အပိုင်း ၄၃၀
Viewers 53k

အခန်း ၄၃၀

နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်သာ အတုဆိုရင် ငါမင်းကို ပြန်အလျော်ပေးမယ်...


"နတ်မင်းစွေ့စွေ့ခုန်... ငါ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို မှာလိုက်သင့်လား...'' 


နန်ကုန်းဝမ်က စဉ်းစားတွေးတောရင်း အနည်းငယ် တွန့်ဆုတ်နေမိသည်။ ထိုနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲ၏ တန်ဖိုးက အဆင့်ရှစ် သက်စောင့်ဆေးနှင့်ပင် တူညီနေပေသည်။ သို့သော်လည်း ထိုစွပ်ပြုတ်က သူမ၏ စားကောင်းသောက်ဖွယ် စားချင်သည့် စိတ်ဆန္ဒကို ကျေနပ်စေယုံမျှသာ ဖြစ်ပြီး သက်စောင့်ဆေးကဲ့သို့ မဟုတ်ပေ။ 


"အဲ့ဒါက တန်ပါ့မလား...'' 


သူမက နှုတ်ခမ်းလေးကို တတိတိကိုက်ရင်း ဆက်၍ စဉ်းစားတွေဝေ နေမိသည်။ ထို့နောက် သူမမျက်တောင် ပုတ်ခတ်လိုက်ရင်း ပုဖန်ကို ကြည့်လိုက်၏။ ပုဖန်ကလည်း သူမကို စိတ်အားထက်သန်သည့် အကြည့်များဖြင့် ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


"အဲ့ဒီ့ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲရဲ့အရသာကို မင်းကို လုံးဝ စိတ်ပျက်စေမှာမဟုတ်ဘူး...''


ပုဖန်က ခေါင်းငြိမ့်၍ စိတ်အားထက်သန်စွာ ထပ်ပြောလိုက်သည်။ သူ့၏ပခုံးပေါ်တွင် ရှိနေသော ပုစွန်ပိစိကလည်း အမွှေးရှည်နှစ်ချောင်းကို ဝေ့ယမ်းရင်း ပုဖန်၏ စကားကို အတည်ပြုပေးသကဲ့သို့ ထောက်ခံနေလေသည်။ 


"အဲ့ဒါက တကယ်ပဲ ထမင်းကြော်ထက် အရသာရှိတာလား... ပိုင်ရှင်ပုက ဘာလို့ အဲ့ဟင်းပွဲကို ပြောရတာလဲ... ဥထမင်းကြော်က သလင်းကျောက်၁၀တုံးသာ ကျပြီး နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက သလင်းကျောက် တစ်သောင်းတောင် ကျတယ်ဆိုတော့ အဲ့ ဟင်းပွဲနှစ်ခုက အဆင့်မတူတာသေချာတယ်... ''


ဒါက ရသာမျိုးစုံဆေးလုံးနှင့် အဆင့်ရှစ် အဆီအနှစ် ပွင့်ထွက်ဆေးလုံးကို နှိုင်းယှဉ်သည်နှင့် အတူတူပဲ ဖြစ်သည်။ ထိုဆေးနှစ်မျိုးက သက်စောင့်ဆေးများ ဖြစ်သော်လည်း အဆင့်မတူကြပေ။ 


နန်ကုန်းဝမ် တွန့်ဆုတ်နေတုန်းမှာပင် မနေ့က သူ့၏ အစစ်အမှန်စွမ်းအင် များတိုးတက်လာသည့် အကြောင်းကို ပြန်သတိရမိသွားသည်။ ထို အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ပုဖန်၏ ဟင်းပွဲများက သာမန် မဟုတ်နိုင်ချေ။ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကလည်း ထိုကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရှိနိုင်ပေသည်။ 


နန်ကုန်းဝမ်၏ မျက်ဝန်းများက တဖြတ်ဖြတ် တောက်ပသွားသည်။ သူမက ရဲရဲနီနေသည့် လျှာဖျားကလေးကို အသာထုတ်၍ နှုတ်ခမ်းပါးများကို လျက်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ 


"ကောင်းပြီ...ငါ့ကို နတ်မင်းစွေ့စွေ့ခုန် ဟင်းတစ်ပွဲပေး...တကယ်လို့ အဲ့အရသာက ငါ့ကို စိတ်မကျေနပ်စေဘူးဆိုရင် မြူကောင်းကင်မြို့တော်ထဲမှာ ဆိုင်ဆက်မဖွင့်နိုင်အောင် လုပ်ပစ်မယ်...''


