အပိုင်း ၄၆၉
Viewers 53k

အခန်း ၄၆၉

ရှင်က ဟင်းချက်နိုင်တယ် ရှင်က...ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ...


ပုဖန် ဥကိုမယူလိုက်သည့်အချိန်၌ ဥ အောက်ခြေ၌ ရှိနေသော စွမ်းအင်အလုံးအရင်းက တဖြေးဖြေးပြိုကွဲလာလေသည်။ထို့နောက် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းများပေါ်ထွက်လာသည်။ထိုအရာက နှစ်ပေါင်းများစွာအိပ်ပျော်နေသော သားရဲကြီးတစ်ကောင် နှိုးထလာသလိုပင် ခံစားမိလေသည်။


ကျီ...


စူးစူးရှရှ အသံနှင့်အတူ ဖီးနစ်ဥ၏ အောက်ခြေက ကြွတက်လာသည်။ထိုနေရာမှ စွမ်းအင်များလည်း စိမ့်ထွက်လာ၏။ယန္တရားပညာရှင်များက ဖီးနစ်ဥ၏ အောက်ခြေတွက် ခလုတ်တချို့ကို တပ်ဆင်ခဲ့ပုံပေါ်သည်။ထိုဖီးနစ်ဥ၏ အောက်ခြေမှနေ၍ အလွန်ဖိနှိပ့်နိုင်စွမ်းသော အော်ရာများ ထွက်ပေါ်လာသည်။


မြေပြင်က သားရဲတစ်ကောင် အော်မြည်သကဲ့သို့ စူးစူးရှရှအသံများ မြည်လာပြီး ပြင်းပြင်းထန်ထန်တုန်ခါလာသည်။အသံများကြောင့် ပုဖန်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ဖီးနစ်ဥ၏ အောက်ခြေမှ နက်မှောင်နေသော နေရာမှနေ၍ အလျှင်အမြန်ရွေ့လျားနေသော အရိပ်တစ်ခုကို သူမြင်လိုက်သည်။


သူ့၏ နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။သူ ထိုဥကိုယူနိုင်သည်ဟု ဘလက်ကီပြောလိုက်သောအချိန်က သူ့၏ အကြည့်ကိုပြန်လည်သတိရလိုက်သည်။


"သေလိုက်တော့...ငါယူလို့ရတယ်ပေါ့လေ..."


ပုဖန်၏ မျက်နာက မဲမှောင်သွားပြီး ဥကို အလျှင်အမြန်လွှတ်ချလိုက်သည်။သို့သော်လည်း အရိပ်က နှိုးထလာပြီဖြစ်သောကြောင့် ဖီးနစ်ဥက လေထဲ၌သာ မျောလွင့်နေလေသည်။


တလဲ့လဲ့တောက်ပနေသော ဧရာမအခင်းအကျင်းမှ ကြီးမားလှသော အရိပ်ကြီး ပေါ်ထွက်လာလေပြီ။ထိုအရိပ်က အလွန်တရာ ကြီးမားလှသောကြောင့် ကောင်းကင်ကိုပင် ဖုံးအုပ်လုမတက်ဖြစ်နေသည်။ပုဖန် ထိုဧရာမသားရဲကြီးကို အံ့သြတကြီး ကြောင်ကြည့်နေမိသည်။


"ဘာကြီးလဲ..."


သူလုပ်မိသည်က အလွန်ပင် စင်ကြယ် ရိုးသားလှသည်။သူ ဥကိုသာ ကောက်ယူလိုက်မိခြင်းဖြစ်သည်။ထို့အပြင် ခွေးငပျင်းကလည်း သူယူလို့ရသည်ဟု ပြောခဲ့သည်မဟုတ်ပေလား။သို့သော်လည်း ပုဖန် ခွေးငပျင်း၏ အမူအရာကို မှတ်မိသွားပြီး သူ့ကိုယ်သူသာ ကျိန်ဆဲလိုက်သည်။ထိုခွေး၏ စကားများက မယုံကြည်ရပေ။


ဖီးနစ်ဥက လေထဲ၌ မျောနေပြီး အနက်ရောင်အခိုးအငွေ့များကြားထဲ၌ ဝေ့ဝဲနေလေသည်။ထိုအနက်ရောင်စွမ်းအင်များ၏ အောက်၌ ကြောက်မက်ဖွယ်ကောင်းသော ငှက်တစ်ကောင်ရှိနေသည်။


