အခန်း ၄၂၀
စားသောက်ဆိုင်..ပြန်လည်ပြင်ဆင်ခြင်း...
ယန်မိန်ကျီက ပုဖန်ကို မျက်လုံး ပြူးများဖြင့် စိုက်ကြည့်လိုက်သည်။ သူ့၏ ယုံကြည်ချက် ခိုင်မာသောလှသောပုံက သူမကိုပင် အနည်းငယ် စိတ်ရှုပ်ထွေးစေ သည်။
မြူကောင်းကင်မြို့ထဲ၌ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ရခြင်းမှာ မည်မျှ ပင် ခက်ခဲကြောင်းသူမ ကောင်းစွာ သဘောပေါက်ပေသည်။ မြူကောင်းကင်မြို့ထဲ၌ ဆိုင်ဖွင့်ချင်လျှင် စားသောက်ဆိုင် တစ်ဆိုင်ထက် တခြားစီးပွားရေးလုပ်ငန်းများက ပို၍ မျှော်လင့်ချက်ရှိသည်။
"နင်က ဒါနဲ့ပတ်သက်ပြီး ယုံကြည်ချက်ရှိလို့လား...''
ယန်မိန်ကျီက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သေချာအောင် ထပ်မေးလိုက်သည်။ ပုဖန်က အလွန်အရသာရှိလှသည့် ထူးဆန်းသော ပန်ကိတ်တစ်ခုကို သူမကိုပေးခဲ့သည်။ ထို့ကြောင့် ဒီပတ်ဝန်းကျင်ရှိ သက်စောင့်ဆေး ဆိုင်များကို အနိုင်တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုး ရှိကောင်းရှိနိုင်ပေလိမ့်မည်။
ယန်မိန်ကျီက အရသာရှိလှသော စားစရာကိုစားခဲ့ရသောကြောင့် ပျော်ရွှင် စိတ်ကြည်နူးနေတုန်းပင် ဖြစ်သည်။ထိုစားစရာကို သူမ၏ ဖခင်ချက်သော ဟင်းထက်ပင် ပို၍နှစ်သက်ပေသည်။ တိမ်ခိုးစားသောက်ဆိုင်၏ ပထမဦးဆုံး စားဖိုမှူးပင် ထိုမျှ မကောင်းပေ။
"ဆုံးဖြတ်ပြီးပြီ... ဒီနေ့က စပြီးငါက တိမ်ခိုး စားသောက်ဆိုင် ပိုင်ရှင်ပဲ...''
ပုဖန်က ယန်မိန်ကျီကို ကြည့်၍ ခေါင်းတစ်ချက်ဆက်ပြလိုက်သည်။ ကွေးညွှတ်နေသော သူ့၏ နှုတ်ခမ်းပါးလေးများက ပျော်ရွှင်မှုကို ထင်ဟပ်ပြသနေသည်။ သို့သော်လည်း ယန်မိန်ကျီကို ကြည့်ရသည်မှာ သူမ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ပုံ ပေါ်သည်။ သူမ၏ ခန္ဓာကိုယ် ကတုန်ရီနေပြီး သူမ၏ သန်မာလှသော ကြွက်သားများကပင် အနည်းငယ် လျော့တွဲကျနေသည်။ သူမ၏မျက်နှာ၌ တွန့်ဆုတ်ဝန်လေးသော အမူအရာ များဖြင့် ပြည့်နက်နေသည်။
"နင်က တိမ်ခိုးစားသောက်ဆိုင်ကို ဂုဏ်မညှိုးနွမ်းစေဘူးလို့ မျှော်လင့်ပါတယ်...။ နောက်အနာဂတ်မှာ မြို့ကောင်းကင် မြို့တော်ထဲမှာ စီးပွားရေး အခိုင်မာဆုံး စားသောက်ဆိုင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်..."
"နင့်ကို စိတ်မပျက်စရပါဘူး...''
ပုဖန်က ယုံကြည်ချက် အပြည့်ဖြင့်ပြောလိုက်သည်။
[တိမ်ခိုးစားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...
