အခန်း ၄၂၉
ဘာလို့အရမ်းအရသာရှိတာလဲ...
မြူကောင်းကင်မြို့တော် ဆေးလုံးအဆောက်အဦး....
မြင့်မားလှသော ဆေးလုံး အဆောက်အဦးအတွင်း၌ ရှေးဟောင်း သမိုင်းဝင် လက်ရာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။လေးဘက်လေးတန်ရှိ အပေါက်ငယ်လေးများမှလည်းဆေးစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသည်။
ထို ဆေးစွမ်းအင်များက အရောင်အသွေး စုံလင်လှပြီးတူမတူအောင် လှပလှသောမရောင်စုံ တိမ်တိုက်များနှင့်ပင် တူညီလှသည်။
မြူကောင်းကင်မြို့ထဲ၌ ရှိသော အဂ္ဂိရတ်ပညာရှင်အများစုက ဆေးလုံး အဆောက်အဦးထဲတွင် နေထိုင်ကြသည်။အဘယ့်ကြောင့်ဆိုသော် သက်စောင့်ဆေးများကို သန့်စင်ရာ၌ အပြင်ထက် ဆေးလုံးအဆောက်အဦးထဲမှာသန့်စင်ရှင်းက ပို၍ ကောင်းမွန်သောကြောင့် ဖြစ်သည်။
ထို့အပြင် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင် အများစုကလည်း ဆေးလုံး အဆောက်အဦးအတွင်းထဲ၌ ရှိနေသည်။ထိုသူများက သက်စောင့်ဆေးကို သန့်စင်လိုက်သည့်အချိန်၌ သူတို့ သုံးစွဲသော အရည်သွေးမြင့်လှသည့် စိတ်ဝိညာဉ်စွမ်းအင်များမှ ဆေးပင်များကလည်း အဆောက်အဦးအတွင်းမှ မြင့်တက်လာပေလိမ့်မည်။
ထိုသိပ်သည်းလှသော ဆေးစွမ်းအင်များက ဆေးလုံး အဆောက်အဦးပတ်လည်ကို ရောင်စုံ တိမ်တ်ိုက်များသဖွယ် ကာရံထားပြီး ပို၍ လှပသက်ဝင်နေစေလိမ့်မည်။
ယေန့၌...
ဆေးလုံးအဆောက်အဦး၏ ထူထဲလှသော သံတံခါးကြီး ပွင့်ဟလာပေသည်။ပွင့်လိုက်ခြင်းနှင့်အတူ ကျယ်လောင်လှသော တကျွီကျွီ မြည်သံများလည်း ထွက်ပေါ်လာသည်။
ထို့အပြင် ကြွယ်ဝလှသော စိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ အံ့သြဖွယ်ကောင်းလှသော သက်စောင့်ဆေးများ၏ မွှေးရနံ့ကပါ တံခါးဝဆီမှ ပြန့်လွှင့်လာလေသည်။
ထိုတံခါးဝဆီမှ လူတစ်ယောက် ဖြေးညှင်းစွာ လျှောက်ထွက်လာသည်။သူလျှောက်ထွက်လာပြီးသည်နှင့် တံခါးက တဖြေးဖြေးချင်း ပြန်လည် ပိတ်သွားပြီးပြင်ပကမ္ဘာလောကနှင့် ပြန်လည် ခြားးလိုက်သလိုပင် ရှိသည်။
ထွက်လာသော လူငယ်က ဆံပင်အနီနှင့် လူငယ်ဖြစ်သည်။သူ့၏ မျက်နာကျက ရှည်သွယ်ပြီး အလွန်ချောမောခန့်ညားလှသည်။သူ့ခန္ဓာကိုယ်မှလည်း လွှမ်းမိုးနိုင်စွမ်းသော အော်ရာများ ထုတ်လွင့်နေသည်။သူလမ်းလျှောက်လာရင်းမှ သူ့၏ စွမ်းအင်လှိုင်းများက လွင့်တက်နေသလို သူ့၏ ဆံပင်များကလည်း တဖြတ်ဖြတ် လွင့်ခါနေသည်။
