အခန်း ၄၄၀
တစ်မြို့လုံးအနှံ့ရှာ....
နန်ကုန်းဝမ်က တည်နေရာရွှေ့ပြောင်းအစီအရင်၏ တည်နေရာကို ပုဖန်ဆိုင်အတွင်း သတ်မှတ်ထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။သူ့ အသွင်အပြင်က အလွန် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူ့ခန္ဓာတစ်ကိုယ်လုံး သွေးများ စိုနစ်နေပေသည်။
အလွန်တင့်တယ်ပြီး ကြည့်ကောင်းလှသည့် သူ့၏ အသွင်အပြင်က အလွန်တရာ ဝမ်းနည်းစရာကောင်းသည့် ပုံစံသာ ကျန်ရစ်ခဲ့လေသည်။သူ့၏ အသက်ရှုသံများက အလွန်ပြင်းထန်နေပြီး သူ့ရင်ဘတ်ကလည်း အပြင်းအထန် လှုပ်ခါနေသည်။သူ ချောင်းတစ်ချက် ဆိုးပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
ဘာတွေ ဖြစ်နေတာလဲ...နန်ကုန်းဝူချယ်က ဒီလို စိတ်မချမ်းမြေ့စရာ အသွင်အပြင်မျိုး ဘယ်လိုလုပ် ဖြစ်သွားရတာလဲ...
"ဘော်ဒါပု မင်းမှာ စားစရာရှိသေးလား...ငါဆာလွန်းလို့ သေတော့မယ်..."
နန်ကုန်းဝူချယ်က တုန်တုန်ရီရီဖြင့် ကြမ်းပြင်ပေါ်မှ ထရပ်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း သူပြန်လဲကျသွား၏။သူ့၏ မျက်နာအမူအရာက မဲမှောင်သွားသည်။သူတိုးဖွဖွ လှောင်ရယ် ရယ်လိုက်ပြီးနောက် မတ်တပ်ရပ်ရန် အရှုံးပေးလိုက်သည်။ထို့နောက် ပုဖန်ကို ခေါင်းမော့ကြည့်ကြီး စကားပြောလိုက်၏။
သူ့၏ ယခုလက်ရှိ အခြေအနေက အလွန် စိတ်မချမ်းမြေ့စရာကောင်းလှသည်။သူ့၏ အစစ်အမှန်စွမ်းအင်များကလည်း ရှုပ်ထွေးနေပြီး နက်ရှိုင်းလှသော ဒဏ်ရာအများအပြားလည်း ရရှိထားလေသည်။
ထို့အပြင် သူ့ကို ချည်နှောင်ထားသည့် ရေခဲ သတ္တုလက်ဝါးကပ်တိုင်ကလည်း သူ့၏ စွမ်းအင်အဆင့်ကို ချိတ်ပိတ်ထားပေသည်။
"မင်းကို ဒီလို ဘယ်သူလုပ်လိုက်တာလဲ ...ဘာကြောင့်သူက အဲ့ဒီလောက် အကြင်နာမဲ့တာလဲ..."
ပုဖန်မေးလိုက်သည်။ထို့နောက်သူ နန်ကုန်းဝူချယ်ကို မတ်တပ်ရပ်ရန် ကူညီလိုက်သည်။ထို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ရေခဲသံကြိုးများကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုကြိုးများက တုပ်တုပ်မျှပင် မလှုပ်သည်ကို တွေ့လိုက်ရသည်။အံ့အားသင့်သင့်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ထိုကြိုးများက အလွန် ခိုင်ခံ့လှပေသည်။
"မင်းရဲ့ စွမ်းအားတွေကို မဖြုန်းတီးနဲ့...ဒီသံကြိုးတွေကို နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ ဆန်းကြယ်သတ္တုနဲ့ ပြုလုပ်ထားတာ...အထူးသဖြင့် မသေမျိုးခန္ဓာပညာရှင်တွေရဲ့ စွမ်းအင်အဆင့်ကို ချိတ်ပိတ်တဲ့နေရာမှာ အသုံးပြုတာ...ဒါက အရမ်းခိုင်ခံ့တယ်...မသေမျိုးခန္ဓာအဆင့်တောင်မရောက်သေးတဲ့မင်း... ဒါကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး..."
