အပိုင်း ၄၄၆
Viewers 62k

အခန်း ၄၄၆

နန်ကုန်းရွှမ်ယင်၏သေခြင်းတရား...


ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး သိပ်သည်းလှသော သွေးမြူများက ပတ်ဝန်းကျင်တစ်ခွင် စိမ့်ဝင် ပျံနှံလာသည်။


ပုစွန်ပိစိက သူ့ခန္ဓာကိုယ်ကို ရုန်းကန်လှုပ်ရှားရင်း လေထဲ၌ တဖြေးဖြေးမျောလွင့်ကာ ဝှိုက်တီ၏ ခေါင်းထက်ဆီသို့ ပြန်ရောက်လာသည်။ထို့နောက် ဝှိုက်တီ၏ ခေါင်းအထက်၌ ငြိမ်သက်စွာ လဲလျောင်းနေရင်း လုံးဝ မလှုပ်ရှားတော့ပေ။


နန်ကုန်းရွှမ်ယင်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။သူ တဖြေးဖြေးချင်း ခေါင်းငုံ့၍ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။မြောက်များလှစွာသော အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေသော သူ့ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ၌ အလွန်ပင် စိတ်နှလုံးကွဲကြေသွားပြီး သွေးတစ်လုတ်အန်လိုက်ရသည်။


သူ့၏ အော်ရာများက တဖြေးဖြေးယုတ်လျော့အားနည်းလာပြီး စွမ်းအင်တစ်စက်မှပင် မရှိတော့သည့် အခြေအနေသို့ ဖြစ်သွားသည်။


"ဘာလို့လဲ ...ဘာလို့ ငါ့မှာ ဒီလိုတွေ ဖြစ်ရတာလဲ..."


သူ တကယ်ကိုပင် ပုစွန်တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။ထိုပုစွန်ကောင်က သူ့ခန္ဓာကိုယ် အနှံ့အပြားအပြည့် နှလုံးကိုပါ ထိုးဖောက်ထားသောကြောင့် သူအနေဖြင့် အသက်ရှင်နိုင်ရန် အခွင့်အရေးမရှိတော့ပေ။နှလုံးအပေါက်ဖြစ်သွားသည်ကို မည်သူမှ ကယ်တင်နိုင်မည်မဟုတ်ပေ။


ဝေါ့....


သူ သွေးအဆက်မပြတ် အန်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာသည်။သူခန္ဓာကိုယ်အပေါ်ပိုင်းမှ သွေးများ မဆက်မပြတ်စီးကျနေရင်း သူမြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ထို့နောက် မကြာခင်မှာပင် မြေပြင်ပေါ် လုံးဝ လဲပြိုကျသွားပြီး လှုပ်ရှားခြင်းမရှိတော့ပေ။သူ့၏ အော်ရာများကလည်း တဖြေးဖြေးလုံးဝ မှေးမှိန် ပျောက်ကွယ်သွားလေပြီ။


တစ်ညလုံး ရွာသွန်းနေသောမိုးက နောက်ဆုံး၌ တိတ်သွားပေပြီ။တိမ်မဲများကလည်း ရုတ်တရက် လွင့်စင်ပျောက်ကွယ်သွား၏။တိမ်မဲများ ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့ဖူးသလို ကောင်းကင်က ကြည်လင်နေပေသည်။


ဝှိုက်တီက သူ့၏ လက်ကို မြှောက်၍ ခေါင်းပြောင်ပြောင်ကို ကုတ်ခြစ်လိုက်သည်။သူ ခေါင်းကို ကုတ်လိုက်သောအခါ၌ ခေါင်းပေါ်လှဲနေသော ပုစွန်ပိစိကို ထိမိသွားလေသည်။


သူက ပုစွန်ပိစိကို ဆွဲယူ၍ ပုခုံးပေါ်တင်လိုက်သည်။ထို့နောက်ဆိုင်ဘက်ဆီသို့ ပြန်လည်လျှောက်သွားလိုက်၏။သူ့၏ မျက်ဝန်းများကလည်း ခရမ်းရောင်တို့ ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်သည်။


ဝှ်ိုက်တီက သူ့၏ နေရာပြောင်းလဲလိုက်သည်ကို ခံစားမိသောအခါ၌ ပုစွန်ပိစိက ပြန်လည်ထလာပြီး ခေါင်းပေါ်သို့ ပြန်တက်သွားလေသည်။သူက နွေးထွေးသည့်နေရာကို ရှာနေသလိုမျိုး ခဏမျှလှုပ်ရှားပြီးနောက် ဝှိုက်တီ၏ ခေါင်းပေါ် လှဲလျောင်းလိုက်သည်။ခဏအတွင်းမှာပင် ပြန်လည် အိပ်မောကျသွားလေသည်။


