အပိုင်း ၄၆၄
Viewers 53k

အခန်း ၄၆၄ 

ချစ်စဖွယ် အနက်ရောင် ခွေးလက်ဖဝါး


ကြောက်မက်ဖွယ်ကောင်းလှသော လှိုင်းလုံးများက ကျောက်ဆောင်များဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာပြီးနေရာတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ပင်လယ်ရေများက ကျောက်ရေပူများနှင့် ထိတွေ့သွားပြီး ရှဲခနဲ အသံကျယ်များကို အဆက်မပြတ်ကြားနေရသည်။အပူငွေ့များက ကောင်းကင်ယံဆီသို့ ထိုးထက်သွားပြီး နေရာတစ်ခုလုံး အခိုးအငွေ့များ ထိုးတက်သွားလေသည်။


လှိုင်းတံပိုးများကြားထဲမှ ရှေးဟောင်းသင်္ဘောကြီး လူများဆီသို့ အလျင်အမြန်စွာပင် ချဉ်းကပ်လာလေသည်။သင်္ဘောဦးပိုင်း၌ အနက်ရောင်ဆံနွယ်ရှည်များနှင့် အမျိုးသမီးက မတ်တပ်ရပ်နေသည်။သူမ၏ မျက်နာက ဖြူဖျော့နေပြီး အမူအရာက ရေခဲတမျှ အေးစက်လှသည်။


သွေးလွှမ်းလူသားကလည်း ထိုငရဲကမ္ဘာသင်္ဘောကို သတိပြုမိလိုက်သည်။


သင်္ဘောပေါ်မှ အေးစက်လှသော အမူအရာနှင့် အမျိုးသမီးကို မြင်လိုက်သည်နှင့် သူ့၏ ဆံပင်မွှေးများ ထောင်ထသွားသလိုပင် ခံစားလိုက်ရသည်။


"ငရဲကမ္ဘာအမျိုးသမီး ငါတို့အားလုံးက ကိုယ်အလုပ်ကိုယ်လုပ်နေကြတာ မဟုတ်ဘူးလား ....ဘာလို့ ငါ့ပိုင်နက်ထဲ ဝင်လာတာလဲ..."


သွေးလွှမ်းလူသားက သူ့၏ အော်ရာများကို ထိန်းသိမ်းလိုက်ပြီး ရှေးဟောင်းသင်္ဘောပေါ်မှ အမျိုးသမီးကို လှမ်းစကားပြောလိုက်သည်။သူက အတားအဆီး ငါးခုကို ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာအဆင့် ပညာရှင် ဖြစ်သော်လည်း ထိုငရဲ ကမ္ဘာအမျိုးသမီးကို ဂရုမဲ့ မပြုရဲချေ။


သူမက အလွန်ကြောက်စရာကောင်းလှသည်။လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာသူတိုင်း၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်စရာ တည်ရှိမှု တစ်ခုအဖြစ်ရှိနေခြင်းဖြစ်သည်။သူမကိုယ်တိုင်ပင် ပေါ်လာစရာမလိုပဲ နာမည်တစ်ခုဖြင့်ပင် ကြောက်ရွံ့စေရန် လုံလောက်နေပေပြီ။


ပုဖန်က မဟူရာ လိပ်ခုံးဒယ်အိုးကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သင်္ဘောပေါ်၌ ရပ်နေသော အမျိုးသမီးကို အံ့အားတသင့်ဖြင့် ကြည့်လိုက်သည်။သူမကို သူတစ်ကြိမ်တွေ့ခဲ့ဖူးသည်။လျှို့ဝှက်နယ်မြေထဲ၌ ဆန်းကြယ်လှသော အနက်ရောင် ရှေးဟောင်းသင်္ဘောကြီးကို သူတွေ့ခဲ့ဖူးသည်။ထိုသင်္ဘောပေါ်မှ အမျိုးသမီးကလည်း ခွေးဘုရင်နှင့် သိကျွမ်းသည့်သူ တစ်ယောက်ပင်ဖြစ်သည်။


"သူက ဘာလို့ ဒီကို ရောက်လာတာလဲ...သူကကော သွေးနီရောင် ရှုရမျှော်စင်အတွက်လာတာလား..."