တစ်စုံတစ်ယောက်ကသာ ထိုလူငယ်ကို အဝေးမှ လှမ်းကြည့်လိုက်လျှင် ကမ္ဘာကြီးပေါ်၌ တစ်ဦးတည်းသော သက်ရှိဟုပင် ထင်မြင်ပေလိမ့်မည်။
ဆေးလုံး အဆောက်အဦး၏ တံခါးမှ ထွက်လာပြီးသည့်နောက် လူငယ်က ရပ်တန့်လိုက်ပြီး အကြောအချဉ် ဆန့်လိုက်သည်။
သူ့၏ ခန္ဓာကိုယ်မှ အရိုးအဆစ်များ အကြောများ ရွေလျားပွတ်တိုက်မိသွားပြီး အသံတဖျောက်ဖျောက်ပင် ထွက်ပေါ်လာလေသည်။
ထိုလူငယ်က မျောလွင့်နေသည့် အဖြူရောင် တိမ်တိုက်တစ်ခုကို ရေးဆွဲထားသော အနက်ရောင် အဂ္ဂိရတ်ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသည်မှာ လိုက်ဖက်လွန်းလှသည်။သူက တိမ်တစ်စအဂ္ဂိရတ်ပညာရှင်ပင် ဖြစ်သည်။ခဏအတွင်းမှာပင် လူတစ်ချို့က အလျှင်အမြန်ပင် လာရောက်၍ လူငယ်ကို ကြိုဆိုကြသည်။
"သခင်လေး ဝူချယ် သီးခြားလေ့ကျင့်ခြင်း ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်....."
မျက်နာပေါ်တွင် ငြိမ်းအေးလှသော အပြုံးတစ်ခု တပ်ဆင်ထားသည့် လူကြီး တစ်ယောက်က နွေးထွေးစွာ ပြောလိုက်သည်။
ထိုလူကြီးနောက်မှ လူများက နန်ကုန်းမိသားစုမှ သူများဖြစ်သည်။နန်ကုန်းမင်က ထိုသူများထဲမှ တစ်ယောက်ဖြစ်၏။သူက လူငယ်ကို လေးစားအားကျသော မျက်ဝန်းများဖြင့် ပြူးကြည့်နေလေ၏။
ထိုလူငယ်က နန်ကုန်းဝူချယ်ဖြစ်သည်။သူက နန်ကုန်းမိသားစု၏ ဆက်ခံသူ အကြီးဆုံးသား ဖြစ်သည့်အပြင် နန်ကုန်းဝမ်၏ အကိုကြီးလည်း ဖြစ်သည်။
ထို့အပြင် အချိန်အတိုအတွင်းမှာပင် တိမ်နှစ်စ ကျွမ်းကျင်ပညာရှင် အဆင့်သို့ ရောက်တော့မည့် ပါရမီရှင်လည်း ဖြစ်သည်။သူ့၏ ပါရမီက တကယ်ပင် ကြောက်စရာကောင်းလှသည်။စွမ်းအင်ကျင့်ကြံခြင်း၌သာ အင်အားကြီးမားလှသည် မဟုတ်ပဲ အဂ္ဂိရတ်ပညာမှာပါ ထိတ်လန့်အံ့အားသင့်စရာ လက်ဆောင်ကို ပိုင်ဆိုင်ထားပေသည်။
"အဖေက လျှို့ဝှက်နယ်မြေကနေ ပြန်လာပြီလား...."
နန်ကုန်းဝူချယ်က လူကြီးကို ကြည့်လိုက်ပြီးနောက် အေးဆေးစွာမေးလိုက်သည်။
"မကြာခင်ပဲ ထွက်လာတော့မှာပါ ....လျှို့ဝှက်နယ်ပယ် ပြိုင်ပွဲကလည်း မကြာခင်မှာရောက်လာတော့မယ်ဆိုတော့ သူ အဲ့ဒီပြိုင်ပွဲအမှီထွက်လာမှာပါ....အဲ့ဒီအချိန်ကျရင် ငါတို့ နန်ကုန်းမိသားစုရဲ့ အင်အားကို ပိုပြီး အဆင့်မြင့်အောင် မြင့်တင်ရမယ်....."
