အခန်း ၄၂၃
ဘုရားရေ... ငါတို့ရဲ့နတ်သမီးလေးက မစင်တွေစားနေတယ်...
တို့ဟူးပုပ်၏ ရနံ့ကို လေပြေများက သယ်ဆောင်သွားသောကြောင့် ဧရိယာတစ်ခွင်လုံးကို ပြန့်နှံ့သွားပေသည်။အလွန်ပြင်းထန်လှသော အပုပ်နံ့က ဆယ်မိုင်ထက်ပင် ကျော်လွန်၍ ပျံ့နှံ့သွားပေ၏။
တိမ်ခိုးစားသောက်ဆိုင် ပတ်ဝန်းကျင်၌ ရှိနေကြသော လူအုပ်ကြီးက ထိုအနံ့ဆိုးများကြောင့် အနောက်သို့ ဖယ်ခွာသွားကြသည်။ထိုအနံ့ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ မျက်နာများကလည်း ရှံ့မဲ့ မှောင်မဲလာသည်။
ဆိုင်ရှေ့၌ ရပ်ပြီး ထိုအပုပ်အစပ်ကို စားသုံးနေသော လူငယ်ကြောင့် သူတို့အားလုံး အံ့အားသင့်ထိတ်လန့်နေကြသည်။
"အဲ့ဒါက စားလို့ရတဲ့ ပစ္စည်းလား......ဒါမှမဟုတ် အဲ့ဒီလူငယ်ရဲ့ အရသာခံ အာရုံတွေက ပျက်စီးနေတာလား.....ဒါမှမဟုတ်သူက သူတို့စားချင်အောင်လို့ လိမ်လည်လှည့်ဖျားနေတာလား......"
အရသာမျိုးစုံအဆာခံဆေးလုံးမှ ထွက်လာသော ရနံ့များပင်လျှင် ထိုအပုပ်နံ့ကို မဖိနှိမ့်နိုင်ပေ။ထိုလူငယ်က ထိုအရာများအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေပုံပေါ်လေသည်။
ပုဖန် ထိုအပုပ်အစပ်ကို ပါးစပ်ထဲ ထည့်လိုက်သည်ကို လူတိုင်းကမြင်လိုက်ကြသည်။သူထိုတို့ဟူးပုပ်ကို ကိုက်လိုက်သည်နှင့် ဆီအရည်များ စိမ့်ထွက်လာ၏။ ထိုအရည်များက တောက်ပနေပြီး အနက်ရောင်အစက်အပျောက် အနည်းငယ် ပါဝင်နေလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူအားလုံး ရွံရှာ ရှုံ့မဲ့သွားကြသည်။အနံ့ဆိုးဒဏ်ကို ထိထိမိမိ ခံခဲ့ရသော နန်ကုန်းမင်က အဝေး၌သာသွား၍ ပုန်းအောင်းနေလိုက်သည်။သူထိုတိမ်ခိုးစားသောက်ဆိုင်နားကို ထပ်၍ သွားရန် ဆန္ဒမရှိတော့ပေ။
ပုဖန်၏ အရူးအမူး စွဲလမ်းနေပုံရသော မျက်နာကို မြင်ရခြင်းက တုန်လှုပ်ခြောက်ခြားစရာကောင်းလှသည်။ပုဖန်က ထိုအပုပ်အစပ်ကို စားနေရင်းဖြင့် သူ့မျက်နာပေါ်၌လည်း ကျေနပ်နှစ်သိမ့်မှုက အထင်းသားပေါ်လွင်နေသည်။ထိုရွံရှာဖွယ်ကောင်းသည့်အရာကို မည်ကဲ့သို့များ စားနိုင်ပါသနည်း။နန်ကုန်းမင်၏ စိတ်ထဲမှ ရောက်တက်ရာရာပင် တွေးလိုက်မိသည်။
"ငါ အဲ့ဒီစားသောက်ဆိုင်ကို အရမ်းပဲ ဖိအားပေးခဲ့မိတာလား.....အဲ့ဒါကြောင့် ဒီလူက သက်သက်မဲ့ လူတွေအများကြီး ရှိတဲ့ အရှေ့မှာတောင်မှ ဒီမစင်လို အပုပ်အစပ်တွေကို စားပြနေတာလား....."
