အပိုင်း ၄၅၀
Viewers 54k

အခန်း.၄၅၀

ကြံ့ခိုင်သန်စွမ်း အမဲသားလုံး


ပုဖန်နှင့် နန်ကုန်းဝူချယ် ဆိုင်သို့ ပြန်လာခဲ့သည်။နန်ကုန်းဝူချယ်က နန်ကုန်းမိသားစုမှထုတ်ပယ်ခံရပြီဖြစ်သောကြောင့် ယခုလက်ရှိ အိမ်ယာမဲ့တစ်ယောက်ဖြစ်နေလေသည်။


ဆေးအဆောက်အဦးတွင်ရှိနေသော သူ့၏ နေရာကိုပင် ထိုခွေးအိုကြီးနန်ကုန်းရွှမ်ဟယ်က ဖျက်သိမ်းခဲ့သည်။ထို့ကြောင့် သူ ဆေးအဆောက်အဦးဆီသို့လည်း မသွားနိုင်တော့ပဲ ပုဖန်နောက်သို့သာ လိုက်လာခဲ့ခြင်းဖြစ်သည်။


"အခုငါတို့ လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ကြတာပေါ့...တည်နေရာရွှေ့ပြောင်းအစီအရင်က လနှစ်စင်း တစ်ခုနှင့်တစ်ခု ထပ်တဲ့အချိန်ကြမှ အသက်ဝင်လာမှာ...အစီအရင် အသက်ဝင်လာပြီဆိုတာနဲ့ လျှို့ဝှက်နယ်မြေထဲ ဝင်လို့ရပြီ..."


ဆိုင်ထဲသို့ ရောက်သည်နှင့် နန်ကုန်းဝူချယ်က ခုံတစ်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ပြောလိုက်သည်။


ပုဖန်က ထုံးစံအတိုင်းပင် မတုန်မလှုပ်အမုအရာနှင့် နန်ကုန်းဝူချယ်ကို ကြည့်နေသည်။ပုဖန်၏ အကြည့်များကြောင့် နန်ကုန်းဝူချယ်ပင် စိတ်မသက်မသာ ဖြစ်လာပြီး ခန္ဓာကိုယ်ကို အနည်းငယ်မတ်လိုက်သည်။


"ဘော်ဒါပု...မင်းကလျှို့ဝှက်နယ်မြေထဲကို တကယ်ပဲ ဝင်မှာလား..."


"ဒါပေါ့ ငါဝင်မှာပေါ့..."


ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ လျှောထိုင်လိုက်ပြီး ပြန်တုံ့ပြန်ဖြေလိုက်သည်။စနစ်ပေးအပ်သော မစ်ရှင်က ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲနှင့် ဆက်နွယ်နေပေသည်။


သို့သော်လည်း အကယ်၍ ရိုးရိုးနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအတွက်ဆိုလျှင်တောင်မှ သူသွားမည်ဖြစ်သည်။သလင်းကျောက်တစ်သောင်းကျသင့်သော မော်တယ်အဆင့် နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကပင် အလွန်စျေးကြီးမြင့်နေပြီ ဖြစ်သည်။


ပုဖန် အနည်းငယ် မကျေမနပ်ဖြစ်နေသည့် ကိစ္စလည်းရှိနေပေသေးသည်။သူ မြူကောင်းကင်မြို့၌ ရက်အနည်းငယ်မျှ စီးပွားရေးလုပ်ပြီးသည်နှင့် ဒီမြို့၏အခြေအနေက အင်ပါယာမြို့တော်နှင့် ယှဉ်လိုက်လျှင် ပို၍ သာလွန်ကောင်းမွန်ကြောင်း သတိပြုမိခဲ့သည်။


ထိုနေရာ၌ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို ဝယ်ယူစားသောက်လိုသော လူများစွာရှိသည်။သို့သော်လည်း သူ တစ်နေ့မှ နှစ်ပွဲသာ ရောင်းနိုင်လေသည်။


သူ့၏ ကျင့်ကြံမှု စွမ်းအင်အဆင့် မြင့်တက်လာခဲ့လျှင် ပို၍ စျေးကြီးသော ဟင်းပွဲတစ်ချို့ကို တီထွင်ဖန်တီးရပေမည်။နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲက သူ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းမရှိသေးပေ။


ထို့ကြောင့်လည်း သူက ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို မျှေည်လင့်နေမိခြင်းဖြစ်သည်။ထိုဟင်းပွဲက သူ့ကို စိတ်ပျက်စေလိမ့်မည်မဟုတ်ကြောင်း သေချာလှပေသည်။


"ဒါပေမယ့် အဲ့ဒီထဲကို ဝင်တာက မင်းကိုမင်း အန္တရာယ်ထဲ တွန်းပို့လိုက်သလိုပဲနော်..."


