အပိုင်း ၄၃၉
Viewers 53k

အခန်း ၄၃၉

ဘော်ဒါပု...မင်းကိုထပ်တွေ့ရတဲ့အတွက် ငါအရမ်းပျော်တယ်


"ပြောင်းလဲမယ် ...ပြောင်းလဲမယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ..."


ယန်မိန်ကျီက အံ့သြသွားပြီး ကျောက်စိမ်းအဆောင်ပြားမှ ထွက်ပေါ်နေသော ပုံရိပ်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ထိုပုံရိပ်က ဆေးအဆောက်အဦး၏ တိမ်သုံးစ အဂ္ဂိရတ်ပညာရှင် မဟာသခင် ရွှမ်ပေဖြစ်သည်။


ယခုအချိန်၌ မဟာသခင်ရွှမ်ပေက တော်တော်လေးစိတ်လှုပ်ရှားနေပုံပေါ်သည်။သူက ယန်မိန်ကျီကို ရှင်းမပြတော့ပဲ အေးစက်စွာပြောလိုက်သည်။


"လျှောက်မမေးနေပဲနဲ့ မြန်မြန်ပြန်လာခဲ့...တ်ိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်က အချိန်တိုအတွင်းမှာပဲ ပွင့်တော့မယ်...ဒီတစ်ကြိမ်တော့ ငါနင့်ကို ငါနဲ့ အတူခေါ်သွားမယ် ...အဲ့ဒီအတွက် နင်ပြင်ဆင်ထားရမယ်..."


သခင်ရွှမ်ပေက ထိုစကားကို ပြောပြီးသည်နှင့် သူ့ရဲ့ပုံရိပ်က တဖျက်ဖျက်လှုပ်ခါလာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။


ယန်မိန်ကျီလဲ ရွေးချယ်စရာမရှိတော့ပဲ ပုဖန်ကိုသာ တောင်းပန်စကားပြောလိုက်သည်။


"ငါက ဆိုင်ကို ကူညီဖို့ ရည်ရွယ်ပြီး ပြန်လာခဲ့တာ...ဒါပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူး...အဲ့ဒီပုံရိပ်က ငါရိုသေးလေးစားရတဲ့ဆရာပဲ...."


ယန်မိန်ကျီက အပြုံးလေးဖြင့် ပုဖန်ကို ရှင်းပြလိုက်သည်။


ပုဖန်က ခေါင်းညိတ်ပြလိုက်သည်။ထိုအဖိုးအိုက စိတ်ဝိညာဉ်အဆောင်ပြားမှ ပေါ်ထွက်နေသည့် ပုံရိပ်တစ်ခုသာဖြစ်သော်လည်း အလွန်စွမ်းအားကောင်းမွန်ကြောင်း သတိပြုမိပေသည်။


ထိုအဖိုးအို၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ကောင်းသော အော်ရာများကိုပင် သူခံစားမိလေသည်။ပုဖန် တွေ့ဘူးခဲ့သမျှ လူထဲ၌ ထိုအဖိုးအို၏ စွမ်းအားက အကောင်းဆုံးဟုပင် ပြောနိုင်ပေသည်။


"ငါ့ဆရာက အတားအဆီးသုံးခုကို ချိုးဖျက်ပြီးတဲ့ အဆင့်မြင့်ပညာရှင်ပဲ ...သူက တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်လည်း ဖြစ်တော့ မြူကောင်းကင်ထဲမှာ သူ့အဆင့်တန်းက အလွန်မြင့်တယ်....."


ယန်မိန်ကျီက ပုဖန်ကို တောင်းပန်စကားပြောပြီးနောက် ပျော်ရွှင်စွာဖြင့် ထပ်ပြောလိုက်သည်။


"ငါအခု ဆေးအဆောက်အဦးကို ပြန်တော့မယ်....အိုး ဟုတ်သားပဲ ငါ့ဆရာက မြူကောင်းကင်မြို့တော်မှာ ပြောင်းလဲမှု ဖြစ်တော့မယ်လို့ ပြောခဲ့တယ်...ဒါဆိုရင်တော့ ကိစ္စရပ်ကြီးကြီးမားမားတွေ ဖြစ်မှာ အသေအချာပဲ နင်ဂရုစိုက်သင့်တယ်....."