ပြဿနာများက ဒီလိုနှင့် ပြီးဆုံးသွားပေပြီ။


နန်ကုန်းမိသားစုမှ စေလွှတ်လိုက်သော သူများအားလုံး အသတ်ခံလိုက်ရသည်။သူတို့၏ ပစ်မှတ်ဖြစ်သော နန်ကုန်းဝူချယ်ကို ဖမ်းဆီးသတ်ဖြတ်နိုင်မည်ဟု ထင်ခဲ့ကြသည်။သို့သော်လည်း ထိုကဲ့သို့ ရလဒ်မျိုးရလာမည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့မိပေ။


နန်ကုန်းဝူချယ်က ပြင်းပြင်းထန်ထန်ဒဏ်ရာရထားခဲ့သောကြောင့် သူ့ကို သေချာပေါက် ဖမ်းဆီးနိုင်မည်ဟု ယူဆပြီး နန်ကုန်းမိသားစုက ပညာရှင်များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ထင်မှတ်မထားသည့် ကိစ္စများသာ ဖြစ်သွားခဲ့သည်။


အဆင့် ၂ဆင့် ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာအဆင့် ပညာရှင် နန်ကုန်းရွှမ်ယင်ပင်လျှင် မလွတ်မြောက်နိုင်ပေ။ထ်ိုဖြစ်ရပ်က အားလုံးကို အံ့အားသင့်ထိတ်လန့်သွားစေသည်။ဒီစားသောက်ဆိုင်က နန်ကုန်းမိသားစုကို ဂရုစိုက်ခြင်းမရှိပဲ ပို့လွှတ်လိုက်သမျှ သူအားလုံးကို သတ်ဖြတ်ပစ်လိုက်ပေသည်။


ဒီသတင်းကို နန်ကုန်းမိသားစုကသာ ကြားလျှင် မည်ကဲ့သို့သော ပြဿနာကြီးများ ဖြစ်ပွားလာမည်နည်း။


ပုဖန်က နန်ကုန်းရွှမ်ယင်၏ အလောင်းကို ကြည့်လိုက်သည်။သူ့၏အော်ရာများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ထိုသူ တကယ်ကို သေဆုံးသွားပေပြီ။


ထို့နောက် ပုဖန်က ဆိုင်ထဲမှ လျှောက်ထွက်လာပြီး အပျက်အစီးပုံများရှိရာဆီသို့ ဦးတည်လိုက်သည်။သူ ကျောက်တုံးကျောက်ခဲများကို ကန်ထုတ်လိုက်ပြီး ထိုအပျက်အစီးပုံ၌ ရှိနေသော လူတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။


ထိုလူက အပေါ်ပိုင်းဗလာဖြစ်နေသောနန်ကုန်းဝူချယ်ဖြစ်သည်။သူ့၏ ခန္ဓာကိုယ်ပေါ်၌ မြောက်များလှစွာသော အမာရွတ်အနာတရများဖြင့် ပြည့်နေပြီး သူထုတ်လွင့်နေသော အော်ရာများကလည်း အတော်လေးမှိန်ဖျော့နေပေသည်။


သူ့နှုတ်ခမ်းများကလည်း ဖူးရောင်နေဆဲဖြစ်ပြီး ထိုနေရာ၌ လှဲလျောင်းပြီး အိပ်မောကျနေပေသည်။သူ အလွန်ပင် ပင်ပန်းသွားပုံဖြင့် မည်သည့်ကိစ္စဖြစ်ဖြစ် မလှုပ်ချင်တော့ပုံပေါ်သည်။ပုဖန် ဟောက်သံ ကျယ်ကျယ်ပင်ထွက်ပေါ်နေသော နန်ကုန်းဝူချယ်ကိုကြည့်၍ နှုတ်ခမ်းများပင် တွန့်ရှုံ့သွားမိသည်။


သူက ဒီလူ နန်ကုန်းရွှမ်ယင်၏ ကန်ချက်ဖြင့် သတ်ခံလိုက်ရသည်ဟုပင် တွေးထင်ခဲ့မိသည်။သို့သော်လည်း ဒီလူက အိပ်ပျော်နေခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။


