အပိုင်း ၄၂၇
Viewers 53k

အခန်း ၄၂၇

ဝှိုက်တီ...မင်းရဲ့ပိုင်ရှင်က မင်းကို မြင့်မြင့်မှန်းထားတယ်...


အဝတ်များ ပြဲစုတ်သွားသည့် အသံနှစ်သံကို လူတိုင်း ပြတ်ပြတ်သားသားကြားလိုက်ရသည်။တန်ခိုးရှင်နှစ်ယောက်၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နေပေပြီ။သူတို့က ပုဖန်ကို သင်ခန်းစာပေးချင်ခဲ့သော်လည်း ဝှိုက်တီပေါ်ထွက်လာခြင်းက သူတို့ကို ကြောက်ရွံ့သွားစေခဲ့သည်။


"အဲ့ဒါက ဘာကြီးလဲ....."


"ဘန်း.....ဘန်း. ....."


ထိုလူနှစ်ယောက်က တိမ်ခိုးစားသောက်ဆိုင် အပြင်ဘက်သို့ လွင့်ပစ်ခြင်း ခံလိုက်ရသည်။သူတို့၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်က လေထဲဖြတ်သန်းသွားပြီးနောက် မြေပြင်နှင့် မိတ်ဆက်သွားလေသည်။


 မည်သို့ ဖြစ်ပျက်သွားသည်ပင် မသိလိုက်ပဲ လူအားလုံး ကြောင်အနေကြသည်။အထူးသဖြင့် ထိုတန်ခိုးရှင်များကို တိုက်ခိုက်ရန် စေခိုင်းခဲ့သောမိသားစုကြီးများမှ သခင်လေးများဖြစ်သည်။


သူတို့က ကြောင်အနေရုံသာမက ကြောက်ရွံ့ထိတ်လန့်နေကြသည်။ဆိုင်ထဲမှ ပစ်လွှတ်ခြင်းခံလိုက်ရသော တန်ခိုးရှင် နှစ်ယောက်က သူတို့ ခြေရင်းသို့ ကျရောက်လာခဲ့သည်။


ထိုသူနှစ်ယောက်၏ အဝတ်အစားမပါတော့သော သွင်ပြင်က အံ့သြထိတ်လန့်စေသည်။ထိုသူနှစ်ယောက် မည်ကဲ့သို့ လွှင့်ပစ်ခံလိုက်ရမည်မှန်းကိုလည်း သူတို့ စဉ်းစားမရချေ။


တန်ခိုးရှင်နှစ်ယောက်၏ အမူအရာက ပို၍ပင် မဲမှောင်လာသည်။သူတို့ကဲ့သို့ စွမ်းအားရှိသည့် သူက စားသောက်ဆိုင်တစ်ဆိုင်မှ ဝတ်လစ်စလစ်ဖြင့် လွှင့်ပစ်ခဲ့ရမည့်နေ့ ရှိလာဦးမည်ဟု လုံးဝ မစဉ်းစားမိခဲ့ဖူးပေ။ဒါက သူတို့က သတ်လိုက်တာထက်ပင် ပို၍ အရှက်ရစေသည်။


ပတ်ဝန်းကျင်တွင်ရှိနေသော သူများက တန်ခိုးရှင် နှစ်ယောက် မြေပြင်ပေါ်မှ ကုန်းထလာသည်ကို မျက်တောင်မခတ်တမ်းကြည့်နေကြသည်။ထို့နောက် ရယ်သံများ ပွင့်ထွက်လာလေ၏။


သခင်လေးများက ထိုရယ်သံများကို ကြားလိုက်ရသောအခါ၌ သူတို့မျက်နာကို အချက်ပေါင်းများစွာ ရိုက်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။


သူတို့ အလွန်ပင် စိတ်မသက်မသာဖြစ်ပြီး သူတို့၏ မျက်နာက မျောက်ဖင်ကဲ့သို့ပင် နီရဲလာလေသည်။သူ့၏ မျက်ဝန်းများက ပြူးကျယ်တောက်ပြောင်လာသည်။သူတို့၏ ဒေါသတရားကြောင့် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များပင် ထောင်ထနေသလို ထင်ရလေသည်။


