အပိုင်း ၄၃၇
Viewers 62k

အခန်း ၄၃၇

ယန်မိန်ကျီ၏ အံအားသင့်မှု...


"သခင်လေး ကျွန်တော်တို့ ပြန်ကြစို့ .....သခင်ကြီးက မကြာခင် ပြန်လာတော့မယ်....."


နန်ကုန်းမိသားစု၏ အဆင့်မြင့်အကြီးအကဲက ကုလားထိုင်ပေါ်၌ ထိုင်နေသော နန်ကုန်းဝူချယ်ကို ကြည့်၍ ပြောလိုက်သည်။


ထိုင်ခုံပေါ်၌ ပျော့ခွေထိုင်နေသော ပုဖန်ကလည်းထိုလူစုကို ကြည့်နေသည်။သူတို့ ပြောသည်ကို ကြားလိုက်သည့်အခါ၌ သူ့၏ နားရွက်ဖျားလေးများပင် လှုပ်ခါသွားပြီး စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာသည် ။


နန်ကုန်းဝူချယ်က မျက်မှောင်ကြုတ်၍ အကြီးအကဲ၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်သည်။သူသက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။


"အကြီးအကဲက ဒီလို ပြောလာပြီဆိုမှတော့ ကျွန်တော်က ဘာပြောနိုင်ဦးမှာလဲ.....အိမ်ပြန်ပြီးတော့ပဲ အဖေပြန်လာတာကို ကြိုဆိုကြတာပေါ့....."


အကြီးအကဲ၏ မျက်နာပေါ်က အပြုံးက ပို၍ပင် ပီပြင်လာသည်။


"သခင်လေး ဒီဘက်ပါ....."


လူအုပ်ကြီးက နန်ကုန်းဝူချယ်အတွက် လမ်းဖွင့်ပေးလိုက်သည်။အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သခင်လေးက ခြေလှမ်းကျဲများဖြင့် လူအုပ်ထဲဖြတ်လျှောက်သွားလိုက်သည်။သူ့၏ မျက်နာကို လေပြေလေညှင်းများက ရိုက်ခတ်နေသောကြောင့် သူ့ဆံပင်များကလည်းအနောက်သို့ တဖျက်ဖျက်လွင့်ခါနေသည်။


နန်ကုန်းဝူချယ်၏ အပြုအမူများက မည်မျှပင် ထူးဆန်းပြီး ဟာသမြောက်နေပါစေ သူက နန်ကုန်းမိသားစု၏ နံပါတ်တစ် ဆက်ခံသူ အဖြစ်သာရှိနေသေးသည်။လူများက သူ့ကို ရိုသေလေးစားမှု ပြသရပေမည်။


ထို့အပြင် သူက နောက်ပြောင်တတ်သည်မှလွဲ၍ တစ်ခြားပြစ်ချက်မရှိပေ။သူက အဂ္ဂိရတ်ပညာတွင် အလွန်ပါရမီကောင်းလှသလို သူ့၏ ရုပ်ရည်ကလည်း အလွန်ချောမောပြေပြစ်လှသည်။မိန်းမပျိုပေါင်းများစွာကပင် သူ့ကို ဆွဲဆောင်နိုင်ရန် ကြိုးစားကြသည်။


နန်ကုန်းဝူချယ်က ဂုဏ်ယူ ဝင့်ကြွားသည့် အပြုံးဝင့်ဝင့်ကို ပြုံးပြီး လူအုပ်ထဲမှ အေးအေးသာသာ လမ်းလျှောက်သွားသည်။သူ သူ့ကို မျက်ဝန်းတစ်စုံက စိုက်ကြည့်နေသည်ဟု ခံစားလိုက်မိသည်။သူ့စိတ်ထဲ၌ သိချင်စိတ်ဖြစ်ပေါ်လာပြီး မည်သူဖြစ်မည်ကို ရှာဖွေလိုက်သည်။