ထိုလူက သာမန်အိပ်ပျော်ရုံနေတင်မဟုတ်ပဲ တကယ်ကြီးကို အိပ်မောကျနေပေသည်။ထိုသူက အသက်ပြင်းလှသော အမြဲတမ်းသတ်၍ မသေသည့် ပိုးဟပ်နှင့်ပင် တူနေသည်။


ပုဖန် သူ့ကို မယူလိုက်ပြီး ဆိုင်ဘက်ဆီသို့ ပြန်လျှောက်လာခဲ့သည်။


ထို့နောက် ဘန်းခနဲ အသံကျယ်တစ်ချက်နှင့်အတူ ဆိုင်ရှေ့က သံတံခါးက တင်းတင်းပြန်လည် စေ့ပိတ်သွားလေပြီ။


......


ဆိုင်၏ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ရွာသွန်းနေသော မိုးက ရပ်တန့်သွားပြီ ဆိုသော်လည်း ကောင်းကင်ယံကို အမှောင်ထုက ဝါးမြိုထားဆဲပင်ဖြစ်သည်။ရေခဲတမျှ အေးစက်လှသော လေပြေကလည်း အဆက်မပြတ် တသုန်သုန် တိုက်ခတ်နေသည်။


နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်၌ လှဲလျောင်းနေသည့် မြင်ကွင်းက အတော်လေး ဝမ်းနည်းကြေကွဲစရာကောင်းလှပေသည်။


ဆိုင်ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်၌လည်း ကျောက်တုံးကျောက်ခဲ အပိုင်းအစများနှင့်သာ ပြည့်နှက်နေသည်။အကောင်းတိုင်းကျန်နေသည့် ကျောက်တုံးဟူ၍ မရှိတော့ပေ။


သို့သော်လည်း မြူကောင်းကင်မြို့၏ ကာကွယ်ရေးအစီအရင်က စတင်၍ တဖြေးဖြေးလည်ပတ်နေပြီး သူ့သာသူ ပြန်လည် ပြုပြင်နေပေသည်။နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်၌ ဒီတိုင်းပဲရှိနေပြီး မည်သူမှ သယ်ဆောင်သွားခြင်း ရှိမနေပေ။


ဂျွတ်.....


လူတစ်ယောက်က အပျက်အစီးများကို တက်နင်းလိုက်သလို အသံတစ်စထွက်လာပြီး အမှောင်ထုထဲမှ ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။ထိုသူက အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့၏ မျက်နာကိုလည်း သဲကွဲစွာမမြင်ရပေ။ထင်ရှားသည့် အရာဟူ၍ သူ့နောက်ကျော၌ လွယ်ထားသော ကြီးမားလှသည့် သံသေတ္တာတစ်လုံးရှိလေသည်။


သူ့၏ အနက်ရောင်ဝတ်ရုံအောက်မှနေ၍ နီရဲလှသော ကြောက်မက်ဖွယ် အငွေ့အသက်များကိုလည်း ထုတ်လွင့်နေသည်။


"ဒီရုပ်သေးက တကယ့်ကို အံ့အားသင့်စရာပဲ...အဲ့ဒါကို ငါတို့ရုပ်သေးဂိုဏ်းက လုပ်ထားတာမဟုတ်ဘူး...ဒါပေမယ့် တော်တော်လေး သန်မာတယ်...အဲ့ဒီရုပ်သေးအကြောင်းကို ငါတကယ့်ကို သိချင်မိတယ်..."


အနက်ရောင်ဝတ်ရုံနှင့်လူဆီမှ အက်ရှရှအသံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ပင် ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။သူ့ဆီမှ ထွက်ပေါ်လာသော ခပ်ဟဟ ရယ်မောလိုက်သံကပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များနှင့် ပြည့်နှက်နေပေသည်။


"ငါက အဲ့ဒီလို ကိစ္စမျိုးကို လက်မခံနိုင်ဘူးဆိုပေမယ့်လည်း အခုတော့ ငါသူကို တစ်ယောက်တည်း နေခွင့်ပေးလိုက်ပါဦးမယ်...ဘယ်လိုပဲဖြစ်ဖြစ် သူကငါ့အတွက် နတ်ဘုရားအဆင့် အလောင်းကောင်တစ်ကောင် ချန်ထားပေးခဲ့တယ်လေ...ဒါက တကယ့်ကိုပဲ နန်ကုန်းမိသားစုရဲ့ ဒုတိယအကြီးအကဲ ...သူတို့ရဲ့ အကြီးအကဲကိုသာ ငါရုပ်သေး လုပ်ပစ်လိုက်မယ်ဆိုရင်... နန်ကုန်းမိသားစု ဘယ်လိုဖြစ်သွားမလဲဆိုတာကို သိချင်လိုက်တာ..."


