အပိုင်း ၄၆၈
Viewers 62k

အခန်း ၄၆၈

ခွေးငပျင်း...ငါ့ကိုလှည့်စားရဲတယ်လား...


"မင်း သူ့ကို စားလိုက်တာလား..."


အက်ကြောင်းထဲမှ ထွက်လာသော မီရှက ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် မယုံနိုင်စရာမျက်လုံးများဖြင့် ပြူးကျယ်နေလေသည်။ကမ္ဘာပေါ်ရှိ ကြောက်စရာအကောင်းဆုံးသော မြင်ကွင်းကို သူ မျက်မြင် ပက်ပင်း ကြုံတွေ့လိုက်ရပေသည်။


ထိုသွေးလွှမ်းလူသားက အဆင့် ၅ဆင့်ကို ချိုးဖောက်ပြီးသောပညာရှင်ဖြစ်ပြီး သူ့၏ စွမ်းအားများက အလွန်တရာ သန်မာလှပေသည်။ထို့အပြင် သူက ရှုရမျှော်စင်ကိုလည်း နှိုးထစေခဲ့သည်။


စွမ်းအားနှစ်ခုပေါင်းလိုက်လျှင်သူက မသေမျိုးဝိညာဉ် စိတ်ဝိညါဉ်အဆင့်သို့ပင် ရောက်ရှိနေပေပြီ။ထိုသို့သော သူက ခွေးတစ်ကောင်၏ ရိုက်ချက်ဖြင့် သေဆုံးသွားပြီး မြိုချစားသောက်ခံလိုက်ရမည်ဟု သူမမျှော်လင့် ထားမိပေ။


"ဒီလိုကြောက်စရာကောင်းတဲ့ ခွေးမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်တည်ရှိနေရတာလဲ...ဒီခွေးက ဘယ်နေရာကနေ လာတာလဲ..."


ရှေးဟောင်းရှုရမြို့တော်၌ပင် မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်ကို အသန်မာဆုံးဟု သတ်မှတ်နိုင်လေသည်။သူတို့က အလွန်မယုံကြည်နိုင်စရာကောင်းလောက်သော ပညာရှင်များဖြစ်၏။


ယခုအချိန်၌မူ မီရှက သူခွေးတစ်ကောင်ကို ကြည့်မိနေသည်ဟုပင် မခံစားရပဲ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ကို ကြည့်နေသည်ဟုပင် ခံစားရလေသည်။


"ဘယ်လိုမကောင်းဆိုးဝါး နတ်ဆိုးက ခွေးအသွင် ယူထားတာလဲ..."


ပို၍ အရေးကြီးသော ကိစ္စရပ်မှ ရှုရမျှော်စင်ပင်ဖြစ်သည်။ပြန်လည် နှိုးထလာပြီဖြစ်သော ရှုရမျှော်စင်က ထိုခွေး၏ ရိုက်ချက်တစ်ခုဖြင့် အပိုင်းအစသုံးခုအဖြစ် ပြိုကွဲသွားလေသည်။


ထိုအရာက နတ်ဘုရားတစ်ပိုင်း လက်နက်ဖြစ်သည်။ထိုမျှော်စင်က သူတို့ရှေးဟောင်းရှုရမြို့တော်၏ နတ်ဘုရားတစ်ပိုင်းလက်နက်ပင်ဖြစ်သည်။ထိုမျှော်စင်က ကျိုးပဲ့နေပြီ ဖြစ်သော်လည်း အလွန်ပင် စွမ်းအားပြင်းလှသည်။


မီရှ၏ ခန္ဓာကိုယ်က လေတိုးနေသော သစ်ရွက်ကဲ့သို့ပင် တဆတ်ဆတ် တုန်ခါလာသည်။သူက အက်ကြောင်းထဲမှ တွားသွားထွက်လာပြီးနောက် ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်ချင်နေလေပြီ။


သူကြုံတွေ့နေရသော ကမ္ဘာက ကြောက်စရာကောင်းလွန်းလှသည်။


လေထဲတွင်ရှိနေဆဲဖြစ်သော ဘလက်ကီက သူ့၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး သွားစွယ်များကို ရှင်းလိုက်သည်။ထို့နောက် ညှင်သာသော အသံတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်၏။