နန်ကုန်းဝမ်က သူမ၏ လက်သီးဆုပ် သေးသေးလေးကို ဝှေ့ယမ်းရင်း ခြိမ်းခြောက်ဟန်ဖြင့်ပြောလိုက်သည်။


 ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် ပုဖန်၏ နန်ကုန်းဝမ်အပေါ်ကြည့်သည့် အကြည့်များက ပို၍ နွေးထွေးပြီး ပိုမို နူးညံ့လာလေသည်။  


ဒီအမျိုးသမီးက တကယ့်ကို ချမ်းသာကြွယ်ဝလှပေသည်။ 


"ခဏလေး စောင့်ပါ...''


ပုဖန်ကပြောပြီးသည်နှင့် မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလေသည်။ နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲ၏ စျေးနှုန်းက မြင့်မားသလို ချက်ရသည်မှာလဲ ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ပါဝင်ပစ္စည်းများက အလွန်များပြားလွန်းလှသည်။ ထို့ကြောင့် ထိုဟင်းပွဲကို ချက်ရသည့်နေရာ၌ ပုဖန်က အလေးအနက်ထားပြီး အာရုံစူးစိုက်ထားရသည်။


 ယခု စနစ်က သူ့ကို ပါဝင်ပစ္စည်းများ အပိုထောက်ပံ့ပေးထားသည်။ ပထမဆုံးအကြိမ် ချက်ပြုတ်တုန်းက သူကိုယ်တိုင် ပါဝင်ပစ္စည်းများကို ရှာဖွေ ချက်ပြုတ်ခဲ့ရသည်။ သူကိုယ်တိုင်ရှာဖွေ ခဲ့ရသော ပါဝင်ပစ္စည်းများနှင့် ယှဉ်လိုက်လျှင် စနစ်ထောက်ပံ့ပေးထားသော ပါဝင်ပစ္စည်း များကသက်သာပေသည်။ ခြုံ၍ ပြောရလျှင် သူကအဆင့်မြင့် သားရဲ၏ အသားနှစ်မျိုးကိုသာ အသုံးပြုရပေမည်။


 မီးဖိုချောင်ဘက်ဆီမှ သိပ်သည်းလှသော အခိုးအငွေ့များ စတင်ထွက်ပေါ်လာသည်။ ထိုအငွေ့များက အနည်းငယ် ထူးခြားနေသော်လည်း ဥထမင်းကြော်ကဲ့သို့ လူတစ်ယောက်၏ အရေပြားထဲသို့ စိမ့်ဝင်သွားခြင်းမျိုး မရှိပေ။ သို့သော်လည်း မွှေးရနံ့လေးများ အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး လူတိုင်း၏ နှလုံးသားကိုတော့ ရိုက်ခတ်သွားစေသည်။ 


ပုဖန်က ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အိုးတစ်လုံးကို မဟူရာလိပ်ခုံး ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် မဟူရာလိပ်ခုံး ဒယ်အိုးအောက်သို့ ရွှေဝါရောင် မီးတောက်ကို မှုတ်ထုတ်လိုက်ပြီး လောင်ကျွမ်းစေလိုက်သည်။ အပူချိန်တက်လာသည်နှင့် နွေဦးစမ်းရေကို လောင်းထည့်လိုက်ပြီး ဆူပွက်စေလိုက်သည်။ အိုးပေါ်တွင် နတ်မင်းတစ်ပါး၏ ပုံသဏ္ဍာန်ထွင်းထုထားသည်။ ထိုနတ်မင်းက မင်္ဂလာရှိလှသော အရောင်အဝါများဖြင့် ပြည့်စုံနေပြီး နူးညံ့သိမ်မွေ့သော အလင်းများ ဖြာထွက်နေပေသည်။ အလင်းတန်းများက အလွန်အမင်းတောက်ပနေခြင်းတော့ မရှိပေ။ 


ချက်ပြုတ်နေစဉ် အတွင်း၌ ထိုအိုးပေါ်ရှိ နတ်မင်း၏ ပုံရိပ်က ပို၍ပင် အသက်ဝင်လာသလိုထင်ရပြီး အလွန် မျက်စိပဒဿ ရှိလှ သည်။ 


