အပိုင်း ၄၃၈
Viewers 53k

အခန်း ၄၃၈

မြူကောင်းကင်မြို့က ပြောင်းလဲတော့မယ်...


အကြောင်းအရင်းကို သေချာမသိသော်လည်း နန်ကုန်းဝမ်၏ စိတ်ထဲ၌ တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေမိသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးလည်း ကြက်သီးများဖုံးလွှမ်းနေသည်။ 


နန်ကုန်းမိသားစု၏ ခြံဝန်းက တိတ်ဆိတ်အေးချမ်း နေသည်။ မြူခိုးမြူငွေ့ လေးများက လေ၌မျောပါနေပြီးနောက် အဖက်ဖက်သို့ ကွဲထွက်သွားသည်။


အလွန်တရာ အေးချမ်းနေသော်လည်း နန်ကုန်းဝမ်၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေလေ၏။ မီးခိုးငွေ့များက များသထက်များပြားလာပြီးနောက် မြူထူထပ်သော မြူလွင်ပြင်လို ဖြစ်လာသည်။မြူငွေ့များက နန်ကုန်းမိသားစု ခြံတစ်ခြံလုံးကို ဖုံးအုပ်သွားသည်။ နန်ကုန်းဝမ်ကိုယ်တိုင်ပင် ထိုမြူများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ 


"ဘာတွေ ဖြစ်နေတာလဲ... ဘာတွေဖြစ်လာတော့မှာလဲ... ''


နန်ကုန်းဝမ်၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များ စီးဆင်းထွက်ပော်လာသည်။ နန်ကုန်းဝမ်က နတ်ဘုရားနယ်ပယ် အဆင့်တစ်ဝက်သို့ ရောက်ပြီဖြစ်သောကြောင့် သူမ၏ အစစ်အမှန်စွမ်းအင်များက သိပ်သည်းလှသည်။ သို့သော်လည်း သူမ မည်မျှပင် ကြိုးစားစေကာမူ ထိုမြူငွေ့များထဲမှ မထွက်နိုင်ပေ။


"ဒါ ရန်သူတွေတိုက်ခိုက်တာများ ဖြစ်နိုင်မလား... မဖြစ်နိုင်ဘူး... ဒါနန်ကုန်းမိသားစုရဲ့ ခြံဝင်းလေ...''


ဒီနေရာကို မြားပြားလှစွာသော ကျွမ်းကျင်ပညာရှင်များက ကာကွယ်ထားသည်။ ထို့ကြောင့် ရန်သူများက နန်ကုန်းမိသားစု၏ ခြံဝင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာဖို့ မဖြစ်နိုင်ပေ။ နန်ကုန်းဝမ် ပို၍ပို၍ပင် စိုးရိမ်လာသည်။ သူမက အစိမ်းရောင်ငရဲမီးတောက်ကို ထုတ်ယူလိုက်သည်။ မျက်နှာထားကလည်း အလွန်တင်းမာနေသည်။ 


"ဘယ်သူလဲ ထွက်လာစမ်း... နန်ကုန်းမိသားစုကိုတောင်မှ တိုက်ခိုက်ရဲတယ်ဆိုမှတော့ အပြင်မှာ ပုန်းမနေနဲ့တော့...''


နန်ကုန်းဝမ် သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲ အော်ဟစ်လိုက်မိသည်။ ပတ်ဝန်းကျင်ရှိမြူခိုးများက ပို၍ပင် ထူထပ်လာလေသည်။ နန်ကုန်းဝမ်၏ အော်သံကခြံဝင်းတစ်ခုလုံး ကိုပဲ့တင်ရိုက်ခတ်သွားသည်။ သို့သော်လည်း ခြံဝင်းတစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေသည်။ထိုတိတ်ဆိတ်မှုကပင်စိတ်မသက်သာရာရစေသည်။ 


"ဟားဟား...''