ပုဖန်က ခေါင်းညိတ်ပြလိုက်ပြီး ပျင်းရိစွာဖြင့် သန်းဝေလိုက်သည်။ထို့နောက် မီးဖိုချောင်ဘက်ဆီသို့ ဝင်သွားလိုက်ပြီး သူ့၏ လေ့ကျင့်ခန်းများကို ပြုလုပ်လိုက်သည်။


ယန်မိန်ကျီလည်း မတက်နိုင်စွာ အသာအယာ ရယ်မောလိုက်သည်။ထို့နောက် သူ စားသောက်ဆိုင်မှ ထွက်ခွာပြီး ဆေးအဆောက်အဦးဆီသို့ ပြန်သွားလေသည်။


အစောပိုင်းအချိန်က နန်ကုန်းဝူချယ်ပြောခဲ့သော စကားကိုလည်း ရှင်းရှင်းလင်းလင်းပင် မှတ်မိနေသောကြောင့် အနည်းငယ် စိတ်ပူမှုလည်း ဖြစ်နေသည်။


(မင်း အဆင့် ၂ တိမ်နှစ်စ ပညာရှင် ဖြစ်လာပြီဆိုရင် ငါတို့ရဲ့ အဂ္ဂိရတ်ပညာကို ယှဉ်ကြတာပေါ့)

 "အိုး...တကယ်ပဲ စိတ်လှုပ်ရှားလိုက်တာ....."


ယန်မိန်ကျီက ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူ စိတ်လှုပ်ရှား ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ထို့နောက် လက်နှစ်ဖက်ဖြင့် သူ့၏ မျက်နာကိုကာလိုက်ပြီး အရှေ့သို့ အလျှင်အမြန်ပြေးသွားလိုက်သည်။


လမ်းပေါ်မှာရှိနေကြသော သူများက သူမ၏ အမူအရာကို တွေ့သောအခါ ကြက်သီးမွှေးညှင်းများထသွားကြသည်။သူတို့ ဘေးသို့ကပ်ရပ်လိုက်ပြီး တွေးလိုက်မိသည်။


"ဒီလူက ရူးနေတာလား...."


.....


မြူကောင်းကင်မြို့၏ တည်နေရာရွှေ့ပြောင်း အစီအရင်အတွင်း အလင်းရောင်လေးများက တဖျက်ဖျက်တောက်ပနေသည်။အချိန်ကုန်လာသည်နှင့်အမျှ အလင်းများက ပိုမိုသိပ်သည်းလာ၏။ထ်ိုတည်နေရာရွှေ့ပြောင်းအစီအရင်ထဲမှ လူစိမ်းများစွာ လျှောက်ထွက်လာလေသည်။


ထိုလူများက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်ဟုထင်ရသော အလွန်အားကောင်းသည့် အော်ရာများကို ထုတ်လွင့်နေသည်။သူတို့၏ အကြည့်များကလည်း ရေခဲတမျှအေးစက်နေပြီး တစ်ချက်တစ်ချက် လျှပ်စီးတန်းအနည်းငယ်ပင် တောက်ပနေသည်ဟု ထင်ရသည်။


"ဒါက ဆေးနန်းတော်ရဲ့ မြူကောင်းကင်မြို့လား...ဒီနေရာမှာ လျှို့ဝှက်နယ်ပယ် တည်နေရာရွှေ့ပြောင်း မှော်အစီအရင်ရှိနေတယ်ဆိုတော့ ဒီမြို့က တော်တော်ကံကောင်းတာပဲ...."


အလွန်ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို ထုတ်လွင့်နေသည့် ထိုလူများ၏ ခေါင်းဆောင်က ပြောလိုက်သည်။ထိုလူက အဖြူနှင့်အပြာ အရောင်နှစ်မျိုးပါဝင်နေသော အလွန်တင့်တယ်လှသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။သူ့၏နဖူး၌လည်း အဖြူရောင်နဖူးစည်းတစ်ခုကို စည်းထားသည်။


"ငါ့ရဲ့ လေမိုးကြိုးမျှော်စင်က ဒီရောက်လာပြီဆိုမှတော့ ဒီလျှို့ဝှက်နယ်ပယ်အတွက် ဝေစုတစ်ခုကို ငါတို့ ရရလိမ့်မယ်...."


