အခန်း.၄၅၂
ကံကြောင်းမလှသော နန်ကုန်းဝူချယ်...
ရေကျသံများ မဆက်အပြတ် ထွက်ပေါ်နေသည်။ထိုအချိန်၌ ကြီးမားလှသော အရိပ်တစ်ခု ထွက်ပေါ်လာလေ၏။ထိုအရိပ်က သူ့၏ ကြီးမားလှသောပါးစပ်ကိုဟ၍ နားကွဲလောက်စရာအသံကို ထုတ်လွင့်နေသည်။
ထိုအရာက ဧရာမ ကျားခေါင်းငါးဖြစ်သည်။သူ့၏ စိတ်ဝိညာဉ် ကျားခေါင်းသဏ္ဍာန်ခေါင်းမှ နေ၍ ကျားဟိန်းသံကဲ့သို့ အသံများကို ထုတ်လွင့်နေလေသည်။သူ့၏ မျက်ဝန်းများက နီရဲပြူးကျယ်နေ၏။ထိုမျက်ဝန်းများက ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
သူ့၏ ပါးစပ်ကို ကြောက်စရာကောင်းလောက်အောင်ဟပြဲ၍ ထက်မြေ့လှသော အစွယ်ရှည်များနှင့် ရေယပ်များကို ထုတ်ဖော်ထားလေသည်။သူ့၏ ပါးစပ်မှလည်း ပြင်းထန်ဆိုးရွားလှသော ငါးညှီနံများ ထွက်ပော်နေသည်။
ရေတံခွန်ထိပ်၌ ရပ်နေသော ပုဖန်က ထိုငါးကို ခေါင်းမော့ကြည့်လိုက်သည်။ပြင်းထန်ဆိုးရွားလှသော ငါးညှီနံ့များကလည်း သူ့နှာခေါင်းတွင်းသို့ အလုအယက်တိုးဝင်လာလေသည်။
"အမ်...အဲ့ဒါက အဆင့်မြင့်သားရဲလား..."
သူ အနည်းငယ် အံ့အားသင့်သွားသည်။သူ လျှို့ဝှက်နယ်မြေသို့ ဝင်ဝင်ချင်းမှာပင် အဆင့်မြင့်သားရဲ ၏ တိုက်ခိုက်ခြင်းကိုခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ထို့အပြင် ထိုအဆင့်မြင့်သားရဲက အလွန်အင်အားကြီးပုံရသည်။
ဝေါင်း....
ထို သားရဲက ရုတ်တရက် ဟိန်းဟောက်သံ တစ်ချက် ထုတ်လွင့်လိုက်သည်။ထိုဟိန်းသံကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် တုန်ခါသွားလေသည်။ထိုငါးက ဟိန်းလိုက်ပြီးသည်နှင့် သူ့၏ သွားစွယ်ရှည်များကို ဖွင့်ဟ၍ ပုဖန်ကို ကိုက်ရန် ကြိုးစားလိုက်သည်။
ပုဖန်၏ လက်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။သူ ဒယ်အိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး ထိုငါးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ထို့နောက် ကျားခေါင်းငါးစီသို့ ဒယ်အိုးဖြင့် ဝှေ့ယမ်းလိုက်သည်။
မဟူရာလိပ်ခုံးဒယ်အိုးက ကျားခေါင်းငါး၏ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိသွားပြီး ထည်ဝါလှသော အသံကျယ်ကြီးတစ်ခု ဟိန်းထွက်လာသည်။နှစ်ဖက်လုံးစီမှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအင်လှိုင်းများကြောင့် ရေပြင်က လှုပ်ခါသွားပြီး ရေလှိုင်းများက လေထဲထိ မြင့်တက်သွားလေသည်။
ကျားခေါင်းငါးက အနောက်သို့ လွင့်စင်ထွက်သွားပြီး သွေးများလည်း ပြန့်ကျဲသွားသည်။ထို့နောက် သူ့၏ ခေါင်းကို မမြင်ရတော့ပေ။ ငါးက ရေထဲသို့ ပြန်လည် ငုပ်လျှိူးသွားပြီးနောက် ဟိန်းဟောက်သံ တစ်ကြိမ်ထွက်ပေါ်လာပြီး ပုဖန်ဆီသို့ ထပ်မံ ဝင်ရောက်တိုက်ခိုက်လာပြန်သည်။