ငရဲကမ္ဘာအမျိုးသမီးက သင်္ဘောဦးပိုင်း၌ တည်ငြိမ်စွာရပ်နေသည်။လေပူများက တိုက်ခတ်လျက်ရှိပြီး သူမ၏ ဆံနွယ်ရှည်များကလည်း လေအလျင်ဖြင့် တဖျတ်ဖျတ်လွင့်ခါနေသည်။


ကြည့်ရသည်မှာ ထိုအမျိုးငမီး၏ အာရုံများက သွေးလွှမ်းလူသားအပေါ်တွင် မရှိပေ။ထိုအစား သူမ၏ အကြည့်များက သွေးနီရောင်မျှာ်စင်ကိုသာ စူးစိုက်ကြည့်နေသည်။ကြီးမားလှသော မျှော်စင်က သွေးနီရောင် မြူများကြားထဲ၌ မှိန်မှိန်ဖျော့ဖျော့လေးသာ လင်းလက်နေလေသည် ။


ရုတ်တရက် ငရဲကမ္ဘာအမျိုးသမီးက လေချွှန်သံတစ်ခုကို ပြုလုပ်လိုက်သည်။သူမဆီမှ ထွက်ပေါ်လာသော ပုံသဏ္ဍာန်မဲ့ စူးရှလှသော အသံလှိုင်းများက မျှော်စင်ဘေးနားမှ သွေးမြူများကို ပြိုကွဲသွားစေသည်။


"ဟမ်..."


ရုတ်တရက် ရှုရမျှော်စင်ဆီမှ နီရဲလှသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။ထိုအရာက ရှုရမျှော်စင်၏ အောက်ခြေ၌ တစ်စုံတစ်ရာကို ချိတ်ပိတ်ထားသလိုမျိုး ထင်ရ၏။


ပုဖန်၏ အကြည့်များက ထိုမျှော်စင်အောက်ခြေသို့ ကျရောက်သွား၏။မျှော်စင်၏ အောက်၌ သူအရာဝတ္တုတစ်ခုကို မြင်တွေ့လိုက်ရ၏။ထိုအရာက ဥတစ်လုံးပင်ဖြစ်သည်။ထိုဥဆီမှ ထူးခြားသော စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်နေသည်။


"ဥတစ်လုံး...မျှော်စင်ရဲ့အောက်မှာ ဥကို မတော်တဆ ချိတ်ပိတ်ထားမိတာလား..."


ထိုခဏ၌ပင်လျှင် ပုဖန်၏ အကြည့်များက လင်းလက်လာပြီး အသက်ရှူသံများပင် ပြင်းထန်လာလေသည်။ထိုဥ၏ ဘေးနား၌ အစိမ်းရောင်ဆေးပင် သုံးပင်ကို သူသတိပြုမိလိုက်သည်။ထိုဆေးပင်များမှ အလင်းရောင်ဖျော့ဖျော့တောက်ပနေပြီး အသွင်အပြင်ကလည်း အနည်းငယ် ထူးဆန်းနေပေသည်။


ထိုအသွင်အပြင်က နဂါးတစ်ကောင်နှင့် ဆင်တူလှသည်။သူတို့၏ အစွယ်နှင့် ခြေသည်းလက်သည်းများကို ထုတ်၍ မိုးကောင်းကင်ကိုပင် ဟိန်းဟောက်နေသယောင် ထင်ရ၏။ထိုအရာက နဂါးရိုးအသွင်မြက်သာဖြစ်သည်။


နဂါးရိုးအသွင်မြက်ကို နေရာအနှံ့လိုက်ရှာခဲ့ရသည်။နောက်ဆုံးတော့ မထင်မှတ်ထားသည့်နေရာတွင် တွေ့နေပေသည်။ထိုမြက်က ပုဖန်၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။


"ဒီဖီးနစ်ဥ က ငါ့ဟာ..."


အမျိုးသမီးက မျှော်စင်အောက်မှ ဥကိုကြည့်၍ ပြောလိုက်ပြီးနောက် သွေးလွှမ်းလူသားဘက်သ်ို့ လှည့်ကြည့်လိုက်သည်။ထိုဥက သူမ လိုချင်နေသည့်အရာပင်ဖြစ်သည်။


ထိုဥက နောက်ဆုံးခြေတစ်လှမ်းလှမ်းရန် ကူညီပေးနိုင်ပြီး သူမ၏ ကျင့်ကြံစဉ်ကို တိုးတက်စေနိုင်လေသည်။


သွေးလွှမ်းလူသား၏ မျက်ဝန်းများက စုကျုံ့သွားပြီး တဖြည်းဖြည်းအေးစက်လာလေသည်။ထိုငရဲကမ္ဘာအမျိုးသမီးသာ ဖီးနစ်ဥ ကို လိုချင်နေလျှင် တကယ့်ကို ပြဿနာရှိနေပေသည်။


