အခန်း ၄၄၉
မင်းကိ်ုယ်မင်း ဘယ်သူလို့ထင်နေတာလဲ...
"သူတို့က ရှေးဟောင်းရှုရမြို့တော်က သိုင်းပညာရှင်တွေလား..."
လင်းမိသားစုမှ အဖွဲ့ဝင်များကြားထဲ၌ ထိုင်နေသော ရှောင်ချမ်းယွမ်က သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ထိုသူတို့ စင်ပေါ်သို့ ဖြေးညှင်းစွာ လျှောက်လာသည့်အချိန်တွင် ရှောင်ချမ်းယွမ်က သံသယအပြည့်ဖြင့် ရေရွတ်လိုက်သည်။
မြို့တော်မှသူများ၏ သွင်ပြင်က တခြားလူများနှင့် ကွဲပြားခြားနားကြောင်း လူတိုင်းနီးပါး သိကြသည်။သူ့၏ သွေးနီရောင်ဝတ်စုံကပင် ထိတ်လန့်ဖွယ်ရာအော်ရာများကို ထုတ်လွှင့်နေလေ့ရှိသည်။
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်သေးဂိုဏ်းမှ ပညာရှင်ဟု ထင်ရသည့် လူတစ်ယောက်ကလည်း စူးရဲသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
မီရှက နှုတ်ခမ်းထောင့်စွန်းလေးများကို အနည်းငယ်တွန့်ကွေးလိုက်သည်။သူ့၏ ဆံပင်များက လေမှာတဖျက်ဖျက်ဝဲခါနေ၏။
"ဘယ်သူငါတို့နဲ့ တိုက်ခိုက်ချင်လဲ..."
အနည်းငယ် အက်ရှရှနိုင်သော သူ့အသံက မြူကောင်းကင်ရေပြင် တစ်ခွင်လုံး ဖုံးလွှမ်းသွားလေသည်။
"ချီးပဲ...ဒီနန်ကုန်းမိသားစုက လူတွေက ရှေးဟောင်းရှုရမြို့တော့်က ပညာရှင်တွေကိုတောင် ဖိတ်ခေါ်ထားတယ်ပေါ့ သူတို့က တကယ် ကျိုးကြောင်း မညီညွှတ်ဘူး..."
လင်းမိသားစုနှင့် ကျန်းမိသားစုတို့၏ မျက်နာက ပြာနှမ်းလာလေသည်။သူတို့ ပြိုင်ပွဲအလယ်၌ ရှေးဟောင်းရှုရမြို့တော်က ပညာရှင်များ ထွက်ပေါ်လာမည်ဟု မထင်ထားခဲ့မိပေ။အစောပိုင်းအချိန်က လင်းမိသားစုနှင့် ကျန်းမိသားစုများက သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိခဲ့ကြသည်။သို့သော် ရှေးဟောင်းရှုရမြို့တော်မှ သိုင်းပညာရှင်များ ထွက်လာပြီးသည့်နောက် သူတို့၏ ယုံကြည်မှုများက မခိုင်မာတော့ပေ။
ကျန်နေသေးသည့် ဝေစုငါးနေရာကို လင်းမိသားစုနှင့် ကျန်းမိသားစုမှ လူများ မရနိုင်တော့ပုံပေါ်သည်။သို့သော်လည်း ကျန်နေသည့် ဝေစုငါးနေရာထဲမှ သူတို့ အတွက်မရရှိတော့လျှင်တောင်မှ လက်ခံနိုင်သည့် အခြေအနေ၌သာ ရှိသေးသည်။
သူတို့၌ ဝေစုနေရာများစွာ ရထားပြီးပြီ ဖြစ်သောကြောင့် ကျန်သည့် ငါးနေရာမရပင်လျှင် အဆင်ပြေနေသေးသည်။
သို့သော်...သူတို့၏ ဝေစုများထဲမှ ရုပ်သေးဂိုဏ်းနှင့် လေမိုးကြိုးမျှော်စင်တို့ကိုလည်း ခွဲပေးထားရသောကြောင့် အနည်းငယ် နှမြောစရာကောင်းသည်ကို ခံစားမိလေသည်။
နန်ကုန်းမိသားစု၌လည်း ဝေစုနှစ်နေရာစာက ရှိပြီးသားဖြစ်လေရာ ကျန်သည့် ငါးနေရာလုံးသာရသွားပါက စုစုပေါင်း ခုနှစ်နေရာ ဖြစ်ပေလိမ့်မည်။
"လခွမ်း..."
