အပိုင်း ၄၅၄
Viewers 62k

အခန်း ၄၅၄ 

သလင်းကျောက်ရင်းမြစ်ခရမ်းအနှစ်သာရ ...


မမျှော်လင့်ပဲ ဒီကျွန်း၌ ကြီးမားသည့် သလင်းကျောက်တွင်းကြီးရှိနေသည်။သလင်းကျောက်ရင်းမြစ်သုံးခုက ပိန်းပိတ်အောင်မှောင်နေသော ကောင်းကင်ထက်တွင် တောက်ပနေသည့် ကြယ်သုံးခုကဲ့သို့ လင်းလက်နေလေ၏။


ထိုလင်းလက်တောက်ပမှုက အားလုံး၏ အကြည့်များကို ဆွဲဆောင်ထားပြီးလောဘရောင် တောင်ပြောင်လာစေသည်။ထ်ိုသလင်းကျောက်အရင်းအမြစ်သုံးခုကို နတ်ဘုရားအဆင့် ပုံဆောင်ခဲ သား ရဲ သုံးကောင် ကာကွယ်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုသလင်းကျောက်အရင်းအမြစ်က မည်မျှပင်အဖိုးတန်ကြောင်းသိနိုင်ပေသည်။


အားလုံး စိတ်လှုပ်ရှားလာကြသည်။


သိုင်းပညာရှင်များ အားလုံးစီမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ကျုံးဝါးသံများ ထွက်ပော်လာပြီး သလင်းကျောက်တွင်းထဲသို့ လျှင်မြန်စွာ ပြေးဝင်သွားကြသည်။လောဘတရားက နတ်ဆိုး၏ ဝိညာဉ်ပင် ဖြစ်သည်။ သူတို့၏ လောဘများက ပုံဆောင်ခဲသားရဲများကို ဆွဲဆောင်လိုက်လေသည်။


မြောက်များလှစွာသော အနီရောင်အလင်းတန်းများက ဥမင်လှိုဏ်းခေါင်းကို ဖုံးကွယ်သွားသည်။ထို့နောက် ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ ထိုးထွက်လာ၏။ပုံဆောင်ခဲသားရဲများအားလုံး နှိုးထလာကြပြီး နားကွဲလောက်စရာအသံဖြင့် ဟိန်းဟောက်လိုက်သည်။


ဘန်း...


ပုံဆောင်ခဲသားရဲများက သိုင်းပညာရှင်များကို စီးကြို၍ တိုက်ခိုက်လိုက်သည်။နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာမှ ပြင်းထန်လှသည့် တိုက်ပွဲ တစ်ပွဲဖြစ်ပေါ်လာလေသည်။ပုံဆောင်ခဲသားရဲများက အလွန်လျှင်မြန်လှသော်လည်း သိုင်းပညာရှင်များကြားထဲ၌လည်း အားနည်းသူ တစ်ယောက်မှမပါပေ။သူတို့အားလုံးက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိကြသူများဖြစ်သည်။


နှစ်ဖက်လုံး၏ အင်အားက အလွန်မျှတနေသည်။ပုဖန်က ထိုပညာရှင်များကို အကဲခတ်လိုက်သည်။သို့သော်လည်း သူမည်သူကိုမှ မှတ်မိသိရြှိခင်းမရှိပေ။ထို့ကြောင့် တိုက်ပွဲ၌ ဝင်မပါတော့ပဲ အဝေးကနေသာ ရပ်ကြည့်နေလိုက်သည်။


ထိုအချိန်၌ သူ့၏ ပုခုံးပေါ်၌ လှဲနေသော ပုစွန်ပိစိက လှုပ်ရှားလာလေသည်။ငါးနံ့ကိုရနေလိုက်သော ကြောင်တစ်ကောင်ကဲ့သို့ပင် ချက်ချင်းထရပ်လာသည်။


ပုစွန်ပိစိက သူ့၏ အသွင်ရော မျက်ဝန်းများကို ဝဲလှည့်ရင်း သူ့၏ အမွှေးရှည်နှစ်ချောင်းကိုလည်း တရမ်းရမ်းလုပ်နေပေသည်။၄င်းက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။


"ဘာဖြစ်နေပြန်တာလဲ..."


