အပိုင်း ၄၃၄
Viewers 53k

အခန်း ၄၃၄

မင်း...မီးကို လက်လွတ်စပယ် ထိလို့မရဘူး


"ငါ့ယောက်ဖကို ဘယ်သူထိရဲတာလဲ...'' 


နန်ကုန်းဝူချယ်၏ အသံက ခက်ထန်မာကြောနေသည်။ အနား၌ ရှိနေကြသောသူများအားလုံး အံ့သြကြောင်အသွားကြသည်။ မယုံကြည်နိုင်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။


"တကယ်ပဲ ယောက်ဖလား..."


" အော်...ဒီလိုကိုး...ဒါကြောင့် ဆိုင်ပိုင်ရှင်က နိုင်ထက်စီးနင်း လုပ်နေတာပဲ..."


"ဘုရားရေ... ဒါတကယ့်ကို မယုံနိုင်စရာပဲ...

ဒါတွေအားလုံးက အချစ်ကြောင့် ဖြစ်လာတာပေါ့လေ... "


"အဲ့တော့ တိမ်ခိုးစားသောက်ဆိုင် ပိုင်ရှင်က နတ်သမီးလေး နန်ကုန်းဝမ်ရဲ့ ခင်ပွန်းပေါ့...

ဒီသတင်းက တကယ့်ကို ရူးချင်စရာပဲ... ''


ပုဖန်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။ သူ ထို နန်ကုန်းဝူချယ်ကို မဟူရာလိပ်ခုံးဒယ်အိုးနှင့် ရိုက်ထုတ်ပစ်လိုက်ချင်သည်။ 


"ဘယ်သူက သူ့ယောက်ဖလဲ... ငါဘယ်တုန်းကများ သူ့ယောက်ဖလုပ်မယ်လို့ ပြောခဲ့လို့လဲ...''


နန်ကုန်းဝမ်လည်း အကြောင်သား ငေးမောနေမိသည်။ ခဏကြာမှ သူမ သတိဝင်လာပြီး လှပလှသော သူမမျက်နှာလေးက ရဲရဲနီသွားလေသည်။ ထို့နောက် မီးများတောက်နေသည်ဟုထင်ရသော မျက်လုံးရဲရဲများဖြင့် နန်ကုန်းဝူချယ်ကို စိုက်ကြည့်လိုက်သည်။ နန်ကုန်းဝမ်၏ လက်ဖဝါးပေါ်၌ အစိမ်းရောင် ငရဲမီးတောက်လုံး ပေါ်လာလေသည်။ 


"နန်ကုန်းဝူချယ် နင်သာငါ့အစ်ကို မဟုတ်ဘူးဆိုရင် နင်ကို အပိုင်းပိုင်းဆုတ်ဖြဲ ပစ်လိုက်ပြီ...နင်အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောရဲ ပြောကြည့် ငါချက်ချင်းပြန်ပြီးတော့ နင့်ရဲ့ တန်ဖိုးရှိလှတဲ့ မီးဖိုကို ဖျက်ဆီးပစ်မယ်... ''


နန်ကုန်းဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုလူပြက်အစ်ကိုနှင့် မျက်နှာချင်းဆိုင်ရသောအခါ၌ သူမ၏နှလုံးသားက မအေးချမ်းနိုင်တော့ပေ။ 


လင်းဝူယင်းနှင့် ကျန်းတုန်ဖုန်းတို့ နှစ်ယောက်စလုံးကလည်း ထိုအဖြစ်အပျက်တစ်ခုလုံးကို စွံ့အစွာပင် ကြည့်နေမိကြသည်။ 


ဝှိုက်တီ၏ ခရမ်းရောင် မျက်ဝန်းများကလည်း တဖြတ်ဖြတ် တောက်ပနေသည်။ နန်ကုန်းဝူချယ်၏ စကားက အခြေအနေများကို ဖျက်ဆီးပြီး အချိန်ကိုရပ်တန့်ထားလိုက်သလိုပင်။ 