ထိုသူက အလောင်းနံဘေးနား၌ ရပ်လိုက်သည်။သူ့၏ ပုခုံးကို အသာအယာ လှုပ်ခာလိုက်ပြီး ကျောဘက်မှ ကြီးမားလှသည့် သစ်သားကို မြေပြင်ပေါ်ချလိုက်သည်။လေးလံလှသော အရာဝတ္တုကြောင့် မြေပြင်ပင် ဆက်ခနဲ တုန်ခါသွားသည်။


ခရက်ရှ်....


ကျွီ....


ကျွီခနဲ မြည်သံနှင့်အတူ သံသေတ္တာက ပွင့်ဟသွားပြီး ခြောက်ခြားဖွယ်အငွေ့အသက်များပါ ထွက်ပေါ်လာသည်။ထို့နောက် ရပ်နေသည့်သူက အလောင်းကောင်၏ ခြေထောက်နှစ်ချောင်းမှ ဆွဲမပြီး သေတ္တာထဲသို့ ထည့်လိုက်သည်။


ထိုအချိန်၌ နန်ကုန်းရွှမ်ယင်၏ အလောင်းကောင်က သေတ္တာကို ဖမ်းဆွဲထားပြီး နာကျင်ကြေကွဲသည့် အသံများကို ထုတ်လွင့်လာလေသည်။အလောင်းကောင်က လှည့်စားပြီး သေတ္တာထဲမှ ထွက်ပြေးချင်ပုံပေါ်လေသည်။သို့သော်လည်း ရုပ်သေးဂိုဏ်းမှ ပညာရှင်က သဘောတကျရယ်မောလိုက်ပြီး သူ့၏ လက်ညှိုးဖြင့် ရင်ဘတ်ကို ထောက်ကာ အလောင်း၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။


ဘန်း ....


အလောင်းက သေတ္တာထဲ ကျသွားပြီးနောက် သေတ္တာအဖုံးကို အရှိန်ဖြင့် ပိတ်လိုက်လေသည်။


ဂျွမ်း ...ဂျွမ်း...


သေတ္တာထဲမှ နေ၍ အရိုးဝါးသံ တစ်ကျွတ်ကျွတ်ကို ကြားလိုက်ရပြီး အရိုးကျေသံများက်ိုပါ ကြားလိုက်ရလေသည်။


သူက မျက်ဝန်းရဲရဲများဖြင့် စားသောက်ဆိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။တံခါးတင်းတင်းပိတ်ထားသော စားသောက်ဆိုင်ကို သူစူးစူးရဲရဲ စိုက်ကြည့်နေမိသည်။အချိန်အတော်ကြာပြီးနောက် ကြီးမားသသည့် သံသေတ္တာကို နောက်ကျော၌ ပြန်လွယ်လိုက်သည်။


ထို့နောက် သူ့၏ ပုံရိပ်က အမှောင်ထုထဲသို့ ပြန်လည် တိုးဝင်ပျောက်ကွယ်သွားလေသည်။


တိုက်ခတ်နေသော လေပြေလေးများက ကျောက်တုံးကျောက်စနများပေါ် ဖြတ်တိုက်သွားပြီး အသံများထွက်လာစေသည်။ကျောက်တုံးများ ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော အသံများကလည်း လေပြေနှင့်အတူပင် ပြန်လည် ပျောက်ကွယ်သွားသည်။


......


မြူကောင်းကင်မြို့၏ ဆေးအဆောက်အဦး...


ထွားထွားကြိုင်းကြိုင်း ယန်မိန်ကျီက အဝါရောင်အခင်းတစ်ခုပေါ်တွင် ဒူးထောက်ထိုင်နေသည်။သူမ၏ စိတ်အခြေအနေက အလွန်ပင်တည်ငြိမ်ပြီး သတိအနေအထားနှင့် ဖြစ်နေသည်။သူမ အသက်ပင် ရဲရဲမရှုရဲပေ။


 သူမ၏ ရှေ့၌ ဆံပင်မုတ်ဆိတ်နှင့် မျက်ခုံးမွှေးများပါ မကျန် ဖြူစွတ်နေသော အဖိုးအိုတစ်ယောက်ရပ်နေသည်။


မျက်ဝန်းများကို တင်းတင်းစေ့ပိတ်ထားပြီး သူ့၏ အသက်ရှုသံကလည်း ညှင်သာလှသည်။သူအသက်တစ်ခါ ရှုလိုက်တိုင်း မုတ်ဆိတ်မွှေးများက တဖျက်ဖျက်လွင့်သွားသည်။


"ဆ...ဆ...ဆရာ တပည့် ဒီဆေးအဆောက်အဦးထဲမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ..."


