အပိုင်း ၄၂၅
Viewers 53k

အခန်း ၄၂၅

ဝှိုက်တီကို အဆင့်မြင့်တင်ခြင်း...


"မစ်ရှင် ပြီးမြောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်... ဆိုင်ခွဲသစ် စတင်ခြင်းအောင်မြင်သွားပါပြီ...ဝှိုက်တီကို အခု ချက်ချင်းပဲ စတင်ပြုပြင်နေပါပြီ... ပြီးတော့ ဆိုင်ခွဲအသစ်ရဲ့ စည်းမျဉ်းတွေကိုလဲ ထုတ်ပြန်ပြီးပါပြီ...''

 

ပုဖန်က ပန်းကန် ကိုင်ထားသည့် နန်ကုန်းဝမ် ကိုကြည့်နေတုန်းမှာပင် တက်ကြွလှသော အသံက သူ့စိတ်ထဲ၌ ပဲ့တင့်ထွက်ပေါ်လာသည်။ စနစ်၏ အသံကြောင့် သူအံ့အားသင့်သွားပြီး သူ့မျက်ဝန်းထဲ ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်ပေါက်သွားသည်။ နောက်ဆုံးတော့ ဝှိုက်တီကို ပြန်လည်ပြုပြင်နိုင်တော့မည်။ 


ဝှိုက်တီက မဟာဂိုဏ်းမှ ကောင်းကင်ဘုံ အမွေခံ လျန်ခိုင်နှင့် တိုက်ခိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ် ပျက်စီးသွားသည်။ ဝှိုက်တီကို ပြန်လည်ပြင်ဆင်ရန် စနစ်၏ နယ်မြေထဲသို့ ပြန်သွားခဲ့သည်။ သို့သော်လည်း သူဆိုင်ခွဲအသစ် ဖွင့်နိုင်မှသာ ဝှိုက်တီကို ပြန်လည်ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း စနစ်က အကြောင်းပြန်ခဲ့သည်။ 


တို့ဟူးပုပ်တစ်ပွဲ ရောင်းချပြီးသည်နှင့် ဝှိုက်တှကိုပြန်လည် ပြင်ဆင်နိုင်ပေပြီ။ ဆိုင်ခွဲသစ်၏ စည်းမျဉ်းအသစ်များကလဲ ဝှိုက်တီ ပြင်ဆင်ပြီးသည်နှင့် ထွက်ပေါ်လာမည်ဖြစ်သည်။ ပုဖန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရှူလိုက်သည်။ သူ ဝှိုက်တီ ပြန်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေပေပြီ။ သူ ဆိုင်၏ စည်းမျဉ်းများကို စတင်လိုက်နာရပေတော့မည်။ သူမတတ်နိုင်စွာပင် ထိုမိန်းကလေး နန်ကုန်းဝမ် နောက်ထပ်တစ်ပွဲ တောင်းဆိုနေသည်ကို ငြင်းဆန်ရပေလိမ့်မည်။


 ထို မိန်းကလေးက တကယ့်ကို အများကြီး စားထားပြီးလေပြီ။ 


ပုဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် နန်ကုန်းဝမ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ 


" စိတ်မရှိပါနဲ့... အခုက စပြီးတော့ လူတစ်ယောက်က ဟင်းပွဲတစ်မျိုးကို တစ်ပွဲစီပဲ မှာလို့ရတော့မယ်...''


ပုဖန်၏ အသံက မကျယ်လှသော်လဲ ရှင်းလင်းပြတ်သားလှသည်။


 နန်ကုန်းဝမ်က ပုဖန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


"ငါ အရမ်းစားမိလို့များ သူက ဒေါသထွက်နေတာလား... ငါကလဲ အရမ်းစားမိတယ် ဆိုပေမယ့် သူအဲ့လိုစည်းမျည်းတော့ မလုပ်သင့်ပါဘူး...''