နန်ကုန်းဝမ်က ဥထမင်းကြော်ကို စားပြီးနောက် စိတ်ပျက်ငြီးငွေ့ ခြင်းများ ပျောက်ကွယ်သွားပြီးဖြစ်သည်။ သူမက မတ်တပ်ထရပ်လိုက်ပြီး ဆိုင်ကို လှည့်လည် ကြည့်ရှူလိုက်သည်။ သူမ၏ ပုံစံက စစ်ဆေးရေးဝင်နေသည့်ပုံနှင့်တူနေပေသည်။ 


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က သူမ၏ စိတ်ဝင်စားမှု ဖမ်းယူထားလေသည်။ ပိုင်ရှင်ပုက တော်တော်လေး ချမ်းသာပုံရသည်။ သူက ငါးလမ်းကြောင်းသိမြင်မှု အပင်ကိုပင် ဆိုင်၏အပြင်အဆင်အဖြစ် သုံးထားနိုင်ပေ၏။ 


ဆိုင်အပြင်ဘက်၌ ရှိနေသော သူများ၏ မျက်ဝန်းများကလည်း ပြူးကျယ် ဝိုင်းစက်နေကြသည်။ ဆိုင်ထဲမှ ထွက်လာသော မွှေးရနံ့များက အရင်ကထက်ပင် ပြင်းပြလှသောကြောင့် သူတို့၏ သိချင်စိတ်များက ပြင်းပြလာပေသည်။ 


သိချင်စိတ်များကြောင့် သူတို့ စိတ်ထဲ၌ ကလိကလိပင် ဖြစ်လာပေသည်။ သူတို့က ဒီနေရာကို နတ်ဘုရားမလေး၏ လှုပ်ရှားမှုများအား စူးစမ်းရန် လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ၌ ဆိုင်ထဲမှ ထွက်လာသော မွှေးရနံ့များ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပေသည်။ ရုတ်တရက် ဆိုင်အတွင်းပိုင်းမှ ပုံမှန်မဟုတ်သော စိတ်ဝိညာဉ်လှိုင်းများ ရိုက်ခတ်သွားသည်။


 သူတို့အားလုံး စွံ့အသွားပြီး လေအေးများရှူရိုက်မိလိုက်ကြသည်။ မြူကောင်းကင် မြို့တွင်း၌ နေသော သူများအဖို့ ထိုစွမ်းအင်လှိုင်းများကို ကောင်းစွာ သိကြပေသည်။  


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ကြည့်နေသော နန်ကုန်းဝမ်ကလည်း သူမ၏ နှုတ်ခမ်းပါးလေးများကို လက်ဖြင့် အုပ်ပိတ်လိုက်မိပြီး မီးဖိုချောင်ဘက်သို့ ကြည့်လိုက်မိသည်။


"သူချက်ပြုတ် နေတာလို့ပြောခဲ့တာမဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး သက်စောင့်ဆေးက ရိုက်ခတ်လာတဲ့ လှိုင်းတွေ ထွက်နေရတာလဲ...

ပြီးတော့ ဒီ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတွေက အဆင့်ကိုး သက်စောင့်ဆေးရဲ့ စိတ်ဝိညာဉ် လှိုင်းတွေပဲ...''


တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာသော ပါရမီရှင် နန်ကုန်းဝမ်အနေဖြင့် ထို စိတ်ဝိညာဉ်လှိုင်းများကို အလွန်ရင်းနီးနေပေသည်။ သူမအသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး မီးဖိုချောင်ဘက်ဆီသို့ အာရုံစူးစိုက် ကြည့်လိုက်သည်။ 


အနည်းငယ် မှောင်ရိပ်ကျနေသော မီးဖိုချောင်ဘက်မှ လူတစ်ယောက် လျောက်ထွက်လာသည်။ ထိုသူက ထူးဆန်းသော ပုံသဏ္ဍာန်ရှိပြီး အနည်းငယ်ကြီးသည့် အိုးကို ကိုင်ထားသည်။ ထို အိုးကတောက်ပနေပြီး သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကလည်း ထိုမှထွက်ပေါ်နေသည်။ ထိုအကန့်အသတ်မဲ့လှသော ခံစားမှုမျိုးက အဆင့်ကိုး သက်စောင့်ဆေးနှင့်ပင် တူညီလှသည်။


 ပုဖန်က မျက်နှာသေဖြင့် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် အိုးကို စားပွဲပေါ်တင်လိုက်သည်။ နန်ကုန်းဝမ်က အလျင်အမြန်ပင် အိုးနားလာ၍ ကြည့်လိုက်၏။ အိုးပေါ်၌ ခြေချိတ်ထိုင်နေသော နတ်မင်း၏ ပုံရိပ်က သူမကို ပြုံးကြည့်နေပေသည်။ ထိုမြင်ကွင်းက သူမကို အံ့အားသင့်သွားစေသည်။


"ဒါ...ဒါတကယ်ပဲ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်လား...?"


