရက်စက်လှသောအကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
"မင်းက သေချင်နေတာပဲ......"
လူငယ်က အံတင်းတင်းကြိတ်ထားပြီး သွားကြားထဲမှ ထွက်လာသော အေးစိမ့်သည့် လေသံဖြင့် ပြောလိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်မှ ဖိနှိမ့်နိုင်စွမ်းသော အော်ရာများကို စတင် ထုတ်လွှင့်လိုက်သည်။
တန်ခိုးရှင်တစ်ယောက်က စစ်နတ်ဘုရားတစ်ပါးကြောင့် ဒဏ်ရာရသွားသည်။ထို မည်သည့်နေရာမှထွက်လာမှန်းမသိသောလူက သူ့ကို ကြီးကြီးကျယ်ကျယ်စော်ကားလိုက်ပေသည်။
သူ့၏ အစစ်အမှန် စွမ်းအားများက နဂါးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းနေရင်း ဟိန်းဟောက်သံများပင် ထွက်ပေါ်နေသည်။လေထန်လာပြီး သူ့၏ ဆံပင်များက တဖြတ်ဖြတ်လွင့်ခါနေကာ အေးစက်လှသော အကြည့်များဖြင့် ပုဖန်ကို စိုက်ကြည့်နေသည်။
ထို့နောက် သူက ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လျှင်မြန်လှသော အရှိန်ဖြင့် ရွှေ့လျားသွားသည်။သူက ပုဖန်ဆီသို့ လက်သီးချက်တစ်ချက်ထုတ်လွင့်လိုက်ပြီး ထုနှက်ချရန် ပြင်လိုက်သည်။
ထိုကဲ့သို့ သဲကြီးမဲကြီး တိုက်ခိုက်မှုနှင့် ကြုံရသော်လည်း ပုဖန်၏ အကြည့်များက ပြောင်းလဲမှု မရှိသည့်အပြင် သူ့၏ အမူအရာကလည်း တုန်လှုပ်မှုမရှိပေ။
သူ့၌ မဟူရာလိပ်ခုံးဒယ်အိုးရှိနေလျှင် သာမန် တန်ခိုးရှင် အဆင့်လောက်ကို ရင်ဆိုင်ရသည်က လွယ်ကူလွန်းလှသည်။ထိုသူများက ဒယ်အိုးဖြင့် ရိုက်သည့်ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သူ့ရှေ့မှ လူငယ်က အစဦးနယ်ပယ်၌သာရှိလေသေးရာ သူလုံးဝ စိုးရိမ်မှုမရှိပေ။သူက စပ်ပြဲလန်ခေါက်ဆွဲ စားဖို့ကိုပင် စိတ်မပါဖြစ်နေမိသည်။ပုဖန်က သူ့၏ အစစ်အမှန်စွမ်းအင်များကို ဒယ်အိုးအတွင်းသို့ စီးဆင်းစေလိုက်ရာ ဒယ်အိုးက ရွှေရောင်များ တောက်ပလာလေသည်။
တန်ခိုးရှင်လူငယ်၏ အော်ရာများကလည်း ထိတ်လန့် အံ့အားသင့်စရာကောင်းလှသည်။သူအရှေ့သို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေထောက်အောင်ရှိ ကြမ်းပြင်က အက်ကွဲသွားသည်။
သူ့ပတ်ပတ်လည်၌ အကျိုးအပဲ့များ ပလူပျံနေလေသည်။သူက လက်ဝါးမြှောက်လိုက်ပြီးနောက် ဖိနှိမ့်နိုင်စွမ်းသော စွမ်းအားများ အကုန်လုံးထည့်၍ လွှဲယမ်းလိုက်သည်။
ယခုအချိန်၌ သူက သူ့၏ ခွန်အားအပြည့်အဝသုံးချထားလေရာ သူ့ကို နောက်တစ်ကြိမ် လွင့်ပျံသွားအောင် မလုပ်နိုင်ဟု ယုံကြည်ထားလေသည်။ပထမအဖြစ်အပျက် သူ့၏ ဂရုမစိုက်မှုနှင့် ပြိုင်ဘက်၏ ခိုးကြောင်ခိုးဝှက် လုပ်ကြံမှုဟုကြောင့်သာ ခံယူထားပေသည်။ခိုးကြောင် ခိုးဝှက်တိုက်ခိုက်သည့် အင်အားများက လုံးဝ ထည့်တွက်စရာမလိုပေ။
ဘန်း.....