နန်ကုန်းဝူချယ်က ပါးစပ်ထဲမှ အစားများကို တလုပ်လုပ်ဖြင့် ဝါးနေပြီး နှုတ်ခမ်းမှအဆီများကို သုတ်လိုက်သည်။ ထို့နောက်ဂလု ကနဲမြိုချလိုက်လေ၏။ အရသာရှိလှသော အစားများက သူ့၏လည်ချောင်းထဲကျဆင်း သွားသည့်အခါ၌ သူ့မျက်ဝန်းထဲ၌ ကျေနပ်မှုပေါ်လာလေသည်။ သူသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ 


"အရမ်းအရသာရှိတာပဲ... ချစ်ညီမလေး ငြင်းမနေပါနဲ့တော့... နင့်လိုမျိုး ကိုယ့်ရဲ့အသွင်အပြင်ကို ဂရုစိုက်တတ်တဲ့လူက ပိုင်ရှင်ပုရှေ့မှာ လုံးဝဂရုမစိုက်ဘူးလေ...

ငါကနင့်ရဲ့ အစ်ကိုကြီးပါ... နင့်စိတ်ထဲမှာရှိတဲ့ခံစားချက်တွေကို ကောင်းကောင်းနားလည်တယ်...''


နန်ကုန်းဝူချယ်က ရှူးရှူးရှားရှား ဖြစ်နေသော သူ့ညီမ နန်ကုန်းဝမ်ကို စေ့စေ့ကြည့်ပြီးပြောလိုက်သည်။ နန်ကုန်းဝမ် သူ့ရှေ့က ဒီလူကို ငရဲမီးတောက်ဖြင့်သာ လောင်ကျွမ်းပစ်လိုက်ချင်တော့သည်။ 


"အဟမ်း... ကျေးဇူးပြု၍ ပေါက်တက်ကရတွေ ပြောပြီးငါ့ရဲ့ ရိုးသားမှုကို မဖျက်ဆီးနဲ့...ပီးတော့ ငါ့ဆိုင်ထဲမှာလဲ ပြဿနာမရှာပနဲ့...''


နန်ကုန်းဝမ် သူမ၏ဒေါသတွေကို မဖောက်ခွဲရသေးခင်မှာပင် ပုဖန်က နန်ကုန်းဝူချယ်ကို တားမြစ်ပိတ်ပင်လိုက်သည်။သူ့၏ မျက်နှာကလည်း အခါများစွာကဲ့သို့ပင် တည်ငြိမ်နေတုန်းပင် ဖြစ်သည်။ နန်ကုန်းဝူချယ်က ပုဖန်ကို မျက်လုံးပြူးများဖြင့် လှည့်ကြည့်လိုက်မိသည်။


ဒါဘာအဓိပ္ပါယ်လဲ... နန်ကုန်းဝမ်က ငြင်းခံလိုက်ရတာလား... 


"ငါ့ရဲ့ညီမလေးက မလှဘူးလား... ငါ့ရဲ့ညီမလေးက ချစ်ဖို့မကောင်းဘူးလား...

မင်းကဘာဖြစ်လို့ ငါ့ယောက်ဖ မဖြစ်ချင်ရတာလဲ...'' 


နန်ကုန်းဝူချယ်က ခေါင်းကုတ်၍ သူ့ညီမဘက်လို့လှည့်ကြည့်လိုက်သည်။ 


"ငါ့ညီမငယ်လေး ကြည့်ရတာကတော့ နင်လက်ထပ်ဖို့ မဖြစ်နိုင်တော့ဘူးပဲ...''


"နန်ကုန်းဝူချယ်... ငပေါလိုလုပ်မနေနဲ့ မင်းတကယ်ပဲ ရူးသွားပြီလား...''


