အပိုင်း ၄၄၁
Viewers 53k

အခန်း ၄၄၁

နန်ကုန်းဝူချယ်၏ သတ်ဖြတ်မှု


"တံခါးမြန်မြန်ဖွင့်... နန်ကုန်းမိသားစုက အပြစ်သားကို လိုက်ရှာနေတယ်..."


တစ်စုံတစ်ယောက်က တံခါးကို ပြင်းထန်စွာ ထုလိုက်သောကြောင့် ကျယ်လောင်လှသော အသံထွက်ပေါ်လာသည်။ပုဖန် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး နန်ကုန်းဝူချယ်ကို သံသယမကင်းစွာ ကြည့်လိုက်သည်။


နန်ကုန်းဝူချယ်က ထိုသူများကို လုံးဝ ဂရုမစိုက်ပေ။သူက ပုစွန်အသားလေးတစ်ဖတ်ကို ကောက်ယူလိုက်ပြီးနောက် အချဉ်ရည်ထဲ သေချာစွာ နှစ်လိုက်သည်။ထို့နောက် သူ့၏ ပါးစပ်ထဲထည့်လိုက်ပြီး ကျေနပ်စွာဖြင့် စားသောက်နေလေသည်။


"မှန်တယ်...သူတို့ရှာနေတဲ့ အပြစ်သားဆိုတာ ငါလေ..."


နန်ကုန်းဝူချယ်က ပုစွန်အသားကို ဝါးရင်းဖြင့် ပလုတ်ပလောင်း ပြောလိုက်သည်။


"နန်ကုန်းမိသားစုရဲ့ ဆက်ခံသူ သခင်လေးက ဝရမ်းပြေးလား..."


ထိုရာဇဝတ်ကောင် လိုက်ရှာခြင်းနှင့် နန်ကုန်းဝူချယ်၏ သွေးများ စိုနစ်နေသော ခန္ဓာကိုယ်ကို ဆက်စပ်တွေးမိသွားပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။


နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေး၍ နန်ကုန်းဝူချယ်ကို ကြည့်နေလိုက်၏။ပုစွန်သားတစ်ဖက်ကို ထပ်မံ စားသုံးရန်ကြံနေသော နန်ကုန်းဝူချယ်က ပုဖန်၏ ပြောင်ပြောင်တင်းတင်း အကြည့်များကို သတိပြုမိသွားသည်။


သူစိတ်မသက်မသာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ထို့နောက် ပုစွန်အသားကို စားလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာများကို ပုဖန်ကို ပြန်ပြောပြလိုက်သည်။


ပုဖန်က ထိုင်ခုံနောက်မီကို အေးအေးသာသာ မှီ၍ နားထောင်နေသည်။သူပို၍ ကြားရလေလေ ပို၍ မျက်မှောင်ကြုတ်မိလေလေပင် ဖြစ်နေသည်။ထိုအရာများအားလုံးက နန်ကုန်းမိသားစုဝင်များ၏ သစ္စာဖောက်မှု ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။


ပုဖန် နန်ကုန်းဝူချယ်၏ စိတ်ပျက်ဖွယ် အခြေအနကို တွေးမိသွားပြီး သူ့၏ နှလုံးသားက အေးစက်လာခဲ့သည်။


"အေးအေးဆေးဆေးသာ အားရပါးရစား သူတို့ကို ဂရုစိုက်မနေနဲ့ ..."