နန်ကုန်းဝမ်က သူမလက်ထဲမှ ပန်းကန်လုံးကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းများတွန့်ရှုပ် သွားသည်။ တကယ့်ကို သူမ တစ်ထိုင်ထဲနဲ့အများကြီး စားပစ်လိုက်လေသည်။ 


"မင်း တို့ဟူးပုပ်တော့ ထပ်မှာလို့မရတော့ဘူး... ဒါပေမယ့် တခြားဟင်းပွဲတွေ ထပ်မှာလို့ရသေးတယ်...''


ပုဖန်က တခြား ဟင်းပွဲတွေကို ညွှန်းပေးရန် စိတ်မရှိပေ။ 


"တို့ဟူးပုပ် စားပြီးသွားရင် ဒီနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို စားဖို့သင့်တော်တယ်...''


"ဘာကို...ဘယ်လို သင့်တော်တာလဲ...''


နန်ကုန်းဝမ်က စိတ်ပျက်စွာဖြင့် မျက်လုံးလှန်လိုက်လေသည်။ သူမတကယ် ရူးနေမှသာ နတ်မင်းစွေ့စွေ့ ခုန် စွပ်ပြုတ်ကို မှာပေလိမ့်မည်။ ဟင်းပွဲ တစ်ပွဲ၏ တန်ဖိုးက သလင်းကျောက်တစ်သောင်းတောင် ကျသင့်နေပေသည်။ နန်ကုန်းဝမ်က ရှုံ့မဲ့လိုက်ပြီး ကြည်လင်သန့်ရှင်းလှသော သလင်းကျောက်များကို ထုတ်ကာ ပုဖန်ကို ပေးလိုက်သည်။ 


ထို့နောက် သူမကြော့ရှင်းစွာ ထရပ်လိုက်သည်။ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ် ကို အသာအယာရမ်းခါကာ ဆိုင်အပေါက်ဝဆီသို့ လျှောက်သွားလေသည်။ စိတ်ကျေနပ်မှုရခဲ့ သောကြောင့် သူမစိတ်ထဲ သက်တောင့်သက်သာဖြစ်နေပြီး ပျော်ရွှင်မှုကို ခံစားနေရသည်။ ခြေလှမ်း အနည်းငယ် လျှောက်လိုက်ပြီးနောက် သူမတွေဝေစွာဖြင့် ရပ်တန့်လိုက်မိသည်။ ရသာမျိုးစုံအဆာခံဆေးလုံးကို စားသောက်ပြီးနောက် သူမ ထိုကဲ့သို့ ပျော်ရွှင်မှုအတွေ့အကြုံမျိုး မခံစားရဖူးပေ။ 


"ဒါက စားကောင်းသောက်ဖွယ်တွေကို စားရတဲ့ ခံစားချက်လား...''


ထိုလူနှင့် ပတ်သတ်၍ သူမ၏စိတ်ထဲ အနည်းငယ် ရှုပ်ထွေးနေသည်။ မြူကောင်းကင်မြို့တွင်း၌ စားသောက်ဆိုင် တစ်ဆိုင်ပေါ်လာပြီးနောက် မြို့၏ အခြေအနေများက ပြောင်းလဲသွားနိုင်ပေသည်။ နန်ကုန်းဝမ်၏ နှုတ်ခမ်းပါးလေးများက ကွေးညွှတ်သွားသည်။ သူမက ဖြစ်ပေါ်လာမည့် အရာရာကို စောင့်ကြည့်ရန် စိတ်အားထက်သန် နေပေပြီ။ 


နန်ကုန်းမင်က ဆိုင်၏ ခပ်လှမ်းလှမ်းတွင် ရပ်နေသော်လည်း အလွန် ဝေးကွာနေခြင်းမျိုး မဟုတ်ပေ။ ဆိုင်ထဲမှ နန်ကုန်းဝမ်ပျော်ရွှင်စွာ ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ နန်ကုန်းမိသားစု ဖြစ်သော နန်ကုန်းမင်က ထိုလှပသော အမျိုးသမီး မည်မျှ ကြောက်စရာကောင်းသည်ကို ကောင်းစွာသိပေသည်။ 


"ဒီမိန်းမက တိမ်ခိုးစားသောက်ဆိုင်ကို ဘာပြဿနာမှ မရှာခဲ့ဘူးလား...''