တန်ခိုးရှင်နှစ်ယောက်၏ စိတ်အခြေအနေကလည်း လုံးဝ မကောင်းပေ။သူတို့က အလွန်အမင်း ရှက်ရွံ့နေကြပြီး သူတို့၏ သိုလှောင်ကိရိယာထဲမှ အဝတ်အစားတစ်စုံကို ထုတ်ယူ၍ လျှင်မြန်စွာ ဝတ်ဆင်လိုက်ကြသည်။အဝတ်ဝတ်ပြီးနောက် အနည်းငယ် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။


"ကျွတ်....ကျွတ်.....ကျွတ်......လင်းမိသားစုရဲ့ တတိယသခင်လေး....မင်းရဲ့ အစောင့်တွေက အရမ်းပဲ စွမ်းအားနည်းနေတာ မဟုတ်ဘူးလား.....သူတို့က ဒီလိုဆိုင်ထဲကနေပြီးတော့ အဝတ်ချွတ်ပြီးတော့ လွှင့်ပစ်ခံလိုက်ရတယ်.....မင်းကိုယ်မင်း မရှက်ဘူးလား......"


ပိုးထည် ဝတ်စုံဝတ်ဆင်ထားသောလူငယ်နှစ်ယောက်အနက် တစ်ယောက်စီမှ ရယ်မောသံ ထွက်ပေါ်လာသည်။ထိုလူငယ်က လင်းမိသားစု၏ တတိယသခင်လေးကို လှောင်ပြောင်သရော်လိုက်သည်။


"မင်းတို့နှစ်ယောက်က စောက်သုံးမကျဘူးလား....မင်းတို့ ဒီအဆင့် ၈ စစ်နတ်ဘုရားလေးကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုမှတော့.....မင်းတို့ကို ငါ ဘာကြောင့် အစောင့်ခန့်ထားသေးတာလဲ....."


လင်းမိသားစု၏ တတိယသခင်လေးက အဝတ်အစားဖရိုဖရဲ ဝတ်ဆင်ထားသော တန်ခိုးရှင်နှစ်ယောက်ကို လှည့်၍ ဒေါသတကြီး ဆူပူလိုက်သည်။တန်ခ်ိုးရှင် နှစ်ယောက်လည်းပြန်မပြောသာပဲ မျက်မှောင်သာကြုတ်ထားမိသည်။သူတို့၏ မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲနေပြီး အလွန် မခံချိမခံသာ ခံစားနေရသည်။


သူတို့က လင်းမိသားစု၏ အစောင့်များအဖြစ် လုပ်ကိုင်နေသည် ဆိုသော်လည်း တန်ခိုးရှင်အဆင့် ပညာရှင်များသာဖြစ်သည်။သူတို့၌ တန်ခိုးရှင်အဆင့်တစ်ယောက်၏ ဂုဏ်သိက္ခာရှိနေပေသေးသည်။


"တတိယသခင်လေး လင်း မင်းရဲ့ အစောင့်နှစ်ယောက်ကို နောက်ဆုတ်ခိုင်းလိုက်တာ အကောင်းဆုံးပါပဲ....."


လူငယ်က တတိယသခင်လေးကို အကြံဉာဏ် ပေးဟန်ပြောလိုက်သော်လည်း သူ့အသံ၌ အထင်အမြင်သေးမှုများ အထင်းသား ပေါ်လွင်နေသည်။


လူငယ်က သူ့၏ အစောင့်များကို ပုဖန်အားသတ်ရန်အမိန့်ပေးခိုင်းစေလိုက်သည်။အကယ်၍ သူအစောင့်များကသာ ပုဖန်ကို သတ်နိုင်ခဲ့လျှင် လင်းမိသားစု၏ တတိယသခင်လေးကိုပါ ထိုးနှက်ပြီးသား ဖြစ်သွားပေလိမ့်မည်။


သူက မြူကောင်းကင်မြို့ ကျန်းမိသားစုမှ သခင်ငယ်လေး ဖြစ်သည်။သူ့၏ အဆင့်အတန်းကလည်း လင်းမိသားစုမှ တတိယသခင်လေးထက် မနိမ့်ကျပေ။


သူတို့နှစ်ဦးလုံးက နန်ကုန်းဝမ်ကို ပိုးပန်းနေကြသော သူများလည်း ဖြစ်သည်။သူတို့နှစ်ဦးလုံး ဒယ်အိုးနက်ဖြင့် ရိုက်နှက်ခံရပြီး ဆိုင်မှ မောင်းထုတ်ခံရပြီးနောက် အရှက်ရသည်ဟု ခံစားခဲ့ရသည်။ထို့ကြောင့် လက်စားချေရန် ပြန်လာခဲ့ကြခြင်းဖြစ်သည်။


ဘန်း......ဘန်း.....