ပုဖန်က တံခါးဖွင့်ဖို့ စိတ်ကူးမရှိပဲ နန်ကုန်းဝူချယ်ကိုသာ အေးဆေးစွာ ဆက်စားခွင့်ပြုလိုက်သည်။ပုစွန်အသားများက သူ့၏ ခွန်အားများကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ အထောက်အကူ ပြုပေလိမ့်မည်။


အပြင်ဘက်ရှိ သူများကလည်း တံခါးက ပိတ်ထားဆဲသာရှိသေးသောကြောင့် တစ်ခုခုလွဲနေပြီမှန်း သတိပြုမိလိုက်ကြသည်။အစပိုင်း၌ စားသောက်ဆိုင်ပိုင်ရှင်က အိပ်ပျော်နေဆဲဖြစ်သောကြောင့်ဟု ထင်ခဲ့မိသည်။


သို့သော်လည်း သူတို့က ကျယ်လောင်စွာ အော်ဟစ်နေသည့်အပြင် တံခါးကိုလည်းကျိုးမတက် ထုနှက်နေလေရာထိုဆိူင်ပိုင်ရှင် အိပ်ပျော်နေဖို့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။


စားသောက်ဆိုင်၏ ပိုင်ရှင်က ကြောက်ရွံ့နေလို့လား ... 


ကြောက်တယ် ဘာလို့ကြောက်တာလဲ...နန်ကုန်းဝူချယ်အထဲမှာ ရှိနေလို့လား...


ဒါက ဖြစ်နိုင်ပေသည်။နန်ကုန်းမိသားစုမှ လူများက ထ်ိုအကြောင်းကို တွေးမိသွားပြီးနောက် ပို၍ စိတ်လှုပ်ရှားလာကာ တံခါးကို ပြင်းထန်စွာထုလေတော့သည်။


နန်ကုန်းဝူချယ်က နောက်ဆုံးအသားဖတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် သေချာဝါး၍ မြိုချလိုက်သည်။ထို့နောက် သူ သက်တောင့်သက်သာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။


ထိုဟင်းပွဲကို စားပြီးနောက် သူ့၏ ဒဏ်ရာများ ပျောက်ကင်းလုနီးပါး ဖြစ်သွားသည့်အပြင် အစစ်အမှန်စွမ်းအင်များလည်း ပြန်လည် ပြည့်ဝလာသည်။


သို့သော်လည်း သူ့၏ ငရဲဘုရင် ကိုးပါးမီးလျှံကို ထုတ်ယူခြင်းခံခဲ့ရသောကြောင့် ပျက်စီးဆုံးရှုံးမှုကို ခံစားနေရဆဲဖြစ်သည်။


သို့သော် အနည်းဆုံးအနေဖြင့် သူအသက်ရှင် လွတ်မြောက်ခဲ့သည်။


"မင်းစားလို့ ပြီးသွားပြီလား..."


ပုဖန်က မေးလိုက်သည်။


နန်ကုန်းဝူချယ်က ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။


ပုဖန်က မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီိသို့ လျှောက်သွားလိုက်သည်။တံခါးကို ထုရိုက်နေသံများကလည်း ပို၍ပို၍ပင် ကျယ်လောင်လာသည်။


"မင်းအခုထ်ိ တံခါးမဖွင့်သေးဘူးဆိုရင် ငါတို့ တံခါးကို ချိုးဖျက်ရလိမ့်မယ်..."


အပြင်ဘက်၌ ရှိနေသော နန်ကုန်းမိသားစုသူများက အော်ဟစ် ခြိမ်းခြောက် ပြောဆိုလိုက်သည်။နန်ကုန်းဝူချယ်အထဲထဲ၌ ရှိနိုင်သည့် ဖြစ်နိုင်ချေပိုများပေသည်။


ဘန်း.....ဘန်း.....


ပုံမှန်အတိုင်း တံခါးထုရိုက်သံ ထွက်ပေါ်လာပြီးနောက် အပြင်ဘက်၌ ရှိနေသော သူတစ်ယောက်က သူ့၏ အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး တံခါးကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။


ကျွီ.....


