အပိုင်း ၄၆၇
Viewers 53k

အခန်း ၄၆၇

နံရိုးချိုချဉ်ကြော်က ပိုကောင်းတယ်


ရှုရမျှော်စင်က ပြန်လည် ကောင်းမွန်လာပေပြီ။


သွေးများ သောက်သုံးပြီးသည့်နောက် ရှုရမျှော်စင်က သူ့၏စွမ်းအားအချို့ကို ပြန်လည်ရရှိလာပေပြီ။ ကျိုးပဲ့ပျက်စီးနေသေးသည်ဆိုသော်လည်း သူ့ဆီမှ ပြန့်လွင့်နေသော အော်ရာများက အလွန်အားကောင်းလှသည်။


သွေးလွှမ်းလူသားကို ဖုံးကာနေသော သွေးများက တဖြေးဖြေး ကျဲပါးသွားပြီးနောက် သူ့၏ ပုံပန်းသဏ္ဍာန် လှစ်ဟလာသည်။သူ့၏ အသွင်ပြင်က မရေတွက်နိုင် ဝိညာဉ်များဖြင့် ဖွဲ့တည်ထားသကဲ့သို့ တဖျတ်ဖျတ် ပြောင်းလဲနေသည်။


ထိုအချိန်၌ မြေပြင်အက်ကွဲကြောင်းထဲမှ သွေးများစိုနစ်နေသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။


ထိုသူက ဒဏ်ရာအပြင်းအထန် ရရှိထားသော မီရှပင်ဖြစ်သည်။သူ သွေးလွှမ်းလူသားကို မြင်လိုက်ရသည့်ခဏ သူ့မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားလေသည်။


သူ့အနေဖြင့် သွေးလွှမ်းလူသား၏ မျက်နာကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့မဟုတ် တိတိကျကျ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ပြောင်းလဲသွားသော မျက်နာကို ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သည်။


ထိုသွေးလွှမ်းလူသား၏ မျက်နာက သူ့အတွက် စိမ်းသက်မနေပေ။ထိုမျက်နာက သူ့၏ မှတ်ဉာဏ်ထဲမှ မျက်နာပင်ဖြစ်သည်။ထိုသူက ရှုရမျှော်စင်အစိတ်အပိုင်းကို ခိုးယူသွားခဲ့သော သွမ့်လင်းမှ လွဲ၍ တခြားမရှိပေ။


"မဟာဂိုဏ်းရဲ့ လေ့ကျင့်ရေးကွင်းပြင်ထဲမှာ သူသေသွားခဲ့ပြီလို့ ပြောကြတယ် မဟုတ်ဘူးလား...ပြီးတော့ ရှေးဟောင်းရှုရမြို့တော်ကတောင်မှ ဒါကို အတည်ပြုခဲ့တယ်လေ..အဲ့ဒီတော့ ဒီသွေးလွှမ်းလူသားရဲ့ မျက်နာက ဘာကြောင့် သွမ့်လင်းမျက်နာ ဖြစ်နေရတာလဲ..."


အား.....


သွေးလွှမ်းလူသားက ဟစ်အော်လိုက်သည်။သူ့၏ အသွင်အပြင်က တဖျတ်ဖျတ် ပြောင်းလဲနေတုန်းဖြစ်သော်လည်းမျက်လုံးများကတော့ အတူတူပင်ဖြစ်သည်။


ခွေးဝတုတ်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ရှုံ့မဲ့သွား၏။


ထိုသွမ့်လင်းက သူ့လက်ဖဝါးရိုက်ချက်ဖြင့် ထုချေခံလိုက်ရသည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ထိုသူ မည်မျှပင် ကြိုးစားစေကာမူ သေဖို့ကလွဲ၍ မဖြစ်နိုင်ပေ။အဘယ့်ကြောင့်ကြောင့် ထိုသူက သူ့ရှေ့၌ နောက်တစ်ဖန် ထွက်ပေါ်လာရပြန်သနည်း။


ထို့အပြင် ထိုသွမ့်လင်းက ဒီခွေးဘုရင်ကိုမမှတ်မိပုံ ပေါ်လေသည်။


..........


ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရှိနေဆဲဖြစ်သော နန်ကုန်းဝူချယ်က သင်္ဘောခန်းထဲမှနေ၍ ကုန်းပတ်ပေါ်သို့ တွားသွားထွက်ပေါ်လာခဲ့သည်။ကြီးမားလှသော ဖိအားက သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်နေလေရာ အလွန် နီးလှသော အကွာအဝေးလေးကိုပင် ကြိုးစားပမ်းစား အားထုတ်ခဲ့ရသည်။သူ ကုန်းပတ်ပေါ်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သွေးလွှမ်းလူသားကို ချက်ချင်း သတိပြုမိလိုက်သည်။ထိုသူက အားလုံး၏ အလယ်၌ ရှိနေသည်ဟုထင်ရသည်။


စွမ်းအင်လှိုင်းများကလည်း သူ့၏ ပတ်ဝန်းကျင်၌ လွင့်ဝဲနေ၏ ။နန်ကုန်းဝူချယ်က သွေးလွှမ်းလူသား၏ အသွင်အပြင် တဖျက်ဖျက် ပြောင်းလဲနေသည်ကို မြင်လ်ိုက်ရပြီး အံ့သြမှုကြောင့် မျက်ဝန်းများ ပြူးကျယ်သွားသည်။


သို့သော်လည်း သူအံ့အားသင့်သွားရခြင်းမှာ ထိုသူ၏ မျက်နာက်ို မှတ်မိလိုက်၍ ဖြစ်သည်။ထိုမျက်နာက သူနှင့် အလွန်တရာ ရင်းနီးနေပေသည်။


"အဖေ..."


ထိုမျက်နာက နန်ကုန်းဝမ့်ထျန်း၏ မျက်နာဖြစ်သည်။သေဆုံးသွားပြီးပြီဖြစ်သော နန်ကုန်းဝမ့်ထျန်း၏ မျက်နာပင်ဖြစ်လေသည်။


"ငါ့အဖေက ဘာကြောင့် အသက်ရှင်နေသေးတာလဲ..."


နန်ကုန်းဝူချယ်က ထိုမဖြစ်နိုင်သည့် အချက်ကို မစဉ်းစားမိတော့ပေ။သို့သော်လည်း ခဏအတွင်းမှာပင် သွေးလွှမ်းလူသား၏ ခန္ဓာကိုယ်မှ သူအဖေ၏ အော်ရာ အရှိန်အဝါ မရှိသည်ကို သတိပြုမိသွားပြီး ပြန်လည်၍ စိတ်အေးသွားသည်။ထို သွေးလွှမ်းလူသားကသူ့အတွက် အစိမ်းသက်သက်ပင်ဖြစ်သည်။အနည်းငယ် ရင်းနီးကျွမ်းဝင်မှုကိုမှရှာမတွေ့ပေ။


"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."


ပုဖန်က နန်ကုန်းဝူချယ်၏ အော်သံကို ကြားလိုက်ရပြီးနောက် ငရဲကမ္ဘာအမျိုးသမီးကို ပြောဆိုနေသည်ကို ရပ်ကာ လှည့်ကြည့်လိုက်သည်။သူ သင်္ဘောကုန်းပတ်ပေါ်၌ လဲနေသော နန်ကုန်းဝူချယ်ကို ချက်ချင်းတွေ့မြင်လိုက်ရသည်။


"တကယ်ကြီး နန်ကုန်းဝူချယ်လား..."