ငှက်၏ အသွင်က ထူးဆန်းလှ၏။ အသားများ တစ်စက်မျှမရှ်ိသလို သွေးလည်းမရှိပဲ အရိုးဖြူ သက်သက်ကြီးသာရှိနေသည်။ထိုအရိုးများကလည်း အလင်းတန်းများဖြင့် တောက်ပနေပြီး အနုပညာမြောက်လှသော လက်ရာတစ်ခုကဲ့သို့ပင် ရှိနေသည်။


"အဲ့ဒါက အရိုးဖီးနစ်ပဲ...သူတို့တွေက ဖီးနစ်ဥတွေကို အထူးကြပ်မတ်စောင့်ရှောက်တယ်..."


အဝေးတွင်ရပ်နေသော ဘလက်ကီက ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး ထိုပုံရိပ်အကြောင်း ပုဖန်ကို မိတ်ဆက်ပြောကြားလိုက်သည်။


ထိုဖီးနစ်မှ ထွက်ပေါ်နေသော အော်ရာများက ကြောက်စရာကောင်းလှသလို သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်စွမ်းအင်များကလည်း အသံကျယ်များ အဆက်မပြတ်ထုတ်လွှင့်နေသည်။


ထိုအနက်ရောင်စွမ်းအင်များက သေဆုံးခြင်းစွမ်းအင်များပင်ဖြစ်သည်။ထိုငှက်၏ စူးစူးရှရှအော်မြည်သံကလည်း သားရဲတစ်ကောင် ဟိန်းဟောက်သကဲ့သို့ပင် နားပင်းမတတ်ကျယ်လောင်လှသည်။


နဂါးသွေးထမင်းကြော်ကို စားနေသော အမျိုးသမီးကလည်း သူမ၏ ပန်းကန်ကို ကိုင်၍ အရိုးဖီးနစ်နှင့် ဝေးရာဆီသို့ ခပ်မြန်မြန်ရွေ့သွားလေသည်။ထိုအရိုးဖီးနစ်က ဖီးနစ်အမမှ ပုံသဏ္ဍာန်ပေါ်လာခြင်းဖြစ်သည်။ထိုအရာက ၎င်းတို့၏ သားစဉ်မြေးဆက်များကို ကာကွယ်စောင့်ရှောက်ရန် အသုံးပြုသော ဖီးနစ်များ၏ နည်းစနစ်တစ်ခုပင်ဖြစ်သည်။


ထို့ကြောင့်ပင် ဗဟုသုတ နည်းနည်းပါးပါး ရှိသည့်သူများက ဖီးနစ်ဥများကို အလွယ်တကူ မကောက်ရခြင်းပင်ဖြစ်သည်။အကယ်၍ သူတို့ပြုလုပ်ခဲ့လျှင် ထိုအရိုးဖီးနစ်က ရေဆုံးမြေဆုံးတိုင်အောင် လိုက်လံ၍ ပြဿနာရှာနေပေလိမ့်မည်။


ခွေးဘုရင်က ပုဖန်၏ စိတ်ဒုက္ခရောက်နေသော အခြေအနေကို အလွန်အားရကျေနပ်စွာပင် ကြည့်နေခဲ့သည်။


ထိုအချိန်၌ ကျယ်လောင်လှသော အသံနှင့်အတူ ဝှိုက်တီက ပုဖန်အရှေ့သို့ ဆင်းသက်လာခဲ့သည်။


ဘန်း...