နန်ကုန်းဝူချယ်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။


"မင်းကသာ ငါ့ထက် အန္တရာယ်ပိုများနေတာ ..."


ပုဖန်က တက်တက်ကြွကြွပင် သူ့ကို ပြန်ပြောလိုက်သည်။နန်ကုန်းဝူချယ် ခဏမျှ စွံ့အသွားသည်။


ပုဖန်ပြောသည်ကလည်း မှန်ပေသည်။မြူကောင်းကင်မြို့ အတွင်း၌ ရှိသော လူတော်တော်များများက သူ့၏ သေဆုံးမှုကို လိုချင်နေကြသည်။


နန်ကုန်းမိသားစုမှ ခွေးအိုကြီးကို ထည့်မပြောသေးလျှင်ပင် လင်းမိသားစုနှင့် ကျန်းမိသားစုတို့က လူများက သူဘက်ကနေ၍ တခါမှ ကူညီပေးဖူးခြင်း မရှိပေ။အကယ်၍လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားခဲ့လျှင် ထိုသူများ သူ့ကို အန္တရာယ်ပြုရန် ကြိုးစားလာနိုင်ပေသည်။


အဘယ်ကြောင့်ဆိုသော် နန်ကုန်းဝူချယ်၏ ပါရမီက နန်ကုန်းရွှမ်ဟယ်ထက် အပုံကြီးသာနေပေသည်။အကယ်၍ သူသာကြီးထွားလာခဲ့လျှငိ ကျန်းနှင့် လင်းမိသားစုအတွက် အိပ်မက်ဆိုးများ ဖြစ်သွားပေလိမ့်မည်။


ထို့ကြောင့် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ပြီးသွားသည်နှင့် သူ့ကို ရှင်းပစ်သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။အကယ်၍ ဒီတစ်ကြိမ် အခွင့်အရေးကို လွဲချော်ခဲ့လျှင် နောက်ထပ် သူတို့ ရှင်းပစ်ချင်လျှင်တောင်မှ အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။


"ထားပါတော့ ..."


ပုဖန်ကို အကြံပေးနေသည်က သူ သက်သက်အချိန်ဖြုန်းနေသည်ဟုပင် ခံစားလာမိသည်။ရုတ်တရက် နန်ကုန်းဝူချယ် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ့၏ မျက်ဝန်းများ တောက်ပလာလေသည်။


"ဘော်ဒါပု...မင်းအရင်တစ်ခါ လုပ်ပေးတဲ့ ခေါက်ဆွဲရှိသေးလား...အဲ့ဒီ ခေါက်ဆွဲက လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို တကယ့်ကို တိုးတက်စေနိုင်တယ်...ငါသန့်စင်တဲ့ အဆင့် ၁ ဆေးလုံးထက်တောင်မှ ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်...ဒီတော့ မင်းရဲ့ ခေါက်ဆွဲက စားသုံးပြီးတဲ့ နောက်မှာလည်းဘယ်လို ဘေးထွက်ဆိုးကျိုးကိုမှ မခံစားရစေဘူး..."


ထိုခေါက်ဆွဲကို စားသုံးရသည်က အလွန်ပင် စပ်လွန်းသော်လည်း လူတစ်ယောက်၏ စွမ်းအင်များကို မယုံနိုင်စရာကောင်းလောက်အောင် တိုးမြင့်ပေးနိုင်လေသည်။ပို၍ အရေးကြီးသည်မှာ ထိုခေါက်ဆွဲကို စားပြီးနောက် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ မခံစားရပေ။အကယ်၍ နှုတ်ခမ်းရောင်ရမ်းခြင်းကိုသာ ဘေးထွက်ဆိုးကျိုးဟု စဉ်းစားမည်ဆိုလျှင် နန်ကုန်းဝူချယ်က ထိုဖူးရောင်နေသောနှုတ်ခမ်းများဖြင့် နေ့တိုင်းနေရန် ဆန္ဒရှိပေသည်။


"ဒီတစ်ခါလည်း မင်းအတွက် ကောင်းတာလေး တစ်ချို့ရှိသေးတယ် အပြင်မှာ ခဏစောင့်နေဦး...ငါ ငါတို့ရဲ့ လျှို့ဝှက်နယ်မြေကို သွားမယ့် ခရီးစဉ်အတွက် ဟင်းပွဲတစ်ချို့ သွားလုပ်လိုက်ဦးမယ်..."