လင်းဝူယင်းက နန်ကုန်းဝူချယ်၏ တောင်ရောက် မြောက်ရောက် စကားများကို ဖြတ်ပြောလိုက်လေ၏။ နန်ကုန်းဝူချယ်က ပြုံးလိုက်ပြီး လင်းဝူယင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒီလူက ဒေါသထွက်ခဲသော်လည်း ယခုမူ ဒေါသထွက်နေပေသည်။ သူ့၏အကြည့်များကပင် ဓားကဲ့သို့ ထက်နေပြီး လူတစ်ယောက်ကို ထုပ်ချင်းပေါက်တော့မကဲ့သို့ စူးရှနေပေသည်။ 


နန်ကုန်းဝူချယ်၏ နှုတ်ခမ်းပါးများက တွန့်ကွေးနေပြီး အရှက်မရှိပြုံးရယ်နေသော်လည်း လင်းဝူယင်းကိုကြည့်နေသော သူ့၏အကြည့်များကမူ အေးစိမ့်မှုများဖြင့် တောက်ပနေသည်။ ထို့နောက် နန်ကုန်းဝူချယ်၏ နှုတ်ခမ်းပါးလေးများက ခပ်သာသာလေး လှုပ်ခတ်သွားသည်။ 


"မင်းဘာသာ ခန့်မှန်းကြည့်လေ...''


လင်းဝူယင်း သွေးအန်ချင်စိတ်ပေါက်သွားသည်။ ထိုနန်ကုန်းဝူချယ်က မောက်မာထောင်လွှားစွာဖြင့် ပြောချင်ရာ ပြောနေပြီးနောက် သူ့ဆီက ထင်မြင်ချက်ပင် လာတောင်းနေသေးသည်။ ဒီလိုငပေါမျိုးနှင့် မည်သို့ဘယ်ပုံ ရေစက်ပါပြီး ပြိုင်ဘက်ဖြစ်နေရခြင်းမသိပေ။


 နန်ကုန်းဝမ်လဲ အလွန်ရှက်ရွံ့နေပြီး ပြောစရာစကားမဲ့နေလေသည်။ 


မျက်နှာတည်တည်ဖြင့်ရှိနေသော ပုဖန်က ဝှိုက်တီ၏ ဝမ်းဗိုက်ပူပူကြီးကို ပုတ်လိုက်သည်။ ဝှိုက်တီ၏ခရမ်းရောင်မျက်ဝန်းများက တဖန်ပြန်လည် တောက်ပလာလေသည်။ 


"ဘန်း...''


ဝှိုက်တီ၏ ကျောဘက်မှတောင်ပံတစ်စုံကို ဖျံကားလိုက်လေရာ ဆိုင်တစ်ခုလုံး လေပြင်းများထသွားလေသည်။


 လင်းဝူယင်းနှင့် ကျန်းတုန်ဖုန်းတို့ တုန်လှုပ်သွားပြီး ဝှိုက်သီကို သတိအပြည့်ဖြင့်ကြည့်လိုက်သည်။ ဒီနတ်ဘုရားနယ်ပယ် ရုပ်သေးကိုကိုင်တွယ်ရခက်နိုင်ပေသည်။


"ဒီလိုဆိုင်စုတ်လေးက ငါတို့လင်းမိသားစုကို ဆန့်ကျင်ရဲတယ်လား...''


လင်းဝူယင်းက ပုဖန်ကို အလောင်းတစ်ကောင်ကဲ့သို့ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ 


ဝှိုက်တီ၏ ရွှေရောင်တောင်ပံများမှ ရွှေရောင်ဓားငယ်လေးများ ထွက်ပေါ်လာလေသည်။ထိုဓားငယ်များမှ သံသံချင်း ထိမိရာမှထွက်ပေါ်လာသော အသံများထုတ်လွှင့်လာလေသည်။ ထို့နောက်လေထဲ၌ ပျံဝဲသွားပြီး ဝှိုက်တီ၏ ပစ်မှတ်ဆီသို့ချိန်ရွယ် လိုက်လေသည်။ 


ထိုအချိန်၌ပုံရိပ်တစ်ခုက ဝှိုက်တီ၏ရှေ့ လမ်းကြောင်းကိုလာ၍ပိတ်ဆို့ လိုက်လေသည်။


"ဆရာဝှိုက် အရမ်းစိတ်ပူနေစရာမလိုပါဘူး... ဘာလို့မင်း ခဏလောက်တောင်မနားတာလဲ...ဒီငတုံးနှစ်ကောင်ကို သခင်လေးကိုပဲ ကိုင်တွယ်ခွင့်ပြုလိုက်...''


