အပိုင်း ၄၄၃
Viewers 53k

အခန်း ၄၄၃

ပါဝင်ပစ္စည်းတွေကို နဲနဲပိုထည့်လိုက်တာပါ... 


ရွှေရောင်မီးတောက်များက ကြည်လင်တောက်ပနေသည်။နေအသေးစားလေးတစ်ခုဖွယ် ကြီးမားလှသော မီးတောက်က နန်ကုန်းဝူချယ်၏ အကြည့်များကို ဆွဲဆောင်ထားလေသည်။သူလုံးဝ အံ့အားသင့်နေလေ၏။


"ဒါက ကောင်းကင်ကမ္ဘာမြေမီးလျှံမဟုတ်လား...ဒါတကယ့်ကိုပဲ ကောင်းကင်ကမ္ဘာမြေမီးလျှံမဟုတ်လား..."


သူက ပုဖန်၌ ကောင်းကင်ကမ္ဘာမြေမီးတောက်ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝမတွေးဖူးပေ။ပုဖန်က မသေမျိုးခန္ဓာအဆင့်ပင် မရောက်သေးပေ။ကောင်းကင်ကမ္ဘာမြေမီးလျှံက မသေမျိုး ခန္ဓာအဆင့်မျှပင် ထိန်းချုပ်ရန် ခက်ခဲလှသည်။ဒါက တကယ့်လက်တွေ့ အစစ်အမှန်နဲ့ မတူပဲ ဆန်းကြယ်သည့် ပုံပြင်တစ်ပုဒ်နဲ့ပင် တူနေသည်။


"ပိုင်ရှင်ပုက မသေမျိုးခန္ဓာအဆင့်တောင်မရောက်သေးတာ ဘယ်လိုလုပ်ပြီး ကောင်းကင်ကမ္ဘာမြေမီးလျှံကို စုပ်ယူနိုင်မှာလဲ..."


ထို့အပြင် သူက အဂဂိရတ်ပညာရှင်မဟုတ်လေရာ ထိုမီးတောက်ကို စုပ်ယူနိုင်ဖို့ ပို၍ပင် ခက်ခဲပေလိမ့်မည်။ထို့အပြင် ကောင်းကင်ကမ္ဘာမြေမီးလျှံများက အလွန်တန်ဖိုးရှိလှသော အရာများဖြစ်လေရာ စစ်နတ်ဘုရားတစ်ပါးက မည်ကဲ့သို့ ထိန်းသိမ်းထားနိုင်ပါမည်နည်း။


"ခဏနေဦး ...ဘော်ဒါပု မင်းဘာလုပ်နေတာလဲ..."


နန်ကုန်းဝူချယ်က အတွေးလွန်နေရာမှ ပုဖန်၏ လှုပ်ရှားမှုများကို သတိပြုလိုက်မိပြီး ထိတ်လန့်သွားသည်။ရွှေရောင်မီးတောက်က အနက်ရောင် ဒယ်အိုး၏ အောက်ခြေသို့ ပျံသန်းသွားသည်ကို မြင်လိုက်သည့်အခါ နန်ကုန်းဝူချယ်၏ အမူအရာက ပြောင်းလဲသွားလေသည်။


"ဒါ...ဒါ...ဘော်ဒါပုက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ချက်ပြုတ်တဲ့နေရာမှာ အသုံးပြုတာလား..."


နန်ကုန်းဝူချယ်က လုံးဝကို ထိတ်လန့်ကြောင်အနေပေသည်။သူ့၏ ဖြူဖျော့နေသော မျက်နာပင် အကြောင်းတစ်ချို့ကြောင့် နီရဲနေပေပြီ။ဒါက တကယ့်ကို ဖြုန်းတီးလွန်းသည်။


"သူက ဒီမီးလျှံကို ဒီလိုပုံစံမျိုး ဖြုန်းတီးနေတာလား...ဘယ်လိုလုပ်ပြီး ကောင်းကင်ကမ္ဘာမြေမီးလျှံကိုတောင် ချက်ပြုတ်ဖို့အတွက် သုံးရတာလဲ...အနည်းဆုံးတော့ ဒါ ဆေးလုံးသန့်စင်တဲ့နေရာမှာ သုံးတာလေ... မဟုတ်သေးဘူး...ဒါက တကယ့်ကို ဆေးလုံးသန့်စင်တဲ့ နေရာမှာပဲ သုံးသင့်တယ်..."