သူ ထိုအကြောင်းကို ပို၍တွေးလေလေ ထိုကိစ္စက မှန်သည်ဟု ခံစားရလေလေပင် ဖြစ်သည်။သူက ပုဖန်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။သူ့၏ အကြည့်များက နှစ်လိုဖွယ်မရှိသည့် အကြည့်များ အဖြစ်သို့ ပြောင်းလဲနေပေပြီ။သူပုဖန်ကို အလွန်လိမ်လည် ကောက်ကျစ်တက်သော သူတစ်ယောက်ဟု ခံစားနေမိသည်။
သို့သော်လည်း အနံ့ဆိုးများက သူ့၏ စိတ်ထဲ စွဲထင်ကျန်နေပြီး အန်ချင်စိတ်ကို ခံစားနေရတုန်းပင် ဖြစ်သည်။နန်ကုန်းမင်က ပုဖန်နှင့် သဘောတူညီမှု ရရှိမည့်နည်းလမ်းကို စတင်၍ စဉ်းစားလိုက်သည်။ထိုအနံ့ဆိုးများက အလွန့်အလွန် ပြင်းထန်လွန်းလှ၏။
ထို့ကြောင့် အရသာမျိုးစုံ အဆာခံဆေးလုံးများကို ဝယ်ယူချင်သည့်သူများပင်လျှင် ချက်ချင်း ပြေးထွက်သွားကြသည်။ခဏအတွင်းမှာပင် စည်းကားနေသောလမ်းမထက်၌ လူများ ပြောင်ရှင်းနေလေပေ၏။
ထိုကဲ့သို့ ရွံရှာစက်စုပ်ဖွယ် အပုပ်အစပ်နံ့ကို ရှုရှိုက်ပြီးသည့်နောက် မည်သူက ရသာမျိုးစုံ အဆာခံဆေးလုံးကို ဝယ်ချင်ပါဦးမည်နည်း။
ဒယ်အိုးအတွင်းမှ အနက်နှင့် အဝါ ရောနှောနေသော ထိုအရာကို သူတို့ဘဝတစ်လျှောက် တခါမှ မမြင်ခဲ့ဖူးပေ။
ပုဖန်က အေးဆေးတည်ငြိမ်စွာဖြင့်ပင် ဆက်လက်၍ ကြော်နေသည်။သူက ပတ်ဝန်းကျင်ရှိလူများ၏ ရွံရှာဖွယ်အကြည့်များကို ခံစားရပုံမပေါ်ပေ။
သူ့ပါးစပ်ထဲမှ တို့ဟူးပုပ်၏ အရသာက အလွန် ကောင်းလွန်းလှသည်။ထိုအရသာက လူများ၏ စိတ်ကို ညှို့ယူ ဆွဲဆောင်နိုင်လေ၏။အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ ထိုရနံ့ဆိုးများက ပို၍ပင် ပြင်းထန်လာပြီးလူများက ပို၍ စိတ်ဆိုး ဒေါသထွက်လာကြသည်။
ထို့နောက် သက်စောင့်ဆေးဆိုင်ပိုင်ရှင်များက ပုဖန်ကြောင့် သူတို့၏ ဝယ်သူများ ဆုံးရှုံးခံရလေရာ မခံနိုင်မရပ်နိုင် ဒေါသထွက်နေလေရာ သူ့ထံသို့ ဦးတည်လာကြသည်။သူက ပုဖန်၏ ဆိုင်ရှေ့၌ သွားလိုက်ပြီး စိတ်ဆိုး ဒေါသထွက်စွာဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။သူတို့က ပုဖန်၏ ရိုင်းစိုင်းကြမ်းတမ်းလှသော အပြုအမူကို ချက်ချင်းပင် ရပ်တန့်စေချင်ကြသည်။
"ဘယ်လိုလူမျိုးက အပုပ်အစပ်တွေကို လူပုံအလယ်မှာ ချက်ရဲတာလဲ.....ဘယ်လိုလူမျိုးကလည်း လူပုံအလယ်မှာ ဒီအပုပ်အစက်တွေကို စားရဲတာလဲ......"
