အခန်း ၄၂၄
ငါတို့နတ်ဘုရားမလေးစားတဲ့ ဟို့ဟူးပုပ်...
မြူကောင်းကင် မြို့၏ အလယ်ဗဟို၌ ရှေးကျလှသော ကြေးနီရောင် အဆောက်အဦးတစ်ခု တည်ရှိလေသည်။ထိုအဆောက်အဦးကို ကြေးနီများဖြင့် ပြုလုပ်ထားသကဲ့သို့ပင် ထင်ရလေ၏။
အဆာက်အဦး၏ နံရံပေါ်၌ မြောက်များလှစွာသော အစီအရင်များနှင့် ပြည့်နှက်နေလေသည်။ရံဖန်ရံခါ၌ ထို အစီအရင်များက လှုပ်ရှားနေတက်ပြီး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှင့်နေပေ၏။
ထိုအဆောက်အဦးက မြူကောင်းကင်မြို့၏ အမှတ်အသားဖြစ်သော ဆေးလုံး အဆောက်အဦးပင် ဖြစ်သည်။ထို ဆေးလုံး အဆောက်အဦးက ဆေးမြို့တော်ဟူသည့် အမှတ်အသားလည်း ဖြစ်သည်။
ဆေးနန်းတော်၏ သြဇာလွှမ်းမိုးမှု အောက်တွင် မြို့အများအပြားရှိသော်လည်း တစ်ချို့မြို့ကိုသာ ဆေးမြို့တော်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထိုထဲမှ ကြီးမားလှသော မြို့ကြီးသုံးမြို့သာလျှင် ဆေးအဆောက်အဦး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။မြူကောင်းကင်မြို့တော်က မြို့ကြီး သုံးမြို့ထဲမှ တစ်ခုဖြစ်၏။
ဆေးလုံးအဆောက်အဦး၏ ပတ်လည်တွင် မြောက်များလှစွာသော အပေါက်ငယ်လေးများရှိသည်။ထိုအပေါက်ငယ်လေးများမှတစ်ဆင့် ဆေးစွမ်ူအင်များနှင့် သက်စောင့်ဆေးလုံးများ၏ မွှေးကြိုင်သင့်ပျံ့သော ရနံ့ကို ထုတ်လွှင့်လေ့ရှိ၏။
ထို့ကြောင့် လေထုထဲ၌ ဆေးလုံးမွှေးရနံ့များနှင့် သင်းပျံ့နေပြီး မြူကောင်းကင် တစ်မြို့လုံး၏ ရနံ့ကို ကောင်းမွန်စေလေသည်။ဆေးလုံးအဆောက်အဦး၏ ရှေ့၌ ယန်မိန်ကျီက ခေါင်းမော့၍ အဆောက်အဦး၏ ထိပ်ဖျားကို မော့ကြည့်လိုက်သည်။
သူမ၏ ဆရာ တိမ်သုံးစ အဂဂိရတ်ပညာရှင် မဟာသခင် ရွှမ်ပေက လက်ရှိ၌ ဆေးလုံးအဆောက်အဦးထဲ၌ ရှိနေသည်။သူမက ဆေးလုံး အဆောက်အဦး၏ စစ်ဆေးမှုကို လာရောက်ခံယူခြင်း ဖြစ်သည်။သူမသာ ထိုစစ်ဆေးမှုကို ကျော်ဖြတ်နိုင်မည်ဆိုပါက တိမ်တစ်ဆ အဂဂိရတ်ပညာရှင် ဖြစ်လာပေလိမ့်မည်။
တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြသ်လာသည်နှင့် တစ်ပြိုင်နက် မြူကောင်းကင် မြို့တွင်းရှိ သူမ၏ အဆင့်အတန်းကလည်း မြင့်တက်လာပေလိမ့်မည်။
တိမ်တစ်စ ပညာရှင် ဖြစ်လာသည်နှင့် သူမ၏ အဆင့်အတန်း မြင့်မားလာသည်ဟု ပြောဆိုခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ထို အဂ္ဂိရတ်ပညာရှင်များက ဆေးမြို့တော်များ၏ အုပ်ချုပ်သူများပင် ဖြစ်နေကြသည်။