ပုဖန်က အံ့အားသင့်သင့် ရေရွတ်လိုက်မိသည်။ငရဲကမ္ဘာအမျိုးသမီး၏ အနက်ရောင်မျက်ဝန်းများက အနည်းငယ် စုကျုံ့သွားသည်။သူမ၏ အော်ရာများကလည်း ပိုမို၍ အေးစက်သွားသည်။


"ပြန်သွား..."


သူမက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။သူမခန္ဓာကိုယ်မှ ဖြာထွက်လာသော စွမ်းအားများက နန်ကုန်းဝူချယ်ကို သင်္ဘောခန်းထဲသို့ ပြန်လည်ဆွဲသွားလေသည်။


"မလုပ်နဲ့...ငါ့ကို လေကောင်းလေသန့်လေး ရှုခွင့်ပေးပါဦး..."


နန်ကုန်းဝူချယ်၏ စိတ်ခံစားမှုများက တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားသည်။သူက လက်ကိုဆန့်ထုတ်၍ တစ်စုံတစ်ရာကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။သို့သော် သူမည်မျှပင် ကြိုးစားစေကာမူ သင်္ဘောအခန်းထဲသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရသည်။


ပုဖန်က တအံ့တသြဖြင့် မျက်ခုံးပင့်လိုက်ပြီး ငရဲကမ္ဘာအမျိုးသမီးကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်သည်။


ဒီအမျိုးသမီးက ဘာလုပ်တာလဲ...သူက အဲ့ဒီ လူပြက် နန်ကုန်းဝူချယ်ကို ဖမ်းချုပ်ထားတာလား...သူမက သူ့ကို အပျော်လင်အဖြစ်နဲ့ လိုချင်လို့လား...မဟုတ်ဘူး အဲ့ဒီလို ကိစ္စမဖြစ်နိုင်ဘူး...အဲ့ဒီလို လူပြက် နန်ကုန်းဝူချယ်က ဒီအမျိုးသမီးကို စိတ်မကျေနပ်အာင်သွားလုပ်လို့သာ ညှင်းပန်းနှိပ်စက်ခံနေရတာ ဖြစ်မယ်...


တစ်ခါတစ်လေ ငါတောင်မှပဲ သူ့မျက်နာကို ဖိနပ်နဲ့ ကန်ချင်တယ်...


"သူ့ကို ကောင်းကောင်းဆက်ဆံပါ သူက လူကောင်းတစ်ယောက်ပါ..."


ပုဖန်က ခဏမျှ တွေးတောနေပြီးနောက် သွက်လက်စွာပင် ပြောလိုက်သည်။အမျိုးသမီး၏ အမူအရာက အပြောင်းအလဲမရှိသော်လည်း ပုဖန်က သူမမျက်လုံးထဲမှ အံ့အားသင့်မှုကို သတိပြုမိလိုက်သည်။


"ဝင်မပါနဲ့..."


အမျိုးသမီးက အေးစက်စွာပြန်လည် တုံ့ပြန်လိုက်သည်။သူမ၏ ဖြူဖျော့နေသော မျက်နာက မဲမှောင်သွားသည်ကိုလည်း ပုဖန် တွေ့လိုက်ရ၏။


"ကောင်းပြီလေ...ငါတို့ ဖီးနစ်ဥကို ဘယ်လိုချက်မယ်ဆိုတဲ့ အကြောင်းကိုပဲ ဆက်ဆွေးနွေးကြတာပေါ့.. တကယ်တော့ အသားပေါင်းလုပ်တာလည်း တော်တော်လေးကောင်းတယ်...အဲ့ဒါက အာဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ ညီညွတ်စေရုံသာမကဘူး အရသာတော်တော်လေးရှိတယ်..."


ပုဖန်က နှုတ်ခမ်းတစ်ချက် တွန့်ကွေးလိုက်ပြီးနောက် သူ့၏ ချက်ပြုတ်ခြင်း နည်းပညာများကို ဆက်လက်ပြောကြားနေလေသည်။


.......