ကမ္ဘာတစ်ခွင်ကိုပင် တုန်လှုပ်သွားစေနိုင်သော ဧရာမအရိပ်ကြီးက စားသောက်ဆိုင် တံခါးရှေ့၌ ပေါ်လာလေသည်။ပုဖန်က သူ့လက်ထဲမှ တို့ဟူးကို အိုးထဲ ပစ်ထည့်လိုက်ရင်း ဝှိုက်တီကို အံ့အားတသင့် ကြည့်လိုက်မိသည်။


ဒီ သံစက်ရုပ်က အဆင်မြင့်တင်ပြီးနောက် အဆုံးအစမဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့ပုံပေါ်သည်။ပြန်လည်ပြုပြင်ပြီးနောက် သူ့၏ ပုံသဏ္ဍာန်က အရင်ကကဲ့သို့ လုံးဝ လုံးဝန်းနေသည့် သွင်ပြင်မျိုး မဟုတ်တော့ပေ။သူက သံချပ်ကာ ဝတ်စုံကိုဝတ်ဆင်ထားသော စစ်သည်တော်တစ်ယောက်နှင့် ပိုတူလာသည်။


ထိုသံချပ်ကာ၏ အစွန်းထောင့်လေးများမှ အေးစက်လှသော အလင်းများကို ထုတ်လွှင့်နေသည်။ဝှိုက်ဝီ၏ နောက်ကျောဘက်၌ ခေါက်သိမ်းထားသောတောင်ပံတစ်စုံ ရှိနေပြီး ထိုတောင်ပံမှ ကြောက်မက်ဖွယ်ရာဖိအားများကို ထုတ်လွှင့်နေသည်။


သံချပ်ကာဝတ်စုံပေါ်၌လည်း များပြားလှသော နက်ရှိုင်းလှသည့် လိုင်းများ တည်ရှိနေသည်။ထိုလိုင်းများကို စိုက်ကြည့်လိုက်မိသော မည်သူမဆို မူးဝေ ခြင်းကို ခံစားရလိမ့်မည်။


သို့သော်လည်း ထိုသံချပ်ကာ ဝတ်စုံက ဝှိုက်တီ၏ ပူဖောင်းနေသော ဝမ်းဗိုက်ဖြူဖြူကို အပြည့်အဝ ကာထားနိုင်စွမ်းမရှိပေ။ထိုအချက်ကပင်သူနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ဝှိုက်တီဟု ခံစားရစေပြီး သူ့ကို စိတ်ပျော်ရွှင်စေသည်။


ပုဖန်က လက်ဆန့်ထုတ်၍ ဝှိုက်တီ၏ ဗိုက်ကို အသာပုတ်လိုက်သည်။ထိုခံစားချက်ကလည်း အရင်ကနှင့် တူညီနေသည်ကို သတိပြုမိလိုက်သည်။ဝှိုက်တီက ဆိုင်၏အမှိုက်သရိုက်များကို ပြန်လည် သန့်ရှင်းပေးနိုင်တုန်းပင် ဖြစ်ပေါ်ပုံသည်။ပြန်ပြုပြင်ပြီးသည့်နောက် ဝှိုက်တီ၏ အစွမ်းက ပို၍ တိုးလာပုံရသည်။ပုဖန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ဆက်ညိတ်လိုက်သည်။


"စနစ် ဝှိုက်တီရဲ့ လက်ရှိ တိုက် ခိုက်မှု စွမ်းရည်က ဘယ်လိုလဲ....သူ့ရဲ့ သန်မာမှုကလည်း တိုးလာသင့်တယ်လေ ဟုတ်တယ်မဟုတ်လား...."