ထို့နောက် သူ့၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျိုးပဲ့နေသော ရှုရမျှော်စင် အပိုင်းအစ သုံးခုက သူ့လက်ထဲသ်ို့ ရောက်လာသည်။ထိုအပိုင်းအစသုံးခုက သူ့၏ အရှိန်အဝါများကို ဆုံးရှုံးသွားပြီဖြစ်သည်။ထိုပိုင်းအစများ၌ နတ်ဘုရားတစ်ပိုင်းလက်နက်၏ စွမ်းအားအနည်းငယ်မျှပင် မကျန်ရှိတော့ပေ။


ခွေးဘုရင်က မျက်မှောင်ကြုတ်လိုက်ပြီး အပိုင်းအစသုံးခုကို မြေပေါ်သို့ ပြန်ပစ်ချလိုက်သည်။ဘလက်ကီ၏ အပြုအမူကို ကြည့်နေသော ပုဖန်ပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


"ဒီတစ်ကြိမ်ကော ခွေးဝတုတ်က ဘာဖြစ်ပြန်တာလဲ...သူက အဲ့ဒီမျှော်စင်ကို စားချင်နေတာလား...ရူးသွားပြီလား"


ကံကောင်းထောက်မစွာဖြင့်ပင် ခွေးဘုရင်က ထိုမျှော်စင်ကိုစားချင်နေခြင်းမဟုတ်ပေ။သူက အပေါ်သို့ ခုန်လိုက်ပြီး ထိုအပိုင်းအစများပေါ်သို့ တက်နင်းလိုက်သည်။


ထိုအပိုင်းများပေါ်သို့ ဘလက်ကီ နင်းလိုက်တိုင်း ဆူညံလှသော မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ထိုအပိုင်းအစများကို နင်းချေရန်အတွက် သူက အားအများကြီးသုံးခဲ့ပုံရလေသည်။အချိန်ခဏအတွင်းမှာပင် အပိုင်းအစများက လုံးဝပုံပျက်ပန်းပျက်ဖြစ်သွားလေပြီ။ ပုဖန် ထိုမြင်ကွင်းကို ကြည့်၍ ဆွံ့အနေမိသည်။


"ဒီခွေးက တကယ်ရူးသွားတာလား...သူက ရှုရမျှော်စင်ကို နက်နက်ရှိုင်းရှိုင်းကို မုန်းတီးနေတာလား..."


ဘလက်ကီ၏ အရူး တစ်ယောက်လို အပြုအမူကို လျစ်လျူရှုလိုက်ပြီး ဖီးနစ်ဥဘက်ကိုသာ ပြန်လှည့်လိုက်သည်။ရှုရမျှော်စင်ပျောက်ကွယ်သွားပြီးနောက် ဖီးနစ်ဥ၏ အရောင်အဝါက ပို၍ပင်တောက်ပြောင်လာလေသည်။ဖီးနစ်ဥမှ ထုတ်လွင့်နေသော စိတ်ဝိညာဉ် စွမ်းအင်များကလည်း နေရာတစ်ခုလုံးကို ပြည့်နှက်နေလေသည်။


ငရဲကမ္ဘာအမျိုးသမီးက ခြေလှမ်းအနည်းငယ် လှမ်း၍ ဖီးနစ်ဥ အနားသို့ တိုးကပ်လာခဲ့သည်။သူမ ဖီးနစ်ဥ အနားသို့ နီးကပ်လာသည်နှင့် အလောတကြီး အသက်ရှုရှ်ိုက်လိုက်သည်။


သူမက ဖီးနစ်ဥမှ စီးဆင်းထွက်ပေါ်နေသော စိတ်ဝိညာဉ် အနှစ်သာရများကို စုပ်ယူလိုက်ခြင်းဖြစ်သည်။ထိုစိတ်ဝိညာဉ်အနှစ်သာရများက သူမ၏ စွမ်းအားများ ပြန်လည် သက်သာစေရန် အထောက်အကူပြုပေသည်။ထိုစွမ်းအားများက သူမ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သေဆုံးခြင်းစွမ်းအင်များကို ဖိနှိပ့်နိုင်ပုံရလေသည်။