ယန်မိန်ကျီ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။အရင်က တိမ်ခိုးစားသောက်ဆိူင်ကို ဂရုစိုက်နေရသောကြောင့် စာမေးပွဲ ဖြေဖို့ရန် အချိန်ကြာမြင့်စွာ နှောင့်နှေးခဲ့ရသည်။ဒီတစ်ကြိမ်လည်း စားမေးပွဲ အောင်မြင်နိုင်ခြင်းရှိမရှ်ိကို သူမ မသိနိုင်သေးပေ။
သူမ၏ တိမ်ခိုးစားသောက်ဆိုင်သည်လည်း ယခုလက်ရှိအချိန်၌ မည်ကဲ့သို့ ဖြစ်နေမည်နည်း ။စားသောက်ဆ်ိုင်၏ ဘေးပတ်ဝန်းကျင်၌ ရှိနေသော ဆိုင်များအားလုံးက နန်ကုန်းမိသားစုထုတ်လွှတ်သော အရသာမျိုးစုံ အဆာခံဆေးလုံးကိုသာ ရောင်းချနေပုံပေါ်သည်။
သူမ၏ တိမ်ခိုးစားသောက်ဆိုင်က ထိုသူများ၏ ဖိနှိမ့်မှုဒဏ်ကို ခံရပြီး မြူကောင်းကင်မြို့ထဲ၌ လူရယ်စရာတစ်ခု ဖြစ်လာမည်လား။ထိုကိစ္စနှင့်ပတ်သတ်၍ သူမအနည်းငယ် စိတ်မအေးနိုင် ဖြစ်နေမိသည်။
ကျွီ.....
ကြီးမားလေးလံသည့် တံခါးတွန်းဖွင့်လိုက်သံကို ကြားလိုက်ရပြီးနောက် ဆေးလုံး အဆောက်အဦး၏ တံခါးက ဖြေးညှင်းစွာ ဖွင့်ဟလာလေသည်။
အဆောက်အဦးထဲမှ သိပ်သည်း ကြွယ်ဝလှသော ဆေးစွမ်းအင်များ လျှံထွက်လာသောကြောင့် ယန်မိန်ကျီ၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားသည်။
သူမကိုယ်သူမ အားတင်းလိုက်သည်။စစ်ဆေးမှုကို ကျော်ဖြတ်ပြီး တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာရန် အတွက် ဆေးအဆောက်အဦးထဲသို့ လှမ်းဝင်လိုက်လေသည်။
နန်ကုန်းဝမ်က ဂုဏ်သရေရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။သူမ ဆိုင်ထဲမှ ထွက်လာပြီး ပုဖန်၏ ဟင်းပွဲကို မြည်းကြည့်မည်ဟု ပြောပြီးသောအခါ၌ သူမ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းပင် နောင်တရမိသည်။
ဟုတ်ပေသည်။လေထုထဲ၌ ပျံ့နှံ့နေသော အပုပ်အစက်ရနံ့များကြောင့် သူမ တကယ့်ကို နောင်တရခဲ့သည်။သို့သော်လည်း သူမက ပုဖန်ကို စားကြည့်မည်ဟု ကတိပေးထားခဲ့လေပြီ။
သူမ၏ အမှားကြောင့် တွင်းနက်ထဲ ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသော်လည်း ကိုယ့်ကိုကိုယ် လေးစားတက်သောသူ ဖြစ်သောကြောင့် သူမ၏ စကားကို ပြန်မပြင်ခဲ့ပေ။ထို့ကြောင့်ပင် အံတင်းတင်းကြိတ်၍ ထိုပုပ်စက်လှသော ဟင်းပွဲကို မြည်းစမ်းကြည့်လိုက်သည်။
သူမ၏ စိတ်ထဲ၌မူ ထိုအပုပ်အစက်များကို ပါးစပ်ထဲ ထည့်ရန်ပင် မလိုလားလှသောကြောင့် အော်ဟစ်ငိုကြွေးနေမိသည်။ထိုကဲ့သို့ အပုပ်အစက်များကို စားသုံးရခြင်းက သူမ၏ နတ်သမီးတစ်ပါးလို ပုံရိပ် ပျက်စီးသွားပေလိမ့်မည်။
