အခန်း ၄၂၂
ဆယ်မိုင်ထိတိုင်အောင်ပျံလွင့်နေသော အနံ့ဆိုး..
တို့ဟူးပုပ်စားခြင်းက ကမ္ဘာပေါ်ရှိ အစားကောင်းကြိုက်သူများ၏ ထူးဆန်းသော အကျင့်တစ်ခုဟုပင်ဆိုနိုင်သည်။
အကယ်၍ လူတစ်ဦးက အနံ့ကိုသာ ရှုကြည့်လျှင် အလွန်ပင် အနံ့ဆိုးကြောင်း တွေ့ပေလိမ့်မည်။သို့သော် သူတို့ စားကြည့်လိုက်သည်နှင့် အလွန်မွှေးပျံ့ပြီး အရသာက ဆွဲဆောင်မှုရှိကြောင်း သိသွားပေလိမ့်မည်။
ထိုကဲ့သို့ အလွန်အမင်းဆန့်ကျင်နေသည့် လက္ခဏာနှစ်ရပ်ရှိသော တို့ဟူးပုပ်ကို ပုဖန်၏ အရင်ကမ္ဘာမှ သူများက အလွန်အမင်းနှစ်သက်ကြသည်။
ပုဖန် အရင်ကမ္ဘာ၌ စားဖိုမှူးတစ်ယောက်ဖြစ်ခဲ့သော်လည်း သူ တို့ဟူးပုပ်ကို စားခဲလေသည်။သူက အနံ့ကြောက်သော အခြေအနေရှိသောကြောင့် ထူးဆန်းသည့် အနံ့ကိုရကတည်းကပင် စားရန်ငြင်းပယ်ခဲ့သည်။
သို့သော် ယခု၌မူ မြူကောင်းကင်တစ်မြို့လုံး တိမ်ခိုးစားသောက်ဆိုင်၏ နာမည်ကို သိရှိစေရန်အတွက် တို့ဟူးပုပ်ကိုလုပ်ရန်သာ ရွေးချယ်ခဲ့သည်။
အနက်ရောင်၌ အဝါရောင် အနည်းငယ်ရောနေသော တို့ဟူးပုပ်က အနံ့ပြင်းထန်ပြီး မနှစ်မြှို့ဖွယ် အနံ့ဆိုးများထွက်နေသည်။ပုဖန်က ထိုတို့ဟူးပိုင်းလေး သူ့ပါးစပ်နားမရောက်ခင်မှာပင် သူ့၏ မျက်နာက မှောင်မဲနေပေသည်။သူခဏမျှ တွန့်ဆုတ်နေပြီးမှ စိတ်တင်း၍ တို့ဟူးပိုင်းလေးကို မြိုချလိုက်သည်။
သို့သော်လည်း တို့ဟူးပိုင်းလေး ပါးစပ်ထဲ ရောက်သောအခါ၌ သူအရင်ကကဲ့သို့ မနှစ်သက်မိခြင်းမဖြစ်တော့ပေ။အဘယ်ကြောင့်ဆိုသော် တို့ဟူး၏ အနံ့ဆိုးကို ယဉ်ပါးနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ပုဖန်က ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ကြွပ်ရွစွာ ကြော်ထားသောတို့ဟူး၏ မျက်နာပြင်ကို ဖိကိုက်လိုက်သည်။မယုံနိုင်စရာကောင်းလောက်သောအရသာက သူ့၏ ပါးစပ်ထဲ ပျော်ဝင်သွားပြီး ပုဖန်၏ မျက်ဝန်းများချက်ချင်း လင်းလက်တောက်ပလာသည်။
အနံ့ဆိုးများကလည်း ထိပ်တန်း ဖြစ်လာနိုင်သည်ဟူသော ဆိုရိုးစကားက တကယ်ကို မှန်နေပေသည်။သူ တို့ဟူးကို ဝါးနေစဉ်၌ ထိုထူးဆန်းသော ရနံ့ကို မခံစားမိတော့သောကြောင့် ရွံမုန်းသည့် ခံစားချက် ဖြစ်မလာတော့ပေ။