ကျယ်လောင်လှသော တုန်ခါသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ဒယ်အိုးမှ ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာသည်။တန်ခိုးရှင်လူငယ်က ထိတ်လန့်အံ့အားသင့်သွား၏ ထိုဒယ်အိုး၏ ရိုက်ခတ်မှုကြောင့် သူ့လက်ဖဝါးမှထုတ်လွင့်နေသော အစစ်အမှန်စွမ်းအားများ ပျက်ပြယ်သွားလေသည်။သူ့၏ ရင်ဘတ်ဆီမှ နာကျင်မှုကို ခံစားလိုက်ရပြီး သွေးတစ်လုတ်အန်လိုက်ရသည်။
ဒီတစ်ကြိမ်၌ သူလွင့်ထွက်မသွားပေ။ထိုအစား ကြမ်းပြင်ပေါ်သို့ ဖိရိုက်ချခြင်းခံလိုက်ရသည်။သူ့၏ ရင်ဘတ်နှင့် ကြမ်းပြင် ပြင်းထန်စွာ စောင့်မိသွားပြီး အသက်ရှုပင် ပြတ်တောက်သွားလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......"
နန်ကုန်းမင်၏ မျက်နာအမူအရာက မဲမှောင်သွားသည်။သူ့၏ တန်ခိုးရှင်အဆင့် လက်အောက်ငယ်သားကို ထိုအဆင့် ၈ စစ်နတ်ဘုရားက အလွယ်တကူ အနိုင်ယူနိုင်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။
ဒယ်အိုးကို ဆွဲကိုင်ထားပြီး သူ့လက်အောက်ငယ်သားကို အေးအေးဆေးဆေး ဖိနှိမ့်နိုင်သောသူကိုကြည့်၍ နန်ကုန်းမင်၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်လာသည်။
"မင်းက ငါတို့မိသားစုကို တကယ်ပဲ ဆန့်ကျင် ချင်နေတာလား.....မြူကောင်းကင်မြို့တော်ထဲမှာ နန်ကုန်းမိသားစုကို ဆန့်ကျင်တဲ့ ဘယ်သူမဆို အဆုံးသတ်ကောင်းမှာမဟုတ်ဘူး....."
နန်ကုန်းမင်၏ စိတ်ထဲ၌ တုန်လှုပ်နေသော်လည်း သူ့၏ မိသားစုနာမည်ကို အသုံးပြုပြီး သူရှေ့မှ ကောင်စုတ်လေးကို ဖိနှိမ့်ရန် ကြိုးစားလိုက်သည်။
နန်ကုန်းမိသားစုက မြူကောင်းကင်မြို့ မိသားစုကြီးများထဲမှ တစ်ခုဖြစ်သည်။ဆေးအဆောက်အဦးမှ အရင်းအမြစ်အများစုကို သူတို့က ထိန်းချုပ်ထားခဲ့သည်။
မြူကောင်းကင် တစ်မြို့လုံး၌ သူတို့၏ ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းပေါင်းများစွာ ရှိပြီး အဆင့်သတ်မှတ်ချက်မီသော အဂ္ဂိရတ်ပညာရှင်များလည်း ဒါဇင်ပေါင်းများစွာ ရှိသည်။
သူတို့၏ စွမ်းအားကို လျစ်လျူ ရှုထား၍ မရပေ။သူတို့က မြူကောင်းကင်မြို့ထဲ၌ အရှင်သခင်ကဲ့သို့သောတည်ရှိမှုမျိုး ဖြစ်သည်။မည်သူမှ သူတို့မိသားစုကို ဆန့်ကျင်ရဲကြမည်မဟုတ်ပေ။