အထူးသဖြင့် အရသာမျိုးစုံ အဆာခံ ဆေးလုံးရောင်းချနေသောနေရာ၌ ဖြစ်သည်။သူ့ပတ်ဝန်းကျင်ရှိ ဆိုင်ပိုင်ရှင်များစွာက နန်ကုန်းမိသားစုနှင့် လက်တွဲထားကြသော အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။သူတို့အားလုံးက ထိုရသာမျိုးစုံ အဆာခံ ဆေးလုံးများအားလုံးကို ရောင်းချခွင့်ရနိုင်အတွက် ပမာဏတစ်ခုကို ပေးချေထားခဲ့ရသည်။
အရသာမျိုးစုံ အဆာခံဆေးလုံးကို ရောင်းချရာမှ ရရှိသည့် ဝင်ငွေက သူတို့ပေးချေထားရသည့် ပမာဏထက် မများလျှင်....
ထိုဆုံးရှုံးမှုဒဏ်ကို သူတို့ ခံနိုင်လိမ့်မည်မဟုတ်ပေ။
ဒီဒေသအတွင်း၌ ဆိုင်ခွဲ ဖွင့်လှစ်ခွင့်ရခဲ့သည့်အတွက် သူတို့၏ အလားအလာများက အလွန်ပင် တောက်ပနေခဲ့သည်။သူတို့အားလုံးက သလင်းကျောက်များ ပမာဏများများ အမြတ်အစွန်းရရှိရန် မျှော်လင့်ထားခဲ့ကြသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က ဒီနေရာသို့ လာပြီး မစင်များကို ပြင်ဆင်ချက်ပြုတ်လိမ့်မည်ဟု တော့ သူတို့ မမျှော်လင့်ထားခဲ့မိပေ။ထိုလူက သူတို့၏ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ချင်နေပုံရလေသည်။
သူတို့အလွန်ဆိုးရွားလှသည့် အနံ့ဆိုး၏ နှိပ်စက်မှု ဒဏ်ကို ခံနေရသည့်တိုင်အောင် ပုဖန်ကို နှိမ်နှင်းရန်အတွက် အတူတကွ ပူးပေါင်းလိုက်ကြသည်။
"မင်း အဲ့ဒါဘာတွေလုပ်နေတာလဲ......အခုမြန်မြန် ရပ်လိုက်စမ်း...ဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေအကုန်လုံးကို ရွံရှာအောင် ဒုက္ခပေးနေတာရပ်လိုက်....."
"မင်း ဒီလိုပုံစံမျိုးနဲ့များ ဘယ်လိုလုပ် စီးပွားရေးအလုပ်လုပ်နေတာလဲ....."
"ဘယ်လိုလူမျိုးကများ သူတို့ဆိုင်ရှေ့မှာ ဒီမစင်လို အပုပ်အစပ်တွေကို ချက်ပြုတ်နိုင်ရတာလဲ....."
".သေချင်းဆိုးလေး.....ငါ့ စီးပွားရေး ဆုံးရှုံးသွားရင် မင်းကြောင့်ပဲ ငါမင်းရဲ့ စားသောက်ဆိုင်ကို သေချာပေါက် တစ်စစီဖြစ်အောင် ဖြိုဖျက်ပစ်မယ်......"
သူ့အား ကျိန်ဆဲ ဆဲဆို အော်ဟစ်သံများကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူက တို့ဟူးပုပ်ကိုသာ ကြိုးကြိုးစားစား ချက်ပြုတ်နေခဲ့သော်လည်း ထိုသူများက သူ့ကိုလာ၍ နှောင့်ယှက်နေပေသည်။တို့ဟူးကြော်နေတာကို ရပ်လိုက်ပြီး သူနှင့်အနီးဆုံး အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကို ကြည့်လိုက်သသည်။
ထိုအဂ္ဂိရတ်ပညာရှင်က ကျိန်ဆဲနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် သူ့၏ ခေါင်းကို မတ်မတ်ထားလိုက်သည်။ထို့နောက် အေးစက်စွာပင် ပုဖန်ကို တန်ပြန် စိုက်ကြည့်လိုက်သည်။
"ကျုပ်ဆိုင်ရှေ့မှာ ကျုပ်ဘာသာ ဟင်းပွဲချက်နေတာက ခင်ဗျားတို့ကို အနှောင့်အယှက်ပေးမိလား....."
ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ အဆာခံဆေးလုံးတွေကို ကိုယ်ဘာသာကိုယ် ပြန်သွားရောင်းကြလေ.....ကျုပ်ကလည်း ကျုပ်ရဲ့ တို့ဟူးပုပ်ကို ရောင်းမယ်.... ဒီလိုဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေနိုင်တာပေါ့......"