ပုဖန်က နန်ကုန်းဝူချယ်ကို တစ်ချက်ကြည့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။


"ဟင်းပွဲအသစ်..."


နန်ကုန်းဝူချယ်၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာလေသည်။


......


ကြံ့ခိုင်သန်စွမ်း အမဲသားလုံး ဟင်းပွဲက လူတစ်ယောက်၏ ခွန်အားများကို သုံးဆတို့းမြင့်ရာတွင် အသုံးပြုနိုင်သည်။ထိုဟင်းပွဲကို လျှာကဝေ အစီအရင်အတွက်လည်း အသုံးပြုနိုင်သည့်အပြင် စပ်ပြဲလန်ခေါက်ဆွဲနှင့်လည်း တွဲဖတ်၍ စားသုံးနိုင်သည်။

အမဲသားလုံးကြီးပဲ စားမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိပေ...သို့သော်...စပ်ပြဲလန်ခေါက်ဆွဲနဲ့ တွဲစားမယ်ဆိုပာက စားသုံးသူက ခြောက်နာရီခန့်လောက် အားနည်းနေပေလိမ့်မည်.."


ပုဖန်က မီးဖိုခုံဘေးတွင် အေးဆးစွာ ရပ်ရင်း ကြံ့ခိုင်သန်စွမ်းအမဲသားလုံးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို စစ်ဆေးနေလိုက်သည်။စနစ်ပေးထားသော နာမည်ထက် ရယ်ချင်စရာကောင်းသည့်နာမည်မျိုး မရှိတော့ဟုပင် ပုဖန် ခံစားမိသည်။


"ကြံ့ခိုင်သန်စွမ်းအမဲသားလုံး..."


ထိုဟင်းပွဲ၏ နာမည်ကိုကြားလိုက်ရုံဖြင့်ပင် စားချင်စိတ်များ ပျောက်ဆုံးသွားနိုင်ပေသည်။နာမည်က တကယ့်က်ို ရယ်စရာကောင်းလှသည်။ကြံ့ခိုင်သန်စွမ်းအမဲသားလုံးဟု ဆိုသော်လည်းတကယ်တမ်း ချက်ပြုတ်ရသည့် နည်းလမ်းမှာ ရိုးရိုးအမဲသားလုံး ချက်သည့်နည်းလမ်းနှင့် မကွာခြားပေ။အသုံးပြုသည့် ပါဝင်ပစ္စည်းများသာ ကွာခြားသွားခြင်း ဖြစ်သည်။ဒီတစ်ကြိမ် ပါဝင်ပစ္စည်းများကို စနစ်က ထောက်ပံ့ပေးထားသောကြောင့် ပုဖန် ဒုက္ခများသည့်ဘေးမှ အတော်သက်သာသွားသည်။


ပုဖန် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်ပြီးသူ့၏ ခေါင်းထဲမှ ဓားဆယ့်သုံးကွက် အရှင်သခင် နည်းစနစ်ကို စစ်ဆေးလိုက်သည်။ဖော်ပြထားချက်မှအရ ဓားဆယ်သုံးကွက် အရှင်သခင် နည်းလမ်းကို လေ့ကျင့်လိုလျှင် အရင်ဦးဆုံး ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာကို အထွဋ်အထိပ်အဆင့်ထိ ကျွမ်းကျင်ထားရပေမည်။


ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာကို အထွဋ်အထိပ်သို့ ရောက်ပြီးမှသာလျှင် ဓားဆယ့်သုံးကွက် အရှင်သခင် နည်းလမ်းကို အခြေခံမှစ၍ သင်ယူနိုင်ပေသည်။အဘယ့်ကြောင့်ဆိုသော်ထိုဓားနည်းလမ်းက မရိုးရှင်းသောကြောင့် ဖြစ်သည်။သူ့ကို လေ့ကျင့်ရမည့်နည်းလမ်းက လူတစ်ယောက်၏ အသုံးပြုသည့် နည်းဟန်များပေါ် များစွာ မူတည်နေပေသည်။


"လူတစ်ယောက်ရဲ့ နည်းဟန် ဆိုတာဘာလဲ..."