အရသာက သူတွေးထင်ထားသလို မဆိုးရွားသည့်အပြင် တော်တော်လေးကောင်းမွန်လှပေသည်။ပါးစပ်ထဲ၌ ပေါက်ကွဲထွက်လာသော မွှေးရနံ့များက အပြင်ဘက်မှာ ရခဲ့သော အနံ့ဆိုးနှင့် လုံးဝ ကွဲပြားခြားနားနေ၏
ထိုအဖြစ်အပျက်က အချိန်ကြာမြင့်စွာ သိမ်းထားသော မွှေးရနံ့ဘူးတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားသည်နှင့်ပင် ဆင်တူနေသည်။အနံ့ဆိုးထဲ၌ ပုန်းအောင်းနေသော လန်းဆန်းမှု ၊ ကြည်လင်အေးမြမှု ၊ စင်ကြယ်မှု စသော ဂုဏ်သတ္တိများက လူတစ်ယောက်၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားစေနိုင်သည်။
ပုဖန် တို့ဟူး၏ အနံ့ဆိုးကို လုံးဝ မေ့လျော့သွားပြီး တို့ဟူးပုပ်၏ ချိုမြိန်လှသော အရသာ၌သာ နစ်မြှုပ်ပျော်ဝင်နေလေသည်။သူ့၏ အရသာက လူတစ်ယောက်၏ အတွေးရေယာဉ်ကြောကိုပင် ညှို့ယူဖမ်းစားထားနိုင်ပေသည်။ပုဖန်က တို့ဟူးကို ဝါးနေရင်း စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ် လုပ်နေမိသည်။
သူ့၏ ပုခုံးပေါ်၌ ရှိနေသော ပုစွန်ပိစိ၏ ပါးစပ်မှ အမြှုပ်များ ပျောက်ကွဲသွားပြီးနောက် အာရုံခံစားမှု ပြန်လည်ရောက်ရှိလာသည်။ပုစွန်ပိစိကောင်က ပုဖန်လက်ထဲမှ တို့ဟူးကို ကြောက်ရွံ့ထိတ်လန့်စွာပင် ကြည့်နေလိုက်သည်။
ကောင်းမွန်လှသော အရသာထဲ နစ်မြှုပ်နေသော ပုဖန်က ထိုပိစိကောင်ကို သတိထားမိသွားပြီး ပြောစရာစကားမဲ့သွားလေသည်။
နောက်တစ်နေ့မနက်၌
ပုဖန် အိပ်ယာမှ အစောကြီးထလိုက်သည်။သူမျက်နာသစ်သွားတိုက်ပြီးသည်နှင့် မီးဖိုချောင်ထဲသို့ တန်းဝင်သွားခဲ့သည်။
ဆိုင်တစ်ခုလုံးကို စနစ်က ပြန်လည်ပြုပြင် ထိန်းသိမ်းခဲ့ပြီ ဖြစ်သောကြောင့် နေရသည်မှာ စိတ်သက်တောင့်သက်သာ ဖြစ်မှုကို ခံစားရပေသည်။
မနေ့က တို့ဟူးပုပ်မှ ထွက်လာသည့် ရနံ့ဆိုးများကလည်း လုံးဝ ကင်းစင်ပပျောက်သွားလေသည်။ဆိုင်ထဲ၌ လေထုညစ်ညမ်းမှုကို သန့်စင်ပေးပြီး အလွန်အလျောက် လတ်ဆတ်သော လေကို ပြန်လည် ထားထားပြီးသည့် စနစ်ပါရှိသောနေသောကြောင့် ပုဖန်အတွက် အလွန်အလုပ်ရှုပ်သက်သာစေသည်။