"အစစ်ပဲ...တကယ်လို့ ဒါက အတုသာဆိုရင် ငါပြန်လျော်ပေးဖို့ အဆင်သင့်ပဲ...''


ပုဖန်ကသူမကို ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ ပုဖန်က လက်ဝါးကိုဖြန့်လိုက်ပြီး သူ့အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်သည်။ ထို့နောက် အိုးကို အသာထုချလိုက်ရာ တုန်ခါသံများ ထွက်ပေါ်လာလေသည်။ အိုးမှထွက်ပေါ်လာသော အလင်းရောင်များက ပို၍တောက်ပလာလေ ပြီးလျှင် နတ်မင်းက တရားတော်များ ရွတ်ဆိုနေသလို မြင်ကွင်းကို နန်ကုန်းဝမ် မျက်ဝါးထင်ထင် မြင်လိုက်ရပေသည်။ ထို့နောက်ပုဖန်က အိုးအဖုံးကို လှပ်လိုက်သည်။ ပူပြင်းလှသော ရေနွေးငွေ့နှင့်သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင် များက အိုးထဲမှ လုံးကနဲ ထွက်လာလေသည်။ 


အိုး၏တောက်ပမှုက တဖြေးဖြေး မှေးမှိန်လာပြီးနောက် နောက်ဆုံး လုံးဝပျောက်ကွယ်သွားပြီး အသစ်ဖြစ်ပေါ်လာသော မွှေးရနံ့များကိုသာ ချန်ထားခဲ့လေသည်။ ထိုမွှေးရနံ့များက ဥထမင်းကြော် ချန်ထားခဲ့သော မွှေးရနံ့များကိုပင် တိုက်စားသွားပြီး ဆိုင်တစ်ဆိုင်လုံးကို ပျံ့နှံ့သွားလေသည်။ 


နန်ကုန်းဝမ်က ပြင်းထန်လှသော မွှေးရနံ့များနှင့် ပထမဆုံး ရင်ဆိုင်လိုက်ရပေသည်။ အမွှေးနံ့ပြင်းပြင်းကြောင့် သူမ၏ မျက်နှာလေးပင် နီရဲလာပေသည်။ သူမကနောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်လိုက်ပြီး လှပလှသော ခန္ဓာကိုယ် လေးကလည်း တောင့်တင်းနေပေသည်။ 


"ဒါက တော်တော်လေး မွှေးတယ်...''


သူမက အသိစိတ်လွတ် နေသကဲ့သို့ပင် တီးတိုး ရေရွတ်လိုက်သည်။ အဖုံးမဖွင့်ခင်က စွတ်ပြုတ်၏ ရနံ့က ရေလိုနူးညံ့လျှင် အဖုံးဖွင့်ပြီးနောက် စွတ်ပြုတ်၏ ရနံ့က လှိုင်းလုံးများကဲ့သို့ ပြင်းထန်ပေသည်။ 


ဆိုင်ပြင်၌ ရှိနေသူများကလည်း ကြီးမားလှသော လှိုင်းလုံးများ ဖုံးအုပ်ခံလိုက်ရသလို ဖြစ်သွားကြသည်။ 


"အား မွှေးရနံ့က ထပ်ပြောင်းသွားပြန်ပြီ... ဒီတစ်ခါမွှေးရနံ့က ပိုပြီး သိပ်သည်းကြွယ်ဝတယ် 


ဒါဘာရနံ့ပါလိမ့်... ဘယ်လိုရနံ့မျိုးက လူတစ်ယောက်ရဲ့ စိတ်ထဲထိ စွဲဝင်နိုင်တာလဲ... 


ဒါမျိုး ဒီလိုကမ္ဘာပေါ်မှာ ဘာလို့တည်ရှိနေတာလဲ...


ဒီမွှေးရနံ့ကြောင့် ငါအရမ်း စိတ်လှုပ်ရှားလာပြီ ငါဘယ်လိုမှ မထိန်းနိုင်တော့ဘူး... 