အဂ္ဂိရတ်ပါရမီရှင်ဖြစ်သော နန်ကုန်းဝူချယ်၏ စိတ်စွမ်းအားက အလွန်အားကောင်းလှသည်။ထို့ကြောင့် သူ့ကိုယ်ပင် ပြာချတော့မယောင် ကြည့်နေသော အကြည့်တစ်စုံ၏ စွမ်းအားကို ခံစားမိလေသည်။


နန်ကုန်းဝူချယ် ဝေ့ဝဲ၍ ရှာကြည့်လိုက်လေရာအားကိုးလောက်စရာ အနေအထားဖြင့် ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ထိုသူက သူ့ကို ပူပြင်းလှသော အကြည့်များဖြင့် စိုက်ကြည့်နေသူဖြစ်သည်။


ထိုပုံရိပ်က သစ်လွင်လှသော အဂ္ဂိရတ်ပညာရှင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထိုဝတ်ရုံပေါ်၌ တိမ်တစ်စကို ရေးဆွဲထားလေသည်။


"သူက တိမ်တစ်စ ပညာရှင်လား....."


"မင်းသားလေး... ငါ့ရဲ့ မင်းသားလေးလာနေပြီ...ဘာလုပ်ရမလဲ... ငါဘာလုပ်ရမလဲ...စိတ်တွေ လှုပ်ရှားလိုက်တာ..."


ယန်မိန်ကျီ၏ နှလုံးသားခုန်သံက ဘင်ခရာကဲ့သို့ပင် ဆူညံနေပေသည်။နန်ကုန်းဝူချယ် သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်သောအခါ၌ ရှက်ရွံ့မှုကို ခံစားရပြီး သူမ၏ မျက်နာက ခရမ်းချဉ်သီးကဲ့သို့ နီရဲနေပေပြီ။


နန်ကုန်းဝူချယ်ကို အကြည့်ချင်းမစုံရဲသောကြောင့် ဘေးဘက်သို့ အလျှင်အမြန် အကြည့်လွှဲလိုက်သည်။သူမ အဂ္ဂိရတ်ပညာကျောင်း၌ သင်ကြားနေစဉ်ကလည်း နန်ကုန်းဝူချယ်ကို အဝေးကနေသာ အမြဲတမ်း ငေးမောကြည့်ရှုခဲ့သည်။


သူ့၏ အဂ္ဂိရတ်ပညာစွမ်းရည်က မည်မျှပင်ကောင်းမွန်ကြောင်းကိုလည်း သူမ မြင်ခဲ့ရပြီးပြီ။ထိုသူ့၏ ပတ်လည်၌ မီးလျှံဖြူများ ဝိုင်းရံသည့် အခါ၌ မည်မျှပင် ချောမောကြည့်ကောင်းကြောင်းကိုလည်း သူမမှတ်သားထားခဲ့သည်။သူ့ကို ကြည့်လိုက်သည့်အခါတိုင်းတွင်လည်း သူမ၏ နှလုံးခုန်သံက ပုံမှန်ထက် ပိုမို မြန်ဆန်လာလေသည်။


"မင်းက အခုမှ တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်ဖြစ်လာတာလား....ငါအရင်တုန်းက မင်းကို မမြင်ဖူးဘူးထင်တယ်...."


နန်ကုန်းဝူချယ်က ဖော်ရွေစွာပြုံး၍ ပြောလိုက်သည်။


"သူငါ့ကို စကားပြောနေတယ် .....ဘုရားရေ...."


ယန်မိန်ကျီက ပို၍ပင် စိတ်လှုပ်ရှားလာပြီး သူ့၏ မျက်ဝန်းများက ပို၍ပင် တောက်ပြောင်လာလေသည်။


မီးလျှံများပင် ထွက်ပေါ်လာမတက် တောက်ပနေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ၌ ဝူချယ်အံ့အားသင့်သွားသည်။


"ဘာလဲဟ....ဒီလူထွားကြီးရဲ့ မျက်ဝန်းတွေက ငါ့ကို ကြောက်အောင် လုပ်နေပါလား ...ဖြစ်နိုင်တာ ဒီလူက ..."


