အပိုင်း ၄၆၆
Viewers 54k

အခန်း ၄၆၆

ဖီးနစ်ဥ စားရန်နည်းလမ်းများ ဆွေးနွေးခြင်း...


လေယူရာယိမ်းနေသည့် နဂါးရိုးအသွင်မြက်ပင်များက နတ်နဂါးတစ်ကောင် ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့် အလားပင် ထူးခြားဆန်းကြယ်လှသော အရှိန်အဝါများရှိပြီး မရပ်မနား တလှုပ်လှုပ်ယိမ်းနွဲ့နေသည်။


သူ့ဆီမှ ခပ်ဖျော့ဖျော့သင်းရနဲ့နှင့်အတူ ရွှေရောင်အလင်းတန်းများလည်း ဖြာထွက်နေ၏။ပုဖန်က စိမ်းစိုနေသော နဂါးရိုးအသွင်မြက်ကို ဖြတ်တောက်လိုက်သည်နှင့် နဂါးတစ်ကောင် အော်မြည်သံမျိုး ဟိန်းထွက်လာလေသည်။


ထိုစိတ်ဝိညာဉ်ဆေးပင် သူ့လက်ထဲသို့ ရောက်လာသည်နှင့် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားလေသည်။


ထိုဆေးပင်က အဆင့် ၁၀ အဆင့်ရှိသော တန်ဖိုးရှိ ဆေးပင်ဖြစ်သည်။


ထိုဆေးပင်၌ သိပ်သည်းလှသော စိတ်ဝိညာဉ် အနှစ်သာရများနှင့် စွမ်းအင်များ စီးဆင်းနေသည်။တစ်ချက်မျှ ရှုရှိုက်လိုက်မိရုံဖြင့်ပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ပြန်လည် လန်းဆန်းသွားလေသည်။ပုဖန်က နဂါးအရိုးအသွင်မြက်ပင်ကို သူ့၏ သိုလှောင်နယ်မြေထဲ ထည့်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ရှုထုတ်လိုက်သည်။


နောက်ဆုံးတော့ စနစ်က ပေးအပ်လိုက်သည့် မစ်ရှင် ပြီးဆုံးသွားလေပြီ။ကနဦးအစက ထိုမစ်ရှင်ကို သူလွယ်ကူမယ်ဟု ထင်ခဲ့မိသည်။ယခုကဲ့သို့ ခက်ခဲနေမည်ဟု မတွေးမိခဲ့ပေ။


"ဂုဏ်ယူပါတယ် ပိုင်ရှင်...ကောင်းကင်ဘုံ အဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ချက်ပြုတ်ရန်အတွက် တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရောက်၍ နဂါးရိုးအသွင်မြက်ကို ရှာဖြွေခင်း ယာယီမစ်ရှင် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်...မစ်ရှင်အတွက် ဆုလက်ဆောင်ရရှိပါမယ်..."


စနစ်၏ တည်ငြိမ်လှသော အသံက သူ့၏ စိတ်ထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။သူ မစ်ရှင်အတွက်ဆုကို တကယ့်ကို မျှော်လင့်နေမိပေပြီ။စွမ်းအင်အချိုး (၂၀%) တိုးတက်လာခြင်းက သူ့၏ ကျင့်ကြံစဉ်များကို ပို၍ လျှင်မြန်လာစေပေလိမ့်မည်။


သို့သော်လည်း ယခုကဲ့သို့ ခက်ခဲသည့် မစ်ရှင်နှင့် နှိုင်းယှဉ်လိုက်ပါက ဆုက အံ့အားသင့်စရာမကောင်းတော့ပဲ လုံလောက်ရုံသာ ရှိတော့သည်။


ပုဖန် နဂါးရိုးအသွင်မြက်ကို ဖြတ်တောက်လိုက်သည်ကို မြင်လိုက်သည့်အချိန်၌ သွေးလွှမ်းလူသား၏ သွေးနီရောင်မျက်လုံးများက ပေါက်ထွက်မတက်ပင် ပို၍ နီရဲလာခဲ့သည်။ပုရွတ်ဆိတ်ကဲ့သို့သော လူသားကို အသေသတ်ဖို့ မစောင့်နိုင်တော့ပေ။


