အခန်း ၄၅၉
စားကောင်းသောက်ဖွယ်ကျွန်း...
ကြီးမားလှသော သွေးနီရောင်မျှော်စင်၏ ပုံရိပ်က ကောင်းကင်ယံအမြင့်ထိ ထိုးတက်သွားလေသည်။
ထိုမြင်ကွင်းကို အားလုံး မျက်မြင်ကြုံတွေ့လိုက်ရသည်။
ထိုသွေးနီရောင်မျှော်စင်မှ ထုတ်လွင့်နေသော စွမ်းအင်လှိုင်းများကလည်း အလွန်ပြင်းထန်လှသည်။လူများအားလုံး၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအားများပင် ကြမ်းကြမ်းတမ်းတမ်းလှည့်ပတ်နေသည်ဟု ခံစားနေရသည်။
ထိုမျှော်စင်မှ ထုတ်လွင့်နေသည့် အော်ရာများက ထူးခြားဆန်းကြယ်လှကြောင်းကိုလည်း သူတို့ခံစားနိုင်သည်။မြောက်များလှစွာသော အင်အားများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သံကြိုးများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သံကလည်း လျှို့ဝှက်နယ်မြေတစ်ခုလုံးပင် တုန်ခါမြည်ဟီးနေသည်။
နတ်ဘုရားနယ်ပယ်အဆင့် မည်သူမှ ထိုအရာကို လျစ်လျူမရှုထားနိုင်တော့ပေ။
ကျောက်တုံးဝါများဖြင့် ပြည့်နှက်နေသည့် ကျွန်းတစ်ကျွန်း၌...
လူတစ်ယောက်၏ ကျောဘက်၌ သံကြိုးနှစ်ချောင်းလွှဲယမ်းနေသည် နတ်ဆိုးဆန်လှသည့် ထိုသူက နှုတ်ခမ်းရဲရဲများကို လျှာဖြင့် သပ်လိုက်သည်။
စိမ်းလန်းစိုပြေနေသော ကျွန်းတစ်ခုပေါ်၌ ...
ကျောဘက်၌ ကြီးမားလှသည့် သံသေတ္တာကိုလွယ်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သူနှစ်ယောက်ရပ်နေသည်။ထိုသူနှစ်ယောက်က မိုးပေါ်မှ ကြီးမားလှသော သွေးနီရောင်မျှော်စင်ကို မော့ကြည့်လိုက်၏။
သူတို့နှစ်ယောက်၏ နောက်ကျောဘက်မှ သံကြိုးများကလည်း ကျယ်လောင်လှသော အသံများထွက်ပေါ်လာသည်။ထို့နောက်ထိုသူနှစ်ယောက်က သွေးနီရောင် မျှော်စင်ရှိရာဆီသို့ အရှိန်ဖြင့် ဦးတည်သွားလိုက်သည်။
မဟာဂိုဏ်းမှ ရဲ့ချန် ၊ လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ချမ်းယွင်တို့ကလည်း ထိုနေရာသို့ ထွက်ခွာလာကြသည်။
ကြီးမားလှသော သွေးနီရောင်မျှော်စင်ပေါ်ထွက်လာမှုက အမှောင်ထုထဲ၌ အလင်းအိမ်ငယ်လေးတစ်လုံး ထွက်ပေါ်လာသလိုမျိုး သိုင်းပညာရှင်တိုင်း၏ အာရုံကို ဖမ်းစားသွားလေသည်။သူတို့အားလုံး ထိုနေရာဆီသို့ အလျှင်စလို ဦးတည်လာနေကြသည်။
အဆင့်၁ ဆင့်သာ ချိုးဖျက်ထားသည့် မသေမျိုးခန္ဓာပညာရှင်ဖြစ်စေ ၊ အဆင့် သုံးဆင့်မျှ ချိုးဖျက်ထားသည့် မသေမျိုးခန္ဓာပညာရှင် ဖြစ်စေ သူတို့ရှိနေရာ မြောက်များလှစွာ သော ကျွန်းငယ်များမှနေ၍ ထိုနေရာဆီသို့ အလျှင်စလိုလာနေကြသည်။
