အခန်း ၄၃၆
လူတွေအများကြီးထဲက...မင်းတစ်ယောက်ကိုသာမြင်တယ်...
ကြီးမားလှသော ဝေလငါးတစ်ကောင်က ကောင်းကင်ထိ ရောက်အောင် ရေများမှုတ်ထုတ်လိုက်သကဲ့သို့ပင် ဆေးအဆောက်အဦးမှ သိပ်သည်းလှသော ဆေးစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ထိုဆေးစွမ်းအင်များမှ လေထဲ၌ ဝဲလှည့်နေလေရာ ဆေးအဆောက်အဦးကို ပို၍ပင် ကောင်းမွန်သော ပုံရိပ်တစ်ခုအဖြစ် ထင်မှတ်စေသည်။ထ်ိုအဆိုပါ ဆေးစွမ်းရည်များက ပျော်ပွဲရွှင်ပွဲများ၌ ပန်းနှင့် စက္ကူလေးများ ကျဲချသကဲ့သို့ပင် အဆက်မပြတ် ထွက်ပေါ်လာလေသည်။
မိုးကုတ်စက်ဝိုင်းဆီမှ ဖိအားများကလည်း ဆေးအဆောက်အဦးပေါ်သို့ ကျဆင်းနေသည်။မြူကောင်းကင်မြို့အတွင်း၌ နေထိုင်ကြသူများအားလုံးက ဆေးအဆောက်အဦးရှိရာဆီသို့ ကြည့်လိုက်ကြသည်။လူတစ်ချို့၏ မျက်ဝန်းများက အံ့သြမှုနှင့် ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
"ကြည့်ရတာ ဆေးအဆောက်အဦးမှာ နတ်ဘုရားနယ်ပယ်ကို ချိုးဖောက်တက်ရောက်မယ့် သူ တစ်ယောက် ပေါ်လာပြီ ထင်တယ်....နောက်ထပ် တိမ်တစ်စ ပညာရှင် မွေးဖွားလာပြန်ပြီ..."
"ဘယ်သူလဲဆိုတာ သိချင်လိုက်တာ..."
"အဲ့ဒါက ငါတို့ရဲ့ နတ်သမီးလေး နန်ကုန်းဝမ်လို့ မပြောနဲ့နော်....ဒါလည်း မဖြစ်တော့ မဖြစ်နိုင်ဘူး သူမကြာသေးခင်ကပဲ စားသောက်ဆိုင်ထဲမှာ စားသောက်နေတယ် မဟုတ်လား....."
"သူမမဟုတ်ရင်ကော ဘယ်သူရှိသေးလို့လဲ....ဆေးအဆောက်အဦးမှာ ငါတို့နတ်သမီးလေးအပြင် တစ်ခြားတစ်ယောက်ရှိသေးလား....သူမသာလျှင် မြူကောင်းကင်မြို့ရဲ့ တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်ဖြစ်လာဖို့အခွင့်အရေးအများဆုံးပဲ....."
ကြည့်ရှုသူများက အချင်းချင်း အငြင်းပွားနေကြပြီး ဆေးအဆောက်အဦးကို သိချင်စိတ်အပြည့်ဖြင့် မလွှဲတမ်း ကြည့်နေကြသည်။မြူကောင်းကင်မြို့၏ ထင်ရှားသော အမှတ်အသားတစ်ခုဖြစ်သော ထိုအဆောက်အဦးမျှော်စင်က ကြည့်ရှုသူများကို အံ့အားသင့်သင့် ဖြစ်စေသည်။
တိမ်တစ်စဆေးပညာရှင် ဖြစ်လာဖို့အတွက် အဆင့် ၁ ဆေးလုံးများကို ပြုလုပ်ရပေမည်။ထိုအဆင့်က အဂ္ဂိရတ်ပညာရှင်များ ကြုံရသည့် ခက်ခဲမှု တစ်ချို့ပင် ဖြစ်သည်။
ဖန်တီးလိုက်သော ဆေးလုံးများကလည်း မြူကောင်းကင်မြို့ထဲ၌ တန်ဖိုးကြီးကြီးမားမား သတ်မှတ်ခံရပေလိမ့်မည်။ မြူကောင်းကင်မြို့က လူဦးရေ သိန်းချီသော ကျော်ကြားသည့် မြို့ကြီးဖြစ်သော်လည်း တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ရာဂဏန်းမျှသာ ရှိသည်။
ရှားပါးမှုသည် တန်ဖိုးကို ဖြစ်ပေါ်စေသည်ဟူသော ဆိုရိုးစကားများအတိုင်း သူတို့၏ ဆေးလုံးများ၏ တန်ဖိုး မြင့်မားနေခြင်းက သဘာဝကျလှပေသည်။
ဂျုံး....