ထိုလူက နှုတ်ခမ်းတစ်ဖက်တွန့်ကွေး၍ ကောက်ကျစ်စွာ ပြုံးလိုက်သည်။လေမိုးကြိုးမျှော်စင်က နဂါးမြို့ဟောင်းတိုက်ကြီးထဲမှ ပထမတန်းစားဂိုဏ်းကြီးတစ်ခုပင်ဖြစ်သည်။ထိုဂိုဏ်းက ဆေးနန်းတော်နှင့် မဟာဂိုဏ်းတို့ထက် အားမနည်းပေ။


ထို့နောက် သူတို့ မြို့ဆီသို့ ဦးတည်လျောက်သွားလိုက်ကြသည်။


ခဏကြာပြီးနောက် တည်နေရာရွှေ့ပြောင်းအစီအရင်မှ အလင်းရောင်များ လှုပ်ခတ်လာပြန်သည်။ထိုအစီအရင်မှ ထွက်ပေါ်လာသော ပေါက်ကွဲအားများက အနားရှိ လူများအားလုံးကိုပင် ရင်တထိတ်ထိတ်ဖြစ်သွားစေသည်။ထို့နောက် အစီအရင်ထဲမှ လူတစ်စု ထွက်လာသည်။


ထိုသူများက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြပြီး အမှောင်ထု ဖုံးလွှမ်းထားခြင်းခံရသလိုပင် ထင်ရသည်။သူ့တို့၏ မျက်နာအမူအရာများက ဝေဝါးနေပြီး ရှင်းရှင်းလင်းလင်းမမြင်ရပေ။သူတို့၏ နောက်ကျော၌ ကြီးမားခိုင်ခံ့လှသော သေတ္တာကို လွယ်ပိုးထားသည်။


ထိုသေတ္တာပေါ်၌ နက်ရှိုင်းလှသော အစင်းကြောင်းများနှင့် အစီအရင်တစ်ခုကို ရေးဆွဲထားပြီး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွင့်နေသည်။


ဆွစ် ....


သူတို့က စကားတစ်ခွန်းမှပင်မပြောကြပေ။သူတို့၏ မျက်နာစီမှ အနီရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။အမှန်တကယ်တမ်းတွင် ထိုအလင်းတန်းများက သူတို့၏ မျက်လုံးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။


သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မှောင်မိုက်လှသည့် အော်ရာများကလည်း ထိုအစီအရင်နားရှိနေသည့် မည်သူ့ကိုမဆို အသက်ရှုရခက်ခဲနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။


ရုပ်သေးဂိုဏ်း၏ ပညာရှင်များ ရောက်လာခဲ့လေပြီ။


ထိုရုပ်သေးဂိုဏ်းမှ ပညာရှင်များက မှောင်မဲလှသော အော်ရာများကို ထုတ်လွင့်ရင်း အရှေ့ဆီသို့ လျှောက်လှမ်းသွားသည်။သူတို့၏ အနီရောင်မျက်ဝန်းများကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေသည်။ထို့နောက် သူတို့ ဆေးအဆောက်အဦးကို မြင် လိုက်သောအခါ၌ အက်ရှသောအသံနှင့် ခပ်တိုးတိုးရယ်လိုက်ကြသည်။


သူတို့၏ ရယ်သံကပင် လူတစ်ယောက်ကို ကြောက်ရွံ့ပြီး ဆံပင်မွှေးများပင် ထောင်ထသွားစေဖို့ လုံလောက်နေပေပြီ။


ထိုရုပ်သေးဂိုဏ်းမှ လူများ ထွက်ခွာသွားပြီးနောက် တည်နေရာရွှေ့ပြောင်းအစီအရင်က နောက်တစ်ကြိမ် အလင်းများ ရိုက်ခတ်လာပြီး လူစုတစ်စုထွက်ပေါ်လာပြန်သည်။