ပုဖန်က သံတံခါးကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။သူတို့၏ အစစ်အမှန်စွမ်းအင်များကို စုစည်းပြီး တံခါးကို တိုက်ခိုက်ရန် ကြံရွယ်နေသော တန်ခိုးရှင် အဆင့်နှစ်ယောက်က တံခါးရုတ်တရက် ပွင့်လာခြင်းကြောင့် ရှက်ရွံ့သွားသည်။သို့သော်လည်း သူတို့ အလျှင်အမြန်ပင် တံခါးရှေ့၌ ရပ်လိုက်ကြသည်။


ဒီဆိုင်ကို သံသယဝင်နေလေပြီ။


"မင်းဘာလို့ တံခါးမဖွင့်တာလဲ... "


သူတို့က ပုဖန်ကို အေးစက်စွာဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ပုဖန်က မတုန်မလှုပ် အမူအရာဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး ဆိုင်ထဲသို့ ပြန်လှည့်ဝင်သွားလိုက်သည်။


ထိုတန်ခိုးရှင်အဆင့်က ပုဖန်၏ မခန့်လေးစား အမူအရာကြောင့် ပို၍ ဒေါသထွက်လာသည်။သို့သော်လည်းဆိုင်အတွင်း၌ ထိုင်ခုံကိုမှီ၍ ထိုင်နေသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသောအခါ၌ သူ့၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားလေသည်။


ထိုလူက မျက်နာပေါ်၌ အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး တန်ခိုးရှင်အဆင့်ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်နေလေသည်။


"နန်ကုန်းဝူချယ်..."


ထိုတန်ခိုးရှင်အဆင့်၏ ရေရွတ်သံကို ကြားလိုက်ရသောအခါ၌ အပြင်ဘက်၌ရှိနေသောသူများအားလုံး ကြောင်အမှင်သက်သွားကြသည်။


နောက်ဆုံးတော့ သူတို့ သူ့ကို ရှာတွေ့ပေပြီ။သူက ဆိုင်ထဲ၌ တကယ်ရှိနေပေ၏။တန်ခိုးရှင်အဆင့်က အံ့အားသင့်သွားပြီးနောက် အလွန်ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။သူက နန်ကုန်းဝူချယ်၏ ထိခိုက်ထားသော အသွင်အပြင်ကိုကြည့်ရင်း ရွှေတုံးကောက်ရသကဲ့သို့ပင် ပျော်ရွှင်နေ၏။


သူသာ နန်ကုန်းဝူချယ်ကို ဖမ်းနိူင်ခဲ့လျှင် နန်ကုန်းမိသားစုဆီမှ ဆုရရှိခဲ့ပေလိမ့်မည်။ထိုဆုက မသေမျိုးခန္ဓာအဆင့်ကို ချိုးဖောက်တက်ရောက်ရန်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။


နန်ကုန်းဝူချယ်ကို ဖမ်းနိုင်ပါ့မလား...


သူ ထိုအကြောင်းကိုတော့ စိုးရိမ်ပူပန်ခြင်းမရှိပေ။အဘယ့်ကြောင့် ဆိုသော် ယခုလက်ရှိအခြေအနေ၌ နန်ကုန်းဝူချယ်၏ ငရဲဘုရင်ကိုးပါး မီးလျှံကို ထုတ်ထားခဲ့ပြီးပြီဖြစ်သည်။


သူက ယခင်ကကဲ့သို့ ဂုဏ်သရေရှိပြီး လေးစားစရာ နန်ကုန်း သခင်လေး မဟုတ်တော့ပေ။ယခုလက်ရှိ၌ သူကဆိုးဆိုးရွားရွားဒဏ်ရာရထားပြီး သူ့၏ စွမ်းအင်အဆင်ကလည်း ထိခိုက်ထားပေသည်။ထို့ကြောင့် တန်ခိုးရှင် အဆင့်တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။ထို့ကြောင့်ပင်လျှင် တန်ခိုးရှင်အဆင့်က အလွန်ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်။


ဆိုင်ပိုင်ရှင်အတွင်ကမူ သူက အဆင့် ၈ စစ်နတ်ဘုရားအဆင့်မျှသာရှိသေးသော ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်သည်။ထိုသူ့ကို အလွယ်တကူပင် သတ်ပစ်နိုင်သောကြောင့် စိုးရိမ်နေစရာမလိုပေ။သူက နှောင့်ယှက်လာနိုင်မည် မဟုတ်ပေ။


တစ်ခြားသူများကလည်း ထိုတန်ခိုးရှင်လိုပင် တွေးတောလိုက်ကြသည်။သူတို့က လောဘအပြည့်မျက်ဝန်းများဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။


ဝီ.....


