အပိုင်း ၄၃၁
Viewers 62k

အခန်း ၄၃၁

မင်းယောက်ဖကို ဒီလိုအနိုင်ကျင့်မယ်ဆို ငါ့ညီမနဲ့သဘောမတူတော့ဘူး....


နန်ကုန်းဝူချယ်က မျက်လုံးများမှိတ်၍ မွှေးရနံ့ထဲ၌ နစ်မြှုပ်ပျော်ဝင်နေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း ကော့ညွှတ်နေပြီး ခေါင်းတညိတ်ညိတ် ဖြင့် လုပ်နေမိသည်။


မွှေးရနံ့များက နှာဖျားထိပ်မှ ဝေ့ဝဲနေပြီး အသက်တစ်ချက် ရှုရှိုက်လိုက်တိုင်း အရသာခံအာရုံများကို ကျေနပ်နှစ်သိမ့်စေလေသည်။သူ အသာအယာပင် ညီးညူးလိုက်မိပြီးနောက်...မျက်မှောင်ကြုတ်လိုက်မိသည်။


 တစ်စုံတစ်ယောက် သက်စောင့်ဆေး သန့်စင်နေသည်ဟု ထင်ခဲ့မိသည်။သို့သော်လည်း ယခုအခါ၌ ထိုအနံ့က သက်စောင့်ဆေး အနံ့ လုံးဝမဟုတ်ကြောင်း သေချာသွားပေသည်။


အဘယ့်ကြောင့် ဆိုသော် သက်စောင့်ဆေးများ၏ မွှေးရနံ့က ထိုကဲ့သို့ သန့်စင် မနေပေ။ယခုမွှေးရနံ့က သန့်စင်နေပြီး သူ့၏ စိတ်အာရုံကိုပင် လုံးဝ လွှမ်းမိုးထားလေပြီ။


နန်ကုန်းမင်က အူကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေမိသည်။သူ နန်ကုန်းဝူချယ်ပြောလိုက်တာကို နားမလည်ပေ။သူသည်လည်း လေထဲမှ မွှေးရနံ့များကိုရှုရှိုက်လိုက်မိသည်။သို့သော်လည်း ထူးဆန်းသည့်အရာ ဘာမှမတွေ့ပေ။ဒီပိုင်နက်က အရသာမျိုးစုံ အဆာခံဆေးလုံးများကို ရောင်းချသည့်နေရာဖြစ်လေရာ မွှေးရနံ့များရရြှိခင်းက မထူးဆန်းပေ။


...သခင်လေးဝူချယ်ရဲ့ အပြုအမူက ဘာလို့ ထူးဆန်းနေတာလဲ...ဘာလို့သူက မွှေးရနံ့ထဲမှာ နစ်မြော ပျော်ဝင်နေတာလဲ...သူ့ရဲ့ အတွေ့အကြုံနဲ့ဆိုရင် ဒီရသာမျိုးစုံ အဆာခံဆေးလုံးတွေရဲ့ မွှေးရနံ့ကို ထူးဆန်းဖို့ မလိုတော့ဘူးလေ...


"မွှေးရနံ့တွေက အဲ့ဒီနေရာက ထွက်လာတာပဲ.....အဲ့ဒီကို သွားကြရအောင်....."


နန်ကုန်းဝူချယ်က အနံ့များ လွှင့်ဝဲလာရာဘက်သို့ မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလိုက်သည်။နန်ကုန်းမင်က အလွန်အံ့အားသင့်သွားသည်။သူညွှန်ပြလိုက်ရာနေရာက တိမ်ခိုးစားသောက်ဆိုင် နေရာဖြစ်နေပေသည်။


"ဒီအမွှေးအကြိုင်နံ့တွေက တိမ်ခိုးစားသောက်ဆိုင်က ထွက်လာတာလား...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့ဒီဆိုင်က အရမ်းကို ပုပ်အက်ပြီး အနံ့ဆိုးတဲ့ အနံ့တွေပဲ ထွက်လာတာ မဟုတ်ဘူးလား...ဘာလို့ ငါသိထားတာနဲ့ မတူတော့တာလဲ..."