ထ်ိုလူကြီးက ခပ်ပြုံးပြုံးအမူအရာဖြင့် ပြောလိုက်သည်။
နန်ကုန်းဝူချယ်၏ မျက်နာပေါ်တွင် အပြုံးခပ်ပါးပါးတစ်ခု ပေါ်လာပြီးပြောလိုက်သည်။
"အဆင့်မြင့်အကြီးအကဲ ခင်ဗျားက ကျွန်တော်တို့ နန်ကုန်းမိသားစုထဲမှာ တကယ့်ကို ယုံကြည်ရဆုံးပဲ......"
ထိုလူကြီးကလည်း ခပ်သဲ့သဲ့ ရယ်မောလိုက်၏ ။
"ဒါနဲ့ ကျွန်တော်ရဲ့ ညီမဆိုးလေး ဘယ်ရောက်နေလဲ.....သူဒီရက်တွေထဲမှာ ပြဿနာရှာထားသေးလား...."
နန်ကုန်းဝူချယ်က အရှေ့သို့ ဆက်လက်၍ လှမ်းလျှောက်လိုက်ရင်း မေးလိုက်သည်။သူ နန်ကုန်းဝမ်၏ အကြောင်းကို ပြောလိုက်သည့်အချိန်၌ မျက်မှောင်အနည်းငယ်ပင် ကြုတ်ထားမိသည်။
"အား.....ငါတို့ရဲ့ သခင်မလေးက အခုလက်ရှိ သက်စောင့်ဆေးဆိုင် တစ်ဆိုင်ဖွင့်ထားပြီး သက်စောင့်ဆေးတွေ ရောင်းနေတယ် ...."
အကြီးအကဲက သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက်သည်။
လူကြားထဲတွင်ရှိနေသာ နန်ကုန်းမင်၏ အမူအရာက လေးနက် တည်ငြိမ်သွားသည်။သူ့၏စိတ်ထဲ၌ သတ္တိများ ရုတ်ချည်း တိုးပွားလာသလိုမျိုး ထိုလူငယ်ကို ကြည့်၍ ပြောလိုက်သည်။
"သခင်လေး ဝူချယ် ဒုတိယသခင်မလေးက သက်စောင့်ဆေး ရောင်းနေတဲ့ အချိန်မှာပဲ ဆိုင်ဝန်းကျင်မှာရှိတဲ့ စားသောက်ဆိုင်နဲ့ သွားပတ်သတ်နေတယ် .....ပြီးတော့ ...."
"ပြီးတော့ ဘာဖြစ်လဲ....."
နန်ကုန်းဝူချယ်၏ အကြည့်က နန်ကုန်းမင်ပေါ်သို့ ကျရောက်လာပြီး လွှမ်းမိုးနိုင်စွမ်းသော အော်ရာများပါ မြင့်တက်လာလေသည်။
"ပြီးတော့သူက အဲ့ဒီစားသောက်ဆိုင်က အရမ်းအနံ့ဆိုးတဲ့ အစားအစာကို စားသုံးခဲ့တယ် အခုတော့ မြို့သူမြို့သားတွေက ပြောကုန်ကြပြီ......နန်ကုန်းမိသားစုရဲ့ ဒုတိယသခင်လေးက.... မစင်တွေကို စားတယ်ဆိုပြီးတော့....."
နန်ကုန်းဝူချယ်၏ ပြင်းထန်လှသော ဖိအားအောက်တွင် နန်ကုန်းမင်၏ ခန္ဓာပိုယ်က တဆတ်ဆတ် တုန်ယင်နေပေသည်။သူ့အတွက် အသက်ရှုရန်ပင် ခက်ခဲနေ၏။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချွေးအေးများဖြင့် စိုစွတ်နေပေပြီ။
"ဘယ်လိုတောင် သိက္ခာကျနေတာလဲ.....ဒီကလေးမလေးက ငါတို့မိသားစုရဲ့ သိက္ခာကို လိုက်ချနေတာလား......ပြီးတော့ မြူကောင်းကင်မြို့ထဲမှာ ဘယ်ကနေဘယ်လို စားသောက်ဆိုင် တစ်ဆိုင် ရောက်လာတာလဲ......ပြီးတော့ အဲ့ဒီဆိုင်က တကယ့်ကိုပဲ အဲ့ဒီလိုမျိုး ဆိုးရွားတဲ့ အရသာကို တည်ခင်းဧည့်ခံရဲတယ်ပေါ့.....သူတို့အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်....."