ငရဲကမ္ဘာအမျိုးသမီးကလည်း ပုဖန်ကို ကြည့်ပြီး စွံ့အနေမိပြီ။အားနည်းလှသော ထိုလူသားက နဂါးရိုးအသွင်မြက်ကို အေးဆေးတည်ငြိမ်စွာပင် သိမ်းဆည်းလိုက်ပြီးဖြစ် သည်။


"ဒီနေရာမှာ အဆင့် ၅ ဆင့် ချိုးဖျက်ပြီးတဲ့ သွေးလွှမ်းလူတစ်ယောက်ရှိနေသေးတယ်လေ...မင်း ကိုယ်ထက်စီနီယာတွေကို နည်းနည်းပါးပါး အရိုအသေလေးတော့ ထားပါဦးလား..."


ခွေးဘုရင်က သွေးလွှမ်းလူသားကို ကြည့်လိုက်သည်။ယခုအခြေအနေကို သူကောင်းစွာ နားလည်န်ိုင်ပေသည်။မည်သူမဆို ပုဖန်၏ အေးဆေးတည်ငြိမ်ပြီး အပြောင်းအလဲမရှိသော မျက်နာသေကို မြင်လိုက်သည်နှင့် ရိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာပေလိမ့်မည်။


သို့သော်လည်း သူကတော့ ပုဖန်၏ ထိုအမူအရာများဖြင့် နေသားတကျ ဖြစ်နေပေပြီ။ပုဖန် သူ့ရှေ့သို့ နံရိုးချိုချဉ်ကြော် ချပေးနေသရွေ့ သူ မည်သို့ အမူအရာပဲလုပ်လုပ် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။


ပုဖန်လည်း သူ့ဆီသို့ ကျရောက်နေသော သွေးလွှမ်းလူသား၏ သတ်ဖြတ်ခြင်း အငွေ့အသက်များကို အာရုံခံစားလိုက်မိသည်။သူက သွေးလွှမ်းလူသားဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ့၏ အကြည့်များက အေးဆေးတည်ငြိမ် နေသောကြောင့် သွေးလွှမ်းလူသားက သွေးအန်လုမတက်ပင် ဖြစ်သွားသည်။


သို့သော်လည်း ပုဖန်က လုံးဝလျစ်လျူရှုထားလိုက်ပြီး နောက်ထပ် နဂါးရိုးအသွင်မြက်တစ်ပင်ကို ဖြတ်ရန်အတွက် လှုပ်ရှားလိုက်သည်။ထိုမြင်ကွင်းကြောင့် သွေးလွှမ်းလူသား၏ ဒေါသများကပွက်ပွက်ဆူလာလေသည်။ပုဖန်က သူ့ကို သည်းမခံနိုင်အောင် အနိုင်ကျင့်နေသည်ဟုပင် ခံစားလာမိသည်။


ပုဖန်၏ အပြောင်းအလဲမရှိသော အမူအရာကြောင့် သူ့ကို ရိုက်သတ်ချင်စိတ်များ ပြည့်နှက်လာပေသည်။သူ့နောက်ကျောရှိ သွေးပင်လယ်က လှိုင်းလေထန်လာပြီး သူ့ကိုပင် ဖုံးလွှမ်းလာလေသည်။ထိုကဲ့သို့ ပမာဏများများလာသော သွေးများကို မြင်ရခြင်းကပင် အလွန်တုန်လှုပ်စရာကောင်းလှသည်။


ထိုမျှများပြားလှသော သွေးပင်လယ်ရှေ့၌ လေထဲတွင် မျောလွင့်နေသော ခွေးဘုရင်ပင်လျှင် သေးငယ်သော ဖြစ်တည်မှုလေး တစ်ခုအဖြစ်သာ တည်ရှိနေလေသည်။


အော်မြည်သံ တစ်ချက်နှင့်အတူ သွေးပင်လယ်က ကြီးမားလှသော ပါးစပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ခွေးဘုရင်ကို တစ်ချက်တည်း ကိုက်ဝါးမြိုချပစ်ရန် ဦးတည်လာလေသည်။