ယာယီ မစ်ရှင်...မြူကောင်းကင်မြို့တော်ထဲ၌ ဆိုင်ခွဲသစ် ဖွင့်လှစ်ခြင်း မစ်ရှင် ပြီးမြောက်သွားပါပြီ။]
ထိုခဏ၌ ပုဖန်၏ စိတ်ထဲ စနစ်၏ တက်ကြွလှသော အသံထွက်ပေါ်လာသည်။ ထိုအသံကြောင့်ပင် သူပို၍ ပျော်ရွှင်သွားမိသည်။
[ဆိုင်ခွဲ အသစ်ဖွင့်ခြင်း ကို အတည်ပြုပြီးပါပြီ ...ငားရက်အတွင်းက စနစ်က ဆိုင်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်မှုများကို ပြုလုပ်ပါမယ်...အဲ့ဒီ့ ငါးရက်အတွင်း မြူခိုးစားသောက်ဆိုင်၏ နာမည် လူသိများစေရန်အတွက် ပိုင်ရှင်က ဟင်းပွဲသစ် တစ်ခုပြုလုပ်ရန် လိုအပ်ပါတယ် ... ']
စနစ်က ဆက်လက်ပြီး သူ့ကိုအသိပေး ပြောဆိုလိုက်သည်။ ပုဖန်က အနည်းငယ် အံ့သြသွားပြီးနောက် သူ့မျက်နှာ၌ ပျော်ရွှင်မှုအရိပ်အယောင်ပေါ်လာသည်။
...စနစ်က ဆိုင်ကို တကယ်ပဲ ပြုပြင်ပေးမှာလား... ဒါက တကယ့်ကို ကျေနပ်ဖို့ကောင်းတယ်...
ဒီဆိုင်က ဆိုင်ခွဲတစ်ခုသာ ဖြစ်သောကြောင့် သူ့၏ အသုံးအဆောင်ပစ္စည်းများက အင်ပါယာ မြို့တော်ရှိဆိုင်နှင့် အတူတူပင် ဖြစ်သင့်ပေသည်။ အထူးသဖြင့် မီးဖိုချောင်သုံး ပစ္စည်းများက ပို၍ အရေးကြီးပေသည်။
ပုဖန်စဉ်းစားနေစဉ်မှာပင် ယန်မိန်ကျီက ရုတ်တရက် ထရပ်လိုက်သည်။ ယန်မိန်ကျီက ပုဖန်ကိုကြည့်ပြီး စကားစ လိုက်သည်။
"ငါ့နာမည်က ယန်မိန်ကျီပါ... နင့်နာမည်ကရော...''
"ပုဖန်...''
ပုဖန်က သူ့အတွေးထဲမှ ရုန်းထွက်လာပြီး အေးဆေးစွာပင် ဖြေလိုက်လေသည်။
"အင်း... အခုစားသောက်ဆိုင်ကို နင့်ကို လွှဲလိုက်ပြီးဆိုတော့ ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်...စကားမစပ် ငါ မနက်ဖြန်...ဆိုင်အတွက် စားပွဲ ကုလားထိုင်တွေ သွားဝယ်လိုက်အုံးမယ်... ပြီးတော့ နင့်အတွက် လိုအပ်တာတွေ တချို့လဲ ယူလာခဲ့မယ်..."
"အရင်တုန်းက ငါ ဆေးလုံး အဆောက်အဦးကို သွားချင်ခဲ့တယ်... ဒါပေမယ့်လဲ စားသောက်ဆိုင်က်ို ပစ်ထားခဲ့ရမှာ စိတ်မချတာနဲ့ပဲ မသွားဖြစ်ခဲ့ဘူး... အခု ဆိုင်ကို ရောင်းပစ်လိုက်ပြီဆိုတော့ ငါပိုပြီးတော့ စိတ်လွတ်လပ်သွားပြီ... "
ယန်မိန်ကျီက ညည်းတွားသလိုပြောဆိုလိုက်သည်။
ထို့နောက် ယန်မိန်ကျီက ပုဖန်နေရန် အခန်းတစ်ခန်းပြင်ဆင်ပေးလိုက်သည်။
ညက တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားလေသည်။
.....