သူ တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်နာအမူအရာက ပြောင်းလဲသွားသည်။ထို့နောက် အနောက်ကို အလျှင်အမြန်ပင် ဆုတ်လိုက်ပြီး ယန်မိန်ကျီနှင့် သူကြားအကွာအဝေးကို ခြားနားထားလိုက်သည်။


"သားကြီး မင်းက တော်တော် တော်တာပဲ...ဂုဏ်ယူပါတယ်ကွာ ကြိုးစားထား...ဒါဆိုရင် မင်း တိမ်နှစ်စ အဂ္ဂိရတ်ပညာရှင် ဖြစ်လာလိမ့်မယ်...တစ်နေ့နေ့ကျရင်တော့ ငါတို့အချင်းချင်း အဂ္ဂိရတ်ပညာချင်း ပြိုင်ကြတာပေါ့ အခုတော့ ငါသွားလိုက်ဦးမယ်..."


သူပြောဆိုပြီးသည်နှင့် နန်ကုန်းမိသားစုများကို ဦးဆောင်လိုက်ပြီး ချက်ချင်းထွက်ခွာသွားလိုက်သည်။


"သူက အခုထိတောင်မှပဲ အောင်မြင်ကျော်ကြားနေတုန်းပဲ....သူက အခုထိတောင် ချောမောနေတုန်းပဲ.....သူက ငါနဲ့ အဂ္ဂိရတ်ပညာတွေကို ပြိုင်ချင်တယ်တဲ့ ငါအရမ်းပျော်တာပဲ...."


သူမ စွဲလမ်းမူးယစ်နေသော ခံစားချက်ထဲ နစ်မြှုပ်နေပြီး ဝူချယ် ပြောခဲ့သည့် စကားများကို ပြန်လည် စဉ်းစားနေမိသည်။ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး သူမမျက်နာပေါ်က အပြုံးက အေးခဲသွားလေသည်။


"နေပါဦး...သူငါ့ကို ဘယ်လိုခေါ်လိုက်တယ်...သူငါ့ကို ခေါ်လိုက်တာ သားကြီး ဟုတ်လား..."


သူမမျက်နာပေါ်က ပျော်ရွှင်မှုများပျောက်ကွယ်သွားပြီး နှုတ်ခမ်းများမဲ့ကျသွားလေသည်။နန်ကုန်းဝူချယ် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူမ ဒီနေရာကိုလာရသည့် မူလရည်ရွယ်ချက်ကို ပြန်လည် သတိရသွားသည်။သူမ၏ နှလုံးက နောက်တစ်ကြိမ် ခုန်လှုပ်လာပြန်သည်။


"မင်းသားလေး ဝူချယ်တောင် ဒီနေရာကို လာရတယ်ဆိုတော့ ....ပိုင်ရှင်ပုက ဘယ်လို ဆိုးရွားတာတွေများ လုပ်ထားလို့လဲ...ငါ့ဆိုင်က အဆုံးသတ်သွားပြီလား..."


သူမခြေလှမ်းကျဲများဖြင့် မြန်မြန်ဆန်ဆန်လျှောက်လိုက်ရာ ဆိုင်ဆီသို့ လျှင်မြန်စွာ ရောက်လာလေသည်။


သူမ ပထမဦးဆုံး မြင်လိုက်သည့်အရာက ဆိုင်ပေါက်ဝခုံတွင် ထိုင်နေသည့် ပုဖန်ကိုသာ ဖြစ်သည်။သူ့မျက်နာက ပျင်းရိမှုနှင့် ပြည့်နေပြီး ကမ္ဘာလောကတစ်ခုလုံးကို လက်မှိုင်ချထားသလိုပင် ထင်ရသည်။


"သူက ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေတာလဲ....ဆိုင်ရဲ့ စီးပွားရေးက မကောင်းဘူးဆိုရင်တောင်မှပဲ သူကိုယ်သူ ဒီလိုမျိူး အရှုံးမပေးသင့်ဘူးလေ...သူ့မှာစိတ်ဓာတ်ဓာတ်တက်ကြွမှု လိုအပ်နေတယ်...စီးပွားရေးလုပ်ကိုင်တော့မယ်ဆိုရင် စိတ်ဓာတ်တက်ကြွမှုက အရေးကြီးဆုံးပဲ..."