ဒီကမ္ဘာလောက၌ ကိုယ့်ပုံရိပ်ကို ဂရုမစိုက်သောအမျိုးသမီးဟူ၍ မရှိပေ။နန်ကုန်းဝမ်က ပုဖန်ပစ်ပေးလိုက်သော ပန်းကန်လုံးကို ဖမ်းပြီးနောက် ထိုအနံ့ဆိုးထွက်နေသော မဲမဲအရာများကို ကြောင်ကြည့်နေခဲ့မိသည်။သူမ ထိုအချိန်၌ လုပ်ချင်သည့် အရာဟူ၍ ထိုပန်းကန်လုံးနှင့် ပုဖန်၏ မျက်နာကို ပစ်ပေါက်လိုခြင်းသာဖြစ်သည်။
သို့သော်လည်း ထွေးပြီးသား တံတွေးကို ပြန်မြိုရိုးထုံးစံ မရှိသောကြောင့် သူမ၏ ခံစားချက်များနှင့် အပြုအမူများကို ဖိနှိမ်ထိန်းချုပ်ထားခဲ့သည်။သူမက ထိုဟင်းပွဲကို တကယ့်ကို စားပေမည်။အကယ်၍ ရွံရှာဖွယ်တစ်ခုခု ဖြစ်လာခဲ့လျှင်လည်း ဆိုင်သို့ အလျှင်အမြန် ပြန်၍ ခန္ဓာကိုယ်သန့်စင်ဆေးလုံးကို အလွယ်တကူ သုံးစွဲနိုင်လေသည်။
နန်ကုန်းဝမ် ထိုတို့ဟူးပုပ်ဟု ခေါ်သော အရာကို ပါးစပ်ထဲထည့်၍ တစ်ကိုက်ကိုက်ဝါးလိုက်သည့် အချိန်၌ ဇဝေဇဝါပင် ဖြစ်သွားခဲ့သည်။ထိုအရာမှာ မည်သည့်ရွံစရာ အာရုံခံစားမှုမရပေ။ထိုအစား သူမ၏ ပါးစပ်ထဲ၌ သင်းပျံ့ချိုမွှေးသော ရနံ့လေးသာ ထွက်ပေါ်လာသည်။
"ဒါက တကယ့်ကို မယုံနိုင်စရာပဲ......."
သူမ အနံ့ခံကြည့်စဉ်တုန်းက အလွန်ပင် အနံ့ဆိုးရွားခဲ့သည်။သို့သော် သူမပါးစပ်ထဲ ထည့်လိုက်တဲ့အခါ၌ မွှေးရနံ့က မည်ကဲ့သို့ ထွက်လာသနည်း။ထိုစားဖိုမှူးက တို့ဟူးထဲ၌ မွှေးပျံ့သောအရာတစ်ခုခုကို ဖွက်ထားတာများ ဖြစ်မလား။
နန်ကုန်းဝမ်က လှပသော မျက်နာလေးပေါ်တွင် အံ့အားသင့်မှုက အထင်သားပေါ်လွင်နေသည်။သူမက တို့ဟူးကို ပါးစပ်အပြည့်ထည့်၍ ဝါးလိုက်ပြီးနောက် ပုဖန်ကို လှမ်း၍ ကြည့်လိုက်၏
သူမ၏ ပါးစပ်ထဲ၌ မွှေးရနံ့များက ပေါက်ကွဲထွက်လာသလိုပင် အရသာက ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ထို့ပြင် တစ်စုံတစ်ရာက သူမလည်ချောင်းတစ်လျှောက်ရှိ ကြွက်သားများကိုနှိပ်နယ်ပေးသလိုပင် သက်တောင့်သက်သာ ခံစားရမိသည်။
ထို တို့ဟူးပုပ်ကို မြိုချလိုက်သောအခါ၌ ခန္ဓာကိုယ်ရှိ အကြောအချဉ်များအားလုံးပင် ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။တို့ဟူးမှ ထွက်လာသော စိတ်ဝိညာဉ် စွမ်းအားများက လှိုင်းလုံးများသဖွယ် လှိမ့်တက်လာလေသည်။