နောက်တစ်နေ့မနက်၌ ယန်မိန်ကျီက အိပ်ယာမှ စောစောထကာ စားပွဲကုလားထိုင် အသစ်များကို ဝယ်ယူရန် ထွက်သွားခဲ့သည်။ ပရိဘောဂ အသစ်များက တိမ်ခိုးစားသောက်ဆိုင်ကို စားသောက်ဆိုင် တစ်ဆိုင်၏ပုံစံ အနည်းငယ် ပြန်ရလာစေလိမ့်မည်။
ပုဖန်က ဆိုင်အတွင်း၌ ပတ်လျှောက်ရင်း ဟင်းပွဲ အသစ်အကြောင်း တွေးတော နေမိသည်။ သူ့၏ ပခုံးထက်မှ ကျိုင်းပုစွန်က လုံလုံလောက်လောက် အနားယူပြီးပုံ ပေါ်သည်။ သူ့၏ အသွင်ရော မျက်ဝန်းများဖြင့် လှည့်လည်ကြည့်ရှူရင်း ဆိုင်ပတ်ဝန်းကျင်ကို အကဲခတ်နေလေ၏။ ပုစွန်ပိစိက တစ်နေရာမှ တစ်နေရာ ခုန်ပေါက်နေပြီး နောက်ဆုံး ဆိုင်တံခါးပော်၌ အပေါက်ကြီးကြီး ဖြစ်အောင် ပြုလုပ်လိုက်မိလေသည်။
ပုဖန်က သူ့အမြှီးမှနေ၍ ဆွဲကိုင်မြှောက်လိုက်သည်။ ထိုသို့မလုပ်လျှင် ထိုအကောင်ပိစိက ဆိုင်တစ်ဆိုင်လုံးကို ပြောင်းပြန်လုပ်လိုက်ပေမည်။
ယန်မိန်ကျီ ပြန်ရောက်လာသောအခါ၌...
ပုဖန်က ခုံတစ်ခုံကို ဆွဲယူပြီး အပေါက်ဝ၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူထိုင်နေသည့် အနေအထားက တော်တော်လေး ထူးဆန်းပေသည်။ သူက ခုံပေါ်၌ တည့်တည့်မတ်မတ် ထိုင်နေခြင်း မရှိပဲ ခုံကိုလျှောမှီ၍ ပျင်းရိစွာပင် ထိုင်နေလေသည်။
"ဘာကြောင့် နင်ကသက်တောင့် သက်သာ ဖြစ်နေရတာလဲ... ဒီဆိုင်ရဲ့ ပတ်ဝန်းကျင်မှာ သက်စောင့်ဆေး ဆိုင်တွေ ဖွင့်ထားပြီးပြီဆိုတာ မသိသေးဘူးလား..."
ပုဖန်က သူမ ဆိုင်ကို လက်လွှဲ ယူပြီးနောက် လျင်မြန်စွာဖြင့် လုပ်ငန်းဆာင်ရွက်ပြီး... အနည်းဆုံးအနေဖြင့် အရသာရှိလှသော ပန်ကိတ်ကို ပြုလုပ်လိမ့်မည်ဟု သူမယူဆမိခဲ့သည်။ သို့သော်လဲ သူက ထိုသိုမလုပ်သည့်အပြင် ထိုင်ခံ တစ်ခုံကို ဆွဲယူ၍ အပောက်ဝတွင် ထိုင်ကာ ပျင်းရိလေးတွဲစွာဖြင့် ပျော်ပျော်ကြီး နေပူဆာ လှုံနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"သူကဘာကြောင့် ဒီလိုပျင်းရိနေရတာလဲ... "
စားသောက်ဆိုင်ကို လွှဲပေးလိုက်ခြင်းက တကယ့် ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဖြစ်ပါ့မလားဟု သူမ စတင်စဉ်းစားလာမိသည်။
ထိုအချိန်၌..