ယန်မိန်ကျီက ပုဖန်ဆီသို့ မာန်ပါပါဖြင့် လျှောက်လာလိုက်သည်။


သူမ ပုဖန်ရှေ့၌ ရပ်လိုက်သောအခါ၌ သူ့မျက်နာပေါ်ကို ကျရောက်နေသော နေရောင်ခြည်ကို ပုံရိပ်တစ်ခုက ပိတ်ကာလိုက်သလိုမျိုး ပုဖန် ခံစားလိုက်ရသည်။


သူ မျက်လုံးကို အသာဖွင့်ကြည့်လိုက်လျှင် သူ့၏ရှေ့မှ ထွားထွားကျိုင်းကျိုင်း ပုံရိပ်ကို မြင်လိုက်ရသည်။ဒါက ယန်မိန်ကျီပင် ဖြစ်သည်။


"ဟေး...ငါနင်ကို မတွေ့ရတာတောင် ကြာပြီ...."


ပုဖန်က နှုတ်ဆက်လိုက်သည်။


"နင်ဘာလုပ်နေတာလဲ....တကယ်လို့ တိမ်ခိုးစားသောက်ဆိုင်ရဲ့ စီးပွားရေးအခြေအနေက ဆိုးရွားနေတယ်ဆိုရင်တောင်မှပဲ ငါတို့ကရှေ့ဆက်ပြီး ကြိုးစားရမှာပဲလေ...အိပ်မက်တွေ ရှင်သန်နေအောင် ကြိုးစားဖို့လိုတယ်...ငါတို့ စိတ်အားတက်ကြွမှုတွေ လိုတယ်.....တစ်နေ့နေ့တော့ ငါတို့ရဲ့ စီးပွားရေးလုပ်ငန်းက ပြန်လည်ကောင်းမွန်လာမယ်ဆိုတာ ယုံကြည်ဖို့လိုတယ်....ငါနင့်ရဲ့ စွမ်းရည်ကို ယုံကြည်တယ်...နင်က အနာဂတ်မှာ ကျော်ကြားလာမယ့်လူမျိုး ....."


ယန်မိန်ကျီက ပုဖန်ကို အားပေးစကား ပြောလိုက်သည်။ပုဖန်က သူ့ကိုယ်သူ လက်လျှော့အရှုံးပေးထားသည်ဟု သူမခံစားရလေသည်။ထို့ကြောင့် သူ့၏ စိတ်ဓာတ်ခွန်အားများ ပြန်လည် တက်ကြွလာပြီး တိမ်ခိုးစားသောက်ဆိုင်ကို သေသေချာချာ ဆက်လက်လူပ်ဆောင်နိုင်အောင် အားပေးလိုက်သည်။


ပုဖန် အူကြောင်ကြောင်ဖြင့် ကြည့်နေလိုက်သည်။သူမပြောသွားသည့် စကားများကို သူနားမလည်လိုက်ပေ။


ယန်မိန်ကျီက ဆ်ိုင်နှင့်ပတ်သတ်၍ အမြဲတမ်းရည်မှန်းချက်ကြီးကြီးထားခဲ့ခြင်းဖြစ်သည်။ဒါက သူမဖခင်၏ ဆိုင်ဖြစ်သည်။ဒီစီးပွားရေး ကျဆုံးသွားမည်ကို သူမမလိုလားပေ။


သို့သော်လည်း သူမပြောပြီးသည့်အခါ၌ လေထုက ပြောင်းလဲသွားသည်။အားလုံးက သူမကို အထင်အမြင်သေးသည့် အကြည့်များဖြင့် ဝိုင်းကြည့်လာလေသည်။


ထိုလူများက သူမ၏ အပြုအမူကြောင့် အံ့အားသင့်နေပုံရသည်။သူမက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်မိသည်။ထို့ကြောင့် သူမခေါင်းလှည့်၍ ဆိုင်အတွင်းပိုင်းကို ကြည့်လိုက်လေသည်။