ထိုလူစုက အလွန်ပင် ကြံ့ခိုင်တောင့်တင်းသန်မာလှသော ခန္ဓာကိုယ်အချိုးအစားရှိပြီး စွမ်းအားပြည့်လှသည့် အော်ရာများကို ထုတ်လွင့်နေသည်။


မဟာဂိုဏ်းမှ ပညာရှင်များလည်း ရောက်ရှိလာလေပြီ။


သူတို့အဖွဲ့ကိုဦးဆောင်လာသည့်သူက ကြီးမားလှသော ကျောက်ဓားတစ်လက်ကို လွယ်ပိုးထားသည်။ထ်ိုဓားက ထက်မြေ့လှသော အသွားများမရှိသော်လည်း သူ့ဆီမှ ပြန့်လွင့်နေသော ကြောက်စရာကောင်းလှသည့် အော်ရာများကို ခံစားမိနေတုန်းပင်ဖြစ်သည်။ထိုဓားက အရာရာအားလုံးကို ပိုင်းဖြတ်နိုင်သည်ဟုပင် ခံစားမိသည်။


....


လင်းမိသားစုနှင့် ကျန်းမိသားစုမှ ပညာရှင်များက မြူကောင်းကင်မြို့ အဝင်၌ ရပ်နေကြသည်။ထိုခဏ၌ မြို့အဝင်ဝဆီသို့ အလျှင်စလိုလာနေကြသော လူတစ်စုကို တွေ့လိုက်ပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။


ထ်ိုသူများအားလုံးက ပထမတန်းဂိုဏ်းကြီးများမှ ဖြစ်သည်။သူတို့အားလုံးက သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ ထိပ်တန်းပါရမီရှင်များမဟုတ်သော်လည်း ထင်ရှားသော အဆင့်တန်းများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။


လင်းမိသားစုမှ သူများက ထိုလေမိုးကြိုးဂိုဏ်းမှ သူများကို နွေးထွေးလှိုက်လှဲစွာ ရိုသေလေးစားစွာဖြင့် ကြိုလိုက်သည်။သူတို့ ထိုဂိုဏ်း၏ ဂုဏ်သတင်းကိုလည်း ဒီကုန်းမြေတိုက်ကြီးတစ်ခွင် လူသိများလှသည်။


ထိုလူများကို ဦးဆောင်လာသည့်သူက လေမိုးကြိုးမျှော်စင်မှ ပါရမီရှင်ဖြစ်သည်။ထိုလူငယ်ပါရမီရှင် ရှောင်ချန်းယွင်က အတားအဆီးနှစ်ခုကို ချိုးဖောက်ပြီးသည့် သိုင်းပညာရှင်ဖြစ်သည်။


ကျန်းမိသားစုက ရုပ်သေးဂိုဏ်းကို ကြိုဆိုလိုက်သည်။


ရုပ်သေးများပြုလုပ်အသုံးပြုသည့် ပညာရှင်များကို တွေ့ရသည့်အခါ၌ သူတို့ အမှန်တကယ်ကြောက်ရွံ့နေမိသည်။


အဘယ့်ကြောင့်ဆိုသော် ရုပ်သေးဂိုဏ်းများမှ သူများက အခြားပညာရှင်များ၏ ရုပ်အလောင်းကို အလွန်အစွမ်းထက်သော ရုပ်သေးများအဖြစ် ပြောင်းလဲ ပြုလုပ်ထားသည်ဟု ကောလဟာလများရှိလေသည်။


ထိုကဲ့သို့ အင်အားကြီးမားလှသော ရုပ်သေးများကို ပြုလုပ်ရန်အတွက် ရုပ်သေးဂိုဏ်းမှ ကျွမ်းကျင်သူများက နယ်မြေကြီးအတွင်းရှိ ကျွမ်းကျင်သူများ၏ သင်္ချိုင်းများကို တူးဖော်ခဲ့သည်ဟု ကောလဟာလများလည်း ထွက်ပေါ်ခဲ့သည်။ထိုတူးဖော်ခံရသော ရုပ်အလောင်းများက ရုပ်သေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူတို့က အလွန်ရက်စက်ကြမ်းကြုတ်လှ၏။