ပုဖန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ဝှိုက်တီ၏ ခွန်အားက အလွန်သန်မာလှသည်။သူ ပြန်လည် ပြုပြင်ပြီးသည့်နောက် ပို၍ပင် သန်မာလာသင့်ပေသည်။


"ဝှိုက်တီကို အဆင့် တိုးမြှင့်ပြီးနောက် အဆင့်တစ်ဆင့် တိုးတက်သွားပါတယ်.....အစွန်အဖျားဒေသ သတ္တုတွင်းထဲမှ သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်နိုင်စွမ်းရှိတဲ့ သတ္တုစွမ်းအင်တွေကို တွေ့ရှိခဲ့တယ်.....အဲ့ဒီ သတ္တုစွမ်းအင်တွေနဲ့ များပြားလှတဲ့ အစီအရင်တွေ ပြည့်နှက်နေတဲ့ အထူးတိုက်ပွဲဝင် ဝတ်စုံကို ပြုလုပ်ပေးခဲ့တယ်......ဝှိုက်တီရဲ့ တိုက်ပွဲစွမ်းရည်ကလည်း အဆင့် တိုးတက်လာခဲ့တယ်....အခုသူ့ရဲ့ အကန့်အသတ်ကတော့ တန်ခိုးရှင်အဆင့် အတားအဆီးကို ငါးကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ဖူးတဲ့ နတ်ဘုရားနယ်ပယ် တစ်ယောက်နဲ့ တူညီတယ်......ဝှိုက်တီရဲ့ ခွန်အားကတော့ ပိုင်ရှင်ရဲ့ ကျင့်ကြံစဉ်ကို နှစ်ဆင့် တိုးမြှင့်ထားခြင်းပဲ ဖြစ်တယ်.....စွမ်းအင်ပိုမိုလိုအပ်ပါကလည်း အဆုံးစွန်ထိ သုံးလို့ရမယ့် နည်းလမ်းတွေ ရှိပါသေးတယ်.....ဒါပေမယ့် အဲ့ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ သူပြန်လည် ခွန်အားပြည့်လာဖို့အတွက် အချိန်နှစ်ရက်လောက် ပြန်ယူရပါမယ်....."


စနစ်က လေးနက်ထက်သန်စွာဖြင့် တိုးတက်လာသော ဝှိုက်တီ၏ လက်ရှိ အခြေအနေကို ရှင်းပြလိုက်သည်။ပုဖန်က စနစ်၏ စကားကြောင့် အံ့သြသင့်သွားမိသည်။သူက စနစ်ပြောသမျှ အကုန်အစင်နားမလည်သော်လည်း ဝှိုက်တီ၏ လက်ရှိစွမ်းအားက ထိတ်လန့်စရာ ကောင်းသည်ဟု ခံစားမိလေသည်။ပုဖန်က ဝှိုက်တီ၏ ဝမ်းဗိုက်ပူပူကို ထပ်၍ ပုတ်လိုက်ပြီးသူ့၏ နှုတ်ခမ်းလေးများက စိတ်ကျေနပ်မှုဖြင့်ကော့ညွှတ်သွားသည်။


"ဝှိုက်တီ မင်းရဲ့ ပိုင်ရှင်က မင်းကို မြင့်မြင့်မှန်းထားတယ်နော်...."


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက တဖျက်ဖျက်လက်ခါသွားပြီးနောက် သူ့၏ လက်ပြားကြီးကို မြှောက်၍ ခေါင်းပြောင်ပြောင်ကို ကုတ်ခြစ်လိုက်လေသည်။


....


"အဆင့် ၈ စစ်နတ်ဘုရားတစ်ယောက်က တန်ခိုးရှင်အဆင့် နှစ်ယောက်ကို ဘယ်လိုများ ဆိုင်ထဲက ပစ်ထုတ်လိုက်နိုင်တာလည်းလို့ ငါစဉ်းစားနေခဲ့တာ.....ဒါက မင်းရုပ်သေးရုပ်ကြောင့်ပဲကို... မင်းရုပ်သေးရူပ် ရှိနေလို့ ယုံကြည်မှုတွေ ရှိနေတာလား......"