ခွေးဘုရင်က သန်းဝေလိုက်ပြီးနောက် စွမ်းအင်များ စုပ်ယူပြီး ထလာပြီ ဖြစ်သော သွေးလွှမ်းလူသားကို ကြည့်လိုက်သည်။


သို့သော်လည်း တကယ်တမ်း တိတိကျကျပြောရမည်ဆိုလျှင် သွေးလွှမ်းလူသားဟု မခေါ်သင့်ပေ။အဘယ်ကြောင့်ဆိုသော် ထိုသူက လူတစ်ယောက်မဟုတ်ပေ။


ဘလက်ကီ၌ အတွေ့အကြုံများစွာလည်းရှိပြီး ဗဟုသုတများစွာလည်း ရှိပေသည်။ထို့ကြောင့်ပင် ထိုသွေးလွှမ်းလူသား၏ ပုံသဏ္ဍာန်ကို သတိပြုမိပြီး ဖြစ်သည်။


 ရှုရမျှော်စင်၏ စိတ်ဝိညာဉ်က ဝိညာဉ် အနှစ်သာရနှစ်ခုကို စုပ်ယူပြီးနောက် ပုံသဏ္ဍာန်တည်လာခြင်း ဖြစ်ပေလိမ့်မည်။ဘလက်ကီ သွမ့်လင်းကို ရိုက်သတ်လိုက်ပြီးနောက် ကျန်ရှိနေသည့် စိတ်ဝိညာဉ်ကို အနက်ရောင်မျှော်စင်လေးတစ်ခုက စုပ်ယူသွားခဲ့သည်။ထိုမျှော်စင်ငယ်က ရှုရမျှော်စင်ပင် ဖြစ်ပေလိမ့်မည်။


ခရက်ရှ်...


ရှုရမျှော်စင်မှ အက်ကြောင်းများကို ပြန်လည် ပြုပြင်နေစဉ်အတွင်းမှာပင် သွေးလွှမ်းလူသား၏ ခန္ဓာကိုယ်၌ သွေးနီရောင် အကာအကွယ်ဝတ်စုံကို ဖန်တီးရန်အတွက် မြောက်များလှစွာသော အလင်းတန်းများကို ထုတ်လွှင့်ထားသည်။


ထိုအကာအကွယ် ဝတ်စုံက သွေးလွှမ်းလူသား၏ ခန္ဓာကိုယ်ကို ပို၍ ရှည်လျားလာပြီး ဖြောင့်မတ်လာအောင် ပြုလုပ်နေသကဲ့သို့ ရှိနေသည်။


"ခွေးမသား ခွေး သေလိုက်တော့..."


သွေးလွှမ်းလူသားက ဘလက်ကီကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်ပြီးနောက် အော်ရာများကို ဖြန့်လိုက်သည်။သူ့၏ နောကျောဘက်မှ သံကြိုးများကလည်း ကြမ်းတမ်းစွာ လှုပ်ခါနေ၏ ။ထိုသံကြိုး အချင်းချင်းရိုက်ခတ်ရာမှာ ထွက်ပေါ်လာသောအသံများကလည်း လွင့်ပျံနေသည်။


ဆွစ်...


သွေးနီရောင် အလင်းတစ်ချက် လဲ့သွားပြီးနောက် အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော သွေးလွှမ်းလူသားက ဘလက်ကီရှေ့ ချက်ချင်း ရောက်လာလေသည်။


ထို့နောက် အရှေ့သို့ လက်သီးဖြင့် ထိုးချလိုက်သည်။သူ့၏ လက်သီးတွင် အဆုံးအစမဲ့လှသော အားအင်များ ပါဝင်နေပြီး လေဟာနယ်ကိုပင် တမဟုတ်ချင်း ပြိုကွဲသွားပေလိမ့်မည်။


"အိုး...ပိုမြန်လာတာပဲ..."