စားသောက်ဆိုင်ထဲ၌ မျက်လုံးပေါင်းများစွာက သူမကို စူးစိုက်ကြည့်နေ၏သူတို့မျက်နာပေါ်၌ အံ့အားသင့်မှုနှင့်ပြည့်နှက်နေပြီး ဇဝေဇဝါ ဖြင့် သူမကို ကြည့်နေကြသည်။သူမပြောသွားသည့် စကားများကို ပုဖန်သာနားမလည်ခြင်းမဟုတ်ပဲ ဆိုင်ထဲ၌ှရှိနေသော မည်သူမှ နားမလည်လိုက်ပေ။


"ဟား...ဟား...နင်တို့ ဆက်လုပ်ကြပါ...ငါက ငါ့ရဲ့ အဂ္ဂိရတ်နည်းလမ်းတွေအကြောင်းကို စဉ်းစားနေတာပါ..."


ဒါက ရှက်ဖို့ကောင်းလှသည်။ဘာကြောင့် စားသောက်ဆိုင်ထဲမှာ လူတွေအများကြီးရှိနေတာလဲ...ဘာလို့လဲ...


သူ့၏ မျက်နာပေါ်၌ ကို့ယို့ကားယား အပြုံးတစ်ခု ချိတ်ဆွဲထားပြီး သူမ စိတ်ထဲ၌လည်း ထိတ်လန့်တုန်လှုပ်မှု ရှိနေလေသည်။


". ဘုရားရေ...ဒီဆိုင်ထဲမှာ ရှိနေတဲ့ လူတွေအများကြီးက စားသုံးသူတွေလား...ဒါဆိုရင် တိမ်ခိုးစားသောက်ဆ်ိုင်က ဆက်လက်ရပ်တည်နိုင်ပြီပေါ့...


ဘေးပတ်ဝန်းကျင်၌ သက်စောင့်ဆေးဆိုင်များဖြင့် ပြည့်နှက်နေသော်လည်း စားသောက်ဆိုင်က သူ့၏ နေရာတစ်ခုကို ခိုင်ခိုင်မာမာရပ်တည်နိုင်လေပြီ။ထို့ကြောင့်ပင် သက်စောင့်ဆေးဆိုင်ပိုင်ရှင်များက စားသောက်ဆိုင်အကြောင်း ပြောဆိုနေကြခြင်း ဖြစ်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သူတို့၏ စီးပွားရေးက ခိုးယူခံလိုက်ရပေပြီ။


ထိုအကြောင်းကို တွေးမိသည်နှင့် ယန်မိန်ကျီက ထိုင်ခုံပေါ်တွင် ပျင်းရိစွာထိုင်နေဆဲဖြစ်သော လူငယ်ကို ကြည့်လိုက်သည်။သူမမျက်ဝန်းများထဲက ထိတ်လန့်မှုက ပို၍ပို၍ပင် များပြားလာလေသည်။


"စားသောက်ဆိုင်က သက်စောင့်ဆေးဆိုင်တွေရဲ့ စီးပွားရေးကို လုယူလိုက်ပြီ...ဘယ်လိုမျိုး ဒီလိုဖြစ်လာရတာလဲ...ဒါမဖြစ်နိုင်ဘူးလေ...နေဦး....စားသောက်ဆိုင်ရဲ့ အသွင်အပြင်က အရင်ကနဲ့ ဘာလို့ ကွာခြားနေတာလဲ...."


စားသောက်ဆိုင်ကို ကြည့်လိုက်သည့်အခါ၌ ပြောင်းလဲမှုများစွာကို တွေ့လိုက်ရသည်။စားပွဲ ကုလားထိုင် အားလုံး ပြောင်းလဲထားပေသည်။ထိုစားပွဲ ကုလားထိုင်များက သူမမသွားခင် ဝယ်ပေးထားခဲ့သော စျေးသက်သာသည့် ပစ္စည်းများ မဟုတ်ပေ။