နန်ကုန်းဝူချယ်၏ အကြည့်များက ပို၍ အေးစက်လာခဲ့သည်။နန်ကုန်းမင်က နန်ကုန်းဝူချယ်၏ မကျေမနပ်စကားများကို ကြားသောအခါ၌ သူ့စိတ်ထဲ ပျော်ရွှင်မှုများ ပြည့်လာလေသည်။
အကယ်၍ ထိုသခင်လေးသာ လှုပ်ရှားလာခဲ့မည်ဆိုလျှင် မြူကောင်းကင် မြို့ထဲ၌ ထိုစားသောက်ဆိုင် ဆက်လက်ရပ်တည်နိုင်စရာ အကြောင်းမရှိတော့ပေ။
ပုဖန် သူ့ကို အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့သည့် ကိစ္စများကို ပြန်လည် သတိရမိသွားပြီးနောက် သူ့၏ စိတ်ထဲမှ ပျော်ရွှင်မှုက ပို၍ပင် မြင့်မားလာခဲ့သည်။
ရုတ်တရက် နန်ကုန်းမင်၏ အကြည့်များက ဝေဝါးသွားသကဲ့သို့ပင် နန်ကုန်းဝူချယ်က မည်သို့ မည်ပုံ သူ့ရှေ့ရောက်လာသည် မသိလိုက်ရပဲ သူပုခုံးကို ပုတ်လိုက်သည်ကိုသာ ခံစားလိုက်ရသည်။ထို အဖြစ်က သူ့ကို ဒူးများပျော့ခွေ ကျလုနီးပါးပင် ဖြစ်သွားစေသည်။
"မင်းတို့အားလုံး အရင်ပြန်နှင့်ကြ ငါ အဲ့ဒီစားသောက်ဆိုင်ကို သွားလိုက်ဦးမယ်.....နန်ကုန်းမင် ငါ့ကို လမ်းပြ.....မင်းက ငါ့ကို လှည့်ဖျားပြောဆိုတယ် ဒါမှမဟုတ်...အဖြစ်အပျက်ကို ချဲ့ကားပြောဆိုတယ်ဆ်ိုရင်တော့ အဲ့ဒီရဲ့ အကျိုးဆက်ကို မင်းခံစားရမယ်....."
နန်ကုန်းဝူချယ်က နန်ကုန်းမင်ကို စေ့စေ့ကြည့်ရင်း နွေးထွေးလှသော အပြုံးဖြင့် ပြောလိုက်သည်။သို့သော်လည်း နန်ကုန်းမင်၏ နှလုံးသားက ထိတ်လန့် မှုဖြင့် တုန်ယင်သွားလေသည်။
.....
တိမ်ခိုးစားသောက်ဆိုင်ထဲ၌...
နန်ကုန်းဝမ်က သေမတတ် ပျင်းရိစွာဖြင့် ထိုင်နေခဲ့သည်။
ဆိုင်အပြင်ဘက်မှ လူတစ်စုကလည်း ဆိုင်အနားသို့ ခေါင်းကပ်၍ သူမကို စူးစမ်းစိတ်အပြည့်နှင့် ချောင်းကြည့်နေခဲ့ကြသည်။
"ငါတို့ရဲ့ နတ်ဘုရားမလေးက ဒီဆိုင်ကို နောက်တစ်ခါ ထပ်လာဦးမယ်လို့ မထင်ထားခဲ့ဘူး....ဒီဆိုင်က တကယ့်ကိုပဲ နှစ်သက်ဖို့ ကောင်းလို့လား.....အဲ့ဒီ မစင်ပုပ်လိုမျိုး အနံ့ရှိတဲ့ ပစ္စည်းက ငါတို့ နတ်ဘုရားမလေးရဲ့ အရသာခံအာ ရုံကို တကယ်ပဲ ဆွဲဆောင်သွားနိုင်တာလား....."