ငါ့ကိုမတားကြနဲ့တော့... ငါအဲ့တာကိုသွားကြည့်မယ်..

ပြီးတော့ ငါ...ငါ... အဲ့တာကို စားချင်တယ်...''


လူများက အမွှေးရနံ့များကြောင့် ရူးသွပ်မတက်ပင် ဖြစ်နေကြသည်။ တချို့က ဆက်၍ မထိန်းသိမ်းထား နိုင်တော့ပဲ ဆိုင်ထဲသို့ပြေးဝင်လာကြသည်။ ဆိုင်ထဲသို့ရောက်သည်နှင့် အမွှေးရနံ့များ ထွက်ပေါ်လာရာ အရင်းအမြစ်ကိုတွေ့လိုက်ရပေသည်။ ပုဖန်က ထိုလူများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ကို စကားတစ်ခွန်းမှမပြောပဲ ပန်းကန်လုံး တစ်လုံးကိုသာ ယူလိုက်လေသည်။ ပုဖန်က အိုးထဲ စွပ်ပြုတ်ရည်တချို့ကို ခတ်ယူလိုက်သည်။ ထို စွပ်ပြုတ်ရည်က ဆီဝေ့မနေပဲ ဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်နေပေသည်။ 


သူကအိုးထဲမှ အဆင့်ရှစ်သားရဲ၏ အသားကိုပါခတ်ယူ လိုက်ပြီး ပန်းကန်ထဲထည့်လိုက်သည်။ ပန်းကန်ကို နန်ကုန်းဝမ်၏ ရှေ့၌ ချပေးလိုက်ပြီးနောက် စစားရန် တိုက်တွန်းလိုက်၏။ နန်ကုန်းဝမ်က အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ထိုဟင်းပွဲမှ ထွက်နေသော သိပ်သည်းလှသည့် စွမ်းအင်များက သူမ ၊မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေပြီ။ ထိုအငွေ့အသက်များက သက်စောင့်ဆေးများထက်ပင် ပို၍သိပ်သည်းနေပေသည်။ 


"ဒါကို သူဘယ်လိုမျိုး အောင်မြင်အောင် လုပ်နိုင်တာလဲ... ပိုင်ရှင်ပုက ဒါကို အထူးနည်းလမ်းတွေ အသုံးပြုခဲ့တာလား...

တွေး...တွေးလို့မရတော့ဘူး...''


သေချာသည်ကတော့ သူထိုဟင်းပွဲကို ပြုလုပ်စဉ် အဂ္ဂိရတ်ပညာရှင်များ၏ နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။ ထို့အပြင် ပါဝင်ပစ္စည်းထဲမှ အစစ်အမှန်စွမ်းအင် များကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 

ထို့ကြောင့်ပင် ဟင်းပွဲထဲ၌ သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ထွက်နေခြင်း ဖြစ်ရပေမည်။ 


စိတ်လှုပ်ရှားမှုကြောင့် သူမ၏ မို့မောက်လှသော ရင်အစုံပင် နိမ့်ချေ မြင့်ချေ ဖြစ်နေလေ၏။ သူမစိတ်လှုပ်ရှားနေရခြင်းမှာ ပိုင်ရှင်ပု၏ လျှို့ဝှက်ချက်ကိုပါ သိရှိသွားခြင်းကြောင့်ဖြစ်သည်။ သူမအရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် သူမ၏ အကြည့်များက စွပ်ပြုတ်ပန်းကန်ဆီသို့ ကျရောက်သွားလေသည်။ ဆက်လက်မွှေးပျံ့နေသော မွှေးရနံ့များက သူမ၏ စားချင်စိတ်ကို လှုံဆော်နေပြန်သည်။ 


နောက်ခဏ၌...

 နန်ကုန်းဝမ်၏ မျက်တောင်မွှေးလေးများ တဆက်ဆက် လှုပ်ခါနေပြီး မျက်ဝန်းအိမ်များက ပြူးကျယ်နေသည်။သူမ၏ နှုတ်ခေါင်းလေးများကပင် အပူငွေ့လေးများထွက်လာပြီး လည်ချောင်းထဲမှငြီးသံ တချို့လဲ ထုတ်လွှတ်လိုက်မိသည်။ 


.........