ပုဖန်က မတ်တပ်ထရပ်လိုက်ပြီးဆိုင်ကို အံ့အားသင့်သင့်ဖြင့် ကြည့်နေသည့် ယန်မိန်ကျီကို ကြည့်လိုက်သည်။ထို့နောက် သူ အပျင်းကြောဆန့်၍ သန်းဝေလိုက်ပြီး သူ့၏ ပုခုံးပေါ်တွင် ရှိနေဆဲဖြစ်သည့် ပုစွန်ပိစိကို အသာအယာ ထိလိုက်သည်။


"နင်သွားပြီးတော့ ငါအပြောင်းအလဲတစ်ချို့ လုပ်လိုက်တယ်...ဆိုင်ထဲက ပရိဘောဂတွေအကုန်လုံးကိုပြောင်းလိုက်တယ်...ဆ်ိုင်ရဲ့ စီးပွားရေးကလည်း မဆိုးပါဘူး...."


ပုဖန်က ပုံမှန်အတိုင်းပင် ပြောပြလိုက်သည်။


"မဆိုးပါဘူး...ပိုင်ရှင်ပု နင်အရမ်း မကြွားလို့ရမလား..."


ဆိုင်အတွင်း၌ရှိနေသော စားသုံးသူ အချို့က သက်စောင့်ဆေးဆိုင် ပိုင်ရှင်များပင် ဖြစ်သည်။ထ်ိုသူများက ပုဖန်စကားကို ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ထို့နောက် အတွေးမ်ျိုးစုံ တွေးမိလိုက်ကြပြီး နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။


သူတို့၏ စီးပွားရေးအားလုံးနီးပါးကို ပုဖန်ဆိုင်က ခိုးယူခဲ့ပြီးပေပြီ ဒါတောင်မှ သူက မဆိုးဟူးဟု ပြောနေပေသေးသည်။စားသုံးသူများက စိတ်ဆိုးပြီး ဒေါသများ ပေါက်ကွဲမလို ဖြစ်သွားသည်။သို့သော်လည်း သူတို့၏ ဒေါသများကို ဥထမင်းကြော်အပေါ်၌သာ ဖောက်ခွဲနိုင်လေသည်။


"နင်ဆိုင်ထဲ ပတ်ကြည့်လေ...မီးဖိုချောင်ကလွဲရင် ဘယ်နေရာမဆို သွားနိုင်တယ်....."


ပုဖန်က ပြောလိုက်သည်။


မီးဖိုချောင်က အရေးကြီးဆုံးနေရာပင် ဖြစ်သည်။သာမန်လူများကို မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပြုပေ။ယန်မိန်ကျီက ဒီဆိုင်၏ သူဌေးဖြစ်နေသော်လည်း သူမကိုလည်း မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပြုနိုင်ပေ။


ပြောရမည်ဆိုလျှင် ယခုအချိန်၌ ပုဖန်ကသာ စားသောက်ဆိုင်၏ သူဌေးအစစ်ဖြစ်နေပေပြီ။


ယန်မိန်ကျီက ပုဖန်၏ လေးနက်လှသော မျက်ဝန်းများကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သူမ စားသောက်ဆိုင်ကို စ၍ အကဲခတ်ကြည့်ရှုလိုက်သည်။


"ပိုင်ရှင်ပု ငါကို ဥထမင်းကြော် တစ်ပွဲလောက်ပေးပါ....."


စားသုံးသူ တစ်ယောက်က ဆိုင်ဆီသို့ လျှောက်လာပြီးပုဖန်ကို ပြောလိုက်သည်။မကြာသေးခင်က အဖြစ်အပျက်များပြီးနောက် ဆိုင်သို့ လာရောက်သော သူများအားလုံးက စားသောက်ဆိုင်ပိုင်ရှင်အပေါ်၌ လေးစားမှုရှိလာကြသည်။