နန်ကုန်းဝူချယ်က စပ်ဖြဲဖြဲနှင့် ဝှိုက်တီကိုပြောလိုက်သည်။သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝှိုက်တီ၏ ဝမ်းဗိုက်ပူပူကို လက်ဖြင့်ပုတ်လိုက်သည်။ 


"မဆိုးဘူး... တော်တော်လေး ပြန်ကန်အားကောင်းတယ်...''


"နန်ကုန်းဝူချယ်... ငါလင်းဝူယင်းက မင်းကိုကြောက်လိမ့်မယ်လို့ ထင်နေတာလား... လာခဲ့လေ တိုက်မယ်...''


လင်းဝူယင်းက အော်ဟစ်လိုက်ပြီးနောက် သူတစ်ကိုယ်လုံးကို အလင်းရောင်များ ဖုံးလွှမ်းသွားသည်။ ထို့နောက် အသံကဲ့သို့ လျင်မြန်မှုမျိုးဖြင့် နန်ကုန်းဝူချယ် ဆီိသို့ တိုးဝင်လာလေသည်။ 


ကျန်းတုန်ဖုန်း၏ မျက်ဝန်းများ၌လည်း အလင်းရောင်တစ်ချက် လှုပ်ခါသွားပြီးသည်နှင့် သူလည်းလှုပ်ရှား လိုက်သည်။ ဤအစစ်အမှန်စွမ်းအင်များကို ထုတ်လိုက်ပြီး နန်ကုန်းဝူချယ်ဆီသို့ အရှိန်ဖြင့် တိုးသွားသည်။ 


မသေမျိုးခန္ဓာအဆင့် ပြိုင်ဘက်နှစ်ယောက်လုံးက နန်ကုန်းဝူချယ် ကို တပြိုင်ထဲ တိုက်ခိုက်လိုက်လေသည်။ ဆိုင်ထဲရှိ လေထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နက်သွားလေသည်။ 


နန်ကုန်းဝူချယ်က မျက်လုံးများမှေးစင်းလိုက်သည်။ ထိုအချိန်၌ သူ့၏မျက်နှာက တည်ကြည်သွားလေသည်။ ရုတ်တရက် သူ့၏ အစစ်အမှန်စွမ်းအင်များ မြင့်တက်လာပြီး အဖြူရောင်မီးတောက်ဖြင့် သူ့လက်ဖဝါးကို အုပ်ကာလိုက်လေသည်။ 


ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက် ငရဲဘုရင်ကိုးပါး မီးလျံ...


လင်းဝူယင်း၏ လှုပ်ရှားမှုများက နှေးကွေးသွားပြီး သူ့၏ မျက်ဝန်းများကလောဘဖြင့် တောက်ပြောင်လာလေသည်။ ထိုငရဲဘုရင် ကိုးပါး မီးလျံက အဂ္ဂိရတ်ပညာရှင်တိုင်း၏ အိပ်မက်မီးလျံပင်ဖြစ်သည်။ နန်ကုန်းဝူချယ်က မီးလျံဖြူဖြင့် လေထဲလှည့်ပတ်လိုက်သည်။ လေထဲ၌ မီးလျံကွင်း တစ်ကွင်း ဖြစ်ပေါ်လာပြီး လင်းဝူယင်းဆီသို့ ဦးတည်သွားလေသည်။ 


ဘုန်း...