အဆုံးစမဲ့လှသော သွေးပင်လယ် ဦးတည်လာနေပုံက အရာရာအားလုံးကို သိမ်းဆည်းယူငင်သွားတော့မလို ထင်ရသော်လည်း ခွေးဘုရင်က အေးဆေးတည်ငြိမ်စွာ ကြည့်နေလေ၏။


ပတ်ဝန်းကျင် နေရာတစ်ခုလုံးလည်း ပြင်းထန်သော သွေးနံ့များဖြင့် ဖုံးလွှမ်းနေပေပြီ။သွေးလွှမ်းလူသားက ဒေါသတကြီး ကျုံးဝါးလိုက်ပြီးနောက် သူ့၏ စွမ်းအားများကိုစတင်၍ လှည့်ပတ်လိုက်သည်။သူ့၏ အစစ်အမှန်စွမ်းအားများပင် စတင်၍ ဆူပွက်လာသယောင် ထင်ရ၏။


ထိုသွေးပင်လယ်က မလှုပ်မယှက်ရှိနေသော ဘလက်ကီကို မြိုချပစ်တော့မည့်အချိန်၌...သူ့၏ ပါးစပ်ကို ရုတ်တရက် ဖွင့်ဟလိုက်သည်။ဘလက်ကီ၏ ပါးစပ်က ရုတ်တရက် ကြီးမားလာပြီး သွေးပင်လယ်ရှိရာဆီသို့ ထိုးဟောင်လိုက်သည်။ထိုဟောင်သံက နားကွဲလောက်အောင် ကျယ်လောင်လွန်းလှသည်။ဟိန်းဟောက်သံများ ပဲ့တင်ထပ် မြည်ဟီးလာပြီးနောက် သွေးပင်လယ်က ချက်ချင်းပင် ပြိုကွဲသွားလေသည်။


ဘန်း...ဘန်း...


ကြီးမားလှသော လှိုင်းလုံးများ မြင့်တက်လာပြီးနောက် သွေးပင်လယ်အတွင်းမှ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာကာ အနောက်သို့ ရွေ့သွားလေသည်။


ထိုမြင်ကွင်းကြောင့် သွေးလွှမ်းလူသားက သတိအပြည့် ဖြစ်သွားသည်။ထိုခွေးဝတုတ်က ဤမျှ ကြောက်စရာကောင်းလိုက်မည်ဟု သူမမျှော်လင့်ထားမိပေ။ဟောင်သံတစ်ချက်ကပင် သူ့၏ သွေးပင်လယ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ လုံလောက်နေပေပြီ။


လေတိုးသံလေးများ ထွက်ပေါ်လာပြီး ကြောင်တစ်ကောင်ကဲ့သ်ို့ ဝင့်ကြွားနေသော ခြေလှမ်းမျိုးဖြင့် သူက သွေးပင်လယ်ကို ဖြတ်ကျော်လာပြီး သွေးလွှမ်းလူသားရှေ့သို့ ပေါ်ထွက်လာသည်။


ခွေးဘုရင်က ထိုသူအပေါ်တွင် အမြင်ကောင်းမရှိပေ။အဘယ့်ကြောင့်ဆိုသော် သူတို့တွေ့သည့်အချိန်၌ပင် ထိုသူက ခွေးဘုရင်၏ရှေ့၌ ခွေးသားစားချင်သည်ဟု ပြောခြင်းက သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။


ခွေးဘုရင်က သူ့၏ ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေးကို မြှောက်လိုက်သည်


ဘန်း...