အရပ်လေးမျက်နှာဆီမှ ရယ်သံတစ်ခုပေါ်ထွက်လာလေသည်။ သို့သော်လည်း နန်ကုန်းဝမ် ထိုရယ်သံ၏ တည်နေရာကို မရှာဖွေနိုင်ပေ။ 


သူမ၏ ငရဲမီးတောက်က ပေါက်ကွဲသွားပြီး ခြံဝင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မီးတောက်က မီးဖိနစ်တစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးသို့ အလင်းများ ပျံ့နှံ့လာသည်။ သို့သော်လည်း သူမ၏ တိုက်ခိုက်မှုကို နံရံတစ်ခုက တားဆီးပိတ်ကာလိုက်သလိုပင် ထင်ရသည်။ 


သူမ၏ မီးတောက်က ထိုနံရံ၏ဖျက်ဆီးမှု ကိုခံလိုက်ရပြီး ကောင်းကင်တစ်ဝက်မျှကိုသာအလင်းပေးနိုင်ခဲ့သည်။ နန်ကုန်းဝမ်၏ နှလုံးသားက နစ်မြုပ်သွားပေသည်။ သူမ၏ တိုက်ခိုက်မှုက ထိုထူထဲလှသော မြူထုကို မထိုးဖောက်နိုင်ဘူးဟု သူမ မထင်ထားခဲ့ပေ။


ထိုခဏ၌ မြူထုထဲ၌ လူတစ်ယောက်၏ အရိပ်လွှင့်မျောနေသည်ကို မြင်လိုက်ရသည်။

 

နန်ကုန်းဝမ်က ထိုအရိပ်ကို စူးစိုက်ကြည့်နေလိုက်သည်။ မြူများ တဖြေးဖြေး ကျဲပါးသွားပြီးနောက် ထိုလူရိပ်က နန်ကုန်းဝမ် ရှေ့၌ ပေါ်လာသည်။ ထိုလူရိပ်ကို ကြည့်၍ နန်ကုန်းဝမ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ 


ဒုတိယအကြီးအကဲ... သူက ဘာလို့ဒီမှာရှိနေတာလဲ... 

သူက အဖေနဲ့ တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်ကို သွားတယ်မဟုတ်ဘူးလား... သူဒီမှာ ဘာလုပ်နေတာလဲ...


ဒုတိယအကြီးအကဲ နန်ကုန်းရွှမ်ယင်က အထွတ်အထိပ် အခက်အခဲ အတားအဆီးကို ချိုးဖောက်နိုင်သူ ဖြစ်သည်။  


ဒုတိယအကြီးအကဲက အဖေနဲ့မလိုက်သွားတာလား... 

အမှန်တကယ်ဆိုရင် ဒီနေ့က သူတို့နှစ်ယောက်လုံး ပြန်လာရမယ့်နေ့မဟုတ်ဘူးလား... 

ဒါလုံးဝ အဓိပ္ပါယ်မရှိဘူး...


အရာအားလုံးက အစီအစဉ်မကျ ရှုပ်ထွေးနေပေသည်။ နန်ကုန်းဝမ် သူမခေါင်းသေးသေးလေးဖြင့် မစဉ်းစားနိုင်တော့ပေ။ ဒုတိယအကြီးအကဲက နန်ကုန်းဝမ်ကို ခပ်ပြုံးပြုံးဖြင့်ကြည့်လိုက်ရင်း သူ့၏အကြံအစည် တစ်ချို့ကိုဖွင့်ဟလာလေသည်။ 


"ကလေးမလေးဝမ် ဘာလို့ အဖိုးရွှမ်ယင်ရဲ့ နောက်ကို မလိုက်ခဲ့တာလဲ... 

အဘိုးက မင်းကို နေရာကောင်းလေး တစ်ခုကိုခေါ်သွားပေးမယ်... ဘယ်လိုအန္တရာယ်မျိုးမှ ကျရောက်လာမှာ မဟုတ်ဘူး...''


နန်ကုန်းရွှမ်ယင်၏ အသံက ညင်သာပျော့ပျောင်းမှုများဖြင့် ပြည့်နက်နေ၏။ သူ့၏မျက်ဝန်း အကြည့်များကလည်း အလွန်နွေးထွေးနေပေသည်။ နန်ကုန်းဝမ် ချက်ချင်း တွေးတောလိုက်မိသည်။ ဖြစ်ပျက်နေသည့်အရာ များကလည်း ထူဆန်းနေပေ၏။ 


"ဘာကြောင့် ဒုတိယအကြီးအကဲက သူမကို တခြားနေရာကို ခေါ်သွားဖို့ လိုတာလဲ...