ရှေးကျလှသော သံတံခါးကြီးက အသံကျယ်ကျယ်မြည်ဟီးလျှက် ပွင့်ဟသွားသည်။ဆေးအဆောက်အဦးဆီမှ သိပ်သည်းလှသော စိတ်ဝိညာဉ်လှိုင်းများနှင့် ဆေးစွမ်းအင်များ လွင့်ထွက်လာသည်။
အနံ့ဆိုးသော ဆေးနံ့တစ်ချို့က ရှိနေသည့် သူများအားလုံးကို ဖုံးလွှမ်းသွားပြီး သွေးလေခြောက်ချားဝေဝားစေပုံပေါ်သည်။သို့သော်လည်း အများစုက တံခါးပေါက်မှ ထွက်လာသော ပုံရိပ်များကို မြင်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့က သူတို့၏ နတ်ဘုရားမလေး နန်ကုန်းဝမ် တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်မဖြစ်ကို သိချင်နေကြသည်။
တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာဖို့ မလွယ်ကူကြောင်း လူတိုင်းသိကြသည်။သူတို့၏ ကျင့်ကြံစဉ်က သန်မာရုံသာမက သူတို့၏ စိတ်စွမ်းအင်ကလည်း အားကောင်းရပေမည်။သို့မှသာလျှင် တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာဖို့ အခွင့်အရေးရှိပေလိမ့်မည်။
လူတိုင်းက သူတို့၏ လည်ပင်းများကို အဆုံးစွန်ဆုံး ဆန့်လျှက် ထွက်လာသည့်ပုံရိပ်လေးကို မြင်နိုင်ရန် ကြိုးစားနေကြသည်။ဝေဝါးနေသော ပုံရိပ်က ခြေတစ်လှမ်းလှမ်းလိုက်တိုင်းပင် နဂါးတစ်ကောင် ဟိန်းဟောက်နေသလို ထင်ရ၏။
"အဲ့ဒါက ယောက်ကျားတစ်ယောက်လား....."
"အသေအချာပဲ...ပါရမီရှင်က ဘယ်သူများလဲ...."
လူအုပ်ကြီး၏ သိချင်စိတ်များက ပိုမိုမြင့်တက်လာခဲ့သည်။ထိုအခိုက် လေညှင်းလေး ဖြတ်တိုက်သွားပြီး အခိုးအငွေ့များ ပါသွား၏။ထို့နောက် လောကဓံကို ကြံ့ကြံ့ခံနိုင်ပုံရသော မျက်နာတစ်ခုကို လှစ်ဟပြလာလေသည်။
ယန်မိန်ကျီက တောက်ပ စူးရှလှသော နေရောင်ခြည်ကြောင့် မျက်တောင်အနည်းငယ် ခတ်လိုက်သည်။ထို့နောက်သူမ လေတစ်ဝကြီး ရှုရှိုက်လိုက်သည်။
"နောက်ဆုံးတော့ ငါ ကျော်ဖြတ်လိုက်နိုင်ပြီ....ဆရာသခင်ရဲ့ သုံးပွင့်ဆိုင် နဂါးပေါင်းစပ်ဆေးလုံးကြောင့် စစ်နတ်ဘုရားအဆင့်ကနေပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ခဲ့ပြီ.....ငါ့ရဲ့ သန်မာတဲ့ စိတ်ဓာတ်ခွန်အားကိုပါ ပေါင်းစပ်ထည့်လိုက်တော့... နောက်ဆုံး ငါ တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်အဖြစ် အသိမှတ်ပြုခံရပြီ...."