ထိုသို့သာဆိုလျှင် သူတို့က ဒီတစ်ကြိမ်၌လည်း နန်ကုန်းမိသားစုကို ဦးဆောင်ခိုင်းလိုက်သလိုသာ ဖြစ်နေသည်။
လင်းနှင့်ကျန်းမိသားစုမှ လူများက ထိုသို့သော ရလဒ်က်ု လက်မခံနိုင်ကြပေ။သူတို့ ဒေါသတကြီးဖြင့် စားပွဲကို ထုလိုက်မိသည်။
ရှေးဟောင်းရှုရမြို့တော်မှ သိုင်းပညာရှင်များက စင်ပေါ်မှ ပြန်လည် ဆင်းသွားပြီး နန်ကုန်းမိသားစုရှိရာဆီသို့ ပြန်ရောက်သွားလေပြီ။ကျန်ရှိနေသော ဝေစုကို လျှင်မြန်စွာပင် ခွဲခြမ်းပိုင်းဖြတ်ပြီးသွားလေပြီ။
ဝေစုများအားလုံး ခွဲဝေပြီးနောက် မြူကောင်းကင်မြို့ သခင်က စင်မြင့် ထက်သို့ သွားလိုက်ပြီး ဝေစုနေရာ ပိုင်ဆိုင်ထားသည့်သူများကို ကြေငြာလိုက်သည်။
တိမ်ပင်လယ် လျှို့ဝှက်နယ်မြေက မြူကောင်းကင်မြို့တော်၏ တန်ဖိုးအရှိဆုံး ရတနာပစ္စည်းတစ်ခုဖြစ်သည်။ထို့ကြောင့်ပင် ဝေစုနေရာများက အလွန်အရေးကြီးနေရခြင်းဖြစ်၏။
မြို့သခင်က ဝေစုနေရာများကို ကြေငြာသည့် အချိန်၌ ရင်ပြင်တွင်းရှိနေကြသူများအားလုံး ဆူညံပူညံဖြစ်နေရကြလေသည်။
ရှပ်...ရှပ်....
ထိုအချိန်၌ ရင်ပြင်တွင်းသို့ ဖြတ်သန်းလာသော ခြေသံနှစ်ခုထွက်ပေါ်လာလေသည်။ထိုခြေသံက ကျယ်လောင်ခြင်းမရှိပေ။သို့သော်လည်း မြူကောင်းကင်ရင်ပြင်အတွင်း၌ ရှိနေသော သူများအားလုံးက ကြားလိုက်ရပြီး တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။အားလုံး၏ အကြည့်များက ထိုလူနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။
"နန်ကုန်းဝူချယ်..."
"ဟင်...သူသေသွားပြီလို့ သူတို့ပြောခဲ့တာ မဟုတ်ဘူးလား..."
"သူက နန်ကုန်းမိသားစုရဲ့ ဆက်ခံသူ မဟုတ်ဘူးလား ...ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."