မဟာဂိုဏ်းက ဆေးနန်းတော်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးမျိုးမရှိသော်လည်း မြူကောင်းကင်မြို့၏ အချို့မိသားစုများက နွေးထွေးစွာပင် ကြိုဆိုလိုက်ကြသည်။


အသစ်ရောက်ရှိလာသော ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များအားလုံးကို မြူကောင်းကင်မြို့ တစ်နေရာ၌ နေရာချပေးလိုက်သည်။


တစ်ခြားဆေးမြို့တော် နှစ်မြို့ဖြစ်သော တောက်ပကောင်းကင်မြို့တော်နှင့် ကောင်းကင်ဆေးမြို့တော်တို့ကလည်း ကျွမ်းကျင်ပညာရှင်များကို စေလွှတ်လိုက်သည်။သူတို့အားလုံးက လျှို့ဝှက်နယ်ပယ်ကြောင့် ရောက်လာကြခြင်းပင်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေထဲတွင် မြောက်များလှစွာသော ရတနာသိုက်များ ၊ ပြိုင်ဘက်ကင်း စိတ်ဝိညာဉ်ဆေးပြားများ ၊ သလင်းကျောက်တွင်းများ ၊ ကောင်းကင်လက်နက်များ ၊ ကမ္ဘာ့ရတနာများနှင့် ကောင်းကင်ကမ္ဘာမြေမီးလျှံပင်... ရှိနေနိုင်ခြင်းကြောင့် ဖြစ်သည်။


 ထိုကဲ့သို့သော တန်ဖိုးရှိသည့်အရာများသာ ရှိမနေလျှင် မည်သူမှ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းလိမ့်မည်မဟုတ်ပေ။


....


ရွှေ့ပြောင်းအစီအရင်မှ အလင်းတန်းများ ထပ်မံတောက်ပလာပြန်သည်။


ယခုအချိန်၌... တခြားအချိန်များနှင့်မတူညီသည်က ထိုအလင်တန်းများက ရေခဲတမျှအေးစက်နေပြီး သွေးနီရောင်တောက်ပနေခြင်းဖြစ်သည်။


ထိုအစီအရင်ထဲမှ လူနှစ်ယောက်ထွက်ပေါ်လာသည်။သူတို့ထဲမှ တစ်ယောက်က သွေးနီရောင်ဝတ်စုံကို ဝတ်တင်ထားသည်။ပတ်ဝန်းကျင်ရှိသူများက ပြင်းထန်လှသည့် သွေးနံ့များကို ခံစားလိုက်ရသလိုပင်ထင်မြင်မိလေသည်။


"မီရှ...ရှုရမျှော်စင်ရဲ့ အော်ရာတွေက ဒီလျှို့ဝှက်နယ်ပယ်ထဲမှာ ထွက်ပေါ်လာတယ်ဆိုတာသေချာရဲ့လား....."


ထိုသွေးနီရောင် ဝတ်စုံနှင့်သူက သူ့ဘေးနားမှ အဖော်ကိုမေးလိုက်သည်။


ထိုသူက ခပ်ပြုံးပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။


"ငါ့ရဲ့ အာရုံခံစားမှုက လုံးဝမမှားနိုင်ဘူး....သစ္စာဖောက် သွဲ့လင်းက ရှုရမျှော်စင်ကို ခိုးယူ သွားပြီးတည်းက သူ့ရဲ့အော်ရာတွေကို ဖုံးကွယ်ထားခဲ့တယ်...ဒါပေမယ့်လည်း တစ်ကြိမ်မှာတော့ အော်ရာတွေက စိမ့်ထွက်နေခဲ့တယ်...အဲ့ဒီအော်ရာတွေက ငါ့ရဲ့ အာရံခံစားမှုကနေ လွှတ်မြောက်ဖို့ မဖြစ်နိုင်ဘူး...."


မီရှက ခေါင်းမော့၍ ဝင့်ကြွားစွာ ပြောလိုက်သည်။


.....