နန်ကုန်းဝမ် ဆိုင်ကထွက်လာသည်နှင့် ဆိုင်ကို ပိတ်ဆို့ထားသော လူအုပ်ကြီးက လမ်းဖွင့်ပေးလိုက်သည်။ 


"နန်ကုန်း မိန်းကလေး အဲ့တာရဲ့ အရသာက ဘယ်လိုနေလဲ..."


"အဲ့ဒါရဲ့ အနံ့က အရမ်းပြင်းလွန်းတယ်လေ... အဲ့တာကို နန်ကုန်းမိန်းကလေး ဘယ်လိုများ မြိုချနိုင်တာလဲ..."


"နတ်ဘုရားမလေး မင်းအခု အန်ထုတ်ချင်နေလား...''


ပတ်ဝန်းကျင်က တက်ကြွစွာဖြင့်ပင် တစ်ယောက်တစ်ပေါက် စတင်ဆွေးနွေးလာကြသည်။ သူတို့အားလုံးက သံသယ အပြည့်ဖြင့်မြောက်မြားလှစွာသော မေးခွန်းများကို အဆက်မပြတ်မေးကြလေသည်။ 


ထိုမေးခွန်းများကို ရင်ဆိုင်ရချိန်၌ နန်ကုန်းဝမ်က နွေးထွေးစွာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ သွယ်လျရှည်လျား လှသောလက်ညှိုးလေး ကို ဆန့်လိုက်ပြီး အနီရောင် နှုတ်ခမ်းပါးပေါ်၌ ကပ်၍ တိုးတိုးနေရန် အချက်ပြလိုက်သည်။ 


ထို့နောက် သူမ၏ နှုတ်ခမ်းပါးမှ ချိုသာကြည်မြလှသော စကားသံ ထွက်ပေါ်လာလေသည်။ 


"အရသာက ဘယ်လိုနေတယ်ဆိုတာကို ရှင်တို့ဘာသာ ရှင်တို့ ခန့်မှန်းကြည့်ကြလေ...''


သူမကပြောပြီးသည်နှင့် သူမ၏ သက်စောင့်ဆေးဆိုင်ထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်ချလိုက်သည်။ 


သူ့၏ တို့ဟူးပုပ်ကို မြည်းကြည့်ရန် ဝန်လေးနေကြသော သူများထံမှ သလင်းကျောက်များ ရရှိတော့မည်ဖြစ်သောကြောင့် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွှတ်နေပေသည်။ 


နန်ကုန်းဝမ်က ထိုသူများ၏ သိချင်စိတ်ကို နှိုးဆွ ပေးခဲ့ပုံပေါ်သည်။ တို့ဟူးပုပ်ကို မြည်းစမ်းကြည့်ရန် သူ့ဆိုင်ထဲသို့ ဝင်ရောက်လာသူ အများအပြားရှိလေသည်။ ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်ပြီး ဆိုင်ထဲသို့ ဝင်လာသူများ၏ မျက်နှာများကို ခပ်တည်တည်ဖြင့် ကြည့်လိုက်သည်။


"ပိုင်ရှင်...ငါ့ကို တို့ဟူးပုပ်တစ်ပွဲပေး...

ငါရဲ့နတ်သမီးလေးကိုတောင် ပျော်ရွှင်ကျေနပ်စေတဲ့ ဟင်းပွဲရဲ့ အရသာကို မြည်းကြည့်ရမယ်...''


"ငါ့ကိုလဲ တစ်ပွဲပေး...

သူမရဲ့ မျက်နှာမှာ အပြုံးလေးတွေ ပေါ်လာအောင် လုပ်နိုင်တဲ့ ဟင်းပွဲရဲ့ အရသာက ဘယ်လိုလဲဆိုတာ သိချင်တယ်...''