နန်ကုန်းမင်၏ နှလုံးသားက စတင်တုန်ရီလာသည်။သူ နန်ကုန်းဝူချယ်၏ နောက်မှ လျှောက်လိုက်လာရင်း တိတ်တဆိတ် ဆုတောင်းနေမိသည်။သို့သော်လည်း စားသောက်ဆိုင်နဲ့ ပို၍ နီးကပ်လာလေ ပို၍ စိတ်ပျက်လက်ပျက် ဖြစ်လာရပေပြီ။


ထို တိမ်ခိုးစားသောက်ဆိုင်၏ ရှေ့၌ လူအများ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ထိုသူများက လေထဲမှ မွှေးရနံ့များကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံနေကြသည်။သူတို့၏ မျက်နာပေါ်၌လည်း အရူးအမူးစွဲလမ်းနေသော အမူအရာက အထင်သား ပေါ်လွင်နေပေသည်။


ဘာလို့ ဒီလိုဖြစ်နေရတာလဲ...သူတို့ပဲ ဒီဆိုင်က ထွက်လာတဲ့ အနံ့ဆိုးတွေကို ရွံ့မုန်းခဲ့တယ်မဟုတ်ဘူးလား...


"ဒီဟာက မင်းပြောတဲ့ အနံ့ဆိုးတွေပဲ ထုတ်လွှင့်နေတယ်ဆိုတဲ့ စားသောက်ဆိုင်လား....."


နန်ကုန်းဝူချယ်၏ မျက်နာအမူအရာက ပြောင်းလဲသွားပြီး သူနန်ကုန်းမင်ကို ကြည့်၍ မေးလိုက်သည်။နန်ကုန်းမင်က ငိုကြွေးလုနီးပါးပင် ဖြစ်နေပေပြီ။အရင်က ဒီစားသောက်ဆိုင်က ထိုကဲ့သို့ မဟုတ်ပေ။ဆိုင်ပိုင်ရှင်က တကယ့်ကို မစင်ကဲ့သို့ အနံ့ဆိုးများကို ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။


"သခင်လေး ဒါက...အရင်တုန်းက..."


"တိတ်တိတ်နေ အခုကစပြီးတော့ ပါးစပ်ပိတ်ထားလိုက်တော့..... "


နန်ကုန်းဝူချယ်၏ နန်ကုန်းမင်၏ ပုခုံးကို ခပ်ဖွဖွ တစ်ချက်ပုပ်ပြီးနောက် ဆိုင်ထဲသို့ လှည့်ဝင် သွားလိုက်သည်။နန်ကုန်းမင်၏ စွမ်းအင်အဆင့်က အားကောင်းလှသည်။သူက တန်ခိုးရှင်အဆင့် အထွဋ်အထိပ်ကို ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ထို့ကြောင့် ဆိုင်ရှေ့၌ ပိတ်ဆို့နေသောလူအုပ်ကြီးကို အသာအယာပင် ကျော်ဖြတ်သွားနိုင်ပေသည်။


သူ ဆိုင်ထဲ ဝင်လိုက်သည်နှင့် ဆိုင်ထဲ၌ စားသောက်နေသော နန်ကုန်းဝမ်ကို မြင်လိုက်ရသည်။သူမ၏ ပါးစပ်မှပင် ဆီလေးများ စီးကျနေပေသည်။သူ့၏ မျက်ခုံးနှစ်ဖကက်က မြင့်တက်သွားလေသည်။သူ တော်တော်လေး အံ့သြသွားမိသည်။


"ဒီကလေးမက သူ့ရဲ့ ပုံရိပ်ကိုတောင် ဂရုမစိုက်တော့ဘူးလား..."