သို့သော်လည်း နန်ကုန်းမိသားစုက နန်ကုန်းမင်တစ်ယောက်တည်းအတွက်နှင့် လှုပ်ရှားမည်တော့ မဟုတ်ပေ။သူက ပုဖန်ကြောက်ရန်အတွက်သာ သူတို့ နာမည်ကို ယူသုံးလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း သူအသုံးပြုလိုက်သည့်သူ မှားနေသည်ကတော့ နှမြောစရာကောင်းလှပေသည်။မြူကောင်းကင်မြို့တော်ထဲ၌ တစ်ခြားတစ်ယောက်သာဆိုလျှင် သူတို့၏ နာမည်ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ပေလိမ့်မည်။
ပုဖန်က နန်ကုန်းမိသားစု၏ အကြောင်းကို မသိပေ။အကယ်၍ သူသိခဲ့လျှင်လည်း ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် သူက အဆင့် ၈ စစ်နတ်ဘုရားအဆင့်သာရှိသေးသော်လည်း ဒယ်အိုးတစ်လုံးဆွဲကိုင်၍ နတ်ဘုရားနယ်ပယ်အဆင့် စစ်သည်တော်ကိုပင် တိုက်ခိုက်ရဲသည့် ခေါင်းမာလှသော လူတစ်ယောက်ဖြစ်သည်။
ပုဖန်က ထိုတန်ခိုးရှင်လူငယ်ကို ကန်ထုတ်လိုက်သည်။ထိုသူ လွင့်ထွက်သွားပြီး တံခါးဘောင်နှင့် ပြင်းထန်စွာ စောင့်မိသွားလေသည်။ထ်ိုလူငယ်က သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး ကြမ်းပြင်ပေါ်မှ နေ၍ ကြိုးစားရုန်းကန်ပြီး ကုန်းထလာခဲ့သည်။
"ထွက်သွားစမ်း....တိမ်ခိုးစားသောက်ဆိုင်ကို မရောင်းဘူး....."
ပုဖန်က တည်ငြိမ်အေးစက်လှသော အကြည့်များဖြင့် စားသောက်ဆိုင်တွင်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။နန်ကုန်းမင်က ခဏမျှ ကြောင်အသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။သူတစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်ဆသ်ာလည်း သူ့မျက်ဝန်းများက ချက်ချင်း ပြူးကျယ်သွားသည်။
ဘန်း......
ပုဖန်က သူ့ဒယ်အိုးဖြင့် ကြမ်းပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်ခါသွားပြီးနန်ကုန်းမင်လျှင်ပင် ကြောက်ရွံ့သွားသည်။သူ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ ဆိုင်တံခါးဝဆီသို့ချာခနဲ လှည့်ထွက်သွားလိုက်သည်။
"စောင့်ကြည့်နေလိုက် မကြာခင်မှာပင် ဒီဒေသတစ်ခုလုံးကို ငါတို့မိသားစုရဲ့ အစာခံဆေးတွေ စတင် ဖြန့်ဖြူးရောင်းချတော့မှာ....အဲ့ဒီအချိန်ကျရင် လူတွေက ဆေးလုံးတွေကို အပြေးအလွှားသွားဝယ်ကြပြီးတော့ မင်းတို့ရဲ့ စားသောက်ဆိုင်ကတော့ လူသူ ကင်းမဲ့နေလိမ့်မယ်......ခဏပဲစောင့်နေလိုက် မကြာခင်မှာပဲ မင်းတို့က မြူကောင်းကင် တစ်မြို့လုံးရဲ့ ရယ်စရာ ဟာသတစ်ခု ဖြစ်လာလိမ့်မယ်......"