နန်ကုန်းမိသားစု၏ မှောင်မိုက်စွတ်စိုသော အကျဉ်းထောင်ထဲတွင် လူတစ်ယောက်ကို သတ္တုလက်ဝားကပ်တိုင်နှင့် တွဲချည်ထားလေသည်။


ထိုသံလက်ဝါးကပ်တိုင်မှ ရေခဲတမျှ အေးစက်လှသော သံကြိုးများက သူ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသောကြောင့် သွေးများ ယိုစီးကျနေသည်။


နန်ကုန်းဝူချယ်က အားနည်းဖျော့တော့စွာဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။သူ့၏ဆံပင်နီများကလည်း အရေပြားပေါ်၌ ကပ်ညှိနေသည်။သူ အားနည်းစွာ အသက်ရှုရှ်ိုက်နေပြီး မျက်ဝန်းတစ်ဝက်သာ ဖွင့်ထားနိုင်သည်။


ယခုလက်ရှိအချိန်၌ နန်ကုန်းဝူချယ်၏ အော်ရာများ မည်မျှပင် အားနည်းနေသည်ကို ခံစားနိုင်ပေသည်။သူ့၏ မရီဒန်ထဲမှ အစစ်အမှန်စွမ်းအင်များကလည်း တွန်းထိုးလှုပ်ရှားနေသောကြောင့် အပ်သေးသေးလေးများ ဖြင့် ခန္ဓာကိုယ်ကို ထိုးဖောက်ထားသလိုမျိုး အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။


သူ့၏ ခန္ဓာကိုယ်ကို ဖောက်ဝင်နေသော သံကြိုးများက သူ့၏ စွမ်းရည်များကို စုပ်ယူနေခြင်းဖြစ်သည်။သူ့၏ စွမ်းအင်ဗဟိုထဲ၌ရှိနေသော ငရဲဘုရင်ကိုးပါးမီးလျှံကို နန်ကုန်းရွှမ်ဟဲက အတင်းအကျပ် ထုတ်ယူခဲ့သည်။ထို့ကြောင့် သူ့၏ ကျင့်ကြံဆင့်က ထိခိုက်ပျက်စီးသွားခဲ့သည်။


နန်ကုန်းဝူချယ်က အတိတ်က ဂုဏ်ကျက်သရေနှင့် တောက်ပမှုက်ို မထိန်းသိမ်းထားန်ိုင်တော့ပေ။


ရုတ်တရက် ကျယ်လောင်လှသော မြည်သံတစ်ခုနှင့်အတူ ထောင်တံခါးဝ ပွင့်ဟသွားသည်။


အကျဉ်းထောင်ထဲသို့ အလင်းရောင်ဝင်လာပြီး နန်ကုန်းဝူချယ်ပေါ် ဖြာကျလာသောကြောင့် သူ့၏ မျက်ဝန်းများပင် နာကျင်သွားသည်။


တံခါးဝကို ဖြတ်၍ လူများစွာ ဝင်လာကြလေသည်။


နန်ကုန်းဝမ် နန်ကုန်းဝူချယ်၏ လက်ရှ်ိအခြေအနေကို မြင်လိုက်ရသောအခါ၌ သူမ၏ နှလုံးသားမှ သွေးများယိုစီးကျလာသလိုပင် နာကျင်သွားမိသည်။


"ဒါက သူမရဲ့ လူပြက်အကိုလား ... သူတို့ ဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုပုံစံမျိုး ဆက်ဆံနိုင်ရတာလဲ...."