သို့သော်လည်း ထိုကြီးမားလှသော မျှော်စင်၏ ပုံရိပ်က လျှင်မြန်စွာ ပေါ်ထွက်လာပြီးနောက် လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။အချိန်က တိုတောင်းလှသောကြောင့် မည်သည့်ကျွမ်းကျင်ပညာရှင်မှ မမှီလိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုမျှော်စင်က ပျောက်ဆုံးသွားပြီဖြစ်သော်လည်း သူတို့အားလုံး ခြေရာခံ၍ လိုက်လို့ရပြီဖြစ်သည်။သူတို့ မျှော်စင်ထွက်ပေါ်လာသည့် နေရာကိုသာ ဆက်လက်၍ ဦးတည်သွားနေကြသည်။
တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ ရှိနေသော ကျွမ်းကျင်ပညာရှင်တိုင်းက တစ်ချိန်တည်းမှာပင် တစ်နေရာတည်းသို့ ဦးတည်သွားနေကြလေသည်။ထိုသွေးနီရောင် မျှော်စင်၏ အော်ရာများက အလွန်ပင် စွမ်းအားကြီးလှသည်။ထို့ကြောင့်ပင် အားလုံး၏ သိချင်စိတ်များကိုနှိုးဆော်လိုက်သလိုဖြစ်သွားသည်။
ထိုနေရာ၌ မတော်တဆကံကောင်းမှုများ ရနိုင်သည် ဟူသော မျှော်လင့်ချက်မျိုးဖြင့် ဦးတည်သွားနေကြသူများလည်းရှိသည်။သူတို့ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခြင်းကပင် ကံကောင်းမှုများကို ရှာဖွေရန်မဟုတ်သည်လော။ ထို့ကြောင့် မည်သူမှ ဒီအတိုင်းပျောက်ကွယ်သွားခိုင်းလိမ့်မည်မဟုတ်ပေ။
ပုဖန်က လှေငယ်၏ ကြမ်းပြင်ကို ဖိနင်းလိုက်သည်။ပင်လယ်ရေပြင်၌ သူ့အတွက် လမ်းကြောင်းဖွင့်လိုက်ပြီး ကျွန်းရှိရာဆီသို့ ဦးတည်သွားလိုက်သည်။နတ်လှေငယ်ကို စီးနင်းထားသော မြောက်များလှစွာသည့် ပညာရှင်များကလည်း ပုဖန်၏ ဘေး၌ ပေါ်လာသည်။ထ်ိုလူများက ပုဖန်ကို ကြည့်ရုံသာကြည့်ပြီး လုံးဝ ဂရုမစိုက်ကြတော့ပေ။
ပုဖန်က နန်ကုန်းရွှမ်ဟယ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။နန်ကုန်းရွှမ်ဟယ်ကလည်းပုဖန်ကို အံ့အားသင့်သင့် အထိတ်တလန့်ဖြင့်ကြည့်လိုက်၏။ပုဖန် ယခုထိတိုင်အောင် အသက်ရှင်နေသေးသည်ကို တွေ့လိုင်ရသောကြောင့် သူ တကယ်ကို အံ့အားသင့်သွားပေသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူ ငရဲ ကမ္ဘာသင်္ဘောနဲ့တွေ့ဆုံခဲ့ရတာတောင်မှ ဘာဒဏ်ရာမှ ရမလာဘူးလား...င ရဲကမ္ဘာသင်္ဘောရဲ့ ကပ်ဆိုးကျိန်စာက သူ့အပေါ်မသက်ရောက်ဘူးလား..."
လက်ရှိ၌ နန်ကုန်းရွှမ်ဟယ်၏ အော်ရာများက အားနည်းဖျော့တော့နေပြီး သူ့၏ အမူအရာကလည်း တော်တော်လေးဆိုးရွားနေသည်။သူ ပုဖန်အသက်ရှင်လျက်ရှိနေသေးသည်က်ို တွေ့ပြီးနောက် သူ့အမူအရာက ပို၍ပင် ဆိုးရွားလာလေသည်။
သို့သော်လည်း သူက ယခုအချိန်တွင် ပြဿနာမရှာပေ။သူသူ့၏နတ်လှေငယ်ကိုသာ ထိန်းချုပ်လိုက်ပြီးနောက် အရှေ့မှာရှ်ိနေသော ကျွန်းအကြီးဆီသို့ သူများထက်အရင်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
ထိုကျွန်းက ယခုလက်ရှိ၌ သူတို့တွေ့ဘူးသမျှထဲမှ အကြီးမားဆုံး ဖြစ်ပေလိမ့်မည်။သူ့၏ မျက်နာပြင်ဧရိယာက အလွန်ကျယ်ပြန့်လှ၏။ကမ်းရိုးတန်းကလည်း ရှည်လျားပြီးမြင့်မားလှ၏။
ဘန်း...ဘန်း...