ခရမ်းရောင်အလင်းတန်းများ တောက်ပလာပြီးနောက် ဝှိုက်တီက မီးဖိုချောင်ထဲမှ ဖြေးညှင်းစွာ ထွက်လာကာ ပုဖန်ဘေးနားရပ်လိုက်သည်။


"ဟေး... ဖိုးဖိုးဝှိုက်...မင်းသူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး...ငါတာဝန်ပဲ ထားလိုက်..."


နန်ကုန်းဝူချယ်က ဝှိုက်တီကို ပြုံး၍ ကြည့်လိုက်ပြီး ပြောလိုက်သည်။သူ မတ်တပ်ထရပ်လိုက်ပြီး အကြောအချဉ်ဆန့်လိုက်ရာ အရိုးနှင့် ကြွက်သားများမှ တကျွတ်ကျွတ်မြည်သံများပင် ထွက်ပေါ်လာလေသည်။


နန်ကုန်းဝူချယ်က သူ့၏ ဆံပင်နီများကို ဖြီးသင်လိုက်ပြီး နန်ကုန်းမိသားစုများမှလူများကိုကြည့်လိုက်ရာ ထိုသူများ အေးစိမ့်မှုကို ခံစားလိုက်ရသည်။


ထိုသူများကြားထဲ၌ ရင်းနီးနေသော မျက်နာများကို သတိပြုမိလိုက်သည်။သူတို့ထဲမှ တစ်ချို့က နှိပ်စက် ညှင်းပန်းခဲ့သူများဖြစ်သည်။ယခုချိန်က သူတို့ ပြန်လည် ပေးဆပ်ရမည့် အချိန်ပင် ဖြစ်သည်။


"မင်းတို့အားလုံး သူ့ကို တိုက်ကြ...သူ့ကိုဖမ်း... လုံးဝမလွတ်စေနဲ့..."


တန်ခိုးရှင်အဆင့် ပညာရှင်က အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။


နန်ကုန်းဝူချယ်က ကြမ်းပြင်ကို အသာအယာထောက်ကန်လိုက်ပြီး အရှေ့သို့ တဟုန်ထိုးတိုးဝင်သွားသည်။မိုးသက်မုန်တိုင်းကျသကဲ့သို့ လေအရှိန်ပြင်းထန်သွားလေသည်။


နန်ကုန်းဝူချယ်၏ ပုံရိပ်က ထို တန်ခိုးရှင်အဆင့် ပညာရှင်အရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။သူက ခေါင်းမော့၍ အေးစက်လှသော မျက်ဝန်းများဖြင့် ထိုတန်ခိုးရှင်နှစ်ယောက်ကို မလွှဲတမ်းကြည့်လိုက်၏။


အေးစက်လှသော အကြည့်များက သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာထွက်နေသောကြောင့် တန်ခိုးရှင်နှစ်ယောက်လုံး တုန်လှုပ်သွားလေသည်။


နန်ကုန်းဝူချယ်က ထ်ိုလူနှစ်ယောက်၏ အင်္ကျီကုတ်မှ ဆွဲကိုင်လိုက်ပြီး အနည်းကယ်မျှပင်တုံ့ဆိုင်းခြင်းမရှိပဲ ဆိုင်ထဲမှ ဆွဲခေါ်သွားလေသည်။


ဘန်း...ဘန်း...