ရင်ပြင်ထဲ၌ ရှိနေကြသော သူများက ခဏမျှ ငြိမ်သက်နေကြသည်။ထို့နောက်နန်ကုန်းဝူချယ်၏ ပုံရိပ်ကို မြင်ပြီးနောက် အချင်းချင်းတီးတိုးတီးတိုး စတင်ဆွေးနွေးနေကြလေသည်။နန်ကုန်းမိသားစုမှ သူများက နန်ကုန်းဝူချယ် ပြင်းထန်သော ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပြီဟု ပြင်ပမှလူများကို အသိပေးထားခဲ့သည်။
နန်ကုန်းမိသားစု၏ ဆက်ခံသူက သေဆုံးသွားပြီ ဖြစ်သောကြောင့် နန်ကုန်းမိသားစု၌ ကျန်နေသော ဝေစုနှစ်ခုက နန်ကုန်းရွှမ်ဟယ် အပိုင်ဖြစ်သွားခဲ့သည်။ထို့ကြောင့် ဝေစုနှစ်စု၏ နေရာကို နန်ကုန်းရွှမ်ဟယ်က ဆုံးဖြတ်ခွင့်ရသွားသည်။
သို့သော် ယခုနန်ကုန်းဝူချယ် ပေါ်လာလေပြီ။
ဝေစုနှစ်စု၏နေရာကို နန်ကုန်းရွှမ်ဟယ်ထက် နန်ကုန်းဝူချယ်က ပို၍ ဆုံးဖြတ်ပိုင်ခွင့်ရှိနေပေသည်။မည်သို့ပင်ဆိုစေ နန်ကုန်းရွှမ်ဟယ်က နန်ကုန်းမိသားစု၏ အစစ်အမှန်ဆက်ခံသူတစ်ယောက်မဟုတ်ပေ။
ဆူညံပွက်လောရိုက်နေသော ပတ်ဝန်းကျင်က နန်ကုန်းဝူချယ်နှင့် ပုဖန်ကို တွန့်ဆုတ်မသွားစေနိုင်ပေ။
ပုဖန်၏ အမူအရာက အေးဆေးတည်ငြိမ်နေသော်လည်း နန်ကုန်းဝူချယ်၏ အမူအရာက သူနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်တစ်ခုလုံး သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေပြီး နန်ကုန်းရွှမ်ဟယ်ကို စူးစိုက်ကြည့်နေသည်။
"ခွေးအိုကြီး ငါဒီနေရာမှာပေါ်လာမယ်လို့ မထင်ထားဘူးမဟုတ်လား...ဟမ်း...ငါအခုဒီကိုလာခဲ့တာက မင်းရဲ့ အကြွေးကို ပြန်ပေးဆပ်ရအောင်လို့ပဲ..."
နန်ကုန်းဝူချယ်၏ အသံက ရေခဲတမျှ အေးစက်နေသည်။နန်ကုန်းဝူချယ်၏ အသံက ဆူညံနေသည့် ပတ်ဝန်းကျင်ကိုပင် ဖုံးလွှမ်းသွားပြီး ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။
နန်ကုန်းဝူချယ်ကိုကြည့်နေသော သူများအားလုံး၏ အကြည့်များက ပြောင်းလဲသွားပြီး နန်ကုန်းရွှမ်ဟယ် ကိုကြည့်လိုက်ကြသည်။
နန်ကုန်းရွှမ်ဟယ်၏ မျက်နာ အမူအရာက မဲမှောင်သွားသည်။သူထိုင်ခုံနေရာမှရထလိုက်ပြီးအေးစက်သော အငွေ့အသက်များထုတ်လွှင့်၍ နန်ကုန်းဝူချယ်၏ စကားကို ဖြတ်လိုက်သည်။
"ဝေစုတွေ အကုန်လုံးက ခွဲဝေပြီးသွားပြီ ကျန်တဲ့ကိစ္စတွေက မိသားစုအတွင်းရေးတွေပဲလေ ...ငါတို့နေရာကို ပြန်ရောက်မှ ဆက်ဆေးနွေးကြတာပေါ့ လူအများရှေ့မှာ သိက္ခာကျရအောင်မလုပ်ချင်နဲ့..."
"ခွဲဝေနေရာ ချထားပြီးသားလား..."
လူတိုင်းက နန်ကုန်းရွှမ်ဟယ်ကိုကြည့်၍ ရယ်လိုက်ကြသည်။ထိုလူ၏ အရှက်ကင်းမဲ့မှုက လေးစားလောက်ပေသည်။သူက အလွန် အရေထူလွန်းလှ၏။
ပုဖန်က ခပ်အေးအေးအမူအရာဖြင့်ပင် ရင်ပြင်ထဲမှ ရှိသည့် လူအားလုံးကို တစ်ချက်ဝေ့ဝဲ အကဲခတ်လိုက်သည်။
နန်ကုန်းဝူချယ်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေး၍ မဲ့လိုက်ပြီး နန်ကုန်းရွှမ်ဟယ်ကို လက်ညှိုးထိုး၍ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
"ခင်ဗျားကို ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ...အဲ့ဒီဝေစု နှစ်နေရာကို ခွဲဝေဖို့အတွက် ခင်ဗျားက အဆင့်မီရဲ့လား..."