နန်ကုန်းဝူချယ်က ဖျော့တော့စွာ ပြုံး၍ ပြောလိုက်သည်။ပုဖန်လည်း လက်လျှော့လိုက်ပြီး သူ့ကို ကြည့်လိုက်၏။ထို့နောက် သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆင့်ခေါ်လိုက်သည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား မဖြတ်တောက်မဖျက်ဆီးနိုင်သည့် အရာဟူ၍ မရှိပေ။
သူ ရွှေနဂါးအရိုးဓားကို မြှောက်လိုက်ပြီး သံကြိုးများကို ဖြတ်တောက်ရန် ပြင်လိုက်စဉ်မှာပင် သူ့ပုခုံးပေါ်၌ ရှိနေသော ပုစွန်ပိစိက အမွှေးရှည်နှစ်ချောင်းကို လှုပ်ရမ်းလိုက်ပြီး ထိုသံကြိုးကို တို့ဟူးတုံးကို ဖြတ်ချသကဲ့သို့ ဖြတ်လိုက်သည်။
ပုဖန်နှင့် နန်ကုန်းဝူချယ် နှစ်ယောက်လုံး ကြောင်အသွားလေသည်။
ပုစွန်ပိစိက နှာခေါင်းရှုံ့၍ သူ့၏ အမွှေးရှည်နှစ်ချောင်းကို လှုပ်ယမ်းရင်း အောင်မြင်မှုကို မော်ကြွားပြနေလေသည်။
နန်ကုန်းဝူချယ်၏ မျက်ဝန်းများက တောက်ပသွားသည်။ထိုအကောင်သေးသေးက မမျှော်လင့်ထားလောက်အောင် အံ့သြစရာကောင်းလှပေသည်။
ထိုအကောင်လေးက ဆန်းကြယ်သတ္တုကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသည်။ဒါက နတ်ဘုရားလက်နက်များကို ဖွင့်လှစ်ခြင်းနှင့်ပင် ဆင်တူသည်။
ပုစွန်ပိစိက ပုဖန်ပုခုံးပေါ်သို့ ပြန်သွားလိုက်ပြီး အေးချမ်းစွာပင် လှဲလိုက်သည်။ပုဖန်က သူ့၏ အခွံကို အသာအယာ ပွတ်သပ်လိုက်လေရာ ပုစွန်ပိစိက သက်သောင့်သက်သာဖြင့် မျက်ဝန်းများ မှေးစင်းထားလိုင်သည်။
သံကြိုးများကို ဖြတ်တောက်ပြီးသည်နှင့် ပုဖန်က နန်ကုန်းဝူချယ်ကို ကူညီပြီး သံကြိုးများကို ဆွဲထုတ်ပေးလိုက်သည်။နာကျင်မှုက ပြင်းထန်လွန်းလှသောကြောင့် နန်ကုန်းဝူချယ် လေအေးများပင် ရှိုက်လိုက်မိသည်။
"နာတယ်...နာတယ်...အား....."
နောက်ဆုံး၌ သတ္တုလက်ဝါးကပ်တိုင်ကို နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်မှ လုံးဝ ဆွဲခွာလိုက်နိုင်ပေပြီ။
နန်ကုန်းဝူချယ်လည်း သူ့၏ ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်မိသည်။
မျက်လုံးများ မှိတ်၍ ကြမ်းပြင်ပေါ်၌ ခြေချိတ်ထိုင်လိုက်သည်။ထို့နောက် သူ့၏ သိုလှောင်ပစ္စည်းထဲမှ ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးလုံးများ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဂျွမ်း...ဂျွမ်း...
သက်စောင့်ဆေးများမှ သိပ်သည်းလှသည့် စိတ်ဝ်ိညာဉ် စွမ်းအင်များ ပြန့်လွင့်လာလေသည်။
"ဘော်ဒါပု ငါ့ကို နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုပ် တစ်ပွဲလောက် ပေးပါလား..."
နန်ကုန်းဝူချယ်က တီးတိုးပြောလိုက်သည်။
"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုပ်က ဒီနေ့အတွက် ရောင်းလို့ကုန်သွားပြီ ..."