သူမက အရူးတစ်ယောက် မဟုတ်ပေ။ ဖြစ်နေသည့်အရာများကို သူမ ဆက်စပ်မတွေးမိသေးခင်တောင်မှ သူမအကြီးအကဲနောက်သို့ လိုက်သွားလျှင် ထောက်ချောက်မိလိမ့်မည် ဆိုသည်ကိုတော့ သူမ သိပေသည်။ 


အကြီးအကဲ၏ အသံက ညင်သာပျော့ပျောင်းပြီးနွေးထွေးနေသော်လည်း သူမကျောရိုး တစ်လျောက်စိမ့်တက်သွားသည်ကို ခံစားလိုက်မိသည်။ သူမ၏ နှလုံးသားကလည်း အေးစက်သွားလေသည်။ 


"လာ... အဖိုးရွှမ်ယင်နောက် လိုက်ခဲ့...''


ဒုတိယအကြီးအကဲက အပြုံးလေးဖြင့် ဆက်ပြောလိုက်ပြီး နန်ကုန်းဝမ်ဆီသို့ လက်ကမ်းပေးလိုက်သည်။ 


"မလိုက္ဘူး...''


နန်ကုန်းဝမ်၏ မျက်လုံးလေးများက တောက်ပသွားပြီး အစိမ်းရောင် ငရဲမီးတောက်က သူမတစ်ကိုယ်လုံးကို ဖုံးကာသွားသည်။ သူမ၏ ခြေထောက်အောက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဧရိယာတစ်ခွင်လုံး လေကြမ်းများ တိုက်ခတ်လာလေသည်။ နန်ကုန်းဝမ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ချာကနဲလှည့်ထွက်လိုက်သည်။ ခြံဝင်းအပြင်သို့ ပြေးထွက်ရန် အဆင်သင့်ဖြစ်နေပေပြီ။ သူမဒီနေရာမှ လွတ်မြောက်ရန် လိုအပ်ပေသည်။ 


ဒုတိယအကြီးအကဲ၏ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားလေသည်။ 


"ဘာလို့ငါ့စကားကို နားမထောင်ရတာလဲ... 

နင့်ရဲ့စိတ်ထားက နင်အဖေရဲ့စိတ်ထားနဲ့ အတူတူပဲ...

ဒီလို စိတ်ထားမျိုးနဲ့ဆို ဘယ်တော့မှ မျက်နှာကောင်းရမှာမဟုတ်ဘူး ...''


နန်ကုန်းရွှမ်ယင်၏အသံက အလွန်အေးစက်ပြီး မာကြောနေပေသည်။ သူ့၏မြင်ကွင်းမှ ပျောက်ကွယ်ရန် ကြိုးစားနေသော အလင်းတန်းကိုကြည့်၍ သူ့၏လက်ကို ပင့်မြောက်လိုက်သည်။ လျပ်တစ်ပြက် အတွင်းမှာပင် သူ့၏ နောက်ကျောဘက်၌ ချိန်းကြိုးတစ်စုံ ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ ဖိအားများကလည်း နန်ကုန်းဝမ် အပေါ် ကျဆင်းလာသောကြောင့် သူမ မျက်လုံးများပင် ပြူးသွားသည်။ 


အတားအဆီး နှစ်ခုကို ချိုးဖောက်ပြီးသောသူ ထုတ်လွှင့်သည့် ကောင်းကင် ကမ္ဘာမြေဖိအားက သူမလို နတ်ဘုရား နယ်ပယ် တစ်ပိုင်းအဆင့်ယှဉ်နိုင်သည့် အစွမ်းမဟုတ်ပေ။ သူတို့နှစ်ယောက် ကြားထဲရှိ စွမ်းအင်ကွာခြားချက်က အလွန် ကြီးမားလွန်းလှပေသည်။ 


 ထိုဖိအားများ အောက်၌ သူမ မည်သည့်အရာကိုမှ လုပ်နိုင်ခြင်းမရှိတော့ပေ။ သူမ၏ မျက်ဝန်းထဲ၌ မလိုလားခြင်းများ ပြည့်နက်နေ၏။ ထိုဖြစ်ပျက်လာသော အဖြစ်အပျက်များ ကြားထဲ၌ သူမလုံးဝ ပါဝင် လိုခြင်း မရှိပေ။ 


.....