သူမ အလွန်သက်တောင့် သက်သာရှိမှုကို ခံစားရသောကြောင့် ခပ်တိုးတိုးပင် ညီးညူမိသွားသည်။ထို့နောက် လုံးဝ မရပ်တော့နိုင်တော့ပဲ ထိုဟင်းပွဲကို တစ်လုတ်ပြီးတစ်လုတ် အဆက်မပြတ် စားလေတော့သည်။သူမက တို့ဟူးပုပ်၏ ညှို့ယူဆွဲဆောင်ခြင်းကို ခံထားရပေသည်။
အလွန်အရသာရှိလွန်းလှပေသည်။ထိုကဲ့သို့ အရသာရှိသော အစားမျိုးကို တစ်ခါမှ မမြည်းစမ်းခဲ့ဖူးပေ။အဆာခံ ဆေးလုံးများနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက ခံစားရသော ခံစားချက်က လုံးဝ အပြတ်အသတ် ကွဲပြားနေပေသည်။သူမ ခံစားချက်ထဲ တညိတ်ညိတ်မျောပါနေရင်း တို့ဟူးပုပ် တစ်ပန်းကန်လုံးကို လက်စသတ်လိုက်လေသည်။
"နောက်ထပ် တစ်ပွဲလောက် ထပ်ပေးလို့ရမလား....."
ထို့နောက် အနည်းငယ်ရှက်ရွံ့လှသော အသံလေးဖြင့် ပုဖန်ကို မေးလိုက်သည်။သူမ၏ လှပလှသော မျက်နာလေးကလည်း ရှက်သွေးဖြင့် ရဲရဲနီနေသည်။
သူမက အလွန်တရာ လှပလှသည်။ထိုကဲ့သို့ အမူအရာမျိုးကို လှစ်ဟပြလိုက်သောအခါ၌ ပို၍ပင် ဆွဲဆောင်မှု ရှိလှပေသည်။အနား၌ ရှိနေသော အမျိုးသားများအားလုံးက မျက်ဝန်းများပြူးကျယ်ပြီး နှာခေါင်းမှ အနံ့တထောင်းထောင်းထွက်နေပေသည်။သူတို့အားလုံးကြက်သွေး ထိုးခံထားရသလို ဖလန်းဖလန်း ဖြစ်နေလေသည်။
"ဘုရားရေ ငါတို့နတ်သမီးလေးက တစ်ပန်းကန်ပဲ စားရတာကို မကျေနပ်သေးဘူးတဲ့ ....သူမက အဲ့ဒါကို စားရတာ အရမ်းကြိုက်တယ်ထင်တယ်...."
လူတစ်ချို့က အခြေအနေကို ချက်ချင်းပင် နားလည် သဘောပေါက်မိသွားပြီး တို့ဟူးပန်းကန်ကို သံသယအဖြစ်ဖြင့် ကြည့်လိုက်ကြသည်။
"ဒါတကယ်ကော စားလို့ရလို့လား....."
ဒါတကယ် စားလို့ရသင့်ပေသည်။သူတို့က နန်ကုန်းဝမ်ကို ယုံကြည်ကြသည်။သူတို့၏ နတ်သမီးလေးက ထိုအရာကို စားပြီး ပျော်ရွှင်သည်ဆိုလျှင် ဒါတကယ်ကို စားလို့ရပေသည်။
လူတိုင်း၏ စိတ်ထဲ၌ စိတ်ခံစားချက် အမျိုးမျိုး ပြောင်းလဲနေသည်။သို့သော် သူတို့ တို့ဟူးပုပ်ကို ကြည့်သောအကြည့်များ၌ ရွံ့ရှာမှုများ မရှိတော့ပေ။ဒီဟင်းပွဲက သူတို့၏ နတ်ဘုရားမလေးပင် စားသော ဟင်းပွဲ ဖြစ်သွားလေပြီ။
ပုဖန်က နန်ကုန်းဝမ်၏ ချစ်စဖွယ်ကောင်းလှသော အမူအရာကို လုံးဝ လျစ်လျူရှုလိုက်သည်။ပုဖန်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေးလိုက်ပြီး မဟူရာလိပ်ခုံး ဒယ်အိုးကို ပြန်လည် သိမ်းဆည်းလိုက်သည်။ထို့နောက် ပုံးကို ကောက်ဆွဲလိုက်ခါ ဆိုင်ထဲသို့ ပြန်လှည့်ဝင်လိုက်သည်။
"တကယ်လို့ မင်းနောက်တစ်ပွဲ စားချင်သေးတယ်ဆိုရင်တော့ ငါဆိုင်ကို လာခဲ့လိုက်တော့....."