ကျန်းမိသားစု၏သခင်လေးက ပုဖန်၏ ဘေးနားရပ်နေသော မြင့်မားတောင့်တင်းလှသည့် ဝှိုက်တီကို မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။ထို့နောက်သူက လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်၏။


သူ့၏ ဘေးနားမှ တန်ခိုးရှင်အဆင့် နှစ်ယောက်ကလည်း သူတို့၏ စွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး ဝှိုက်တီကို အလေးအနက်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။


အခြားတစ်ဖက်၌...

 အဝတ်ချွတ် ပစ်ခံလိုက်ရသော တန်ခိုးရှင် နှစ်ယောက်ကမူ ဝှိုက်တီကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။ဒီရုပ်သေးရုပ်က မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့နှစ်ယောက်ထက် ဘယ်သူမှ မသိနိုင်ပေ။


ရုပ်သေးနှင့် ရင်ဆိုင်ရချိန်က သူတို့မနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိခဲ့ပေ။သူတို့ မသေမျိုး ခန္ဓာအဆင့် ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်နေရသလိုပင် ခံစားလိုက်ရသည်။


....


တိမ်ခိုးစားသောက်ဆိုင်၏ မျက်နာချင်းဆိုင်ရှိ သက်စောင့်ဆေးဆိုင်အတွင်း၌ မျက်နာကာကို ဝတ်ဆင်ထားသော နန်ကုန်းဝမ်က တံခါးဘောင်ကိုမှီ၍ စားသောက်ဆိုင်ထဲ၌ တိုက်ခိုက်နေကြသော မြင်ကွင်းကို ကြည့်နေခဲ့သည်။


သူမက ထိုတိုက်ခိုက်မှုကို အလွန်စိတ်ဝင်စားနေပုံရသည်။သူမ၏ မျက်ဝန်းထဲ၌ ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ထိုစားသောက်ဆိုင်လေးက နောက်ခံမရှိသည့် ဆိုင်သေးသေးလေးဟု သူမ ထင်ခဲ့မိသည်။သို့သော်လည်း ကြည့်ရသည်မှာသူမ ကောက် ချက်ချ စောလွန်းသွားခဲ့သည်။


"မူလ ဇစ်မြစ်ကို မသိရတဲ့ စားဖိုမှူး တစ်ယောက်နဲ့ထူးဆန်းတဲ့ ရုပ်သေးတစ်ရုပ်....တကယ့်ကိုပဲ စိတ်ဝင်စားစရာကောင်းလွန်းတယ်......"


တိုက်ခိုက်မှုက လူတိုင်း၏အာရုံကို ဆွဲဆောင်ထားပေသည်။အားလုံးက စားသောက်ဆိုင်ရှိရာဆီသို့သာ ပြူးပြဲ၍ စိုက်ကြည့်နေကြသည်။


သူတို့အားလုံးက ကျန်းမိသားစုမှ သခင်လေးနှင့် လင်းမိသားစုမှ တတိယသခင်လေးကို သိရှိကြသည်။မြူကောင်းကင်မြို့ထဲ၌ နေထိုင်သော မည်သူမဆို ထိုမိသားစုကြီးမှ မိသားစုဝင်များကို မသိသူဟူ၍ မရှိပေ။စားသောက်ဆိုင်ငယ်လေး၏ ပိုင်ရှင်က ထိုသူတို့ကို ဆန့်ကျင်ရဲလိမ့်မည်ဟု သူတို့မထင်ထားခဲ့မိပေ။


ကြည့်ရသည်မှာ ထိုဆိုင်ပိုင်ရှင် ဒုက္ခအနည်းငယ် ခံစားရတော့မည့်ပုံပေါ်သည်။ထိုမိသားစုကြီး၏ စွမ်းအားအစစ်အမှန်ကို သူတို့ထက်ပို၍ မည်သူမှ သိကြမည်မဟုတ်ပေ။သူတို့ ထိုမိသားစုနှစ်စုက နန်ကုန်းမိသားစုနှင့်ပင် တန်းတူနီးပါးရှိသည်။