လင်းဝူယင်းက ထိုမီးတောက်ကို မရှောင်လိုက်နိုင်ပဲ ဆိုင်အပြင်ဘက်သို့ လွှင်ထွက်သွားလေသည်။ 


တခြား တစ်ဖက်၌ ကျန်းတုန်ဖုန်းက နန်ကုန်းဝူချယ်ရှိရာဆီသို့ ရောက်ရှိလာပြီးနောက် သူ့၏ အစစ်အမှန်စွမ်းအင်များ ဖုံးလွှမ်းထားသော ကြာပွတ်ဖြင့် လွှဲယမ်းလိုက်လေသည်။ထိုခဏ၌ သူ့စိတ်ထဲ စိုးရိမ်မှုများပြည့်နက်သွားလေ၏။ သူ့၏ တိုက်ခိုက်မှုရှေ့၌ ပုံရိပ်တစ်ခုဝင်ရပ်လာလေသည်။ သူ့၏ ပစ်မှတ်ကို မထိခင်မှာပင် ထိုပုံရိပ်ကိုတိုက်မိသွားပြီး ဆိုင်တံခါးဝဆီသို့လွှင့်ထွက်သွားလေသည်။ 


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ပို၍ တောက်ပြောင် လင်းလက်လာပေသည်။ သူလေထဲ၌ပင်ရှိသေးသည့် ကျန်းတုန်ဖုန်းကို ဖမ်းဆုပ်ကိုင်လိုက်သည်။ ထို့နောက်ဆိုင်အပြင်ဘက် မြေပြင်ပေါ်သို့ အားဖြင့်ပစ်ပေါက်လိုက်လေ၏။ 


အားကောင်းလှသော အစီအစဉ်များဖြင့် ကာကွယ်ထားသည့် မြေပြင်၌ပင် နက်ရှိုင်းသည့် ကျင်းတစ်ခုထွက်ပေါ်လာလေ၏။ 


"ပြဿနာကောင် တခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့အဝတ်အစားတွေကို ချွတ်ပစ်ရလိမ့််မယ်...''


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက တောက်ပသွားပြီးနောက် သူ့၏လက်ကိုမြှောက်ကာ အဝတ်အစားကိုချွတ်ရန် ပြင်ဆင်လိုက်သည်။ ကျန်းတုန်ဖုန်းက မြေပြင်မှ ပြန်ထလာပြီး သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအားများ မြင့်တက်လာလေသည်။ ဒီတစ်ကြိမ်၌ ဝှိုက်တီနောက်သို့ ပြန်လွှင့်သွားသည်။ ကျန်းတုန်ဖုန်း၏ နှဖူးထက်၌လည်း ရွှေရောင်ဆေးမီးဖို တစ်ခုဝဲလည်နေလေသည်။ ဝှိုက်တီကို နောက်သို့ပြန်တွန်းရန် ဆေးမီးဖိုကို အသုံးပြုခဲ့လိုက်လေသည်။ 


ဝုန်း...


မြူကောင်းကင်မြို့၏ အစီအရင်မှ အလင်းရောင်များ တောက်ပသွားသည်။ ပျက်ဆီးသွားသော မြေပြင်ကို စွမ်းအင်အချို့ဖြင့် ပြုပြင်လိုက်လေပြီ။


"ဘုရားရေ... ဆရာဝှိုက်တစ်ယောက် အနောက်ကိုတွန်းခံလိုက်ရတာလား...''


သိပ်သည်းလှသော မီးလျံဖြူကို ဆုပ်ကိုင်ထားသော နန်ကုန်းဝူချယ်က တအံ့တသြဖြင့်ရေရွတ်လိုက်သည်။ 


"မင်းကိုမင်းပဲ ဂရုစိုက်သင့်တယ်...''


အစောပိုင်းက မီးလျံဖြူဖြင့် လင်းဝူယင်းကို တိုက်ခိုက်ခဲ့သော်လည်း ပုံသဏ္ဍာန်မရှိသော အော်ရာများက သူ့၏ ခန္ဓာကိုယ်ကိုဖုံးလွှမ်းပြီး မီးလောင်ကျွမ်းမှုဒဏ်မှ ကာကွယ်ပေးထားလေသည်။ 


"မင်း... အဆင့်ကိုးသက်စောင့်ဆေး မီးလျံကာကွယ်ဆေးကို တကယ်ပဲ အသုံးပြုလိုက်တယ်ပေါ့...မင်းဂုဏ်သိက္ခာကိုတောင်မင်းဂရုမစိုက် တော့ဘူးလား...''