လေဟာနယ်ပင် ပွင့်ထွက်ပေါက်ကွဲသွားသလို ထင်ရသည်။


သွေးလွှမ်းလူသားက သူ့၏ လက်အတွင်းသို့ များပြားလှသော စွမ်းအင်များ စီးဆင်းလာသည်ကို ခံစားလိုက်မိသည်။


ထိုအရာက ကြီးမားလှသော တောင်ကြီးတစ်တောင် ဖိခြင်းခံရသလို ပင် ။ခွေးလက်ဖဝါးကြောင့် နောက်တစ်ကြိမ် လွင့်ပျံထွက်သွားပြီး မျှော်စင်၏ အောက်ခြေသို့ကျရောက်သွားကာ ကြယ်လများပင် မြင်သွားလေသည်။


ထို့နောက် ဘလက်ကီက သူ့၏ အမြီးကို တလှပ်လှပ်ယမ်းခါရင်း ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဆက်လျှောက်လာခဲ့သည်။ထိုနေရာ၌ သူအတွက် လှေကားထစ်များရှိနေသလိုပင် ထင်ရသည်။


ပုဖန်က နောက်ဆုံးသော နဂါးရိုးအသွင်မြက်ကို ရိတ်သိမ်း၍ သူ့၏ သိုလှောင်နယ်မြေထဲသို့ ထည့်သိမ်းလိုက်သည်။ထို့နောက် လဲကျနေသော သွေးလွှမ်းလူသားကိုမျက်ဝန်းတောက်တောက်များဖြင့် ပြန်ကြည့်လိုက်သည်။


ထို့နောက် သူ့၏ တောက်ပြောင်နေသော အကြည့်များက စိတ်ဝိညာဉ် အနှစ်သာရများပြည့်နှက်နေသည့် ဖီးနစ်ဥဆီသို့ ကျရောက်သွားသည်။ထိုဥအနားသို့ ချဉ်းကပ်လိုက်သည်နှင့် ထိုအရာမှ အဆုံးအစမဲ့ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွင့်နေသည်ကို ခံစားလိုက်ရသည်။


သူအံ့အားတသင့် ပျော်ရွှင်သွားမိသည်။သူ့ဘဝတစ်လျှောက်လုံး တွေ့ခဲ့ဖူးသမျှထဲတွင် အံ့အားသင့်စရာအကောင်းဆုံး ဥ ဖြစ်သည်။


သူအကောင်းဆုံးပါဝင်ပစ္စည်းနှင့် ပက်ပင်းကြုံရလေပြီ။


ထိုဥကိုသာ ချက်ပြုတ်လိုက်လျှင် ပြိုင်ဘက်ကင်း ဟင်းပွဲတစ်ခုဖြစ်လာမည်မှာအသေအချာပင်။


ထိုဥကို ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲ ချက်ပြုတ်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။သို့သော်လည်း ထိုဥကို စွပ်ပြုတ်တွင်သုံးရခြင်းက အနည်းငယ် ဖြုန်းတီးရာကျသည်ဟု သူခံစားမိလေသည်။အဘယ်ကြောင့်ဆိုသော် စွပ်ပြုတ်ရည်အတွက် တခြားပါဝင်ပစ္စည်းများက ဒီဥနှင့်မယှဉ်ပြိုင်နိုင်ဟု သူခံစားမိ၍ ဖြစ်သည်။


ဥကသာ တခြားပါဝင်ပစ္စည်းများအားလုံးကို လွှမ်းမိုးသွားပြီး တော်တော်လေးဖြုန်းတီးပစ်ရာ ကျသွားမည်ဟု ခံစားမိလေသည်။


"အဲ့ဒီဖီးနစ်ဥက ငါ့ဟာပဲ ..."


ပုဖန်က ဖီးနစ်ဥနှင့် ပြုလုပ်မည့် ဟင်းပွဲများအကြောင်း စဉ်းစားစဉ်မှာပင် ရုတ်တရက် သူ့၏ နောက်ကျောဘက်မှ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။


ထိုအသံက ငရဲကမ္ဘာအမျိုးသမီး၏ အသံဖြစ်သည်။ထိုအမျိုးသမီးက သူ့ကို အေးတေးတည်ငြိမ်စွာကြည့်နေသော်လည်း သူမဆီမှ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်ကို သူခံစားမိနိုင်သည်။


ထိုအငွေ့အသက်များက သူ့ကို လွှမ်းခြုံထားပြီး နောက်ထပ်ခြေလှမ်းတစ်လှမ်းမတိုးရန် သတိပေးနေသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်မိ၏။


ဒီအမျိုးသမီးကလည်း ဖီးနစ်ဥကို လိုချင်နေတာလား ...