ပုဖန်က အေးဆေးစွာပင် ပြန်ပြောလိုက်၏။
"အဲ့ဒီလို မလုပ်ပါနဲ့ ...မင်းရဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုပ်က ငါ့ရဲ့ ဒဏ်ရာတွေကနေ မြန်မြန်သက်သာလာအောင် ကူညီပေးန်ိုင်တယ်...ကြည့်လေ... အခု ငါဘယ်လောက် သနားစရာကောင်းနေလဲ..."
နန်ကုန်းဝူချယ်က သွေးများပေပွနေသည့်မျက်နာဖြင့် ပုဖန်ကို သနားစရာ စိုက်ကြည့်လိုက်သည်။
ပုဖန်က တုပ်တုပ်ပင်မလှုပ်ပဲ သူ့ကို ပြန်ကြည့်၍ ပြောလိုက်သည်။
"ငါမင်းကို ပြောပြီးပြီလေ ဒီနေ့အတွက် နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုပ် ရောင်းလို့ကုန်သွားပြီ...ဒါကို ထပ်တလဲလဲမေးပြီး ကိုယ့်ကိုကိုယ် ဒုက္ခရှာမနေနဲ့..."
ထိုသို့ ပြောပြီးသည်နှင့် ပုဖန် မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။
"မင်းရဲ့ ဒဏ်ရာတွေကို မြန်မြန်သက်သာစေမယ့် ဟင်းပွဲ ငါလုပ်ပေးမယ်...ဒါပေမယ့် မင်းအဲ့ဒီအတွက် ကျသင့်ငွေ ပေးရမယ်နော်..."
ပုဖန်၏ စကားကို ကြားပြီးနောက် နန်ကုန်းဝူချယ် ပြုံးဖြီးဖြီးဖြစ်သွားသည်။သူ ပုဖန်၏ ဟင်းပွဲများကို စားရန်အတွက် ကြီးမားလှသည့် သလင်းကျောက်ပုံကြီးမှလွဲ၍ တခြားမည်သည့်ပစ္စည်းမှ သယ်မလာခဲ့ချေ။
.....
နန်ကုန်းဝူချယ် လွတ်မြောက်သွားပြီးနောက် အကျဉ်းထောင်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။အစောင့်များကလည်း နန်ကုန်းဝူချယ် မည်ကဲ့သို့ လွတ်မြောက်သွားသည်ကို မတွေးတောနိုင်ပဲ သူတို့ သတင်းသွားပို့ရန်သာ တက်နိုင်ပေသည်။အကျဉ်းထောင်ထဲမှ အကြောင်းအရာများကို အဆင့်မြင့်အကြီးအကဲ နန်ကုန်းရွှမ်ဟယ် ထံ သတင်းပို့လိုက်သည်။
"နန်ကုန်းဝူချယ် လွတ်မြောက်သွားတယ်..."
အစောင့်များ၏ သတင်းစကားကို ကြားပြီးနောက် နန်ကုန်းရွှမ်ယင်၏ မျက်ခုံးအစုံ မြင့်တက်သွားလေသည်။မျှော်လင့်ထားသည့်အတ်ိုင်းပင် ကလေးမလေးက ကျွမ်းကျင်မှုတစ်ချို့ ရှိနေပေသည်။ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် နန်ကုန်းရွှမ်ယင်၏ မျက်နာက ရေခဲတမျှ အေးစက်သွားလေသည်။
"အကိုကြီး ငါ အဲ့ဒီကလေးကို သွားဖမ်းလိုက်ဦးမယ်..."
နန်ကုန်းရွှမ်ယင်ပြောလိုက်သည်။နန်ကုန်းဝူချယ် လွတ်မြောက်သွားခြင်းက သူ့၏ ပေါ့လျော့မှုကြောင့်သာ ဖြစ်သည်။
နန်ကုန်းရွှမ်ဟယ်က သူ့ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"မင်းသွားလေ တကယ်လို့ မင်းသူ့ကို မဖမ်းနိုင်ဘူးဆိုရင် အဲ့ဒီနေရာမှာတင် သတ်ပစ်လိုက်တော့..."
နန်ကုန်းရွှမ်ယင်က ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်း လှည့်ထွက်လာလိုက်သည်။သူ အပေါက်ဝသို့ ရောက်သောအခါ၌ ခေါင်းမော့ကြည့်လိုက်၏။သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။
သူတို့က ဘယ်သူလဲ...