ပုဖန်၏ အသံက ပုံမှန်အတိုင်းပင် အေးဆေး တည်ငြိမ်နေသည်။သို့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများက ပို၍ပင် ဆူပူအုံကြွလာလေ၏။
"ရောင်းဦးမယ်.....ဘုရားရေ ဒီလူက တကယ့်ကို ဦးနှောက်ပျက်နေတာလား....."
"သူက ဒီအပုပ်အစပ်တွေကို ရောင်းဖို့အတွက် ချက်နေတာလား.....ငါထင်တာက သူငါတို့ကို ရွံရှာအောင် လုပ်ဖို့အတွက် လုပ်နေတာလို့ ထင်ခဲ့တာ....."
".ဒီအပုပ်အစက်တွေကို ဝယ်ရအောင် ဘယ်သူက ဦးနှောက်ပျက်နေလို့လဲ.....ဒါမှမဟုတ် သူက ငါတို့အားလုံးကို ဦးနှောက်ပျက်နေတယ်လို့ ထင်နေတာလား....."
အနား၌ ရှိနေကြသေးသော ဝယ်သူများ၏ အမူအရာက လုံးဝ ပြောင်းလဲသွားသည်။သူတို့က ထိုတို့ဟူးပုပ်မှ လာသော ရနံ့များကို ပို၍ခံစားခဲ့ရသည်။ထို့ကြောင့်ပင် ပို၍ပင် ဆူညံပွက်လောရိုက်လာကြလေ၏။
"ဒီကမ္ဘာကြီးပေါ်မှာ ဘယ်လို ထူးဆန်းတဲ့ ကိစ္စတွေ လာဖြစ်နေတာလဲ.....ဒီပုပ်စပ်နေတဲ့ ပစ္စည်းက ဆိုးရွားတဲ့ အရသာရှိတယ်ဆိုတာ သိဖို့အတွက် ဘယ်သူက မြည်းကြည့်မှာလဲ ....ဘယ်သူကကော သလင်းကျောက်တွေ သုံးပြီး အဲ့ဒါတွေ ဝယ်မှာလဲ......"
တိမ်ခိုး စားသောက်ဆိုင်......
ထိုသို့ ရယ်စရာကောင်းလှသောဟင်းပွဲများကို လုပ်ဆောင်ခဲ့ခြင်းကြောင့်ပင် မြူကောင်းကင်မြို့တွင်းမှ စားသောက်ဆိုင်များအားလုံး ပျောက်ကွယ်သွားရခြင်းက အံ့သြစရာမဟုတ်တော့ပေ။နောက်ဆုံးကျန်ခဲ့သော စားသောက်ဆိုင်ပင်လျင် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး သူတို့မျက်နာသူတို့ စွန့်လွှတ်လိုက်ပေပြီ။
ဘေးနားရှိ လူများ၏ ဆူညံပွက်လောရိုက်သံများက ပုဖန်ကို နည်းနည်းမှ သက်ရောက်မှု မရှိပေ။သူ့၏ အမူအရာက သက်တောင့်သက်သာရှိပြီး အလွန်အေးဆေးတည်ငြိမ်စွာဖြင့်ပင် တို့ဟူးပုပ်များကို ဆက်လက်ကြော်နေသည်။
ပန်းကန်လုံးတစ်လုံးထဲသို့ တို့ဟူးပုပ်များ ဆယ်၍ ထည့်လိုက်ပြီး အပေါ်မှနေ၍ အရသာမှုန့်အနည်းငယ် ဖြူးလိုက်သည်။ထို့နောက် ပန်းကန်ကို စားပွဲပေါ်တင်လိုက်၏။
"ဒါက ငါ့ဆိုင်ရဲ့ ဟင်းပွဲ တို့ဟူးပုပ်ကြော် .....တစ်ပွဲကို သလင်းကျောက်တုံး ၂၀ ....အရသာကို မြည်းစမ်းကြည့်ချင်တဲ့ ဘယ်သူကိုမဆို ငါက ကြိုဆိုပါတယ်...."