အရိုးဖီးနစ်ကလည်း သူ့၏ အရိုးတောင်ပံများကို ခတ်လိုက်ရာ အနက်ရောင်လေပြင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။လေထုထဲ၌ အရိုးလက်သည်းများပေါ်လာပြီး အာကာပြင်ကို ဖြဲဆုတ်ရန် ကြိုးစားလိုက်သကဲ့သို့ပင်။


ဝှိုက်တီ၏ သံချပ်ကာ ဝတ်စုံက အလင်းရောင်တစ်ချက် လက်လက်တောက်ပလာသည်။ထို့နောက် သူ့၏ ယပ်တောင်ကဲ့သို့ လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအရိုးဖီးနစ်ကို ဖမ်းဆုတ်ရန်ကြိုးစားလိုက်သည်။


သို့သော်လည်း ထိုအရိုးဖီးနစ်က အလွန်စွမ်းအားကြီးလှသည်။သူ့၏ စွမ်းအင်များက သွေးလွှမ်းလူသားထက် နည်းနည်းမှအားနည်းမနေပေ။


အရိုးဖီးနစ်က ဝှိုက်တီ၏ ဖမ်းဆီးမှုထဲမှ လွတ်ထွက်၍ ပျံသန်းသွားလေသည်။ရွှေရောင်အလင်းတစ်ခုတောက်ပလာပြီးနောက် ပုစွန်ပိစိက သူ့၏ သေးငယ်သော ပုံသဏ္ဍာန်အဖြစ် ပြန်လည်ပြောင်းသွားကာ ပုဖန်၏ ပုခုံးထက်သို့ ပြန်ရောက်လာသည်။


ပုစွန်ပိစိက သူ့၏ အသွင်ရောမျက်ဝန်းများကို လှည့်လည်ရင်း ပုခုံးပေါ်မှနေ၍ အခြေအနေကို ကြည့်ရှုနေလေသည်။


ဘလက်ကီက ဝှိုက်တီ ရုတ်တရက်ထွက်ပေါ်လာရန် မမျှော်လင့်ထားမိပေ။


ထိုသံတုံးပုံကြီးက ပုဖန်ကို အမြဲတမ်းကာကွယ်ဖို့ကြိုးစားနေလေသည်။


ဘလက်ကီ၏ နှုတ်ခမ်းများက တွန့်ရှုံ့သွားပြီး ဝှိုက်တီ၏ ပုံစံအသစ်ကို ကြည့်လိုက်သည်။


ထိုသံတုံးကောင်က သံချပ်ကာ ဝတ်စုံကိုလည်း ဝတ်ဆင်ထားသေးသည်။ထို့အပြင် သူ့၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အရင်ကထက် ပိုမို အားကောင်းလာသည်။သို့သော်လည်း သူက အရိုးဖီးနစ်ထက် အားနည်းနေဆဲပင်ဖြစ်သည်။


ဖီးနစ်က အော်မြည်သံတစ်ခုထဲဖြင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားစေလောက်အောင် အစွမ်းထက်လွန်းလှသည်။သို့သော်လည်း ခွေးဘုရင်က ပုဖန်အတွက် စိတ်ပူပန်နေခြင်းမရှိပေ။ထိုဖီးနစ်ဥက သာမန်ဥမျှသာဖြစ်သောကြောင့် စောင့်ရှောက်နေသူ အရိုးဖီးနစ်ကလည်း အလွန်အမင်းအစွမ်းထက်လိမ့်မည်တော့မဟုတ်ပေ။


အကယ်၍ ထိုဥသာ မီးဖီးနစ်ဥဖြစ်ပါက စောင့်ရှောက်နေသော အရိုးဖီးနစ်ကလည်း အလွန်အမင်းအစွမ်းထက်ပေလိမ့်မည်။မသေမျိုးခန္ဓာအဆင့်ထက်မြင့်သော သူများပင် ထိုဖီးနစ်နှင့် ရင်ဆိုင်ရပါက သေလမ်းသို့ သွားရန်သာရှိပေလိမ့်မည်။


မီးဖီးနစ်၏ စွမ်းအားက အလွန်တရာကြောက်စရာကောင်းလွန်းလှသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ဆွဲကိုင်လိုက်ပြီး အရိုးဖီးနစ်ဆီသို့ ဝှေ့ယမ်းလိုက်သည်။


ထိုကဲ့သို့ ပုဖန်ဒုက္ခရောက်နေသော မြင်ကွင်းကိုကြည့်၍ ဘလက်ကီအလွန်တရာ စိတ်ကျေနပ်နေလေ၏။


သို့သော်လည်း သူက အချိန်ကြာကြာဆွဲမနေပဲ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် အရှေ့သို့ လျှောက်သွားလိုက်သည်။ခဏအတွင်းမှာပင် အရိုးဖီးနစ်၏ ကြီးမားလှသော ဦးခေါင်းရှေ့၌ ပေါ်ထွက်လာလေသည်။