သဘာဝကျစွာပင် ပုဖန်က ယန်မိန်ကျီ၏ အတွေးများကို မသိပေ။သူမကို ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီးနောက် ဆက်လက်၍ ပျင်းရိစွာပင် ထိုင်နေလေသည်။
တိမ်ခိုးစားသောက်ဆိုင်၏ နာမည် ဂုဏ်သတင်းကို ပျံ့နှံ့စေနိုင်သော ဟင်းပွဲအသစ်ကို တီထွင်ရမည်ဖြစ်သောကြောင့် သူအနည်းငယ် ခေါင်းကိုက်နေပေသည်။ ထိုတာဝန်က မလွယ်ကူလှပေ။ ပုဖန်က ဥထမင်းကြော်ကိုသာ ချက်ပြုတ် ချင်လေသည်။ သို့သော်လည်း ဥထမင်းကြော်က မွှေးပျံ့သည်ဆိုသော်လည်း လူတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့တော့ ခက်ခဲလှသည်။
အရသာစုံ ဆေးလုံးများက သူ့မျက်စိထဲ ဘောင်မဝင်သော်လည်း ထိုဆေးလုံးများ၏ ရနံ့ကတော့ အလွန် မွှေးလှသည်။ ဆေးလုံးများ၏ ရနံ့ကို ဖိနှိပ် နိုင်ပြီး စားသုံးသူများ၏ အာရုံကို ဆွဲဆောင် နိုင်မည့် ဟင်းပွဲအသစ် ပြုလုပ်ရန်က အနည်းငယ် ခက်ခဲနေပေသည်။ ထို့အပြင် အပြည့်အဝ စိတ်ကျေနပ်မှု ရစေရန်လည်း အားစိုက်ထုတ်ရပေမည်။ ထို့ကြောင်ပင် ပုဖန်က မည့်သည့်ပန်းကန်ကို ချက်ပြုတ်ရမည် မသိပဲ အနည်းငယ် တွန့်ဆုတ်နေပေသည်။
ယန်မိန်ကျီက ပျင်းရိနေသော ပုဖန်ကို ကြည့်ကာ သက်ပြင်းတစ်ချက်သါချ လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမက ပုဖန်ကို ဆိုင်လွှဲပေးလိုက်ပြီဖြစ်သောကြောင့် အပူတပြင်း လုပ်နိုင်သည် ဟူ၍ ဘာမှ မရှိတော့ပေ။
ဒီနေ့မှာပင် စားသောက်ဆိုင်သို့ လူအများအပြား ရောက်လာခဲ့ကြသည်။ ထိုသူများက အဂ္ဂိရတ်ပညာရှင် ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ထိုသူများက ယန်မိန်ကျီကို လာရောက် ကြိုဆိုကြခြင်း ဖြစ်သည်။
ယန်မိန်ကျီကလည်း သူမ၏ တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ် ပေါ်တွင် အဂ္ဂိရတ်ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သို့သော်လည်း ထိုဝတ်စုံက အချိန်မရွေး ပြဲထွက်သွားတော့မည်ဟုပင် ထင်ရလေသည်။ သူမက ပုဖန်ကို စူးစူးရဲရဲ ကြည့်၍ ပြောလိုက်သည်။
"ငါအခု ဆေးလုံ အဆောက်အဦးကို သွားတော့မလို့... ငါပြန်လာတဲ့အချိန်ကြရင်တော့ စားသောက်ဆိုင်ကို မဆုံးရှုံးနေဖြို့မျှော်လင့်ပါတယ်...''