ပုဖန်က အနားရှိ လူများအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး အေးတေးတည်ငြိမ်စွာပင် ပြောလိုက်သည်။အနား၌ ရှိနေကြသော သက်စောင့်ဆေးဆိုင်မှ အဂ္ဂိရတ်ပညာရှင်တိုင်းလိုက ပုဖန်၏ စကားကြောင့် ဒေါသထွက်သွားကြပြန်သည်။
သူတို့က ပုဖန်ကို စူးစူးရဲရဲပင် စိုက်ကြည့်လိုက်ကြ၏။
သူတို့ ပုဖန်၏ စကားကို နားကြားလွှဲမိသလားပင် ထင်နေကြသည်။မြူကောင်းကင်မြို့ထဲရှိ ပစ္စည်းများက စျေးကြီးသည်မှန်သော်လည်း ဟင်းပွဲတစ်ပွဲကို သလင်းကျောက်တုံး ၂၀ တော့မကျသင့်ပေ။
ထို မစင်ကဲ့သို့ ပုပ်စပ်နေသော ဟင်းပွဲတစ်ပွဲက သလင်းကျောက်တုံး ၂၀ မည်သို့မှ မတန်ကြောင်း သူတို့အားလုံး သဘောတူညီကြသည်။
"သလင်းကျောက်တွေက ဂေါ်ဖီလိုများ နေရာတိုင်းမှာ ရှာလို့တွေ့တယ်လို့ သူထင်နေတာလား....."
ဘေးပတ်ဝန်းကျင်မှ ငြင်းဆိုသံ ငြင်းပယ်သံများ ဆူညံစွာ ထွက်ပေါ်လာပြန်သည်။ပတ်ဝန်းကျင်၌ လူတိုင်း၏ မကျေမနပ်ပြောဆ်ိုသံများသာပြည့်နှက်နေလေသည်။တစ်ချို့သူများက ပုဖန်ကို တိုက်ခိုက်ပြီး ရပ်တန့်ပစ်ရန်အတွက် ဆိုင်နားသို့ပင် ချဉ်းကပ်လာကြသည်။
"ခင်ဗျားတို့ ကျုပ်ပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူးလား....ဒီဟင်းပွဲက တိမ်ခိုးစားသောက်ဆိုင်က ပထမဦးဆုံး ကြေညာတဲ့ ဟင်းပွဲပဲ....တကယ်လို့ ကျုပ်ကို တိုက်ခိုက်ချင်တဲ့သူရှိတယ်ဆိုရင်တော့....ပြီးမှ ကျုပ်ကို သနားညှာတာမှု မရှိဘူးလို့ အပြစ်လာမတင်နဲ့....."
ပုဖန်က သူ့အနားသို့ ကပ်လာသောလူတစ်ချို့ကိုကြည့်၍ ပြောလိုက်သည်။သူစကားပြော၍ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့၏ လက်ပတ်လည်၌ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ကြီးမားလှသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။သူက ဓားကို ပုခုံးပေါ် ထမ်းတင်လိုက်ပြီး သူ့၏ စွမ်းရည်များကို ပြသလိုက်သည်။
သူဓားကို ဝှေ့ယမ်းလိုက်သည်နှင့် လေပြင်းများ တိုက်ခိုက်လာပြီး ပတ်ဝန်းကျင်၌ ရှိသော လူများကို ဖိနှိမ့်လိုက်လေသည်။အဝေး၌ ရပ်နေသော နန်ကုန်းမင်က ပုဖန်ကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ပုဖန် ထိုကဲ့သို့ ဒုက္ခရောက်နေသည့် မြင်ကွင်းကို မြင်ရသည်ကို အလွန်ပျော်နေမိသည်။
ပုဖန်က အဆင်အခြင်မဲ့စွာဖြင့်ပင် ပတ်ဝန်းကျင်ရှိ လူများကို ရန်စပြီး ဒေါသထွက်စေခဲ့သည်။ထိုများပြားလှသော သူများက သူ့ကို မည်ကဲ့သို့ တစ်စစီ ဆွဲဖြဲမည်ကို နန်ကုန်းမင် မြင်လိုလှသည်။
ပုဖန်က နန်ကုန်းမင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။သူ့၏ အမူအရာက ပြောင်းလဲခြင်းပင် မရှိပဲ ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ တို့ဟူးတုံးများကို ပစ်ထည့်လိုက်ပြန်သည်။
"ဒီဟင်းပွဲကို ရောင်းမယ်လို့ ရှင်ပြောလိုက်တာလား......"