သွေးလွှမ်းလူသား၏ မျက်ဝန်းများက မှေးကျင်းသွားပြီး တဖြည်းဖြည်းအေးစက်လာလေသည်။သူက ရှုရမျှော်စင်ကို အပြည့်အဝ နှိုးထစေလိုလျှင် သွေးအမြောက်အများလိုအပ်နေသေးသည်။


ထို့အပြင် မျှော်စင်က ဖီးနစ်ဥ၏ အနှစ်သာရများကိုလည်း အပြည့်အဝ စုပ်ယူရန်လိုအပ်နေသေး၏။ဒီကျွန်းက စားကောင်းသောက်ဖွယ်ကျွန်းဖြစ်နေရခြင်းမှာလည်း ဖီးနစ်ဥ ၏ အာဟာရများကြောင့် ဖြစ်သည်။


ဖီးနစ်ဥ၏ အနှစ်သာရများက ကျွန်းပေါ်၌ မြောက်များလှစွာသော ဆေးဖက်ဝင်သစ်ပင်များ ထူးခြားဆန်းကြယ်လှသော စိတ်ဝိညာဉ်သစ်ပင်များ အစားအသောက်သစ်ပင်များကို ကြီးထွားလာစေသည်။


ထို့ကြောင်ပင်လျှင် ဤကျွန်းက တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်တစ်ခုလုံး၌ စိတ်ဝိညာဉ်စွမ်းအင် အသိပ်အသည်းဆုံးကျွန်းတစ်ခု ဖြစ်လာခြင်းဖြစ်၏။ထို့ကြောင့်ပင်လျှင် ဒီကျွန်းက ငရဲ ကမ္ဘာအမျိုးသမီးကို မဆွဲဆောင်မိစေရန်အတွက် သူ၏စွမ်းအင်များအားလုံး အသုံးပြု၍ ကျွန်းတစ်ခွင်လုံးကို ဖုံးလွှမ်းထားခဲ့သည်။


သို့သော်လည်း ရှုရမျှော်စင်က ဖီးနစ်ဥ၏ အနှစ်သာရများကို အကြိမ်အနည်းငယ်ခန့်မျှ စုပ်ယူပြီးသည့်အချိန်တွင် ဥ၏ အော်ရာများက အနည်းငယ်စိမ့်ထွက်ပြန့်နှံ့သွားခဲ့သည်။ 


ထိုသေးငယ်သော ပမာဏလေးကပင် ငရဲကမ္ဘာသင်္ဘောနှင့် ငရဲကမ္ဘာအမျိုးသမီးကို တကယ့်ကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

ကိစ္စရပ်များက ပို၍ ရှုပ်ထွေးလာပေပြီ။


သွေးလွှမ်းလူသားက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ငရဲကမ္ဘာအမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ဖီးနစ်ဥ က ရှုရမျှော်စင်ကို နိုးထရန်အတွက် အဓိက အရာဖြစ်သောကြောင့် သူမကို ပေးလိုက်နိုင်စရာ အကြောင်းမရှိပေ။


ဖီးနစ်ဥ၏ အနှစ်သာရများ မပါရှိပဲ ရှေးဟောင်းရှုရမြို့တော်၏ နတ်ဘုရားလက်နက်ကို သူနှိုးထဖို့ မဖြစ်နိုင်ပေ။သူ့၏ စွမ်းအင်သက်သက်ဖြင့် ရှုရမျှော်စင်ကို ထိန်းချုပ်ရန် အားနည်းနေပေသေးသည်။


ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်သည်။သူ့၏ အကြည့်များက ကြည်လင်နေသော သွေးနီရောင်ရှုရမျှော်စင်က်ို ဖြတ်သန်း၍ ခပ်ဖျော့ဖျော့လင်းနေသည့် ဥ အပေါ်ကျရောက်နေပေသည်။


ထိုဥက လူတစ်ယောက်အရွယ်အစားမျှ ကြီးမားလှပြီး မျက်နာပြင်ပေါ်၌ ရှုပ်ထွေးများပြားလှသော ပုံစံငယ်များပြည့်နှက်နေသည်။ဥဆီမှလည်း ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ ထွက်ပေါ်နေ၏။ထိုဥ၏ နံဘေး၌ နဂါးရိုးအသွင်မြက်များက လေယူရာ ယိမ်းနွဲ့နေသည်။


ပုဖန်၏ မျက်ဝန်းများက တောက်ပလင်းလက်နေပြီး နှုတ်ခမ်းသပ်လိုက်သည်။ထိုဖီးနစ်ဥက အလွန်ပင်ရှားပါးတန်ဖိုးရှိလှသော ပါဝင်ပစ္စည်းဖြစ်သည်။အဆင့်မြင့် ပါဝင်ပစ္စည်းများက အရသာကို ပို၍ ကောင်းမွန်လှစေသည်။ထိုဖီးနစ်ဥက အဆင့်မြင့် ပါဝင်ပစ္စည်းဖြစ်နေလေရာ ထိုဥ၏ အရသာကလည်း သေချာပေါက်ကောင်းမွန်နေပေမည်။


သူထိုအရသာကိုသာ မြည်းစမ်းလိုက်ရလျှင်..... အတွေးနှင့် ပင် စိတ်လှုပ်ရှားတက်ကြွလာပေသည်။


"နင် အဲ့ဒီအဖိုးကြီးကိုခေါ်ပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားတော့..."