ယန်မိန်ကျီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များအပေါ် အနည်းငယ် အံ့အားသင့်နေမိသည်။သူမ လွန်ခဲ့သော လဝက်ခန့်က ဆေးလုံး အဆောက်အဦးထဲ ဝင်ရောက်ခဲ့သည်။အရင်က သူမက ဘာမှမဟုတ်သော်လည်း ယခု နောက်တစ်ကြိမ် ပြန်လည် မွေးဖွားလာခဲ့လေပြီ။သူမက နန်ကုန်းဝမ်ထက်ပင် စောစီးစွာ တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာခဲ့သည်။
ထိုစိတ်လှုပ်ရှားမှုမှ သူမ၏ မျက်နာပေါ် အပြုံးလေးတစ်ပွင့် ထင်ဟပ်လာစေသည်။ထိုရိုးရှင်းလှသော အပြုံးကပင် ကြည့်နေသူများအားလုံးကို အံ့အားသင့်သွားစေသည်။
တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်က ယောက်ကျားလေးတစ်ဦးမဟုတ်ပေ။မိန်းကလေးတစ်ဦးသာဖြစ်သည်။ထိုသူမက သစ်ပင်ပင်စည်ကဲ့သို့ ခန္ဓာကိုယ်နှင့် သစ်လုံးကဲ့သို့ ခြေလက်များရှိသည့် မိန်းကလေးတစ်ဦးဖြစ်သည်။
"အဲ့ဒါ ယန်မိန်ကျီပဲ.....အဂ္ဂိရတ်ပညာကျောင်းက မဟာသခင် ရွှမ်ပေရဲ့ ပါရမီရှင် တပည့်....."
"အော်....အဲ့ဒါသူမလား ဒါကြောင့်ကိုး..."
"ဟွန်း.....ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ လွန်ခဲ့တဲ့ လဝက်က သူမက စစ်နတ်ဘုရားမဟုတ်ဘူးလား.....အခုဘယ်လိုလုပ်ပြီး တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာတာလဲ....."
ယန်မိန်ကျီ၏ အဆင့်တက်မှု သတင်းက ဆူနာမီ လှိုင်းလုံးများကဲ့သို့ပင် မြို့တော်တစ်ခွင်လုံးကို ချက်ချင်းပြန့်နှံ့သွားလေသည်။
ယန်မိန်ကျီက စားသောက်ဆိုင်ဖွင့်ခဲ့သည့် တစ်ယောက်ဖြစ်ပြီး ယခုမူ အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာပေပြီ။ထိုယန်မိန်ကျီက သူမ၏ ပါရမီစွမ်းအင်များကို ဖွင့်လှစ်ပြသပြီးနောက် ပြန်လာပေပြီ။
.....
တိမ်ခိုးစားသောက်ဆိုင်၌ .....
ဆိုင်ငယ်လေး၏ အပေါက်ဝ၌ နန်ကုန်းဝူချယ်က ခြေထောက်ချိတ်ထိုင်ကာ ခြေတစ်လှုပ်လှုပ် လုပ်နေသည်။ထိုခြေထောက်များ လှုပ်နေသည့် အရှိန်က မြန်ဆန်လွန်းလှ၍ ကြည့်နေရသူပင် ကြောက်ရွံ့မှု ဖြစ်စေသည်။သူ့၏ လက်များကမူ လက်ရှိ၌ သက်စောင့်ဆေးများကို ဆုပ်ကိုင်ထားလေသည်။
ရံဖန်ရံခါ၌ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး (သို့မဟုတ်) နှစ်လုံး ပစ်ထည့်ကာ သကြားလုံးကဲ့သို့ပင် တကျွမ်းကျွမ်းမြည်အောင် ဝါးစားနေပေသည်။
တိမ်ခိုးစားသောက်ဆိုင် ပတ်ဝန်းကျင်ရှိသော သက်စောင့်ဆေးဆိုင်များအတွင်း၌...