အရိုးဖီးနစ်၏ ရဲရဲနီနေသော မျက်ဝန်းအကြည့်များက ဘလက်ကီဆီသို့ ကျရောက်လာသည်။သူ့၏ ချွန်မြေ့လှသော သွားစွယ်များပြည့်နေသည့် နှုတ်သီးချွှန်ချွှန်ကို ဖွင့်ဟလိုက်ပြီး ထိုးဆိတ်ရန် ကြိုးစားလိုက်သည်။


"မင်းမှာ အရိုးကြီးပဲ ရှိတာလေ...ဒါတောင်မှပဲ ဒီခွေးဘုရင်ကို စားချင်နေသေးလား..."


ဘလက်ကီက အသာအယာပင်ပြောလိုက်ပြီး သူ့၏ နူးညံ့ချောမွေ့လှသော လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်သည်။ထို့နောက် အရိုးဖီးနစ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။


ကျယ်လောင်လှသော အသံနှင့်အတူ အရိုးဖီးနစ်၏ ဖြူဖွေးလှသော အရိုးများပေါ်၌ မြောက်များလှစွာသော အက်ရာများ ပေါ်ထွက်လာသည်။ထိုအက်ရာများမှနေ၍ သိပ်သည်းလှသော စိတ်ဝိညာဉ်အနှစ်သာရများ ယိုစိမ့်ကျလာ၏။


အရိုးဖီးနစ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ဖုန်လုံးကြီး တက်လာလေ၏။ဖုန်လုံးများကြားထဲမှနေ၍ ငှက်တစ်ကောင်၏ ဒေါသတကြီးအော်မြည်သံကလည်း စူးရှစွာ ထွက်ပေါ်နေ၏။အရိုးဖီးနစ်က သူ့၏ ချွှန်မြက်လှသော နှုတ်သီးကို ကျယ်ကျယ်ဖွင့်ဟလိုက်ပြီး လေထဲတွင်ရှိနေဆဲဖြစ်သော ခွေးဘုရင်ထက်သို့ အလောတကြီး ပြေးသွားလိုက်သည်။


ခွေးဘုရင်က မျက်ဝန်းများကို စိတ်ပျက်လက်ပျက်လှပ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။


ခရက်ရှ်...


သူဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် အရိုးဖီးနစ်၏ အရိုးများက တစ်စစီပြိုလဲကျလာသည်။မြေပြင်က အဆက်မပြတ်တုန်ခါနေလေသည်။ဖုန်မှုန့်များအဝေးသို့ လွင့်ပါးသွားသည့်အခါ၌ ထိုနေရာ၌ အရိုးပုံကြီးတစ်ခုသာ ကျန်နေလေသည်။


ထိုအရိုးပုံပေါ်တွင် ဇိမ်ဖြင့်ထိုင်နေသောဘလက်ကီက သူ့ တင်ပါးများကို လှုပ်ခါလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။သူ့၏ အမွှေးများပေါ်တွင် ကပ်ညှိနေသော အရိုးမှုန်များ လွင့်ပါးသွားစေရန် သန့်ရှင်းလိုက်ခြင်းဖြစ်သည်။


ထို့နောက် သူ့၏ အမြီးကို မိုးပေါ်သို့ရောက်အောင်ပင် မြှောက်တန်းထားလိုက်ပြီး အောင်ပွဲခံနေလိုက်သည်။


အရိုးဖီးနစ်ပြိုလဲကျသွားပြီးနောက် ဖီးနစ်ဥကို မြှောက်တင်ထားသော အနက်ရောင်စွမ်းအင်များလည်း ကွယ်ပျောက်သွားလေပြီ။ထိုစွမ်းအင်များမရှိတော့သည်နှင့် လေထဲ၌ရှိနေသော ဖီးနစ်ဥက ပြန်လည် ပြုတ်ကျလာသည်။