ကောင်းကင်ကမ္ဘာမြေမီးလျှံနှင့် ချက်ပြုတ်ခြင်းက နဂါးသတ်ဓားဖြင့် မုန်လာဥ လှီးသလိုပင် ဖြုန်းတီးရာကျလေသည်။


ဟင်း.....


နန်ကုန်းဝူချယ်လည်း ကူရာမဲ့စွာ သက်ပြင်းတစ်ချက်သာ မှုတ်ထုတ်လိုက်မိသည်။


နန်ကုန်းရွှမ်ယင်ကလည်း ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အငွေ့အသက်ကို အာရုံခံမိလိုက်သည်။သူလှည့်ကြည့်လိုက်လေရာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံ..."


 အဆင့် ၈ ပုရွတ်ဆိတ်လေးတစ်ကောင်က ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားတယ်လား...


နန်ကုန်းရွှမ်ယင်၏ အမူအရာက နန်ကုန်းဝူချယ်နှင့် သိပ်မကွာပေ။သူ အလွန်အံ့အားသင့်ရသောကြောင့် သူ့၏ တည်ရှိမှုကိုပင် သူပြန်လည်၍ သံသယဝင်လာမိသည်။


သူ့၏ အကိုကြီးပင်လျှင် နန်ကုန်းမိသားစုကို မတွန့်မဆုတ် သစ္စာဖောက်ခဲ့ပြီးနောက် နန်ကုန်းဝူချယ် ခန္ဓာကိုယ်ထဲမှ မီးလျှံကို အတင်းအကျပ်ထုတ်ယူခဲ့ရသည်။


ထိုသို့ ပြုလုပ်လုပ်ဆောင်ပြီးမှသာလျှင် အဂ္ဂိရတ်ပညာရှင်များအတွက် လက်ဆောင်မွန်အဖြစ်သို့ ငရဲဘုရင်ကိုးပါး မီးလျှံကို ရရှိခဲ့ခြင်းဖြစ်သည်။နန်ကုန်းဝူချယ်က ငရဲဘုရင်ကိုးပါး မီးလျှံမရှိတော့သောကြောင့် သူ့၏ အဂ္ဂိရတ်ပညာအရည်အချင်းကလည်း ကျဆင်းသွားခဲ့သည်။


မြူကောင်းကင်မြို့တော်၏ ဂုဏ်ထူးဆောင် နန်ကုန်းဝူချယ်က အတိတ်သမိုင်းကြောင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့လေပြီ။ထိုအရာများအားလုံးက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက် ငရဲဘုရင်ကိုးပါး မီးလျှံကြောင့် ဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။


သို့သော်ယခုလက်ရှိ၌ သူမည်သည့်မြင်ကွင်းကို မြင်နေရပါသနည်း။


သူမသိသော ပုရွတ်ဆိတ်နှင့်ပင် ဆင်တူသည့် စစ်နတ်ဘုရားလေး တစ်ပါးက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ထုတ်ယူလိုက်သည်။နန်ကုန်းရွှမ်ယင်က ထိုဖြစ်ရပ်ကို လက်ခံနိုင်စွမ်းမရှိ ဖြစ်နေသည်။နောက်ထပ်မြင်လိုက်ရသော မြင်ကွင်းကြောင့် သူပို၍ပင် မယုံကြည်နိုင်ဖြစ်သွားသည်။


"ဒီလူက မီးလျှံနဲ့ ချက်ပြုတ်နေတယ်...သူက ဟန်ရေးပြနေတာလား..."


ဘန်း...


ဒေါသအပြည့်ဖြင့် နန်ကုန်းရွှမ်ယင်၏ လက်သီးက ဝှိုက်တီဆီသို့ ပျံသန်းသွားသည်။ဝှိုက်တီက သူ့၏ အတောင်ပံတစ်စုံကို အနည်းငယ် ခါရမ်းလိုက်ရာ သံချင်းထိခတ်သံများ ထွက်ပေါ်လာပြန်သည်။


ခရက်ရှ်...ခရက်ရှ်...ခရက်ရှ်...