ထိုသူနှစ်ယောက်ဆီမှ အလွန်ကြောက်စရာကောင်းလှသောအော်ရာများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသောအခါ နန်ကုန်းရွှမ်ယင်၏ အမူအရာက လေးနက်သွားသည်။
ဒီနှစ်ယောက်က...
ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က နန်ကုန်းရွှမ်ယင်၏ အကြည့်များကို ခံစားမိပုံဖြင့် ခေါင်းမော့ကြည့်လာလေသည်။နန်ကုန်းရွှမ်ယင်၏ နှလုံးသားကို ဆုတ်ညှစ်လိုက်သလိုပင် ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာလေသည်။
သူက... ကြောက်စရာကောင်းလွန်းလှသည်။အရမ်းကြောက်စရာကောင်းလှသည်။
နန်ကုန်းရွှမ်ယင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ထိုနှစ်ယောက်ကို ခေါင်းညိတ်အသိမှတ် ပြုလိုက်သည်။ထို့နောက် သူ နန်ကုန်းမိသားစု၏ နေရာမှ ထွက်ခွာသွားလိုက်သည်။
နန်ကုန်းရွှမ်ဟယ်က ဝင်လာသည့် နှစ်ယောက်ကိုကြည့်၍ နွေးထွေးသော အပြုံးလေးဖြင့် ကြိုဆိုလိုက်သည်။
.....
"တစ်မြို့လုံးအနှံ့ရှာ... တစ်ထောင့်တစ်နေရာမှ မကျန်ခဲ့စေနဲ့... မင်းတို့ နန်ကုန်းဝူချယ်ကို တွေ့အောင်ရှာရမယ်..."
နန်ကုန်းရွှမ်ယင်က သူ့လက်အောက်ငယ်သားများကို အေးစက်စွာဖြင့် အသိပေးလိုက်သည်။ထိုသူများက မြူကောင်းကင်မြို့အတွင်း နေရာများကို ခွဲထွက်သွားပြီး ရှာဖြွေခင်းကို စတင်လိုက်သည်။
နန်ကုန်းရွှမ်ယင်က မဲမှောင်သော မျက်နာထားဖြင့် မြူကောင်းကင်မြို့၏ အဓိကလမ်းမကြီးတလျောက် လျှောက်လှမ်းနေခဲ့သည်။
......
လင်းမိသားစု၏ အထပ်မြင့် အဆောက်အအုံ တစ်ခုအတွင်း...
လင်းမိသားစု၏ အထက်ပိုင်း မိသားစုဝင်များက လေမိုးကြိုးမျှောင်စင်မှ ပညာရှင်များ၏ ဘေး၌ ရပ်နေကြသည်။သူတို့ အားလုံးက မြို့တော်၏ နေရာအနှံ့သို့ ဖြန့်ကျက်သွားနေသော နန်ကုန်းမိသားစုဝင်များကို ကြည့်၍ ရယ်မောလိုက်ကြသည်။
"သခင်လေးရှောင် ...နန်ကုန်းမိသားစုက အခု ပြိုကွဲနေပြီ ... လျှို့ဝှက်နယ်ပယ်ရဲ့ ပြိုင်ပွဲမှာလည်း ဝေစု တစ်နေရာကို သူတို့သေချာပေါက်ဆုံးရှုံးရလိမ့်မယ်..."
လင်းမိသားစုခေါင်းဆောင်က ရယ်မော၍ ပြောလိုက်သည်မြူကောင်းကင်မြို့ကို ငုံ့ကြည့်နေသော ရှောင်ချမ်းယွင်က လင်းမိသားစုခေါင်းဆောင်၏ စကားကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ပုံမှန်ပဲလေ...ဒီအချိန်မှာ နန်ကုန်းမိသားစုကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူး...အဲ့ဒီတော့ သူတို့ ဝေပုံ အနည်းငယ်ကိုပဲ ရရှိလိမ့်မယ်...အနာဂတ်မှာ မြူကောင်းကင်မြို့ကို မင်းတို့ရဲ့ လင်းမိသားစုကသာ ဦးဆောင်နိုင်လိမ့်မယ်..."