"ငါ့ရဲ့နတ်သမီးလေးကတောင် စားတယ်ဆိုမှတော့ ငါကဘာလို့မစားပဲ နေရမှာလဲ ငါ့ကိုဆယ်ပွဲပေး...ငာကသာ နတ်သမီးလေးနဲ့ အသင့်တော်ဆုံး ချစ်သူဆိုတာ သက်သေပြရမယ်...''


ဆိုင်ထဲ၌ လူများ အုံဖွဲ့နေသောကြောင့် ဆိုင်က ဆူညံပွက်လောရိုက်နေပေသည်။ ပုဖန်က ထိုဆူညံနေသော လူအုပ်ကို စိုက်ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ 


"စိတ်မကောင်းပါဘူး... 

ဒီနေ့တွက်တော့ ကျုပ်ဆိုင်ပိတ်ပြီ... ခများတို့စားချင်တယ်ဆိုရင် မနက်ဖြန်ကျမှ ပြန်လာခဲ့ကြတော့...''


ပုဖန်က အေးစက်စွာပင် ပြောလိုက်သည်။ ဆိုင်ထဲသို့ ယခုလေးတင်မှ ဝင်လာသော သူများက ပုဖန်ကို အံ့အားသင့်စွာစိုက်လိုက်သည်။


"ဆိုင်ပိတ်သွားပြီ... သူတို့ကို လာနောက်နေတာလား... ကောင်လေးမင်းက ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ...''


"ဘာကိုပိတ်ရမှာလဲ ငါက ဒီမှာလာစားတယ်ဆိုတာ မင်းကို ကောင်းချီးပေးတာပဲ... ဒါတောင်မင်းက ဆိုင်ပိတ်ပြီလို့ ပြောရဲတယ် ဟုတ်လား...''


"သွားသေလိုက်ပါလား... နတ်သမီးလေးကြောင့်သာမဟုတ်ဘူးဆိုရင် မင်းဆိုင်က အပုပ်အသိုးတွေကို ဘယ်သူကလာစားမှာလဲ ဒါတောင် မင်းက ဘယ်က သတ္တိတွေနဲ့ ဆိုင်ပိတ်ပြီလို့ပြောရဲတာလဲ...'' 


လူများက ခဏမျှ ကြောင်အသွားပြီးနောက် စတင်၍ ကြိမ်းမောင်းလေတော့သည်။ သူတို့မကျေနပ် ဒေါသထွက်လာလေလေ ပို၍ ကြိမ်းမောင်းလေဖြစ်သည်။ ပုဖန် ထိုသို့လုပ်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့မိပေ။


 ဒီကောင်လေးက သူတို့ကို အေးစက်စက် အပြုအမူမျိုးဖြင့် ဖြားယောင်းဖို့ ကြံစည်နေတာလား...


ဆိုင်ပေါက်ဝ၌ ရပ်နေသော နန်ကုန်းမင်က ဆိုင်ထဲရှိ လူများက ပုဖန်ကို မကျေမနပ်ဖြင့် ကြိမ်းမောင်းပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ 


''ဒီလူက ဦးနှောက်ပျက်နေတာလား...''


သူ့ဘဝတွင် ထိုကဲ့သို့ သေမင်းကို လက်ယက်ခေါ်နေသူမျိုး တခါမှ မတွေ့ဖူးခဲ့ပေ။ ပထမဆုံးအနေဖြင့် မြူကောင်းကင်မြို့ထဲ၌ စားသောက်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ထားသည်ကပင် မိုက်မဲသော ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။ ယခုမူ ပုဖန်က ဆိုင်ထဲရှိ စားသုံးသူများကို ပြန်၍မောင်းထုတ်နေလေရာ ပို၍ ရူးနှမ်းနေပေသည်။ 