ပုဖန်က ငရဲကမ္ဘာ အမျိုးသမီးနှင့် သွေးလွှမ်းလူသားတို့ ရင်ဆိုင်တွေ့နေချိန်ကို အခွင့်ကောင်းယူ၍ သေမင်းတံခါးမှ လက်မတင်လေး လွှတ်မြောက်လာသော ယန်မိန်ကျီကို လှမ်းပြောလိုက်သည်။


ထိုအချိန်၌ ယန်မိန်ကျီက သူမ၏ သိုလှောင် ကိရိယာထဲမှ သက်စောင့်ဆေးအမြောက်အများကို ထုတ်ယူပြီးဆရာသခင် ရွှမ်ပေ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ကြံ့ခိုင်ထွားကြိုင်းလှသော ယန်မိန်ကျီက မိန်းမငယ်လေးတစ်ယောက်လို ငိုနေပုံကို ကြည့်ရသည်မှာ ပုဖန် စိတ်မသက်မသာပင် ခံစားလိုက်မိသည်။


"ဒါဆိုရင် နင်ကကော ဘယ်လိုလုပ်မှာလဲ..."


ယန်မိန်ကျီက တစ်ချက်ရှိုက်ရင်းလှမ်းမေးလိုက်၏။


"ငါ့မှာ လုပ်စရာတစ်ချို့ရှိသေးတယ်...ဒီနေရာက အရမ်းအန္တာရယ်များတယ်...နင်အရင်ဆုံး မြန်မြန်ထွက်သွားလိုက်.."


ယန်မိန်ကျီ ခဏမျှ တိတ်ဆိတ်သွားသည်။သူမက ပုဖန်ကို သူတို့နှင့်အတူ ထွက်သွားစေချင်သော်လည်း မည်ကဲ့သို့ ပြောရမည်မသိ ဖြစ်နေပေသည်။မဟာသခင် ရွှမ်ပေက အသက်ဘေးက လွှတ်မြောက်လာပြီ ဖြစ်သော်လည်း သူ့၏ ဒဏ်ရာများက အလွန်ပြင်းထန်လှသည်။ထို့ကြောင့် သူတို့ ဒီနေရာမှ အမြန်ဆုံး ထွက်သွားသင့်ပေသည်။ဒီနေရာက သူပြန်လည် ကုစားရန်အတွက် သင့်တော်သည့် နေရာတစ်ခု မဟုတ်ပေ။


"ထွက်သွားတော့..."


ပုဖန်က သူမကို နောက်တစ်ကြိမ် ထပ်အော်လိုက်သည်။ထိုသူများ လျစ်လျူရှုထားခြင်း၌မှ ထွက်သွားရန် မကြိုးစားလျှင် မည်ကဲ့သို့မှ ထွက်သွားနိုင်တော့မည်မဟုတ်ပေ။


ပုဖန်က သူ့၏ မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသေးသည်။ထို့အပြင် ဖီးနစ်ဥနှင့်ပတ်သတ်၍လည်း စိတ်ကူးယဉ်နေသေး၏ ထို့ကြောင့် ယခုချက်ခြင်း ထွက်သွားလိုခြင်းမရှိသေးပေ။


ယန်မိန်ကျီ၏ အခြေအနေကသူနှင့် ကွာခြားနေပေသည်။သူမက အံတင်းတင်းကြိတ်လိုက်ပြီး မဟာသခင်ရွှမ်ပေက်ို သယ်ဆောင်၍ လျှို့ဝှက်နယ်ပယ် ထွက်ပေါက်ဆီသို့ ဦးတည်ပြေးသွားလိုက်သည်။


သွေးလွှမ်းလူသား၏ အကြည့်က သူမ၏ ခန္ဓာကိုယ်ပေါ် ကျရောက်နေသည်ဟု ခံစားလိုက်ရသဖြင့် သူမ အစွမ်းကုန် ကြိုးစားအားထုတ်၍ ပြေးလိုက်သည်။အဆင့် ၅ဆင့် ဖြတ်ကျော်ထားပြီးသော သူတစ်ယောက်၏ အကြည့်တစ်ချက်ကပင် သူမကို တုန်လှုပ်သွားစေသည်။