ဆိုင်ပေါက်ဝဆီသို့ လျှောက်သွားပြီးနောက် နန်ကုန်းမင်က အသာခေါင်းငဲ့လိုက်ပြီး သူတို့ကို လှောင်ပြောင်ပြောဆိုလိုက်သည်။
သူ့လှောင်ပြောင်မှု ဆုံးသွားသည်နှင့် ပုဖန်က အနက်ရောင် ဒယ်အိုးကို နောက်တစ်ကြိမ်မြှောက်လိုက်သည်ကို မြင်လိုက်ရပြီး သူ့နှလုံးသားထဲ၌ တုန်ရီမှုများ ပြည့်သွားသည်။သူအနည်းငယ်မျှပင် မနှောင့်နှေးရဲတော့ပဲ ဆိုင်ထဲမှ မြန်ဆန်စွာ ထွက်သွားလိုက်သည်။
ဆိုင်ထဲ၌ တစ်ဖန်ပြန်လည်၍ ငြိမ်းအေး တိတ်ဆိတ်သွားသည်။သို့သော်လည်း သပ်ရပ် သန့်ရှင်းနေသည့် ဆိုင်က အကျိုးအပဲ့ အမှိုက်သရိုက်များနှင့် ပြည့်နှက်နေပေသည်။
ယန်မိန်ကျီက ရှုပ်ပွနေသည့် ဆိုင်အခြေအနေကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။သူမက ထိုကဲ့သို့သော အခြေအနေမျိုးနှင့် နေသားတကျဖြစ်နေပေပြီ။
သူမပုဖန်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် အင်္ကျီလက်စများကို ဆွဲတင်လိုက်ပြီး ဆိုင်ကို သန့်ရှင်းရေး စတင်လုပ်လိုက်သည်။စားပွဲနှင့် ထိုင်ခုံများအားလုံး ကျိုးပဲ့သွားပြီး ကြမ်းပြင်၌လည်း အပေါက်များနှင့် အက်ရာများ ပြည့်နေသည်။
ဆိုင်ကို ကာကွယ်ထားသည့် အကာအကွယ်အစီအရင် မရှိသောကြောင့် တန်ခိုးရှင်တစ်ယောက်ပါဝင်သည့် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်မှု ဒဏ်ကို ခံနိုင်ရည်မရှိပေ။
သူမ အချိန်ခဏမျှ သန့်ရှင်းရေးလုပ်ပြီးနောက် ဆိုင်က တစ်ဖန်ပြန်လည်၍ သန့်ရှင်းသပ်ရပ်လာသည်။သို့သော်လည်း စားပွဲ ကုလားထိုင်များ မရှိတော့သောကြောင့် နေရာအလွတ်ကြီး ဖြစ်နေလေသည်။
"အထူးဧည့်သည် ဒီလိုမြင်ကွင်းမျိုးကို မြင်မိစေတဲ့အတွက် ငါတကယ်ပဲ တောင်းပန်ပါတယ်......"
ယန်မိန်ကျီက ပုဖန်ကိုတောင်းပန်စကားပြောလိုက်သည်။သူမ၏ သွင်ပြင်က ဖြူဖျော့နေပြီး ကြည့်ရဆိုးနေပေသည်။သူမက သ်ိုလှောင်အိတ်ထဲမှ ကြွေပုလင်း တစ်လုံးက်ို ထုတ်ယူလိုက်သည်။ထိုထဲမှ ဆေးလုံးတစ်လုံးက်ိုယူ၍ ချက် ချင်းမြိုချလိုက်လေ၏။
ပုဖန်က ယန်မိန်ကျီကို ကြည့်လိုက်ပြီးနောက် စနစ်၏ သိုလှောင်နယ်မြေထဲမှ ကမာနှလုံးသား ပန်ကိတ်ကို ထုတ်ယူလိုက်ကာ သူမကို ကမ်းပေးလိုက်သည်။
"ဒါကိုစားလိုက်.....ခင်ဗျားရဲ့ အစစ်အမှန်စွမ်းအင်တွေကို ဖြည့်တင်းတဲ့ နေရာမှာ ဒါက ဆေးလုံးထက် ပိုပြီး ထိရောက်တယ်....."
ပုဖန်က ပြောလိုက်သည်။ယန်မိန်ကျီက ကမာနှလုံးသားပန်ကိတ်ကို လှမ်းယူလိုက်ပြီး သူမ၏ အမူအရာက အနည်းငယ်အံ့သြသွားသည်။
"ဒါကဘာလဲ.....အနံ့က မွှေးလိုက်တာ စားလို့ရလား....."