စွပ်ပြုတ်ရည်တစ်ဇွန်းကို သောက်လိုက်ရုံနှင့် ပြည့်စုံမှုကို ခံစားလိုက်ရသကဲ့သို့ပင် သူမ၏ မျက်ဝန်းလေးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားပေသည်။


ထိုစွပ်ပြုတ်ရည်ထဲ၌ စိတ်ဝိညာဉ်စွမ်းအားများက အလွန်ပင် သိပ်သည်းလှပြီး သူမ၏ ခန္ဓာကိုယ်ကို ပေါ့ပါးပြီး လန်းဆန်းသွားစေသည်။အညစ်အကြေးအားလုံးကို ဆေးကြောလိုက်သလိုပင် သန့်ရှင်းသွားသည်ဟုလည်း ခံစားလိုက်မိသည်။


စွပ်ပြုတ်ရည်က လည်ချောင်းထဲမှ တစ်ဆင့် အစာအိမ်ထဲ စီးဆင်းသွားသည်နှင့် တစ်ပြိုင်နက် မီးတောက်တစ်ခု ထွန်းတောက်လာသလိုပင် သူမ၏ အစစ်အမှန်စွမ်းအားများက အထိန်းအချုပ်မဲ့ ပွက်ပွက်ဆူလာသည်ဟု ခံစားလိုက်မိသည်။


"ဒီခံစားမှုက ....."


နန်ကုန်းဝမ် ထိတ်လန့်အံ့သြသွားမိသည်။သူမ၏ စွမ်းအင်များက အပိတ်အဆို့ အတားအဆီးဆီသို့ တိုးတက်လာပြီး တန်ခိုးရှင် အထွဋ်အထပ်အဆင့်သို့ ရောက်ရှိရန် အနည်းငယ်မျှသူ လိုအပ်တော့သည်။


ဒီစွပ်ပြုတ်က တကယ့်ကို အံ့အားသင့်စရာကောင်းလှသည်။


နန်ကုန်းဝမ်၏ အရသာခံအာရုံကလည်း ထက်မြက်လှသည်။သူ ဟင်းပွဲထဲ၌ ပါဝင်ပစ္စည်းအများအပြားပါသည်ကို ခံစားသိရှိလိုက်၏။သူမ ရှာဖွေတွေ့ရှိမှု တစ်ချို့ကြောင့် အံ့အားသင့်သွားမိသည်။


"ဒါကအဆင့် ၈ တိမ်မြူဆေးပင်...ဒါက စိတ်ဝိညာဉ် သစ်ရွက်....."


ထိုပါဝင်ပစ္စည်းများက အဆင့် ၉ သက်စောင့်ဆေးလုံးကို သန့်စင်သည့် နေရာတွင် အသုံးပြုသည်နှင့် တူညီသည်။သို့သော်လည်း ပိုင်ရှင်ပုက ထိုအရာများအားလုံးကို အသုံးပြုပြီး ဟင်းပွဲတစ်ပွဲ ပြုလုပ်လိုက်ပေသည်။အရမ်းကို ဖြုန်းတီးရာ ကျလွန်းသည်။


နေဦး...မဟုတ်သေးဘူး...ကြည့်ရသည်မှာ ဒါက တကယ့်ကို ဖြုန်းတီးရာကျပုံမပေါ်ပေ။


ထိုဟင်းပွဲမှ ထွက်ပေါ်လာသည့် ရနံ့လေးများကလည်း သူမ၏ နှာခေါင်းဝကို အဆက်မပြတ် တိုးဝှေ့ကျီစယ်နေသည်။မွှေးရနံ့က အလွန်သိပ်သည်းပြီး အံ့အားသင့်စရာကောင်းလှသည်။သက်ရောက်မှုကလည်း သက်စောင့်ဆေးထက်ပင် ပို၍ ကောင်းမွန်မည်ဟု ထင်ရလေသည်။


"ဒါက အဆင့် ၈ မီးတောက် ဝက်သားမဟုတ်လား...."


စွပ်ပြုတ်တစ်ဇွန်းသောက်ပြီးနောက် သူ့၏နှုတ်ခမ်းပါးလေးကို လျှာဖြင့် သပ်လိုက်ရင်း အသက်တစ်ချက် ရှိုက်လိုက်သည်။သူမ ဝက်ခြေထောက်မှ အသားတစ်ပိုင်းကို တူဖြင့် ညှပ်ယူလိုက်ပြီးပုဖန်ကို မျက်လုံး ပုပ်ခတ်ပုပ်ခတ်လုပ်၍ မေးလိုက်သည်။


"ဟုတ်တယ် ဒါ တကယ့်ကိုပဲ အဆင့် ၈ မီးတောက်ဝက်သားပဲ......."


ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူမက စွပ်ပြုတ်တစ်ဇွန်းကို မြည်းကြည့်ရုံဖြင့် အသားကိုပြောနိုင်သောကြောင့် အနည်းငယ် အံ့အားသင့်မိနေသည်။


ဟင်းပွဲအတွင်း ပါဝင်ပစ္စည်းများအားလုံးက ချက်ပြုတ်နေစဉ်အတွင်းမှာပင် အရည်ပျော်သွားပြီး မည်သည့် သဲလွန်စမှ မကျန်ခဲ့သည်ကို သိရှိရပေမည်။ထို စိတ်ဝိညာဉ် ဆေးပင်များကလည်း အရည်ပျော်သွားပြီး သူတို့၏ အရသာမျှသာ စွပ်ပြုတ်ထဲ စွဲနေခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ဒီအမျိုးသမီးက စွပ်ပြုတ်တစ်ဇွန်းသောက်ကြည့်ရုံမျြှဖင့် အရသာကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိပေသည်။ဒီအမျိုးသမီးက စားကောင်းကြိုက်သူ တစ်ယောက်ဖြစ်လာရန် အရည်အချင်း ပြည့်မီပေသည်။


နန်ကုန်းဝမ်က အံ့အားသင့်နေရာမှ ပြန်လည် သတိဝင်လာပြီး မီးတောက်ဝက်သားကို ပျော်ပျော်ကြီး စတင်စားသုံးလေသည်။လှပလှသော မိန်းမပျိုလေး တစ်ယောက်က ဝက်ခြေထောက်ကို အားရပါးရ ကိုင်ပြီး စားနေသည့် မြင်ကွင်းက တကယ့်ကိုပင် ကြောက်စရာကောင်းလှသည်။


ဆိုင်ရှေ့မှ လူအုပ်ကြီးက ထိုမြင်ကွင်းကြောင့် အံ့အားသင့် မှင်သက်နေမိသည်။ဆိုင်ထဲသို့ ယခုလေးတင်မှ ဝင်လာသော နန်ကုန်းဝူချယ်လည်း ထိုမြင်ကွင်းကြောင့် စွံ့အမှင်သက်နေမိသည်။


သူ့၏ ညီမက သူ့ကိုယ်သူ မည်မျှပင် ဂုဏ်ယူပြီး ဝင့်ကြွားလှကြောင်းကိုသူ ကောင်းစွာသိပေသည်။ထို့အပြင်သူမက သူ့၏ ပုံရိပ်ကိုလည်း အလွန် ဂရုစိုက်လှသည်။သို့သော်လည်း ထိုသူမကပင် သူ့၏ ရှေ့၌ ဝက်ခြေထောက်ကို အားရပါးရ ကိုင်ရင်း စားနေပေသည်။


ဒါက သူမ၏ ပုံရိပ်ကို လုံးဝ ဖျက်စီးပစ်လိုက်ခြင်းပင် ဖြစ်သည်။နန်ကုန်းဝူချယ်လည်း ရုတ်တရက် ရယ်ချင်စိတ်ကို ခံစားလာရပြီး သူ့၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူအေးဆေးတည်ငြိမ်စွာဖြင့်ပင် သူမဆီ လှမ်းလျှောက်လာခဲ့သည်။


သူတို့ဆီသို့ စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် လှမ်းလျှောက်လာသော ခန့်ညားကြည့်ကောင်းသည့် အမျိုးသားကို ကြည့်ရင်း ပုဖန် အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ထိုအမျိုးသားက နန်ကုန်းဝမ်၏ ရှေ့မှ ခုံကို ဆွဲ၍ ယူထိုင်လိုက်ပြီးနောက် သူ့ကို ခပ်ထေ့ထေ့ပြုံး၍ စိုက်ကြည့်နေလေသည်။


ထိုအကြည့်များကို ခံစားမိဟန်ဖြင့် နန်းကုန်ဝမ်မော့ကြည့်လိုက်သည်။


အဟွတ်.....အဟွတ်.....