ပြင်းထန်လှသော တို့ဟူးပုပ်၏ ရနံ့ဆိုးက သူတို့၏ စိတ်အာရုံထဲ ထင်ကျန်နေတုန်းပင် ဖြစ်သည်။ထိုရနံ့အကြောင်း ပြန်တွေးမိရုံဖြင့်ပင် သူတို့မျက်နာများ ရှုံ့တွသွားလေတော့သည်။သို့သော်လည်းမျှော်လင့်မထားစွာပင် နတ်ဘုရားမလေး၏ အကြိုက်က ထူးဆန်းလှပေသည်။
နန်ကုန်းဝမ်က အနည်းမှောင်ရိပ်ကျနေသော မီးဖိုချောင်ဘက်သို့ ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများ တောက်ပသွားလေသည်။ပိန်ပါးသွယ်လျသော ပုံရိပ်လေးတစ်ခုက မီးဖိုချောင်ဘက်ဆီမှ ထွက်လာလေ၏။
ပုဖန်က ရွှေများဖြင့် ပြုလုပ်ထားသလိုပင် လှပ လှသော ဥထမင်းကြော်ပွဲကို သယ်ဆောင်လာသည်။ပန်းကန်ကို စားပွဲပေါ် ချပေးလိုက်ပြီးနောက် ခုံတစ်ခုံကို ဆွဲ၍ နန်ကုန်းဝမ်နှင့် မျက်နာချင်းဆိုင်တွင် ဝင်ထိုင်လိုင်သည်။အစားအစာကို ချက်ချင်းစားရန် ပြောလိုက်လေသည်။
"ဒါက ဥထမင်းကြော်ပဲ....ကောင်းကောင်းသုံးဆောင်ပါ......"
"ဥထမင်းကြော်..."
နန်ကုန်းဝမ်က သူမ၏ရှေ့မှ အလင်းရောင်ဖျော့ဖျော့လေး တောက်ပနေသည့် ဥထမင်းကြော်ပွဲကို အံ့အားသင့်သင့် ကြည့်လိုက်သည်။သူကထိုကဲ့သို့ ဥထမင်းကြော်မျိုးကို တစ်ခါမှ မစားဖူးခဲ့ပေ။ထို့ကြောင့်ပင် ထိုအရာက မည်မျှလှပသည်ကို အခုမှသာ သိရှိရလေသည်။
မြူကောင်းကင်မြို့တော်၌ ရှိသော တခြားစားသောက်ဆိုင်များ အားလုံးက အချိန်ကြာမြင့်စွာ ကတည်းကပင် ပိတ်သိမ်းသွားခဲ့မည်ဖြစ်ပြီး တိမ်ခိုးစားသောက်ဆိုင်ကသာနောက်ဆုံးကျန်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း အဲ့ဒီအချိန်က နန်ကုန်းဝမ် ဒီစားသောက်ဆိုင်သို့ တစ်ခါမှ ရောက်မလာခဲ့ဖူးပေ။
ထို့ကြောင့်ပင် ယန်မိန်ကျီ၏ အနက်ရောင် ဥထမင်းကြော်ကိုလည်း တစ်ခါမှ မမြည်းစမ်းဖူးပေ။ထို့ကြောင့်ပင် သူမ၏ ရှေ့မှ အငွေ့တထောင်းထောင်းထနေသော ရွှေဝါရောင် ဥထမင်းကြော်က အံ့အားသင့်စရာကောင်းလွန်းသည်ဟု ခံစားနေမိသည်။ထို ထမင်းကြော်က အနုပညာလက်ရာတစ်ခုနှင့်ပင် တူလှပြီး စားဖို့ရန်ပင် နှမြောတသ ဖြစ်နေမိသည်။
နန်ကုန်းဝမ်က သူမ၏ ပိုးချည်မျှင်ကဲ့သို့ ဆံပင်များကို လိမ်ဆွဲရင်း ပုဖန်ကို မော့ကြည့်လိုက်သည်။
"စားလေ ဘာတွေကြည့်နေတာလဲ....."