တကယ်တမ်းပြောရမည်ဆိုလျှင် ပုဖန်လည်း အလုံးစုံ နားလည်နိုင်ခြင်းမရှိသေးပေ။ထို့ကြောင့် သူ ဓားနည်းလမ်းကို စိတ်အားထက်သန်စွာ သင်ယူနေရခြင်းဖြစ်သည်။ကျွမ်းကျင်ပညာရှင်များအားလုံးနှင့် သူတို့၏ ကိုယ်ပိုင် ဟိတ်ဟန် နည်းဟန် များရှိသည်။ထို့ကြောင့်ပင် သူတို့ တစ်ယောက်ချင်းစီက လာသည့် ဖိအားက မတူညီ ကွဲပြားထွက်သွားခြင်း ဖြစ်သည်။


လူတစ်ယောက်က သူ့၏ အစစ်အမှန်စွမ်းအင်များဖြင့် ဖန်တီးလိုက်သည့်အင်အားကို ဖိအားဟုခေါ်သည်။ထိုဖိအားများက အသုံးပြုလိုက်သူ၏ စွမ်းအင်အဆင့်ထက် နိမ့်ကျနေသုများအပေါ်သို့ သက်ရောက်မည်ဖြစ်သော်လည်း သူ့ထက် ကျင့်ကြံစဉ် မြင့်နေသူများပေါ်သို့ သက်ရောက်လိမ့်မည်မဟုတ်ပေ။


သို့သော် လူတစ်ယောက်၏ နည်းဟန်ဆိုသည်ကတော့ ဖိအားနှင့် လုံးဝကွဲပြားခြားနားနေပေသည်။


လူတစ်ယောက်၌ ကိုယ်ပိုင် နည်းလမ်း ရှိနေလျှင် သူ့၏ အစစ်အမှန်စွမ်းအင် စိတ်ဝိညာဉ် အနှစ်သာရများက လုံးဝ ကွဲပြားခြားနားနေပေလိမ့်မည်။ဓားသမားများကိုလည်း ကိုယ်ပိုင်နည်းဟန်သမားဟု ခေါ်ဆိုလေ့ရှိသည်။အဘယ့်ကြောင့်ဆိုသော် ဓားသမားများအားလုံးက သူတို့၏ စိတ်ကို သူတို့ ထိုးသွင်းသိမြင်အောင် ကြိုးစားကြပြီး သူတို့၏ ကိုယ်ပိုင်နည်းဟန်များကိုသာ အသုံးချကြသောသူများဖြစ်သောကြောင့် ဖြစ်သည်။


ဓားသိုင်းပညာများအားလုံး၌ ကိုယ်ပိုင်နည်းဟန်များရှိသည်။တကယ့်ကို အစစ်အမှန်ဓားသမားများသာ ထိုကဲ့သို့ နည်းဟန်များကို ပိုင်ဆိုင်ထားကြလေသည်။ကိုယ်ပိုင်နည်းဟန်ကို ပိုင်ဆိုင်သောဓားသမားများက သူတို့ဆီမှ ထွက်လာသောအော်ရာများဖြင့်ပင် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။


ယခု ပုဖန် သင်ယူရန် ကြံရွယ်ထားသော ဓားဆယ့်သုံးကွက် အရှင်သခင်နည်းလမ်းကလည်း ကိုယ်ပိုင်ဟိတ်ဟန်နည်းလမ်းဖြစ်သည်။အလွန်ခက်ခဲလှသော စစ်ဆေးချက်ပင်ဖြစ်၏။


ပုဖန် သူ့ပုခုံးပေါ်က ပုစွန်ပိစိကို ဆွဲယူလိုက်ပြီးမီးဖိုခုံပေါ်တင်လိုက်သည်။ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်ပြီး ပုစွန်ပိစိကိုမျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။


"ပိစိကောင်လေး...ငါအခု ငါ့ရဲ့ ကိုယ်ပိုင်နည်းဟန်ကို စမ်းကြည့်မလို့...မကြောက်နဲ့နော် တကယ်လို့ မင်းအရမ်းကြောက်နေတယ်ဆိုရင်လည်း ငါ့ရဲ့ ပုခုံးပေါ် ပြန်သွားလို့ရတယ်..."