မှန်ပေသည်။ပုဖန်က တူညီသည့်လှုပ်ရှားမှုဖြင့်ပင် ဒယ်အိုးဖြင့်ရိုက်၍ အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။အကြိမ်ပေါင်းများစွာ ရိုက်ထုတ်ခံရပြီးနောက် ထိုကျားခေါင်းငါးက မလှုပ်နိုင်တော့ပေ။ရေပေါ်၌ သူ့၏ ဗိုက်သားဖြူဖြူကို လှစ်ဟပြီး အားနည်းစွာ ပေါလောပေါ်နေလေသည်။
ပုဖန်က သူ့၏ ခြေထောက်ကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးကာလိုက်ပြီး အရှေ့သို့ လှမ်းလျှောက်လာလိုက်သည်။ထို့နောက် ကျားခေါင်းငါး၏ အမြီးမှ ကိုင်ဆွဲ၍ ကမ်းစပ်ဆီသို့ ဆွဲယူလာလိုက်သည်။
ခဏအတွင်းမှာပင် ကမ်းခြေပေါ်သို့ ရောက်လာခဲ့သည်။ပုဖန်က ထိုကျားခေါင်းငါး၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ကမ်းစပ်ပေါ်သို့ ပစ်တင်လိုက်လေရာ ကျယ်လောင်လှသော အသံထွက်ပေါ်လာလေသည်။
ပုဖန်က ထိုငါးကို တစ်ပတ်ပတ်၍ လျှောက်ကြည့်လိုက်သည်။သူ ထိုငါး၏ အရွယ်အစားက်ို ကြည့်၍ ဘာများလုပ်နိုင်မည်နည်းဟု စဉ်းစားနေမိသည်။ငါးက အလွန်တရာကြီးမားလှသောကြောင့် အသားလည်း ပေါများလှသည်။ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်ပြီး အကောင်းဆုံးဟု ထင်ရသည့် နေရာကို ကြီးကြီးပိုင်းချလိုက်သည်။
အရင်ကမူ အဆင့်မြင့်သားရဲများက သူ့က်ို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။သို့သော် ယခု သူတန်ခိုးရှင်အဆင့်သို့ တက်လှမ်းနိုင်ပြီးကတည်းက မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအားက ပို၍ ကြီးမားလာခဲ့သည်။
ပုဖန်က ထိုအဆင့်မြင့်သားရဲကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်လောက်အောင် သန်မာနေပေပြီ။
ပုဖန် မဟူရာလိပ်ခုံး ဒယ်အိုးကို လေထဲ၌ ထားလိုက်ပြီး ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ထို့နောက် သူ ဒယ်အိုး၏ ရှေ့၌ ထိုင်ချလိုက်သည်။ငါးအသားပိုင်းကို စတင်ချက်ပြုတ်ရန်ပြင်လိုက်၏။
အချိန်ခဏမျှ ကြာပြီးနောက် ဒယ်အိုးထဲမှ စွပ်ပြုတ်ရည်များ စတင်ဆူပွက်လာသည်။မွှေးပျံ့လှသော ရနံ့သင်းသင်းလေးများကလည်း လေထဲ ပြန့်နှံ့လာလေပြီ။ကျားခေါင်းငါး၏ အသားက တစ်ခြား ငါးအစစ်များနှင့် ကွာခြားနေပေသည်။
သို့သော်လည်း ကျားခေါင်းငါးနှင့် ငါးအစစ်များကြားထဲ၌ တူညီမှု တစ်ချို့လည်းရှိနေပေသေးသည်။ငါးအသား၌ ငါးညှီနံ့ရှိနေခြင်းတော့ တူနေပေသေးသည်။ငါးအသားနှင့် တူညီမှုတစ်ချို့ ရှိနေသည်ဆိုသော်လည်း အရသာကတော့ အနည်းငယ် ထူးခြားနေပေသည်။
ငါးစွပ်ပြုတ် ချက်ပြုတ်ပြီးသည်နှင့် ပုဖန်က အလောတကြီး စစားလိုက်သည် ။သူစားနေစဉ်မှာပင် သူ့၏ နောက်၌ မျက်ဝန်းများခရမ်းရောင် တောက်ပနေသော ဝှိုက်တီရုတ်တရက်ပေါ်လာလေသည်။
.....