သူက မီးဖိုချောင်ထဲ၌ သူ့၏ မနက်ပိုင်းလေ့ကျင့်ခန်းများကို လုပ်ဆောင်ပြီးသည့်နောက် ဆိုင်ဝသို့ သွားလိုက်သည်။ကျွီခနဲ မြည်သံနှင့်အတူ သတ္တုတံခါး ပွင့်သွားသည်။
တောက်ပနွေးထွေးလှသော နေရောင်ခြည်က တံခါးပေါက်ကို ဖြတ်၍ သူ့အပေါ် ဖြာဆင်းကျလာသည်။နွေးထွေးသည့်လေထုက ဆိုင်ထဲမှ အေးစက်သောလေထုများကို ဖယ်ရှား ပေးလိုက်လေ၏။
ပုဖန်က အသက်ရှု လေ့ကျင့်ခန်း လုပ်လိုက်ပြီးနောက် ဆိုင်ဝမှရပ်၍ အပြင်ဘက်သို့ အကဲခတ် ကြည့်လိုက်သည်။သူ့ဆိုင်ပတ်ဝန်းကျင်၌ လူထူထပ်စွာရှိနေသောကြောင့် အသံလှိုင်းများ အော်ဟစ်သံများနှင့် ဆူညံနေလေသည်။
ခန္ဓာကိုယ်လှပပြီး ဆံပင်အနီနှင့် အမျိုးသမီးကလည်း ထုံးစံအတိုင်း သက်စောင့်ဆေးများကို ရောင်းချနေလေ၏။သူ့၏ ဆိုင်မှ ဝေ့ဝဲထွက်လာသော မွှေးကြိုင်သည့် ရနံ့များက လူများ၏ အာရုံကို ဆွဲဆောင်ထားလေသည်။
သူမ၏ ဆိုင်ရှေ့၌ လူများ စီတန်းနေပြီ ဖြစ်ပြီး ထိုရှည်လျားလှသော လူတန်းကြီးက ပုဖန်၏ ဆိုင်ရှေ့သို့ပင် ရောက်ရှိနေလေသည်။ထိုတန်းစီနေသော လူအားလုံးနီးပါးက အမျိုးသားများ ဖြစ်ကြသည်။သူတို့ ဆံပင်နီနှင့် အမျိုးသမီးကို ကြည့်သော အကြည့်ထဲ၌ အရူးအမူး စွဲလမ်းမှုကို မြင်တွေ့နေရသည်။
သူတို့က သက်စောင့်ဆေးဝယ်ရန် အကြောင်းပြပြီး အမျိုးသမီးကို လာရောက်ပိုးပမ်းခြင်းဟုတ်မဟုတ် မည်သူက သိန်ိုင်မည်နည်း။လူအုပ်က မနေ့ကထက်ပင် ပိုများနေသည်။ထိုပတ်ဝန်းကျင်၌လည်း တခြား သက်စောင့်ဆေးဆိုင်များကိုလည်း ဖွင့်လှစ်ထားသည်ကို တွေ့လိုက်ရသည်။
ဆံပင်နီနှင့် အမျိုးသမီး တစ်ယောက်တည်းသာ ကောင်းမွန်သည့် စီးပွားရေး ရှိသည်မဟုတ်ပဲ တစ်ခြားဆိုင်များတွင်လည်း လူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ထိုနေရာ၌... သူတို့ဆိုင်မှ ဝယ်ချင်သော ဝယ်သူအချို့ကိုပင် အစေခံကဲ့သို့ အော်ဟောက်သည့် ဆိုင်ရှင်အချို့ပင် ရှိနေသေးသည်။
ဒီနေရာတစ်ဝိုက်ရှ်ိ စီးပွားရေးက အတော်အတန်ကြီးမားပြီး လှုပ်ရှားအသက်ဝင် စည်းကားနေလေသည်။များပြားလှသော လူအုပ်ကြီးမှ ထွက်ပေါ်လာသော ဆူညံသံများနှင့် သက်စောင့်ဆေးများဆီမှ ထွက်ပေါ်လာသော မွှေးရနံ့များလေထုထဲတွင် ပြန့်နှံ့နေလေသည်။သူတို့၏ လုပ်ငန်းက အတော်လေး အဆင်ပြေ ချောမွေ့နေပုံပေါ်လေသည်။