ယန်မိန်ကျီက တွန့်ဆုတ်သောအမူအရာဖြင့် ခန္ဓာကိုယ်ကို အနည်းငယ် တွန့်လိမ်ရင်း မေးလိုက်သည်။အဖိုးအို၏ မျက်ဝန်းများက ပွင့်လာပြီး သူမကို ကြည့်လိုက်သည်။


"ဒီအချိန်မှာ မြူကောင်းကင် မြို့က ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတယ်...ပြီးတော့ လျှို့ဝှက်နယ်မြေကလည်း မကြာခင်ဖွင့်တော့မယ်...ဒီတစ်ကြိမ်ဖွင့်တာက အရင်အချိန်တွေနဲ့ ကွဲပြားနေလိမ့်မယ်...ငါက နင့်ကို လျှို့ဝှက်နယ်မြေထဲကို ငါနဲ့အတူ ခေါ်သွားမယ်...ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ ကံကောင်းမှုတွေကို မိမိရရ ဆုပ်ကိုင်ထားရမယ်...လျှို့ဝှက်နယ်မြေ ပွင့်ပြီးသွားတဲ့အခါမှသာ ဒီနေရာကနေ နင်ထွက်ခွာခွင့်ရှိမယ်..."


"လျှို့ဝှက်နယ်မြေပွင့်တော့မယ်..."


ယန်မိန်ကျီ၏ အမူအရာက ပြောင်းလဲသွားသည်။သူမ၏ မျက်နာက မဲမှောင် နေပြီး အတွေးများကလည်း အမြန်အဆန် ပြေးလွှားနေပေသည်။


"လျှို့ဝှက်နယ်မြေ ပွင့်ဖို့က နှစ်ရက်တောင်လိုသေးတယ်မဟုတ်ဘူးလား..."


"နင်အရမ်းပျင်းနေတာလား...သွားပြီးတော့ အဆင့် ၁ ဆေးလုံးတွေ သွားသန့်စင်ချည်...အဂ္ဂိရတ်ပညာက လေ့ကျင့်မှု အပေါ်မှာလည်း မူတည်နေတယ်...နင့်ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မသေမျိုးခန္ဓာအဆင့်ကို မရောက်သေးဘူး...သာမန်လူတွေထက် ပိုသန်မာတဲ့ နင့်ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေအပေါ်ပဲ မှီခိုနေရတယ် အဲ့ဒီတော့ နင်ပိုပြီးတော့ လေ့ကျင့်မှု များများ လုပ်သင့်တယ်..."


ယန်မိန်ကျီက သူဆရာပြောနေသမျှကို အသက်မဲ့နေသော ဝက်တစ်ကောင်ကဲ့သို့ ခေါင်းငိုက်စိုက်ကျ၍ နားထောင်နေသည်။သူမက ထိုအခြေအနေကို အရမ်းကို ဆိုးရွားသည်ဟု ခံစားနေမိသည်။လျှို့ဝှက်နယ်မြေက ဘာဆိုသည်ကို သူမမသိသလို သူ့ဆရာပြောနေသည့် တန်ဖိုးရှိသည့် အရာကလည်း ဘာမှန်း သူမမသိပေ။


နန်ကုန်းမိသားစု၌ နန်ကုန်းရွှမ်ဟယ်က ရှေးဟောင်းရှုရ မြို့တော်မှ လာသော ပညာရှင် နှစ်ယောက်နှင့်စိတ်အားထက်သန်စွာ စကားစမြည်ပြောနေသည်။ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်များ မြူကောင်းကင်မြို့ကို ရောက်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။


ရှေးဟောင်းရှုရမြို့တော်ကလည်း ဆေးနန်းတော်ကဲ့သို့ပင် ပထမတန်းစား ထိပ်တန်းဂိုဏ်းကြီးဖြစ်သည်။ထို့အပြင် သူတို့၏ ဂိုဏ်းက ပထမတန်းစား ဂိုဏ်းများကြားတွင်ပင် ပို၍ ရှေးကျသည်။