"တကယ်လို့ အဲ့ဒီလိုသာ ဖြစ်လာခဲ့ပြီဆိုရင် လူအားလုံးက ကျေနပ်ပျော်ရွှင်ကြလိမ့်မယ်...လင်းမိသားစုသာ နန်ကုန်းမိသားစုကို ဖိနှိမ့်ထားနိုင်ပြီဆိုရင် မင်းလိုချင်တဲ့ ပစ္စည်းတွေကို လျှို့ဝှက်နယ်မြေထဲ ဝင်ပြီးရှာဖွေနိုင်တယ်...ငါတို့နှစ်ဦးလုံးအတွက် အကျိုးရှိမယ့် ကိစ္စပဲ... ဟား.....ဟား...."
လင်းခိုင်က နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။
ရှောင်ချမ်းယွင်က ဝိုင်ခွက်ကို ဆွဲယူ၍ တစ်စုပ်သောက်လိုက်ပြီးမှ လင်းမိသားစုခေါင်းဆောင်ကို နွေးထွေးစွာ ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
.......
ကျန်းမိသားစု၏ အထပ်မြင့် အဆောက်အဦးအတွင်း၌လည်း တူညီသော ကိစ္စရပ်များ ဖြစ်ပွားနေသည်။သို့သော်လည်း နွေးထွေးပြီး အဆင်ပြေလှသော ရှောက်ချမ်းယွင်နဲ့ ယှဉ်လိုက်လျှင် ရုပ်သေးဂိုဏ်းမှ လူများက အေးစက်ပြီး တည်ငြိမ်ကြသည်။သူတို့နှင့် ပြောဆို ဆက်ဆံရသည်က အလွန်ခက်ခဲလှ၏။
သို့သော်လည်း သူတို့က သူတို့၏ ရည်ရွယ်ချက်များက တူညီနေသောကြောင့် တစ်ဦးနှင့်တစ်ဦး ရင်းနီးစွာ ဆက်ဆံနေကြတုန်းပင် ဖြစ်သည်။
......
ပုဖန်က ကြီးမားလှသော ထိပ်တန်း ကျိုင်းပုစွန်တစ်ပိုင်းကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို လွှဲယမ်းလိုက်ပြီး ခုတ်ဖြတ်လိုက်၏
ပုစဉ်းတောင်ပံကဲ့သို့ပင် ပါးလွှားလှသောအသားပိုင်းလေးများအဖြစ်သို့ ဖြတ်တောက်လိုက်၏။အသားလွှာလေးတစ်ခုစီက သွေးကြောလေးတွေပင် မြင်နေရပြီး အလွန်လှပသော ပုံစံလေးများ ဖြစ်ပေါ်နေသည်။
အသားများလွှာပြီးသည်နှင့် ပန်းကန်ပြားတစ်ချပ်ပေါ်၌ လှပလှသော ပန်းပွင့်တစ်ခု ပုံသဏ္ဍာန်ဖြစ်အောင် ပုံဖော်လိုက်သည်။ထို့နောက် ပေါင်းခံခြင်းထဲကို ထည့်၍ ပေါင်းခံလိုက်၏ သူ့၏ လက်ကို မြှောက်လိုက်ပြီး ပေါင်းခံခြင်းအဖုံးမှနေ၍ အစစ်အမှန်စွမ်းအင်များကို စီးဆင်းစေလိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားလက်တစ်ဖက်ဖြင့် ဆော့စ်ကို ပြင်ဆင်လိုက်သည်။
ပူစပ်စပ် ငရုတ်ရည်ပုလင်းကို ထုတ်ယူလိုက်ပြီး ဇွန်းတစ်ဝက်ခန့် ခပ်ယူကာ ပန်းကန်လုံးထဲ ထည့်ထားလိုက်သည်။ထို့နောက် အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်တစ်ခွက်ကို ပန်းကန်ထဲ လောင်းထည့်လိုက်၏ ။ထိုပစ္စည်းများ အရောင်ရော အနှံ့ရော သေချာစွာ ရောစပ်သွားသည်အထိ မွှေပေးလိုက်၏။
ပုဖန် ပါးစပ်ကို ဖွင့်ဟ၍ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ထိုမီးတောက်လေးက သူ့၏ လက်ဖဝါးပေါ်၌ လောင်ကျွမ်းနေလေသည်။