သူရှေ့မှ လူကြောင့် စားနေသည့် ဝက်ခြေထောက်ပင် သီးနင်မတတ် ဖြစ်သွားလေသည်။


"နန်ကုန်းဝူချယ် ဘာလို့ နင့်ရဲ့ သီးသန့် လေ့ကျင်းရေးကနေ ထွက်လာတာလဲ....."


ထို့နောက် ဝက်ခြေထောက်မှ ကျန်ရှိနေသည့် အသားများကို ပါးနှစ်ဖက် ဖောင်းကားသည့်အထိ စားလိုက်ပြီး အရိုးကို စားပွဲခုံပေါ်သို့ ထန်းခနဲ့ မြည်အောင် ပစ်ချလိုက်လေသည်။


"နင်အခုထိ တိမ်နှစ်စ အဂ္ဂိရတ် ပညာရှင်အဆင့်ကို မရောက်သေးဘူး မဟုတ်လား....."


နန်ကုန်းဝမ်က သူမ၏ ဆီများ ပေပွနေသော လက်ကို ဝှေ့ယမ်း၍ ပြောလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ အိုးထဲမှ တောင်ပံတစ်စုံကို ထပ်မံ ခပ်ယူလိုက်သည်။


"ဒီနတ်မင်း စွေ့စွေ့ခုန် ဟင်းပွဲက တကယ့်ကို အရသာရှိတယ်.....တကယ်ကိုအလွန်အမင်း အရသာရှိတယ်......."


ဒီနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက ငိုချင်လောက်အောင်ပင် ကောင်းလွန်းလှသည်။တကယ်လည်းပဲ နန်ကုန်းဝမ်က ငိုချင်စိတ်များ ဖြစ်ပေါ်နေပေသည်။ဒီစွပ်ပြုတ်က ဥထမင်းကြော်ထက်ပင် ကောင်းလွန်းလှသည်။


ဝက်ခြေထောက်သားကလည်း ဆီးများမနေပဲ ဂွမ်းစလေးကဲ့သို့ပင် နူးအိပျော့ပျောင်းနေပေသည်။တကယ်တမ်းတွင် သူမက ဆီများသော အစားအစာများကို မကြိုက်နှစ်သက်သော်လည်း ဝက်ခြေထောက်အိအိလေးကိုပင် အလွန် နှစ်သက် သဘောကျလေသည်။


အရသာမျိုးစုံ ပါဝင်နေသော စွပ်ပြုတ်ရည်က ပို၍ပင် အရသာရှိလှသည်။ထိုစွပ်ပြုတ်ရည်သောက်ပြီးနောက် သူမ ထုတ်ပြီး ညီးညူရလောက်အောင်ပင် စိတ်ကျေနပ်နှစ်သိမ့်သွားသည်။


"ကလေးမ .....နင်က.....ဝက်လား....."


နန်ကုန်းဝမ် တောင်ပံကို ကိုက်စားရန် ပြင်လိုက်စဉ်မှာပင် သူမ၏ လက်ထဲမှအလုခံလိုက်ရသည်။နန်ကုန်းဝူချယ်က တောင်ပံကို ဆွဲလုလိုက်ပြီးနောက် နောက်ပြောင် ကျီစယ်ဟန်ဖြင့် အားရပါးရ အနံ့ရှုပြလိုက်သည်။


"ဒါက ငါးရာသီပန်းရဲ့အနံ့ပဲ .....အွန်း ဒီအနံ့က တကယ့်ကိုတူနေတာ.....သူက ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်တဲ့အခ်ျိန်မှာ အဂ္ဂိရတ်နည်းလမ်းတွေကို အသုံးပြုခဲ့တာလား....အင်း ဒါတော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်...ကလေးမလေး နင် ဝိတ်ကျအောင်လို့ နင့်အကိုကြီးက ဒီအတောင်ပံကို ကူစားပေးမယ် ဟုတ်ပြီလား..."