ရှေးဟောင်းရှုရမြို့တော်၏ တည်နေရာအတည်အကျကိုလည်း ဘယ်သူမှမသိပေ။ထိုဂိုဏ်းတည်ရှိရာနေရာကို ရှေးဟောင်းရှုရမြို့တော်ဟု ခေါ်ကြောင်းသာလျှင် သူတို့သိကြသည်။


ထိုဂိုဏ်းက ပုန်းကွယ်နဂါး တော်ဝင်အဖွဲ့အစည်းထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်လှသည်။ထိုကဲ့သို့ လျှို့ဝှက်လှသော အကြောင်းတရားများကြောင့်ပင် တခြား မြောက်များလှစွာသော ဂိုဏ်းများက ရှေးဟောင်းရှုရမြို့တော်ကို ကြောက်ရွံ့လေးစားကြသည်။


သူတို့ စေလွှတ်လိုက်သော ပညာရှင်များကလည်း အလွန်ပင် စွမ်းအားကြီးကြသည်။ထို့ကြောင့်ပင် မည်သူမှ ရှေးဟောင်းရှုရမြို့တော်ကို တိုက်ခိုက်ရဲခြင်းမရှိပေ။ယခုရှေးဟောင်းရှုရမြို့တော်မှပညာရှင်နှစ်ယောက်က သွေးနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။သူတို့၏ မျက်နာများက တည်ကြည်လေးနက်နေပြီး နန်ကုန်းရွှမ်ဟယ်ကို အသေးအဖွဲ ကိစ္စလေးများအကြောင်းကို ပြောပြနေသည်။


ရုတ်တရက် လူတစ်ယောက်က စိုးရိမ်ပူပန်နေသော မျက်နာထားဖြင့် အခန်းထဲ တိုးဝင်လာသည်။ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များဖြင့် နန်ကုန်းရွှမ်ဟယ်ကို ကြည့်လိုက်သည်။


"အ...အဆင်မြင့် ...အဆင့်မြင့် အကြီးအကဲ ...မကောင်းတော့ဘူး...မကောင်းတော့ဘူး..."


"မင်းဘာတွေ အလောတကြီး ဖြစ်နေတာလဲ ...စိတ်အေးအေးထား..."


ထ်ိုအခန်းထဲ ပြေးဝင်လာသည့်သူက အဆင့်တစ်ဆင့် ချိုးဖောက်တက်ရောက်ပြီးသည့် မသေမျိူး ခန္ဓာကနဦးအစ ပညာရှင်ဖြစ်သည်။ထို့ကြောင့် ရှုရဂိုဏ်းမှ သူများ၏ ရှေ့၌ သူတို့၏ သိက္ခာများ ကျမည်ဆိုးသောကြောင့် ထိုသူ့ကို ဆူပူလိုက်သည်။သူများက ထိုသူ့ကို လှောင်ပြောင် ရယ်မောမည်ကို မလိုလားပေ။


သို့သော်လည်း ထိုသူပြောသည့် အကြောင်းအရာများကို ကြားပြီးနောက် သူ့၏ အမူအရာက ပြောင်းလဲသွားပြီး စိုးရိမ်ပူပန် လေးနက်တည်ငြိမ်သွားသည်။


"အဆင့်မြင့်အကြီးအကဲ နန်ကုန်းဝူချယ်ကို ဖမ်းဖို့အတွက် ဒုတိယအကြီးအကဲ ခေါ်သွားတဲ့ သူတွေအားလုံး သေကုန်ပြီ...ဒုတိယအကြီးအကဲကတော့ အခုထိပျောက်နေတယ်...ငါစိုးရိမ်နေတာက သူလည်း တခြားသူတွေနဲ့ အခြေအနေတူနေမှာကိုပဲ..."


ထိုသူ၏ ခန္ဓာကိုယ်ကလည်း အဆက်မပြတ်ပင် တုန်ရီနေသည်။နန်ကုန်းရွှမ်ယင်က ခုံပေါ်မှ ရုတ်တရက် ထရပ်လိုက်ရာ အသံကျယ်တစ်ခုပင် ထွက်ပေါ်လာသည်။သူ့မျက်ဝန်းများက ပြူးကျယ်နေပြီး သူ့၏ ခန္ဓာကိုယ်မှ အော်ရာများကလည်း ချက်ချင်း မြင့်တက်လာသည်။


"မင်းဘာပြောလိုက်တယ်...နန်ကုန်းဝူချယ်ကို သွားဖမ်းတဲ့ သူတွေ အကုန်လုံး သေပြီ ဟုတ်လား..."