"ခင်ဗျားက ဘာကြောင့် ဒီဖီးနစ်ဥကို လိုချင်ရတာလဲ..."


ပုဖန်က ခပ်သွက်သွက် လှမ်းမေးလိုက်သည်။


"ဒီဖီးနစ်ဥရဲ့ စိတ်ဝိညာဉ်အနှစိသာရတွေက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ သေဆုံးခြင်းစွမ်းအင် တွေကို ဖယ်ရှားပစ်နိုင်တယ်..."


ငရဲကမ္ဘာအမျိုးသမီးက ပုဖန်ကို တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးနောက် ခွေးဘုရင်ကို မျက်နာသာပေးသည့်အနေဖြင့် သူရှင်းပြလိုက်သည်။


"မလိုအပ်တဲ့ သေဆုံးခြင်းစွမ်းအင်ေ..."


ပုဖန် ခဏမျှ အံ့အားသင့်သွားပြီးနောက် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။သူမ၏ ခန္ဓာကိုယ်ထဲ၌ အနက်ရောင်စွမ်းအင်ကြောင်းများ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။သူမဆိုလိုသည့် သေဆုံးခြင်းစွမ်းအင်ဆိုသည်မှာ ထိုအနက်ရောင်စွမ်းအင်များပင်ဖြစ်ပေမည်။


"အဲ့ဒီတော့ ခင်ဗျားက ဒီဥကိုရရင် ဘယ်လိုလုပ်မှာလဲ...ဥ ကိုပြုတ်လိုက်မှာလား..."


ပုဖန်က ထပ်မေးလိုက်သည်။ငရဲကမ္ဘာအမျိုးသမီးလည်း ပုဖန်၏ စကားကြောင့် အနည်းငယ်ပင် ကြောင်အသွားသည်။သူမက ဥထဲမှ စိတ်ဝိညာဉ်အနှစ်သာရများကို လိုချင်သည်ဖြစ်သည်။အဘယ့်ကြောင့် သူမ ဥကို ပြုတ်ရမည်နည်း။ဥကိုအသာဖောက်၍ တိုက်ရိုက်သောက်လိုက်ခြင်းက ပို၍ပင် လွယ်ကုပေသည်။


ထိုစိတ်ဝိညာဉ်အနှစ်သာရများဖြင့် သူမကိုယ်ထဲမှ သေဆုံးခြင်း စွမ်းအင်များကို ဖယ်ရှားပစ်နိုင်သည်။ထိုနည်းကသာ ယခုလက်ရှိ သူမစဉ်းစားနိုင်သောနည်းသာဖြစ်သည်


ထိုနည်းလမ်းက အလွယ်ကူဆုံး နည်းလမ်းမဟုတ်ဘူးလား...မည်သည့်အတွက်ကြောင့်နဲ့မှ ရှုပ်ထွေးအောင်လုပ်ရန် အကြောင်းမရှိပေ...


ပုဖန်က သူမ၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ကြည့်ပြီးနောက် သူမကို အနည်းငယ် လမ်းညွှန်မှုပေးချင်လာသည်။


"ကြည့်ရတာတော့ ခင်ဗျားက ချက်ပြုတ်ခြင်းနှင့် အကျွမ်းတဝင်ရှိပုံမရဘူး...ခင်ဗျားရဲ့ ဘဝကို သတ်ဖြတ်တာနဲ့ တိုက်ခိုက်တဲ့နေရာမှာပဲ သုံးစွဲနေမှတော့ အစားသောက်ကောင်းတွေကို စားဖို့ အခွင့်အရေး ဘယ်လိုလုပ်ရတော့မှာလဲ...ထူးကဲတဲ့ ပါဝင်ပစ္စည်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုမှတော့ ထူးကဲတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်တယ်...အဓိပ္ပါယ်ကတော့ ခင်ဗျား အဲ့ဒီ ပစ္စည်းတွေကို အလဟဿ ဆုံးရှုံးမသွားစေနဲ့...ဒီဥကို စားသုံးဖို့အတွက် နည်းလမ်းဘယ်လောက်များများရှိတယ်ဆိုတာ ခင်ဗျားသိလား..."