သူ မီးတောက်ကို ထက်ခြမ်းခွဲချလိုက်ပြီး ပန်းကန်လုံးထဲသ်ို့ ပစ်ထည့်လိုက်သည်။ကျယ်လောင်လှသော ဆူပွက်သံများနှင့်အတူ အပူငွေ့များ လုံးခနဲ ထကြွလာလေသည်။
ထို့နောက် လေထဲ၌ ပြင်းထန်လှသောအစပ်ရနံ့နှင့် သိပ်သည်းလှသော မွှေးကြိုင်ရနံ့များ ပြည့်နှက်သွားလေသည်။သူ ထိုပန်းကန်လုံးထဲသို့ အရသာတစ်ချို့ ပေါင်းထည့်လိုက်သည်။ထို့နောက် ချက်ချင်းပင် သွေးသရဖူကို ယူ၍ ဖြတ်တောက်လိုက်ပြီး ပန်းကန်လုံးထဲ ထပ်ထည့်လိုက်သည်။
သွေးသရဖူမှ စိတ်ဝိညာဉ်အနှစ်သာရများက ပန်းကန်လုံးထဲမှ ဆော့စ်အတွင်းသို့ စိမ့်ပျော်ဝင်သွားလေသည်။နောက်ဆုံး လျှို့ဝှက်ငရုတ်ရည် တစ်ပန်းကန် စပ်ပြီးသွားပေပြီ။ဒီငရုတ်ရည်၏ အရသာက ချဉ်စပ်အရသာဖြစ်သည်။
ရှူး....
ပေါင်းခံခြင်းဆီမှ သိပ်သည်းလှသော အပူငွေ့များနှင့်အတူ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။ထိုအသား၌ အလွန်ကြွယ်ဝလှသော စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည်။အဘယ်ကြောင့်ဆိုသော် ထိုအသားက စိတ်ဝိညာဉ်သားရဲ ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ထိုအသားက ထိပ်တန်း ကျိုင်းပုစွန်၏ အသားဖြစ်သောကြောင့် လူတစ်ယောက်၏ ကုန်ဆုံးသွားသော စိတ်ဝိညာဉ် အနှစ်သာရများကို လျှင်မြန်စွာ ပြန်ဖြည့်ပေးနိုင်သော အစွမ်းရှိသည်။
ပုဖန်က ထိုထိပ်တန်းကျိုင်းပုစွန်အတွင်းမှ စိတ်ဝိညာဉ် အနှစ်သာရများကို မူလအတိုင်းနီးပါး ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ထို့ကြောင့်ပင် သူ အသားပေါင်းပြီးသည်နှင့် ထိုအသားလေးက ပိုလှပ ပိုကြည်လင်ပြီး ပိုတောက်ပလေသည်။
အသားပေါင်းပြီးသွားသည်နှင့် သူစပ်ထားပြီးသား ချဉ်စပ်ငရုတ်ရည်ကို အပေါ်မှနေ၍ လောင်းလိုက်သည်။ပွင်းလန်းလာသော ပုံပွင့်ပုံသဏ္ဍာန်ဖော်ထားသည့် အထူးဟင်းပွဲက ပြီးပြည့်စုံသွားလေပြီ။
ပုဖန် ပုစွန်ပေါင်းပန်းကန်ကို သယ်၍ မီးဖိုချောင်ထဲ၌ ထွက်လာသာအခါ၌... ကြမ်းပြင်ပေါ်၌ ထိုင်နေသောနန်ကုန်းဝူချယ်က နှာခေါင်းရှုံ့ပွရှုံ့ပွ လုပ်လိုက်မိသည်။သူ ပုဖန် လက်ထဲမှ ပုစွန်ပေါင်းကို မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် သူ့၏ မျက်လုံးများ တောက်ပလာလေသည်။
ခဏတာ ပြန်လည် ကုစားပြီးနောက် သူ့၏ ခန္ဓာကိုယ်ထဲမှ ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။သို့သော်သူ့၏ ဒဏ်ရာပခြေအနေက တိုးတက်လာသည်ဟု ဆိုခြင်းမဟုတ်ပဲ ပိုဆိုးမသွားအောင်သာ တားဆီးနိုင်ခဲ့ခြင်းဖြစ်သည် ။
"ဒီဟင်းပွဲနာမည်က ဘာလဲ...မီနူးမှာ မပါဘုးမဟုတ်လား..."