ပြောရမည်ဆ်ိုလျှင် ပုဖန်က နန်ကုန်းဝမ်၏ အနာဂတ်ခင်ပွန်းလောင်းဖြစ်သည်။သူက နန်ကုန်းမိသားစုနှင့် ဆက်သွယ်မှုရှိနေပေသည်။ထို့ကြောင့် သူတို့ တက်နိုင်သမျှ သူ့ကို ထောက်ခံပေးရပေမည်။ထို့အပြင် သူ့၏ အစားအသောက်များကလည်း အလွန်အရသာရှိလှသည်။ထို့ကြောင့် သူတို့ဒီဆိုင်ကို ပိုမို၍ နှစ်သက်သဘောကျလာကြသည်။


ဒီဆိုင်၌ လာရောက်စားသောက်ပြီးသည်နှင့် ပျော်ပျော်ရွှင်ရွှင်ပင် ပြန်လည် ထွက်ခွာသွားရသည်။ထို့ကြောင့် ခြုံပြောရလျှင်စားသောက်ဆိုင်လုပ်ငန်းရှိနေခြင်းက တကယ့်ကို ကောင်းမွန်လှသည်။


.....


နန်ကုန်းမိသားစု၏ နေအိမ်...


ကြီးမားကျယ်ဝန်းလှသော ဧရိယာတစ်ခု ၊ရေကန်နှင့် ကျောက်တိုင်များ လှပလှသော ခြံဝန်းများက ထိုနေရာကို နတ်သမီးပုံပြင်တစ်ခုနှယ် ဖန်ဆင်းထားပေသည်။


နန်ကုန်းဝူချယ်က ထိုခြံဝန်းအတွင်း လှည့်ပတ်လမ်းလျှောက်နေသည်။


နန်ကုန်းမိသားစု၏ အကြီးအကဲကလည်း သူ့ဘေးမှနေ၍ လိုက်ပါလျက် ခြံဝန်းအတွင်းသို့ လျှောက်နေသည်။သူတို့ အချိန်ကြာကြာ လမ်းလျှောက်ပြီးနောက် တည်နေရာရွှေ့ပြောင်းအစီအရင်ထဲသို့ ဝင်ရောက်သွားသည်။အစီအရင်ထဲမှ ပုံရိပ်က လှုပ်ခတ်သွားပြီး သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားလေသည်။


ခဏအတွင်းမှာပင် သူတို့နှစ်ယောက်၏ ပုံရိပ်ကမြူကောင်းကင်မြို့၏ အမြင့်မားဆုံး မဆောက်အဦးထိပ်တွင် ပြန်ပေါ်လာသည်။နန်ကုန်းဝူချယ်က အစီအရင်တွင်းမှ ထွက်လာပြီး ပြတင်းပေါက်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။ထိုပြတင်းပေါက်မှနစ်ဆင့် မြူကောင်းကင် တစ်မြို့ လုံးကို မြင်နိုင်လေသည်။


ဤသံထည် အဆောက်အဦးက နန်ကုန်းမိသားစုအပိုင်ဖြစ်သည်။ဒီနေရာက နန်ကုန်းမိသားစု၏ ဌာနချုပ်လည်း ဖြစ်သည်။နန်ကုန်းဝူချယ် ပြတင်းပေါက်တွင်ရပ်၍ မြူကောင်းကင် တစ်မြို့လုံးကို ငုံ့ကြည့်လိုက်သည်။


အဆောက်အဦးအတွင်း၌ ကြီးမားလှသော လေးထောင့်ကွက် သဏ္ဍာန် တည်နေရာရွှေ့ပြောင်း အစီအရင်တစ်ခုရှိလေသည်။ထိုအစီအရင်က တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်သို့ ဦးတည်ထားသည်။


ထိုအစီအရင်ပတ်လည်၌ လူများစွာ ရပ်နေကြသည်။ထိုသူများအားလုံးက နန်ကုန်းမိသားစု၏ အထက်ပိုင်း မိသားစု ဝင်များပင် ဖြစ်သည်။သူတို့ထဲမှ အများစုက နန်ကုန်းမိသားစုအကြီးအကဲများဖြစ်ကြပြီးတစ်ချို့က နန်ကုန်းမိသားစု၏ စီးပွားရေးကို စီမံခန့်ခွဲနေကြသူများဖြစ်သည်။