မြင်ကွင်းကြောင့် ပုဖန်၏ မျက်ဝန်းများ ပြူးကျယ်သွားလေသည်။သူ ဖီးနစ်ဥကို ထိုကဲ့သို့ ကျသွားခွင့်မပြုနိုင်ပေ။ဖီးနစ်ဥအခွံက ကျောက်တုံးများထက် ပိုမာလိမ့်မည်ဟုဘယ်သူမှအာမခံထားခြင်းမရှိပေ။


ပုဖန်၏ ခြေဖဝါးအောက်မှ အစစ်အမှန်စွမ်းအင်များ ချက်ချင်းထွက်ပေါ်လာပြီးနောက် သူအလောသုံးဆယ်ပြေးသွားလိုက်ကာ ဥ၏ အောက်ခြေသို့ လက်မောင်းများ ဆန့်တန်းထားလိုက်သည်။


ဖြေးညှင်းစွာကျနေသောဖီးနစ်ဥ၏ အရှိန်က ပို၍မြန်ဆန်လာခဲ့သည်။ဖီးနစ်ဥကိုသာအသေအချာ စိုက်ကြည့်နေသောပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ ရုတ်တရက် ခုန်ထလိုက်ပြီးနောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းနေသော ဖီးနစ်ဥ၏ အောက်ခြေကို တွန်းကန်လိုက်သည်။


ထိုဖီးနစ်ဥမှ ထွက်ပေါ်လာနေသော အားအင်ပမာဏက ပုဖန်ကို မျက်မှောက်ကြုတ်သွားစေသည်။ဘလက်ကီက လျှာထုတ်ပြီးထိုမြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်နေလေသည်။


ဘန်း...


မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြန်သည်။ပုဖန်မြေပြင်ပေါ် ခပ်ပြင်းပြင်း ပြုတ်ကျလာသောကြောင့် ဖုန်မှုန့်များထပြီး ပတ်ဝန်းကျင်တစ်ခွင် ဖုန်လွှမ်းသွားသည်။


ဖုန်မုန့်များကျဲပါးသွားပြီးနောက် ပုဖန်ပြုတ်ကျသွားသည့်နေရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။သူ့၏ ပုခုံးပေါ်တွင် ကြီးမားလှသော ဖီးနစ်ဥကို သယ်ဆောင်ထားသည်။သူ့၏ ခေါင်းက တစ်ဖက်သို့ တော်တော်လေးစောင်းနေလေ၏။သူ့၏ မျက်နာကလည်း နီရဲနေသည်။အသက်ပြင်းပြင်းထန်ရှုနေရသောကြောင့် သူ့၏ ရင်ဘတ်ကလည်း ဖှုတ်လိုက်ဖှုတ်လိုက်ဖြစ်နေလေ၏။


သ်ို့သော်လည်း သူ အနည်းဆုံးတော့ ဖီးနစ်ဥကို ကယ်ဆယ်လ်ိုက်နိုင်ပေသည်။သူ့၏ ခြေထောက်တစ်စုံကလည်း ဒူးခေါင်းထိရောက်အောင်ပင် မြေကြီးထဲနစ်ကျွံ့နေသေးသည်။ထိုအချင်းအရာကို ကြည့်ရုံဖြင့် ဖီးနစ်ဥ မည်မျှလေးလံသည်ကို သိနိုင်ပေသည်။


နဂိုကတည်းကပင် ထိုဖီးနစ်ဥက လေးလံနေပြီးသားဖြစ်သည်။ထို့အပြင် ပြုတ်ကျလာသည့်အချိန်၌ သူ့၏ အရှိန်ပါထည့်ပေါင်း၍ အလေးချိန်က ပို၍ တိုးသွားလေသည်။


ဘလက်ကီက ရယ်ချင်နေသော အကြည့်များဖြင့် ပုဖန်ကို ကြည့်လိုက်သည်။ထိုကောင်လေးပုဖန်က ဘယ်အရာမဆိုလုပ်နိုင်ပေသည်။အစားကောင်းသောက်ဖွယ်တစ်ခုအတွက် သူ့၏ အသက်ကိုပင် ရင်းနီးရဲနေပေသေးသည်။