သူမက ပုဖန်ကို စိုးရိမ်မှုနှင့် ကြည့်လိုက်ပြီးမှ တစ်က်ိုက်ကိုက်လိုက်၏သူမ၏ မျက်ဝန်းများက ချက်ချင်းပင် ပြူးကျယ်ဝိုင်းစက်သွားပြီး မယုံကြည်နိုင်မှု ထိတ်လန့်မှုများဖြင့် ပြည့်နေလေသည်။
"ဒါက အရမ်းအရသာရှိတယ်...."
သူမ ထိုကဲ့သို့ အရသာရှိသော အစားအစာမျိုးကို တစ်ခါမှ မစားခဲ့ဖူးပေ။သူမ ကမာနှလုံးသားပန်ကိတ်ကို တစ်ကိုက်စားသောက်ပြီးနောက် မရပ်တန့်နိုင်တော့ပဲ တစ်ကိုက်ပြီးတစ်ကိုက် အဆက်မပြတ်စားလေသည်။
ကမာနှလုံးသားပန်ကိတ်အတွင်း၌ရှိသော ကမာသားနုနုလေးများကို အရသာခံရင်း စားနေစဉ်အတွင်း သူမတုန်လှုပ်မှုဖြင့် ငိုလုနီးပါးပင် ဖြစ်ခဲ့သည်။
မြူကောင်းကင် မြို့တော်၌ နေထိုင်ကြီးပြင်းလာပြီးနောက် အမျိုးမျိုးသော အစာခံဆေးလုံးများကိုလည်း သူမစားခဲ့ဖူးသည်။အဘယ်ကြောင့်ဆိုသော်ထိုဆေးလုံးများ ထွက်ပေါ်လာပြီးနောက် မြူကောင်းကင်မြို့တော်၌ စားသောက်ဆိုင်တစ်ဆိုင်မှ မရှိတော့သောကြောင့် ဖြစ်သည်။သူမ မိသားစု၏ စားသောက်ဆိုင်သာ နောက်ဆုံးတစ်ဆိုင်အဖြစ် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
သို့သော်လည်း သူမ၏ တိမ်ခိုးစားသောက်ဆိုင်၌ ချက်ပြုတ်ရန် စားဖိုမှူးတစ်ယောက်မှ မရှိပေ။ထို့ကြောင့် အရသာရှိသော စားစရာများကို မည်ကဲ့သို့ ချက်ပြုတ်နိုင်ပါမည်နည်း။
သူမ စားစရာတစ်ပွဲမျှကို မစားရသည်မှာ အလွန်အချိန်ကြာမြင့်ခဲ့ပေပြီ။ထို့ကြောင့် ဒီစားစရာက သူမကို အလွန်အမင်း စိတ်လှုပ်ရှားစေပြီး ငိုလုနီးပါးပင် ဖြစ်သွားခဲ့ရခြင်းဖြစ်၏။
ယန်မိန်ကျီက ကမာနှလုံးသား ပန်ကိတ်ကို စားပြီးနောက် သူမ၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။သူမက ခံစား ချက်ထဲ နစ်မြှုပ်နေပုံပေါ်သည်။
"ဟ်ိုလူမပြန်ခင်မှာ ပြောသွားတာကို မင်းကြားလိုက်တယ် မဟုတ်လား...."
ပုဖန်က တုန်ယင်နေသော ယန်မိန်ကျီကို ကြည့်၍ ပြောလိုက်သည်။
ယန်မိန်ကျီ၏ အမူအရာက နောက်တစ်ဖန် ပြန်လည်၍ မဲမှောင်သွားသည်။
"သူပြောတာကို ငါကြားလိုက်ပါတယ်.....ဒီမြို့တစ်ခွင်မှာ ရှိနေတဲ့ စားသောက်ဆိုင်တွေ အားလုံးရဲ့ နေရာမှာ ရသာမျိုးစုံ အစာခံဆေးလုံး ရောင်းတဲ့ ဆိုင်တွေနဲ့ပဲ ပြည့်နှက်သွားလိမ့်မယ်.....အဲ့ဒီအချိန်ကျရင် လူတိုင်းက ငါတို့ တိမ်ခိုးစားသောက်ဆိုင်ကို လှောင်ရယ်စရာအဖြစ်နဲ့ ရယ်မောကြလိမ့်မယ်....."