ဆိုင်ပိုင်ရှင်များနှင့် လူတစ်ချို့က နန်ကုန်းဝူချယ်ကို ကြည့်နေရင်း ပြောစရာစကားလုံးပင် ပျောက်ရှနေကြသည်။
သူတို့က သက်စောင့်ဆေးပိုင်ရှင်များ ဖြစ်သည့်အလျောက် သူ့လက်ထဲမှ ကိုင်ထားသည့် ဆေးလုံးကိုလည်း သတိပြုမိကြပေသည်။ထိုဆေးလုံးများက အဆင့် ၅ သက်စောင့်ဆေးများ ဖြစ်ကြသည်။တစ်ခုစီကပင် အနည်းဆုံး ရာအနည်းငယ်ခန့် တန်ကြေးရှိလေသည်။ယခုမူ သူက ထိုဆေးလုံးများကို သကြားလုံးများကဲ့သို့ အားရပါးရ ဝါးစားနေလေသည်။
"သူ သလင်းကျောက် ဘယ်လောက်များများကို ဖြုန်းတီးပြီးပြီလဲ....."
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် နန်ကုန်းမိသားစု၏ သခင်လေးက တကယ့်ကို ပိုင်ဆိုင်မှု များလှပေသည်။
တိမ်ခိုးစားသောက်ဆိုင်အတွင်း၌ ဟင်းပွဲများက ပလူပျံနေကာ အစားအစာများ၏ ရနံ့ကလည်း ဆိုင်လေထုထဲ ပြန့်နှံ့နေပြီး မြင်ကွင်းက လုံးဝ လှုပ်ရှား သက်ဝင်နေပေသည်။
ဆိုင်အတွင်းရှိ စားသုံးသူများကလည်း မီးဖိုချောင်ဘက်ဆီမှ ထွက်လာသော ဟင်းပွဲများကို ကြည့်၍ တံတွေးအနိုင်နိုင် မြိုချနေကြရသည်။
နန်ကုန်းဝမ်က နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို စားသောက်ပြီးနောက် အလုပ်လုပ်ရန်အတွက် ပြန်ထွက်သွားသည်။သူမ ဆန္ဒမရှိလျှင်လည်း ရွေးချယ်စရာမရှိပဲ အလုပ်လုပ်ရပေမည်။
အကယ်၍ အလုပ်မလုပ်လျှင် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို နောက်တစ်ကြိမ် ထပ်စားရန်အတွက် ပိုက်ဆံရှိလိမ့်မည် မဟုတ်ပေ။အခုကိုပင် နန်ကုန်းဝူချယ် ချေးထားသော သလင်းကျောက် သောင်းကျော်ကို ဘယ်နေရာက ပြန်ရှာရမယ် မသိသေးပေ။
ထိုအရှက်မရှိသောသူက ဘယ်တော့မှ ပြန်ပေးမည် မဟုတ်သည်ကိုလည်း သူမသိပေသည်။ထိုအရူးက သူ့၏ နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကို စား၍ ပြီးသွားပေပြီ။ထို့ကြောင့်ပင် ဆိုင်အပေါက်ဝ၌ ပျင်းရိစွာထိုင်ပြီး အပြင်းပြေ မုန့်စားနေလေသည်။
သူက ဆိုင်အတွင်းမှ ဝေ့ဝဲထွက်လာသော မွှေးရနံ့များကို ရှုရှိုက်နေခြင်း ဖြစ်သည်။သူ့အတွက် ထိုဟင်းပွဲများ၏ ရနံ့များက ဆေးလုံးများ၏ ရနံ့ထက် ပို၍ စိတ်ကျေနပ်စရာကောင်းနေပေသည်။
ပိုင်ရှင်ပု၏ ဟင်းပွဲများကို စတင်စားသုံးသည့် အချိန်မှာပင် သူ့ခန္ဓာကိုယ်ထဲမှ ပျင်းရိမှုများ တိုးပွားလာသည်ကို သတိပြုမိလိုက်သည်။အဂ္ဂိရတ်ပညာအပေါ် စိတ်အား ထက်သန်မှုများက ပျောက်ဆုံးသွားပုံရသည်။
ဟင်း......
ဗိုက်ထဲ၌လည်း တင်းပြည့်နေသောကြောင့် သူ နွေးထွေးသည့် နေရောင်ခြည်အောက်၌သာ ဆက်၍ နေပူဆာလှုံနေလိုက်သည်။
ပုဖန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။သူ့လက်မှ ရေများကို သုတ်၍ ခုံတစ်ခုံကို ဆွဲယူကာ ဆိုင်ဝ၌ သက်တောင့်သက်သာ ထိုင်လိုက်သည်။ထို့နောက် သူ ကျောမှီကို ပျင်းရိစွာ မှီချလိုက်ပြီး နွေးထွေးသည့် နေရောင်ခြည်ကို ခိုလှုံလိုက်လေသည်။
"ဘော်ဒါပု အရသာရှိတာလေးတွေ စားဦးမလား...."