သူ့၏ ဘဝတွင် ပုဖန်ဆိုင်၌ နေထိုင်ခဲ့ခြင်းက ကံကောင်းမှုကြီးတစ်ရပ်ဟုပင် နန်ကုန်းဝူချယ်ခံစားနေမိသည်။သူတို့ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာခဲ့စဉ်က ပုဖန်နှင့် သူနေရာဒေသများ ကွဲပြားသွားသည်။သူတခြားနေရာတစ်ခုသို့ ရောက်ရှိသွားပြီး အသိမိတ်ဆွေတစ်ချို့နှင့် တွေ့ဆုံခဲ့သည်။
နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို အချိန်ခဏမျှ ကြောင်အ၍ ကြည့်နေမိသည်။ခဏကြာပြီးသွါးမှသာလျှင် သူပြန်လည်၍ အသိဝင်လာသည်။
ထိုမျိုးမစစ်လေးနန်ကုန်းဝူချယ်နှင့် နေရာတစ်ခုတည်းကို ပို့ဆောင်ခံရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။တစ်ပြိုင်တည်းမှာပင် သူ စိတ်လှုပ်ရှား ပျော်ရွှင်စရာလေးကို ရှာတွေ့လိုက်ရသလိုပင်။
"ကြည့်ရတာတော့ ကောင်းကင်ဘုံက မင်းကို မျက်နာသာမပေးဘူးပဲ..."
နန်ကုန်းရွှမ်ဟယ်က သဘောတကျဖြင့် ရယ်မောလိုက်သည်။သူ့၏ ရယ်သံက တဖြေးဖြေးအေးစက်လာပြီးနောက် နန်ကုန်းဝူချယ်ကို စူးစိုက်ကြည့်လိုက်သည်။
သူတို့၏ ပတ်ဝန်းကျင်၌ မြောက်များလှစွာသောကျွမ်းကျင်ပညာရှင်များလည်းရှိနေသည်။ထိုသူများကြား၌ လင်းနှင့် ကျန်းမိသားစုလည်း ပါဝင်သည်။ထို မိသားစုနှစ်ခုမှ လူများက နန်ကုန်းဝူချယ်ကို သနားစဖွယ် အကြည်များဖြင့် ကြည့်နေလေသည်။
နန်ကုန်းဝူချယ်နှင့် နန်ကုန်းရွှမ်ဟယ်တို့ကြားရှိ ရန်ညှိုးအာဃတများကို သူတို့ ရှင်းရှင်းလင်းပင်သိနေပေသည်။သို့သော်လည်း နန်ကုန်းဝူချယ်က ထိုမျှ ကံမကောင်း အကြောင်းမလှ ဖြစ်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့မိပေ။လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာပြီးသည့်နောက် နန်ကုန်းဝူချယ်အနေဖြင့် နန်ကုန်းရွှမ်ဟယ်လက်မှ ပြေးနိုင်စွမ်းရှိပေသည်။သို့သော်လည်း ဝင်ဝင်ချင်းမှာပင် ကံမကောင်းစွာဖြင့် ထိုကဲ့သို့ လာရောက်တွေ့ဆုံနေပေသည်။
နန်ကုန်းရွှမ်ဟယ်၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
"မင်းတို့အားလုံးပဲ ဒီမျိုးမစစ်လေးကို သတ်ပေးတဲ့မည်သူမဆို ငါထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်..."