ယန်မိန်ကျီက ခါးသီးလှသောအသံဖြင့် ပြောလိုက်သည်။သူမ၌ စားဖိုမှူးတစ်ယောက်ဖြစ်လာရန် ပါရမီမပါကြောင်း သူမကောင်းစွာသိပေသည်။သူမ တိမ်ခိုးစားသောက်ဆိုင်ကို သူမ၏ ခံယူချက်တစ်ခုတည်းကြောင့်သာ ဆက်လက်၍ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ယန်မိန်ကျီက ဆက်လက်၍ သူမ၌ အဂ္ဂိရတ်ပညာ၌သာပါရမီပါကြောင်း ပြောပြလိုက်သည်။သူမက မြူကောင်းကင် မြို့တော်ထဲ၌ အဆင့် ၃ ရှိသော အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်သည့်အပြင် မဟာသခင် ရွှမ်ပေ၏ တပည့်ရင်းတစ်ယောက်လည်း ဖြစ်သည်။
"မင်းက တကယ်ပဲ....ဒီတိမ်ခိုးစားသောက်ဆိုင်ကို လူရယ်စရာတစ်ခု ဖြစ်လာစေချင်လား......"
ပုဖန်က မေးလိုက်၏။
"ငါက ဘယ်လိုလုပ် ဖြစ်ချင်မှာလဲ တိမ်ခိုးစားသောက်ဆိုင်က ငါ့အဖေ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ပဲ......ဘယ်လိုလုပ်ပြီး မြူကောင်းကင်မြို့တော်ရဲ့ ရယ်စရာတစ်ခု ဖြစ်လာစေချင်ပါ့မလဲ......ဒါပေမယ့်လည်း မြူကောင်းကင်မြို့တော်မှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့က တကယ်ကိုမဖြစ်နိုင်ဘူး....."
ယန်မိန်ကျီက စိတ်လျှော့လိုက်ပြီးနောက် သူမ စွမ်းအားမဲ့မှုကို ခံစားနေမိသည်။
ပုဖန်က တိမ်ခိုးစားသောက်ဆိုင်ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။သူဒီနေရာကို အတော်လေး စိတ်ကျေနပ်မှု ရှိနေ၏ ။
...ငာက စားသောက်ဆိုင်တစ်ဆိူင်ရှာနေတာပဲလေ....ဒီတိမ်ခိုးစားသောက်ဆိုင်ရင်ကော အဆင်မပြေဘူးလား...
" ဒီ တိမ်ခိုးစားသောက်ဆိုင်က မြူကောင်းကင် မြို့က လူတွေရဲ့ ကြားထဲမှာ ရယ်စရာတစ်ခု ဖြစ်မလာအောင်လို့ ငါဖြေရှင်းပေးန်ိုင်တယ်....."
ပုဖန်က ခိုင်မာစွာ ပြောလိုက်သည်။
"ဘယ်လိုဖြေရှင်းပေးမှာလဲ....."
ယန်မိန်ကျီက စိတ်အားထက်သန်စွာ မေးလိုက်သည်။စိတ်လှုပ်ရှားမှုကြောင့် သူမ၏ ခန္ဓာကိုယ်ကြီးပင် တုန်ခါသွားလေသည်။
ပုဖန်က သူမကို ချက်ချင်းပြန်မပြောသေးပဲ လက်နှစ်ဖက်ကို နောက်ပစ်၍ ဆိုင်ထဲ ခဏမျှ လှည့်လည် လျှောက်လိုက်သည်ထို့နောက် သူက အေးဆေးစွာဖြင့် ပြောလိုက်၏။
"မင်းလုပ်ဖို့ လိုအပ်တာက ဒီတိမ်ခိုးစားသောက်ဆိုင်ကို ငါ့ကို လွှဲပေးလိုက်ရုံပဲ....."