သွေးလွှမ်းလူသားက လက်ကို မြှောက်လိုက်သည်။သွေးမြူတစ်ချို့ကို ချွန်မြိ့လှသော လှံတိုများဖြင့် ပြောင်းလိုက်ပြီး ယန်မိန်ကျီဆီသို့ ပစ်လွှတ်လိုက်၏။


ထိုသွေးလှံပျံများက မဟာသခင် ရွှမ်ပေနှင့် သူမကို တစ်ပြိုင်နက် ထိုးဖောက်သွားတော့မယောင်ထင်ရ၏။ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူ ခေါက်ဆွဲပူပူတစ်ပွဲကို ထုတ်ယူလိုက်ပြီး ပလုတ်ပလောင်း စားသောက်လိုက်၏။ခေါက်ဆွဲ ကုန်သွားသည်နှင့် တစ်ပြိုင်နက် အသားလုံးများကို ထုတ်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


ဟင်းပွဲမှ စွမ်းရည်များက သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း စုတ်ဖြဲနေသကဲ့သို့ ခံစားလိုက်ရ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များ ပြည့်နှက်စီးဆင်းလာပြီး ပေါက်ကွဲထွက်လာတော့မလိုပင် ဖြစ်နေသည်။


ပုဖန်က ချက်ချင်းပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆွဲလိုက်ပြီး သူ့၏ စွမ်းအင်များ စီးဆင်းစေလိုပ်သည်။ဓားသွားမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီးနောက် နဂါးတစ်ကောက် ဟိန်းဟောက် သံကို ကြားလိုက်သည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ ရွှေရောင်နတ်နဂါးပုံရိပ်ကြီးထွက်ပေါ်လာပြီး ပုဖန်၏ ခန္ဓာကိုယ်ကိုပင် လွှမ်းခြုံသွားလေသည်။ပုဖန်က ဓားကို ဝှေ့ယမ်း၍ သွေးလှံများစီသို့ ချိန်ရွယ်တိုက်ခိုက်လိုက်သည်။


ဝှိုက်တီ၏ ကိုယ်ပေါ်မှ အစီအရင်ကလည်း စတင် အသက်ဝင်လာပြီး အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။သူ့၏ နောက်ကျောမှ သတ္တုတောင်ပံတစ်စုံ ပြန့်ကားထွက်လာပြီး ကောင်းကင်ထက်စီသို့ ပျံတက်သွားသည်။


ထို့နောက် ကြီးမားလှသော အသွင်အပြင်ယူထားသော ပုစွန် ပိစိပေါ်သို့ ရပ်လိုက်သည်။သူတို့နှစ်ဦးသား သွေးလွှမ်းလူသားဆီသို့ ပြိုင်တူ တိုးဝင် တိုက်ခိုက်လိုက်လေသည်။


ပုဖန်၏ တိုက်ခိုက်မှုကြောင့် သွေးလှံများက ပေါက်ကွဲပျက်စီးသွားသည်။ယန်မိန်ကျီ၏ ပေါက်ထွက်မတက် ခုန်လှုပ်နေသော နှလုံးသားက ပြန်လည် သက်သာရာ ရသွားပြီးနောက် ထွက်ပေါက်ရှိရာဆီသို့ ဆက်လက်ပျံသန်းသွားလိုက်သည်။


သွေးလွှမ်းလူသား၏ အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်လာသည်။


ထိုကောင်စုတ်လေးက သူ့၏ အစီအစဉ်များကို အကြိမ်ပေါင်းများစွာ ဖျက်စီးနေပေသည်။ ကောင်စုတ်လေးကို သတ်လိုက်ရမည်ဆိုလျှင်ပင် သူ့၏ ဒေါသများ ဖြေသိမ့်နိုင်မည်မဟုတ်သေးပေ။


အမ်...


သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူရှိရာဆီသို့ တိုးဝင်လာနေသော ပုစွန်ကြီးကောင်တစ်ကောင်ကို မြင်လိုက်ရသည်။ထိုပုစွန်ကြီးပေါ်၌လည်း သံမဏိတုံးတစ်တုံးရှိနေပေသည်။


ဝေရာ...