ဆွစ်...ဆွစ်...ဆွစ်...


ထို့နောက် သူ့၏ ခန္ဓာကိုယ်မှ မြောက်များလှစွာသော ဓားမြှောင်လေးများ ထွက်ပေါ်လာပြီး ပျံသန်းသွားလေသည်။သူတို့၏ အမြန်နှုန်းကလည်း အလွန်ပင် မြန်ဆန်လွန်းလှသည်။


ဓားပါးလေးများက လေကိုထိုးခွဲပြီး ပျံသန်းသွားသောကြောင့် လေတိုးသံများ ဆူညံစွာ ထွက်ပေါ်လာ၏။မြောက်များလှစွာသောဓားများက ကောင်းကင်တစ်ခုလုံးပြည့်နေပြီး ရုတ်တရက် ကောင်းကင်ကြီး ပြိုကျလာတော့မယောင်ပင် ထင်လိုက်မိသည်။ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော မြင်ကွင်းကြောင့် သူတို့ ထိတ်လန့်သွားကြသည်။


ဝှိုက်တီ၏ အဆင့်မြင့်တင်မှု ပြီးနောက် ဓားများ၏ ပျံသန်းနှုန်းက မမှန်းဆနိုင်အောင် မြန်ဆန်လာခဲ့သည်။


သို့သော်လည်း နန်ကုန်းရွှမ်ယင်က အဆင့်နှစ်ဆင့် ချိုးဖောက်ပြီးသည့် မသေမျိုးခန္ဓာ ပညာရှင်ဖြစ်သည်။


သူ့၏ အစစ်အမှန်စွမ်းအားများ ပေါ်ထွက်လာပြီး သူ့နေဘေး၌ရှိနေသော သံကြိုးနှစ်ချောင်းကလည်း ပြင်းထန်စွာလှုပ်ရမ်းလာလေသည်။သံကြိုးများက တောက်ပလာပြီး အချင်းချင်းရိုက်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ဖိနှိမ့်နိုင်စွမ်းသော တန်ခိုးစွမ်းအားများကလည်း ပတ်ဝန်းကျင်တစ်ခွင် ပြန့်နှံ့လာလေ၏။


ထိုအင်အားများကြောင့် ကျောက်တုံးကျောက်ခဲများပင် ကွဲကြေသွားပြီး လေထဲ လွင့်မျောသွားလေသည်။


နန်ကုန်းရွှမ်ယင်က ပုဖန်ဆီမှ အကြည့်လွှဲလိုက်ပြီး သူ့၏ လက်ကို မြှောက်လိုက်သည်။


နန်ကုန်းရွှမ်ယင်၏ အစစ်အမှန်စွမ်းအားများက လေပွေတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး ဓားမြှောင်များအားလုံးကို ပိတ်ဆို့ကားစီးလိုက်သည်။ထို့နောက် ထိုဓားမြှောင်များကို အဝေးသို့ ရိုက်ထုတ်လိုက်လေသည်။


ဓားများက လေထဲ၌ ခဏမျှ တန့်သွားပြီးနောက် ဝှိုက်တီဆီသို့ ပြန်လည်ပျံသန်းလာသည်။ထိုမြင်ကွင်းက ထပ်ခါတလဲလဲဖြစ်ပေါ်နေလေသည်။


"ဒီရုပ်သေးက တကယ့်ကို ကိုင်တွယ်ရမလွယ်ကူဘူး ..."


နန်ကုန်းရွှမ်ယင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ဝှိုက်တီ၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။ဒီရုပ်သေးက နတ်ဘုရားနယ်ပယ်ဖြစ်နိုင်ပေသည်။


"ဘာကြောင့် နတ်ဘုရားနယ်ပယ် ရုပ်သေးတစ်ရုပ်က ဒီနေရာမှာ ပေါ်လာတာလဲ...ဒီလိုရုပ်သေးအဆင့်မျိုးကို ရုပ်သေးဂိုဏ်းကသာ ထိန်းချုပ်နိုင်တာမဟုတ်ဘူးလား...အိုး...ဟုတ်သားပဲ ရုပ်သေးဂိုဏ်းကလည်း အခုလက်ရှိ မြူကောင်းကင် မြို့မှာ ရောက်နေတာပဲ ...ဒီတော့ ဒီကလေးက ရုပ်သေးဂိုဏ်းနဲ့ ပတ်သတ်နေတာပဲ ဖြစ်မယ်..."