နန်ကုန်းဝမ်က သူမလက်ထဲမှ ပန်းကန်လုံးကို ခပ်တင်းတင်းစုပ်ကိုင်ထားပြီး ပုဖန်၏ နောက်ကျောကို ငေးကြည့်နေသည်။ထို့နောက် သူမ၏ နှုတ်ခမ်းပေါ်၌ ကပ်ညှိကျန်နေသော တို့ဟူးပုပ်၏ အရသာကို လျှာဖျားဖြင့် သပ်၍ အရသာခံလိုက်သည်။
ထို့နောက် သူမ ပုဖန်ကို မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီး သူ့နောက်မှနေ၍ ဆိုင်ထဲလိုက်ဝင်ခဲ့လေသည်။ဆ်ိုင်အပြင်၌ ရှိသော လူအုပ်ကြီးက စတင်၍ ဆူညံပူညံ ဖြစ်လာကြသည်။
သူတို့၏ နတ်ဘုရားမလေးက ပိတ်ပစ်ရတော့မည့် စားသောက်ဆိုင်ထဲသို့ တကယ်ဝင်သွားပေသည်။သူမရှိနေခြင်းက ထိုဆိုင်ကို ဂုဏ်ကျက်သရေ တိုးပွားစေပေလိမ့်မည်။
လူအုပ်ကြီးက တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုး ပြောဆိုနေကြသည်။သို့သော်သူတို့ ကြာကြာတွန့်ဆုတ်မနေကြချေ။ထိုလူစုထဲမှ လူတစ်ချို့ ထွက်လာပြီးနောက် အနံ့ဆိုးများကို လျစ်လျူရှုလိုက်ကာ ဆိုင်အတွင်းသို့ လိုက်ဝင်သွားကြသည်။
ကျန်ရှိနေသာ သူများက ဆိုင်အပြင်ဘက် ပတ်ပတ်လည်၌ ပိတ်ဆို့ရပ်နေကြသည်။နန်ကုန်းဝမ် ဆိုင်ထဲသို့ ရောက်ပြီးသောအခါ၌ အပြင်ဘက်၌ အနံ့ဆ်ိုးများ ဖုံးလွှမ်းနေသော်လည်း ဆိုင်အတွင်း၌မူ ဆိုးရွားသည့် မည်သည့် ရနံ့မှရှိမနေကြောင်းကို တွေ့လိုက်ရသည်။သူမမျက်ဝန်းများက ချက်ချင်းပင်လင်းလက်တောက်ပသွားသည်။
ဆိုင်အတွင်းပိုင်းက သန့်ရှင်းသပ်ရပ်နေပြီး လေထဲတွင် မွှေးပျံ့ပျံ့ ရနံ့သင်းသင်းလေး ပြန့်လွင့်နေသည်။ဆိုင်အတွင်းပိုင်းကို ဝေ့ဝဲကြည့်လိုက်ပြီး ထိုရနံ့မွှေးမွှေး ထွက်လာရာနေရာကို ရှာဖွေလိုက်သည်။ထိုရနံ့များက ဆိုင်၏ ထောင့်၌ ရှိနေသာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ဆီမှ လာနေခြင်းဖြစ်သည်။
ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က အလွန့်အလွန်တန်ဖိုးရှိလှသောပစ္စည်းတစ်ခုဖြစ်သည်။ဒီဆိုင်က ထိုအပင်ကို အလှဆင်သည့် ပစ္စည်းတစ်ခုအနေနှင့် သုံးထားပေသည်။
သူမစားပွဲခုံ တစ်ခုံ၌ ဝင်ထိုင်လိုက်သည်။သူမ၏ လက်ထဲမှ ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် စားပွဲကို လက်ညှိုးလေးဖြင့် အသာသပ်ကြည့်လိုက်သည်။ထိုစားပွဲက ဖုန်တစ်စက်မှမရှိပဲ အစက်အပြောက်ပင် မတင်အောင် သန့်ရှင်းနေပေသည်။
နန်ကုန်းဝမ်က အလွန်ပင် အံ့အားသင့်သွားမိသည်။ကြည့်ရသည်မှာ တိမ်ခိုးစားသောက်ဆိုင်က ပြောနေကျသော ကောလဟလများနှင့် ကွဲပြားခြားနားနေပေသည်။
"မင်းဘာစားမှာလဲ .....တို့ဟူးပုပ်ပဲ စားမှာလား....."