သိပ်သည်းလှသော မီးလျှံဖြူများကဧရိယာ တစ်ခုလုံး ဖုံးလွှမ်းသွားပြီးနောက် အစီအရင်မှ အစစ်အမှန်ယွမ် များကို ထိုးဖောက် လောင်ကျွမ်း သွားလေသည်။ တည်နေရာ ရွှေ့ပြောင်း အစီအရင် ပွင့်သွားသည်နှင့် အဆောက်အဦး တစ်ခုလုံး စတင်လှုပ်ခါလာလေသည်။ 


ငရဲဘုရင် ကိုးပါးမီးလျှံကို ထိန်းချုပ်ထားသော နန်ကုန်းဝူချယ်ကတည်ငြိမ်စွာဖြင့် ကြည့်နေသည်။ 


အဆင့်မြင့်အကြီးအကဲက နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို စူးစိုက်ကြည့်နေသည်။ သူ့၏ နှုတ်ခမ်းဖျား၌လည်း အပြုံးတစ်ခုကို ချိတ်ဆွဲထားလေ၏။ 


အလင်းတန်းများ တောက်ပလာပြီး အစီအရင်က ဖွင့်လှစ်သွားပေသည်။ ထိုအလင်းတန်းများက ကောင်းကင်သို့ထိုးတက်သွားပြီး တိမ်များကိုပင်ဖြတ်သန်းသွားလေသည်။ 


မြူကောင်းကင်မြို့က လျင်မြန်သော ပြောင်းလဲမှုများကို ကြုံတွေ့လိုက်ရသည်။ ကြည်လင်နေသော ကောင်းကင်က ရုတ်တရက် မှောင်မဲသွားလေ၏။ မိသားစုထဲမှ အကြီးအကဲ များ အားလုံးက ကောင်းကင်ယံ ထက်ဆီသို့ မော့ကြည့်လိုက်ကြသည်။ မြူကောင်းကင်မြို့ထဲမှ ပညာရှင်များ အားလုံးကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့က စွမ်းအင်လှိုင်းများ ရိုက်ခတ်လာသည့်တည်နေရာကို ကြည့်နေကြခြင်း ဖြစ်သည်။ 


"နန်ကုန်းမိသားစုက နောက်ထပ် တည်နေရာ ရွှေ့ပြောင်း အစီအရင်တစ်ခုကို ဖွင့်လှစ်လိုက်တာလား...

 ဒါမှ မဟုတ် လျှို့ဝှက်နယ်မြေက လူတွေ ပြန်လာတာ ဖြစ်နိုင်လား ... လျှို့ဝှက် နယ်မြေအတွက် တည်နေရာလုခြင်း အစီအစဉ်ကလည်း မကြာခင်စတော့မယ်...''


မြူကောင်းကင် တစ်မြို့လုံး တီးတိုးပြောဆိုသံများဖြင့် ဆူညံသွားလေသည်။ နန်ကုန်းဝူချယ်က အစီအရင်ကို စိုက်ကြည့်နေတုန်းပင်ဖြစ်သည်။ အလင်းတန်းများ ကုန်လုနီးအချိန်၌ ထိုအစီအရင်ထဲ ပုံရိပ်တစ်ခု လွင့်မျောလာလေသည်။ အစီအရင်မှ သိပ်သည်းလှသော လှိုင်းများ စတင်လည်ပတ်လာသည်။ 


နန်ကုန်းဝူချယ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု စတင်ခံစားလိုက်ရသည်။ သူက အရူးတစ်ယောက်ကဲ့သို့ ပြုမူတက်သော်လည်း တကယ်တန်း ရူးနေခြင်း မဟုတ်ပေ။ 


တစ္ဆေ တစ်ကောင်ကဲ့သို့ ရယ်မောနေသော ရယ်သံဖျော့ဖျော့ကိုလည်း သူကြားနေရသည်။ အဖြူရောင် အလင်းတန်းများက နန်ကုန်းမိသားစုအပေါ်၌ ဖုံးလွှမ်းသွားပြီ ဧရိယာတစ်ခွင်လုံး၌လည်း ရယ်သံများ ဖုံးလွှမ်းသွားလေသည်။ ဒီနေရာ၌ တကယ့်ကို ထူးဆန်းတာ တစ်ခုခုဖြစ်နေပေသည်။ 


"ဘုန်း...''