နန်ကုန်းဝူချယ်က ထိုနှစ်ယောက်ကို အဝေးသို့ အားနှင့်လွှတ်ပစ်လိုက်လေရာ ကျယ်လောင်လှသော အသံနှစ်သံ ဆက်တိုက်ထွက်ပေါ်လာသည်။ထိုတန်ခိုးရှင်နှစ်ယောက်က သက်စောင့်ဆေးဆိုင်နှစ်ဆိုင်နှင့် ပြင်းထန်စွာဝင်တိုက်မိသွားပြီး ဆိုင်များပင် ပျက်စီးသွားလေပြီ။


"မင်းတို့အားလုံးကို တကယ့်ကို ခွင့်မလွှတ်နိုင်ဘူး..."


နန်ကုန်းဝူချယ်၏ အသံက အေးစက်နေလေသည်။သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများကလည်းအေးခဲလာ၏။တန်ခိုးရှင်အဆင့်နှစ်ယောက်က မြေပြင်ပေါ်မှ တွားသွား၍ထလာသည်။သူတို့က သွေးချောင်းအဆက်မပြတ်ဆိုးနေရင်းဖြင့် အရူးတစ်ယောက်လိုလည်း ရယ်မောနေလေသည်။


"မင်းက အရင်တုန်းက နန်ကုန်းဝူချယ်မဟုတ်တော့ဘူး အခုချိန်မှာ မင်းက အရမ်းအားနည်းနေပြီ..."


တန်ခိုးရှင်အဆင့်တစ်ယောက်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ထို့နောက် သူခန္ဓာကိုယ်မှလည်း သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာထွက်လာသည်။


သူ့၏ အစစ်အမှန် စွမ်းအင်များအားလုံးကို လက်သီး၌ စုစည်းလိုက်ပြီး တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ထို နည်းလမ်းက နန်ကုန်းမိသားစု၏ လက်သီးသိုင်းဖြစ်သည်။သူ့၏ အရှိန်အဝါက အလွန်ခန့်ညားလှသည်။


နန်ကုန်းဝူချယ်က အေးစက်စွာရယ်မောလိုက်သည်။သူတို့ပြောဆိုသည်က မမှားပေ။သူ့၏ ငရဲဘုရင်ကိုးပါး မီးတောက်ကို ဆုံးရှုံးသွားပြီးနောက် သူ့ခွန်အားအဆင့်က အနည်းငယ်လျော့ကျသွားသည်။သူအပြင်းအထန် ဒဏ်ရာရခဲ့သောကြောင့် သူ့ခွန်အား အနည်းငယ် လျော့ကျသွားခြင်းဖြစ်သည်။


သို့သော်လည်း သူက မသေမျိုးခန္ဓာအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ထို့အပြင် ပိုင်ရှင်ပု၏ ပုစွန်သားပေါင်းကို စားပြီးနောက် သူ့စွမ်းအင်အဆင့်က ပြန်လည်၍ ကောင်းမွန်လာပြီဖြစ်သည်။


တန်ခိုးရှင်အဆင့် နှစ်ယောက်နှင့် ရင်ဆိုင်ခြင်းက သူ့အတွက် အလွန်ပင် လွယ်ကူနေလေ၏။သူ့၏ အော်ရာများကို ပတ်ဝန်းကျင်တစ်ခွင် ဖြန့်ကျက်လိုက်သည်။သူ့နောက်ကျောဘက်၌ မမြင်နိုင်သော ရေခဲသံကြိုးများ မျောလွင့်နေသလိုပင် အေးစက်မှုကို ခံစားရလေသည်။


နန်ကုန်းဝူချယ်က အရှေ့သို့ နောက်တစ်ကြိမ် တိုးဝင်သွားလိုက်ပြန်သည်။ဒီန

တစ်ကြိမ်၌ သူ့၏ အရှိန်က အသံထက်ပင် လျှင်မြန်နေလေသည်။


ဘန်း ...