သူတို့ထဲမှ တစ်ချို့က စွမ်းအားကြီးမားလှပြီး သူတို့လက်အောက်၌ လူများစွာကို အုပ်ချုပ်ထားနိုင်သည်။သူတို့အားလုံးက မြူကောင်းကင်မြို့ထဲ၌ ကျော်ကြားသည့် လူများဖြစ်ကြသည်။


"သခင်လေး...သလင်းကျောက် တစ်သောင်းကို ပြင်ဆင်ပြီးပါပြီ...တည်နေရာရွှေ့ပြောင်းအစီအရင်ကို ဖွင့်ဖို့ အဆင့်သင့်ပါပဲ...ဒီအစီအရင်ကို သခင်လေးပဲ ဖွင့်ရမှာပါ...."


အဆင့်မြင့်အကြီးအကဲက နန်ကုန်းဝူချယ်ကို ကြည့်၍ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။သို့သော်လည်း သူ့၏ အပြုံးက အတင်း အားတင်း ပြုံးထားရသလို ဖြစ်နေသည်။


နန်ကုန်းဝူချယ်က မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ရှိ လူများအားလုံးကို အကဲခတ်လိုက်သည်။သူ့၏ စိတ်ထဲ၌လည်း ထူးဆန်းသည့် ခံစားချက်များကို ခံစားနေရသည်။


သို့သော်လည်းသူက ထိုအကြောင်းအများကြီး မစဉ်းစားတော့ပေ။အစီအရင်ကို အသက်သွင်းပြီးသည်နှင့် သူ့၏ အဖေပြန်လာပေလိမ့်မည်။သူ့အဖေပြန်လာသည်နှင့်ထိုသူများက သူ့ကို ဘာမှလုပ်ရဲလိမ့်မည်မဟုတ်ပေ။သူခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကိုမြှောက်လိုက်ရာ ဖျော့တော့သည့် မီးတောက်တစ်ခု ပေါ်လာလေသည်။


အားလုံးက သူ့လက်မှာပေါ်လာသောမီးတောက်ကို ကြည့်လိုက်ကြသည်။ထိုမီးတောက်က ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်အမျိုးအစား ငရဲဘုရင် ကိုးပါးမီးလျှံဖြစ်သည်။နန်ကုန်းဝူချယ်က ထိုမီးတောက်ကို အစီအရင်၏ အလယ်နေရာသို့ ပစ်လွှတ်လိုက်သည်။


အစီအရင်တစ်ခုလုံးကို သလင်းကျောက်များ၏ စွမ်းအားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ထ်ိုမီးတောက်ကို ပစ်လွှတ်လိုက်သည်နှင့် စွမ်းအားများကစတင် ဆူပွက်လာသလို ထင်ရသည်။ထိုဧရိယာတစ်ခုလုံး၏ အလင်းရောင်များ တောက်ပလာသလို အားလုံး၏ မျက်နာများကလည်း တောက်ပလာလေသည်။


ပတ်လည်ရှိ အားလုံး၏ ကြောက်မက်ဖွယ်အပြုံးပေါ် ထိုမီးအလင်းရောင်က ရောင်ပြန်ဟပ်နေသည်။


......


နန်ကုန်းမိသားစု၏ ခြံဝန်းထဲ၌..


နန်ကုန်းဝမ်က သူမ၏လှပသောခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပေါ်လွင်စေသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။


သူမ၏ ရှည်သွယ်လှသော ခြေထောက်လေးများကလည်း ကျောက်စိမ်းဖြူဖြင့် ထုဆစ်ထားသလို ဖြူဖွေးသန့်စင်နေသည်။ယခုအချိန်၌ သူမက အလွန်ချစ်စရာကောင်းနေလေသည်။


ရုတ်တရက် သူမအနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရင်ဘတ်ကို လက်နဲ့ ဖိလိုက်လေသည်။သူမ၏ နှလုံးသားက အပြင်းအထန်နာကျင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။


ကြည့်ရသည်မှာ ဆိုးရွားသည့်အရာများ ဖြစ်တော့မည်ထင်သည်။