နန်ကုန်းရွှမ်ဟယ်မှာ ဘယ်လိုအရည်အချင်းမျိုး ရှိနေလို့လဲ...နန်ကုန်းမိသားစုကို သစ္စာဖောက်တဲ့ ခွေးအိုကြီးလို သူမှာ ဘယ်လို အရည်အချင်းမျိုးများ ရှိနေနိုင်မှာလဲ...ဘာ...မိသားစုကိစ္စကို သူနဲ့ ဆွေးနွေးရမယ်...ဟမ့်...စောင်ရူးမှသာ သူနဲ့ ဆွေးနွေးမယ်...
"မျိုးမစစ်လေး..."
နန်ကုန်းရွှမ်ဟယ် ဒေါသများ ပေါက်ကွဲထွက်လာသည်။နန်ကုန်းဝူချယ်ကို ထိုးထားသော သူ့၏ လက်ညှိုးကလည်း တဆတ်ဆတ်တုန်ရီနေလေ၏။
"ငါ့ကို လက်ညှိုးလာမထိုးနဲ့ ...ဒီနေ့ ငါ ဒီကိုလာတာ ခင်ဗျားနဲ့ အငြင်းပွားဖို့လည်း မဟုတ်ဘူး...မ်ိသားစုကိစ္စတွေ လာဆွေးနွေးတာလည်း မဟုတ်ဘူး...ဒီနေ့လာရတဲ့ အကြောင်းရင်းက ဝေစုနှစ်နေရာအတွက်ပဲ..."
နန်ကုန်းဝူချယ်က ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။ထိုဝေစုနှစ်နေရာကို ခွဲဝေဖို့ မည်သူကိုမှ ခွင့်ပြုထားခြင်းမရှိပေ။အထူးသဖြင့် ထိုခွေးအိုကြီးကိုဖြစ်သည်။
"ငါ အဲ့ဒီဝေစုနှစ်နေရာကို မင်းအစား ခွဲဝေထားပြီးပြီ..."
နန်ကုန်းရွှမ်ဟယ်က ထပ်ပြောလိုက်သည်။
"ခင်ဗျားကိုခင်ဗျား ဘယ်သူလို့ထင်နေတာလဲ...ထွက်သွားစမ်း...အဲ့ဒီဝေစု နှစ်နေရာကို ငါ့ဘာသာငါ ခွဲဝေမယ်...ဒီဝေစုတွေက နန်ကုန်းမိသားစုမဟုတ်တဲ့ တခြားသူတွေ ခွဲဝေလို့ရနိုင်တဲ့ အရာမဟုတ်ဘူး..."
ဝူချယ်က မေးကိုမော့၍ နန်ကုန်းရွှမ်ဟယ်ကို ဂုဏ်မောက်စွာ ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
နန်ကုန်းရွှမ်ဟယ်က အလွန်ဒေါသထွက်လာသည်။သိူ့သော် သူ မည်သည့်စကားမှ မသုံးရသေးခင်မှာပင် ကျန်း နှင့် လင်းမိသားစုတို့က သူကိုစတင်လှောင်ပြောင်ရယ်မောကြလေသည်။
သူတို့ရှေ့မှ မြင်ကွင်းက အလွန်ပင်ရယ်စရာကောင်းလှသည်။နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ဟယ်ကို အော်ဟစ်နေသည်ကို တွေ့ရသောအခါ၌ သူတို့အလွန်ပင် ပျော်ရွှင်မိကြသည်။ခွေးအိုကြီး နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို မသတ်ရသေးဟု သူတို့မထင်ထားခဲ့မိပေ။ထို့အပြင် ထိုခွေးအိုကြီးက ကိုယ့်သေတွင်းကိုယ်ပင် တွင်းနက်နက် တူးထားပေသည်။
တရားမဝင် ခွင့်ပြုချက်ဖြင့် နန်ကုန်းမိသားစု၏ အရှင်သခင် ဖြစ်လာရန် တွေးနေလေသည်။ထိုသူက တကယ့်ကို ဉာဏ်နုံလွန်းလှသည်။ခွေးအိုကြီးပေါ်သို့ တက်နင်းနိုင်မည့် အခွင့်အလမ်းကို မည်မှ လက်ရှောင်နေလိမ့်မည်မဟုတ်ပေ။
'နန်ကုန်းရွှမ်ဟယ် ...သခင်လေး ဝူချယ်က အခုထိ သက်ရှိ ထင်ရှားရှိနေသေးတယ် ...နန်ကုန်းမိသားစုရဲ့ ဝေစုက မင်းဆုံးဖြတ်နိုင်မယ့် အရာမဟုတ်ဘူး ..."