ကျယ်လောင်လှသောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။နန်ကုန်းဝူချယ်ကို တိုက်ခိုက်ရန်ပြင်နေသော တန်ခိုးရှင်အဆင့် ပညာရှင်၏ အခြေအနေက ပြောင်းပြန်လှန်လိုက်သလိုပင် ထိုးနှက်မှုကြောင့် မြေပြင်ပေါ် ပြင်းထန်စွာ ရိုက်ခတ်သွားမိသည်။


နန်ကုန်းဝူချယ်က ပေါက်ကွဲမှု မဖြစ်ခင် သူ့၏ အစစ်အမှန်စွမ်းအင်များကို အကာအကွယ်အဖြစ်ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို ကာထားလိုက်သည်။


ထိုတန်ခိုးရှင်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး နာကျင်စွာ အော်သံကျယ်ကျယ်လောင်လောင်ကို ကြားလိုက်ရသည်။


နန်ကုန်းဝူချယ်က မြေပြင်ကို ပြင်းထန်စွာ စောင့်နင်းလိုက်ပြီး နောက်ထပ်ကျန်နေသေးသော တန်ခိုးရှင်ဆီသ်ို့ တိုးသွားလိုက်သည်။


သူ့၏ အစစ်အမှန်စွမ်းအင်များက ပုစဉ်ရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသည့် ဓားအဖြစ်ပြောင်းလဲသွားပြီးနောက် ထိုတန်ခိုးရှင်အဆင့် ပညာရှင်ကို ပိုင်းဖြတ်လိုက်သည်။ ခေါင်းက ကောင်းကင်ယံထက်သို့ မြှောက်တက်သွားပြီး သွေးများ ပန်းထွက်လာလေသည်။


လူပြက်တစ်ယောက်ကဲ့သို့ ပြုမူလေ့ရှိသော နန်ကုန်းဝူချယ်က အေးစက်လှသောသတ်ဖြတ်သူ တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။တန်ခိုးရှင်အဆင့်နှစ်ယောက်ကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်ပြီးနောက် သူ့အကြည့်များက တစ်ခြားသူများပေါ် ကျရောက်သွားလေသည်။


ဒီလူအားလုံးက နန်ကုန်းမိသားစုကို သစ္စာဖောက်ခဲ့သူများဖြစ်သည်။သူတို့အားလုံးက သေဖို့ထိုက်တန်ပေသည်။နန်ကုန်းဝူချယ်၏ ဆံပင်နီများက လေ၌ တဖျက်ဖျက်လွင့်ခါနေသည်။သွေးများပေကျံနေသော သူ့၏ မျက်နာကလည်း ပို၍ ကြောက်ရွံ့အောင် ပြုလုပ်နေသည်။


ဘန်း....


သူ့၏ ခြေထောက်အောက်မှ အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်က အရှေ့သို့ အရှိန်ဖြင့် တိုးဝင်သွားပြန်သည်။နန်ကုန်းမိသားစု၏ တပည့်များက အလွန်တရာကြောက်ရွံ့ထိတ်လန့်နေသည်။


"နန်ကုန်းဝူချယ်က ဒဏ်ရာပြင်းပြင်းထန်ထနမရထားတယ်လို့ တစ်ယောက်ယောက်ပြောလိုက်တယ် မဟုတ်ဘူးလား...အဲ့ဒါကြောင့်မို့ သူအရင်တုန်းက ပိုင်ဆိူင်ခဲ့တဲ့ ခွန်အားမျိုးကို သူပြန်လည်မရရှိတော့ဘူးလို့ ပြောတယ်မဟုတ်ဘူးလား..."


အဲ့ဒီလူက သူတို့ကို တကယ့်ကို ချောက်ချလိုက်ပေသည်။ယခုလက်ရှိ နန်ကုန်းဝူချယ်က ပြင်းပြင်းထန်ဒဏ်ရာရထားသည့်သူနှင့် လုံးဝ မတူညီပေ။


ရွှပ်....ရွှပ်....