ကျန်းမိသားစု၏ တန်ခိုးရှင်နှစ်ယောက်ထံမှ အော်ရာများ ပေါက်ကွဲထွက်လာပြီးနောက် သူတို့ပုဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။သူတို့က တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် ပုဖန်ကို အလဲထိုးနိုင်ရန် ကြိုးစားလိုက်ကြသည်။


တန်ခိုးရှင်တစ်ယောက်က ဝှိုက်တီကို တားဆီးလိုက်ပြီး တစ်ယောက်က ပုဖန်ကို တိုက်ခိုက်ရန်သွားလိုက်သည်။သူတို့၏ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်းကိုင်တွယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလဲကောင်းလှသည်။


ကျန်းမိသားစုမှ သခင်လေးက စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။သူမျှော်လင့်ထားသည့်အတိုင်း သူ့၏ အစောင့်နှစ်ယောက်က ကျွမ်းကျင်ပိုင်နိုင်မှု ရှိလှသည်။သူက အားရကျေနပ်စွာဖြင့်ပင် မျက်နာပျက်ယွင်းနေသောလင်းမိသားစု၏ တတိယသခင်လေးကို ကြည့်လိုက်သည်။


"မင်းမိသားစုကလူတွေကို ကြည့်စမ်းပါဦး....မင်းတို့ ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တန်ခိုးရှင်နှစ်ယောက်က လုံးဝ သုံးစားမရဘူး......"


ဝှိုက်တီ ခေါင်းအနည်းငယ် လှည့်လိုက်ပြီးနောက် သူ့၏ ခရမ်းရောင် မျက်ဝန်းတစ်စုံကလည်း အလင်းရောင် လက်တောက်လာခံ့ပြန်သည်။


"ပြဿနာကောင်တွေ တစ်ခြားသူတွေကိုဥပမာပေးဖို့အတွက် မင်းတို့ရဲ့ အဝတ်အစားတွေ ချွတ်ပစ်ရမယ်....."


ဝှိုက်တီဆီမှ တူညီသည့် စကားစုပဲ ထွက်ပေါ်လာပြန်သည်။ထိုအသံကို ကြားလိုက်သည်နှင့် လင်းမိသားစု၏ တန်ခိုးရှင်များက တုန်ယင်သွားကြပြန်သည်။


သို့သော်လည်း ကျန်းမိသားစုမှ တန်ခိုးရှင်များကမူ ဝှိုက်တီကို လုံးဝ ဂရုမစိုက်ပေ။သူတို့ကအော်ဟစ်မာန်သွင်းလိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို အပြည့်အဝဖော်ထုတ်လိုက်သည်။


သူတို့၏ တာဝန်ကို အလျှင်အမြန် ပြီးမြောက်စေရန်အတွက် သူတို့၏ အစစ်အမှန်စွမ်းအားများကို လောင်ကျွမ်းစေလိုက်မည့်ပုံပေါ်လေသည်။ထို့နောက် တောင်တစ်လုံးကိုပင် ခွဲခြမ်းပစ်နိုင်ရန် အင်အားရှိပုံရသောလက်ဝါးရိုက်ချက်တစ်ချက်က ဝှိုက်တီဆီသို့ ကျရောက်သွားလေသည်။


ပုဖန်ကို တိုက်ခိုက်မည့် တန်ခိုးရှင်ကလည်း သူ့၏ လက်နှစ်ဖက်ကို ဆန့်ကား၍ ပုဖန်ဆီသို့ တိုးဝင်သွားသည်။သူက ပုဖန်ကို ဖမ်းဆီးရန် ရည်ရွယ်ထားကြောင်း ထင်ရှားလေသည်။


ပုဖန်ကို ဖမ်းလိုက်နိုင်သည်နှင့် ထိုရုပ်သေးရုပ်က သူတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်လာမည်ဖြစ်မှန်း သူတို့သိပေသည်။ထို့ကြောင့် သူတို့၏ တကယ့်အစစ်အမှန် ရည်ရွယ်ချက်မှာ ပုဖန်ကို ဖမ်းဆီးရန်သာ ဖြစ်သည်။


သို့သော်လည်းထိုတန်ခိုးရှင်၏ အကြည့်များ ပုဖန်ဆီသို့ ကျရောက်သွားသောအခါ၌ သူ့၏ နှလုံးသားက တုန်ယင်သွားလေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ပြန်၍ ကြည့်နေသောကြောင့်ဖြစ်သည်။


ဘန်း.....