ခွေးဘုရင်က မျက်လုံးလှန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ထိုလက်သီးချက်က ပြင်းထန်သော လေတိုးချက်ကို ဖြစ်ပေါ်စေပြီး ဘလက်ကီ၏ မျက်နာမှ အဆီပြင်များပင် လှုပ်ခါသွားလေသည်။


သွေးလွှမ်းလူသား၏ အကြည့်များက ရေခဲတမျှ အေးစက်နေသည်။သူက နှာခေါင်းတစ်ချက်တွန့်၍သာ တုံ့ပြန်လိုက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှင့်လိုက်သည်။


ဘန်း...


သူ့၏ လက်သီးချက်က ခွေးဘုရင်၏ နေရာတည့်တည့်ကို ထိမှန်သွားလေသည်။လက်သီးချက်၌ ပါဝင်နေသော စွမ်းအားများကြောင့် လေဟာနယ် ပေါက်ကွဲပြီး ပျက်ယွင်းသွားလေသည်။


"သူ အဲ့ဒီခွေးကို လွဲချော်သွားတာလား..."


သွေးလွှမ်းလူသားက သူတစ်စုံတစ်ရာ လွဲချော်သွားသလို ခံစားလိုက်ရသည်။သူ့၏ မျက်နာကလည်း အဆက်မပြတ် ပြောင်းလဲနေတုန်းပင်ဖြစ်သည်။တစ်ခါတစ်ရံ၌ ကြောက်မက်ဖွယ်ကောင်းလှသော သွမ့်လင်းဖြစ်ပြီး တစ်ခါတစ်ရံ၌ ချောမောကြည့်ကောင်းလှသော နန်ကုန်းဝမ့်ထျန်း၏ ပုံသဏ္ဍာန်ဖြစ်သည်။


ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် လှမ်းလာသော ခွေးဘုရင်က မလှမ်းမကမ်းနေရာ၌ ပြန်လည်ပေါ်လာပြီး သွေးလွှမ်းလူသားကို အေးဆေးတည်ငြိမ်စွာပင် ကြည့်နေသည်။


သွေးလွှမ်းလူသား၏ အရှိန်က အလွန်ပင် မြန်သည်။သူက အသံထက် သုံးဆပင် မြန်လေသည်။ထို့အပြင် သူ့၏ လက်သီးချက်က ပို၍ မြန်သည်။


သို့သော်လည်း ခွေးဘုရင်က လွတ်အောင် ရှောင်နိုင်တုန်းပင်ဖြစ်သည်။


သွေးလွှမ်းလူသားက ရှုရမျှော်စင်၏ စွမ်းအားများအားလုံးကို လက်ခံရယူပြီး ပို၍ပင် သန်မာလာခဲ့သည်။သူ ခွေးတစ်ကောင်မျှကို ရင်မဆိုင်နိုင်ဟု လုံးဝ မယုံကြည်ပေ။


သူက ဒေါမာန်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။လေထုထဲ၌ မြောက်များလှစွာသော အသံဗုံးများ ပေါက်ကွဲသွားပြီး အနီရောင်အလင်းတန်းများက လေထုကို ထိုးဖောက်ဖြတ်သန်းလာသည်။


ထိုလေစီးကြောင်းက မျှော်စင်အတွင်းက အခြေအနေကို ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားစေသည်။ပြင်းထန်လှသော လေတိုးအားကြောင့် ခွေးဘုရင်၏ ခန္ဓာကိုယ်မှ အဆီပြင်များကလည်း လှုပ်ခါနေလေသည်။


သွေးလွှမ်းလူသားက ဒေါသတကြီး တိုက်ခိုက်လိုက်သော်လည်း ခွေးဘုရင်က သိမ့်မွေ့လှသော ကြောင်တစ်ကောင်၏ ခြေလှမ်းမျိုးဖြင့် ရှောင်တိမ်းနိုင်တုန်းပင် ဖြစ်၏။