ပုဖန်လည်း ထိုအချင်းအရာကြောင့် အံ့အားသင့်သွားသည်။ဖီးနစ်ဥမှ ထွက်ပေါ်နေသော စွမ်းအားများကပင် သူယခင်က ရခဲ့ဖူးသော သွေးသရဖူ ရွှံ့နက်မြွေ၏ စွမ်းအားများထက် ပိုမို ကြွယ်ဝနေပေသည်။


သို့သော်လည်း ပြောရမည်ဆိုလျှင် ထိုသွေးသရဖူက ဖီးနစ်ဥထက် ပို၍ အဆင့်နိမ့်ကျနေပေသည်။


ပုဖန် ဥအခွံကို အသာအယာလေး ပုတ်ကြည့်လိုက်သည်။


ဥမှထွက်ပေါ်လာသော နွေးထွေးသည့် စီးကြောင်းတစ်ခုက သူ့လက်ဖဝါးမှတစ်ဆင့် တိုးဝင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားသည်ကို ခံစားလိုက်မိသည်။ထိုစွမ်းအင်တွေကြောင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သန့်ရှင်းသွားအောင် ဆေးကြောလိုက်သလိုပင် ခံစားမိ၏။


ထိုခံစားမှုက တကယ့်ကို မယုံနိုင်စရာကောင်းလှသည်။ထိုဖီးနစ်ဥက တမူထူးခြားလှသော ဥတစ်လုံးပင်ဖြစ်၏။ထိုဥက သေချာပေါက် ထူးခြားကောင်းမွန်လှသည့် ပါဝင်ပစ္စည်းတစ်ခုပင်။


ပုဖန်က ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာလေသည်။အလှမ်းကွာသော နေရာတွင်ရှိနေသော ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သ်ို့ သိမ်မွေ့လှသော ခြေလှမ်းမျိုးများဖြင့် ပုဖန်ဆီသို့ လျှောက်လာသည်။သို့သော်လည်း သူက အခ်ျိန်ခဏအတွင်းမှာပင် ရောက်ရှိလာလေသည်။သူ့၏ လက်ကို ဝှေ့ယမ်းရင်း ပုဖန်ဆီသို့ အနက်ရောင်အရာတစ်ခုကို ပစ်ပေးလိုက်သည်။


"ပုဖန် ကောင်လေး အဲ့ဒါက ရှုရမျှော်စင်ပဲ...ဒီတိုင်းလွှတ်ပစ်လိုက်ရမှာ နှမြောစရာကောင်းလွန်းတယ်...ဒါကြောင့်မို့ ဒီခွေးဘုရင်က ဒါကို ပြန်တပ်ဆင်ပြီးတော့ မင်းကိုပေးမယ်...ဒါကို အလှဆင်ပစ္စည်းတစ်ခုအဖြစ်သုံးလို့ရတာပဲ..."


ထိုအနက်ရောင်အရာက သေးငယ်ချစ်စရာကောင်းလှသည့် အနက်ရောင်မျှော်စင်အသေးလေးပင်ဖြစ်သည်။ထိုအရာက အိတ်ကပ်ထဲ ထည့်လို့ရသည့် အရွယ်အစားဖြစ်ပြီး ပုဖန်၏ လက်မလောက်ပင်ကြီးလေသည်။


"ဒါက ရှုရမျှော်စင်လား..."


ပုဖန် စွံ့အသွားမိသည်။အလွန်ကြီးမားလှသည့် ရှုရမျှော်စင်က အဘယ့်ကြောင့် သူ့၏ လက်မအရွယ်အစားမျှသာ ရှိနေရသနည်း။သူ မျက်ခုံးပင့်လိုက်ပြီး ရှုရမျှော်စင်လေးကို ထိလိုက်သည်။သူ့လက်ဖဝါးနှင့် မျှော်စင်ထိလိုက်သည့်ခဏ၌ သူ့၏ စိတ်စွမ်းအားများက တဟုန်ထိုးတိုးတက်လာသည်ကို ခံစားလိုက်ရသည်။


သူ့၏ စိတ်စွမ်းအားများက ရှုရမျှော်စင်ကို ဖြတ်သန်းပြီးနောက် ပို၍ သန်မာအားကောင်းလာပုံရသည်။ဥပမာပေးရလျှင် ထိုအရာက ကနဦးက စမ်းချောင်းကလေး ဘဝမှနေ၍ သေးငယ်သော မြစ်တစ်စင်းအဖြစ် ပြောင်းလဲလာသည့်ပုံပေါ်သည်။


"ဒီအရာဝတ္တုလေးက စိတ်စွမ်းအားတွေကို ပိုမို သန်မာအားကောင်းစေတာလား..."