နန်ကုန်းရွှမ်ယင် တစ်ယောက် စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။အကယ်၍ ထိုကောင်လေးသာ ရုပ်သေးဂိုဏ်းနှင့် တကယ်ပဲ ပတ်သတ်မှုရှိနေလျှင် သူ့ကို သတ်ဖြတ်ခြင်းမဆိုထားနှင့် တိုက်ခိုက်ခြင်းကပင် သေချာပေါက် ပြန်လည် စဉ်းစားရပေမည်။


သို့သော်လည်း ထိုကောင်လေးကို မဖြေရှင်းခင် အရင်ဆုံး နန်ကုန်းဝူချယ်ကို ရှင်းထုတ်ပစ်ရပေမည်။အနာဂတ်၌ ပြဿနာအနှောင့်အယှက်ဖြစ်လာစေနိုင်သော မီးတစ်စကို ချန်ထား၍ မရပေ။


နန်ကုန်းဝူချယ်၏ အဂ္ဂိရတ်ပညာလက်ဆောင်မွန်က ပျက်စီးသွားပြီဆိုသော်လည်း သူ့၏ ကျင့်ကြံစဉ်က ထိတ်လန့်စရာကောင်းနေသေးသည်။အကယ်၍ သူသာ ပျင်းရိနေခြင်းကြောင့် မဟုတ်ပါလျှင် အတားအဆီးနှစ်ခုကိုပင် ချိုးဖျက်ပြီးပေလောက်ပြီ။


ယခုမူ သူပျင်းရိနေသောကြောင့်သာ သူတို့အကျိုးအမြတ်များ ရုပ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


ရွဲ...ရှူး....


ထိုအချိန်ခဏလေးမှာပင် ခေါက်ဆွဲက ပွက်ပွက်ဆူလာပြီး မွှေးပျံ့လှသော ရနံ့များ လွင့်ပြယ်လာလေသည်။မွှေးရနံ့က သိပ်မပြင်းထန်သော်လည်း လူတစ်ယောက်၏ နှာခေါင်းကို ရှင်းရှင်းလင်းလင်းပင် ဆွဲဆောင်နိုင်စွမ်းရှိနေပေသေးသည်။


ပုဖန်က ပူစပ်စပ် ငရုတ်ရည်ကို ထုတ်ယူလိုက်ပြီးနောက် ယောက်ချို ဇွန်းကြီးထဲသို့ အရင်လောင်းထည့်လိုက်သည်။ထို့နောက်မှ ခေါက်ဆွဲပြုတ်အိုးထဲသို့ အရင်လောင်းထည့်လိုက်လေရာ စွပ်ပြုတ်အရည်က နီရဲသွားလေသည်။


အစပ်ရနံ့က ချက်ချင်းလွင့်ပျံထွက်လာ၏။ပုဖန်၏ လှုပ်ရှားမှုများက အလွန်ကျွမ်းကျင်ပိုင်နိုင်ပြီး သပ်ရပ်တိကျနေသည်။သူ ဒယ်အိုးထဲမှ ခေါက်ဆွဲများကို ဆယ်ယူ၍ မိုးပေါ်သို့ မြှောက်တင်လိုက်သည်။ထို့နောက် ပြန်လည် ပြုတ်ကျလာသော ခေါက်ဆွဲများကို ပန်းကန်လုံးတစ်လုံးဖြင့် ခံယူလိုက်၏။


ထို့နောက် အနံ့သင်းသင်းလေးထွက်နေသည့် စွပ်ပြုတ်ရည်များကို ပန်းကန်ထဲလောင်းထည့်လိုက်သည်။စပ်ပြဲလန် ခေါက်ဆွဲတစ်ပွဲ ပြင်ဆင်ပြီးသွားလေပြီ။