"သခင်လေးဝူချယ်... ဒီနေရာပါ... ''


အဲ့ဒီဆိုင်က ကျွန်တော်တို့ နန်ကုန်းမိသားစုရဲ့ အရသာမျိုးစုံ သက်စောင့် ဆေးလုံးရောင်းချနေတဲ့ အချိန်တွေမှာ မစင်လိုမျိုး အနံ့အသက်ဆိုးရွားတဲ့အရာတွေကို ချက်ပြုတ်ခဲ့တယ်...

အဲ့ဒီ့ အနံ့အသက်တွေကြောင့် ဆိုင်ကိုလာတဲ့ လူအရေအတွက် လျော့နည်းသွားတယ်... တကယ့်ကို သည်းမခံနိုင်စရာပဲ...''


နန်ကုန်းမင်က နန်ကုန်းဝူချယ်ကို ခေါ်ဆောင်၍ တိမ်ခိုးစားသောက်ဆိုင်ရှိရာ သို့ ရောက်လာခဲ့သည်။ အနည်းငယ် စိုးရိမ်ထိန်လန့်မှုကိုလဲ ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် နန်ကုန်းဝူချယ်၏ တည်ရှိမှုက သူ့ကိုအလွန်ပြင်းထန်သော ဖိအား ပေးထားသလို ဖြစ်နေသောကြောင့်ဖြစ်သည်။ သူက နန်ကုန်းမိသားစု၏ ဆက်ခံသူဖြစ်သည့်အပြင် ဆေးနန်းတော်ရှိ ထူးချွန်သူများကြားထဲတွင် အကောင်းဆုံး သူတစ်ယောက်ဖြစ်သည်။ 


နန်ကုန်းဝူချယ်က ဆေးနန်းတော်က အဂ္ဂိရတ်ပညာရှင်များ အတွက်ကျင်းပပေးသည့် ပြိုင်ပွဲကြီးတွင်ပင် ထိပ်ဆုံးအဆင့်ထဲသို့ ဝင်ရောက်ထားနိုင်ခဲ့ပေသည်။ မြူကောင်းကင်မြို့တော်က ဆေးမြို့တော်တစ်ခုဖြစ်သော်လည်း သူတို့ထက်တော့ အားနည်းပေလိမ့်မည်။ 


ကောင်းကင် ဆေးမြို့တော်နှင့် တောက်ပကောင်းကင် ဆေးမြို့တော်တို့၏ မြောက်မြားလှစွာသော ပညာရှင် များထဲ၌ ထိပ်ဆုံးအယောက်နှစ်ဆယ် နေရာကို ယူနိုင်ခဲ့သည့် အရည်အချင်းက အလွန်ပင် ကြောက်စရာကောင်းသလို နန်ကုန်းဝူချယ်အတွက် အံ့အား သင့်စရာ အောင်မြင်မှုလည်း ဖြစ်သည်။ 


တောက်ပ ကောင်းကင်မြို့တော်၊ ကောင်းကင် ဆေးမြို့တော် နှစ်ခုလုံးနှင့် တိမ်ငါးစ အဂ္ဂိရတ်ပညာရှင်များပင် ရှိသည်။ထိုပညာရှင်များက မြို့တော်နှစ်မြို့လုံး၏ ကြောက်စရာအကောင်းဆုံး ပညာရှင်များ ဖြစ်သည်။ သို့သော်လည်း နန်ကုန်းဝူချယ်က ထိုသူများကြားထဲတွင် ထိပ်ဆုံး အယောက်နှစ်ဆယ် နေရာရအောင် ယူနိုင်ခဲ့ပြီး မြူကောင်းကင်မြို့တော် အတွက် အကောင်းဆုံးသော အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ 


နန်ကုန်းဝူချယ်၏ ဆံပင်အနီများက လေထဲ၌ တဖျတ်ဖျတ် ဝဲခါနေသည်။ သူ့၏ အကြည့်များကလည်း ပျင်းရိနေပုံပေါ်လေသည်။ သူက နန်ကုန်းမင်ကို တစ်ချက်သာ ကြည့်၍ ခေါင်းတစ်ချက်ငြိမ့်ပြီးသာ တုန့်ပြန်လေသည်။ သူတို့နှစ်ယောက်က ဦးတည်ရာနေရာသို့ လျင်မြန်စွာပင် ရောက်ရှိလာခဲ့ကြသည်။ တိမ်ခိုးစားသောက်ဆိုင်၏ ပတ်ဝန်းကျင်၌ မြောက်မြားလှစွာသော သက်စောင့်ဆေးဆိုင်များ တည်ရှိနေပေသည်။ ထိုဆိုင်များထဲမှ တချို့က နန်ကုန်းမိသားစု၏ အပိုင် ဖြစ်ကြသည်။ 