ဤကဲ့သို့ လူစည်းကားရာအရပ်ဒေသ၌ ရှိနေသော်လည်း ပုဖန်၏ တိမ်ခိုးစားသောက်ဆိုင်က လျစ်လျုရှုခံထားရဆဲဖြစ်သည်။စားသောက်ဆိုင်၏ အပြင်ရော အထဲမှာပါ လူတစ်ယောက်မှပင် မရှိပေ။
မြောက်များလှစွာသော လူများက ဆိုင်ပေါက်ဝ၌ ရပ်နေသော ပုဖန်ကို လှောင်ပြောင် သရော်ဟန် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ပုဖန်က သူတို့အားလုံး၏ အကြည့်များကို မရှိသကဲ့သို့ပင် သဘောထားပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ အေးဆေးစွာ ရပ်နေလေသည်။
ဝေးကွာသောနေရာဆီမှ နန်ကုန်းမင်က တန်ခိုးရှင်လူငယ်က်ို ခေါ်ဆောင်၍ လျှောက်လာနေသည်။သူက ခပ်လှမ်းလှမ်းထဲကပင် ဆိုင်ပေါက်ဝ၌ စိတ်ပျက်အားလျော့ဟန်ဖြင့် ရပ်နေသော ပုဖန်ကို မြင်လိုက်ရသည်။သူ ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာမိသည်။
"အိုး....မင်းရဲ့ စားသောက်ဆ်ိုင်ကို အခုထိ ဖွင့်ထားတုန်းပဲလား.....ကြည့်စမ်းပါဦး ဒီလောက်စည်းကားသိုက်မြိုက်နေတဲ့ နေရာတောင်မှ မင်းဆီမှာ စားသုံးသူ တစ်ယောက်မျှတောင်မရှိဘူး......ဒါတောင်မှ မင်းဘာဖြစ်လို့ ဆိုင်ဖွင့်နေသေးတာလဲ......မရှက်ဘူးလား......"
နန်ကုန်းမင်က လမ်းလျှောက်လာရင်းမှပင် လှမ်း၍ လှောင်ပြောင် သရော်လိုက်သည်။
"ဒီသက်စောင့်ဆေးဆ်ိုင်တွေကိုလည်း ကြည့်လိုက်စမ်းပါဦး အဲ့ဒီမှာ လူဘယ်လောက်တောင်များလဲ မင်းသိလား.....အဲ့ဒီလောက် များပြားတဲ့ ဝယ်သူတွေကိုကော အရင်တုန်းက မင်းမြင်ဖူးရဲ့လား....."
ပုဖန်က မျက်မှောင်ကြုတ်၍ နန်ကုန်းမင်ကိုကြည့်လိုက်သည်။ထို့နောက် သူ့၏ မျက်ဝန်းအကြည့်များက လက်ညှိုးညွှန်ရာအရပ်ကို လိုက်၍ ကြည့်လိုက်လေရာ အလွန်ခမ်းနားလှသော ဆိုင်ကို မြင်လိုက်ရသည်။ထိုသက်စောင့်ဆေးဆိုင်၏ ရှေ့၌ များပြားလှသော လူအုပ်ကြီး စီတန်းနေကြသည်။
သို့သော်လည်း ဆံပင်နီအမျိုးသမီး၏ ဆိုင်နှင့် နှိုင်းယှဉ်လိုက်လျှင် ထိုဆိုင်၏ ဝယ်သူက အနည်းငယ် လျော့နည်းနေပေသေးသည်။
"မင်းက အစားစားဖို့ လာတါမဟုတ်ဘူးဆိုရင် ထွက်သွားစမ်း.....ငါဒီမှာ စီးပွားရေးလုပ်နေတာ.....အပေါက်ဝကနေ လာပိတ်မနေနဲ့ ....."