ထိုအရာက ပုဖန်အတွက် အလွန်ပင် ကောင်းမွန်သည့် ပစ္စည်းတစ်ခုပင်ဖြစ်သည်။ယခုလက်ရှိအချိန်၌ သူ့၏ စွမ်းအင်ကျင့်ကြံခြင်းက တန်ခိုးရှင်အဆင့်မှာသာ ရှိသေးသော်လည်း သူ့၏ စိတ်စွမ်းအားများက အဆင့် ၁ဆင့် ချိုးဖောက်ပြီးသော မသေမျိုး ခန္ဓာနယ်အဆင့်သို့ ရောက်ရှိနေပေပြီ။


သ်ို့သော်လည်း သူ့၏ စိတ်စွမ်းအင်က သူ့၏ ကျင့်ကြံစိတ်ထက် ပို၍ သန်မာနေသည်တောင်မှ တစ်ချို့ ဟင်းပွဲများကိုချက်ရာ၌ အခက်အခဲ အကျပ်တည်းများကို တွေ့နေရတုန်းပင်ဖြစ်သည်။တန်ဖိုးရှိသော ပါဝင်ပစ္စည်းများ အမြောက်အများပါဝင်နေသည့် ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ချက်ပြုတ်ရာ၌မူ ဆိုဖွယ်ရာမရှိတော့ပေ။


ဟင်းပွဲကို ချက်ရာ၌ သေချာပေါက် မြောက်များလှသည့် စိတ်စွမ်းအင်များကို လိုအပ်ပေသည်။ထိုဟင်းကို ချက်သည့်အချိန်၌ သူ့စွမ်းအားများက ကန္တာရ ကဲ့သို့ ခြောက်သွေ့သွားအောင် စုပ်ယူခံလိုက်ရမည်။ထိုသို့ဖြစ်လေရာ ဒီသေးငယ်သည့် မျှော်စင်လေးက သူ့အတွက် တော်တော်အကျိုးရှိပေသည်။


သူပိုးကြိုးတစ်ခုကို ယူလိုက်၍ မျှော်စင်လေးကို ခေါက်တုံ့ချည်လိုက်သည်။ထို့နောက် သူ့၏ လည်ပင်း၌ ဝတ်ဆင်ထားလိုက်လေ၏။ဝတ်ဆင်လိုက်သည့် အချိန်၌ပင် မျှော်စင်မှ ထွက်လာသည့် အော်ရာများကြောင့် သူ့စိတ်က သန့်ရှင်းလတ်ဆတ်သွားသလို ခံစားလိုက်မိသည်။


"ဒါက တော်တော်လေး ကောင်းမွန်တာပဲ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကျေနပ်မှုဖြင့် ကွေးတက်သွားလေသည်။


ခွေးဘုရင်က အားရပါးရ သန်းဝေလိုက်သည်။သူနောက်တစ်ကြိမ် အိပ်ချင်လာပြန်သည်။


"ဒါက သာမန် ဖီးနစ်ဥပဲ ဖြစ်ရမယ်...တော်တော်လေးကို ကောင်းမွန်တာပဲ...ဒီဥက ထိပ်တန်းအဆင့် မီးဖီးနစ်ဥ မဟုတ်ဘူးဆိုပေမယ့် တော်တော်လေးကောင်းတဲ့ ပါဝင်ပစ္စည်းဖြစ်နေတုန်းပဲ..."


"ဒါပေါ့ သူ့အရသာကတော့ ဘယ်လိုလုပ် မီးဖီးနစ်ဥရဲ့ အရသာနဲ့ ယှဉ်နိုင်ပါ့မလဲ...အဲ့ဒီလိုဆိုပေမယ့်လည်း တော်တော်လေး အရသာရှိမှာပါ..."