နန်ကုန်းဝူချယ်က လင်းဝူယင်းကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ လင်းဝူယင်းက သူ့ကိုပြန်မပြောပဲ လျစ်လျူရှုလိုက်သည်။ သူလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင် များကို ထုတ်လိုက်သည်။ ထိုနောက် ထိုအစစ်အမှန်စွမ်းအင်များက သူ့ခန္ဓာကိုယ် တစ်ခုလုံးဖုံးကာသွားပြီး မှုန်ဝါးဝါး အခိုးအငွေ့ သဏ္ဍာန်ဖြစ်ပေါ်လာလေသည်။ ခန္ဓာကိုယ်၏ ဘေး၌နောက်ထပ် လင်းဝူယင်း တစ်ယောက်ထွက်လာလေ၏။


လင်းမိသားစု၏ အရိပ်ဖန်တီးမှု...


နန်ကုန်းဝမ်ကလည်း အဝေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေလေ၏။ 


ဒါက သူ(လင်းဝူယင်း)မြူကောင်းကင်မြို့တော်၏ ပါရမီရှင်ဖြစ်လာရသည့် အကြောင်းအရင်းကို ထင်ထင်ရှားရှားပြသနေပေသည်။ သူကမိသားစု၏ လျှို့ဝှက်ပညာကိုပင် ထုတ်သုံးနိုင်နေပေပြီ။ 


လေထုက်ိုထိုးခွဲ လိုက်သလို ကျယ်လောင်သော အသံထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ် ပုံရိပ်နှစ်ခုက သူတို့၏ မူလနေရာမှ ပျောက်ကွယ်သွားလေပေ၏။ ကြောက်စရာကောင်းသော အသံလှိုင်းများကလဲ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ 


လင်းဝူယင်း၏ အရိပ်ဖန်တီးခြင်းနှင့်ရင်ဆိုင်လိုက်ရသော်လည်း နန်ကုန်းဝူချယ်က တည်ငြိမ်နေတုန်းပင်ဖြစ်ဖြစ်သည်။ သူမြေပြင်ကို အသာအယာတွန်းကန် လိုက်ပြီးနောက်လေထဲသို့ခုန်တက်လိုက်သည်။


ဘုန်း....


လင်းဝူယင်း၏ တိုက်ခိုက်မှုကြောင့် နန်ကုန်းဝူချယ်ရပ်ခဲ့သောနေရာ၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖုန်လုံးများကြားထဲ၌ပင် အရိပ်က နန်ကုန်းဝူချယ်ကို ထပ်မံတိုက်ခိုက်လိုက်သည်။ သိပ်သည်းလှသော မီးလျံဖြူများက နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးကာထားလိုက်လေသည်။ ပြိုင်ဖက်နှစ်ယောက်လုံး၏ လှုပ်ရှားမှုများက သာမန်မျက်စိဖြင့် မမြင်နိုင်အောင် လျင်မြန်ဖျတ်လတ်နေပေသည်။ 


အရိပ် ဖန်တီးခြင်း...


"မင်းက အရိပ်ဖန်တီးခြင်းကို ကျွမ်းကျင်နေပြီဆိုတာနဲ့ပဲ ငါနဲ့ လက်ရည်တူသွားပြီလို့ ထင်နေတာလား...''


နန်ကုန်းဝူချယ်က အော်ဟစ်လိုက်သည်။ နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်က လင်းဝူယင်း၏ နောက်ကျောဘက်၌ ပြန်လည်ထွက်ပေါ်လာသည်။ သူမီးတောက်ဖြူများဖြင့် ဖုံးကာထားသောလက်သီးချက်ဖြင့် လင်းဝူယင်း၏ ခေါင်းနေရာကို ထိုးချလိုက်သည်။ 


လင်းဝူယင်း၏ စိတ်ထဲ၌ အေးခဲသွား၏။ သူချက်ချင်း အလျင်အမြန် လှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူ့၏ ပတ်ပတ်လည်၌ အရိပ်များသာတွေ့လိုက်ရသည်။ 


နန်ကုန်းဝူချယ်က နေရာပြောင်းလဲသွားပြီဖြစ်ပြီး လင်းဝူယင်း၏ နောက်ကျောဘက်၌ ထပ်မံပေါ်ထွက်လာပေသည်။


"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ယောက်ဖကိုထိရဲတာလဲ...''