နန်ကုန်းဝူချယ်က သူ့လက်ထဲမှ အဆင့် ၅ သက်စောင့်ဆေးများကို ပြရင်း လောကွတ်ပြုလိုက်သည်။
"မစားဘူး... ကျေးဇူးပဲ....ငါဆေးတွေကို မုန်းတယ်......"
ပုဖန်က အနည်းငယ် မျက်စိစွေ၍ ကြည့်လိုက်ပြီး ချက်ချင်းငြင်းပယ်လိုက်သည်။ယခုလက်ရှိ၌ စားသုံးသူများ မရှိတော့သောကြောင့် သူအနည်းငယ် အားလပ်နေပေသည်။
"မင်းက ရူးနေတာလား ဒါမှမဟုတ် တစ်ခုခု ဖြစ်နေတာလား....ဒါက ဆေးမဟုတ်ဘူးလေ သက်စောင့်ဆေးတွေလေ....."
နန်ကုန်းဝူချယ်က အတည်ပေါက်နှင့် ထပ်ပြောလိုက်သည်။
ပုဖန်ကမူ ပါးစပ်တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြောတော့ပေ။
တိမ်ခ်ိုးစားသောက်ဆိုင်၌ လင်းမိသားစုနှင့် ကျန်းမိသားစုတို့ ပါဝင်သော အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် စားသောက်ဆိုင်က ကျော်ကြားလာခဲ့သည်။
လူအများက လာရောက်စူးစမ်းလေ့လာသောကြောင့် သူ့ဆိုင်၏ စီးပွားရေးကလည်း တရှိန်ထိုး တိုးတက်လာခဲ့လေလေသည်။တကယ်တမ်းတွင် ပုဖန်က ရင်းနီးဖော်ရွေသော လူတစ်ယောက်ဖြစ်သည်။သူ့၏ မျက်နာကြောက တင်းနေသော်လည်း ပြောဆိုရ အလွန်လွယ်ကူလေသည်။ဥပမာအားဖြင့် နန်ကုန်းဝူချယ်ပင် ပုဖန်နှင့် ရင်းနီးနေပေပြီ။
စားသောက်၍ ပြီးသွားသည့် သူများကလည်း ခပ်ပြုံးပြုံးဖြင့်ပင် သူ့ကို လက်ဝှေ့ယမ်းပြ နှုတ်ဆတ်သွားကြသည်။ပုဖန်ကလည်း သူတို့ကို ခေါင်းညိတ်၍ ပြန်လည် နှုတ်ဆတ်သည်။ယခုပုံတိုင်းဆိုလျှင် စားသောက်ဆိုင်၏ စားသုံးသူများ တိုးပွားလာပြီး စည်ပင် လာပေတော့မည်။
.....
ယန်မိန်ကျီ တိမ်ခိုးစားသောက်ဆိုင် ရှိရာဆီသို့ လျှောက်လာခဲ့သည်။ယခုလက်ရှိ၌ သူမ အနည်းငယ် စိတ်ပူမှုကိုလည်း ခံစားနေရသည်။
စားသောက်ဆိုင်က ယခု ဘယ်လို အခြေအနေများ ဖြစ်နေလိမ့်မလဲ...
စားသောက်ဆိုင် တည်နေရာက သက်စောင့်ဆေးဆိုင်များ ပတ်ပတ်လည် ဝိုင်းရံနေသည့် အန္တရာယ်အများဆုံးသော နေရာပင် ဖြစ်သောကြောင့် ယခုလက်ရှိ သူ့၏ စီးပွားရေးက အဆုံးသတ်သွားပြီလား...