ပုဖန်က အနည်းငယ်ပင် စိတ်ရှုပ်ထွေးသွားမိသည်။သူ သတိပြုမိသည့်အခါ၌ ထိုပုစွန်ပိစိက ပုခုံးပေါ်မှနေ၍ ထွက်သွားလေပြီ။ရွှေရောင်အမျှင်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သလင်းကျောက်အရင်းအမြစ်သုံးခုရှိရာဆီသို့ ဦးတည်နေလေသည်။


ပုဖန်၏ မျက်ခုံးများ ပင့်တက်သွားပြီး ထိုပုစွန်ပိစိကို ချက်ချင်းတားဆီးရန်ကြံလိုက်သည်။သို့သော်လည်း သူအလွန်နောက်ကျသွားပေပြီ။ထိုပိစိကောင်က လူအုပ်ကြားထဲသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားလေပြီ။


ပုံဆောင်ခဲ သားရဲ တစ်ကောင်က ပုဖန်ဆီသို့ တိုက်ခိုက်လာသောကြောင့် ဝှိုက်တီက ရိုက်ထုတ်ပစ်လိုက်သည်။ထိုသားရဲက ကျောက်တုံးကျောက်စများအဖြစ်သို့ မွစာကျဲသွားပြီး မြေပြင်ပေါ်ပြုတ်ကျသွားသည်။


သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုက်ပူပူနှင့် ဝှိုက်တီက ပုဖန်နောက်၌ မားမားမတ်မတ်ရပ်နေဆဲဖြစ်သည်။


ပုစွန်ပိစိ၏ အရှိန်က အလင်းအရှိန်ကဲ့သို့ပင် အလွန်လျှင်မြန်လှသည်။သူ့၏ အရှိန်ကြောင့် မည်သူမှပင် သူ့ကို မြင်နိုင်လိုက်မည်မဟုတ်ပေ။


ဆွစ်ခနဲ အသံတစ်ခုနှင့်အတူ ပုစွန်ပိစိက သလင်းကျောက်အရင်းအမြစ်တစ်ခုရှေ့၌ ပေါ်လာသည်။ပိစိကောင်က သူ့၏ အသွင်ရော မျက်လုံးများကို လှည့်၍ အကဲခတ်ကြည့်ရှုလိုက်သည်။ထို့နောက်သူ့၏ အမွှေးရှည်နှစ်ချောင်းကိုလှုပ်ရမ်း၍ ပေါက်ကွဲလုနီးပါး အရှိန်ဖြင့် သလင်းကျောက်ကို ဦးတည်လိုက်သည်။ထို့နောက် ပုစွန်ပိစိက သလင်းကျောက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။


သိုင်းပညာရှင်များနှင့် ပုံဆောင်ခဲသားရဲများအားလုံးက သူတို့၏ တိုက်ပွဲအတွင်းသာ အာရုံစိုက်နေသောကြောင့် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို မသိလိုက်ကြပေ။သလင်းကျောက်အရင်းအမြစ်တစ်ခုထဲသို့ သေးငယ်သော အကောင်လေး ဝင်ရောက်သွားသည်ကိုမည်သူမှ ရှာဖွေ တွေ့ရှိနိုင်မည်မဟုတ်ပေ။


သူတို့က အရင်ကထက်ပင် ပို၍ ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။


ပုံဆောင်ခဲသားရဲများက အလွန်ပင် အင်အားကြီးမားလှသည်။အချိန်ခဏအတွင်းမှာပင် လှိုဏ်ခေါင်းတစ်ခုလုံး သွေးနံ့များ လှိုင်လှိုင်ထွက်နေသလို.. .ပုံဆောင်ခဲသားရဲများ ဖျက်စီးခံလိုက်ရခြင်းမှ ဖြစ်ပေါ်လာသော သလင်းကျောက်များလဲ ပြန့်ကျဲနေပေ၏။ 