သိုင်းပညာရှင်များ၏ အစစ်အမှန်စွမ်းအားများက မြင့်တက်လာပြီးနောက် နတ်လှေငယ်ကို ကျွန်းရှိရာဆီသို့ ဆွဲယူလိုက်သည်။ဒီနေရာ၌ ရှိနေကြသူအားလုံးက နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များဖြစ်သည်။ထို့ကြောင့် မြင့်မားမှုက သူတို့ကို တားဆီးနိုင်စွမ်းမရှိပေ။
သူတို့အားလုံး လေထဲသို့ ပျံတက်လိုက်သည်။လေထုကို အရှိန်ဖြင့် ဖြတ်သန်းသွားသည့်အသံများက အဆက်မပြတ်ဆူညံစွာ ထွက်ပေါ်နေသည်။သူတို့ ကျွန်းပေါ်သို့ ရောက်ပြီး မကြာခင်မှာပင် ပုဖန်ကလည်း ဝှိုက်တီကိုခေါ်ဆောင်၍ ကျွန်းပေါ်သို့ တက်ခဲ့သည်။
သူ ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် သိပ်သည်းကြွယ်ဝလှသော မွှေးရနံ့များကို ရရှိလိုက်သည်။ကျွန်းပေါ်၌ ထူးခြားဆန်းကြယ်သည့် အသီးများဖြင့် ပြည့်နှက်နေသည်။အသီးတစ်ခုချင်းစီက အလွန်ထူးခြားလှသောအသွင်အပြင်ရှိ၏။အသီးတစ်ခုချင်းစီကလည်း ကောင်းစွာ ဖုတ်ထားသော ပေါင်မုန့်ကဲ့သို့ အငွေ့လေးများကို ထုတ်လွင့်နေသေးသည်။
သစ်သီးများက မုန့်အပွသားဖြင့် ပြုလုပ်ထားသကဲ့သို့ ပေါင်မုန့်နှင့်အလွန်တူသည်။ပုဖန်က ထိုအသီးများကြောင့် ငေးမောတွေဝေနေမိသည်။သူ စားကောင်းသောက်ဖွယ်များရှိသည့် ကျွန်းသို့ ဝင်ရောက်လာသလိုပင်ခံစားလိုက်မိ၏။
"သစ်ပင်တွေကနေ စားကောင်းသောက်ဖွယ်တွေသီးနေတာလား..."
ပုဖန်က ပေါင်မုန့်နှင့်တူသော သစ်သီးတစ်လုံးကို ဆွတ်ယူလိုက်သည်။ထိုသစ်သီးက သူ့လက်ထဲ၌ အနည်းငယ်ပူနေသေးကြောင်း ခံစားမိလိုက်၏။ထိုသစ်သီးက ပထမပေါင်မုန့်နှင့် တူပြီး သူဖဲ့လိုက်သည့်အခါ၌ အားလူးဖုတ်ပူပူလေးနှင့်တူ၏။
အပူငွေ့ ၊ချိုမြသော မွှေးရနံ့နှင့် သစ်သီးရည်လေးများ စီးထွက်လာသည်။အရသာက တကယ့်ကို ကောင်းမွန်လှသည်။၄င်းက တကယ့်ကို သဘာဝရအသာစစ်စစ်ဖြစ်သည်။
ထိုသစ်သီးက တော်တော်လေးကိုလည်း ထူးခြားဆန်းကြယ်လှ၏။ပုဖန် အံ့အားသင့်သင့်ပင်ဖြစ်နေမိသည်။ဒီကျွန်းပေါ်၌ မြောက်များလှစွာသော သစ်ပင်အမျိုးအစားအမျိုးမျိုးရှိနေပြီး များပြားလှသော စိတ်ဝိညာဉ်သားရဲများလည်းရှိနေကြသည်။
ကျွန်းထဲသို့ သိုင်းပညာရှင်များစွာ ရောက်ရှိလာသောကြောင့် ထိုသားရဲများက တောင်ပံများဖြန့်ကား၍ အဝေးသို့ပျံသန်းသွားကြသည်။ထိုကျွန်းက အလွန်တရာပင် လှပသည်ဟု ဆိုနိုင်သော်လည်း မည်သူမှ ထိုအလှအပကို ရပ်တန့်မခံစားကြပေ။