ဖြန်း...


လင်းဝူယင်း၏ ခေါင်းအနောက်သို့ရိုက်ခံလိုက်ရသည့် အသံတစ်သံ ထွက်ပေါ်လာပေသည်။ လင်းဝူယင်း လုံးဝဒေါသထွက်ပေါက်ကွဲသွားလေသည်။ 


ဖြန်း...ဖြန်း...


နောက်ထပ်အသံနှစ်သံ ထွက်ပေါ်လာပြန်သည်။ နန်ကုန်းဝူချယ်က ထိုသို့ရိုက်နှက် ရသည်ကိုအလွန်နှစ်သက် နေပုံပေါ်သည်။ ရုတ်တရက် သူ့၏လက်က ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။ လင်းဝူယင်း၏ မျက်ဝန်းများက ရဲရဲနီနေပြီး မုန်းတီးမှုဖြင့် တောက်ပြောင်လင်းလက်နေသည်။ 


"မင်းကအဲ့လိုရိုက်ရတာကို အရမ်းပျော်နေတာလား...'' 


လင်းဝူယင်း၏အသံက ဒေါသတရားများဖြင့်ပြည့်နက်နေလေ၏။ လင်းဝူယင်း၏ ခန္ဓာကိုယ် ဆီမှ အနက်ရောင် အရိပ်တစ်ခုထွက်ပေါ်လာပြီး နန်ကုန်းဝူချယ်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ နန်ကုန်းဝူချယ်က မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။ 


"အဲ့ဒီ့တော့ရော ဘာဖြစ်လဲ... မင်းကရော ငါ့ရဲ့လက်ကို ဂရုစိုက်ပေးရတာကို ကြိုက်တာလား...'' 


လင်းဝူယင်းက ကြောင်အသွားသည်။ သူဆုပ်ကိုင်ထားသော လက်မောင်းမှပြင်းထန်သော အဖြူရောင်မီးတောက်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ 


ဘုန်း...


ထိုမီးတောက်မှ ထွက်ပေါ်လာသော ပြင်းထန်လှသော ဖိအားများက လင်းဝူယင်းကို အဝေးကို လွှင့်ထွက်သွားစေနိုင်ပြီး အနီးရှိ သက်စောင့်ဆေးဆိုင်နှင့်ပင် ရိုက်ခတ်သွားမိလေသည်။ 


စွမ်းအင်ထောက်ပံ့ပေးမှု ပြတ်တောက်သွားသည်နှင့် အနက်ရောင် အရိပ်ကလည်းပျောက်ကွယ်သွားလေသည်။ နန်ကုန်းဝူချယ်က လင်းဝူယင်းကို ကြည့်ရင်း လှောင်ပြောင်သည့်ပုံစံနှင့် အရိုအသေ ပေးလိုက်သည်။ 


"မင်း မီးတောက်တွေကို လက်လွတ်စပယ် မထိရဘူးလေ... နောက်ဆို ပိုသတိထားရမယ်နော်...''


ဘုန်း... ဘုန်း... 


မြေပြင်က တုန်ခါသွားသည်။ နန်ကုန်းဝူချယ် ထိုအသံထွက်ပေါ်လာရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ ဝှိုက်တီ၏ လက်သီးချက်ကြောင့် ကျန်းတုန်ဖုန်းတစ်ယောက် မြေကြီးထဲ နစ်ကျွံသွားသည်ကို ထပ်တွေ့လိုက်ရလေသည်။ အစောပိုင်းက ပြန်လည်ပြင်ဆင်ပြီးသော မြေကထပ်မံ၍ ကျွင်းကြီး ဖြစ်သွားသည်။ ထိုအချိန်၌ ရွှေရောင် ဆေးမီးဖို သုံးခုက ပေါက်ကွဲသွားပြီး ဝှိုက်တီကို အနောက်သို့ တွန်းထုတ်ပစ်လိုက်ပြန်သည်။ 