ပုဖန်က ခပ်တည်တည်ပင် ပြောလိုက်သည်။
နန်ကုန်းမင်က ခဏမျှ အံ့သြသင့်သွားပြီးနောက် ချက်ချင်းပင် ဒေါသများ ရုန်းကြွလာလေသည်။
"စီးပွားရေးလုပ်နေတာ.... ဒီလောက်ထိ စုတ်ပြတ်သတ်နေတဲ့ မင်းရဲ့စားသောက်ဆိုင်ကို စီးပွားရေးလုပ်တယ်လို့ ခေါ်လို့ရတယ်လို့ ထင်နေသေးတာလား....."
နန်ကုန်းမင်က ပုဖန်၏ တိတ်ဆိတ်ခြောက်ကပ်နေသော ဆိုင်ကို လက်ညှိုးညွှန်၍ နှာခေါင်းရှုံ့လိုက်ပြီးနောက် အထင်အမြင်သေးစွာ ခေါင်းခါယမ်းလိုက်သည်။
ပုဖန်က လက်ညှိုးလေးကြွဖို့ရန်ပင် အလွန်ပျင်းရိနေသောကြောင့် သူ့ကို တိတ်တဆိတ်သာ စိုက်ကြည့်နေလိုက်သည်။ထို့နောက် အစိမ်းရောင်မီးခိုးငွေ့များ ပေါ်လာပြီးနောက် သူ့လက်ထဲသို့ မဟူရာလိပ်ခုံးဒယ်အိုး ရောက်လာလေသည်။
"မင်း...ဘာလုပ်ဖို့လဲ....."
နန်ကုန်းမင်၏ ဘေးနား၌ ရပ်နေသော တန်ခိုးရှက်လူငယ်၏ အမူအရာက စိုးရိမ်တကြီး ဖြစ်သွားသည်။သူ့၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး ပုဖန်လက်ထဲမှ အနက်ရောင်ဒယ်အိုးကိုသာ မလွှဲတမ်း စိုက်ကြည့်နေလေသည်။သူ ထိုအနက်ရောင် ဒယ်အိုးကို တကယ့်ကို ကြောက်ရွံ့နေလေသည်။
"မင်းတို့ ဒီမှာ ဘာလုပ်နေသေးတာလဲ.....တကယ်လို့ မင်းတို့ ထွက်မသွားချင်သေးဘူးဆိုရင်လည်း ဆက်ရပ်နေလိုက်လေ ပြီးမှ ငါသတိမပေးဘူးလို့ မပြောနဲ့နော်......."
ပုဖန်က ထိုသူနှစ်ယောက်ကို ထပ်၍ပင် အဖက်မလုပ်ချင်တော့သောကြောင့် တခါတည်း ပြောလိုက်သည်။
ထို့နောက် ပုဖန်က လေထဲ၌ လည်နေသော မဟူရာလိပ်ခုံး ဒယ်အိုးအောက်သို့ ကြမ်းတမ်းခြင်းတစ်သောင်း ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။
ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က တောက်ပလှသော အလင်းရောင်များနှင့်အတူ ပြင်းထန်လှသော အပူများကို ထုတ်လွင့်လိုက်သည်။အချိန်ခဏအတွင်းမှာပင် ဒယ်အိုးထဲမှ ဆီများ ပွက်ပွက်ဆူလာလေ၏။
ပုဖန်က မီးဖိုချောင်ဘက်ဆီသို့ လှည့်ဝင်သွားလိုက်ပြီးနောက် ခဏအတွင်းမှာပင် ပုံးတစ်ပုံးကို ဆွဲယူ ပြန်ထွက်လာခဲ့သည်။ထိုပုံးဆီမှ ပြင်းထန်လှသော အနံ့ဆိုးများ တလူလူ ထွက်နေလေသည်။
ဆိုင်အပေါက်ဝ၌ ရပ်နေဆဲ ဖြစ်သော နန်ကုန်းမင်နှင့် တန်ခိုးရှင်လူငယ်က ပုဖန် ဘာဆက်လုပ်မည်ကို သိချင်နေကြသည်။
"သူက ဟင်းပွဲချက်ဖို့ ပြင်နေတာလား.....လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက်နဲ့ ဒီနေရာမှာပဲ ချက်ပြုတ်တော့မှာလား....."