ထိုအချိန်အတောအတွင်း၌ ပုဖန်က ကောင်းကင်ကမ္ဘာမြေမီးလျှံကို ချက်ပြုတ်ဖို့သုံးလိုက်သည့်အတွက် နန်ကုန်းဝူချယ် အလွန်ပင် နှမြောတသဖြစ်နေမိသည်။


ထိုနာကျင်စရာမြင်ကွင်းကို ငေးကြည့်နေရင်း ပုဖန်ဆီမှ ကောင်းကင်ကမ္ဘာမြေ မီးလျှံကိုပင် အတင်းအကျပ် လုယူဖို့ပင် တွေးမိလေသည်။ထိုလုပ်ရပ်က တကယ့်ကို ဒေါသထွက်စရာကောင်းလွန်းလှသည်။


ငါ့နှလုံးသားက နာကျင်ပြီး ပူဆွေးသောက ရောက်နေတဲ့ အချိန်မျိုးမှာမှ ဘာလို့ ကောင်းကင်ကမ္ဘာမြေ မီးလျှံကို ထုတ်ပြရတာလဲ...ပိုင်ရှင်ပု မင်းဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်ရမယ်...


"ဒီခေါက်ဆွဲပွဲကို ယူလိုက် ..."


ပုဖန်က ပူဆွေးနေသော နန်ကုန်းဝူချယ်ကို ပြုံးတုံ့တုံ့ဖြင့် ကြည့်လိုက်သည်။သူ့၏လက်ကို ဝှေ့ယမ်းလိုက်လေရာ ခေါက်ဆွဲပန်းကန်က လေထဲသို့ မြှောက်တက်သွားပြီး နန်ကုန်းဝူချယ်ဆီသို့ ပျံသန်းသွားလေသည်။


"ဒါက ဘာလဲ...ခေါက်ဆွဲတစ်ပွဲလား...ဒီလိုအချိန်မျိုးမှာမှ ဘာလို့ ငါ့ကို ခေါက်ဆွဲတစ်ပွဲလာကျွေးနေတာလဲ..."


နန်ကုန်းဝူချယ်က ကြောင်အသွားသော်လည်း သူခေါက်ဆွဲပန်းကန်ကို လျှင်မြန်စွာ ဖမ်းယူလိုက်သည်။


"ခဏနေဦး...ဒီခေါက်ဆွဲကို ကောင်းကင်ကမ္ဘာမြေမီးလျှံသုံးပြီး ချက်ပြုတ်ခဲ့တယ်...ဒီတော့ ဘော်ဒါပုက ကောင်းကင်ကမ္ဘာမြေမီးလျှံရဲ့ အော်ရာကို ငါခံစားနိုင်ပြီး ငါ့နှလုံးသား ဒဏ်ရာ သက်သာစေဖို့ ရည်ရွယ်တာလား..."


စပ်ပြဲလန်ခေါက်ဆွဲပွဲကို ကိုင်ထားသည့် နန်ကုန်းဝူချယ်၏ လက်များက တုန်ယင်နေသည်။သူ့၏ မျက်ဝန်းများပူစပ်လာပြီး မျက်ရည်များပင် စီးကျလာမလိုဖြစ်နေလေသည်။ဘော်ဒါပုက သူ့အတွက် ဂရုတစိုက်နှင့် စဉ်းစားပေးခဲ့သည်။နန်ကုန်းဝူချယ် စိတ်လှုပ်ရှားမှုကြောင့် ငိုပင်ငိုမိလေသည်


တစ်ခြားတစ်ဖက်၌ နန်ကုန်းရွှမ်ယင်ကမူ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပန်းကန်ကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။


ခေါက်ဆွဲစားမယ်...မင်းက တန်ဖိုးရှိတဲ့ သက်စောင့်ဆေးတွေတောင် မယူလာနိုင်ဘူးလား ... ဟွန်း ရယ်စရာပဲ...


ဘန်း....