လင်းမိသားစု၏ ခေါင်းဆောင်က ပြောလိုက်သည်။ကျန်းမိသားစု၏ ခေါင်းဆောင်ကလည်း သဘောတူကြောင်း ဝင်ရောက်ထောက်ခံ ပြောဆိုလိုက်သည်။
ဒေါသတရားများကြောင့် နန်ကုန်းရွှမ်ဟယ်၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ရီနေပေသည်။သို့သော်လည်း ယခုအချိန်၌ သူ့တွင် တကယ့်ကို ပြောစရာစကားမဲ့နေပေသည်။
သူ့၏ ဒုတိယညီလေး သေဆုံးသွားပြီ ဖြစ်သောကြောင့် ဒုတိယညီလေးနှင့် အပြင်းအထန်တိုက်ပွဲ ဆင်နွှဲသည့် နန်ကုန်းဝူချယ်လည်း ဒဏ်ရာပြင်းထန်နေမည်ဟု သူယူဆခဲ့သည်။ထို့ကြောင့် နန်ကုန်းဝူချယ်က ဒီနေရာတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ့၏ တွက်ချက်မှုက မမှားပေ။နန်ကုန်းရွှမ်ယင်နှင့် တိုက်ခိုက်ပြီးနောက် နန်ကုန်းဝူချယ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။သို့သော်လည်း နန်ကုန်းဝူချယ်၏ ဒဏ်ရာများ ပြန်လည် သက်သာလာနိုင်သည့် အကြောင်းကိုတော့ သူမခန့်မှန်းနိုင်ခဲ့ပေ။
"အကြီးအကဲ ရွှမ်ဟယ် ဒါ ဘာအဓိပ္ပါယ်လဲ ...မင်းက နန်ကုန်းမိသားစုရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံရမယ့်သူ မဟုတ်ဘူးလား..."
မီရှက နန်ကုန်းရွှမ်ဟယ်က်ိုမျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။သူ့၏ အသံကလည်း အလွန်တရာအေးစက်နေပေသည်။
"ငါ..."
"ပိတ်ထား... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဝေစုနှစ်နေရာ ရကို ရ ရမယ်...ငါတို့ကြားထဲက သဘောတူညီချက်ကလည်း ပြီးဆုံးသွားပြီ...ငါတို့ကို ဝေစုနှစ်နေရာမပေးဘူးဆိုရင်တော့ ရှေးဟောင်းရှုရမြို့တော်ရဲ့ ဒောသအကျိုးဆက်ကို နန်ကုန်းမိသားစု ခံစားစေရမယ်..."
မီရှကနန်ကုန်းရွှမ်ဟယ်ကိုကြည့်၍ တဟင်းဟင်း ရယ်မောလိုက်သည်။
နန်ကုမ်းဝူချယ်က မီရှကို လှမ်းကြည့်လိုက်သည်။
"မင်းဘယ်သူ ဘယ်ဝါဆိုတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ...ဒီဝေစုနှစ်နေရာက ငါ့ဟာပဲ...ငါပေးချင်တဲ့ သူ ဘယ်သူကိုမဆို ငါပေးမယ်...ငါနဲ့လာပြီး ငြင်းခုန်နေလို့မရဘူး..."
နန်ကုန်းဝူချယ်က ပြောပြီးသည်နှင့် သူ့ဘေးနား၌ ရှိနေသော ပုဖန်ကို ဆွဲခေါ်လိုက်သည်။
"နန်ကုန်းမိသားစုရဲ့ ဝေစုနှစ်နေရာအတွက် ငါအခုပဲ ကြေညာမယ်...တစ်ခုက ငါ့အတွက် ...နောက်ထပ်တစ်ခုကတော့ ဒီလူကို ငါပေးမယ်..."