တိုက်ပွဲက အလွန်ပင်ကြမ်းတမ်းခွန်းလှသော်လည်း သူတို့ထဲမှ တစ်ယောက်က သလင်းကျောက်အရင်းအမြစ်တစ်ခုကို ရယူနိုင်သွားလေသည်။ထိုသလင်းကျောက် အရင်းအမြစ်က မျက်စိမလွှဲနိုင်လောက်အောင် တောက်ပလှသည်။


သူက သလင်းကျောက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီးနောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ ထွက်ပေါက်ဆီသို့ အလျင်စလို ပြေးသွားကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။


သဘာဝကျစွာပင် ပုံဆောင်ခဲသားရဲများကလည်း ထိုသူကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။သူတို့တိုက်ခိုက်နေသည့် ပြိုင်ဘက်ကို ထားခဲ့ပြီး သူ့နောက်သို့ လိုက်ဖမ်းကြလေ၏။


ထိုအဖြစ်အပျက်က ကျန်သည့် မသေမျိုးခန္ဓာပညာရှင်များကို အခွင့်အရေးတစ်ခုဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။


ပညာရှင်များအားလုံး စုပေါင်း၍ နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲတစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်သည်။ထို့နောက် သူတို့ထဲမှ တစ်ယောက်က သလင်းကျောက်အရင်းအမြစ်နောက်တစ်ခုကိုယူလိုက်ပြီး လှိုဏ်ဂူထဲမှ ထွက်ပြေးသွားလေသည်။


သူတို့၏ တိုက်ပွဲက လှိုဏ်ဂူထဲမှနေ၍ အပြင်ဘက်ကျွန်းပော်သို့ ရောက်ရှိသွားသည်။


နောက်ဆုံးကျန်ခဲ့သော သလင်းကျောက်အရင်းအမြစ်မှာလည်း အလင်းရောင်များ မှေးမှိန်လာသည်။


၄င်းမှ ထုတ်လွင့်နေသော စိတ်ဝိညာဉ် စွမ်းအင်အတက်အကျလှိုင်းများကလည်း အလွန်ပင်အားနည်းလာသည်။တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုသလင်းကျောကိအရင်းအမြစ်ထဲမှ မည်သည့်အဖိုးတန်ရတနာများမပါကြောင်း ကောက်ချက်ချနိုင်ပေသည်။


ပညာရှင်များအားလုံးက အရူးမဟုတ်ကြပေ။မည်သည့်တန်ဖိုးရှိသည့်အရာမှ မပါနိုင်သော သလင်းကျောက်အရင်းအမြစ်အတွက် သူတို့၏ အသက်ကို ရင်းလိမ့်မည်မဟုတ်ပေ။သူတို့အားလုံး အပြင်ဘက်သို့ ပြေးထွက်သွားကြသည်။


ပုဖန် ထိတ်လန့် အံ့သြနေမိသည်။သူကူရာမဲ့စွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ၌ မည်သူမှမရှိတော့ပဲပြောင်ရှင်းနေသည်ကို တွေ့လိုက်ရသည်။


ထို့နောက် သူနောက်ဆုံးကျန်နေခဲ့သော သလင်းကျောက်အရင်းအမြစ်ကို ကြည့်လိုက်သောအခါ၌ သူ့၏ အမူအရာကထူးဆန်းသွားလေသည်။အဘယ့်ကြောင့်ဆိုသော် ထိုသလင်းကျောက် အရင်းအမြစ်မှ ပုစွန်ပိစိ၏ အော်ရာများကို ခံစားရသောကြောင့် ဖြစ်သည်။ထိုပုစွန်ပိစိက သလင်းကျောက်အရင်းအမြစ်ထဲမှ ထွက်လာခြင်းဖြစ်သည်ကို ပြန်လည်အမှန်ရသွားမိ၏။