နန်ကုန်းရွှမ်ယင်က ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် ဓားပျံများကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ထိုဓားပျံများအားလုံးက ဝှိုက်တီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ဝှိုက်တီ၏ ခရမ်းရောင် မျက်ဝန်းများကလည်း တဖျတ်ဖျတ်လက်လာသည်။


တမူထူးခြားသော စွမ်းအင်လှိုင်းများ ပြန့်နှံ့လာပြီး ဝှိုက်တီ၏ သံချပ်ကာ ဝတ်ရုံမှ တောက်ပသော ရောင်စဉ်တန်းများ ထုတ်လွင့်လာသည်။ဝတ်ရုံ၏ မှော်အစီအရင် အသက်ဝင်လာလေပြီ။ဝှိုက်တီ၏ ဝမ်းဗိုက်ရှေ့၌ အဖြူရောင် စက်ဝိုင်းပုံ ပေါ်လာလေသည်။


 ထိုမှော်အစီအရင်မှ ပေါက်ကွဲမှု တစ်ခုထွက်ပေါ်လာသည်။စွမ်းအင်လှိုင်းများက အလွန်ပင် မြန်ဆန်လှသောကြောင့် လေထုထဲ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ဖြတ်သန်းသွားသည်ကိုသာ ကြားလိုက်ရသည်။


နန်ကုန်းရွှမ်ယင်လည်း ထိတ်လန့်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ဒီရုပ်သေးက တမူထူးခြားလှသည်။


"အမြှောက်ဆန် အစီအရင်ကို ရုပ်သေးတစ်ရုပ်ပေါ်မှာ ရေးဆွဲထားတာလား...ဒီရုပ်သေးကို ဘယ်သူ ဒီဇိုင်းဆွဲခဲ့တာလဲ..."


နန်ကုန်းရွှမ်ယင်၏ ရှေ့၌ အစစ်အမှန်စွမ်းအင် အတားအဆီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။အမြောက်ဆန်အစီအရင်မှ ပေါက်ကွဲအားများကသူ့၏ အကာကွယ်ကို လာရောက်ဝင်ဆောင့်လေသည်။နန်ကုန်းရွှမ်ယင်လည်း အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။


သူက အဆင့်နှစ်ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာ ပညာရှင် ဖြစ်သောကြောင့် သူ့၏ စွမ်းအင်အဆင့်က အလွန်ခိုင်မာသည်။ထို့ကြောင့်ပင် မှော်အစီအရင်၏ ဦးတည်ချက်ကို တားဆီးလိုက်နိုင်သည်။


ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ လေထဲသို့ လွင့်တက်သွားပြီး နန်ကုန်းရွှမ်ယင်၏ အကာအကွယ်လည်း ပျောက်ကွယ်သွားသည်။သူ သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်။ထိုခဏ၌ မီးခိုးငွေ့များအတွင်းမှ ကြောက်စရာကောင်းလှသော သိပ်သည်းသည့် စွမ်းအင်တစ်ခုဆီသို့ ဦးတည်လာသည်ကို ခံစားမိလိုက်သောကြောင့် မျက်ဝန်းများ ပြူးကျယ်သွားသည်။


ဘန်း...ဘန်း...


အမြောက်ဆန်အစီအစဉ်မှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ထို စွမ်းအင်လှိုင်းများက မီးခိုးငွေ့များကိုဖြတ်၍ သူ့စီ ဦးတည်လာလေသည်။နန်ကုန်းရွှမ်ယင်၏ ခန္ဓာပေါ်ရှိ မွှေးညှင်းများအားလုံး ထောင်ထသွားလေသည်။


သူက မသေမျိုးခန္ဓာအဆင့် ပညာရှင်တစ်ယောက်ဖြစ်နေသော်လည်း ထ်ို အမြောက်ဆန်အစီအရင်မှ ပေါက်ကွဲမှုများကို သူ့ခန္ဓာကိုယ်သက်သက်ဖြင့် မတားဆီးရဲပေ။သူအစစ်အမှန်စွမ်းအင်များကို ထပ်မံထုတ်ဖော်လိုက်ပြီး အတားအဆီးတစ်ခု ပြုလုပ်လိုက်သည်။အမြောက်ဆန်အစီအရင်၏ ပြင်းအားက သူ့၏ အတားအဆီးကို အဆက်မပြတ် လာရောက်ဝင်စောင့်လေသည်။ထို့ကြောင့် သူ အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြန်သည်။


နန်ကုန်းဝူချယ်က ထိုမြင်ကွင်းကြောင့် မှင်သက်နေသည်။သူက ခေါက်ဆွဲပန်းကန်ကို ပါးစပ်နားတေ့ထားသော်လည်း စိတ်ပြန့်လွင့်နေသည်။သူက လူပုံသဏ္ဍာန်ဖန်တီးပြုလုပ်ထားသော ဝှိုက်တီကို အထိတ်တလန့် ကြည့်လိုက်မိသည်။


အမြောက်ဆန် အစီအရင် ...