ခွေးဘုရင်က ပျင်းရိပျင်းတွဲဖြင့် ရှင်းပြလိုက်သည်။ဘလက်ကီ၏ စကားကြောင့် ပုဖန်အံ့အားသင့်သွားမိသည်။သူ့စကားထဲမှ ခြေရာကောက်ရလျှင် ယခင်ကသူ မီးဖီးနစ်ဥကို စားခဲ့ဖူးပုံပေါ်သည်။


မဟုတ်မှလွဲရော ဒီခွေးအရင်တုန်းက ဖီးနစ်အသိုက်တွေကိုများ သွားပြီး လုယူဖူးတာလာ...ပြောလို့မရဘူး ဒီခွေးငပျင်းက အဲ့ဒီလိုမျိုးတကယ့်လုပ်မယ့်ပုံပေါ်တယ်...


ခွေးဘုရင်က ယခုလက်ရှိအချိန်၌ ပုဖန်စဉ်းစားနေသည့် အကြောင်းအရာများကို သူသိလိမ့်မည်မဟုတ်ပေ။သူက ဖီးနစ်ဥကို ကြည့်ရင်း မျက်ဝန်းထဲ၌လည်း စိတ်ရှုပ်ထွေးမှုများပြည့်နေလေသည်။


"ဒီဖီးနစ်ဥက နဂါးမြို့ဟောင်းတိုက်ကြီးပေါ်မှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ...ငရဲမြစ်ကနေပြီးတော့ ဒီလျှို့ဝှက်နယ်ပယ်ထဲကို မျောလာတာလား..."


ခွေးဘုရင်က တီးတိုး ရေရွတ်နေမိသည်။ငရဲကမ္ဘာအမျိုးသမီးက ဥကိုမှီလိုက်ရင်း လျှာကိုထုတ်၍ လျက်လိုက်သည်။သူမက ဥအခွံကို ကြိုးစားပမ်းစားဖြင့် လျက်နေလေသည်။သူမက ဥကို လုံးဝလွတ်မပေးတော့မည့်ပုံပေါ်နေသည်။ပုဖန် ထိုအမျိုးသမီးကိုကြည့်၍ နားမလည်နိုင်တော့ပေ။


"ဒီအမျိုးသမီးက ငရဲကမ္ဘာက အမျိုးသမီးပဲ ...သူမက ငရဲကမ္ဘာကနေ ပြည်နှင်ဒဏ်ပေးခံထားရတယ်...သူမဘဝက အခု အရမ်းခက်ခဲတယ်...သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သေဆုံးခြင်းစွမ်းအင်တွေက အမြဲတမ်း တိုက်ခိုက်နေတဲ့အတွက် အဆီအနှစ် အာဟာရတွေလုံလောက်စွာ မရဘူးဆိုရင်တော့ သေမတက် နာကျင်မှုကို ခံစားရလိမ့်မယ်..."


ခွေးဘုရင်က အမျိုးသမီးကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။


"ပုဖန်ကောင်လေး မင်း ငရဲတမျှအေးစက်နေတဲ့ ငရဲကမ္ဘာသင်္ဘောကို တွေ့လား...သူမမှာ စိတ်ဝိညာဉ်အနှစ်သာရတွေ အလုံအလောက်မရှိဘူးဆိုရင် အဲ့ဒီ ငရဲကမ္ဘာသင်္ဘောက လုံးဝရွေ့လျားမှာ မဟုတ်ဘူး...ငရဲဘုရင်က အထင်ကြီးလောက်စရာလူမဟုတ်ပေမယ့်တော့ သူ့ရဲ့ ကျိန်စာက အရမ်းကြောက်ဖို့ကောင်းတယ်..."


ခွေးဘုရင်က ခပ်မဲ့မဲ့ပြုံး၍ ရှင်းပြလိုက်သည်။


"သူမက အဲ့ဒီလောက်တောင် သနားစရာကောင်းတယ်ပေါ့..."