ကျန်းတုန်ဖုန်း၏ မျက်ဝန်းထဲ၌ မုန်းတီးမှုများဖြင့် ပြည့်နက်နေသည်။ သူချောင်းအနည်းငယ် ဆိုးလိုက်မိ၏။ ရုပ်သေးရုပ်က ထိုမျှ သန်မာအားကောင်းနေလိမ့် မည်ဟု သူမထင်ထားခဲ့မိပေ။ 


ဝှိုက်တီ၏ နောက်ကျောမှ ရွှေရောင်တောင်ပံကိုလည်း ဖြန့်ကားထားလေသည်။ ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ကျန်းတုန်ဖုန်းကိုပင် မလွှဲတမ်း ကြည့်နေသည်။ 


ထို့နောက် ရွှေရောင်ဆေးမီးဖို သုံးခုက သူ့၏ရှေ့ လေထဲ၌ ထွက်ပေါ်လာပြန်သည်။ ထိုဆေးမီးဖို သုံးခုက အကာအကွယ်အတွက် ထူးဆန်းသည့် အစီအရင် တစ်ခုကို ဖွဲ့တည်လာလေသည်။ ရုတ်တရက် ကျန်းတုန်ဖုန်း၏ နှုတ်ခမ်းလေးများက တွန့်ကွေးသွားသည်။ 


ငါကဘာလို့ ဒီရုပ်သေးရုပ်နဲ့ ယှဉ်တိုက်နေရမှာလဲ...ငါ ရုပ်သေးကို ထိန်းချုပ်နေတဲ့လူကို တိုက်လိုက်ရင် ရပြီမဟုတ်ဘူးလား... ''


ကျန်းတုန်ဖုန်းဆီမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ မြင့်တက်လာလေသည်။ သူလက်ကို အရှေ့သို့ ညွှန်လိုက်ပြီး ဆေးမီးဖိုသုံးခုကို စိတ်ဖြင့်ဆက်သွယ်လိုက်သည်။ ထို့နောက် ပြပွဲတစ်ခုသဖွယ် အေးဆေးစွာ ရပ်ကြည့်နေသော ပုဖန်ဆီသို့ ထိုဆေးမီးဖို အစီအရင်ကို ပစ်လွှတ်လိုက်လေသည်။ ထိုဆေးမီးဖိုသုံးခုက လေထုကို ထိုးခွဲ၍ ဖြတ်သန်းသွားလေသည်။ 


"ယောက်ဖ ဂရုစိုက်...''


နန်ကုန်းဝူချယ်က စိုးရိမ်တကြီးဖြင့် အော်လိုက်သည်။ နန်ကုန်းဝမ်က စိတ်ပူသွားသော်လည်း နန်ကုန်းဝူချယ်၏ သတိပေးစကားကို သတိပြုလိုက်မိသေးသည်။


"ဘာ ယောက်ဖ...''


အန္တရာယ်နှင့်ရင်ဆိုင် လိုက်ရသော်လည်း ပုဖန်၏ အမူအရာက အေးဆေးတည်ငြိမ်နေတုန်းပင်ဖြစ်သည်။ ကျန်းတုန်ဖုန်းပင်လျှင် ထိုအမူအရာကြောင့် ယုံကြည်မှုများပျောက်သွားသည်။ ထိုအချိန်၌ ပုဖန်၏ လက်ထဲ၌ အစိမ်းရောင်မီးတောက်များ ပေါ်ထွက်လာပြီး ဒယ်အိုးတစ်လုံးပေါ်ပေါက်လာသည်ကို သူတွေ့လိုက်ရသည်။ 


ဒေါင်...


ဆေးမီးဖို သုံးခုနှင့် ဒယ်အိုးတို့ တွေ့ဆုံသွားလေသည်။

                     ..............................