မြို့များ တိုက်ခိုက်ခံရသည့်အခါတွင် အသုံးပြုသည့် အမြောက်ဆန်အစီအရင်ကို ဝှိုက်တီက အတွန့်အဆုတ်မရှိ သုံးစွဲနေပေသည်။ဆရာဝှိုက်က တကယ့်ကို အံ့အားသင့်စရာ ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။


နန်ကုန်းဝူချယ် တံတွေးတစ်လုတ်မြိုချလိုက်မိသည်။ထို့နောက်သူ ကူရာမဲ့စွာဖြင့် ချောင်းဆိုးလိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်လေသည်။ထို့နောက် ခေါက်ဆွဲကို မစားသေးခင် အသက်ဝဝ အရင်ရှုလိုက်သည်။


"ဘော်ဒါပု မင်းက ဒီခေါက်ဆွဲစားဖို့ပြောပေမယ့် ငါ့ကို တူလည်း မပေးဘူး..."


သူခေါက်ဆွဲများကို စုပ်ယူစားလိုက်ပြီးနောက် ဟင်းရည်ပူပူကို ပါးစပ်ထဲလောင်းထည့်လိုက်သည်။သူ ခေါက်ဆွဲများကို သေချာစွာ ဝါးစားလိုက်ပြီးနောက် သူ့၏ မျက်ဝန်းများက ချက်ချင်း သွေးနီရောင်လွှမ်းလာသည်။ဖြူဖျော့နေသော အသားအရည်ကလည်း သွေးရောင်လွှမ်းလာပြီး သူ့ခန္ဓာကိုယ်မှ အနီရောင်မီးတောက်များ ထွက်ပေါ်လာတော့မယ့် ကဲ့သို့ပင် ထင်ရသည်။


"ဒါ ဘယ်လိုဟင်းပွဲမျိုးလဲ ဘာလို့ အဲ့ဒီလောက်စပ်နေရတာလဲ..."


သူခေါက်ဆွဲကို ဝါးနေရင်းမှ မျက်နာပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။


ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်နှင့် မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နန်ကုန်းဝူချယ်ကို ခပ်တည်တည်ဖြင့်သာ ကြည့်လိုက်သည်။


"မင်းရဲ့ ဒဏ်ရာတွေက အရမ်းဆိုးတယ် ...အဲ့ဒါကြောင့် ငါက ပါဝင်ပစ္စည်းတွေကို တိုးမြှင့်ထားတာ ဒါမှသာ မင်းအပေါ်ကို အစွမ်းသက်ရောက်မှုရှိမှာပေါ့ ..."


ပုဖန်က ပြောလိုက်သည်။ထိုခဏ၌ နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ မြင့်တက်လာသည်။သူ့၏ ခန္ဓာကိုယ်ပင် ပေါက်ကွဲတော့မလို ထင်ရသည်။


"အား....စပ်တယ်..."


နန်ကုန်းဝူချယ်က ကောင်းကင်အမြင့်သို့ ရောက်အောင်ပင် ခုန်တက်လိုက်မိပြီး သူ့၏ အဝတ်အစားများကို ဆုတ်ဖြဲကာ အော်ဟစ်လိုက်သည်။သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များလည်း တဟုန်ထ်ိုး ထွက်ပေါ်လာလေသည်။


သူက မျက်ရည်စက်လက်ဖြင့်ပင် ကျန်နေသေးသော ခေါက်ဆွဲများကို ပါးစပ်ထဲလောင်းထည့်လိုက်ပြီး နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။နီရဲနေသော မျက်ဝန်းများဖြင့် နန်ကုန်းရွှမ်ယင်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။


"ချီးပဲ...ဆရာဝှိုက် ဘေးဖယ်နေလိုက်တော့ ...ဒီခွေးအိုကြီးကို ငါ့အတွက် ထားလိုက်တော့..."