ပုဖန်က တို့ဟူးပုံးကို မီးဖိုချောင်ထဲ၌ ထားပြီးနောက် နန်ကုန်းဝမ်ဆီသို့ ပြန်လျှောက်လာပြီး မေးလိုက်သည်။နန်ကုန်းဝမ်၏ လှပလှသော မျက်ဝန်းအကြည့်လေးများက ပုဖန်ပေါ်သို့ရွှေ့လျားသွားသည်။ပုဖန်၏ အေးဆေးတည်ငြိမ်လှသည့် အကြည့်များကို တွေ့လိုက်ရပြီးနောက် သူမ မျက်ဝန်းထဲ၌ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
"ဒီလူရဲ့ အကြည့်တွေက ငါကြုံးဖူးတဲ့ အကြည့်တွေနဲ့ မတူပဲ အရမ်းကို အေးဆေး တည်ငြိမ်တယ်......"
အမျိုးသားများက သူမ၏ ခန္ဓာကိုယ်ကို အရူးအမူး စွဲလမ်းနေသော အကြည့်များဖြင့်သာ ကြည့်တက်ကြသည်။သို့သော် ပုဖန်၏ အေးတေးတည်ငြိမ်နေသော အကြည့်များကမူသူမကိုပင် စိတ်လှုပ်ရှားလာစေသည်။
"ဒီတို့ဟူးပုပ်အပြင် တခြား ဘာဟင်းပွဲတွေ ရသေးလဲ....."
နန်ကုန်းဝမ်က အကြည့်တစ်ချက်လှပစွာ ဝင့်လိုက်ပြီး ပုဖန်ကို မေးလိုက်သည်။
"ရတာပေါ့ တစ်ခြားဟင်းပွဲတွေလည်းရှိသေးတယ်.....မင်းနောက်က မီနူးကိုကြည့်လိုက်....."
ပုဖန်က မျက်နာသေဖြင့်ပင် ပြန်ဖြေလိုက်သည်။နန်ကုန်းဝမ်က ခဏမျှ ကြောင်သွားပြီးနောင် သူမ ခေါင်းလှည့်ကြည့်လိုက်သည်။သူမနှင့် မနီးမဝေးတွင်ရှိနေသော မီနူးပေါ်မှ ဟင်းပွဲများကို မြင်လိုက်ရလေ၏။တို့ဟူးပုပ်က ထိုစားရင်းထဲမှ တစ်ခုဖြစ်သည်။သို့သော်သူမကို အံ့သြစေသည်က တို့ဟူးပုပ်က စျေးအကြီးဆုံး ဟင်းပွဲ မဟုတ်ပေ။
နန်ကုန်းဝမ်က ထိတ်လန့်သွားပေသည်။သူမ၏ အံ့သြမှုဖြင့် ပွင့်ဟနေသော ခပ်ရဲရဲ နှုတ်ခမ်းပါးလေးကို လက်ဖြင့် ကာပြီး ကြောင်အနေသည်။မီနူးပေါ်မှ စျေးနှုန်းများကို မြင်ပြီးနောက် သူမ မျက်ဝန်းထဲ မယုံကြည်နိုင်မှုများသာပြည့်နေလေသည်။
ဒီစားသောက်ဆိုင်သို့ ရောက်လာပြီးသည့်နောက် တစ်နေ့တာအတွက် ထိတ်လန့်အံ့အားသင့်ရသော အတွေ့အကြုံများက အလွန်ပင် ကြီးမားများပြားသွားပေသည်။
"သလင်းကျောက် (၁၀၀၀၀).....ရှင်က ဟင်းပွဲတစ်ပွဲကို သလင်းကျောက် (၁၀၀၀၀) နဲ့ရောင်းတယ်....ရှင်ရူးများရူးနေတာလား.....အဲ့ဒီစျေးနှုန်းက အဆင့် ၈ သက်စောင့်ဆေးနဲ့ တူတူပဲ......"