ထိုတောက်ပနေသော သံမဏိတုံးကြီးမှ မြောက်များလှစွာသော ပစ်ခတ်မှုများ ထွက်ပေါ်လာလေသည်။ထိုအမြောက်ဆန်များကို ရွှေရောင်အလွှာပါးတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ပစ်ခတ်မှုကလည်း အလွန်လျှင်မြန်လှသည်။သွေးလွှမ်းလူသားက မျက်မှောင်ကြုတ်၍ ထိုအမြောက်ဆန်များကို ကြည့်လိုက်သည်။


ဘန်း...


ထိုအမြောက်ဆန်များက သွေးလွှမ်းလူသားအနီးသို့ ချဉ်းကပ်လာသည်နှင့် ပေါက်ကွဲသွားလေသည်။သူတို့ကို မမြင်နိုင်သော အင်အားတစ်ခုက တားဆီးထားသလို ထင်ရသည်။ထိုအင်အားကလည်း သွေးနီရောင်မျှော်စင်ဆီမှ လာပုံရသည်။


ပုဖန်က အနောက်သို့ တစ်ချက်ပြန်ဆုတ်လိုက်သည်။ထို့နောက် အမြောက်ဆန်အစီအရင်မှ ပစ်ခတ်မှုများ အဆက်မပြတ်ထွက်ပေါ်လာလေသည်။သို့သော်လည်း ထိုပစ်ခတ်မှုများက လေထဲတွင်ပင် ပေါက်ကွဲသွားပြီး သွေးလွှမ်းလူသားဆီသို့ တစ်ခုမှ မရောက်ရှိလိုက်ပေ။


"ငါတောင်မှပဲ ရှုရမျှော်စင် နံရံကို မဖျက်ကျော်နိုင်တာ ဒီသံမဏိတုံးက နံရံကို ဖြတ်ကျော်ပြီး ငါ့ကို တိုက်ခိုက်ချင်နေသေးတယ်လား..."


သွေးလွှမ်းလူသား၏ အက်ရှရှရယ်သံ ထွက်ပေါ်လာသည်။ထို့နောက် သွေးမြူများက တဖြေးဖြေးစုစည်းလာပြီး ကြီးမားလှသော သွေးနီရောင် လက်ဝါး နှစ်ခုပုံသဏ္ဍာန်ပေါ်လာသည်။


ဘန်း...


သွေးလွှမ်းလူသားက ဝှိုက်တီကို ခြင်တစ်ကောင်ရိုက်သကဲ့သို့ ရိုက်နှက်လိုက်လေသည်။ဝှိုက်တီနှင့် ပုစွန်ပိစိတို့ မြေပြင်ပေါ်သို့ ဖိနှိမ့်ခြင်းခံလိုက်ရပြီး အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။


ငရဲကမ္ဘာအမျိုးသမီးက တိုက်ခိုက်မှုကို စိတ်မဝင်စားသကဲ့သို့ တည်ငြိမ်စွာပင် ရပ်နေ၏။သူမ၏ အကြည့်များကလည်း ဖီးနစ်ဥပေါ်တွင်သာ စူးစိုက်နေသည်။


ပုဖန်က ဖိနှိပ်ခံထားရသော ဝှိုက်တီတို့ကို ကြည့်၍ နှုတ်ခမ်းသပ်လိုက်သည်။ထို့နောက် သူတို့ အန္တရာယ်မကြုံတွေ့သကဲ့သို့ပင် လျစ်လျူရှုလိုက်ပြီး ဖီးနစ်ဥဆီသို့သာ ဦးတည်သွားလိုက်သည်။


ပင်လယ်လှိုင်းလုံးများကဲ့သို့ပင် သူ့၏ အရှိန်က အလွန်လျှင်မြန်လှသည်။ပုဖန်ကိုယ်တိုင်ပင် သူ ထိုမျှ မြန်မြန်သွားနိုင်ကြောင်း သတိမပြုခဲ့မိပေ။


သွေးလွှမ်းလူသားက ပုဖန်ဥဆီသို့ ဦးတည်နေသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါသများ ပေါက်ကွဲလာလေသည်။သွေးများပင် ပွက်ပွက်ဆူလာသလို ခံစားလိုက်ရပြီး သွေးလှံများဖွဲ့တည်၍ ပုဖန်ဆီသို့ ပစ်လွှတ်လိုက်သည်။


ငရဲကမ္ဘာအမျိုးသမီးက သင်္ဘောကြမ်းပြင်ကို ခြေဖျားဖြင့် အသာထောက်ကန်လိုက်ပြီး လေထဲသို့ မျောလွင့်လိုက်သည်။ထို့နောက် သင်္ဘောဆီမှ နေ၍ နတ်သမီးငယ်တစ်ပါးကဲ့သို့ ပျံသန်းထွက်ခွာလာလေသည်။သူက ပုဖန်အနောက်သို့ လျှင်မြန်စွာ လိုက်သွားလေသည်။


ဘန်း...ဘန်း...ဘန်း...