ထိုမြင်ကွင်းက ထူးဆန်းပြီး ရယ်စရာကောင်းလှသည်။


သွေးလွှမ်းလူသား၏ အရှိန်က တစ်ခြားသူများ ယှဉ်နိုင်စွမ်းမရှိအောင် လျှင်မြန်လှသည်။သို့သော်လည်း ခွေးဘုရင်က ပို၍ မြန်လေသည်။သူ့၏ အလျှင်နှုန်းက ဝဝတုတ်တုတ်ခန္ဓာကိုယ်နှင့် လိုက်ဖတ်ညီမှူပင် မရှိပေ။


ရုတ်တရက် သွေးနီရောင်အလင်းတန်းများက လားရာ ပြောင်းသွားပြီး မျှော်စင်၏ အောက်ခြေသို့ ထိမှန်သွားကာ မျှော်စင်တစ်ခုလုံး တုန်ခါသွားပြန်သည်။


ဘလက်ကီက သူ့၏ ချောမွေ့ တောက်ပြောင်နေသော လက်ဖဝါးလေးကို မြှောက်၍ မျက်လုံးလှန်ကြည့်လိုက်သည်။


"မင်းက... ငါမင်းနဲ့ တူတူ တူတူပုန်းတမ်းကစားပေးမယ်လို့ ထင်နေတာလား...အခုထက်ထိကို ငါ့ကို သတ်ဖို့ ကြိုးစားနေတုန်း..."


ထိုသို့ပြောလိုက်ပြီးသည်နှင့် သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး သွေးလွှမ်းလူသားကို နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။


မြေပြင်က ပြင်းထန်းစွာ တုန်ခါသွားသည်။ရှုမျှော်စင်လည်း တိုက်ခိုက်မှုအားကို မခံနိုင်တော့ပဲ မကြာခင် လဲပြိုသွားတော့မည့်ပုံပော်သည်။


သွေးလွှမ်းလူသားက နောက်တစ်ကြိမ် ပြန်လည်ထရပ်လာပြန်သည်။သူ့၏ သွေးနီရောင် ကာကွယ်ရေး ဝတ်ရုံက အက်ကြောင်းများစွာ ထင်နေပြီး အချိန်မရွေး တစ်စစီ ဖြစ်သွားတော့မည့်ပုံပေါ်သည်။


ခွေးဘုရင်ဆီမှ နှစ်ချက်ရိုက်ခံပြီးနောက် သူ့၏ တည်ရှိမှုကိုပင် ပြန်လည်၍ မေးခွန်းထုတ်ရပေတော့မည်။


သွေးလွှမ်းလူသားက လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။


ရွှစ်...


ကျယ်လောင်လှသော မြည်ဟီးသံများ ထွက်ပေါ်လာပြီးနောက် မျှော်စင်ကြီးက အလွန်လျှင်မြန်လှသော အရှိန်ဖြင့် နိမ့်ဆင်းကျသွားသည်ကို ပုဖန် သတိပြုမိလိုက်သည်။အချိန်ခဏအတွင်းမှာပင် ကြီးမားလှသော မျှော်စင်က သွေးလွှမ်းလူသား၏ လက်ဖဝါးပေါ်၌ မျှော်စင်အသေးလေးတစ်ခုအဖြစ် ပြန်လည် ဖြစ်တည်လာသည်။


ထိုခွေးက အလွန်ကြောက်စရာကောင်းလှသည်။သွေးလွှမ်းလူသားကိုပင် မျှော်လင့်ချက် များ ပျက်သုန်း သွားလုနီးပါးဖြစ်သွားစေသည်။ယခုအချိန်၌ သူ့၏ မျှော်လင့်ချက်များက မျှော်စင်လေးပေါ်တွင်သာ မူတည်နေပေသည်။နတ်ဘုရားတစ်ပိုင်း လက်နက်ဖြစ်သော ရှုရမျှော်စင်လေးက ထိုခွေးကို ဖိနှိပ်နိုင်မည်ဟု မျှော်လင့်မိလေသည်။