ပုဖန်က သူ့၏ ရှေ့မှလူများအားလုံးကို မျက်နာသေဖြင့်ပင်ကြည့်၍ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... အဲ့နေရာက ငါ့ဟာပဲ..."
အားလုံး ဆွံ့အသွားကြသည်။ပုဖန်၏ စကားကို ကြားပြီးသောအခါ၌ သူတို့ သွေးအန်လုနီးပါးပင် ဖြစ်သွားလေသည်။
မင်းဖင်ကြီးကိုပဲ ဟုတ်လိုက်ပါလား...ဟယ်လို..အစ်ကိုကြီး...ခဗျားက ဘယ်သူလဲ...
နန်ကုန်းဝူချယ် ရောက်လာပြီးနောက် ဖြစ်ပျက်သွားသမျှက မြန်ဆန်လွန်းလှသောကြောင့် အားလုံးပင် အူကြောင်ကြောင်ဖြစ်နေကြသည်။
ဒီလူငယ်က ဘယ်ကနေထွက်လာတာလဲ ...သူက ဘယ်ကနေ ဘယ်လို လုပ်ပြီးတော့ ဝေစုတစ်နေရာကို ယူသွားတာလဲ...
"မင်းက လာနောက်နေတာလား..."
မီရှက နန်ကုန်းဝူချယ်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
နန်ကုန်းဝူချယ်က မတုန်မလှုပ်ဖြင့်ပင် မီရှကို ပြန်လည် စိုက်ကြည့်လိုက်သည်။
"ငါက ဘာလို့ နောက်ရမှာလဲ...ဒီဝေစုနှစ်နေရာက ငါပဲ ခွဲဝေပိုင်ခွင့်ရှိတယ်...မင်းမှာ ကန့်ကွက်စရာရှိလား...ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်အချက်ပေါ်မူပြီး ကန့်ကွက်ချင်တာလဲ..."
နန်ကုန်းဝူချယ်က ခေါင်းဆောင်တစ်ဟောက်ဟန် အမူအရာဖြင့် ပြောလိုက်သည်။နန်ကုန်းဝူချယ် မီရှကို ပြန်လည်ပြောဆိုနေသည့် မြင်ကွင်းကိုကြည့်၍ အားလုံး ဆွအနေကြသည်။
မဟာသခင် ရွှမ်ပေ၏ ဘေးနား၌ ရပ်နေသော ယန်မိန်ကျီ၏ မျက်ဝန်းများက တောက်ပနေသည်။သူမက လက်သီးတင်းတင်းဆုပ်ထား၏။မျက်ဝန်းမှလည်း ကြယ်များပင် ဖြာထွက်နေသလိုထင်ရသည်။
"သူက အရမ်းကို ခံ့ညားပြီး ချောမောတာပဲ...သခင်လေးဝူချယ်က တကယ့်တကယ့်ကို စမတ်ကျလွန်းတယ်..."
ထ်ိုအချိန်၌ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ပုဖန်ကို မှတ်မိသွားဟန် ပုံစံဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။
"ငါသူ့ကို မှတ်မိပြီ...ဒီလူက နန်ကုန်းမိသားစုရဲ့ အဆာခံဆေးလုံးတွေ ရောင်းတဲ့နေရာမှာ အပုပ်အစက်တွေ လာရောင်းတဲ့ သူပဲ...အဲ့ဒီနေရာက အရမ်းအနံ့ဆိုးလွန်းလို့ ငါအနားကိုတောင် မသွားနိုင်တော့ဘူး..."
"အဲ့ဒီပိုင်ရှင်လား...ဒါက စားသောက်ဆိုင် ပိုင်ရှင်လား..."
"အဲ့ဒီ စားသောက်ဆိုင်ပိုင်ရှင်နဲ့ နန်ကုန်းမိသားစုကြားထဲမှာ နောက်ကွယ်က ပတ်သတ်မှုတွေ ရှိမယ်ထင်တယ်...သူက နန်ကုန်းဝမ်ရဲ့ ခင်ပွန်းများဖြစ်နိုင်လား ...ဘုရားရေ..."