ပုဖန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ထိုအမျိုးသမီးက တကယ့်ကို ထူးဆန်းလှပေသည်။
နန်ကုန်းဝမ်လည်း သူမ၏ နှုတ်ခမ်းပါးလေးကို အသာဖိကိုက်လိုက်ရင်း ကြွေဇွန်းကို ကောက်ယူလိုက်သည်။ထို့နောက် ဥထမင်းကြော်ကို တစ်ဇွန်းပြည့်ပြည့် ခပ်ယူလိုက်၏။
ဆန်စေ့လေးများက လုံးဝန်းဖြူဖွေးပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်နေပေသည်။သူ့၏ မွှေးရနံ့များကိုလည်း ဥအနှစ်ဖြင့် စည်းခတ်သိမ်းထားသလို ထင်ရသည်။ထမင်းကို ခူးခပ်လိုက်သော အခါမှသာလျှင် မွှေးရနံ့များက အလုံးအရင်းနဲ့ ပေါက်ကွဲ၍ ထွက်လာပေသည်။
နန်ကုန်းဝမ်၏ မျက်ဝန်းလေးများက ဝိုင်းစက်သွားသည်။ပြင်းထန်လှသောရနံ့လှိုင်းက သူမ၏ မျက်နာကို အလုံးအရင်းနှင့် ဝင်စောင့်လာသောကြောင့် မထိန်းချုပ်နိုင်တော့ပဲ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အားရပါးရ အနံ့ခံလိုက်တော့သည်။
ထိုရနံ့များကို စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရလျှင် မွှေးပျံ့လွန်းတယ်။မွှေးတယ်။
တကယ်ကို မွှေးပျံ့လွန်းလှသည်။
မွှေးရနံ့များမှာ သူမ၏ အရေပြားမှ တစ်ဆင့် အရိုးအဆစ်များထဲ ဖောက်ဝင်၍ သွေးကြောတွင်းထိ စိမ့်ဝင်သွားသလိုပင် ထင်ရသည်။သူမွှေးရနံ့များကြောင့် သူမ၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားလေသည်။
သူမက နီရဲလှသောနှုတ်ခမ်းပါးလေးများကို အသာဖွင့်ဟလိုက်ရင်း ဥအနှစ်လေးများ ဖုံးလွှမ်းနေသည့် ထမင်းကြော် တစ်ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်သည်။
ထမင်းကြော် ပါးစပ်ထဲရောက်သွားသည်နှင့် နန်ကုန်းဝမ်၏ မျက်ဝန်းလေးများက ဝိုင်းစက်သွားပြီး အသာအယာ ညီးညူလိုက်မိသည်။သိပ်သည်းလှသော မွှေးရနံ့များက သူမ၏ လည်ချောင်းတစ်လျှောက် ပြည့်နှက်သွားပြီး ထောင်ပေါင်များစွာသော နူးညံ့လှသည့် လက်သေးသေးလေးများဖြင့် နှိပ်နယ်ပေးသလို သက်တောင့်သက်သာရှိမှုကို ခံစားရသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်မှုတို့ ပြေလျော့သွားပြီး သူမမျက်နာလေးကလည်း နီရဲလာလေသည်။သူမ ထမင်းကို ဆက်၍ ဝါးလေလေ ကျေနပ်နှစ်သိမ့်မှုတို့က တိုးပွားလာလေလေပင်။
ထို့နောက် သူမ ထမင်းကို မြိုချလိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် အသက်တစ်ချက်ပင် ရှိုက်ထုတ်လိုက်သည်။နန်ကုန်းဝမ်က ခေါင်းအသာမော့ထားလေရာသူမ၏ ဖြူဖွေးလှပလှသော လည်တိုင်ကျော့ကျော့ကိုပင် လှစ်ဟထားသလို ဖြစ်နေပေသည်။
ပုဖန်က ထ်ို မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ထိုအမျိုးသမီး၏ အမူအရာက ဟန်များလွန်းလှသည်။သူ့၏ ထမင်းကြော်က အရသာရှိသည်မှန်သော်လည်း သူမ၏ အမူအရာကမူ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကိုစားသုံးသည်နှင့် တူနေလေသည်။
"ဒါဘာလဲဟ....."