ဆိုင်ပတ်ဝန်းကျင်ရှိ မြေပြင်က သွေးရောင် စွန်းထင်းသွားသည်။သွေးများက အိုင်ငယ်လေးများအဖြစ်ပင် ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်အနှံ့စီးဆင်းသွားလေသည်။


နန်ကုန်းဝူချယ်က သိုးအုပ်ကို အမဲလိုက်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် သူ့၏ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်ဖော်ထားလေသည်။


ရုတ်တရက် တစ်နေရာရာဆီမှ ပေါက်ပွဲသံတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် ကမ္ဘာ့ဖိအားစွမ်းအင်လှိုင်းများက နန်ကုန်းဝူချယ်ဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာလေသည်။


ဒီနေရာဆီသို့ လျှင်မြန်စွာ ပြေးဝင်လာလေသူသည် သူ့၏ လမ်းကြောင်း၌ ရှိနေသော ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်လိုက်သလိုမျိုး ထင်ရသည်။ရောက်ရှိလာသော ထိုသူ၏ ခန္ဓာကိုယ်မှာ အားကောင်းလှသော အော်ရာများ ပြန့်လွင့်နေသည်။သူ့၏ နောက်ကျော၌လည်း လှုပ်ခါနေသော သံကြိုးတစ်ချောင်းရှိနေသည်။


နန်ကုန်းဝူချယ်က နောက်ဆုံးကျန်နေသည့် တပည့်တစ်ယောက်ကို သတ်ပြီးနောက် သွေးများပေပွနေသည့် မျက်နာဖြင့် ထိုသူကို မော့ကြည့်လိုက်သည်။


"နန်ကုန်းချန်း...မင်းကကော ငါ့ကို လာသတ်တာလား..."


နန်ကုန်းဝူချယ်၏ အသံက အက်ရှနေသည်။


"မင်းက အခု နန်ကုန်းမိသားစုရဲ့ ရာဇဝတ်ကောင်ဖြစ်နေပြီ...ငါကမင်းကိုမှ မသတ်ဘူးဆိုရင် ဘယ်သူ့ကို သတ်ရမှာလဲ..."


ထိုလူက ခပ်ယောင်ယောင်ပြုံးလိုက်ပြီး နန်ကုန်းဝူချယ်ကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။


ကောင်းကင်ဘုံအမွေခံတစ်ယောက်ဖြစ်သော နန်ကုန်းဝူချယ်...


နန်ကုန်းဝူချယ်လို လူမျိုးပင် ဒီနေ့လိုနေ့မျိုးရှိလာခဲ့ပေသည်။


နန်ကုန်းဝူချယ်က သူ့လက်ထဲမှ အလောင်းကောင်ကို ပစ်ထုတ်လိုက်ပြီး တည့်တည့်မတ်မတ်ရပ်၍ အသက်ပြင်းပြင်းရှိုက်လိုက်သည်။


ပလောက်....ပလောက်....


ရုတ်တရက် ကောင်းကင်ပြင်၌ တိမ်မဲများ ဖုံးလွှမ်းသွားပြီး မိုးစက်ကလေးများကျသံ ထွက်ပေါ်လာသည်။ခဏအတွင်းမှာပင် မိုးစက်များက များပြားလာပြီး သည်းသည်းထန်ထန် ရွာသွန်းလာသည်။


နန်ကုန်းချန်းက ကောင်းကင်ထက်၌ ဂုဏ်ယူဝင့်ကြွားဟန်အပြည့်ဖြင့် လွင့်မျောနေသည်။သူ့၏ ခန္ဓာကိုယ်၌လည်း ထိုမိုးစက်များကနေ ကာကွယ်ထားသော အကာအကွယ်တစ်ခုရှိလေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်ယုံကြည်မှု ရှိနေပုံပေါ်သည်။