မြောက်များလှစွာသော သွေးလှံများက မြေပြင်ပေါ်ပြုတ်ကျသွားပြီး ပြိုကွဲပျက်စီးသွားသည်။ပုဖန် သွေးလှံမိုးကို လျှင်မြန်စွာ ရှောင်တိမ်းလိုက်သည်။သူ့၏ စိတ်ခွန်အားကို အလွန်အကျွံ သုံးစွဲလိုက်ရသောကြောင့် လောင်ကျွမ်းတော့မယောင်ပင် ထင်ရသည်။သူ့၏ ခေါင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။


သူ့၏ ခန္ဓာကိုယ်က တစ္ဆတေစ်ကောင်ကဲ့သို့ ဘယ်မှညာ တရွေ့ရွေ့ပြောင်းလဲနေသည်။အကယ်၍ သူသာ အမှားသေးသေးလေးတစ်ခု လုပ်လိုက်မည်ဆိုပါက သွေးလှံများ၏ ထုတ်ချင်းပေါက်ခြင်းကို မဆိုင်းမတွ ခံရပေလိမ့်သည်။


"ရပ်စမ်း..."


သွေးလွှမ်းလူသားက ဒေါသတကြီး အော်ဟစ်လိုက်၏ သူ့၏ မိုးခြိမ်းသလို အသံကကောင်းကင်ယံထက်ဆီသို့ လွင့်ထွက်သွားပြီး ဝန်းကျင်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။


သူက အချုပ်အနှောင်တစ်ခုကဲ့သို့ ဖြစ်နေသော မျှော်စင်၏ ပုံသဏ္ဍာန်မဲ့နံရံကို ကျော်ဖြတ်၍ ပုဖန်ဆီသို့ သွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နံရံ၏ အချုပ်အနှောင်က သူ့ကိုထိုနေရာက ထွက်ခွာခွင့်မပြုပေ။


ပုဖန်က ထိုသူကို လျစ်လျူရှုထားပြီး ဖီးနစ်ဥ ရှိရာဆီသို့သာ အလျှင်အမြန်ရောက်လာလေသည်။ရေခဲတမျှ အေးစက်လှသော အငွေ့အသက်များ ထုတ်လွှင့်နေသည့် ငရဲကမ္ဘာအမျိုးသမီးကလည်း သူ့ဘေးနား၌ ပေါ်လာလေသည်။


သူမ၏ နက်မှောင်သောအကြည့်များက ပုဖန်ကိုမလွှဲတမ်းစိုက်ကြည့်နေလေသည်။သွေးလွှမ်းလူသား၏ ဒေါသများက ထိန်းချုပ်မှုမှ လွတ်သွားပြီး ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်သည်။ထို့နောက်သူ မျှော်စင်၏ ထိပ်ပိုင်းမှနေ၍ အောက်ခြေဆီသို့ လျှင်မြန်စွာ ဆင်းသက်လာသည်။


အမျိုးသမီးက သူမ၏ လက်ချောင်းကို မြှောက်၍ ရှုရမျှော်စင်၏ နံရံကို ထိတွေ့လိုက်သည်။သူမ၏ လက်ချောင်းဆီမှ မြောက်များလှစွာသော အလင်းတန်းများဖြာထွက်လာလေသည်။


ပုဖန်၏ အကြည့်များအောက်မှာပင် ငရဲကမ္ဘာ အမျိုးသမီး၏ လက်ဖဝါးက ရှုရမျှော်စင်ထဲသို့ တဖြေးဖြေးချည်း ဝင်ရောက်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်ပါ တဖြေးဖြေးဝင်ရောက်သွားလေသည်။


"အဲ့ဒီလောက်တောင်လွယ်လား..."


ပုဖန်ကလည်း သူမ၏ နည်းလမ်းကို တုပရန် ကြိုးစားလိုက်သည်။သူ ရှုရမျှော်စင်၏ နံရံအလွှာကိုထိလိုက်သည်နှင့် နွေးထွေးသော ကျောက်သားကို ထိတွေ့လိုက်ရသလို ခံစားလိုက်ရသည်။ထို့အပြင် ထိုမျက်နာပြင်ပေါ်၌ ရေများစီးဆင်းနေသလို ခံစားလိုက်ရ၏။