သူတို့အားလုံးက သွေးနီရောင်မျှော်စင်ကိုရှာရန်သာ အလျှင်လိုနေကြသည်။သူတို့၏ မတော်တဆကံကောင်းလာနိုင်သည့် ကံကြမ္မာကိုရှာဖွေရပေမည်။
တခြားတစ်ဘက်တွင်မူ ပုဖန်က ချက်ပြုတ်ရန်အတွက် ပါဝင်ပစ္စည်းများကိုသာ ရှာဖွေနေသည်။ဒီကျွန်းကြီးက သူ့အတွက် ဖန်တီးထားသည်ဟုပင် ထင်ရသည်။ပုဖန်က ထိုကျွန်းပေါ်သို့ စိတ်လှုပ်ရှား စွာဖြင့် လျောက်သွားလိုက်သည်။
ကျွန်းပေါ်၌ သစ်ပင်အမျိုးအစားပေါင်းစွာပြည့်နှက်နေပြီး တစ်ချို့က ပုဖန်လုံးဝပင် မမြင်ဖူးသည့် မျိုးစိတ်များဖြစ်သည်။ပုဖန်၏ အရင်ကမ္ဘာမှ အုန်းပင်နှင့်တူနေသည့် သစ်ပင်တစ်ချို့လည်းရှိနေသည်။
သို့သော် ထိုသစ်ပင်၌ အုန်းသီးမသီးပဲ မွှေးပျံ့ပြီး အပူငွေ့လေးများ ထွက်နေသည့် အဖြူရောင်ပေါင်မုန့်ချပ်သာသီးနေလေသည်။မြေပြင်ကို ခြေဖျားဖြင့် အသာလေးထောက်လိုက်ပြီး လေထုထဲသို့ တဖြေးဖြေးချင်း ပျံတက်လိုက်သည်။ထို့နောက် ထိုပေါင်မုန့်ဖြူကိုဆက်ခနဲ ဆွဲယူလိုက်လေသည်။
ထိုပေါင်မုန့်က အလွန်နူးညံ့သည်။သူတစ်ကိုက်ကိုက်ကြည့်လိုက်ရာ ပူနွေးနေဆဲဖြစ်ကြောင်းကို သိလိုက်ရသည်။ယခုမှ ဖုတ်ထားသည်ဟုပင်ထင်ရ၏။သို့သော်လည်း မည်သည့်အရသာမှမရှိပေ။
ပုဖန် အနည်းငယ်ကိုက်စားပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ထိုပေါင်မုန့်က ပူပူနွေးနွေးနှင့် အနံ့လေးမွှေးပျံ့နေသော်လည်း အရသာ လုံးဝ ကင်းနေသည်။သူ့အကြိုက်မဟုတ်ပေ။
ထို့ကြောင့် သူဆက်၍ လျှောက်လာခဲ့သည်။လမ်းခရီး၌ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် သစ်သီးအချို့ကိုလည်း ဆွတ်ယူခဲ့သေးသည်။
မြေပြင်ပေါ်၌ ပေါက်ရောက်နေသော သစ်သီးအချို့လည်းရှိနေသည် ။ပုဖန် ထိုသစ်သီးကို မြည်းစမ်းကြည့်ပြီးနောက် အသားကင်အရသာနှင့် တူကြောင်း တွေ့လိုက်ရသည်။ထိုသစ်သီးကလည်း အပူငွေ့လေးများ ထုတ်လွင့်နေဆဲပင်ဖြစ်သည်။
ကျွန်းပေါ်ရှိ သစ်သီးများအားလုံးက ထူးခြားသည့် သွင်ပြင်လက္ခဏာကို အားလုံး မျှသုံးစွဲထားသလိုပင် ထင်ရ၏။ရုတ်တရက် ပုဖန် ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။အငွေ့များထွက်နေသော ဝဝတုတ်တုတ်တောဝက်တစ်ကောင်က သူ့ကို ဖြတ်ကျော်သွားသည်။ထိုတောဝက်ဝတုတ်၏ ကျောက နီရဲသည်အထိ မီးကင်ထားခံရပုံပင်ပေါ်နေသည်။