နန်ကုန်းရွှမ်ဟယ်၏ အသံက ဗုံတီးသံ တစ်ခုကဲ့သို့ပင် ပတ်ဝန်းကျင်သို့ အဆင့်ဆင့်ရိုက်ခတ်သွားလေသည်။သူတို့၏ ဘေးပတ်လည်၌ ရှိနေသော လင်းနှင့် ကျန်းမိသားစုမှ ပညာရှင်များက သွေးဆောင်ခံလိုက်ရလေသည်။
နန်ကုန်းမိသားစုက မြူကောင်းကင်မြို့တော်၏ မိသားစုကြီးတစ်ခုဖြစ်သည်။ထိုနန်ကုန်းမိသားစုမှ ထိုက်ထိုက်တန်တန် ဆုဟုပြောလျှင် တကယ့်ကို ကောင်းမွန်သည့် အရာဖြစ်ပေလိမ့်မည်။
ခဏချင်းမှာပင် ပတ်ဝန်းကျင်၌ တခြားသော အော်ရာများ ပေါက်ကွဲထွက်ပေါ်လာသည်။ထိုသူများက လှောင်ပြောင်မှုနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ရောယှက်နေသည့် အကြည့်များဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်ကြသည်။
ထိုခဏ၌ ထောင်ပေါင်းများစွာသော ပုစွန်စိတ်များသူ့စီပျံသန်းလာသလိုပင် ခံစားလိုက်ရသည်။နန်ကုန်းဝူချယ်ပြောစရာစကားပင် မဲ့သွားပြီး သူတကယ့်ကို ကံဆိုးနေသည်ဟု ခံစားမိလိုက်၏။
"ခွေးအိုကြီး ခင်ဗျားက တော်တော်အရှက်မဲ့တာပဲ...ခင်ဗျားမှာ အစွမ်းရှိတယ်ဆိုရင် ငါ့ကို တစ်ယောက်ချင်းလာပြီးတော့ တိုက်ခိုက်ပါလား...တစ်ခြားလူတွေစီက အကူအညီတောင်းမနေနဲ့...ဟမ့်..."
နန်ကုန်းဝူချယ်က အေးစက်စွာဖြင့် ပြောလိုက်သည်။သူ့၏ အကြည့်များကလည်း ဓားအိမ်ထဲမှ ထွက်လာသော ထက်မြေ့လှသည့် ဓားတစ်ချောင်းကဲ့သို့ပင် စူးရှနေလေသည်။သူ့၏ စကားများကို နန်ကုန်းရွှမ်ဟယ်က အထင်မြင်သေးစွာရယ်၍ တုံ့ပြန်လိုက်သည်။
"ငါက မင်းကို ကြောက်လိမ့်မယ်လို့များ ထင်နေတာလား... ဟက် ...ဟက်..."
နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို လှောင်ပြောင်လိုက်သည်။သူက အဆင့် ၂ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ပညာရှင်ဖြစ်သည်။အဆင့် ၁ ဆင့်သာ ချိုးဖျက်ထားရသေးသည့် မသေမျိုးခန္ဓာအဆင့်ပညာရှင်ကို မည်ကဲ့သို့ ကြောက်ရွံ့ပါမည်နည်း။
"တစ်ယောက် တစ်ယောက်ချင်းတိုက်မယ်...သူက တကယ်ပဲ ဦးနှောက်ပျက်နေတာလား..."
ပတ်ဝန်းကျင်၌ ရှိနေသော လူအများစုကလည်း အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသောကြောင့် အနည်းငယ် စိတ်ပျက်သွားသည်။သို့သော်တစ်ချို့ကတော့ စိတ်လှုပ်ရှားနေတုန်းပင်ဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲ၌ တစ်ယောက်နှင့် တစ်ယောက် သေသည်အထိ တိုက်ခိုက်ကြမည့် တိုက်ပွဲကို ကြည့်ရှုရန် စိတ်လှုပ်ရှားနေကြလေ၏။
ချလွင်....