ခဏအတွင်းမှာပင် ကောင်းကင် ကမ္ဘာမြေကြီး၏ ဖိအားများကျဆင်းလာပေသည်။ ထိုဖိအားများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူ့၏ ကျောပေါ် တောင်တစ်တောင် ဖိထားသလိုမျိူး နန်ကုန်းဝူချယ် ခံစားလိုက်ရပေသည်။ 


"ဘာတွေ ဖြစ်နေတာလဲ... အတားအဆီးနှစ်ခုကိုချိုးဖြတ်ထားတဲ့ ပညာရှင် လာတိုက်ခိုက်တာလား...''


နန်ကုန်းဝူချယ် ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။ နန်ကုန်းရွှမ်ဟယ်က သူ့ကို ပြုံး၍ကြည့်နေသည်။ သို့သော် ထိုအပြုံးက မုန်းတီးမှုများဖြင့် ပြည့်နေသည်။ နန်ကုန်းဝူချယ်က သူ၏ အစစ်အမှန်စွမ်းအင်များကို မြင့်တင်ရန် ကြိုးစားလိုက်လေ၏။ သို့သော်လည်း ဖိအားများက နန်ကုန်းဝူချယ်ကို ဖိနှိပ်ထားပေသည်။ 


"အဆင့်မြင့် အကြီးအကဲ ဒါဘာလုပ်တာလဲ...''

နန်ကုန်းဝူချယ်က အော်ဟစ်လိုက်သည်။ 


"ဝူချယ်... ငါသတင်းဆိုးတစ်ခု မင်းကိုပြောဖို့ မေ့နေတယ် ထင်တယ်... မင်းရဲ့အဖေ နန်ကုန်းဝမ့်ထျန်းက လျှို့ဝှက်နယ်ပယ်ထဲမှာ သူ့ရဲ့သေမင်းနဲ့ တွေ့ဆုံသွားပြီ... 


အဆင့်မြင့်အကြီးအကဲက အလွန်တရာ ဝမ်းနည်းပူဆွေးဟန်ဖြင့် သက်ပြင်းချလိုက်သည်။ နန်ကုန်းဝူချယ် မိုက်ကနဲ ဖြစ်သွားသည်။ ထိုအဆင့်မြင့်အကြီးအကဲ ပြောသော စကားများကို သူနားမလည်နိုင်ပေ။ 


"အဖေက လျှို့ဝှက်နယ်ပယ်ထဲမှာ ကျဆုံးသွားပြီ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ''


အဖေက အတားအဆီးသုံးခုကို ချိုးဖောက်ပြီးသည့် မသေမျိုး ခန္ဓာအဆင့်ဖြစ်သည်။ သူ့အဖေ လျှို့ဝှက်နယ်ပယ်ထဲမှာ သေဆုံးသွားသည် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ဟယ်ရဲ့ စကားများကို မယုံကြည်နိုင်ပဲ အစီအရင်ရှိရာ ဆီသို့ လှည့်ကြည့်လိုက်သည်။ အစီအရရင်မှပြိုကွဲလာသော အလင်းတန်းများကို သူ့ခန္ဓာကိုယ် ဖြင့်စုပ်ယူလိုက်သည်။


သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။


"ဘာမှမရှိဘူး... အဲ့ဒီ့မှာ ဘာမှမရှိဘူး... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...''


တည်နေရာရွှေ့ပြောင်း အစီအရင်၌ ရပ်နေမည့် သူ့အဖေ၏ ပုံရိပ်ကို သူမရှာနိုင်ပေ။ သို့သော်လည်း အစီအရင်ထဲ၌ရပ်နေသည့်တခြား တစ်ယောက်ကိုသာ သူတွေ့လိုက်ရသည်။ နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို စိတ်ပျက်စွာဖြင့် ကြည့်နေပြီး သူ့၏မျက်နှာပေါ်၌လည်း မချေငံသော အပြုံးတစ်ခုလဲ ချိတ်ဆွဲထားလေသည်။ 


"အစ်ကိုကြီး ငါတို့စသင့်လား..."