နန်ကုန်းဝမ်က အလွန် ဒေါသထွက်သွားသည် ။သူမ ဒီနတ်မင်း စွေ့စွေ့ခုန် ဟင်းပွဲကို စားဖို့ရန်အတွက် သလင်းကျောက်တစ်သောင်း အကုန်ကျခံထားရခြင်းဖြစ်သည်။သူမ အစ်ကိုက ဘယ်လိုတောင် အရှက်မဲ့နေရပါလိမ့်။


သူ့လက်ထဲက တောင်ပံက သာမန် ကြက်တောင်ပံ မဟုတ်ပေ။သူက အစောထဲကပင် ဒီတောင်ပံ၏ မူရင်းကို ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ဒါက လေမိုးကြိုး စိတ်ဝိညာဉ် သိမ်းငှက်ရဲ့ တောင်ပံသာ ဖြစ်သည်။


ထိုအသားကို သေချာစွာပေါင်းခံထားပုံ ရသောကြောင့် တောင်ပံ၏ အသားက နူးညံ့ပျော့ပျောင်းနေသည်။လိမ္မော်ရောင်လေး တောက်ပနေပြီး လူတစ်ယောက်၏ စားချင်စိတ်ကို သေချာပေါက်ကို လှုံ့ဆော်နိုင်စွမ်းရှိလေသည်။


နန်ကုန်းဝူချယ်က အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ထိုတောင်ပံကို ကိုက်စားရန် ပြင်လိုက်သည်။သို့သော် သူပါးစပ်ဖွင့်ဟပြီး ကိုက်လိုက်သည့်အချိန်မှာပင် ရှည်သွယ်သည့် လက်တစ်ဖက်က သူ့၏ ပါးစပ်ကို ပိတ်ကာထားလိုက်လေသည်။


နန်ကုန်းဝူချယ်က ကြောင်အသွားလေသည်။နန်ကုန်းဝမ်လည်း အံ့အားသင့်သွားပြီး သူမအကို၏ ပါးစပ်ရှေ့မှ ကာထားသော လက်ပိုင်ရှင်ကို ကြည့်လိုက်သည်။


"စိတ်မရှိပါနဲ့ ငါ့ဆိုင်မှာ ဟင်းပွဲတွေကို မျှမစားရဘူးဆိုတဲ့ စည်းမျဉ်း ချမှတ်ထားတယ်.....တကယ်လို့ မင်းစားချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာ မှာစားပါ......"


ပုဖန်က နန်ကုန်းဝူချယ်ကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။နန်ကုန်းဝူချယ်က ပုဖန်ကို ထူးဆန်းသည့် မျက်နာထားဖြင့် လှမ်းကြည့်လိုက်၏။


ဒီလူက သူ့ကို တားရဲတယ်ပေါ့လေ.....ဒီလူက သူဘယ်သူလဲဆိုတာတောင် မသိဘူးလား...


"ဒါက ငါ့ရဲ့ ညီမလေး... သူ့ရဲ့ ဟင်းပွဲကို ငါစားလို့မရဘူးလို့ လာမပြောနဲ့....."


နန်ကုန်းဝူချယ်က သူ့လက်ထဲမှ တောင်ပံတစ်ဖက်ကို မြှောက်၍ နန်ကုန်းဝမ်ဘက်ကို ညွှန်ပြလိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။တောင်ပံကို မလွှဲတမ်းလိုက်ကြည့်နေသော နန်ကုန်းဝမ်၏ မျက်လုံးလေးများပင် ပြူးကျယ်သွားပြီးနောက် စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။


"နန်ကုန်းဝူချယ် နင်အရှက်မရှိတော့ဘူးလား....."


"အဲ့ဒီလိုပြောလို့လည်း အသုံးမဝင်ဘူးဒီနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို မျှစားလို့ မရဘူး....."