နန်ကုန်းရွှမ်ဟယ်၏ နောက်ကျောဘက်မှ သံကြိုးနှစ်ချောင်းထွက်ပေါ်လာသည်။ထိုသံကြိုးနှစ်ချောင်းက တစ်ခုနှင့်တစ်ခု ထိခိုက်မိရာမှ အသံကျယ်များ ထွက်ပေါ်လာလေ၏။
နန်ကုန်းဝူချယ်က ပင့်သတ်တစ်ချက် ရှိုက်လိုက်သည်။သူ့၏ အကြည့်များကလည်း လေးနက်တည်ငြိမ်လာလေသည်။ထို့နောက် မြေပြင်ကို ခြေဖျားဖြင့် ထောက်ကန်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအားများကိုလည်း ထုတ်ဖော်လိုက်လေသည်။
ယခုလက်ရှိအချိန်၌ သူတို့က သေးငယ်သော ကျွန်းလေးတစ်ကျွန်း ပေါ်၌ ရှိနေသည်။အတိအကျပြောရမည်ဆိုလျှင် အလွန့်အလွန် သေးငယ်သောကျွန်းလေးတစ်ကျွန်းပေါ်၌ ဖြစ်သည်။နန်ကုန်းဝူချယ်က ခြေဖျားဖြင့် အသာလေး ထောက်ကန်လိုက်သော်လည်း ကျွန်းတစ်ခုလုံးက သိမ့်သိမ့်ခါသွားသည်ဟု ထင်ရလေသည်။
နောက်ခဏ၌ ပွဲကြည့်နေသူများ၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားသည်။သူတို့က မယုံကြည်နိုင်မှု အပြည့်ဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်ကြသည်။
နန်ကုန်းရွှမ်ဟယ်ဆီသို့ တိုးဝင်သွားသည်ဟု ထင်ရသည့် နန်ကုန်းဝူချယ်က တကယ်တမ်းတွင်ထိုနေရာမှ လှည့်ထွက်သွားခြင်းဖြစ်သည်။သူက လျှင်မြန်လှသော အရှိန်ဖြင့် ကျွန်းမှ ထွက်ခွာသွားသည်။
သူတို့ နန်ကုန်းဝူချယ်ကို သတ်လတ်လွတ်ပင် ကြည့်နေမိကြသည်။
"သူက ထွက်ပြေးတာလား...နန်ကုန်းဝူချယ်ရဲ့ အရှက်တရားက ဘယ်ရောက်သွားတာလဲ...သူခုဏလေးတင်ပဲ နန်ကုန်းရွှမ်ဟယ်ကို အရှက်မရှိဘူးဟု ခေါ်ခဲ့တာ မဟုတ်ဘူးလား..."
အားလုံး စွံ့အနေကြသည်။
"ဒီလိုအရှက်မဲ့တဲ့ လူမျိုး ကမ္ဘာမှာရှိနေသေးတာလား..."
မကြာသေးခင်က သူ့၏ မျက်နာထားက တကယ့်ကို တည်ကြည်လေးနက်နေပေသည်။သူက နန်ကုန်းရွှမ်ဟယ်ဖြင့် အသက်ပင်သေသေ တကယ့်ကို တိုက်ခိုက်တော့မည်ဟန်ပေါ်သည်။သို့သော်လည်း နောက်ခဏ၌ ထိုနေရာမှ လှည့်ထွက်ပြေးသွားလေသည်။
နန်ကုန်းရွှမ်ဟယ်က သူ့၏ မြင်ကွင်းမှာပင် ပျောက်ကွယ်လုနီးပါးဖြစ်သွားသော နန်ကုန်းဝူချယ်ကိုကြည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မျိုးမစစ်လေး ...မင်းအဲ့ဒါ ဘယ်သွားတာလဲ..."
"ငါထွက်မပြေးဘူးလို့ ခင်ဗျားထင်နေလို့လား...ငါ့ကို အရူးများထင်နေလား..."