ပုဖန်ကမျက်ခုံးပင့်လိုက်ရင်း ဆံနွယ်ရှည်များနှင့် အမျိုးသမီးကို ကြည့်လိုက်သည်။သူမက လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ပုဖန်ပင်လျှင် အလွန်လှပကြောင်း သတ်ိပြုမိသည်။


သို့သော်လည်း သွေးရောင်မမြင်ရလောက်အောင် ဖြူဖျော့နေသော သူမ၏ မျက်နာက တစ္ဆေတစ်ကောင်လားပင် ထင်မှတ်မှားစေသည်။ထို့အပြင် သူမ၏ မျက်နာက ပါးလျပြီး အရိုးနှင့် အရေပြားပဲ ရှိနေသည့်အတိုင်းပင် ။သူမကလှပသည်ဆိုလျှင်ပင် ထိုကဲ့သို့ အရိုးနှင့်အရေသာရှိသည့်မျက်နာက တွေ့မြင် လိုက်သူတိုင်းကို ကြောက်ရွံ့စေပေလိမ့်မည်။


ပုဖန်က မျက်မှောင်ကြုတ်၍ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်သည်။ထို့နောက် အိုးအောက်ခြေသို့ ရွှေရောင်မီးတောက်တစ်ခု မှုတ်ထုတ်လိုက်၏။


အိုးထဲသို့ သူ ဆီအနည်းငယ်လောင်းထည့်လိုက်ပြီးနောက် သိုလှောင်နယ်မြေထဲမှ နဂါးသွေးဆန်အချို့ကို ထုတ်ယူလိုက်သည်။ထိုနဂါးသွေးဆန်က အနှစ်သာရများ အလွန်ကြွယ်ဝလှသည်။ထိုဆန်ကို ကမ္ဘာမြေနဂါးသွေးနှင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ ရေလွှမ်းမိုးနဂါးသွေးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။


သူက အိုးထဲမှနဂါးသွေးဆန်ကို ကြော်နေရင်း သူ့၏ စိတ်စွမ်းအင်ကိုထုတ်၍ ပြောင်းလဲမှုကို ကြည့်ရှုစစ်ဆေးနေလိုက်သည်။ထို့နောက် သူ ခရီးသွားနွားနဂါးအသားတုံးကြီး တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် နုတ်နုတ်စင်းလိုက်သည်။


ထိုနုတ်နုတ်စင်းထားသော အသားများကိုအိုးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ရောသမမွှေလိုက်သည်။ရောမွှေနေစဉ်အတောအတွင်းမှာပင် ပုဖန်ကသူ့၏ နောက်ဆုံးလက်ကျန်သွေးသရဖူကို ထုတ်ယူလိုက်ပြီး အပိုင်းမျေားအဖြစ်သို့ ဖြတ်တောက်လိုက်သည်။ထို့နောက် ပါဝင်နေသော စိတ်ဝိညာဉ်အနှစ်သာရများကို အိုးထဲသို့ ဖြန်းလိုက်၏။


ဖီးနစ်ဥကို ဖက်ထားသောအမျိုးသမီး၏ အကြည့်များက ပုဖန်၏ မဟူရာလိပ်ခုံးဒယ်အိုးအပေါ်တွင်သာ ကျရောက်နေလေသည်။သူမ၏နှာခေါင်းက တရှုံ့ရှုံ့ဖြစ်နေပြီး သူမ၏ မျက်ဝန်းလေးများကလည်း တောက်ပလာသည်။


ပုဖန်က အိုးကို အနည်းငယ် လှုပ်ခါလိုက်ပြီးနောက် ဆက်ခနဲမြှောက်လိုက်သည်။အိုးထဲမှမွှေးပျံ့ကြိုင်လှိုင်နေသော နဂါးသွေးထမင်းကြော်က လွင့်ပျံထွက်လာပြီး သူကြိုတင်ပြင်ဆင်ထားသော ပန်းကန်လုံးထဲကျရောက်သွားသည်။


တစ်ခုမကျန် ပန်းကန်လုံးကျရောက်သွားပြီး သပ်သပ်ရပ်ရပ်လေးဖြစ်နေလေသည်။


ဒါက ရိုးရှင်းလှသော ထမင်းကြော်တစ်ပွဲသာဖြစ်သည်။သို့သော်လည်း စိတ်ဝိညာဉ်အနှစ်သာရများ ကြွယ်ဝလှပေ၏။သွေးသရဖူတစ်ခုလုံးကို ထမင်းကြော်ပေါ်တွင်ဖြူးလိုက်ပြီးနောက် ပါဝင်နေသော စိတ်ဝိညာဉ်အနှစ်သာရများက တကယ့်ကို အားကောင်းနေပေသည်။