ယန်မိန်ကျီက ခဏမျှ ကြောင်အသွားပြီးနောက် သူမ၏ မျက်နာပေါ်၌ ဒေါသအရိပ်အယောင်များ ပေါ်လာ၏။
"နင်ကလည်း ဒီတိမ်ခိုးစားသောက်ဆိုင်ကို ပိုင်ချင်နေတာလား.....ဘာလဲ နင်ကလည်း ဒီစားသောက်ဆိုင်ကို သက်စောင့်ဆေး ရောင်းတဲ့ဆိုင်အဖြစ် ပြောင်းချင်နေတာလား.....ငါယန်မိန်ကျီက ဒီလိုမျိုး ဘယ်တော့မှ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး......"
ပုဖန်ကလည်း သူမ၏ စားသောက်ဆိုင်ကို လိုချင်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။သူမကို လှည့်ဖျားသည်ဟု ခံစားရသောကြောင့် ဒေါသအလွန်ထွက်သွားသည်။
"ဘယ်သူပြောလဲ....ငါက သက်စောင့်ဆေးဆိုင် ဖွင့်ချင်တယ်လို့ဘယ်သူပြောလဲ.....ငါက စားသောက်ဆိုင်တစ်ဆိုင်ပဲ ဖွင့်ချင်တာ....ဒါပေမယ့် ဆိုင်ပိုင်ရှင်ကတော့ ငါပဲ ဖြစ်ရမယ်......."
ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ဆိုင်ခွဲတစ်ခု ဖွင့်ရမည်ဆိုသော စနစ်မစ်ရှင်၏ လိုအပ်ချက်အရ သူက ဆိုင်ပိုင်ရှင်ဖြစ်ရန် လိုအပ်သည်။အကယ်၍ သူတိမ်ခိုးစားသောက်ဆိုင်ကို ကူညီရမည်ဆိုလျှင် သူဆိုင်ရှင်တော့ ဖြစ်ရပေမည်။
ပုဖန် ယန်မိန်ကျီကို ထိုကဲ့သို့ ပြောလိုက်ခြင်းကလည်း သူမက စားသောက်ဆိုင်တစ်ဆိုင်ကို ကွပ်ကဲရန် မဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။
"နင်က စားသောက်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုရင်တော့ ငါလက်ခံလိုက်မယ်.....ဒါပေမယ့် ငါ့ရဲ့ အခြေအနေကိုလည်းနင်လက်ခံမှရမယ်......"
သူမက ငြင်းပယ်မှုမရှိပဲ ချက်ချင်း လက်ခံလိုက်သည်မှာ ပုဖန်တွေးထားထက်ကိုပင် ကျော်လွန်နေပေသည်။ထိုအချက်ကပင် သူ့ကို အနည်းငယ် တွန့်ဆုတ်သွားစေသည်။
"ပြော... ဘာအခြေအနေလဲ....."
ပုဖန်က မေးလိုက်၏ ။ယန်မိန်ကျီ၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေလေသည်။
"ပထမဆုံးအချက်အနေနဲ့ စားသောက်ဆိုင်ရဲ့ နာမည်က တိမ်ခိုးစားသောက်ဆိုင်ပဲ ဖြစ်ရမယ်.....ဒုတိယအနေနဲ့ကတော့ နင် စားသောက်ဆိုင်ရဲ့ စီးပွားရေးကို ကယ်တင်ပြီးပြီဆိုတာနဲ့ စားသောက်ဆိုင် ငါ့ကို ပြန်ပေးရမယ်....."
ပုဖန်က မျက်မှောက်ကြုတ်၍ ယန်မိန်ကျီကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေလိုက်သည်။ထို့နောက် အချိန်ခဏမျှ ကြာပြီးနောက် ပြန်လည် တုံ့ပြန်လိုက်၏။
"ကောင်းပြီလေ....သဘောတူတယ်....ဒါပေမယ့် စားသောက်ဆိုင်ကို ပြန်ယူဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူးဆိုတာတော့ သေချာတယ်......"