ရုတ်တရက် လူအုပ်ကြီး၏ နောက်ဘက်ဆီမှ ချိုသာကြည်မြသော အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာသည်။ထိုနေရာ၌ ရှိနေသော လူအုပ်ကြီးက ပုဖန်၏ မျက်နာချင်းဆိုင် ဆိုင်မှ ခန္ဓာကိုယ်လှပပြီး ဆံပင်နီနှင့် အမျိုးသမီးအတွက် လမ်းရှင်းပေးလိုက်ကြသည်။
သူမက လေထုထဲမှ အပုပ်အစပ်အနံ့များကို ဂရုမစိုက်သယောင် တဖြေးဖြေးချင်းလျှောက်လာခဲ့သည်။ထိုအမျိုးသမီး၏ အသားအရေက ဖြူဖွေးနူးညံ့နေ၏။သူမက မျက်နှာကာ တပ်ဆင်ထားသော်လည်း လှပသော မျက်လုံးလေးများကိုမူ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
သူမက ဆိုင်ရှေ့၌ ရပ်၍ တို့ဟူးပုပ်ကြော်ကို သေချာစွာ ကြည့်လိုက်သည်။ထို့နောက် ပုဖန်ဘက်သို့ မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်လေသည်။
"ဒီတို့ဟူးပုပ်ကို တိမ်ခိုးစားသောက်ဆိုင်ရဲ့ အထူးနည်းလမ်းနဲ့ ပြုလုပ်ထားတာဖြစ်တယ်....ဒါကြောင့်မလို့ တစ်ပွဲကို သလင်းကျောက်တုံး ၂၀ ကျသင့်တယ်....ငါ့ရဲ့ စားသောက်ဆိုင်က လူကြီးလူငယ်မရွေး ဘယ်သူကိုမဆို မျှတတဲ့ ဝန်ဆောင်မှုကိုပဲ ပေးတယ်....."
ပုဖန်က ပြောလိုက်သည်။
"ရှင် ချက်ပြုတ်နေတာက ကျွန်မတို့ နန်ကုန်းမိသားစုရဲ့ သက်စောင့်ဆေး ရောင်းဝယ်ဖောက်ကားမှုကို အနှောင့်အယှက်ပြုနေတယ်ဆိုတာ ရှင်သိလား .....အခု ဒီဟင်းပွဲကို ရှင်က ရောင်းဖို့အတွက် ချက်တယ်လို့ ပြောမှတော့ ကျွန်မ အဲ့ဒီဟာကို မြည်းကြည့်မယ်....တကယ်လို့ အဲ့ဒီဟာက စားလို့မရဘူးဆိုရင်တော့ ရှင် အခုချက်ချင်း ချက်ပြုတ်တာကို ရပ်ပြီး ဆိုင်ကိုလည်း ချက်ချင်း ပိတ်သိမ်းရမယ်......တကယ်လို့ ရှင်က စားသောက်ဆိုင် နောက်တခါ ထပ်ဖွင့်ရဲမယ်ဆိုရင် ရှင်ဘယ်တော့မှ မျက်နာမပြရဲအောင်လို့ လုပ်ပစ်လိမ့်မယ်....ငါ နန်ကုန်းဝမ်က အဲ့ဒီလိုမျိုး တက်နိုင်တယ်ဆိုတာကို ရှင်သိစေရမယ်...."
ထိုဆံပင်နီနှင့် အမျိုးသမီးက ပုဖန်ကို စူးစိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။
"စားလို့ရမယ်ဆိုရင်ကော....."
ပုဖန်က ထိုအမျိုးသမီးကို ကြည့်၍ မေးခွန်းထုတ်လိုက်သည်။ထိုဆံပင်နီနှင့် အမျိုးသမီးကို ဘယ်သူမှန်းမသိသော်လည်း ထိုအမျိုးသမီး၏ ပုံပန်းသွင်ပြင်အရ သူ့အတွက် အခွင့်သာမှု ရနိုင်သည်။
"စားလို့ရတယ်ဆိုရင်တော့ ရှင့်ရဲ့ အစားအစာတွေကို ရှင်ဆက်ပြီး ရောင်းနိုင်တယ်.....ငါနန်ကုန်းဝမ်က ရှင့်ကို ဘယ်တော့မှ နှောင့်ယှက်ပေးတော့မှာမဟုတ်ဘူး......"