ဒီ သက်စောင့်ဆေးဆိုင် လုပ်ငန်းက ပို၍ တိုးတက်ကြီးပွားသင့်သည်။သို့သော်လည်း နန်ကုန်းမင်နှင့် နန်ကုန်းဝူချယ်တို့ ရောက်သည့်အချိန်၌ ထိုဆိုင်ထဲတွင် ဝယ်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ပေ။ 


"ဒါက ငါတို့မိသားစု ရသာမျိုးစုံအဆာခံဆေးလုံးတွေ ရောင်းနေတဲ့ နေရာသစ်လား...ဘယ်လို ဖြစ်လို့ အဲ့လောက်ခြောက်ကပ်နေရတာလဲ...'' 


နန်ကုန်းဝူချယ်က မျက်မှောင်ကျုံ့၍ မေးလိုက်သည်။ နန်ကုန်းမင်က ပါးစပ်အဟောင်းသားပွင့်နေပြီး သူ့၏ ကျောဘက်မှ ချွေးအေးများ စိမ့်တက်လာလေသည်။ ဒီနေရာ၌ ဘာတွေဖြစ်နေမှန်းသူလည်း မသိပေ။ ဒီနေရာ၏ စီးပွားရေးက မကြာသေးခင်ကမှ စည်ပင်နေခဲ့လေသည်။ 


ဟုတ်ပြီ ဒါက ဟိုစားသောက်ဆိုင်ကပဲ ပြဿနာ ထပ်ရှာလို့ ဖြစ်ရမယ်...


"သခင်လေး ဝူချယ် ဒါ ဟိုစားသောက်ဆိုင်ကြောင့်ပဲ ဖြစ်ရမယ်... သူကျွန်တော်တို့ရဲ့ ဝယ်သူတွေကို ထပ်မောင်းထုတ်လိုက်ပြန်ပြီ ထင်တယ်...''


နန်ကုန်းမင်က ခါးသီးစွာပင် ဆက်ပြောလိုက်သည်။ 


"ငါတို့ နန်ကုန်းမိသားစု ထိခိုက်လာမယ့် ကိစ္စကို သခင်လေးသချာဂရုစိုက်သင့်....''


"ရှူး... ခဏလောက် တိတ်တိတ်နေ...''


နန်ကုန်းဝူချယ်က မျက်လုံးများမှေးကျဉ်း လိုက်ပြီး သူ့၏နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းကန့်လန့် ဖြတ်တင်ကာ နူးညံ့စွာပြောလိုက်သည်။


 စကားဆက်ပြောမည့် နန်ကုန်းမင်ကိုယ်တိုင်ပင် တောင့်တင်းသွားပြီး နန်ကုန်းဝူချယ်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်သည်။


 မွှေးပျံ့လှသော ရနံ့သင်းသင်းလေးက သူတို့ရှိရာ ဆီသို့ လေပြေလေညှင်းများ သဖွယ် တိုက်ခတ်လာလေသည်။ ထိုလေနုအေးကြောင့် နန်ကုန်ဝူချယ်ကပင် စိတ်ပျော်ရွှင်မှုဖြင့် မျက်လုံးများ မှေးမှိတ်လိုက်သည်။ 


"ဒါက အဆင့်ရှစ်သားရဲ ပေါက်ကွဲမီးတောက်ဝက်နဲ့အဆင့်ရှစ် လေမိုးကြိုးသိမ်းငှက်...ဒာက နည်းနည်းလေးထူးဆန်းတယ်...ကြည့်ရတာ ဒီမွှေးရနံ့က တိမ်မိုးဖွဲဆေးပင်ကလာတယ်ထင်တယ်... တကယ့်ကိုပဲ စိတ်ဝင်စားစရာကောင်းတယ် တစ်ယောက်ယောက်က သက်စောင့်ဆေး သန့်စင်နေတာလား...''


မျက်စိမှိတ်ထားသော နန်ကုန်းဝူချယ်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့ညွှတ်နေကာ နာမည်တချို့ကို တတွတ်တွတ် ရေရွတ်နေလေသည်။

                        ...........................