ငရဲကမ္ဘာအမျိုးသမီးက သိချင်စိတ်ပြင်းပြစွာဖြင့် ပုဖန်လက်ထဲမှ ပန်းကန်လုံးကို ကြည့်နေသည်။


ပုဖန်က ပန်းကန်လုံးကို သူမဆီသို့ အသာအယာပစ်လွှတ်လိုက်၏။


သူမက လျှင်မြန်စွာပင် ဖမ်းယူလိုက်ပြီးနောက် ထမင်းကြော်ပွဲဆီမှ ထွက်ပေါ်နေသော မွှေးရနံ့များကို လောဘတကြီး ရှူရှိုက်လိုက်သည်။မွှေးပျံ့ကြိုင်လှိုင်လှသော ရနံ့ စိတ်ဝိညာဉ်အနှစ်သာရနှင့် စိတ်ဝိညာဉ်စွမ်းအင်များက သူမ၏ နှာခေါင်းပေါက်များမှတစ်ဆင့် စီးဆင်းဝင်ရောက်သွားပြီး သူမ၏ ဖြူဖျော့နေသော မျက်နာကိုပင် ပန်းသွေးရောင်သန်းလာစေသည်။


အမျိုးသမီးက ပုဖန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လျှာဖျားလေးထုတ်၍ နှုတ်ခမ်းပါးများကို သပ်လိုက်သည်။သူမ ဖီးနစ်ဥကို လျစ်လျူရှုထားလိုက်ပြီး နဂါးသွေးထမင်းကြော်ကိုသာ တစ်လုတ်ပြီးတစ်ယူ၍ အငမ်းမရ စားသုံးတော့သည်။


"ဘလကၠီ ဒီဥကို ငါယူလို့ရမလား..."


ပုဖန်က ဘလက်ကီ၏ သန့်ရှင်းတောက်ပြောင်နေသောအမွှေးဖွားဖွားလေးများကို ပွတ်၍ မေးလိုက်သည်။


"ယူလို့ရတယ် ..."


ဘလက်ကီက ပုဖန်ကို မျက်တောင်တစ်ခတ်မျှကြည့်လိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကို တွန့်ကွေး၍ အကြောင်းပြန်လိုက်သည်။


ပုဖန်လည်း ဘလက်ကီ၏ မျက်နာပေါ်မှ အပြုံးကို တွေ့လိုက်ပြီး မျက်ခုံးလှုပ်သွားမိသည်။


"အင်း...ငါတော့ တစ်စုံတစ်ရာအနံ့တွေရနေမိပြီ..."


သူအာရုံအရ မဟုတ်တဟုတ် မကောင်းတာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိလေသည်။ဒီဖီးနစ်ဥက စွမ်းဆောင်မှုအားကောင်းလှသည်။အထူးသဖြင့် ချက်ပြုတ်ခြင်းအနုပညာကို လိုက်စားနေသော သူများအတွက်ဖြစ်သည်။


အလှပခြင်းနှိုင်းယှဉ်လျှင် ပို၍ ဆွဲဆောင်မှုရှိသကဲ့သို့ပင် ထိုဥက ဆွဲဆောင်မှုအားကောင်းလွန်းလှသည်။ပုဖန်ကဥ၏ အရှေ့သို့ လျှောက်သွားလိုက်သည်။ထို့နောက် သူ့၏ ဘယ်ဘက်လက်ကို အရင်ဆုံးတင်လိုက်ပြီးနောက် ညာဘက်လက်ဖြင့် ဝိုက်၍ဖက်လိုက်သည်။


ထို့နောက် သူ အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်သည်။အစစ်အမှန်စွမ်းအင်များက သူ့၏ စွမ်းအင်ဗဟိုသို့ ဝင်ရောက်သွားပြီးနောက် အကြောအဆစ်များ အရိုးများဆီသို့ ပြန်လည် ပျံ့နှံ့သွားသည်။