တစ်ချိန်က သလင်းကျောက်အရင်းအမြစ်ထဲ၌ သလင်းကျောက်သုံးခုရှိခဲ့သည်။ထိုထဲမှ တစ်ခုကနေ ပုစွန်ပိစိထွက်ပေါ်လာခြင်းဖြစ်သည်။အခြားတစ်ခုကမူ ခွေးငပျင်း ဘလက်ကီကြောင့် ပျက်စီးသွားခဲ့လေရာ မည်သည့်အရာပါမှန်းပေ သူမသိလိုက်ချေ။


သူသိသည်က ထိုခွေးငပျင်းဘလက်ကီသလင်းကျောက်အရင်းအမြစ်ထဲက အရာကိုစားပြီး ဗိုက်တင်းကားစွာ အိပ်မောကျနေသည်ကိုသာဖြစ်၏။


ဒီတစ်ကြိမ်၌ ပုစွန်ပိစိကလည်း ထိုကဲ့သို့ လုပ်လိုက်မည်လား။သလင်းကျောက်အရင်းအမြစ်ထဲ၌ မည်သည့်အရာများ ပါဝင်နေမည်နည်း။


ပုဖန်က အလွန်ပင် သိချင်စိတ်ပြင်းပြလာမိသည်။သူ သလင်းကျောက်အရင်းအမြစ်ရှိရာဆီသို့ စတင်လျှောက်လှမ်းလိုက်သည်နှင့် ကျန်နေသည့် ပုံဆောင်ခဲသားရဲများ၏ နီရဲလှသော မျက်ဝန်းအကြည့်များက ပုဖန်ဆီသ်ို့ ရောက်ရှိလာလေသည်။


သူတို့ဟိန်းဟောက်လိုက်သည်နှင့် ပြင်းထန်လှသော လေကြမ်းတစ်ခုက ပတ်ဝန်းကျင်တစ်ခွင်ဖြတ်တိုက်သွားလေသည်။ထိုခဏ၌ သူ့လက်ထဲသို့ မဟူရာလိပ်ခုံးဒယ်အိုး ထွက်ပေါ်လာသည်။အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ဒယ်အိုးက ကြီးမားလာပြီး ဟိန်းဟောက်နေသော သားရဲများစီသို့ ပျံသန်းသွားကာ ရိုက်ချလိုက်သည်။


ထိုပုံဆောင်ခဲသားရဲများကနတ်ဘုရားအဆင့်များ မဟုတ်ကြသေးပေ။ထို့ကြောင့် ပုဖန်၏ ရိုက်ချက်ကို မရှုမလှပင် ခံလိုက်ရလေသည်။ထိုပုံဆောင်ခဲသားရဲများ တစ်စစီကြေမွ၍ မြေပြင်ပေါ်ပြုတ်ကျသွားသောကြောင့် မြည်ဟီးသံ အကျယ်ကြီးပင် ထွက်ပေါ်လာသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့်သာကိုင်၍ သလင်းကျောက်ရှိရာဆီသို့ အေးဆေးစွာ ဆက်လျှောက်လာလိုက်သည်။ပုဖန်က ထိုသလင်းကျောက်အရင်ူအမြစ်ကို သာမန်အတိုင်းပင်ကြည့်နေလိုက်သည်။ထိုအချိန်၌ သလင်းကျောက်အရင်းအမြစ်က လှုပ်ခါသွားပြီး မျက်နာပြင်၌ အက်ကြောင်းတစ်ခု ထင်လာ၏။


ထိုနေရာမှ တောက်ပလှသော အလင်းတစ်ခု ဖြာထွက်လာကာ အမြင့်သို့ ထိုးတက်သွားလေသည်။ထိုသလင်းကျောက်အရင်းအမြစ်ထဲမှ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များနှင့် မွှေးပျံ့လှသည့် ရနံ့များထွက်ပေါ်လာသည်။


"မွှေးရနံ့..."


ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ဒီသလင်းကျောက်အရင်းအမြစ်ထဲ၌ တကယ်ပဲ မွှေးရနံ့များ ပါဝင်လာသည်လား... (သို့မဟုတ်) အရသာရှိလှသော ဟင်းပွဲတစ်ခု ပါဝင်နေသည်လား...ပုဖန်က သိချင်စိတ်ပြင်းပြစွာပင် တွေးတောနေမိသည်။ထိုအချိန်မှာပင် မူးရစ်ရီဝေနေသော ပုစွန်ပိစိက သလင်းကျောက်ထဲမှ တွားသွား၍ ထွက်ပေါ်လာလေသည်။


သူ့၏ ခန္ဓာကိုယ်ကို လေထဲ ခုန်ကူးလိုက်ကာ ပုဖန်ပုခုံးပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။နွေးထွေးသည့် နေရာတစ်ခုကို ရှာလိုက်ပြီး လှဲကျလိုက်ကာ အိပ်မောကျသွားလေသည်။ကျန်နေခဲ့သည့် သလင်းကျောက်အရင်းအမြစ်ကို မကြည့်လိုက်ရာ အနည်းငယ်လေးလံသည်ကို တွေ့လိုက်ရသည်။သလင်းကျောက်အရင်းအမြစ်ကို အနည်းငယ်လှုပ်ကြည့်လိုက်ရာ အထဲမှ အရည်များလှုပ်ခါသည့် အသံကို ကြားလိုက်ရသည်။


ပုစွန်ပိစိက အစောပိုင်း၌ အများကြီး မစားသုံးခဲ့ခြင်းကြောင့် ဖြစ်ပေမည်။


ဘလက်ကီနှင့် ယှဉ်လိုက်လျှင် သူ့၏ စားသောက်နှုန်းက အတော်အတန် လျော့နည်းနေပေသည်။ထိုခွေးငပျင်းဘလက်ကီက စားချင်းသောက်ချင်စိတ်က တကယ့်ကို ကြောက်စရာကောင်းလှသည်။


ပုဖန်က မျက်ဝန်းများကို စုကျုံ့လိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း ကော့ညွှတ်သွားလေ၏။သူသိုလှောင်နယ်မြေထဲမှ ကြွေပန်းကန်လုံးတစ်လုံးကို ထုတ်ယူပြီး သလင်းကျောက်ထဲမှ အရည်များကို လောင်းထည့်လိုက်သည်။သလင်းကျောက်၏ထိပ်ပိုင်းကို ထိလ်ိုက်သည်နှင့် ခရမ်းနက်ရောင် အရည်များစီးထွက်လာသည်။ထိုအရည်များထဲ၌ အလင်းနှင့်စွမ်းအင်များ စီးဆင်းပါဝင်နေ၏။


တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်ရှိနေသည့် အရည်များက ပန်းကန်လုံးနှင့် ကွက်တိကျနေသည်။ထိုအရည်များမှ ပြင်းထန်ပြီး ဆွဲဆောင်မှုရှိလှသောမွှေးရနံ့များကို ထုတ်လွင့်နေသည်။ပုဖန်ပင် မထိန်းနိုင်တော့ပဲ အနားကပ်၍ အနံ့ခံလိုက်မိသည်။


သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရ ...အဆင့် ၁၀ စိတ်ဝိညာဉ်ဆေးဝါး...


၄င်းက လူတစ်ယောက်၏ ဒဏ်ရာများကို ပြန်လည်ကုစားရာ၌ အလွန်ပင် အသုံးဝင်သည့် တန်ဖိုးရှိလှသောပါဝင်ပစ္စည်းဖြစ်သည်။ထို့အပြင် ၄င်းကို လူတစ်ယောက်၏ စွမ်းအင်အဆင့်နှင့် ခန္ဓာကိုယ်အင်အား များကို မြင့်တင်ရာတွင်လည်း အသုံးပြုနိုင်သည်။


၄င်းကို ကြီးမားလှသော သလင်းကျောက်တွင်းများ၏ သလင်းကျောက်ရင်းမြစ်များထဲ၌သာ ရှာဖွေတွေ့ရှိနိုင်သည်။လူတစ်ယောက်၏ စိတ်ဝိညာဉ် ဒဏ်ရာများကိုလည်း ကုစားပေးနိုင်သည့်အပြင် ပုံဆောင်ခဲ သလင်းကျောက်များကိုလည်း ဆင့်ကဲ မွေးထုတ်ပေးနိုင်သည်။


ပုဖန်ထိုအရည်များကို စိတ်ဝင်တစား ကြည့်ရှုနေစဉ်မှာပင် စနစ်၏ အသံ သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။စနစ်က ထိုအရည်များအကြောင်းကို စတင်ရှင်းပြလိုက်သည်။


"ဒါက အဆင့် ၁၀ စိတ်ဝိညာဉ်ဆေးဝါးဟုတ်လား..."