သွေးလွှမ်းလူသားက သူ့၏ စွမ်းအင်များအားလုံးကို အသုံးချလိုက်ပြီး မျှော်စင်အသေးလေးကို ခွေးဘုရင်ရှိရာဆီသို့ ပစ်ပေါက်လိုက်သည်။


ထ်ိုရှုရမျှော်စင်က ကြောက်မက်ဖွယ်ကောင်းလှသော အသံကျယ်များကို ထုတ်လွင့်၍ ခွေးဘုရင်ရှိရာဆီသို့ ပျံသန်းလာသည်။သူဖြတ်သန်းလာလေရာ လမ်းတစ်လျှောက်တွင်လည်း သွေးမြူများ ပြန့်ကျဲလွင့်မျောနေသည်။


ထိုမျှော်စင်ဆီမှ အဆုံးအစမဲ့လှသော ဖိအားများ ပြန့်ထွက်နေပြီး လေဟာနယ်ကိုပင် အပိုင်းပိုင်းစုတ်ဖြဲနေသလိုထင်ရသည်။ထိုစွမ်းအားက မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်အဆင့်ကို တိုက်ခိုက်ဖို့ လုံလောက်သည်ထက် ပိုနေပေသည်။


ကြောက်စရာကောင်းလွန်းလှပေသည်။


 နတ်ဘုရားတစ်ပိုင်းလက်နက်က တကယ့်ကို အားပြင်းလွန်းလှ၏ ။ခွေးဘုရင်ပင်လျှင် မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်လိုက်မိသည်။


သို့သော်လည်း သူ့၏ အမွှေးဖွားဖွားလေးများက လေအရှိန်ဖြင့်တဖျက်ဖျက် ခါနေဆဲဖြစ်သလို သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း အပေါ်သို့ တွန့်ကွေးနေဆဲပင်ဖြစ်သည်။


"နတ်ဘုရားတစ်ပိုင်း လက်နက်လား...ဟမ်း...အစစ်အမှန်နတ်ဘုရားလက်နက်ဆိုရင်တောင် ဒီခွေးဘုရင်က ကြောက်မှာမဟုတ်ဘူး...ဒီကျိုးပဲ့နေတဲ့ ကလေးကစားစရာလေးတွေဆိုရင်တော့ ထည့်ကိုမတွက်ဘူး...ဒီခွေးဘုရင်က မင်းကို နှစ်ချက်ရိုက်ခဲ့ပြီးတာတောင်မှပဲ ငါက အသုံးမကျဘူးလို့ တွေးနေတုန်းပဲလား...ကောင်းပြီလေ ဒီလ်ိုဆိုမှတော့ ဒီခွေးဘုရင်ရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေက်ို မင်းကို သိခွင့်ပြုရမှာပေါ့..."


ဘလက်ကီထံမှ တည်ကြည်လေးနက် ယောက်ကျားဆန်လှသော အသံထွက်ပေါ်လာပြီးနောက် သူ့၏ အမူအရာက ပြောင်းလဲသွားသည်။


ပုဖန်နှင့် ငရဲကမ္ဘာအမျိုးသမီးတို့က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ဘလက်ကီရှိရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။


ယခုလက်ရှိအချိန်၌ ခွေးဘုရင်က အနက်ရောင်တွင်းနက်ကြီးတစ်ခု ဖြစ်လာသလို ထင်ရပြီးပတ်ဝန်းကျင်ရှိ အလင်းများအားလုံးက်ို စုပ်ယူနေလေသည်။


ထိုအနက်ရောင်နေရာမှာ အဖြူရောင်အက်ကွဲကြောင်း တစ်ခုပေါ်လာသည်။ထိုအက်ကွဲကြောင်းက ဘလက်ကီ၏ နဖူးထက်တွင်ရှိနေခြင်းဖြစ်သည်။ထိုအရာက နောက်ထပ်မျက်လုံးတစ်ခု ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။