သူ့၏ နောက်ကျောဘက်မှ ပေါက်ကွဲတုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ထိုတန်ခိုးရှင်က အံ့သြသွားပြီး သင်္ကာမကင်းစွာဖြင့် သူနောက်ကျောဘက်မှ မြင်ကွင်းကို လှည့်ကြည့်လိုက်သည်။မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။ 


ရုပ်သေးရုပ်.....


ထိုရုပ်သေးရုပ်က သူ့ရဲဘော်ရဲဘက်၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး လက်သီးချက်ဖြင့်သာ ရင်ဆိုင်လိုက်လေသည်။အရိုးကျိုးသံများ ထွက်ပေါ်လာပြီး သူ့၏ ရဲဘော်ရဲဘက်က ဝှိုက်တီ၏ လက်ချက်ဖြင့် မြေပေါ်လဲကျသွားလေသည်။သူ့၏ လက်တစ်ဖက် ပြုတ်သွားပြီး သွေးများကလည်း နေရာအနှံ့ လွင့်စင်သွားလေသည်။


"သေစမ်း .....ဒီရုပ်သေးက ဘာလို့ အရမ်းသန်မာနေရတာလဲ....."


ပုဖန်ကို တိုက်ခိုက်နေသောသူက စိတ်ထဲမှနေ၍ ညီးတွားလိုက်မိသည်။ထို့နောက် သူ ဆိုးဆိုးရွားရွားပျက်ယွင်းနေသော မျက်နာအမူအရာဖြင့် ပုဖန်ကို လှည့်ကြည့်လိုက်လေသည်။


"ငါ မင်းကိုဖမ်းမယ်.....မင်းကို ဖမ်းပြီးတာနဲ့ မင်းရဲ့ရုပ်သေးကလည်း အသုံးမဝင်တော့ဘူး .....လာစမ်း....."


ဝေရာ.....


သူ့၏ အစစ်အမှန်စွမ်းအင်များက ဆိုင်တွင်းသို့ လေပြင်းတစ်ခုသဖွယ် ဝဲလှည့်သွားလေသည်။တန်ခိုးရှင် တစ်ယောက်၏ စွမ်းအားက အနည်းငယ်မျှပင် အားမနည်းပေ။ထို့အပြင် သူက တန်ခိုးရှငိ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသောသူ တစ်ယောက် ဖြစ်သည်။


သူ့၏ ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုလိုပင် လှုပ်ရှားသွားပြီး ပုဖန်ဆီသို့ တိုးဝင်တိုက်ခိုက်ခိုက်သည်။ပုဖန်က ထိုတန်ခိုးရှင်ကို မတုန်မလှုပ်အမူအရာဖြင့်ပင် စိုက်ကြည့်နေလိုက်သည်။


တန်ခိုးရှင်ဆီမှ ထွက်လာသော လေပြင်းအားများကြောင့် ပုဖန်၏ ဆံပင်များပင် အနောက်သို့ လွင့်ပျံနေသည်။သူ့၏ သိုးမွှေးခေါင်းစည်းကြိုးက ဖြေလျော့သွားပြီး သူ့ဆံပင်များက ပုခုံးထက်ဆီသို့ ဖြာကျလာလေသည်။


ပလောက်.....


သူ့လက်ထဲမှ လျော့ရဲကျသွားသောတူကြားက တို့ဟူးပိုင်းလေးကလည်း ဆီပူအိုးထဲ ပြုတ်ကျသွားလေသည်။ပြင်းထန်လှသော အနံ့များက နောက်တစ်ကြိမ် လှိုင်တက်လာပြန်သည်။


ပုဖန်ဆီသို့ ရောက်ခါနီးဖြစ်သော တန်ခိုးရှင်က ရပ်တန့်သွားလေ၏ သူ့၏ လမ်းကြောင်း၌ ယပ်တောင်ကဲ့သို့ လက်ကြီးတစ်ချောင်းပေါ်လာပြီးနောက် သူ့၏ ခေါင်းကို ကိုင်ထားခြင်းကို ခံလိုက်ရသည်။