သူကဒီနယ်မြေမှာ ခြေကုတ်ယူနိုင်ရန် နန်ကုန်းဝမ်ကို မှီခို၍ရသည်ကို တကယ် ယုံကြည်နေခဲ့သလော...ဒီနယ်မြေက ရသာမျိုးစုံအဆာခံဆေးလုံး ရောင်းချရာ နယ်မြေဖြစ်သည်။ ပုဖန်အနေဖြင့် ဒီနေရာ၌ ခြေကုတ်ရနိုင်ရန် မလွယ်ကူပေ။


စားသုံးသူများ သူ့၏ ဆိုင်ထဲသို့ ဝင်ရောက်လာခြင်းမှာ သိချင်စိတ်ကြောင့်သာ ဖြစ်သည်။ သူတို့က အသစ်အဆန်းကို စမ်းကြည့်ချင်ကြသည်။ နန်ကုန်းမိသားစု၏ ရသာမျိုးစုံအဆာခံဆေးလုံးများကို ထိုမစင်ကဲ့သို့သောဆေးလုံးများနှင့် အနိုင်ယူနိုင်မည်ဟု တွေးနေပါကမှားယွင်းပေလိမ့်မည်။


 ဒေါသထွက်နေသော လူများကို ပုဖန်က ဂရုမစိုက်ပဲ အေးစက်စွာပင် ကြည့်နေလိုက်သည်။ 


"ခများတို့ ကျုပ်ဆိုင်ထဲမှာ ပိတ်ဆို့နေတာကို ရပ်လိုက်တော့... ကျုပ်ဆိုင်ပိတ်တော့မယ်လို့ ပြောပြီးပြီ... ပြီးတော့ မကြာခင်မှာပဲ ဆိုင်တံခါးပိတ်တော့မယ် အဲ့တော့ အခုချက်ချင်းပဲ ဆိုင်ထဲက ထွက်သွားကြ...''


"မင်းကထွက်သွားဆိုတာနဲ့ ငါတို့က ထွက်သွားပေးမယ်လို့ ထင်နေတာလား မင်းကို မင်းဘယ်သူလို့ ထင်နေတာလဲ ၊ ငါအဲ့ဒီ့ တိုးဟူးပုပ်ကို ဒီနေ့ပဲ စားရမှ ဖြစ်မယ်..."


"ငါဘယ်သူလဲ မင်းသိလား ငါက မြူကောင်းကင်မြို့သခင်ရဲ့ ဒုတိယဇနီးမိသားစုဘက်က တတိယ အကြီးဆုံး ဒေါ်လေးရဲ့သားပဲ...''


ပုဖန် တိတ်တဆိတ်သာ နေခဲ့သည်အချိန်အထိ သူတို့အားလုံး အဆင်ပြေနေကြသေးသည်။ ထို့နောက် ပုဖန် စကားပြောပြီးနောက် သူတို့၏ မျက်ဝန်းများက ပြူးကျယ်လာပြီး ဒေါသများ တလူလူ တက်လာလေသည်။ ပထမအချက်အနေဖြင့် ထိုသူများအားလုံးက မြူကောင်းကင်မြို့ထဲမှ အရေးပါအရာရောက်သည့်မိသားစုများမှ ဖြစ်သည်။ ထိုသူများက စွမ်းအင်ချို့တဲ့သော်လည်း ရည်မှန်းချက်ကအလွန်တရာ ကြီးမားလှသည်။ ထို့ကြောင့်ပင် ပုဖန်၏ စော်ကားပြောဆိုမှုကို မခံမရပ်နိုင် ဖြစ်ကြခြင်း ဖြစ်သည်။ 


ပုဖန်၏ မျက်နှာ၌ အကူအညီမဲ့သည့် အမူအရာပေါ်လာပြီး နှုတ်ခမ်းတစ်ဖက် တွန့်ကွေးလိုက်မိသည်။ 


ငါက ကောင်းကောင်းပြောနေတာကို သူတို့ဘာလို့ နားမထောင်ချင်ကြရတာလဲ...