ပုဖန်က သူမ၏ စိုးရိမ်မှုများ ဖယ်ရှားပြီး သက်တောင့် သက်သာ ဖြစ်စေရန် ခေါင်းညိမ့်၍ လက်ဝှေ့ ယမ်းပြလိုက်သည်။ သို့သော်လည်း ယန်မိန်ကျီက သက်တောင့်သက်သာ မခံစားရပေ။ သူမ အခုလက်ရှိ ပုဖန်၏ ပျင်းရိလေးတွဲနေပုံကို ကြည့်၍ စိုးရိမ်ပူပန်မှုများ ခံစားနေရသည်။
ယန်မိန်ကျီက အဂ္ဂိရတ်ပညာရှင် အုပ်စုနှင့်အတူ တိမ်ခိုးစားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။ သူမက အဂ္ဂိရတ်ပညာရှင် တစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိခဲ့ပုံပေါ်သည်။ ပုဖန်က ထိုင်ခုံပေါ်၌ ထိုင်နေရင်း သူမကို မျက်စိအကြည့်ဖြင့်သာ လိုက်ပို့လိုက်၏။ ထို့နောက် သူပျင်းရိစွာပင် သမ်းဝေလိုက်သည်။
စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်၌ ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားပေသည်။ ပုဖန်က ခုံမှာ ထိုင်နေရင်းပင် ထိုဆိုင်လေးကို စိတ်အားထက်သန်စွာဖြင့် လေ့လာ အကဲခတ်နေလိုက်သည်။ ထိုဆိုင်သစ်လေး၏ ပိုင်ရှင်က သူတို့ကို ပြဿနာလာရှာသွားသော နန်ကုန်းမင် မဟုတ်သည်ကို သိလိုက်ရ၏။
ထိုဆိုင်ပိုင်ရှင်က ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဆံပင်နီနှင့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။ ထိုအမျိုးသမီးက သူမ၏ မျက်နှာကို မျက်နှာကာနှင့် ကာထားသောကြောင့် မျက်နှာသွင်ပြင်ကို သေချာစွာမတွေ့မြင်ရပေ။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းက အလွန် ပေါ်လွင်လှပေသည်။ သူမဆိုင်ဖွင့်ပြီး မကြာခင်မှာပင် လူအများအပြား ဝင်ထွက်သွားလာနေကြသည်။ သူမ၏ စီးပွားရေးက အဆင်ပြေချောမွေ့ပုံပေါ်လေသည်။
ကောင်းမွန်လှသော စီးပွားရေးအခြေခံ ကြောင့် ထိုဆိုင်ဝင်းကျင်၌ လူများ တရုံးရုံးနှင့် ဖြစ်နေသည်။ ပတ်ဝန်းကျင် ၌သာ လူတရုံးရုံးနှင့် စည်ကားနေသော်လည်း တိမ်ခိုးစားသောက်ဆိုင်က အရင်အတိုင်းပင် သဲကန္တာရ ကဲ့သို့ ခြောက်သွေ့နေပေသည်။
သက်စောင့်ဆေးဆိုင်များ၏ ဆွဲဆောင်မှုကို ခံထားရသောသူများက တိမ်ခိုးစားသောက်ဆိုင်ကို ဖြတ်သွားသည့် အခါမျိုး၌ အထင်မြင်သေးဟန်ဖြင့် ပြုံးသွားကြသည်။
"အိုး...ငါတို့ မြူကောင်းကင် မြို့ထဲမှာ စားသောက်ဆိုင်ရှိနေသေးတာလား.."
"မြို့ထဲက ဆိုင်တွေအားလုံး.ပိတ်သိမ်းသွားပြီမဟုတ်ဘူးလား...ဘာလို့ တစ်ဆိုင် ရှိနေသေးတာလဲ.."
"ကျွတ်..ကျွတ်..ကျွတ်...သနားစရာကောင်းလိုက်တာ ဆိုင်ထဲမှာ လူတစ်ယောက်မှတောင်မရှိဘူး...ဒီစီပွားရေးက တကယ့်ကို ဝမ်းနည်းစရာပဲ.."
စားသောက်ဆိုင်ကို ဖြတ်ကျော်သွားကြသော လူအုပ်ကြီးက အပေါက်ဝ၌ ထိုင်နေဆဲဖြစ်သော ပုဖန်ကို လှောင်ပြောင်သည့် အကြည့်များဖြင့်ကြည့်သွားကြသည်။
.....