ငရဲကမ္ဘာအမျိုးသမီး၏ အေးစက်လှသော မျက်နာပေါ်၌ စိတ်ရှုပ်ထွေးမှုများဖြင့်သာ ပြည့်နှက်နေပေပြီ။


"အဲ့ဒီနည်းလမ်းများစွာထဲကမှ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ ပြုတ်လိုက်တာပဲ... အဲ့ဒါက သူရဲ့ အနှစ်သာရတွေကို ဆုပ်ကိုင်ထားရုံတင်မကဘူး သူရဲ့ နူးညံ့မှုကလည်း ခင်ဗျားကို အံ့အားသင့်စေလိမ့်မယ်..."


သူတို့အစားအသောက်ကြောင်းများ စပြောချိန်မှစ၍ ပုဖန်၏ အမူအရာများက ပို၍ပင် သွက်လက်တက်ကြွလာပေသည်။


"ဒီလိုမျိုး ဥကိုပြုတ်တဲ့ နည်းလမ်းအပြင်ကို ဥကို ခွဲလိုက်ပြီး ရေထဲထည့်ပြုတ်တာ၊ ဥကို လက်ဖက်နဲ့နှပ်တာ၊ ဒါမှမဟုတ် ဥကို ပဲနို့စိမ်တာ အစရှိတဲ့ နည်းလမ်းမြောက်များစွာ ရှိသေးတယ်...ပြီးတော့လည်း အဲ့ဒီဥကို တခြားပါဝင်ပစ္စည်းတွေနဲ့ ရောပြီးတော့ ပြင်ဆင်လို့လည်းရသေးတယ်...ဥပမာ - ဥထမင်းကြော် ၊ ဥစွပ်ပြုတ် အစရှိသဖြင့်ပေါ့...အခု ကျွန်တော့်ကို ပြောပါဦး ခင်ဗျား ဒီဥကို ဘယ်လိုနည်းလမ်းနဲ့ ပြင်ဆင်ထားတာလဲ...ဥကို ရေထဲထည့်ပြီးတော့ ပြုတ်လိုက်မှာလား ဒါမှမဟုတ် လက်ဖက်နဲ့နှပ်မှာလား..."


ငရဲကမ္ဘာအမျိုးသမီးကို ကြည့်နေသော ပုဖန်၏ မျက်လုံးလေးများက တောက်ပြောင်လင်းလက်နေပေသည်။


"ငါ...ငါက... အဲ့ဒါကို ဖောက်သောက်လိုက်မှာ..."


ငရဲကမ္ဘာအမျိုးသမီးက ခဏမျှ စွံ့အနေပြီးနောက် ထိုစကားလုံးအနည်းငယ် ထွက်ရန်ပင် ကြိုးစားပမ်းစားဖြင့် ပြောလိုက်ရသည်။


ပုဖန်က သူမ၏ စကားကြောင့် ခဏမျှ ကြောင်အသွားပြီးနောက် သူ့၏ မျက်နာက အလျှင်အမြန်ပင် ပြန်လည်၍ မျက်နာသေဖြင့် ဖြစ်သွားသည်။မျက်ဝန်းထောင့်စွန်းလေးများကို တွန့်ကွေး၍ သူမကို စိုက်ကြည့်လိုက်သည်။သူ့၏ အကြည့်များထဲ၌လည်းအထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။သူ့၏ အကြည့်များက ငရဲကမ္ဘာအမျိုးသမီး၏ တည်ရှိမှုကိုပင် မေးခွန်းထုတ်နေသကဲ့သို့ပင် ။


"ဖောက်သောက်လိုက်မယ်...အဲ့ဒီလိုမျိုး လုပ်လိုက်မယ်ဆိုရင် စိတ်ဝိညာဉ် စွမ်ူအင် ဘယ်လောက်များများ ဆုံးရှုံးသွားမယ်ဆိုတာ ခင်ဗျားသိလား...ဒါကို ကျုပ်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့...စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး ခင်ဗျားကိုယ်ထဲ စီးဆင်းသွားသည့် အတွေ့အကြုံမျိုးကို ခင်ဗျားကို ကျုပ်ပေးမယ်..."