ထိုသို့တွေးတောပြီးနောက် စိတ်ထဲမှ နေ၍ မဟူရာ လိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်သည်။ အစိမ်းရောင် အငွေ့များကြားထဲမှ ထွက်ပေါ်လာသော မဟူရာလိပ်ခုံးဒယ်အိုး ကိုဆုပ်ကိုင်လိုက်သည်။ ထိုနောက်လက်ကို ဖြေးဖြေးချင်း မြှောက်လိုက်ပြီး သူ့၏ ဆိုင်ထဲ၌ဆူညံပွက်လောရိုက်နေကြသော လူအုပ်ကြီးကို ချိန်ရွယ်လိုက်သည်။ 


"မင်းတို့ အရမ်းကို ဆူညံလွန်းတယ် မင်းတို့အခုချက်ချင်းဆိုင်ထဲက ထွက်သွားကြ...''


ပုဖန်၏ အသံက ရေခဲတမျှ အေးစက်နေလေသည်။ ပုဖန်၏ အနီး၌ ရပ်နေကြသော သူများက စိုးရိမ်ပူပန်သွားကြသည်။


 ''သူက ငါ့တို့ကိုတိုက်ခိုက်တော့မှာလား... ငါတို့စကားတောင် ကောင်းကောင်း မပြောရသေးဘူးလေ...''


ပုဖန်က ဒယ်အိုးနှင့် ပစ်လိုက်သောအခါ သူတို့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကြသည်။ ထိုဒယ်အိုးနက်က လေထဲ၌ တဖြေးဖြေး ကြီးမားလာပြီး သူတို့ရှိရာဆီ ပျံသန်းလာလေသည်။ 


"ဘာကြီးလဲ... ဒါဘာကြီးလဲ...''


လူတစ်ယောက်က အံ့အားတသင့် အော်လိုက်ပြီးနောက် ထိုဒယ်အိုးနက်ကို ပိတ်ပင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ကြီးမားလှသော အင်အားတစ်ခုက တွန်းကန်ထားသောကြောင့် သူ မတားဆီးနိုင်လိုက်ပေ။ 


ဆိုင်ထဲမှသူများကို ဒယ်အိုးနက်ဖြင့် ဆိုင်ပြင်သို့ တွန်းထုတ်လိုက်သည်။ အားလုံးမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ညည်းတွားသံများကို ကြားလိုက်ရပေသည်။ 


တချို့က ဒေါသတကြီးဖြင့် မြေပြင်မှအလူးအလဲ ကုန်းထလာကြသည်။ သူတို့က ဆိုင်ထဲ၌ရပ်နေသော ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။


 ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းလိုက်ပြီးနောက် ဆိုင်ပေါက်ဝသို့ တလှမ်းချင်း လျှောက်လာသည်။ ထို့နောက် ထိုသူအားလုံးကို လုံးဝလျစ်လျူရှုလိုက်ပြီး ဆိုင်၏ကြေးတံခါးကို ဘန်းကနဲ မြည်အောင် ပိတ်ချလိုက်သည်။ 


"ငါမနက်ဖြန် မနက် ပုံမှန်အတိုင်း ဆိုင်ဖွင့်မယ်... မင်းတို့ တို့ဟူးပုပ်ကို စားချင်တယ်ဆိုရင် မနက် ဖြန်မနက် စောစောလာပြီး စားကြ...''


"မင်းက မနက်ဖြန်ကျရင် ပုံမှန်အတိုင်းဆိုင်ဖွင့်မယ်...မင်းက ဒီသခင်လေးကို ရိုက်နှက်ထားပြီးမှ စီးပွားရေးလုပ်နိုင်အုံးမယ်လို့ ထင်နေတာလား...''