သူ့၏ နောက်ကျောပေါ်၌ မီးတောက်တစ်ချို့လည်းရှိနေသေးသည်။နှာခေါင်းမှလည်းအပူငွေ့များထွက်နေသည်။သူ့ကိုကြည့်ရသည်မှာ အကျည်းတန်လှ၏။ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။သူထိုဝက်ကို သေချာမလေ့လာခင် ဒယ်အိုးနှင့် သတိမေ့အောင် ရိုက်ချလိုက်သည်။
ထို့နောက် ထိုတောဝက်ဝတုတ်၏ နောက်ကျောမှ ကင်ထားသည့်အပိုင်းကို ဂရုတစိုက်ဖြင့် သေချာစွာလှီးဖြတ်လိုက်သည်။အသားက တော်တော်လေး ခြောက်နေ၏။အဆီ (သို့မဟုတ်) ဆော့စ် ဘာမှမရှိပေ။သို့သော်လည်း အရသာကကောင်းမွန်လှ၏။
ထိုအသက်ရှင်နေဆဲဖြစ်သော တောဝက်၏ နောက်ကျော၌ ကင်ထားသည့် အသားက ပြန်လည် အစားထိုး ဖြည့်တင်းသွားသည်။
တကယ့်ကို ထူးဆန်းအံ့သြဖွယ်ရာကောင်းလှသည်။
ပုဖန်က နောက်ထပ်တစ်ကိုက်ထပ်ကိုက်လိုက်သည်။အရသာက တကယ့်တောဝက်သားအစစ်၏ အရသာနှင့်တူသည်ကိုလည်း သတိပြုမိလိုက်သည်။သို့သော်လည်း အသားက မာကြောတောင့်တင်းသည်အထိ ကင်ခံထားရပေသည်။
ထို့ကြောင့် သူ ဆက်လက်၍ လျှောက်လာခဲ့သည်။ထူးဆန်းသည့် သစ်သီးအချို့ကိုလည်း ဆက်၍ သိမ်းဆည်းလာခဲ့သလို သူတွေ့ကြုံခဲ့သည့် တောဝက်ဝတုတ်လေးများကိုလည်း သတိမေ့အောင်ရိုက်ပြီး နောက်ကျောမှ ကင်ထားပြီးသား အသားကိုလည်း လှီးဖြတ်ယူလာခဲ့သည်။
ထိုတောဝက်၏ နောက်ကျောမှ ကင်ထားပြီးသားအသားက ခုန်နိုင်စွမ်းရှိနေပြီး ထွက်ပြေးလွှတ်မြောက်ရန် ကြိုးစားနေတုန်းပင်ဖြစ်သည်။
ပုဖန်နှင့် အနည်းငယ်လှမ်းသော နေရာတစ်ခု၌ စိတ်ဝိညာဉ် မြက်များကိုစားနေသော သိုးငပျင်းတစ်အုပ်ရှိ၏။
ထိုစိတ်ဝိညာဉ်မြက်များပေါ်၌ ဖုံးလွှမ်းနေသည့် စိတ်ဝိညာဉ်စွမ်းအင်က ကြွယ်ဝလှသောကြောင့် ရှုရှိုက်လိုက်သည်နှင့် လန်းဆန်းသွားစေသည်။ထိုသိုးအုပ်၏အသားကလည်း ရွှေရောင်ဖျော့ဖျော့သန်းနေပြီး မျက်စိမလွှဲနိုင်အောင် လှပ လှသည်။
ထိုသိုးသားက သေချာပေါက် ထူးကဲကောင်းမွန်သည် ပါဝင်ပစ္စည်းဖြစ်ရပေမည်။ထိုသိုးအုပ်ကို သူမြင်လိုက်သည်နှင့် ပုဖန်၏ နှလုံးသားက ပြင်းထန်စွာပင် ခုန်လှုပ်လာသည်။သူက ကောင်းကင်ဘုံသို့ ရောက်လာသလိုပင် ခံစားမိသည်။
ပါဝင်ပစ္စည်းများနှင့် ပြည့်နှက်နေသည့် ကျွန်းကြီးကို မြင်နေရသောကြောင့် သူ လုံးဝ မထိန်းချုပ်နိုင်တော့ပဲ စိတ်လှုပ်ရှားနေမိ၏။
ကျွန်းအတွင်းပိုင်းသို့ အလျှင်စလို ပြေးဝင်သွားကြသော ပညာရှင်များက လမ်းပျောက်နေကြပေပြီ။သူတို့ ကြီးမားလှသည့် သွေးနီရောင်မျှော်စင်ကို ရှာမတွေပေ။
"သိပ်မကြာသေးခင်ကတောင် ရှိသေးတယ်မဟုတ်ဘူးလား..."