နန်ကုန်းဝူချယ်ကမူ မိုးရွာခြင်းကို ရှောင်ရှားလိုခြင်းမရှိသောကြောင့် ရေခဲတမျှ အေးစက်လှသော ရေစက်များကို သူ့ခန္ဓာကိုယ်ပေါ်သို့သာ ကျဆင်းစေလိုက်သည်။အေးမျှလှသော မိုးရေးစက်များက သူ့ကို အနည်းငယ် အေးသွားစေသည်။


ထိုမိုးရေစက်များက သွေးများပေကျံနေသည့် သူ့ကို ဆေးကြောပေးလိုက်သကဲ့သို့ပင် သူ့၏ ချောမောခန့်ညားလှသော မျက်နာ ပြန်လည်ပေါ်လာသည်။


သူ့၏ အဝတ်အစားများကလည်း တော်တော်များများ ဆုတ်ပြဲနေလေရာ အသားအစိတ်အပိုင်းများကို လှစ်ဟပြထားသလိုဖြစ်နေသည်။သူ့၏ အရေပြားပေါ်၌ ပြန်လည်မကုစားရသေးသည့် မြောက်များလှစွာသော ဒဏ်ရာအမာရွတ်များ ရှိနေသည်။


တစ်နေ့တွင် နန်ကုန်းမိသားစုကြောင့် သူထိုကဲ့သို့ ဒဏ်ရာများ ခံစားရလိမ့်မည်ဟု နန်ကုန်းဝူချယ်တစ်ခါမှမတွေးဖူးပေ။မိုးစက်များက ပေကျံနေသော သွေးစက်များနှင့်အတူ နန်ကုန်းမိသားစုအပေါ် ထားရှိသော ဂရုစိုက်မှု အလေးစိုက်မှုများကိုပါ ဆေးကြောပေးလိုက်လေသည်။


သူ့၏ သတ်ဖြတ်ခြင်း အငွေ့အသက်များက ပို၍ သိပ်သည်းလာပြီး မျက်ဝန်းအစုံကို ဖုံးလွှမ်းသွားလေသည်။ထို့နောက် ကောင်းကင်ယံထက်၌ ရပ်နေသော နန်ကုန်းချန်းကို မော့ကြည့်လိုက်သည်။


"ကျွတ်....ကျွတ်....ကျွတ်....ကြောက်စရာကောင်းလိုက်တဲ့ အကြည့်...နန်ကုန်းဝူချယ် မင်းဒီမှာရှိတယ်ဆိုတာကို အကြီးအကဲ ရွှမ်ယင်က သိထားပြီးပြီ...အခုသူ ဒီကိုလာနေပြီ...မင်းကဘာလို့ နာနာခံခံနဲ့ အရှုံးမပေးရသေးတာလဲ..."


နန်ကုန်းချန်းက လှောင်ပြုံးနှင့် ပြောလိုက်သည်။


ပုဖန်နှင့် ဝှိုက်တီက ဆိုင်အပေါက်ဝဆီသို့ လျှောက်လာခဲ့သည်။ပုဖန်က သွေးလွှမ်းနေသော ပတ်ဝန်းကျင်တွင် သွေးနံ့များ သင်းနေသည့် လေထုကြောင့် မျက်ခုံးပင့်လိုက်မိသည်။ရူးသွပ်သွားသော နန်ကုန်းဝူချယ်က တကယ်ကို ကြောက်စရာကောင်းပေသည်။


"နန်ကုန်းရွှမ်ယင်... ဟမ့်...တစ်နေ့ကျရင်တော့ အဲ့ဒီလူအိုကြီးသုံးယောက်ကို ငါသေချာပေါက်သတ်ဖြတ်မယ်...ဒါပေမယ့် အဲ့ဒါ မတိုင်ခင် အခုမင်းကို အရင်သတ်မယ်..."


နန်ကုန်းဝူချယ်က နန်ကုန်းချန်းကို ပြုံးဖြီးဖြီးဖြင့် ကြည့်၍ ပြောလိုက်သည်။