သူက ကလေးဆန်လွန်းပြီး အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။သက်စောင့်ဆေးဖြင့် ဝယ်သူအများအပြားကို ဆွဲဆောင်နိုင်ရန် အတွက် နန်ကုန်းမိသားစုတောင်မှ အချိန်ပေါင်းများစွာ ယူ၍ ကြိုးစားခဲ့ရခြင်းဖြစ်သည်။နန်ကုန်းမင်က ပုဖန် ဘာဆက်လုပ်မည်ကို သိချင်သောကြောင့် လက်ပိုက်၍ စောင့်ကြည့်လိုက်သည်။
"မင်းဘာပဲလုပ်လုပ်....မင်းရဲ့ စားသောက်ဆိုင်က စီးပွားမဖြစ်ဘူးဆိုတဲ့ အဖြစ်အမှန်ကိုတော့ ပြောင်းလဲလို့ရမှာမဟုတ်ဘူး....ဟမ်း...."
နန်ကုန်းမင်က စိတ်ထဲမှနေ၍ အေးစက်စွာပြုံးလိုက်သည်။ပုဖန်က သူ့လက်ထဲမှ ပုံးကို မြေပြင်ပေါ် ချလိုက်ပြီး နှာခေါင်းပိတ်၍ အသက်တစ်ချက် ရှိုက်ထုတ်လိုက်သည်။
ထိုတို့ဟူးပုပ်က အရသာရှိလှသော်လည်း အနံ့က မခံနိုင်စရာကောင်းလွန်းလှပေသည်။ပွက်ပွက်ဆူနေသော ဆီပူအိုးမှအပူငွေ့များပင် လှိုင်လှိုင်ထွက်လာပေပြီ။ပတ်ဝန်းကျင်၌ ရှိနေကြသော လူအုပ်ကြီးကလည်း ပုဖန် ရှိရာဆီသို့ စိုက်ကြည့်နေကြသည်။သူတို့ ပုဖန် ပြုလုပ်သည့်အရာကို သိချင်နေကြ၏။
ထိုဆိုင်ပိုင်ရှင်က သက်စောင့်ဆေးကို မသန့်စင်နိုင်ကြောင်းတော့ ထင်ရှားလှပေသည်။ထိုဆိုင်ပိုင်ရှင်က ဟင်းပွဲချက်လုပ်မည်များ ဖြစ်နေမည်လား။
စိတ်ဝင်စားစရာကောင်းလှသည်။
ထိုလူက တကယ့်ကို ရဲရင့်လှပေသည်။ရသာမျိူးစုံ အစာခံဆေးလုံးများ ရောင်းချသည့် ပတ်ဝန်းကျင်၌ စားသောက်ဆိုင်တစ်ဆိုင် အမှန်တကယ် လာရောက်ဖွင့်လှစ်ရဲပေသည်။အထူးသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ လုံးဝ ပျောက်ကွယ်သွားသည့် မြူကောင်းကင် မြို့တွင်ဖြစ်သည်။
ဟုတ်သည်။ထိုသူက လုံးဝကို အရှုံးမပေးသေးပေ။သူက ယခုထိတိုင်အောင် ကြိုးစားအားထုတ်နေဆဲ ဖြစ်သည်။သို့သော်လည်း သူမည်မျှပင် ကြိုးစားအားထုတ်စေကာမူ မြူကောင်းကင် မြို့ထဲ၌ စားသောက်ဆိုင်တစ်ဆိုင် ဝင်ရောက်လောက်ရအောင် တုံးအသည့်သူ မည်သူမှမရှိပေ။
ပုဖန်က ပုံးထဲမှ အနက်ရောင်သန်းနေသောတို့ဟူးပုပ်ကို တူဖြင့် ညှပ်ယူလိုက်ပြီး အိုးထဲသို့ ထည့်လိုက်သည်။သူ့၏ အမုအရာက အရင်ကနဲ့တူညီစွာပင် အေးဆေးတည်ငြိမ်နေတုန်းဖြစ်သည်။
ရွဲ......