နန်ကုန်းဝူချယ်က အဝေးကနေပင် ပြန်လည် အော်ဟစ်လိုက်သည်။အခုခဏ၌ တွေ့ကြုံခဲ့ရသည့် ကိစ္စရပ်များကြောင့် သူတကယ်ကို ခေါင်းခဲနေပေပြီ။လျှို့ဝှက်နယ်မြေထဲ ဝင်ဝင်ချင်းမှာပင် သူ သူ့၏ ရန်သူတော်ကြီး နန်ကုန်းရွှမ်ဟယ်နှင့် တွေ့ဆုံခဲ့ရသည်
။ဘာကြောင့်များသူ ထိုမျှ ကံဆိုးနေပါသနည်း။
အကယ်၍ သူ့၌ ငရဲဘုရင်ကိုးပါး မီးလျှံရှိနေသေးလျှင်ပင် နန်ကုန်းရွှမ်ဟယ်ကို အနိုင်ယူ တိုက်ခိုက်ဖို့ မဖြစ်နိုင်ပေ။သို့သော် သူ့၏ မီးလျှံကို နန်ကုန်းရွှမ်ဟယ်က ထုတ်ယူသွားပြီဖြစ်လေရာ ထိုခွေးအိုကြီးကို ရင်ဆိုင်ဖို့ ပို၍ မဖြစ်နိုင်တော့ပေ။
လင်းနှင့် ကျန်းမိသားစုမှ ပညာရှင်များကလည်းနန်ကုန်းရွှမ်ဟယ်နှင့် နန်ကုန်းဝူချယ်ကြားက ပြဿနာကို အလွန်စိတ်ဝင်စားနေကြသည်။ထ်ို့ကြောင့် သူတို့က အနောက်မှ လိုက်ပါလာခဲ့ကြသည်။
လျှို့ဝှက်နယ်မြေ အတွင်း၌ ရယ်စရာ မြင်ကွင်းတစ်ခုက်ိုတွေ့မြင်ခဲ့ရလေသည်။များပြားလှသော လူအုပ်ကြီးက လူတစ်ယောက်၏ နောက်မှ လိုက်ဖမ်းနေလေသည်။
တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ မြောက်များလှစွာသော ကျွန်းငယ်လေးများ တည်ရှ်ိသည်။ကျွန်းတစ်ခုချင်းစီ၌လည်း မရေမတွက်နိုင်လှသော စိတ်ဝိညာဉ် သားရဲများနှင့် ရတနာသိုက်များ ရှိလေသည်။မှန်ပေသည်။လူများက ထိုရတနာများကို ရရှိနိုင်ရန်အတွက် ရှာဖွေရပေမည်။
ဘန်း...ဘန်း...ဘန်း...
နန်ကုန်းရွှမ်ဟယ်နှင့် အပြန်အလှန် တိုက်ကွက်အနည်းငယ် တိုက်ခိုက်ပြီးနောက် သူထိုခွေးအိုကြီးကို လုံးဝ မယှဉ်နိုင်ကြောင်း သိလိုက်သည်။
သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆုတ်ဖြဲခံထားရသလို ခံစားနေမိသည်။သူ သွေးများစိုနစ်နေသည့် ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်၍ ထွက်ပြေးရုံသာ တက်နိုင်လေသည်။သူက အစစ်အမှန်စွမ်းအင်များအားလုံးကို စုစည်းလိုက်ပြီး ကျွန်းမှ စွန့်ခွာကာ အဆုံးအစမဲ့ ပင်လယ်ပြင်ဆီသို့ ဦးတည်လိုက်သည်။ကျွန်းလေးများအားလုံးကို အဆုံးအစမဲ့ ကျယ်ပြောလှသော ပင်လယ်ပြင်က ဝန်းရံထားလေသည်။
နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို မိုင်ပေါင်းများစွာ အကွာအဝေးထိတိုင်အောင် လိုက်ဖမ်းတုန်းဖြစ်သည်။သို့သော်လည်း နောက်ဆုံး၌ သွေးများစိုနစ်နေသည့် နန်ကုန်းဝူချယ်က သူ့လက်ထဲမှ လွတ်မြောက်သွားလေသည်။
သူအေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ကျွန်းရှိရာဆီသို့ ပြန်လှည့်လာလိုက်သည်။သူအနေဖြင့် လျှို့ဝှက်နယ်မြေထဲသို့ ပထမဦးဆုံး အကြိမ်ဝင်ရောက်ခြင်းမဟုတ်ပေ။ထို့ကြောင့် အဆုံးအစမဲ့ ပင်လယ်ပြင်က မည်မျှပင် အန္တရာယ်များပြားလှကြောင်း သူကောင်းစွာသိပေသည်။
ကျွန်းတစ်ခုစီ၌ နတ်လှေတစ်စင်းစီရှိနေသည်။ထိုလှေငယ်ကို ကျွန်း၏ တစ်နေရာ၌ ဖုံးကွယ်ထားသည်။အကယ်၍ အဆုံးအစမဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းသွားချင်သည်ဆိုပါက ထိုလှေငယ်ကို ရအောင်ရှာရပေမည်။
မည်သူမှ ပင်လယ်ထဲသို့ သွားရောက်လောက်အောင် မရူးသွပ်ကြပေ။ထ်ိုပင်လယ်ပြင်က ဝင်ရောက်လာသူ မည်သူကိုမဆို အလျှင်အမြန်ပင် ဝါးမြိုသွားပေလိမ့်မည်။
နန်ကုန်းရွှမ်ဟယ်က နန်ကုန်းဝူချယ်ကို သတ်ချင်နေသည်ဆိုသော်လည်း သူ့၏ အသက်ကိုရင်း၍ လုပ်လိမ့်မည် မဟုတ်ပေ။
သွေးများစိုနစ်နေသော လူတစ်ယောက်က လေထဲ၌ ပျံသန်းလာသည်။နန်ကုန်းဝူချယ်က ကျောက်စိမ်းပုလင်းတစ်ခုကိုထုတ်ယူလိုက်ပြီး ဆေးလုံးများကို သူ့ပါးစပ်ထဲ အလျှင်အမြန် ပစ်သွင်းလိုက်သည်။
သူက ရင်ဘတ်ကို လက်ဖြင့်ဖိရင်း လှိုင်းလုံးများကို နင်းဖြတ်၍ လျှို့ဝှက်နယ်မြေအတွင်းပိုင်းဆီသို့ ခရီးဆက်လာခဲ့ပေသည်။သူ့ခန္ဓာကိုယ်မှ စီးကျနေသော သွေးများကို ပင်လယ်ရေလှိုင်းများက ဝါးမြိုသွားလေသည်။
နန်ကုန်းဝူချယ်က အသက်ကို ပြင်းထန်စွာ ရှုရှိုက်နေရသည်။သူ့၏ ခန္ဓာကိုယ်မှလည်း လောင်ကျွမ်းသည့် အနံ့တစ်မျိုး ထွက်ပေါ်နေသည်။သူ့၏ နှလုံးသားထဲ၌လည်း ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာသည်။ယခုလက်ရှိ သူ့၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်က တစ်ချိန်က သူပိုင်ဆိုင်ခဲ့ဖူးသည့် ငရဲဘုရင်ကိုးပါးမီးလျှံဖြစ်သည်။
ဝမ်းနည်းသောကများကြောင့် သူ့၏ စိတ်အခြေအနေက ဆိုးရွားလာပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရပြန်သည်။ထို့နောက် သူ့၏ အမြင်အာရုံများ မှုန်ဝါးလာလေ၏။ကြောက်မက်ဖွယ်ကောင်းလှသော မြင့်မားလှသည့် လှိုင်းလုံးများကြားထဲ၌ သူမည်မျှ ကြာကြာနေနိုင်မည်ကို မသိတော့ပေ။
သူ့ခန္ဓာကိုယ်မှ စွမ်းအင်များကို ပင်လယ်ရေများက စုပ်ယူနေသကဲ့သို့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ခြောက်ခမ်းလာသည်ကို ခံစားမိလိုက်သည်။
"ဒါ..."