ထိုအချိန်၌ ငရဲကမ္ဘာအမျိုးသမီး၏ မျက်နာပေါ်၌ စိတိရှုပ်ထွေးမှုများ ပျောက်ကွယ်သွားပြီး မျက်နာသေဖြင့်သာ သူပြောသမျှကို နားထောင်နေလေသည်။


အဝေးမှနေ၍ ထိုမြင်ကွင်းကိုကြည့်နေသာ ခွေးဘုရင်က ပုဖန် ထိုအမျိုးသမီးကို အယုံသွင်းဖို့ ကြိုးစားပမ်းစား ပြောနေသည်ကို မြင်လိုက်ရသောအခါ၌ ရယ်ရလွန်း၍ ဝိတ်တောင် ကျသွားသလိုပင်။ထိုကောင်လေးပုဖန်က လူများအား ဘယ်လိုဘယ်ပုံ ကလိမ်ကျ သိမ်းသွင်းရမည်ကိုသင်ယူထားသည်အား သူသတိမပြုမိခဲ့ပေ။


သို့သော်လည်း သူအောင်မြင်ရခြင်းက ငရဲကမ္ဘာအမျိုးသမီးက လုံးဝကို မသိနားမလည် သန့်စင်နေသောကြောင့် ဖြစ်သည်။ထို့ကြောင့်ပင် သူမကို အလွယ်တကူ သိမ်းသွင်းနိုင်ခြင်းဖြစ်၏။ 


ဘန်း...


မြေပြင် တုန်ခါသွားပြီးနောက် ရှုရမျှော်စင်လည်း သိမ့်သိမ့်ခါသွားလေသည်။ကောင်းကင်ယံ၌ ပြည့်နေသောသွေးများအားလုံးက သွေးလွှမ်းလူသား၏ ခန္ဓာကိုယ် အတွင်းသို့ တဖြေးဖြေးချင်း စိမ့်ဝင်နေ၏။


သွေးလွှမ်းလူသားက မျှော်စင်အောက်ခြေမှနေ၍ တဖြေးဖြေးချင်း ကုန်းထလာသည်။သူ့ခန္ဓာကိုယ်မှလည်းထိတ်လန့် ကြောက်မက်ဖွယ်ရာ အော်ရာများကို ထုတ်လွင့်နေ၏။


သူ ခွေးဘုရင်၏ စွမ်းအားများကို ထိပ်တိုက် တွေ့ကြုံပြီးသွားလေပြီ။ထိုခွေးဝတုတ်ကို သူအန်ိုင်မယူနိုင်ကြောင်း သိနေပေပြီ။ဒီခံစားချက်က သူ့ကို အလွန်အမင်း စိတ်မကျေမနပိ ဖြစ်စေသည်။တိမ်ပင်လယ် လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ သူ့ကို အနိုင်ယူနိုင်မည့်သူ ရှိနေမည်ဟု သူမထင်ထားခဲ့ပေ။ထို့အပြင် ထိုခွေးတစ်ကောင်၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟုလည်း ပို၍ မမျှော်လင့်ထားမိပေ။


သူ ထိုရလဒ်ကို လုံးဝ လက်မခံနိုင်ဖြစ်နေမိသည်။ထို့ပြင် သူ့၌လည်း နောက်ဆုံး ဝှက်ဖဲရှိနေသေးသည်။


ထိုခွေးဘုရင်၏ အသက်ကို အရယူလိုပေသည်။ထို့နောက် အရေခွံကိုဆုတ် အသားကို နုပ်နုပ်စင်းပြီး စားပစ်ပေမည်။


ရှုရမျှော်စင် နှိုးထလော့...