ပွက်ပွက်ဆူနေသော ဆီပူအိုးဆီမှ ရှဲခနဲ မြည်သံနှင့်အတူ အငွေ့တထောင်းထောင်းထွက်ပေါ်လာပြီး ပြင်းထန်လှသော အနံ့ဆိုးများပါ လိုက်ပါလာလေသည်။
မဟူရာလိပ်ခုံး ဒယ်အိုးရှေ့တည့်တည့်၌ ရပ်နေသောနန်ကုန်းမင်က ထိုတို့ဟူးပုပ်၏ ဆိုးရွားလှသော ရနံ့ကို အရင်ဆုံးရရှိလိုက်သူဖြစ်သည်။သူ့၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။အထင်အမြင်သေးသော အကြည့်များက ထိတ်လန့်မှုများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရွံရှာမှုက အထင်းသားထွက်ပေါ်လာသည်။
သူ့၏ မျက်နာက အစိမ်းရောင်အဖြစ်သို့ပင် ပြောင်းလဲနေပေပြီ။တို့ဟူးပုပ်ရနံ့၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသောကြောင့် သူ့မျက်ဝန်းများက ပြူးကျယ်နေပြီး ခန္ဓာကိုယ်က စတင်တုန်ခါလာသည်။
ဝေါ့....
"အဲ့ဒါ ဘာကြီးလဲ....ဒီလူက ရူးနေတာလား သူဘာတွေချက်နေတာလဲ ဘာလို့ အဲ့ဒီလောက်တောင် အနံ့ဆိုးနေတာလဲ....."
ထိုအနံ့ဆိုးများကြောင့် သူမူးဝေလာပြီး သူ့၏ ခန္ဓာကိုယ်ပင် ပျက်စီးသွားသည်ဟု ခံစားလိုက်မိသည်။နန်ကုန်းမင်က နှာခေါင်းကို ပိတ်၍ အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်မိသည်။သူ့၏ ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ယင်နေပေသည်။
သူ အနက်ရောင်အရာများကို အနည်းငယ်မျှပင် အမူအရာပျက်ယွင်းခြင်းမရှိပဲ အိုးထဲသို့ ပစ်ထည့်နေသည့် ပုဖန်ကို ကြည့်ရင်း နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်သွားသည်။
"ဒီလူက တကယ့်ကို ရူးသွားပြီ....."
ထိုလူက တကယ့်ကို မနာလိုမှုကို ခံစားနေရသောကြောင့် အဆာခံဆေးလုံးများ ရောင်းချသည့် နေရာဒေသကို ဖျက်စီးရန် ကြိုးစားနေပေသည်။
ဒီလူက လူများစွာ စုဝေးနေသော နေရာ၌ ပွက်ပွက်ဆူနေသော အနံ့ဆိုးများကို ထုတ်လွှင့်နေရန် ကြိုးစားနေပေသည်။ထိုလူ၏ စိတ်က မည်မျှ လိမ်လည် ကောက်ကျစ် လှည့်ဖျားလိုက်ပါသနည်း။
သူ့၏ စိတ်ထဲ၌ ဒေါသများပင် ပွက်ပွက်ဆူလာသည်။သူက ထိုအနံ့ဆိုးများကို သည်းမခံနိုင်တော့သောအခါ၌ တန်ခိုးရှင် လူငယ်ကို ခေါ်ဆောင်၍ ထိုနေရာမှ အဝေးသို့ ထွက်ပြေးလေတော့သည်။
အနံ့ဆိုးများ အလုံးအရင်းနှင့် ရိုက်နှက်ခံရမှုကြောင့် သူ ငိုကြွေးလုနီးပါးပင်ဖြစ်နေသည်။သူ့၏ ပုံစံက ကြိမ်ပေါင်းထောင်သောင်းများစွာ အနိုင်ကျင့်ခံရသော မိန်းမပျိုလေးနှင့်ပင် ဆင်တူနေပေသည်။နန်ကုန်းမင်၏ စိတ်ထဲ၌ မကျေမချမ်းမှုနှင့် ဒေါသများဆူပွက်နေသည်။
"ငါက ဘာကြောင့် အဲ့ဒီလောက်ထိ တုံးအရတာလဲ ဘာကြောင့်များ အဲ့ဒီဒယ်အိုးအရှေ့တည့်တည့်မှာမှ သွားရပ်နေမိရတာလဲ....."