အရိုးသားဆုံး ပြောရလျှင် စားသောက်ဆိုင်လေး တစ်ဆိုင်က ထိုသက်စောင့်ဆေးဆိုင်များ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။သူမ၏ အတွေးများကြောင့် ယန်မိန်ကျီ စိတ်မောလာမိပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။သူမ၏ ဖခင်က သူမဆီသို့ စားသောက်ဆိုင် လက်လွှဲပေးခဲ့သော်လည်း သူမက ကောင်းစွာ ဦးဆောင်နိုင်ခြင်းမရှိပေ။ထိုအကြောင်းကို တွေးလိုက်မိရုံဖြင့် တကယ့်ကို စိတ်ဓာတ်ကျရပေသည်။
သူမအံတင်းတင်းကျိတ်လိုက်မိပြီး ရှေ့သို့သာ ဆက်လျှောက်လာမိသည်။သူမ စိတ်ကိုလည်း ပြင်ဆင်ထားပြီးပေပြီ။အကယ်၍ စားသောက်ဆိုင်က လုံးဝ ကျရှုံးသွားပြီဆိုလျှင် ပုဖန်ကို သလင်းကျောက်များ ပြန်ပေးပြီး သူမ၏ ဆိုင်ကို ပြန်လည် ယူလိုက်ပေမည်။
ရှင်းရှင်းပြောရလျင် ထိုအကျိုးဆက်များက သူမဖြေရှင်းသင့်သည် ဖြစ်သည်။ပုဖန်ကို ခံစားခိုင်းဖို့ မသင့်တော်ပေ။သူမ၏ ဆရာ ရွှမ်ပေက ယခုချိန်ထိတိုင်အောင် သူမကို မေတ္တာတရားကြီးမားစွာ သင်ကြားပေးနေတုန်းဖြစ်သော်လည်း ယခုအခြေအနေက သူမအတွက် အလွန်ခက်ခဲလွန်းနေလေသည်။
ယန်မိန်ကျီ သက်စောင့်ဆေးဆိုင်များရှိသည့် နေရာဒေသသို့ ခြေချလိုက်သည်နှင့်ပင် ထူးဆန်းသော အငွေ့အသက်များကို ရရှိလိုက်သည်။ထိုမြင်ကွင်းက သူမနှင့် စိမ်းလွန်းနေသည်။
"ဒီအချိန်က သက်စောင့်ဆေးဆိုင်တွေ ဖွင့်တဲ့အချိန်တွေ မဟုတ်ဘူးလား....ဘယ်လိုဖြစ်လို့လဲ....ဒီလိုဆိုရင် စားသောက်ဆိုင်ကကော ဘယ်လိုနေမလဲ....."
ယန်မိန်ကျီက ပတ်ဝန်းကျင်ရှိ ဆေးဆိုင်များကို အကဲခတ်ကြည့်ရှုရင်းဆက်လျှောက်လာခဲ့သည်။ထူးဆန်းလှသော အခြေအနေကြောင့် သူမပို၍ပင် အံ့အားသင့်လာခဲ့သည်။
မြူကောင်းကင်မြို့ထ၌ သက်စောင့်ဆေးဆိုင်များက အလွန်ပင် ကျော်ကြားလာသည်။အထူးသဖြင့် နန်ကုန်းမိသားစု၏ နာမည်အောက်၌ ရှိနေသော ဆိုင်များပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုဆိုင်များက လူစည်ကားလျက်ရှိသည်။သို့သော် ယခုဘာကြောင့် လူသူကင်းမဲ့နေရပါသနည်း။
ယန်မ်ိန်ကျီ နီးစပ်ရာဆိုင်တစ်ဆိုင်သို့ လှမ်းဝင်လိုက်သည်။ဆိုင်ပိုင်ရှင်က ဘာမှ လုပ်စရာမရှိပဲ ထိုင်ခုံပေါ်၌ စိတ်ပျက်လက်ပျက် ထိုင်နေလေသည်။
"သူဌေး အခု စီးပွားရေးမကောင်းဘူးလား....."
သူမက ဆိုင်ပိုင်ရှင်ထံသို့ တိုက်ရိုက်ပင် လှမ်းမေးလိုက်သည်။
"ငါ့ကိုမမေးနဲ့ ငါအဲ့ဒီအကြောင်းတွေ မပြောချင်ဘူး....ဟိုနေရာကို သွားပြီးတော့သာ မင်းဘာသာမင်း သွားကြည့်လိုက်...."