ပုဖန်၏ မျက်နှာချင်းဆိုင်တွင်ရှိသော ဆိုင်သစ်၌ ဆိုင်ထဲဝင်ရန် တန်းဆီနေကြသော လူတန်းကြီးရှိလေသည်။
ထိုလူတန်းက ရှည်လျားလှပြီး တိမ်ခိုးစားသောက်ဆိုင်အရှေ့သို့ထိပင်ရောက်နေလေသည်။
လူတစ်ချို့က စားသောက်ဆိုင်ထဲမှ ထိုင်ခုံများကို ပင်ဆွဲယူ၍ ထိုင်နေကြသည်။ ပုဖန်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေးလိုက်ပြီး ထိုသူများကို လုံးဝလျစ်လျူရှုထားလိုက်သည်။
သူက စားသောက်ဆိုင်၏ အပေါက်ဝထိအောင်ရောက်လာသော လူတန်းကြီးကို ကြည့်နေရင်းမှရုတ်တရက် မျက်ဝန်းများ မှေးကျဉ်းလိုက်မိသည်။
သူထိုအရှက်မဲ့လှသော လူအုပ်ကြီးကို ကြည့်နေရင်းမှ မည့်သည့်ဟင်းပွဲချက်ပြုတ်ရမည်ကို ဆုံးဖြတ်နိုင်သွားပြီး ဖြစ်သည်။
ထိုဟင်းပွဲက ဒီလူအုပ်ကြီးကိုသေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတတ်သွားပြီး ရွတ်နှောက်နှောက် အပြုံးတစ်ခုပေါ်လာသည်။ သူ၏ အကြည့်များကအရှေ့မှ ဆိုင်ဆီသို့ ကျရောက်သွားသည်။
ခန္ဓာကိုယ် လှပသော ဆံပင်အနီနှင့် အမျိုးသမီးက ဝယ်သူများတွက်သက်စောင့်ဆေးများ ပြင်ဆင်ပေးနေလေသည်။
ထိုအမျိုးသမီးက ပုဖန်၏ အကြည့်များကို ခံစားမိဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ အကြည့်ချင်းထိတ်တိုက်ဆုံသွား၏။
အမျိုးသမီး ကအနည်းငယ် ကြောင်အသွားပြီးနောက် ပုဖန်ကို အသိမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်ပြီး သူမ၏အလုပ်ကို အာရုံစိုက်လိုက်လေသည်။
အမျိုးသမီး ၏မျက်ဝန်းများက ဆွဲဆောင်မှုရှိလှသည်။
ပုဖန်စိတ်ထဲမှ နေ၍ သူမကိုချီးကျူးလိုက်မိသည်။ထိုအမျိုးသမီး၏ မျက်ဝန်းများက လှပသည့်မိန်းမပျိုနှစ်ယောက်ဖြစ်သော ရှောင်ယန်ယုနှင့်နီယန်တို့၏ ဆွဲဆောင် မှုရှိသော မျက်ဝန်းများနှင့်ပင် အနည်းငယ် ဆင်တူနေပေသည်။
ထိုမျက်ဝန်းများက လှပသော အမျိုးသမီးတိုင်း ပိုင်ဆိုင်ထားသည့် ကံကောင်းမှု တစ်ခုဖစ်နိုင်ပေသည်။
"ပိုင်ရှင် ငါခုံခဏဌားမယ်နော် "
ပုဖန် အတွေးထဲ နစ်မြှပ်နေစဉ်မှာပင် လူတစ်ယောက်က သူကိုလှမ်းပြောလိုက်ပြီး ခုံကိုဆွဲယူ၍ သူဘေးနား၌ဝင်ထိုင်လေသည်။
ထိုလူက သက်စောင့်ဆေးဆိုင်ထဲမှ ဆံပင်အနီနှင့် အမျိုးသမီး ကိုမီးပွင့်ထွက်မတတ် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ၏ ပါးစပ်မှ သရေတမျှားမျှား စီးကြလာတော့မလိုပင်ထင်ရသည်။
[ပိုင်ရှင် ခဏလောက် အာရုံစိုက်ပေးပါ..
တိမ်ခိုးစားသောက်ဆိုင်ကို ပြန်လည်ပြုပြင်၍ ပြီးစီးသွားပါပြီ...မီးဖိုချောင်ထဲမှလည်းအသုံးပြုရမည့် ပစ္စည်းအားလုံးကို ဖြည့်တင်းထားပြီးပါပြီ...ဆိုင်ထဲမှာလဲ စားပွဲ ကုလားထိုင်တွေကို နေရာတကျ ပြင်ဆင်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် မကြာခင်မှာပင်ဆိုင်ဖွင့်လို့ရပါပြီ..]