သို့သော်လည်း ပုဖန်မသိသည်က မြူကောင်းကင်မြို့ထဲတွင် စားသောက်ဆိုင်ဟူ၍ တစ်ဆိုင်မှ မရှိသည့်အပြင် စားကောင်းသောက်ဖွယ်များလည်း မရှိပေ။ထို့ကြောင့် မြို့သူမြို့သားများက စားကောင်းသောက်ဖွယ်များ မစားဖူးပဲ အရသာမျိုးစုံ အဆာခံ ဆေးလုံးများကိုသာ စားသုံးလာခဲ့ခြင်းဖြစ်သည်။
ထိုရသာမျိုးစုံ အဆာခံဆေးလုံးများက လက်တွေ့ကျကျအသုံးဝင်သည် မှန်သော်လည်း ဥထမင်းကြော်ကဲ့သို့ လူတစ်ယောက်၏ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။
နန်ကုန်းဝမ်ကလည်း ပထမဦးဆုံးအကြိမ်အဖြစ် အရသာရှိသောစားကောင်းသောက်ဖွယ်ကို စားသုံးဖူးခြင်း ဖြစ်သည်။သူမ၏ နှလုံးသားပင် ထိုဟင်းပွဲထဲ ပျော်ဝင်သွားသလို ခံစားလိုက်ရသည်။
ထိုဟင်းပွဲက သူမကို အံ့အားသင့်စရာကောင်းလောက်အောင် ဆွဲဆောင်နိုင်လွန်းသည်။ထိုဥထမင်းကြော် တစ်ပွဲကပင် သူမ အဆုံးအစမဲ့သော ရနံ့ပင်လယ်ထဲ၌ ကိုယ်ဗလာဖြင့် ကူးခတ်နေရသလို ခံစားမှုမျိုးကိုပေးစွမ်းနိုင်လေသည်။တကယ့်ကို စိတ်ကျေနေပ်ဖို့ကောင်းလှ၏။
သူမက ပုဖန်၏ အံ့အားသင့်သင့် အကြည့်များကို ဂရုမစိုက်ပဲ နောက်ထပ် ထမင်းတစ်ဇွန်းထပ်ခတ်ပြီး စားလိုက်၏။
"ဘာကြောင့် အဲ့ဒီလောက်တောင် အရသာရှိနေရတာလဲ....."
သူမ၏ လှပလှသော ခန္ဓာကိုယ်လေးပင် တုန်ယင်နေပေ၏။သူမက ထိန်းမထားတော့ပဲ အာမေဍိတ်အသံတစ်ချက်ပြု၍ ချီးကျူးပြောဆိုလိုက်သည်။
ပုဖန်ကိုယ်တိုင်ပင် ရှက်လုရသည်အထိ ချီးကျူးမှုများကို မရပ်မနား လက်ခံရရှိလေသည်။
ထို့နောက် နန်ကုန်းဝမ်ကအရူးတစ်ယောက်၏ အပြုအမူကဲ့သို့ပင် ကျန်ရှိနေသည့် ထမင်းကြော်များကို သူမ၏ ပါးနှစ်ဖက် ဖောင်းကားသည်အထိ မရပ်မနား တဇွတ်ဇွတ်ထိုးသွင်းသည်ကိုသာ ကြည့်နေရတော့သည်။
သူမ၏ နှင်းဆီရောင် နှုတ်ခမ်းပါးလေးကလည်း ဆီများကြောင့် တောက်ပနေပြီး အထူးတလည် ဆွဲဆောင်မှု အငွေ့အသက်များကို ထုတ်လွင့်နေပေသည်။
နန်ကုန်းဝမ်က အငတ်လွန်၍ သေသွားသောသရဲတစ်ကောင် ဝင်ပူးသလို သရဲမရဲ စားသောက်နေစဉ်မှာပင် သင်းပျံ့လှသော မွှေးရနံ့များက ဆိုင်အပြင်ဘက်သို့ လွင့်ပျယ်သွားလေသည်။ဆိုင်အပြင်ဘက်၌ရှိနေသောလူများက ကြောင်အသွားကြသည်။
"ဘာကြောင့် ဒီအနံ့က မွှေးလာတာလဲ....ငါနှာခေါင်း မကောင်းတော့တာလား...."