နန်ကုန်းဝမ်က ခေါင်းမော့၍ ပြတ်သားစွာ ပြောလိုက်သည်။
"ကောင်းပြီ....."
ပုဖန်က ခေါင်းညိတ်၍ ပြောလိုက်ပြီး တို့ဟူးပုပ်တစ်ပွဲကို လှမ်းယူလိုက်သည်။ထို့နောက် တို့ဟူးပုပ်ပန်းကန်ကို လေထဲမှနေ၍ သူမဆီ ပစ်ပေးလိုက်သည်။ပန်းကန်က လေထဲမှနေ၍ တဖြေးဖြေးချင်းလည်၍ သူမဆီသို့ ပျံသန်းသွားလေသည်။
"နန်ကုန်းမိန်းကလေးက ဒီရွံစရာကောင်းတဲ့ အစားအစာကို စားဖို့ တကယ်ပဲ သဘောတူလိုက်တာလား ..."
"အိုး.....ဘုရားရေ ဒီမိန်းကလေးကကော ရူးသွားပြီလား.....သူမ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး တောင်းဆိုမှုမျိုးကို လက်ခံလိုက်တာလဲ....."
".မစားပါနဲ့ ဒီလိုမျိုး မစင်လို အစားအစာကိုသာ စားလိုက်မယ်ဆိုရင် ငါ့စိတ်ကူးထဲက နတ်သမီးလေးလိုမျိုးမိန်းကလေးရဲ့ ပုံရိပ်က ပျက်စီးသွားလိမ့်မယ်....."
နန်ကုန်းဝမ်က အလွန်ပင် ပုပ်စပ်လှသော ထိုအစားအစာကို သူမကိုယ်တိုင်မြည်းကြည့်မည်ကို သိလိုက်ရသောအခါ အနား၌ရှိနေသော သူများအားလုံးက စိုးရိမ်တကြီး ဝမ်းနည်းစွာဖြင့် အော်ဟစ်ကြလေတော့သည်။
အနား၌ ရှိနေသော အမျိုးသားတစ်ချို့က စိတ်မှတ်မဲ့ စ ွာဖြင့် မျက်လုံးများ ပြူးကျယ်ပြီး သူတို့၏ ဆံပင်များကိုပင် စောင့်ဆွဲနေမိကြသည်။
နန်ကုန်းဝမ်က နန်ကုန်းမိသားစု အဆင့်အမြင့် အကြီးအကဲ၏ မြေးမလေးဖြစ်သည်။
သူမ၏ ပါရမီက အလွန်ပင် မြင့်မားလှသည်။အဂ္ဂိရတ်ကျောင်းတော်၌ အချိန်ခဏမျှ ပညာသင်ကြားပြီးနောက် ဆေးလုံး အဆောက်အဦးတွင် စစ်ဆေးမှုကို ချိုးဖျက်အောင်နိုင်ခဲ့ပြီး တိမ်တစ်စ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ဖြစ်လာခဲ့သည်။
သူမက မြူကောင်းကင်မြို့မတွင်း၌ရှိသော အမျိုးသားအများစု၏ နတ်သမီးပင်ဖြစ်သည်။သူတို့အားလုံးက သူမထိုကဲ့သို့ လုပ်မည်ကို လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
နန်ကုန်းဝမ်က ပုဖန် သူမဆီသို့ ပစ်လွှတ်လိုက်သော ပန်းကန်ကို အသာအယာ ဖမ်းယူ လိုက်သည်။
ထိုဟင်းပွဲက တကယ့်ကို နံဆော်လွန်းလှသည်။သူမ တကယ့်ကို ရွံရှာနေမိသည်။သို့သော်လည်း သူမ မြည်းစမ်းကြည့်မည်ဟု ပြောခဲ့ပြီးပြီဖြစ်သောကြောင့် သူမ၏ စကားကို ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။
သူမ၏ မျက်နှာကာကို ဖွင့်ဟလိုက်လေရာ အလွန်တရာ လှပလှသော မျက်နာလေး ပေါ်ထွက်လာလေသည်။
သူမ၏ လှပမှုကို မြင်လိုက်သည့် မည်သူမဆို အသက်ရှူပင် ရပ်သွားပေလိမ့်မည်။သို့သော်လည်း ယခုလက်ရှိအချိန်၌ သူမအလှတရားကို အာရုံစိုက်မိသူ မရှိပေ။
အားလုံးက သူမလှုပ်ရှားမှုများကိုသာ အာရုံစူးစိုက်နေကြသည်။သူမက တို့ဟူးကြော်တစ်ခုကို ကောက်ယူလိုက်ပြီး နီမြန်းလှသော နှုတ်ခမ်းနားသို့ သယ်ဆောင်သွားသည်ကို အားလုံး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။သူတို့ စိတ်ထဲမှ စိုးရိမ်ပူပန်လာပြီး အာရုံကြောများပင် ထုံကျင်လာသလို ခံစားနေရသည်။
"ဘုရားရေ ငါတို့ရဲ့ နတ်သမီးလေးက မစင်တွေကို စားနေတယ်......"