လူအုပ်ထဲက လူတစ်ယောက်က အေးစက်စွာဖြင့် အထင်သေးဟန် ပြောဆိုလိုက်ပြီး၌ ဆိုင်၌ ဝေးရာသို့ ထွက်ခွာသွားလေသည်။ 


ကျန်သူအားလုံးကလဲ မတူညီသော အရပ်မျက်နှာဆီသို့ ထွက်သွားကြလေသည်။ 


နန်ကုန်းမင်က အလွန်ဝမ်းသာပျော်ရွှင်နေမိသည်။ ထိုဆိုင်က များပြားလှသော လူစုကို ရန်စထားပြီးနောက် မနက်ဖြန် ဆိုင်ဖွင့်နိုင်ရန် မဖြစ်နိုင်တော့ပေ။ သူပဲကြီးပွဲကောင်း ကြည့်ရန်မနက်ဖြန်ကြရင် ဒီနေရာသို့ ပြန်လာရပေမည်။ 


ပုဖန်ဆိုင်တံခါး ပိတ်ပြီးနောက် သူ့နှလုံးသားထဲ၌ အနည်းငယ် အကူညီမဲ့မှုများကို ခံစားနေရသည်။ ဝှိုက်တီ အမြန်ဆုံး ပြင်ဆင်ပြီးရန် သူမျှော်လင့်နေမိသည်။ ထိုအနှောင့်အယှက် ပေးလှသော သူများကို ဖြေရှင်းရန် ဝှိုက်တီကဲ့သို့ အဝတ်အစားချွတ်၍ လွှတ်ပစ်တတ်သော နတ်ဆိုး တစ်ကောင်ကို သူလိုအပ်ပေသည်။ ထိုသူများက ဆိုင်ပြင်သို့ ကိုယ်တုံးလုံးဖြင့် ပစ်လွှတ်ခံရမှသာ သင်ခန်းစာရပေလိမ့်မည်။ 


"စနစ်... ဝှိုက်တီပြုပြင်ပြီးဖို့ ဘယ်လောက်ကြာအုံးမလဲ...''


ပုဖန်က စနစ်ကို စိတ်ထဲမှနေ၍ မေးလိုက်သည်။ 


''တချို့အပိုင်းတွေကို လဲလှယ်ပြီး ဝှိုက်တီရဲ့ ဥာဏ်ရည်ကို မြှင့်တင်နေပါတယ်...အားလုံးပြီးစီးဖို့ ၁၂နာရီ ကြာပါမယ်...''

 

"၁၂နာရီ...'' 


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ထိုအခြေအနေ တိုင်းဆို ဝှိုက်တီကို မနက်ဖြန် မြင်နိုင်ပေမည်။ ထို့နောက်သူ မီးဖိုချောင်ထဲသို့ ပြန်ဝင်လိုက်ပြီး တို့ဟူးပုပ်ပုံးကြီးကို ဘီဒိုထဲသို့ ပြန်ထည့်လိုက်သည်။ ဒါက အနံ့ဆိုးကြီးကို ဖုံးကွယ်ထားနိုင်ရန် ကူညီပေလိမ့်မည်။ တို့ဟူးပုပ်က အရသာရှိလှသော်လည်း သူ့၏ ဆိုးရွားလှသော အနံ့က သာမန်လူများ ခံနိုင်မည်မဟုတ်ပေ။


 ပုဖန်က တို့ဟူးပုပ်အပြင် တခြားဟင်းပွဲအသစ် များကိုလဲ တီထွင်ကြံဆနိုင်ရန် စဉ်းစားနေလေသည်။ သူ့၌ ပျင်းရိနေဖို့ အချိန်မရှိပေ။ 


......


သက်စောင့်ဆေးဆိုင် အတွင်း၌ နန်ကုန်းဝမ်က သစ်သားစည်ပိုင်း အကြီးကြီး တစ်ခုထဲသို့ ဝင်စိမ်နေသည်။ ထိုရေထဲမှ မွှေးပျံ့လှသော သေက်စောင့်ဆေး ရနံ့များလဲ လွှင့်ပျံနေပေသည်။ရေပေါ်၌ ပူစီဖောင်းလေးများလဲ တပွက်ပွက်ထနေ၏။ နန်ကုန်းဝမ်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူမ၏ လက်ချောင်းဖြင့် ဆံပင်အနီအချို့ကို လိမ်ဆော့နေလိုက်သည်။ 


"ငါရဲ့ ခန္ဓာကိုယ်ထဲက အစစ်အမှန်စွမ်းအင်တွေက ဆူပွက်နေတယ်...ဒါက အစစ်အမှန်စွမ်းအင် တိုးလာတဲ့ လက္ခဏာပဲ... အဲ့ဒါ တို့ဟူးပုပ်ကြောင့် များလား... 