ထိုခဏ၌ နန်ကုန်းဝမ်၏ ဒေါသတရားများ ရုန်းကြွလာပြီး ပေါက်ကွဲလုနီးပါးပင် ဖြစ်သွားသည်။သို့သော်လည်း သူမ၏ ဘေးနား၌ သူမအနိုင်မယူနိုင်သော နန်ကုန်းရွှမ်ယင် ရှိနေသည်။


အလွန်စိတ်ဓာတ်ကျဝမ်းနည်းမှုကို ခံစားရပြီး နန်ကုန်းဝူချယ်ကို ရဲရဲနီနေသည့် မျက်ဝန်းများဖြင့်သာ ကြည့်နိုင်လေသည်။


နန်ကုန်းဝူချယ်ကလည်း သူမ၏ အကြည့်များကို ခံစားလိုက်မိပုံပေါ်သည်။သူ ခေါင်းမော့ကြည့်လိုက်ရာ နန်ကုန်းဝမ်၏ လှပဆဲဖြစ်သော မျက်နာလေးကို တွေ့လိုက်ရသည်။သူ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ထို့နောက် သွေးများစိုရွှဲပြီး ဖျော့တော့နေသော မျက်နာပေါ်၌ အားတင်းထားသည့် အပြုံးလေးတစ်ခု ပေါ်လာသည်။


နန်ကုန်းဝမ်ကို သူအခုထိတိုင်အောင် လူပြက်အကိုအဖြစ်ရှိနေဆဲဖြစ်ကြောင်း ကြိုးစားပြောပြနေသည်ဟု ထင်ရလေသည်။


"ဒုတိယအကြီးအကဲ ငါသူနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား......"


နန်ကုန်းဝမ်က ဝမ်းနည်းမှုနှင့် ပူဆွေးသောကများကို ထိန်းချုပ်လိုက်ပြီး အေးစက်စွာဖြင့် မေးလိုက်သည်။


နန်ကုန်းရွှမ်ယင်က မျက်မှောက်ကြုတ်လိုက်ပြီး သူမ၏ တောင်းဆိုချက်ကို ချက်ချင်းငြင်းပယ်လိုက်သည်။


"ဟား...ဟား...သူက ဒီလိုပုံစံပဲဖြစ်နေပြီ...ရှင်က ဘာတွေကြောက်နေသေးတာလဲ...."


နန်ကုန်းဝမ်က နန်ကုန်းရွှမ်ယင်ကို အထင်အမြင်သေးစွာကြည့်ပြီး ပြောလိုက်သည်။


"မှန်တယ်...အခု နန်ကုန်းမိသားစု တစ်ခုလုံးက ငါတို့ညီကို သုံးယောက်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ ငါတို့က ဘာများ ကြောက်ရဦးမှာလဲ...."


နန်ကုန်းရွှမ်ယင်က မဲ့ပြုံးပြုံးလိုက်ပြီး စကားတစ်ခွန်းမှမဆိုတော့ပဲ အကျဉ်းထောင်ထဲမှ လှည့်ထွက်သွားလိုက်သည်။သူ အကျဉ်းထောင်ရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်၍ စိတ်ပျက်လက်ပျက် ရပ်နေလိုက်သည်။


အချိန်အတော်အသင့်ကြာသွားပြီးနောက် အကျဉ်းထောင်တံခါးပွင့်ဟလာပြီး နန်ကုန်းဝမ် ထွက်လာလေသည်။


"သွားကြစို့...."


နန်ကုန်းရွှမ်ယင်က အမူအရာမဲ့စွာဖြင့် ပြောပြီး လျှောက်ထွက်သွားသည့် နန်ကုန်းဝမ်ကို အေးစက်စွာ ကြည့်လိုက်သည်။


အစောင့်များကလည်း အကျဉ်းထောင်တွင်းသို့ အမြန်အဆန်ဝင်၍ စစ်ဆေးကြည့်လိုက်သည်။သူတို့ လက်ဝါးကပ်တိုင်ပေါ်၌ရှိနေဆဲဖြစ်သော နန်ကုန်းဝူချယ်ကို တွေ့မှသာလျှင် စိတ်သက်သာရာသွားပြီး သူတို့အလုပ်များကို ပြန်လည် လုပ်ဆောင်လိုက်ကြသည်။


နန်ကုန်းဝူချယ်က ခေါင်းအနည်းငယ် မော့ကြည့်လိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်းစွန်းလေးများကလည်း ကော့ညွှတ်နေပေသည်။


"ဒီကလေးမလေး... သူ့ရဲ့ အဂ္ဂိရတ်ပညာအရည်အချင်းက တကယ့်ကို ကျွမ်းကျင်အဆင့် ရောက်နေပြီ...."