ရုတ်တရက် ပုဖန်၏ စိတ်ထဲ၌ စနစ်၏ လေးနက်တည်ကြည်လှသော အသံက ပဲ့ တင်ထပ်ထွက်ပေါ်လာသည်။
အသံကိုကြားလိုရသည့်အခါ ပုဖန်၏ မျက်ဝန်းများ ချက်ချင်းပင် လင်းလက် တောက်ပသွားလေသည်။
ဆိုင်ပြင်လည်ပြုပြင်ချိန်က ပြီးဆုံးသွားလေပြီ။
ပုဖန်က နှူတ်ခမ်းတစ်ဖက် တွန့်ကွေးလိုက်ပြီး သူဘေးနားမှာ ထိုင်နေသော အချစ်နွံထဲ ကျွံနေသည့် အမျိုးသား ကိုကြည့်လိုက်သည်။
ထို့နောက်သူမတ်တပ် ထရပ်လိုက်ပြီး ထိုသူ၏ ပုခုံးကိုပုတ်၍ အေးဆေးစွာပြောလိုက်သည်။
"ထ....ထပြီးခုံပြန်ပေးတော့...ဒီနေ့ အတွက် ဆိုင်ဖွင့်ချိန်ကကုန်ဆုံးတော့မယ်"
ထိုအမျိုးသားက အနည်းငယ် အံအားသင့်သွားပြီး ပုဖန်ကို အူကြောင်ကြောင်နဲ့ပင် ပြန်လည်ကြည့်လိုက်သည်။
ထိုအချိန်၌ပင် ပုဖန်က သူဖင်အောက်မှ ခုံကို ရုတ်တရက်ဆွဲထုတ်လိုက်သည်ကို ခံစားလိုက်မိသည်။
ထိုသူ မြေပြင်ပေါ်သို့ ဖင်ထိုင်လျှက်ပြုတ်ကျသွားပြီး ကျယ်လောင်လှသော အသံပင်ထွက်ပေါ်လာသည်။သူ၏ အမူအရာကလဲ အလွန်ကြည့်မကောင်းရူမကောင်းဖြစ်သွားသည်။
ပုဖန်က ခုံကိုဆွဲယူပြီးသည့်နှင့် တစ်ပြိုင်နက် ဆိုင်ထဲသို့ပြန်သယ်သွားသည်။
ထိုသူက မတ်တပ်ထရပ်လိုက်ပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ဘန်း....
ဆိုင်၏ သတ္တုတံခါးက အရှိန်ပြင်းပြင်းနှင့် ကျယ်လောင်စွာပိတ်သွားပြီး ထိုသူ၏ အကြည့်များကို ဖြတ်တောက်လိုက်လေသည်။
ဘေးနား၌ ရှိနေသော လူအုပ်ကြီးက ထိုသူကို ထူးဆန်းသည့်အကြည့်များဖြင့်ကြည့်နေကြသည်။လူအုပ်ကြီး၏ အကြည့်များထဲ၌ လှောင်ပြောင်သရော်ဟန်များပါဝင်နေသောကြောင့် အမျိုးသား၏ မျက်နှာ ၌ ရှက်ရွံမှုဖြင့် ပူနွေးလာခဲ့သည်။
ထို အမျိုးသား ကဆိုင်ဆီသို့ စူးစူးရဲရဲတစ်ခေါက်စိုက်ကြည့်လိုက်ပြီးနောက် အဝေးသို့ထွက်သွားလိုက်သည်။
ပုဖန်ဆိုင်တံခါးကို ပိတ်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့ညွတ်သွားသည်။
စနစ် ၏ ဆိုင်ပြန်လည်ပြုပြင်ခြင်းက ပြီးဆုံးသွားလေပြီ။
နောက်ဆုံးတော့ စားသောက်ဆိုင်လုပ်ငန်းကိုစတင်နိုင်ပေတော့မည်။