မစင်ကဲ့သို့ ပုပ်စပ်နေသော အနံ့များကပတ်ဝန်းကျင်သို့ပါ လွင့်ပျံလာသောအခါ၌ လူအုပ်ကြီးကလည်း စတင် ညီးညူလာခဲ့သည်။စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို မြင်ရရန် မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေသော လူအုပ်ကြီး၏ မျက်နှာအမူအရာက မဲမှောင်သွားသည်။
သူတို့တဖြေးဖြေး တဖြေးဖြေးနောက်ဆုတ်သွားကြပြီး တိမ်ခိုးစားသောက်ဆိုင်နှင့် ဝေးရာနေရာသို့ အလျှင်အမြန်ပင် ထွက်သွားကြလေသည်။ထိုဆိုးရွားလှသော အနံ့နှင့်ပင် သေနိုင်ပေသည်။
အစောပိုင်းအချိန်က သက်စောင့်ဆေးဆိုင်များမှ ထွက်ပေါ်လာသော မွှေးရနံ့များက ဆယ်မိုင် ပတ်ဝန်းကျင်သို့ ပြန့်နှံ့နေခဲ့သည်။သို့သော် ယခုအခါ၌ ဆယ်မိုင် ပတ်ဝန်းကျင်၌ အနံ့ဆိုးများဖြင့်သာ ဖုံးလွှမ်းနေပေသည်။
သက်စောင့်ဆေးဆိုင်များမှ ထွက်ပေါ်လာသော မွှေးကြိုင်သင်းပျံ့သည့် ရသာမျိုးစုံ အဆာခံ ဆေးပြားများ၏ ရနံ့က အနံ့ဆိုးများ၏ ဖျက်စီးခြင်းကို ခံလိုက်ရပေပြီ။
"ဒီလူက တကယ့်ကို ယုတ်မာတာပဲ....အခုငါတို့ ဒီရသာမျိုးစုံ အဆာခံဆေးလုံးမျိုးကို ဘယ်လိုဝယ်ယူရတော့မလဲ.....တကယ်လို့ ဝယ်လို့ရတယ်ဆိုရင်တောင်မှပဲ စားလို့ ရပါဦးတော့မလား....."
သူက လူအများရှိသော နေရာ၌ တကယ့်ကို အပုပ်အစပ်များ ချက်ပြုတ်ရဲပေသည်။ဒီလူ တကယ့်ကို ရူးသွပ်နေပေသည်။ထို့နောက် သူတို့ကို အံ့အားသင့်စေနိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အပုပ်အစပ်များကို ချက်ပြုတ်နေသော လူငယ်က အဝါရောင်သန်းနေသော အနက်ရောင်တုံးလေးများကို ယူလိုက်ပြီးနောက် ပန်းကန်ထဲ ထည့်လိုက်သည်။ထိုပန်းကန်လုံးထဲသို့ အရသာအချို့ ဖြူးထည့်လိုက်သည်။သူထို အနက်တုံးလေးတစ်ခုကို ကောက်ယူပြီးနောက် သူ့၏ ပါးစပ်ထဲ ထည့်လိုက်လေသည်။
လူအုပ်ကြီးက ကြောက်စရာမြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ မျက်ဝန်းများ ပြူးကျယ်လာပြီး လေအေးများ ရှုရှိုက်လိုက်မိသည်။
"ဒီကောင်လေးက မစင်တွေကို ချက်ပြုတ်ရုံတင်မကဘူး သူကိုယ်တိုင်လည်း စားတယ်....."