ပုဖန်က ထပ်မံ အတည်ပြု ပြောလိုက်ပြီးနောက် ပါးစပ်ပိတ်ထားသည့် သူ့၏လက်ကို ရွံ့ရှာပုံဖြင့် ဝှေ့ယမ်းခါလိုက်သည်။နန်ကုန်းဝူချယ်က ထိုအပြုအမူကို သတိထားမိသွားပြီး သူ့၏ မျက်နာက မဲခနဲဖြစ်သွားသည်။သူလည်း ပါးစပ်ကို လျှင်မြန်စွာ သုတ်ပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။


"ငါ ထပ်ပြောမယ်....ဒါက ငါ့ညီမလေး....မင်းက ငါ့ညီမလေးကို လိုချင်တယ်ဆိုရင် ယောက်ဖက်ိုတော့ လာဘ်ထိုးဖို့ သိသင့်တာပေါ့....."


နန်ကုန်းဝူချယ်က ပုဖန်ကို တက်ကြွစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။ပုဖန် ခဏမျှ ကြောင်အသွားလေသည်။


"ဘာတွေ ပြောနေတာလဲဟ....."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သူရှေ့မှ ဆံပင်အနီနှင့်လူကို အရူးတစ်ယောက်ကို မြင်ရသကဲ့သို့သာ ကြည့်လိုက်သည်။နန်ကုန်းဝမ်ကလည်း ပို၍ စိတ်ဆိုးဒေါသထွက်လာလေသည်။


"ဘယ်လိုဖြစ်ပြီး သူ့မှာ ကျပ်မပြည့်တဲ့ အကိုတစ်ယောက် ရှိရတာလဲ.....နန်ကုန်းဝူချယ် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့....."


နန်ကုန်းဝူချယ်က ဒေါသများ အငွေ့ပျံမတက် ထွက်နေသော နန်ကုန်းဝမ်၏ ခေါင်းလေးကို ခပ်ဖွဖွ ပုပ်ပြီး ပြောလိုက်သည်။


"ငါနားလည်ပါတယ်....ငါနားလည်တယ်....နင်က ဒီလူအတွက်နဲ့ ကိုယ်ပုံရိပ်ကိုတောင် ဂရုမစိုက်တော့ဘူးလေ အဲ့ဒီတော့မှတော့ ငါကို ဘာမှထပ်ရှင်းပြနေစရာမလိုဘူး ငါနားလည်ပြီးသား......"


"ချီး...ကိုပဲ နားလည်နေလိုက်တော့....."


နန်ကုန်းဝမ်က သူ့အကိုကို လက်ထဲမှ တောင်ပံဖြင့်သာ သေအောင် ရိုက်ပစ်ချင်လှသည်။


"နတ်မင်းစွေ့စွေခုန် ဟင်းပွဲတစ်ပွဲကို သလင်းကျောက် တစ်သောင်းကျသင့်တယ်.....မင်းစားမယ်ဆိုရင် မှာ....မစားဘူးဆိုရင် ထွက်သွားတော့......"


ထိုလူကြောင့် ပုဖန်၏ စိတ်ထဲ၌ အနည်းငယ် စွံ့အနေမိသော်လည်း သူက တည်ငြိမ်စွာဖြင့်ပင် ဆက်ပြောလိုက်သည်။


"သလင်းကျောက် တစ်သောင်း ....ဒါ အရမ်းစျေးကြီးလွန်းတယ်...မင်း ငါ့ကို အဲ့ဒီလိုမျိုး အနိုင်ကျင့်နေမယ်ဆိုရင် ငါ သူနဲ့ သဘောတူမှာ မဟုတ်တော့ဘူးနော်..."


နန်ကုန်းဝူချယ်က ပြုံးဖြဲဖြဲ အမူအရာဖြင့် ပုဖန်ကို ကြည့်ရင်း ပြောလိုက်သည်။


သူမ၏ အကိုက လူပြက်လုပ်နေပေသည်။သူ့၌ အံ့အားသင့်စရာကောင်းလောက်သော အဂ္ဂိရတ်ပညာအရည်အချင်းများရှိသော်လည်း အမှန်တကယ်က သူက လူပြကိတစ်ယောက် သာသာဖြစ်သည်။