ထိုလက်မှ ပြင်းထန်လှသော ဖိအားများကြောင့် သူ့၏ ခေါင်းပင် ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ့၏ အဆုံးစွန်ဆုံးသော အင်အားများကို အသုံးပြုရန် တွေးတောလိုက်သည်။


ထိုတန်ခိုးရှင်က ဝှိုက်တီ၏ ဖမ်းဆီးမှုမှ လွတ်မြောက်အောင် ကြိုးစားလိုက်ပြီး ခပ်လှမ်းလှမ်းဆီသို့ ပျံသွားလိုက်သည်။ထိတ်လန့်မှုကြောင့် သူ့၏ အသက်ရှူသံများကလည်း ပြင်းပြနေလေသည်။


သူ ကြောက်ရွံ့မှု အပြည့်ဖြင့် ဝှိုက်တီကို မော့ကြည့်လိုက်သည်။သို့သော်လည်း သူ ဝှိုက်တီကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် ယပ်တောင် လက်ဖဝါးကြီးက သူ့ကို ရိုက်ချလိုက်လေသည်။


ထိုတန်ခိုးရှင်က ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး သွေးတစ်လုတ်အန်လိုက်ရသည်။ဝှိုက်တီက ထိုတန်ခိုးရှင် နှစ်ယောက်ဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်လာခဲ့သည်။သူနီးကပ်လာသည်နှင့်အမျှ မြေပြင်ပေါ်မှ နှစ်ယောက်ကလည်း တုန်ရီနေကြ၏။


ထို့နောက် ဝှိုက်တီက သူတို့နှစ်ယောက်၏ အဝတ်အစားများကို ဆွဲချွတ်လိုက်ပြီးနောက် ဆိုင်အပြင်ဘက်ဆီသို့ လွှင့်ပစ်လိုက်လေသည်။ကျန်းမိသားစုမှ တန်ခိုးရှင်နှစ်ယောက်ကလည်း အဝတ်ဗလာဖြင့်ပင် ခွေးသေကောင်နှစ်ကောင်ကဲ့သို့ လွှင့်ပစ်ခံရပေပြီ။


ဘန်း.....ဘန်း.....


ထိုတန်ခိုးရှင် နှစ်ယောက်က ကျန်းမိသားစု၏ သခင်လေးရှေ့မှောက်သို့ ပြုတ်ကျသွားသည်။သူအလွန်အံ့သြထိတ်လန့်သွားပြီး ပုဖန်ကို မော့ကြည့်လိုက်သည်။


"ဘာတွေ ဖြစ်သွားတာလဲ သူ့အစောင့်နှစ်ယောက်က ဒီလိုပဲ ပစ်ထုတ်ခံလိုက်ရတာလား.....သူတို့ အစီအစဉ်က ပျက်စီးသွားပြီးလား....."


နောက်ခဏ၌ သူ့အကြည့်များက ဝှိုက်တီဆီသို့ ကျရောက်သွားပြီးနောက် သူ့ခန္ဓာက်ိုယ်က တောင့်တင်းသွားလေသည်။ထိုသံရုပ်သေးရုပ်၏ ခရမ်းရောင်မျက်ဝန်းများက သူ့ကို မလွှဲတမ်းစိုက်ကြည့်နေလေသည်။


"ပြဿနာကောင်...."


"သွားသေလိုက်ပါလား ဘယ်သူက ပြဿနာကောင်လဲ ...ဒီရုပ်သေးက ဘာလုပ်ဖို့ ကြံနေတာလဲ ငါက ကျန်းမိသားစုရဲ့ သခင်လေးနော်....."


လူငယ်လေး၏ မျက်နာပေါ်၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး အနောက်သို့ အလျှင်အမြန် ဆုတ်လိုက်သည်။ထို့နောက် သူ့ဘေးနား၌ ရပ်နေကြသော တန်ခိုးရှင် ပညာရှင်များကို လှမ်း၍ ကျိန်းမောင်းလိုက်သည်။


"မင်းတို့ ဘာရပ်ကြည့်နေတာလဲ မြန်မြန် သူ့ကို တိုက်ကြလေ.....ဒီ မိမစစ် ဖမစစ်ကို တားကြ...."