သူရှုရမျှော်စင်ကို တိုးဝင်လိုက်သောအခါ၌ စီးဆင်းနေသော ရေများက သူ့တစ်ကိုယ်လုံးကိုပင် ဖုံးလွှမ်းသွားသည်။ထို့နောက် သူတဖြေးဖြေးချင်း မျက်စိဖွင့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်၌ စိတ်ဝိညာဉ်စွမ်းအားများ အလွန်ကြွယ်ဝနေသည်ကို သိလိုက်ရသည်။ထိုစွမ်းအားများကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရိုးအဆစ်များပင် ပွင့်ထွက်လာသလို ခံစားရ၏။


မျှော်စင်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအင်များက အလွန်သိပ်သည်းများပြားလွန်းလှသည်။ထို့နောက် သူနောက်လှည့်ကြည့်ပြီး နံရံကိုကြည့်လိုက်သောအခါတွင် ပထမဝင်လာစဉ်ကနှင့် မတူ ကွဲပြားနေသည်ကို သိလိုက်ရ၏။ထို့နောက် အစိုင်အခဲ တစ်ခုအဖြစ် ထူထဲနေပြီး ဝင်ပြီးသည်နှင့် ပြန်ထွက်၍ မရတော့ပုံပေါ်သည်။


ဘန်း...


မျှော်စင်ပေါ်မှ သွေးလွှမ်းလူသားက အောက်သို့ ခုန်ဆင်းချလိုက်ရာ ကြောက်စရာကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် သွေးနံ့များက ပတ်ဝန်းကျင်တစ်ဖုံ ဖုံးလွှမ်းသွားလေသည်။ထိုသူဆီမှ ထွက်ပေါ်လာသော ကမ္ဘာဖိအားက ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည်။


"ကောင်းကင်ကို သွားဖို့ လမ်းရှိနေတာတောင်မှ မင်းကမသွားဘူး ...ငရဲကိုသွားဖို့ လမ်းမရှိတာတောင်မှ မင်းက တွင်းတူးပြီးသွားချင်နေတယ်...ဒီလိုဆိုမှတော့ အခုပဲ ငရဲသွားလိုက်တော့..."


သွေးလွှမ်းလူသားက သူ့၏ အစီအစဉ်များကို အကြိမ်တိုင်းဖျက်ဆီးခဲ့သည့် ကောင်စုတ်လေးအား အလွန်အမင်း ဒေါသထွက်နေလေပြီ။သူက ပုဖန်ကိုယခုချက်ချင်းပင် သတ်ပစ်ချင်နေသည်။


ဝေါ...


ကြီးမားလှသော သွေးလက်ဖဝါးက ပုဖန်ဆီသို့ ရိုက်ခတ်လာ၏ ။ထိုလက်ဝါးရိုက်ချက်က ပုဖန်ကို တခါတည်း အသားပြား ဖြစ်သွားအောင် ဖိချေတော့မည့်ပုံပေါ်သည်။ငရဲကမ္ဘာအမျိုးသမီးက ပုဖန်ဆီသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်မှုပင်မရှိပဲ ချက်ချင်းပြန်လှည့်သွားလိုက်သည်။သူမက ပုဖန်ကို ကယ်ဖို့ ရည်ရွယ်ချက်မရှိပေ။ပုဖန်၏ အသက်က သူမနှင့်လုံးဝမသက်ဆိုင်ပေ။


ပုဖန်၏ စိတ်နှလုံးသားထဲ၌ သေခြင်းတရားအငွေ့အသက်များ လွှမ်းမိုးလာသည်။သူထိုအရာကို ပိတ်ဆို့မတားဆီးနိုင်ပေ။သူ့၌ ထိုလက်ဖဝါးကို တားဆီးနိုင်မည့် ခွန်အားမရှိပေ။


"ငါ အရမ်းအားနည်းတယ်...ငါ ဒီနေရာမှာ သေရတော့မှာလား..."


တဖြေးဖြေးနီးကပ်လာသော သွေးလက်ဝါးက ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွားသည်။သူ့၏ မြင်ကွင်းတစ်ခုထဲ၌ ထိုလက်ဖဝါးသာ ဖုံးလွှမ်းနေလေသည်။သူ့၏ အမြင်အာရုံတစ်ခုလုံးလည်းသွေးနီရောင်များဖြင့်သာ ဖုံးလွှမ်းနေပေပြီ။


ရုတ်တရက်....


 ချစ်စဖွယ်ကောင်းလှသော အနက်ရောင်ခွေးလက်ဖဝါးလေးက မည်သည့်နေရာကမှန်းမသိပေါ်ထွက်လာလေသည်။ထိုလက်ဖဝါးလေးက သွေးနီရောင်လက်ဖဝါးကြီးကို ရိုက်ချလိုက်သည်။