တို့ဟူးပွဲ တစ်ပွဲက အစစ်အမှန်စွမ်းအင်တွေကို တိုးစေနိုင်လို့လား...''


ထိုကဲ့သို့တွေးမိပြီးနောက် သူမ အံ့အားသင့်သွားလေသည်။ သက်စောင့်ဆေးနှင့် အာနိသင်တူသည့် ဟင်းပွဲ တစ်ပွဲကို သိရှိပြီးနောက် သူမ မည်ကဲ့သို့ ငြိမ်သက်နိုင်ပါမည်နည်း။ 


ဗွမ်း...


ရေ၏ မျက်နှာပြင်က လှုပ်ခတ်သွားပြီး ဆေးရည်များ အပြင်သို့ ဖိတ်ကျသွားသည်။ နန်ကုန်းဝမ်က သဘက်ဖြူတစ်ထည်ကို လှမ်းယူလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ပတ်ခြုံလိုက်၏။  


"ဒီပိုင်ရှင်က ဘယ်လိုလူစားမျိုးလဲ...သူက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ပဲလား ...သူ့ရဲ့ဟင်းပွဲတွေမှာ အဂ္ဂိရတ်ပညာတွေ လွှမ်းခြုံနေတယ်လို့ခံစားရတယ်... ဟုတ်တယ်... အဲ့လိုဆင်တူတဲ့ သဘောပဲ...''


နန်ကုန်းဝမ်က တတွတ်တွတ် ရေရွတ်လိုက်ပြီး စည်ပိုင်းထဲမှ ထွက်လာသည်။ သူမ၏ ဖြူဖွေးကြည်လင်လှသော ခြေဖျားလေးက ကြမ်းပြင်ပေါ်သို့ ထိကပ်သွားသည်။ လှပလှသော ခြေတံရှည်က လူအားလုံး၏ အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။


သူမ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သူတစ်ယောက်ချက်ချင်း ပေါ်လာလေသည်။ ထိုသူက သူမအနားသို့ ရိုသေမှု အပြည့်ဖြင့်တိုးကပ်လိုက်သည်။ 


"အန်တီမု အဲ့ဒီ့လူအကြောင်း စုံစမ်းလိုက်...သူဘယ်ချိန်တုန်းက မြူကောင်းကင်မြို့ထဲပေါ်လာတာလဲ...ဒါတော်တော် စိတ်ဝင်စားစရာကောင်းတယ်..." 


"ဆောင်ရွက်လိုက်ပါ့မယ်... သခင်မလေး...''


အနက်ရောင်ဝတ်စုံနှင့်လူက ရိုသေစွာ ပြန်လည်ဖြေပြီးသည်နှင့် သဲလွန်စမကျန်အောင် ပြန်လည်ပျောက်ကွယ် သွားလေသည်။ 


နန်ကုန်းဝမ်က သူမ၏ အခန်းပြတင်းပေါက်နား၌ မတ်တပ်ရပ်ပြီး အလင်းရောင်များ တောက်ပဆဲဖြစ်သော တိမ်ခိုးစားသောက်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲ၌ ကိုင်ထားသော စိမ်းပြာရောင် ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် သူမပြုံးလိုက်လေသည်။ 


"တိမ်ခိုး စားသောက်ဆိုင်... မြူကောင်းကင်မြို့ထဲက နောက်ဆုံးသော စားသောက်ဆိုင်...''

                     ..........................