သူမ၏ အဖေကသာ နန်ကုန်းဝူချယ်ကို ဆေးအဆောက်အဦးကို သွားရန်အတွက် အတင်းအဓမ္မ မခိုင်းစေလျှင် ဒီ လူပြက်က သီးသန့်လေ့ကျင့်ရေးကို သွားလေ့ကျင့်လိမ့်မည် မဟုတ်ပေ။


သူမ၏ အဖေက တိမ်နှစ်စ အဂ္ဂိရတ်ပညာရှင် မဖြစ်မချင်း အဆောက်အဦးထဲမှ ထွက်မလာရန် နန်ကုန်းဝူချယ်ကို အမိန့်ပေးခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူက တိမ်နှစ်စ အဂ္ဂိရတ်ပညာရှင် မဖြစ်သေးခင်မှာပင် ထွက်လာလေသည်။


အပြင်ဘက်မှ လူစုကလည်း နန်ကုန်းဝူချယ်ကို မြင်လိုက်ရသောကြောင့် အုတ်အုတ်ကျတ်ကျတ် ဖြစ်နေကြသည်။ထိုနန်ကုန်းဝူချယ်က လက်ရှိ၌ မြူကောင်းကင်မြို့တော်၏ ပါရမီရှင် တစ်ယောက်ပင် ဖြစ်သည်။


"နန်ကုန်းမိသားစုရဲ့ အရေးပါတဲ့ လူက စားသောက်ဆိုင်ထဲ ဝင်သွားတယ် နန်ကုန်းမိသားစုက ဒီဆိုင်ကို ထောက်ခံပေးတော့မလို့လား...."


ဒီလိုသာဆ်ိုလျှင် ထိုစားသောက်ဆိုင်ပိုင်ရှင်က နန်ကုန်းမိသားစု၏ ပိုင်နက်ထဲ၌ အပုပ်အစပ်များ ချက်ပြုတ်ခြင်းကို မည်သူမှ အံ့အားသင့်တော့မည်မဟုတ်ပေ။


"ငါ့ ညီမဟင်းပွဲကိုတောင် ငါ စားခွင့်မပြုတော့ဘူးဆိုရင်တော့ မင်း ငါ့ရဲ့ ထောက်ခံမှုကို ရတော့မှာ မဟုတ်ဘူးနော်...."


နန်ကုန်းဝူချယ်က ယခုထိ လက်မလျှော့သေးပဲ ဆက်ပြောလိုက်ပြီး ခုံပေါ် ပြန်လည် ထိုင်ချလိုက်သည်။ပုဖန် စိတ်ပျက်လက်ပျက်သာ မဲ့လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။


"ဝှိုက်တီ ဒီမှာ ပြဿနာကောင် တစ်ကောင် ရောက်နေတယ်....."


ဝီ.....


ခရမ်းရောင် အလင်းတန်းနှစ်ခု တောက်ပလင်းလက်လာသည်ကို မြင်လိုက်ရပြီး ဝှိုက်တီ မီးဖိုချောင်ဘက်မှ ထွက်လာလေသည်။နန်ကုန်းဝူချယ်က သူ့ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကြည့်နေသည့် နန်ကုန်းဝမ်၏ အမူအရာကို တွေ့လိုက်ရပြီးနောက် ဝှိုက်တီနှင့် ပုဖန်ဆီသို့ လှည့်ကြည့်လိုက်လေသည်။သူ စပ်ဖြီးဖြီးအမူအရာဖြင့် ပြုံးပြလိုက်ပြီးနောက် 


"အဲ့ဒီလိုတွေ အကြမ်းမဖက်ပါနဲ့ ...ငါ့ကို နတ်မင်းစွေ့စွေ့ခုန် တစ်ပွဲပေး...ငါအတည်ပြောတာ....."


သူ ပြောပြီးနောက် တစ်စုံတစ်ခု စဉ်းစားနေသလို ခဏငြိမ်သက်သွားပြီး...နန်ကုန်းဝမ်ကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။


"ကျသင့်တဲ့ သလင်းကျောက်ကို သူပေးလိမ့်မယ်...သူက ချမ်းသာတယ်..."