"မင်းက အရမ်းကို ထောင်လွှားပြနေပါလား..."


ပိစိကောင်က မကျေမနပ်ဟန် အသံတစ်ချက်ပြုလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် သူ့၏ အမွှေးရှည်နှစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။


ဓားဆယ့်သုံးကွက် အရှင်သခင်၏ ပထမဦးဆုံး လှုပ်ရှားမှု...


ပုဖန်က သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ရာ သူ့ပတ်ဝန်းကျင်၌ ရွှေရောင်အလင်းတန်းလေးများ တောက်ပသွားလေသည်။သာမန်လူတစ်ယောက်သာ ပုဖန်၏ ဓားလှိုင်းကို မြင်ရလျှင် အံ့သြမှုကြောင့် လုံးဝ ငေးမောမှင်သက်နေပေလိမ့်မည်။


ဘန်း...


ရုတ်တရက် ဓားအလင်းများက ရပ်တန့်သွားသည်။ပုဖန်က မီးဖိုချောင်သုံးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။ပုစွန်ပိစိကလဲ မီးဖိုခုံပေါ်တွင် လဲနေတုန်းဖြစ်သည်။ပုဖန်၏ ကိုယ်ပိုင်နည်းဟန်နှင့် ရင်ဆိုင်လိုက်ရသော်လည်း သူ့၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှာဖြင့် တဖျက်ဖျက်တောက်ပနေပြီး သူ့၏ အမွှေးရှည်နှစ်ချောင်းကို လွှဲယမ်းနေပေသည်။


"သက်ရောက်မှုက အရမ်းအားနည်းနေတာလား...နောက်တစ်ခေါက် ထပ်ကြိုးစားကြမယ်...ပိစိကောင်လေး အရမ်းမကြောက်နဲ့နော် မင်းကိုမင်းလည်း ဖိအားပေးပြီး ငါ့ရှေ့မှာ သန်မာပြနေစရာမလိုဘူး..."


ရွှစ်...ရွှစ်..


သူက ဓားကို ပို၍ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး အကြီမ်အနည်းငယ်ခန့် လွှဲယမ်းလိုက်သည်။သူ့၏ ဓားသုံးမှုက တော်တော်လေးပင် အံ့အားသင့်စရာကောင်းသည်ဟု ခံစားရလေသည်။


ဓားနည်းဟန်များကို ပြီးပြည့်စုံလုနီးပါး အခြေအနေထိ ကြိုးစားထုတ်ဖော်ထားသည်။သူ့၏ လှုပ်ရှားမှုကြောင့် မီးဖိုချောင်ထဲ၌ပင် လေပြင်းများ တိုက်ခတ်လာသည်။


သို့သော်လည်း ပုစွန်ပိစိကအရင်ကနဲ့ မခြားနားစွာ သူ့ကို အေးဆေးစွာ ကြည့်နေတုန်းဖြစ်သည်။သူလှုပ်ရှားနေသောအမွှေးရှည်နှစ်ချောင်းကို ကြည့်ရုံမျြှဖင့် သူမည်မျှ စိတ်လှုပ်ရှားနေကြောင်း သိနိုင်ပေသည်။


ပုဖန် နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ပုစွန်ပိစိကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ့ကို ဆုပ်ကိုင်၍ ပုခုံးပေါ်သို့ ပြန်တင်လိုက်၏။ယခုအချိန်၌ သူကြံ့ခိုင်သန်စွမ်း အမဲသားလုံးကို စတင်လုပ်ရမည့်အချိန် ရောက်ပေပြီ။


ကိုယ်ပိုင် နည်းဟန်အတွက်ကမူ သူ၏အားလပ်ချိန်မှသာ ထပ်၍ သင်ယူလေ့လာရပေမည်။


.....


မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးလိုက်သည်။နွေဦးစမ်းရေများဆူပွက်လာသည်နှင့် တစ်ပြိုင်နက် ထုတ်လွှင့်လာသည့် ချိုမြသော မွှေးရနံ့လေးက လန်းဆန်းသွားစေသည်။


ထို့နောက် သူပြင်ဆင်ထားပြီးသား လတ်ဆတ်သော အမဲသားလုံးလေးများကို အိုးထဲသို့ ပစ်ထည့်လိုက်သည်။


ပလုံခနဲ အသံနှင့်အတူ အသားလုံးလေးများက အိုးအောက်ခြေထိ နစ်မြှုပ်သွားလေသည်။အချိန်တိုအတွင်းမှာပင် အနီရောင်တောက်နေသော အသားလေးများက အညိုရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။အမဲသား၏ မွှေးပျံ့သော ရနံ့သင်းသင်းကလည်း ထွက်ပေါ်လာသည်။ပုဖန်က ထိုမွှေးရနံ့လေးများကို ပျော်ပျော်ကြီးပင် ရှုရှိုက်နေမိသည်။


ပုဖန်က အသားလုံးများကို ဆယ်ယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်သည်။အသားလုံးလေးများ၏ အရောင်က မျက်စိမလွှဲချင်လောက်အောင် တောက်ပနေလေသည်။မွှေးရနံ့သင်းသင်းနှင့်အတူ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများကိုလည်း ထုတ်လွင့်နေ၏။သူက အသားလုံးများထဲသို့ တခြားပါဝင်ပစ္စည်းများ ထပ်မထည့်ပဲ သူ့ချည်းသက်သက်ချက်ထားခြင်း ဖြစ်သည်။


ပုဖန်က သူ့ရှေ့မှ အသားလုံးပန်းကန်ကို ကြည့်ရင်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။အသားလုံးလေးများကို ကြည့်ရသည်မှာ သာမန် ဆန်နေသော်လည်း အထင်မသေးသင့်ပေ။ သူကိုယ်တိုင်ပြုလုပ်ခဲ့သည် ဖြစ်သောကြောင့် သက်ရောက်မှု ပမာဏကို သူကောင်းကောင်းသိပေသည်။


သူ့၏ အစစ်အမှန်စွမ်းအင်များကို သုံး၍ အသားအတွင်း၌ စီးဆင်းနေသည့် စိတ်ဝိညာဉ် အနှစ်သာရများကို ကောင်းစွာပင် ထိန်းချုပ် စီးဆင်းစေခဲ့သည်။စိတ်ဝိညာဉ် စွမ်းအင်များက အနည်းငယ်မျှပင် ဖိတ်စင်သွားခြင်း မရှိပေ။


တကယ့်ကို ခက်ခဲလှပေသည်။


ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်နှင့် မွှေးရနံ့များက နှာခေါင်းထဲ အလုအယက်တိုးဝင်သွားလေသည်။ထို့နောက် အသားလုံးပန်းကန်ကိုယူ၍ မီးဖိုးခန်းထဲမှ ထွက်လာလိုက်သည်။


"အော်...နောက်ဆုံးတော့ မင်းပြန်ထွက် လာပြီပေါ့..."


နန်ကုန်းဝူချယ်က စောင့်ပြီးရင်းစောင့်ရင်းဖြင့် စိတ်ပူလာသည်အထိပင် စောင့်နေရသည်။နောက်ဆုံးမှသာ ပုဖန်က ပန်းကန်တစ်လုံးကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။


နန်ကုန်းဝူချယ်က ပုဖန်လက်ထဲမှ ဟင်းပွဲကို မျှော်ကြည့်လိုက်သည်။သူ ဟင်းပွဲအသစ်၏ အကြောင်းကို သိချင်နေလေပြီ။


ဘော်ဒါပုရဲ့ ဟင်းပွဲကတော့ သူ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး...ဟုတ်တယ်မဟုတ်လား...


သူတွေးနေတုန်းမှာပင် ပုဖန်က ဟင်းပွဲကို သူ့ရှေ့၌ ချလိုက်သည်။ပန်းကန်ထဲ၌ အသားလုံးများသာ ပါဝင်နေသည်။အသားလုံးလေးများက လှပပြီး စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများနှင့် မွှေးရနံ့လေးများ ထုတ်လွှင့်နေသည်ဆိုသော်လည်း ...


"ဒါကသာမန်အသားလုံး ဟင်းပွဲပဲ မဟုတ်ဘူးလား...ဒါကို ဟင်းပွဲအသစ်လို့ ပြောနိုင်လို့လား..."