ပုဖန် ကြောင်အမှင်သက်သွားမိသည်။ထိုကဲ့သို့သော အရာများကို သူရှာဖွေနိုင်ခဲ့သည်မှာ မယုံနိုင်စရာကောင်းလှသည်။သလင်းကျောက်အရင်းအမြစ်ထဲ၌ ခရမ်းအနှစ်သာရကဲ့သို့သော တန်ဖိုးရှိအရာများ ပါဝင်နေမည်ဟုလည်း မမျှော်လင့်ခဲ့မိပေ။


"သူတို့က အဆင့် ၁၀ စိတ်ဝိညာဉ်ဆေးဝါးတွေက အရမ်းရှားတယ်လို့ ပြောတယ်မဟုတ်ဘူးလား..."


ပုဖန်က ပန်းကန်ထဲမှ ခရမ်းရောင်အရည်များကို စူးစိုက်ကြည့်နေသည်။မွှေးပျံ့သော ရနံ့လေးများကြောင့်လည်း သူ့၏ အလိုဆန္ဒများ တိုးတက်လာသည်။ပုဖန်၏ မျက်ဝန်းများ တောက်ပလာပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။သူပန်းကန်လုံးနားသို့ တိုးကပ်သွားလိုက်ပြီး တစ်စုပ်စုပ်သောက်လိုက်၏။


ရှလွတ်...


သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရအရည်က သူ့ပါးစပ်ထဲသို့ စီးဝင်သွားသည်နှင့် သူ့ခန္ဓာကိုယ်ရှိ အကြောပေါင်းတစ်ထောင် ပွင့်ထွက်သွားသလို ခံစားလိုက်သည်။ထိုနေရာများမှ အပူငွေ့များပင် ထွက်ပေါ်လာကာ ပုဖန်၏ မျက်ဝန်းများ ချက်ချင်း ရဲရဲနီသွားသည်။


ဒါက အလွန်ချဉ်လှသည်။


 ဒါက လက်ရှိအချိန်၌ ပုဖန်ခံစားမိသည့် ခံစားချက်သာ ဖြစ်သည်။


ထိုအရည်ကို သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရဟု ခေါ်ရမည်လား (သို့မဟုတ်) ဝိုင်ဟု ခေါ်သည်က ပိုသင့်တော်မည်လား (သို့မဟုတ်) ဝိုင်နှင့် ဇီးသီးစွပ်ပြုတ်ရောစပ်ထားသည်ဟု ခေါ်ရမည်လား... 


ထိုခရမ်းအနှစ်သာရ၏ အရသာက ခပ်ပြင်းပြင်း ဝိုင်အရသာနှင့်တူသည်။ထို့အပြင် သူ့၏ အရသာက ဇီးချိုချဉ်စွပ်ပြုတ်နှင့်လည်း တူသည်။


ထိုအနှစ်သာရက ပုဖန်၏ စွမ်းအင်အဆင့်ကို တိုးမြှင့်ပေးရန် မတက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို တိုးတက်လာစေပြီး ခန္ဓာကိုယ်ကို လန်းဆန်းသွားစေသည်။ဘလက်ကီ ထ်ိုအနှစ်သာရများကို သောက်ပြီးနောက် အိပ်ပျော်သွားခြင်းက အံ့သြစရာမဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ထိုအနှစ်သာရက စိတ်ဝိညာဉ်သားရဲ၏ ဒဏ်ရာရနေသော စ်တ်ဝိညာဉ်ကိုပင် ပြန်လည် အားပြည့်စေနိုင်ခြင်းကြောင့်ဖြစ်သည်။