တတိယညီလေး ဒါတွေအားလုံးက မင်းပြန်ပို့ပေးတဲ့ သတင်း အချက်အလက်တွေ ကြောင့်ကို မင်းကိုကျေးဇူးတင်တယ်... ဒုတိယညီလေးရော ကလေးမလေးကို သွားဖမ်းပြီလား... ''


နန်ကုန်းရွှမ်ဟယ်က အစီအရင်ထဲမှလူကို ကြည့်လိုက်သည်။ 


"ဒါပေါ့ ဒုတိယ အစ်ကို ကိုယ်တိုင် သွားဖမ်းမှတော့ သူမထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး... ''


တတိယညီ နန်ကုန်းရွှမ်ဟယ်က ရယ်မောလိုက်သည်။ 


"နန်ကုန်းဝမ့်ထျန်း လျှို့ဝှက်နယ်ပယ်ထဲမှ ကျဆုံးသွားပြီ ဆိုတော့...

 နန်ကုန်းမိသားစုထဲမှာ ငါတို့ ညီအစ်ကိုသုံးယောက် တောက်ပရမယ့်အချိန် ရောက်လာပြီ...''


ဒီကောင်စုတ်လေးနဲ့ ကလေးမလေးကို ထိန်းချုပ်နိုင်ပြီ ဆိုတာနဲ့ ဘယ်သူမှ ငါတို့ကို မတားဆီးနိုင်တော့ဘူး...

ဟားးဟားး... နန်ကုန်းရွှမ်ဟယ်က အားရပါးရရယ်မောလိုက်၏။ 


နန်ကုန်းဝူချယ်က အချင်းချင်း စကားပြောနေကြသော အကြီးအကဲနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ နန်ကုန်းမိသားစုက ကြီးကြီးမားမား အပြောင်းအလဲကို တွေ့ကြုံလိုက်ရပေပြီ။ 


"ခများတို့ နန်ကုန်းဝမ်ရဲ့ ခေါင်းပေါ်က ဆံပင်တစ်မွှေးလောက်ကို ထိရဲတာနဲ့ ကျုပ် ခများတို့ကို သတ်ပစ်မယ်...'' 


နန်ကုန်းဝူချယ်က သူ့ကိုယ်သူ အားတင်းပြီး ထရပ်လိုက်ပြီးနောက် ဖိအားများအောက်မှာပင် ထိုသူတွေကို အော်ပြောလိုက်သည်။ အဆင့်မြင့်အကြီးအကဲက သူကိုအေးဆေးစွာလှမ်းကြည့်လိုက်သည်။


"ငါတို့က ဝမ်အငယ်လေးကို ဘယ်လိုလုပ်ပြီး အန္တရာယ်ပြုမှာလဲ...

နောက် ရက်အနည်းငယ် ကျရင် ကောင်းကင် ဆေးမြို့တော်ထဲက မုမိသားစုရဲ့ အမွေဆက်ခံသူ မုချန်ဖုန်က လက်ထပ်ဖို့ လာလိမ့်မယ်... 

ဝမ်အငယ်လေးက သူ့ကို လက်ထပ်ရလိမ့်မယ်...''


"မုချန်ဖုန် ...''


နန်ကုန်းဝူချယ်၏ မျက်ဝန်းများကဒေါသဖြစ်၍နီရဲသွားသည်။


"ခများ...ဘယ်လိုတောင်လုပ်ရဲတာလဲ...

အဲ့ဒီ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲလို့ခေါ်တဲ့ မုချန်ဖုန်နဲ့ ငါ့ညီမနဲ့ မထိုက်တန်ဘူး...

ခများ အဲ့လိုသာလုပ်ရဲရင် ခများကို ကျုပ်သတ်ပစ်မယ်...''


နန်ကုန်းဝူချယ်၏ ဟစ်ကြွေးသံ အဆောက်အဦး တစ်ခုလုံးသို့ ပဲ့တင်သံရိုက်ခက်သွားသည်။


သို့သော် သူရယ်သံများသာ ပြန်လည်ရရှိလိုက်သည်။ ထို့နောက် နန်ကုန်းရွှမ်ဟယ်က အေးစက်စွာပင် ပြောလိုက်သည်။


"ငါကမင်းရဲ့ ငရဲဘုရင်ကိုးပါး မီးလျှံကို မျက်စိကျ နေခဲ့တာကြာခဲ့ပြီ...