ရင်ပြင်တစ်ခုလုံး အံ့အားသင့်သင့် အလန့်တကြား အော်မြည်သံများနှင့် ပြည့်နှက်သွားသည်။ဒီတစ်ကြိမ် ဝေစုခွဲတမ်း ပြိုင်ပွဲက အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းနေသည်။
စင်မြင့်အလယ်တွင် ရပ်နေသော မြူကောင်းကင် မြို့သခင်က နန်ကုန်းမိသားစု၏ ကိုယ်ပိုင် ဝေစု ပိုင်ရှင်နာမည်ကို ကြေငြာလိုက်သည်။သဘာဝကျစွာဖြင့် ထိုဝေစုနှစ်ခုက နန်ကုန်းမိသားစု၏ အစစ်အမှန် ဆက်ခံသူဖြစ်သော နန်ကုန်းဝူချယ်သာ ပိုင်ဆိုင်သွားလေသည်။
နန်ကုန်းရွှမ်ဟယ်က ထိုရလဒ်ကို မခံမရပ်နိုင်ဖြစ်နေမိသည်။သူက ထိုဝေစုနှစ်ခုကို သူသာလျှင် ခွဲဝေပိုင်းခြားချင်သောကြောင့် အော်ဟစ်လုနီးပါးပင်ဖြစ်သွားသည်။
ရှေးဟောင်းရှုရမြို့တော်မှ သိုင်းပညာရှင်တစ်ဦး၏ အေးစက်လှသော အကြည့်များက နန်ကုန်းရွှမ်ဟယ်ဆီသ်ို့ ကျရောက်လာသည်။
"ငါတို့ ရှေးဟောင်းရှုရမြို့တော်က ဝေစုနှစ်နေရာလိုချင်တယ်...တကယ်လို့ မင်းမပေးနိုင်ဘူးဆိုရင် ငါတို့ မင်းကိုသတ်မယ်..."
သူပြောပြီးသည်နှင့် နန်ကုန်းရွှမ်ဟယ်ကို ဂရုမစိုက်တော့ပဲ ချာခနဲ လှည့်ထွက်သွားလေသည်။
နန်ကုန်းရွှမ်ဟယ်က ရှုံးနိမ့်မှုကြောင့် တကယ့်ကို နာကျင်စွာ ခံစားနေမိသည်။သူ့၏ နန်ကုန်းဝူချယ်ပေါ် ထားသော အမုန်းတရားများက ပို၍ နက်ရှ်ိုင်းစွာ တိုးပွာလာလေသည်။
သူက ပုဖန်ကိုလည်း မုန်းတီးနေပေသည်။နန်ကုန်းဝူချယ်နှင့် ယှဉ်လိုက်လျှင် သူ့၏ ညီငယ်ကို သတ်ဖြတ်ခဲ့သော စားသောက်ဆိုင်မှ သူဖြစ်သည့် ပုဖန်ကို ပို၍ မုန်းပေသည်။
နန်ကုန်းဝူချယ်၏ ဒဏ်ရာများ အလျှင်အမြန်သက်သာလာသည်ကလည်း ထိုစားသောက်ဆိုင်နှင့် အတိအကျ ဆက်နွယ်မှု ရှိနေပေသည်။
လျို့ဝှက်နယ်မြေသို့ ဝင်ရောက်မည့် တည်နေရာရွှေ့ပြောင်းအစီအရင်က ညနေမှသာလုပ်ဆောင်မည်ဖြစ်သောကြောင့် အားလုံးက ပြန်လည် ထွက်ခွာသွားကြသည်။လျှို့ဝှက်နယ်မြေသို့ ဝင်ခွင့်ရထားသူများကလည်း သူတို့ လိုအပ်သည်များကို ပြင်ဆင်ရန်အိမ်သို့ပြန်သွားကြသည်။
လူတိုင်းသည် လျှ်ို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီး တစ်ချို့သော ရတနာများကို တူးဖော်ယူလိုကြသည်။အကယ်၍ သူတို့သာ ရတနာပုံကို နင်းမိလျှင် သူတို့၏ ခွန်အားများကလည်း လျှင်မြန်စွာ တိုးတက်လာပေလိမ့်မည်။လျှို့ဝှက်နယ်မြေတွင် အခွင့်အလမ်းနှင့် အန္တရာယ်များက အတူ ယှဉ်တွဲနေပေသည်။