သူက အသက်မပါသည့် အသံဖြင့် ရှုံ့မဲ့၍ ပြောလိုက်ပြီးနောက် နေရာတစ်ခုသို့ လက်ညှ်ိုးညွှန်ပြလိုက်သည်။
ယန်မိန်ကျီလည်း ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူ ညွှန်ပြသည့် နေရာဆီသို့ လှမ်းကြည့်လိုက်၏။ထို့နောက် သူမ၏ မျက်ဝန်းအကြည့်များက စူးရှ သွားလေသည်။
"အဲ့ဒါ တိမ်ခိုးစားသောက်ဆိုင် နေရာမဟုတ်ဘူးလား....စားသောက်ဆိုင်က တစ်ခုခုဖြစ်လို့လား....."
ယန်မိန်ကျီ စိုးရိမ်ပူပန်သွားမိသည်။
"ဟိုပြဿနာကောင်နန်ကုန်းမင် လာပြီး ပြဿနာရှာပြန်ပြီလို့ ငါ့ကို မပြောပါနဲ့....."
သူမ၏ စိတ်ထဲ၌ အတွေးနှင့်အတူ ဆိုင်ရှိရာနေရာသို့ အမြန်လျှောက်သွားလိုက်သည်။
"ငါသိတယ်.....
ခပ်လှမ်းလှမ်းမှပင် ဆိုင်ရှေ့၌ လူများအုံခဲ နေသည်ကို သတိပြုမိနိုင်သည်။စုရုံးနေသော သူများ၏ အဝတ်အစား ဝတ်ဆင်ပုံကို ကြည့်၍ ကောက်ချက်ချလျှင် ထိုသူများက နန်ကုန်းမိသားစုဝင်များပင် ဖြစ်သည်။
"သူဆိုတာကို ငါသိတယ်....."
ထိုလူအကြောင်းကို တွေးလိုက်ရုံဖြင့် သူမ၏ နှလုံးသားထဲ၌ ပူလောင်လာလေသည်။သို့သော်ဒီအချိန်၌မူ သူမက တိမ်တစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်နေပေပြီ။ထိုသူကို မှတ်လားသားလောက်ဖြစ်သွားအောင် ဆုံးမပေရပေမည်။
ရုတ်တရက် သူမ၏ မျက်ဝန်းများက လူအုပ်ထဲမှာပင် တောက်ပနေသော သူတစ်ယောက်ကို သတိပြုမိသွားသည်။သူမ ကြောင်အမှင်သက်သွားသည်။
"ဒါက သခင်လေး ဝူချယ် မဟုတ်ဘူးလား.....သခင်လေး ဝူချယ်က တိမ်ခိုးစားသောက်ဆိုင်မှာ ဘာလာလုပ်တာလဲ....."
သူမက ထိုလူအုပ်ကြီးကိုကြည့်ရင်း မျက်လုံးများပြူးကျယ်ကာသွားချင်း တဂတ်ဂတ်ရိုက်နေပေသည်။သူမ၏ နှလုံးသားက မရပ်မနား တဒုန်းဒုန်း ခုန်နေပြီး သူမ၏ မျက်နာပင် နီရဲလာပေသည်။
ဆံပင်နီများ တဖျက်ဖျက် လွင့်ခါနေသည့် ချောမောလှပသော လူငယ်ကိုကြည့်ရင်း သူမ၏ မျက်နာက ရှက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားသည်။
ထ်ိုလူက နှုတ်ခမ်းပါးလေးများတွန့်ကွေးရုံပြုံးပြီး အနောက်သို့ လှည့်ကြည့်လာလေသည်။သူ့၏ နောက်ကျောဘက်မှ နေရောင်ခြည်က ဖြာကျနေလေရာ ယန်မိန်ကျီ၏ အမြင်တွင် နတ်သားလေးတစ်ပါး လူပြည်သို့ ဆင်းသက်လာသလိုပင် ထင်လိုက်မိသည်။
ကြော့မော့လှသော ပုံရိပ်လေးက သူမ၏ နှလုံးသားကို တုန်ယင်စေပြီး နူးညံ့သိမ်မွေ့နွေးထွေးလှသော အပြုံးလေးက သူမ၏ နှလုံးသားက စက္ကန့်မဆိုင်း အရည်ပျော်ကျသွားစေသည်။ သူမ၏ မျက်ဝန်းမှ ကြယ်များပင် ဖြာထွက်လာသည်ဟု ထင်မှတ်မိလေသည်။
အူး......