ထိုခဏ၌ ပြင်းထန်သည့် စိုးရိမ်တုန်လှုပ်မှုများ သူ့နှလုံးသားထဲ၌ ပြည့်နှက်လာလေသည်။အကယ်၍ သူသာ နောက်ထပ်ကျွန်းတစ်ကျွန်းကိုသာ မရှာနိုင်လျှင် ပင်လယ်ပြင်ထဲ၌ သေဆုံးရမည်ကို သူသိပေသည်။
ပင်လယ်ရေထဲ နစ်မြှုပ်သွားသည်နှင့် အရိုးပုံအဖြစ်သို့ ပြောင်းလဲသွားမည်ကိုလည်း သူသိပေသည်။တကယ့်ကို ကံဆိုးမိုးမှောင်ကျနေပေသည်။သူ လျှို့ဝှက်နယ်မြေထဲသို့ ယခုမှ ဝင်လာခဲ့ခြင်းဖြစ်သည်။သူမည်သည့်ရတနာမှပင် မရှာဖွေမရှိသေးပေ။ဒီအခြေအနေဖြင့် သေဆုံးတော့မည်လား.
ရုတ်တရက် သူ့၏ ပတ်ဝန်းကျင်၌ မြူခိုးများထူထပ်လာသကဲ့သို့ သူ့၏ အကြည့်များက မှုန်ဝါးလာသည်။ဒီတစ်ကြိမ်၌ သူ့ရှိရာဆီသို့ တဖြေးဖြေးချင်းနီးကပ်လာသော သဘောင်္တစ်စင်းကို တွေ့လိုက်ရသည်။
မူးဝေနေပြီ ဖြစ်သောနန်ကုန်းဝူချယ်က သူ့၏ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ် ကိုင်လိုက်မိသလို ခံစားလိုက်ရသည်။ခေါင်းငိုက်စိုက်ဖြင့်ပင် ထိုလှေငယ်အနားသို့ လျှင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။
ထန်.....
ကျယ်လောင်သောအသံနှင့်အတူ သူသဘောင်္ဝမ်းထဲသို့ ပြုတ်ကျသွားလေသည်။
.....
ပုဖန်က လက်တစ်ဖက်ဖြင့် ကျားခေါင်းငါးအသားကို ကိုင်ထားပြီး လက်တစ်ဖက်ဖြင့် အညိုရောင် နတ်လှေငယ်တစ်စင်းကို တွန်းနေလေသည်။ထိုအညိုရောင် နတ်လှေငယ်ကို သူကျွန်း၏ တစ်နေရာမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ယခု ထိုလှေကို ပင်လယ်ထဲသို့ တွန်းနေခြင်းဖြစ်၏။
သူက ကျားခေါင်းငါး၏ တန်ဖိုးရှိသော အသားများအားလုံးကိုလည်း ရှင်းလင်းထားခဲ့ပြီဖြစ်သည်။ထို့နောက် သူ့လက်ထဲ၌ ကျန်ရှိနေသော အသားတစ်ပိုင်းစကို တစ်ကိုက်ကိုက်လိုက်သည်။ပြီးနောက် သူ လှေပေါ်သို့ ခုန်တက်လိုက်၏။
သူ့၏ အစစ်အမှန်စွမ်းအားများကို နှိုးဆော်လိုက်သည်နှင့် နတ်လှေငယ်က အရှေ့သို့ အရှိန်ဖြင့် ထွက်ခွာသွားသည်။လှေနံရံ၌လည်း မြောက်များလှစွာသော စကားလုံးများကို ရေးထွင်းထားသည်။ထိုစကားလုံးများက တိမ်ပင်လယ် လျှို့ဝှက်နယ်မြေအကြောင်းကို မိတ်ဆက်ထားပုံရသည်။
ပုဖန်က ပူပူနွေးနွေးငါးအသားကို စားပြီး ထိုစာများကို ဖတ်နေသည်။ခဏအကြာ၌ သူ့၏ မျက်ဝန်းများ လင်းလက်တောက်ပလာလေသည်။