နန်ကုန်းဝမ်က အထိတ်တလန့်ဖြင့်ပင် အော်လိုက်မိသည်။မကြာသေးမီကပင် တိမ်တစ်စ အဂ္ဂိရတ် ပညာရှင်ဖြစ်လာသော သူမက အဆင့် ၈ ဆေးလုံးများကို သန့်စင်ရန် မည်မျှပင်ခက်ခဲကြောင်း ကောင်းစွာ နားလည်ပေသည်။ဟင်းပွဲ တစ်ပွဲ၏စျေးနှုန်းက အဆင့် ၈ သက်စောင့်ဆေးကို ဝယ်လို့ရသော နှုန်းထားဖြစ်နေသည်။
"ဒီဆိုင်ပိုင်ရှင်က ဦးနှောက်ပျက်နေတာလား......"
တို့ဟူးပုပ်တစ်ပွဲကို သလင်းကျောက် ၂၀ ဖြင့် ရောင်းချခြင်းကို လက်ခံ၍ ရသေးသည်။ထိုဟင်းပွဲက စျေးကြေးမြင့်သော်လည်း က်ျိုးကြောင်းမညီညွှတ်ခြင်းတော့ မဟုတ်ပေ။သို့သော်လည်း ဟင်းပွဲတစ်ပွဲကို သလင်းကျောက် ၁၀၀၀၀ တန်သော နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကတော့ တကယ့်ကို ရူးသွပ်မှု ဖြစ်ပေသည်။
"ဒါက စစ်မှန်တဲ့ စျေးနှုန်းပါ.....ငါဆိုင်က လူကြီးလူငယ်မရွေး မည်သူကိုမဆို တူညီတဲ့ ဝန်ဆောင်မှုကိုပဲပေးတယ်....."
ပုဖန်က နန်ကုန်းဝမ်ကို လူနုံလူအတစ်ယောက်ကို တွေသကဲ့သို့ ကြည့်လိုက်သည်။သူ့၏ ဖန်ဖန်ဆိုင်ငယ်လေးတွင်လည်း နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို သလင်းကျောက်တစ်သောင်းဖြင့် ရောင်းချခဲ့ဖြင်းဖြစ်သည်။ယခု ဒီနေရာ၌ သလင်းကျောက် ၁၀၀၀၀ ဖြင့်ရောင်းချခြင်းက သူအရှုံးပေါ်နေပြီဟုပင် ခံစားနေမိသည်။
"ရှင်က ဒါကို စစ်မှန်တဲ့ စျေးနှုန်းလို့ တကယ်ကြီး ပြောရဲတယ်ပေါ့....."
နန်ကုန်းဝမ်က ပုဖန်ကို မျက်လုံးသာ လှန်ကြည့်လိုက်မိသည်။ထို့နောက် သူမ စားပွဲခုံကို တတောက်တောက်ခေါက်ရင်းတွေးတောနေမိသည်။နောက်ဆုံး၌ သူမ တို့ဟူးပုပ်တစ်ပွဲကိုသာ ထပ်မံ မှာလိုက်လေသည်။
ဒီအမျိုးသမီးက တို့ဟူးပုပ်တစ်ပွဲ ထပ်မှာဖို့အရေး အချိန်အတော်ကြာ တွန့်ဆုတ်နေသေးသည်။ဒီအမျိုးသမီးက အလွန်တရာ ကပ်စေးနဲပြီး စိတ်ပျက်စရာကောင်းလှသည်။ပုဖန်က သူ့နှုတ်ခမ်းများကို မဲ့ရှုံ့လိုက်မိသည်။
"ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး......"