သူတို့အားလုံးက အာရုံကြောများပင် နာကျင်လာသည်အထိ ကျွန်းတစ်ခုလုံးကို မွှေနှောက်ပြီး သွေးနီရောင်မျှော်စင်ကို ရှာဖွေနေလေသည်။
ပုဖန်က ထိုသူများနှင့် ကွဲပြားခြားနားစွာပင် ပါဝင်ပစ္စည်းများကိုသာ အေးအေးဆေးဆေး လိုက်လံစုဆောင်းနေသည်။
ထိုပါဝင်ပစ္စည်းများက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်များ ၊ အဆင်မြင့် စိတ်ဝိညာဉ် သားရဲများနှင့် နတ်ဝိဇ္ဇာဆေးဝါးများ မဟုတ်သော်လည်း သဘာဝမှ ဖြစ်လာသည့် ပါဝင်ပစ္စည်းများကို သူ အလွန်စိတ်ဝင်စားနေဆဲပင်ဖြစ်သည်။
ပုဖန်က ကျွန်းပေါ်၌ အညိုရောင် အသီးအသေးလေးများစွာ သီးနေသည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်သည်။သူ ထိုအသီးလေးကို ကောက်ယူကြည့်လိုက်သောအခါ၌ ချောကလက်နှင့်တူသည့် သစ်သီးဖြစ်နေသည်ကို သိလိုက်ရသည်။
သူ ထိုသစ်သီးကို ဖိကြည့်လိုက်ရာ အလွန်ပင် နူးညံ့ပျော့ပျောင်းသည်ကို တွေ့လိုက်ရ၏။အရသာကို တကယ်မြည်းကြည့်လိုက်ရာ တကယ့်ချောကလက်ကဲ့သို့ပင် အရသာခါးသက်ပြီး ချိုမြမြပင်ဖြစ်နေသည်။
ဒါက တကယ့်ကို စားကောင်းသောက်ဖွယ်ကျွန်းပင်ဖြစ်သည်။ဒီကျွန်းက မိခင်သဘာဝတရားကြီးက ဖန်တီးထားသော ထူးခြားအံ့သြဖွယ်ရာတစ်ခုဖြစ်မှန်း သူသေချာပေသည်။
ပုဖန်၏ စိတ်ထဲ၌ ကျေနပ်မှုများ ဆက်လက် တိုးပွားနေချိန်တွင် ကံကောင်းမည့် အခွင့်အရေးကိုလာရှာသော တခြားပညာရှင်များကမူ အလွန်စိတ်ဓာတ်ကျနေကြ၏။
သူတို့ရောက်ရှိနေသည့် ကျွန်းက မည်သည့်ကျွန်းမျိုးဖြစ်သည်ကို လုံးဝ သတိမထားမိကြပေ။သူတို့က ကံကြမ္မာကောင်းများရရှိလာရန်အတွက်သာ သွေးနီရောင်မျှော်စင်ကို သဲကြီးမဲကြီး ရှာဖွေနေကြသည်။
ထန်း...
ပုဖန်က ကျွန်းတစ်ခုလုံးကို လှည့်ပတ်သွားလာပြီးနောက် မြောက်များလှစွာသော ပါဝင်ပစ္စည်းများကို စုဆောင်းခဲ့သည်။ထို့နောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေရာ အနည်းငယ် တုန်ခါသွား၏။
သွေးနီရောင်မျှော်စင်ကို ရှာမတွေ့၍ အနည်းငယ်စိတ်ပျက်မောပန်းနေကြသော သိုင်းပညာရှင်များအားလုံးက ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။သူ့အလုပ်သူလုပ်နေသော ပုဖန်ကို ကြည့်ပြီး သူတို့မျက်နာအမူအရာများက ထူးဆန်းသွားသည်
"အဲ့ဒီကောင်လေးက ဘာလုပ်နေတာလဲ...သူကကျွန်းပေါ်မှာ ချက်ပြုတ်ဖို့လုပ်နေတာလား...ဦးနှောက်မှကောင်းသေးရဲ့လား..."