ထိုအသက်တစ်ရှိုက်ကပင် သူ့ကို ကြီးမားလှသော ကြံ့ခိုင်မှု စွမ်းအားကို ပေးနိုင်ပေသည်။ပုဖန်က အနည်းငယ် မာန်သွင်း အော်ဟစ်လိုက်ပြီး ဥကို သေချာစွာ ဖက်မလိုက်သည်။ထိုဖီးနစ်ဥက အလွန်တရာ လေးလံလှသည်။သူ ဥတစ်လုံးကို မထားသည်ဟု မခံစားရပဲ တောင်ကြီးတစ်လုံး မထားသလို ထင်နေရသည်။


သို့သော်လည်း အရသာရှိလှသော စားကောင်းသောက်ဖွယ်များကိုသာရရှိမည်ဆိုပါက ပုဖန်က တောင်တစ်လုံးမထားရမည်ဆိုလည်း စိတ်မရှိပေ။


သူအသားလုံးကို ထုတ်ယူလိုက်ပြီး ကိုက်ဝါးမြိုချလိုက်သည်။သူ့၏ မျက်ဝန်းများက စိတ်အားထက်သန်မှုကြောင့် မီးတောက်များလောင်ကျွမ်းသကဲ့သို့ပင် တောက်ပြောင်နေသည်။


သူ့၏ ခန္ဓာကိုယ်မှ ရှိရှိသမျှ ခွန်အားအားလုံးကို အသုံးပြုပြီးနောက် ဖီးနစ်ဥက အနည်းငယ်မျှ ရွေ့သွားလေသည်။၎င်းက မြေပေါ်မှ မီလီမီတာအနည်းငယ်မျှ ကြွတက်လာခြင်းဖြစ်သည်။


သူနှင့် မလှမ်းမကမ်းတွင်ထိုင်နေသော ငရဲကမ္ဘာအမျိုးသမီးက သူ့၏ အပြုအမူများကို ကြောင်အမှင်သက်စွာပင် ကြည့်နေလေသည်။သူမ၏ ပါးစပ်ထဲမှ အစားပလုတ်ပလောင်းနှင့် အလုပ်များနေသော သူမ၏ လက်များပင်လျှင် ရပ်တန့်နေလေပြီ။


"ဒီလူက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်တုံးအနေရတာလဲ...သူက ဥကိုမပြီး ဘာလုပ်ဖို့လဲ...တစ်စုံတစ်ယောက်က ဒီနေရာမှာ ဥကို အကာအကွယ်မဲ့ ချန်ထားခဲ့မယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူမသိဘူးလား...သွေးလွှမ်းလူသားတောင်မှပဲ ဥထဲက အနှစ်သာရတွေကို စုပ်ယူဖို့အတွက် ဥဘေးမှာ ရှုရမျှော်စင်ကို ထား ထားခဲ့တယ်ဆိုတာကို သူမမြင်ဘူးလား...သူ့လိုမျိုး မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ကိုရောက်နေတဲ့ သူတောင်မှ ဥကိုရွေ့ဖို့ မရွေးချယ်ခဲ့ဘူးလေ..."


ခွေးဘုရင်၏ မျက်နာတွင် ကျေနပ်ပြုံးရေးရေးက ထင်ရှားနေသည်။ဖီးနစ်ဥကို ခိုးယူနေကြဖြစ်သော ခွေးဘုရင်အနေဖြင့် ဖီးနစ်ဥ ကောက်ယူခြင်း၏ အကျိုးဆက်များကို သိပေသည်။


ပုဖန်လည်း တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး သူ့၏ မျက်လုံးများ ဝိုင်းစက်သွားသည်။သူ ဥ၏ အောက်၌ရှိနေသော စွမ်းအင်အရင်းအမြစ်နေရာကို ကြောက်စရာကောင်းလှသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။


သူဥကို မလိုက်သည့်ခဏ၌ ထိုစွမ်းအင်များက အက်ကွဲလာလေပြီ။သူ ပျာယာခတ်သွားပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။


"ခွေးငပျင်း...မင်းက ငါ့ကို လှည့်စားရဲတယ်လား..."