စိတ်မပူပါနဲ့ ငါမင်းခန္ဓာကိုယ် ထဲကနေ ဖြည်းဖြည်းချင်းထုတ်ယူမှာပါ...''


နန်ကုန်းရွှမ်ဟယ်ရဲ့ ခန္ဓာကိုယ်က သူရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားပြီးကျယ်လောင်သော ပေါက်ကွဲသံများကိုကြားလိုက်ရသည်။ နန်ကုန်းဝူချယ်က သူ့၏ မီးလျှံ ကိုထုတ်ယူလိုက်ပြီး ခန္ဓာကိုယ်ကိုကာကွယ်လိုက်သည်။


 သူဘာကိုမှ မတွေးနိုင်သေးခင်မှာပင် အစစ်အမှန် စွမ်းအင်များ ပြည့်နက်နေသည့် လက်သီးချက်က သူ့မျက်နှာပေါ် ကျရောက်လာလေသည်။ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပဲ နောက်သို့ လွင့်ထွက်သွားလေသည်။  


"ထန်...'' 


နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ ရိုက်ချလိုက်၏။ နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်မှ အားအင်များ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူလုံးဝ ဖိနှိပ်ခံထားရ သော်လည်း သူ၏မျက်လုံးများက မုန်းတီးမှုများဖြင့် တောက်လောင် နေလေသည်။ 


.....


တိမ်ခိုးစားသောက်ဆိုင်.... 


ဆိုင်ထဲမှ စားသုံးသူများ ကုန်စင်သွားပြီးနောက် ပုဖန် ဆိုင်တံခါးကိုပိတ်လိုက်သည်။ အသံ ကျယ်ကျယ်မြည်သံနှင့်အတူ သံတံခါးကြီးက စေ့စေ့ပိတ် သွားလေ၏။ 


ယန်မိန်ကျီက ဒုတိယထပ်မှနေ၍ ပုဖန်ကို ငုံ့ကြည့်နေသည်။ သူမ၏ မျက်နှာ၌လည်း မယုံကြည်နိုင်မှုများ ပြည့်နက်နေလေ၏။ စားသောက်ဆိုင်က များစွာပြောင်းလဲ သွားသောကြောင့် သူမနေသားမကျပဲဖြစ်နေမိသည်။


 သို့သော်လည်း ပုဖန်က စားသောက်ဆိုင်၏ ရှင်သန်မှုကို ပြန်လည်ယူဆောင်လာသည် ဆိုသည်ကိုတော့ သံသယရှိစရာမလိုပေ။ ထို့ကြောင့်ပင် သူမ ပုဖန်ကိုအလွန်လေးစားနေမိသည်။ သူမကပုဖန်ကို တစ်စုံတစ်ခုပြောရန်ပါးစပ်ဟ လိုက်သည်။ သို့သော်လည်းသူမ၏အာရုံက အဝတ်ထဲ၌ ထည့်ထားသောကျောက်စိမ်းပြားလေး ဆီသို့ ရောက်သွားလေသည်။ 


သူမက ကွယ်ဝှက်ခြင်းမရှိပဲ ပုဖန်ရှေ့မှာတင် ကျောက်စိမ်း အဆောင်ပြားကိုအသက်သွင်းလိုက်သည်။ 


ကျောက်စိမ်း အဆောင်ပြားထက်၌ ပုံရိပ်တစ်ခုမျောလွင့်လာသည်။ ထိုပုံရိပ်က တစ်ခေါင်းလုံးစွတ်စွတ်ဖြူနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့၏ မျက်ဝန်းများက သမုဒ္ဒရာ ကဲ့သို့ နက်ရှိုင်းနေပေသည်။ အဘိုးအိုက ပုဖန်ကိုလုံးဝ လျစ်လျူရှူ့ထားပြီး ယန်မိန်ကျီကို စကားတစ်ခွန်း ပြောလိုက်သည်။


"ကလေးမ ဆေးအဆောက်အဦးကို အမြန်ပြန်ခဲ့တော့...

မြူကောင်းကင်မြို့က ပြောင်းလဲတော့မယ်...''

                   ...............................