သွေးလွှမ်းလူသား၏ လက်ပေါ်သို့ မြောက်များလှစွာသော သွေးစက်များစတင်စုစည်းလာပြီးနောက် တဖြေးဖြေးသိပ်သည်းလာကာ ရဲရဲနီနေသော သွေးနီရောင် ပုတီးစေ့ အဖြစ်သို့ ပြောင်းလဲသွားလေသည်။သွေးပုတီးစေ့က ကြမ်းကြုတ်ရက်စက်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေလေသည်။


ထိုလူသား၏ မျက်ဝန်းများက အေးစက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။သူက ပုဖန်နှင့် ခွေးဘုရင်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေသည်။


ထို့နောက် ထိုသွေးပုတီးစေ့ကို မျှော်စင်အောက်ခြေသို့ ပစ်ထုတ်လိုက်သည်။ရုတ်တရက် လေပြင်း တိုက်ခိုက်သလို အသံများ ပဲ့တင်ထပ်ထွက်သွားပြီး ပြင်းထန်လှသော သွေးနံ့များ ထွက်ပေါ်လာသည်။


ထိုအရာက ကျိုးပဲ့ ပွင့်ထွက်သွားပုံ ပေါ်သည်။ထို့နောက် ကန်ငယ်တစ်ခုကဲ့သို့ များပြားလှစွာသော သွေးများ စီးဆင်းထွက်လာလေ၏။သွေးထဲ၌ သွေးနီရောင်မျဉ်းကြောင်းများ ပြည့်နှက်နေသည့် မြင်ကွင်းက အလွန်ပင် ထူးဆန်းနေ၏။


မျှော်စင်က အသာအယာ စတင်၍ လှုပ်ခတ်လာသည်။ထို့နောက် အချိန်ခဏအတွင်းမှာပင် သွေးများက မျှော်စင်ထဲသို့ စိမ့်ဝင်သွားလေသည်။ကြည်လင်လှသော မျှော်စင်၏ နံရံ၌ သွေးနီရောင်မျဉ်းကြောင်းများ ဖုံးလွှမ်းလာပြီး မျှော်စင်က နှိုးထလာပုံရသည်။


အလွန်ပင် ပြင်းထန်လှသော အော်ရာများကို စတင် ထုတ်လွင့်လာလေသည်။ထိုရှုရမျှော်စင်က နတ်ဘုရားတစ်ပိုင်းလက်နက်ပင်ဖြစ်သည်။သူတို့ နတ်ဘုရားတစ်ပိုင်း လက်နက်ဟု ခေါ်ဆိုသည်ကို ကြည့်ခြင်းအားဖြင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များကို ပိုင်ဆိုင်ထားကြောင်းသိနိုင်ပေသည်။


ဆံပင်များဖွာလန်ကြဲနေသော သွေးလွှမ်းလူသားက ခေါင်းမော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


ကြည်လင်နေသော သွေးနီရောင်မျှော်စင်က လျှင်မြန်စွာပင် အစိုင်အခဲတစ်ခုအဖြစ်ပုံပေါ်လာသည်။တဖြေးဖြေး အစိုင်အခဲများ ဖြစ်တည်လာပြီးနောက် ပိုမိုသိပ်သည်းလာကာ တကယ့်အစစ်အမှန်မျှော်စင်ထွက်ပေါ်လာလေသည်။


သွေးလွှမ်းလူသားက ထိုရှုရမျှော်စင်တစ်ခုလုံးနှင့် ဆက်သွယ်ထားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်ကလည်း သူပို၍ စွမ်းအားများ ကြီးလာသည်ဟု ခံစားလိုက်ရသည်။


နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုကို ထိန်းချုပ်နိုင်သည့် ခံစားချက်က တကယ့်ကို မယုံနိုင်စရာကောင်းလှပေသည်။ထိုနတ်ဘုရားတစ်ပိုင်းလက်နက်က ကျိုးပဲ့နေသည်ဆိုသော်လည်း ထိုခွေးဝတုတ်ကို သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်နေသေးသည်ဟု သူယုံကြည်ပေသည်။


ထိုမျှော်စင်၏ မယုံနိုင်စရာစွမ်းအားများကိုပါ ထည့်ပေါင်းလိုက်လျှင် သူ မသေမျိုးဝိညာဉ်အဆင့်သို့ ဝင်ရောက်သွားပြီဟုပင် ခံစားမိလေသည်။သူကိုယ်၌ကလည်း ယခုအချိန်၌ မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းဖြစ်သည်။


ထိုကြောင့် ထိုခွေးတစ်ကောင်မျှက သူ အဖက်လုပ်ရလောက်အောင် အရေးမပါပေ။