ထိုအတွေးတစ်ခုတည်းကသာ သူတို့အားလုံး၏ စိတ်ထဲ၌ လွှမ်းမိုးထားလေသည်။နောက်ခဏ၌ ဖြစ်ပေါ်လာသည့် မြင်ကွင်းက သူတို့အားလုံးကို ထိတ်လန့် အံ့သြသင့်သွားစေသည်။
သူတို့၏ နတ်သမီးလေးက တို့ဟူးပုပ်ကို စားပြီးနောက် သူတို့ထင်ထားသကဲ့သို့ စိတ်မကျေမနပ် မဖြစ်ပဲ နောက်ထပ်ယူ၍ ထပ်စားလိုက်ပြန်သည်။
"ဘုရားရေ ငါတို့ရဲ့ နတ်သမီးလေးက မစင်တွေ စားရတာကို ကြိုက်တယ်......"
တို့ဟူးပုပ်ကို ပလုပ်ပလောင်း စားနေသော နန်ကုန်းဝမ်ကို ကြည့်၍ အနား၌ ရှိသော လူများအားလုံး သူတို့ကို မိုးကြိုးတည့်တည့် ပစ်ချလိုက်သလိုပင် ခံစားလိုက်ရသည်။
သူတို့အားလုံး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြင့် နောက်ထပ် တို့ဟူးကြော်ကို ထပ်စားနေသောနန်ကုန်းဝမ်ကိုသာ ကြောင်အကြည့်နေမိကြသည်။
"ဒီကမ္ဘာပေါ်မှာ ဘယ်လိုထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်ပျက်နေရတာလဲ......"
လူအားလုံး အံ့အားသင့်ထိတ်လန့်နေကြသော်လည်း ပုဖန်ကတော့ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။လှပလှသော မိန်းမပျိုက သူ့၏ တို့ဟူးပုပ်ကို အငမ်းမရ စားနေသည့် မြင်ကွင်းအား သူ မျက်ဝန်းများ မှေးစင်း၍ ကြည့်နေလိုက်သည်။
တစ်ခြားဟင်းပွဲများနှင့် နှိုင်းယှဉ်လိုက်လျှင် တို့ဟူးပုပ်က ထူးဆန်းသော ဟင်းပွဲတစ်ပွဲ ဖြစ်သည်။တို့ဟူးပုပ်၏ အရသာကို မြည်းကြည့်ပြီးနောက် သူ့၏ ကောင်းမွန်မှုကို တောင့်ခံနိုင်သူ များစွာ မရှိဟု သူယုံကြည်ထားပေသည်။
နန်ကုန်းဝမ်က နောက်ဆုံးသော တို့ဟူးတစ်ခုကို မြိုချလိုက်သည်။သူမ၏ နှုတ်ခမ်းနီနီလေးများက တို့ဟူးပုပ်မှ စိမ့်ထွက်လာသောဆီများကြောင့် စိုရွှဲနေပေသည်။သူမ သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်လေရာ လှပလှသော ခန္ဓာကိုယ်လေးပင် အနည်းငယ် ယိမ်းခါ သွားသည်။
သူမက ပုဖန်ကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်သည်။သူမ၏ အနီရောင် နှုတ်ခမ်းလေးက ခပ်ဟဟဖွင့်ဟပြီး အသက်ရှူသံများပင် အနည်းငယ် ပြင်းထန်နေသည်။ထို့နောက် သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ပဲ ညှင်သာ နူးညံ့လှသော အသံဖြင့်ပြောလိုက်၏။
"နောက်ထပ် တို့ဟူးကြော် တစ်ပွဲ ထပ်ရနိုင်ဦးမလား......"