"အိုး...နန်ကုန်းဝူချယ် အရမ်းကို ခန့်ညားနေပါလား...ငါကြားတာတော့ မင်းရဲ့ ငရဲဘုရင်ကိုးပါး မီးလျှံ ထုတ်ယူခံလိုက်ရတယ်ဆို...မင်း သက်စောင့်ဆေး သန့်စင်နိုင်သေးရဲ့လား...အာ...ကိစ္စတော့မရှိပါဘူး...မင်းက ငါရဲ့ အနာဂတ်ယောက်ဖလောင်းပဲလေ...တကယ်လို့ မင်းသက်စောင့်ဆေးလိုချင်တယ်ဆိုရင် ငါကိုသာရှာလိုက်...ငါက ကပ်စေးမနဲတတ်ပါဘူး...ငါသောက်လို့ပိုတဲ့ စွပ်ပြုတ်အရေလေးလောက်တော့ မင်းအတွက် ချန်ထားပေးနိုင်ပါတယ်..."
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နာ၌လည်း မျက်နာချေများလူးထားသော အမျိုးသားတစ်ယောက်က နန်ကုန်းဝူချယ်ဆီသို့ လျှောက်လာပြီး တဟင်းဟင်းရယ်မောကာ ပြောဆိုနေသည်။
"မုချန်းဖုန် မင်းက အရင်ကလိုပဲ အော်ဂလီဆန်ချင်စရာ ကောင်းတုန်းပဲ...မင်းရဲ့ အဂ္ဂိရတ်အရည်အချင်းနဲ့ မင်းသန့်စင်တဲ့ ဆေးလုံးက မစင်နဲ့ ခြားနားမှာမဟုတ်ဘူး...မင်းလုပ်တဲ့ သက်စောင့်ဆေးကိုသာစားလိုက်ရင် ငါက လူနုံလူအတစ်ယောက်အဖြစ်တောင် ပြောင်းသွားနိုင်သေးတယ် ...ဘယ်သူက မင်းသန့်စင်တဲ့ သက်စောင့်ဆေးကို စားရဲမှာလဲ..."
နန်ကုန်းဝူချယ်က ထိုမျက်နာချေ အဖွေးသားနဲ့ သူကိုကြည့်ပြီး မနှစ်မြို့ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ပြီးတော့ မင်းလိုမျိုး မိန်းမလိုမိန်းမရနဲ့သူက ငါ့ညီမကို လက်ထပ်ဖို့ အိပ်မက်မက်နေသေးတယ်ဟုတ်လာ...ငါ့ဘေးနားမှာရပ်နေတဲ့သူကသာ ငါရဲ့ အနာဂတ်ယောက်ဖလောင်းဆိုတာ မင်းမသိဘူးလား..."
နန်ကုန်းဝူချယ်က ခေါင်းမြင့်မြင့်မော့လိုက်၍ သူဘေးနား၌ ကြောင်အရပ်နေသော ပုဖန်ကို အနားသို့ ဆွဲခေါ်လိုက်ပြန်သည်။
မုချန်းဖုန်က ပုဖန်ကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းကို လက်ဝါးလေးဖြင့် အသာကာရင်း တဟင်းဟင်းရယ်မောလိုက်၏။
အချိန်အတော်ကြာသည်အထိ ရယ်မောနေပြီးမှ ပြန်၍ လှည့်ထွက်သွားလေသည်။
နန်ကုန်းဝူချယ်က မျက်တောင်ပုပ်ခတ်ပုပ်ခတ်ဖြင့် အူကြောင်ကြောင်ရပ်နေသောပုဖန်ကို ကူရာမဲ့စွာဖြင့် ကြည့်လိုက်မိသည်။
"ဘော်ဒါပု... သူက မင်းကို အထင်အမြင်သေးသွားတာလေ..."
"အိုး...ဟုတ်လား...သူထင်ချင်သလိုထင်ပါစေ.."