"ငါတို့အားလုံး လျှို့ဝှက်နယ်မြေထဲ ဝင်လာကြတာက ကံကောင်းမှုတွေကို ရှာဖွေဖို့လေ ဟင်းပွဲတွေ ချက်ပြုတ်ဖို့မှ မဟုတ်တာ..."
"တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်...အဲ့ဒီကောင်လေးက စားဖိုမှူးလား...သူ့ကို ရင်းနီးနေသလိုပဲ..."
ပုဖန်၏ အကြောင်းကို ကြားဖူးသူ များစွာရှိလေသည်။သို့သော် မြူကောင်းကင်မြို့၌ပင် သူ့ကို မြင်ဖူးသူက အနည်းငယ်သာရှိ၏။နန်ကုန်းမိသားစုကြောင့် သူ့နာမည်ကို လူအများ ကြားဖူးနေပြီး စားဖိုမှူး တစ်ယောက် လျှို့ဝှက်နယ်မြေထဲဝင်လာသည်ကို သိရှိနေကြသည်။သို့သော်လည်း ထိုစားဖိုမှုးက သူတို့ရှေ့မှာပင် ချက်ပြုတ်မည်ကိုတော့ တခါမှ မတွေးခဲ့ဖူးပေ။
ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းသည်။
သို့သော်လည်း ပုဖန်က ထိုသူတို့ကို ဂရုမစိုက်နေပေ။ပုံမှန်ထက် ထူးခြားသည့် သဘာဝပစ္စည်းများကို ရှာဖွေရရှိခဲ့သောကြောင့် သူချက်ပြုတ်ရန် စိတ်လှုပ်ရှားတက်ကြွနေသည်။
ပုဖန်၏ လက်ထဲ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်လာသည်။ပတ်ဝန်းကျင်မှ လှောင်ပြောင်ဟန်အကြည့်များကို လုံးဝ လျစ်လျုရှုလိုက်ပြီး သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။အနည်းငယ်တောက်ပနေသော သိုးကို သူစတင်ကိုင်တွယ်ပေမည်။ထိုသိုးက ငြိမ်သက်နေပြီး လှုပ်ရှားရုန်းကန်မှုမရှိပေ။
ထိုသိုးသားကို ဖြတ်တောက်ရန်အတွက် သူ ဓားစက်ဆယ့်သုံးကွက် အရှင်သခင် နည်းလမ်းကို အသုံးပြုစရာမလိုပေ။ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကိုသာ အသုံးပြု၍ အပိုင်းတစ်ခုဖြတ်တောက်လိုက်၏။သူ မဟူရာလိပ်ခုံးဒယ်အိုးကို သုံးလိုက်ပြီး တောဝက်သားမှ မွှေးပျံ့သည့် စွပ်ပြုတ်ရည် ထုတ်ယူရန် ပြင်ဆင်လိုက်သည်။
သူ လှီးဖြတ်ပြီးသား သိုးအရိုးများကိုလည်း အိုးထဲသို့ ထည့်လိုက်သည်။အချိန်ခဏမျှကြာပြီးနောက် ဒယ်အိုးဆီမှ အပူငွေ့လေးများ ထွက်ပေါ်လာလေပြီ။သူက ဒယ်အိုးထဲမှ မွှေးရနံ့လေးများ ထွက်ပေါ်နေသော သိုးသားကို ကျွမ်းကျင်စွာ ဆယ်ယူလိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ထို့နောက် စွပ်ပြုတ်ရည်ကို အနည်းငယ်ဆီအိနေသော အသားပေါ်၌ စမ်းလိုက်သည်။မွှေးရနံ့များက အထင်သေးလှောင်ပြောင်စွာဖြင့် ကြည့်နေသော သူများ၏ အစားစားချင်စိတ်ကို နှိုးဆော်လိုက်လေသည်။