ပုဖန် သူ့၏ နှုတ်ခမ်းပါးလေးများကို လျှာဖြင့်သပ်လိုက်သည်။နောက်တစ်ငုံ ထပ်သောက်ချင်စိတ်ကို ထိန်းချုပ်ပြီး ထိုပန်းကန်လုံးကို သိုလှောင်နယ်မြေထဲ သိမ်းထားလိုက်သည်။အလွန်ပင်တန်ဖိုးရှိသော အရာဖြစ်သောကြောင့် အလဟဿမဖြုန်းတီးနိုင်ပေ။


သူသာ ဒီအနှစ်သာရများကို သေချာစွာ ချက်လုပ်နိုင်လျှင် အလွန်ကောင်းမွန်သည့် ဝိုင်တစ်ခုဖြစ်လာမှာ အသေအချာပင်။


အပြင်ဘက်ကျွန်းပေါ်၌ မြောက်များလှစွာသောပုံဆောင်ခဲသားရဲများ ကွဲကြေနေကြသည်။


သွေးများစိုရွှဲနေသည့် ပညာရှင်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သလင်းကျောက် အရင်းအမြစ်ကို ထုတ်ယူလိုက်သည်။သူက သူ့၏ အစစ်အမှန်စွမ်းအင်ကို နှ်ိုးဆော်လိုက်ပြီး ဂရုတစိုက်ဖွင့်လိုက်၏။


တခြားသူများကလည်း ထိုသူဖွင့်နေသည့် သလင်းကျောက်အရင်းအမြစ်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြသည်။နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲများပင် ကာကွယ်ထားရသော သလင်းကျောက်အရင်းအမြစ်ထဲ၌ မည်သည့် တန်ဖိုးရှိသည့် ပစ္စည်းများပါမည်နည်းဟု အလွန်သိချင်နေကြသည်။


သို့သော်လည်း သလင်းကျောက်အရင်းအမြစ်ကို ဖွင့်ပြီးနောက် ထိုသိုင်းပညာရှင်လည်း စိတ်ဓာတ်ကျပြီး သွေးအန်လုနီးပါးပင်ဖြစ်သွားသည်။ထိုသလင်းကျောက်အရင်းအမြစ်ထဲ၌ ပြောင်ရှင်းနေသည်။မည်သည့် ရတနာပစ္စည်း အစိုင်အခဲ သေးသေးလေးမှပင် မတွေ့ပေ။


တခြားသလင်းကျောက်အရင်းအမြစ်ကို ရယူထားသော ပညာရှင်က ပျော်ရွှင်သွားလေသည်။ပထမလူယူသွားသော သလင်းကျောက်အရင်းအမြစ်ထဲ၌ မည်သည့်အရာမှ မရှိလျှင် သူ့လက်ထဲမှ သလင်းကျောက်အရင်းအမြစ်ထဲ၌ သေချာပေါက်တန်ဖိုးရှိသည့် အရာ ရှိနေပေလိမ့်မည်။ထို့ကြောင့် သူ့၏ သလင်းကျောက်အရင်းအမြစ်ကို အလျှန်အမြန်ပင် ဖွင့်လိုက်သည်။


ထိုသူက ကံကောင်းပေသည်။သူ့၏ သလင်းကျောက် အရင်းအမြစ်ထဲ၌ တန်ဖိုးရှိသည့် တစ်စုံတစ်ရာပါလေသည်။သို့သော်လည်း ထိုတန်ဖိုးက သူပေးဆပ်ထားရသည်နှင့်ပင် မကာမိပေ။ထိုခဏ၌ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ထို့နောက် ဆူညံပူညံဖြစ်လာသည်။


အကယ်၍ သူတို့နှစ်ယောက်၏ သလင်းကျောက်ထဲ၌ တန်ဖိုးရှိသည့်အရာ မပါလျှင် သူတို့ချန်ထားခဲ့သည့် သလင်းကျောက်ထဲ၌ သေချာပေါက်ရှိနေပေရမည်။သိုင်းပညာရှင်များအားလုံး၏ မျက်ဝန်းများက နီရဲလာသည်။