ခရက်ရှ်....


သူပါးစပ်ထဲမှ ဆေးလုံးကို ကိုက်လိုက်သည်။ဆေးလုံးက ပေါက်ကွဲ ထွက်သွားပြီးနောက် ထိုထဲမှ အစီအရင်တစ်ခု ထွက်ပေါ်လာသည်။အစီအရင်က ပို၍ ကြီးမားလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလောက်သော ရွှေ့ပြောင်းစွမ်းအင်များက သူ့၏ ခန္ဓာကိုယ်ကိုပင် ဆုတ်ဖြဲပစ်နေသလို ခံစားလိုက်ရသည်။


ဆေးပြားများအတွင်း ဖုံးကွယ်ထားသော တည်နေရာရွှေ့ပြောင်း အစီအရင်က အလွန်ကြီးမားလှသလို ရက်စက်ကြမ်းကြုတ်လှသော စွမ်းအင်များလည်း ပါရှိသည်။


ထိုလုပ်ဆောင်မှုက အလွန်အန္တရာယ်များသည် ။သို့သော်လည်း နန်ကုန်းဝမ်၌ တစ်ခြားရွေးချယ်စရာမရှိသောကြောင့် သူမ ထ်ိုသို့လုပ်ရန်သာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။


နန်ကုန်းဝူချယ်က ထိုတည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ပြိုကွဲပျက်စီးသွားမလား (သို့မဟုတ်) အစီအရင်သုံးပြီးနောက် အသက်ရှင်နိုင်ဦးမလား ဆိုသည်ကိုတော့ မည်သူမှ မသိနိုင်ပေ။


တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း အလင်းများ ဖုံးလွှမ်းသွားသည်။နန်ကုန်းဝူချယ်က အဆက်မပြတ် သွေးချောင်းဆိုးနေ၏။သို့သော် သူ နှစ်ခြိုက်စွာလည်း ရယ်မောနေသည်။သူ့၏ မျက်ဝန်းများကလည်း ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလေသည်။


ဆွစ်....


ကျယ်လောင်လှသော အသံတစ်ချက်နှင့်အတူ အလင်းတန်းများ ပျောက်ကွယ်သွားပြီး သံလက်ဝါးကပ်တိုင်နှင့် နန်ကုန်းဝူချယ်လည်း ပျောက်ကွယ်သွားလေသည်။


အကျဉ်းထောင်အစောင့်များက ထိုနေရာသို့ တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်ကြသည်။


နန်ကုန်းဝူချယ် လွတ်မြောက်သွားခဲ့လေပြီ။


....


တိမ်ခိုးစားသောက်ဆိုင်အတွင်း၌...


ပုဖန်က သူ့၏။ လေ့ကျင့်ချက်ပြုတ်ခြင်းများ ပြီးဆုံးသွားပြီးနောက် အကြောအချဉ်ဆန့်လိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ရုတ်တရက် ဆိုင်ထဲ၌ သိပ်သည်းလှသော စွမ်းအင်အတက်အကျလှိုင်းများ လှုပ်ခတ်လာလေသည်။ပုဖန် အံ့အားသင့်သွားပြီး ထို စွမ်းအင်လှိုင်းများ ထွက်ပေါ်ရာနေရာဆီသို့ ကြည့်လိုက်သည်။


ထိုနေရာ၌ အစီအရင်တစ်ခု၏ ပုံသဏ္ဍာန် ပေါ်လာနေသည်။ထို့နောက် ထ်ိုအစီအရင်ထဲမှ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လူတစ်ယောက် ထွက်ကျလာပြီး ကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။


ပုဖန် ဆွံ့အသွားမိသည်။


"ဘာလဲဟ..ဘာတြွေဖစ်နေတာလဲ....."


ထ်ိုလူဆီမှ အားနည်းဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။


"ဘော်ဒါပု ....ငါ မင်းကို နောက်တစ်ကြိမ် ထပ်တွေ့တဲ့အထိ အသက်ရှင်နေနိုင်ခဲ့တဲ့အတွက် အရမ်းပျော်တယ်...."