အချိန်ခဏအတွင်းမှာပင် ထိုအဖြူရောင်ကလည်း နက်မှောင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအသစ်ဖြစ်ပေါ်လာသော ထောင်လိုက်မျက်ဝန်းဆီမှ အနက်ရောင် အလင်းတန်းများ ပစ်လွှတ်လာလေသည်။


ထိုအနက်ရောင်အလင်းတန်းများက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံမျိုးကို အဆက်မပြတ် ထုတ်လွင့်နေပေသည်။အလင်းတန်းများ၏သွားနှုန်းက အလွန်လျှင်မြန်လှသောကြောင့် လူတစ်ယောက်၏ အမြင်ဖြင့် ဖမ်းမိဖို့ပင် မဖြစ်နိုင်ပေ။


ထိုစွမ်းအားများက သွေးလွှမ်းလူသား ပစ်လွှတ်လိုက်သော မျှော်စင်အသေးလေးဆီသို့ ချက်ချင်းရောက်ရှိသွားသည်။


ဘလက်ကီ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ၌ မျှော်စင်ငယ်က တုန်ခါသွားပြီးနောက် စွမ်းအားများပေါ်ထွက်လာလေသည်။


သို့သော်လည်း ထိုစွမ်းအင်လှိုင်းများက မျှော်စင်ငယ်အတွက် အထောက်အကူ မဖြစ်ပေ။အနက်ရောင်အလင်းတန်းများက ထိုစွမ်းအားများကို ထိုးဖောက်သွားပြီးနောက် စွမ်းအင်များက ပြိုကွဲသွားကာ အလင်းမှုန်လေးများအဖြစ် လွင့်ပားပျောက်ကွယ်သွားလေသည်။


သို့သော်လည်း ထိုအနက်ရောင်အလင်းတန်းများက ရပ်တန့်သွားခြင်းမရှိပဲ ရှုရမျှော်စင်ငယ်ဆီသို့ ဗုံးဖြင့်ထုလိုက်သလို ထိမှန်သွားခဲ့သည်။


ကျယ်လောင်လှသည့် အက်ကွဲသံများက သွေးလွှမ်းလူသားကို ကြောင်အနေစေသည်။ရှုရမျှော်စင်ငယ်က အစိတ်အပိုင်းသုံးခု အဖြစ်သို့ ပေါက်ကွဲသွားလေသည်။


သွေးလွှမ်းလူသားက ကြောင်အမှုမှ ရုန်းမထွက်နိုင်သေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင်အလင်းတန်းများက သူ့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သွေးနီရောင် အကာအကွယ်ဝတ်ရုံက်ို ပြိုကွဲသွားစေသည်။နောက်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်က သွေးအိုင်ငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ပော်ကနေ သွေးမိုးများအဖြစ် ရွာကျလာလေသည်။


စူးရှသည့် မြည်ကျွေးသံ နှစ်ခုထွက်ပေါ်လာပြီးနောက် ကျန်ရှိနေသည့် စ်ိတ်ဝိညာဉ်အနှစ်သာရ နှစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။


သို့သော်လည်း သူတို့အပေါ်၌ ကြီးမားလှသော ခွေးလက်ဖဝါးတစ်ခု ပေါ်ထွက်လာသည်။ထိုလက်ဖဝါးက စိတ်ဝိညာဉ် အနှစ်သာရနှစ်ခုလုံးကို ဖမ်းဆုပ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။


ဂေ့...


ဘလက်ကီက နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီးလေတက်လိုက်သည်။သူ့၏ မျက်နာကလည်း စိတ်ပျက်ဟန်ဖြစ်နေလေသည်။


"ဟိုကောင်စုတ်လေးရဲ့ နံရိုးချိုချဉ်ကြော် အရသာကမှ ပိုကောင်းသေးတယ်..."