"ဒီအနံ့က တော်တော်လေး မွှေးတယ်.... အဲ့ဒါ ဘာအနံ့လဲ ....ဒီအနံ့က ငါရဲ့ နှလုံးသားကို ကုတ်ခြစ်နေသလိုပဲ....."
"လခွမ်း.....ဒီဆိုင်ကနေ ပထမဦးဆုံး ထွက်လာတာက မစင်နဲ့ တူတဲ့ အနံ့ဆိုး ....အခုကျတော့ တော်တော်လေး မွှေးတဲ့ မွှေးရနံ့ ဘာလဲငါကမစင်နံ့တွေကိုပဲ အရမ်းအသားကျသွားလို့ ဒီရနံ့ကို မွှေးတယ်လို့ ထင်နေမိတာလား....."
သူတို့အားလုံး ခဏမျှ မှိန်းမောကြောင်အနေပြီးနောက် လေကို တရှုံ့ရှုံ့ဖြင့် အနံ့ခံလေတော့သည်။နှာခေါင်းရှုံ့သည့်အသံက တစ်ပြိုင်နက်တည်း စည်းချက်ကျကျထွက်ပေါ်လာလေရာ ပုဖန်ပင် ထခုန်လုနီးပါး ထိတ်လန့်သွားလေသည်။
ထိုသူများက ပြဿနာ ရှာချင်သည်ဟု ထင်မိသောကြောင့် ဝှိုက်တီကိုပင် ခေါ်ရန် ပြင်လိုက်သည်။သို့သော်လည်းမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်မိသောအခါ၌ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။
ဘုန်း....
ပန်းကန်တစ်ခုလုံးကို ပြောင်စင်အောင် ရပ်ပြီးနောက် ထိုပန်းကန်လုံး အလွတ်ကို စားပွဲခုံပေါ်သို့ ခပ်ပြင်းပြင်းချလိုက်သည်။
"ပိုင်ရှင်ပု ဒါက အရမ်းပဲ အရသာရှိတယ်.....ငါ့ကို နောက်တစ်ပွဲပေး....."
"ငါ့ဆိုင်မှာ..လူတစ်ယောက်က တစ်နေ့ကို ဟင်းပွဲတစ်မျိုးကို တစ်ခါပဲ မှာနိုင်တယ်...."
ပုဖန်က ခပ်တည်တည်ဖြင့်ပင် ပြန်ပြောလိုက်သည်။နန်ကုန်းဝမ်၏ နှုတ်ခမ်းပါးလေးများက ဆူထွက်လာပြီး ထပ်ပြောလိုက်သည်။
"ငါ့ကို တစ်ပွဲ ထပ်ပေးပါဆို......"
"နင် စားချင်တယ်ဆိုရင် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို မှာလို့ရတယ်.....အဲ့ဒါက ဥထမင်းကြော်ထက် အဆပေါင်းများစွာ အရသာရှိတယ်....."
နန်ကုန်းဝမ်က ယခုထိတိုင်အောင် စိတ်မကျေနပ်သေးကြောင်း သူ သတိပြုမိလိုက်သဖြင့် သူ့၏ တစ်ခြားဟင်းပွဲကို စိတ်အားထက်သန်စွာဖြင့် ကြေငြာဝင်လိုက်သည်။
ဥထမင်းကြော် တစ်ပွဲကို သလင်းကျောက်၁၀တုံးသာ ကျသင့်သော်လည်း နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက သလင်းကျောက် ၁၀၀၀၀ ကျသင့်ပေသည်။
ပုဖန်သူမကို လုံးဝ မလိမ်ပေ။
နန်ကုန်းဝမ်က စိတ်ဝင်စားသွားသလိုမျိုး မျက်လုံးလေးများ ဝိုင်း၍ ကြည့်နေလေသည်။
ပုဖန် ဟန်ပင်မဆောင်နိုင်တော့ပဲ သူမကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလိုက်၏။