သူတို့ တစ်ယောက်ကိုတစ်ယောက် ဖြတ်ခနဲ ကြည့်လိုက်ပြီးနောက် သလင်းကျောက်တွင်းရှိရာဆီသို့ အလျှင်အမြန်ပြေးသွားကြလေသည်။ထိုအချိန်၌ ဥမင်လှိုဏ်ခေါင်းထဲမှ အရပ်ရှည်ရှည်နှင့် ပိန်ပါးသွယ်လျသော လူငယ်လေးတစ်ယောက်ထွက်လာလေသည်။


တစ်ချို့ သိုင်းပညာရှင်များက ပုဖန်ကို အံ့အားသင့်သင့်ကြည့်လိုက်ကြသည်။သို့သော်လည်းသူတို့က ပုဖန်ကို များစွာ အာရုံစိုက်မနေတော့ပဲ ကျန်နေသည့် သလင်းကျောက် တွင်းရှိရာဆီသို့သာ အလျှင်စလိုသွားလိုက်ကြသည်။ပုဖန်က သူ့ကို လျှင်မြန်စွာ ဖြတ်ကျော်သွားသော သူများကိုကြည့်၍ အနည်းငယ်သာစိတ်ရှုပ်ထွေးသွားမိသည်။


"သူတို့ဘာကြောင့် ကျောက်တွင်းထဲကို ပြန်သွားကြပြန်တာလဲ..."


သူက ခဏမျှသာ အံ့သြကြောင်အသွားပြီးနောက် ထိုသူများကို လျစ်လျူရှုလိုက်လေသည်။သူကျွန်းအပြင်ဘက်သို့ ပြန်လည်လျှောက်ထွက်လာခဲ့သည်။သူ့၏နတ်လှေငယ်ကို ပင်လယ်ထဲသို့ တွန်းချလိုက်ပြီးလှေပေါ်တက်ထိုင်လိုက်သည်။


ထို့နောက် သူ့၏အစစ်အမှန်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး အရှေ့သို့ ထပ်မံ ရွက်လွှင့်လ်ိုက်လေသည်။သူ့၏နတ်လှေငယ်ဖြင့် ထွက်ခွာတော့မည့်အခ်ျိန်မှာပင် သိုင်းပညာရှင်များက သလင်းကျောက်တွင်းထဲမှ အလျှင်သလို ပြန်လည် ပြေးထွက်လာကြပြန်သည်။သူတို့ လှေပေါ်မှ ပုဖန် ကို မြင်လိုက်သည်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။


"အဲ့ဒီကောင်လေးပဲ ငါတို့ သူ့ကို ထွက်သွားခွင့်ပေးလို့မရဘူး...တတိယမြောက် သလင်းကျောက်အရင်းအမြစ်ကို သူယူသွားတာပဲ ဖြစ်မယ်...ဗွမ်း..."


များပြားလှစွာသောနတ်လှေများကို ရေထဲသို့ တွန်းချလိုက်သည့်အသံများထွက်ပေါ်လာသည်။


ပုဖန် ထိတ်လန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်ဝန်းများ ကျုံ့လိုက်မိသည်။


များပြားလှသော ပညာရှင်များက လည်ကိုဆန့်၍ မျက်လုံးများပြူးထားပေသည်။သူတို့က နတ်လှေထဲသို့ ခုန်ဝင်လိုက်ပြီးနောက် သူ့ကိုလိုက်ဖမ်း ကြပုံပေါ်သည်။ပုဖန် ကြောက်ရွံ့သွားသည်။သူအရှေ့သို့ ပြန်လှည့်လိုက်ပြီးနောက် စိတ်ဝိညာဉ် စွမ်းအားများကို ထပ်မံနှိုးဆော်လိုက်ကာ လှေငယ်ကိုအရှိန်တင်လိုက်သည်။


"အဲ့ဒီလူတွေက ရူးသွားတာလား ဘယ်လိုဖြစ်ပြီး ငါ့ကိုလာခြောက်နေကြတာလဲ..."