နန်ကုန်းဝူချယ်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
"မီနူးမှာမပါတဲ့ ဟင်းပွဲတွေ အများကြီးပဲရှိတယ်..."
ပုဖန်က အေးဆေးစွာပင်ပြောလိုက်သည်။ထို့နောက် ခုံတစ်ခုံကို ဆွဲ၍ ဝင်ထိုင်လိုက်သည်။နန်ကုန်းဝူချယ်က စောင့်ရသည်ကို စိတ်မရှည်ပင် ဖြစ်နေမိသည်။ထို့ကြောင့် သူ အလျှင်အမြန်ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် တူဖြင့် ပုစွန်အသားတစ်ဖက် ကို ညှပ်ယူလိုက်သည်။
ပုစွန်အသားပေါင်းလေးကို ငရုတ်ရည်ထဲ စိမ်ထားပြီးပြီ ဖြစ်သောကြောင့် အနီရောင်လေး သန်းနေပေသည်။နန်ကုန်းဝူချယ်က ထိုအသားဖတ်ကို ပါးစပ်ထဲသို့ ချက်ချင်းထည့်လိုက်သည်။
"အိုး..... "
အသားကို ဝါးလိုက်သည်နှင့် နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ထိုအသားက နူးညံ့နေပြီး အရသာလည်း မျိုးစုံနေပေသည်။
အထူးသဖြင့် ချဉ်စပ်အရသာဖြစ်သည်။ထိုချဉ်စပ်အရသာက အရသာခံ အာရုံကြောများဆီ ပြန့်နှံ့သွားပြီးနောက် သူ့၏ အရိုးအဆစ်များထဲထိပါ တိုးဝင်သွားကာ သွေးစီးဆင်းမှုကို ပို၍ ကောင်းမွန်လာစေသည်။
ထိုပုစွန်ပေါင်းတစ်ဖတ်စားပြီးသည်နှင့် ချွေးများစတင်ထွက်လာသည်။သူ့၏ အစာအိမ်ထဲ၌ စိတ်ဝိညာဉ် အနှစ်သာရစွမ်းအင်များ လည်ပတ်စီးဆင်းနေသည်ကို နားလည်လိုက်သည်။သူထိုစွမ်းအင်များကို ချက်ချင်းပင် စုပ်ယူလိုက်သည်။
အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။သူ့၏ စွမ်းအင်များ လျှင်မြန်စွာ ပြန်လည် ဖြည့်တင်းလာသည်ဟု နန်ကုန်းဝူချယ်ခံစားလိုက်မိသည်။ဒီဟင်းပွဲထဲ၌ ပါဝင်နေသော စိတ်ဝိညာဉ် အနှစ်သာရများက လက်ရှိ သူလိုအပ်နေသည်နှင့် ကွက်တိပင် ဖြစ်သည်။
ဟင်းပွဲ၏ အကျိုးသက်ရောက်မှုက အနည်းငယ်လောက် လျော့နည်းနေသေးသော်လည်း သူစိတ်ကျေနပ်မှု ရှိနေဆဲပင်ဖြစ်သည်။
အကယ်၍ သူသာ အဖိုးကြီးချမ့်၏ ရတနာရှစ်သွယ်ကြက်ကိုသာ ရရှိခဲ့လျှင် ပိုင်ရှင်ပု၏ အထူးနည်းလမ်းများဖြင့်ချက်ပြုတ်ခိုင်းလိုက်ပေမည်။ထ်ိုသို့ဆိုလျှင် အရသာက ပို၍ပင် အလွန်တရာကောင်းမွန်လှပေလိမ့်မည်။
နန်ကုန်းဝူချယ် ကျေနပ်အားရစွာစားသောက်နေစဉ်မှာပင် ရုတ်တရက် ဆိုင်၏ သံတံခါးကို တစ်စုံတစ်ယောက်က ထုရိုက်လာလေသည်။
"ဒုန်း...ဒုန်း...ဒုန်း...တံခါးဖွင့်...မြန်မြန်လေးဖွင့်...နန်ကုန်းမိသားစုက ရာဇဝတ်သားကို လိုက်ရှာနေတယ်..."