ပုဖန်က ဖီးနစ်ဥကို သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်။သူ့၏ အားအင်များ အလွန်အကျွံ့သုံးစွဲလိုက်ရသောကြောင့် လက်များပင် တဆတ်ဆတ်တုန်ခါနေသေး၏။သူကမာနှလုံးသားပန်ကိတ်တစ်ခုကို အလောတကြီး စားပြီးသည့်အခါမှသာ အနည်းငယ်ပြန်လည်သက်သာလိုက်သည်။သို့သော်လည်း သူ့၏ လက်ချောင်းလေးများက တဆတ်ဆတ်တုန်ခါနေဆဲဖြစ်သည်။သူလုံးဝ ပြန်လည် သက်သာရန်အတွက် အချိန်အနည်းငယ် ယူရပေလိမ့်မည်။


ဝှိုက်တီက သူ့၏ ခေါင်းပြောင်ပြောင်ကိုကုတ်၍ ပုဖန်၏ အနောက်၌ ရပ်နေသည်။သူ့၏ မျက်ဝန်းများကလည်း ခရမ်းရောင်အဖြစ် ပြန်လည် ပြောင်းလဲသွားပြီဖြစ်သည်။သူ့၏ ပုခုံးပေါ်တွင်ရှိနေသော ပုစွန်ပိစိ၏ အသွင်ရောမျက်ဝန်းများက တုန်ရီနေ၏။


သူဖီးနစ်ဥ ပြုတ်ကျလာသည့်အချိန်၌ သူ့၏ ခန္ဓာကိုယ်ပင် တောင့်တင်းသွားခဲ့သည်။ထိုအတွေ့အကြုံက တကယ့်ကို စိတ်မသက်သာစရာကောင်းလှသည်။


"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ...ပုဖန် ကောင်လေး မင်း အများကြီးတိုးတက်လာပြီ..."


ဘလက်ကီက လေးနက်စွာ ပြောလိုက်သည်။ပုဖန်က စကားမပြန်ပဲ ရန်လိုစွာဖြင့် ကြည့်လိုက်သည်။ဘလက်ကီ အနောက်သို့ပင် အနည်းငယ် ခုန်ဆုတ်လိုက်မိသည်။ထို့နောက် သူ အားတင်းပြုံးလိုက်ပြီး ပြောလိုက်၏။


"ငါက ဖီးနစ်ဥရဲ့အကြောင်းနဲ့ ပတ်သတ်ပြီး မသိဘူးလို့ပြောရင် မင်းငါ့ကို ယုံမှာလား..."


"မင်းဘယ်လိုထင်လဲ...တကယ်လို့ငါက နံရိုးချိုချဉ်ကြော်ကို ချက်တဲ့နည်းမေ့သွားပြီလို့ ပြောရင် မင်းငါ့ကိုယုံမှာလား..."


ခွေးဘုရင်၏ မျက်ဝန်းများ ပြူးကျယ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ မဆီပြင်များပင် တုန်ခါသွားလေသည်။


"အဲ့ဒီလိုမလုပ်နဲ့...အရှင်ပု ဒီခွေးဘုရင်က မင်းကိုကူညီပြီး အဲ့ဒီငှက်ကို သတ်ပေးပြီးပြီလေ...ဒီခွေးဘုရင်ကို မကျေနပ်တာရှိလို့ရှိရင် ပြောသာပြောလိုက်..."


ဘလက်ကီ၏ အမြီးက ထောင်တန်းနေပြီး ပုဖန်ကို ရိုးသားမှုအပြည့် မျက်ဝန်းတောက်တောက်လေးများဖြင့် ကြည့်နေလေသည်။


ငရဲကမ္ဘာအမျိုးသမီးက ထမင်းကြော်ကိုစားပြီးနောက် သူမ၏ လျှာကို ဆန့်ထုတ်၍ ပန်းကန်လုံးကို လျက်နေပေသည်။ကြည့်ရသည်မှာ ဆေးစရာ လိုတော့မည့်ပုံမပေါ်ပေ။ငရဲကမ္ဘာ အမျိုးသမီးက ပန်းကန်လုံးမှ မည်သည့်အရသာမှ မကျန်တော့သည့်အထိ ဆက်လျက်နေလေ၏။ထို့နောက် ခေါင်းပြန်မော့လိုက်ပြီး သူမလက်ထဲမှ ပန်းကန်လုံးကို ပုဖန်ဆီသို့ လှမ်းပေးရင်း ပြောလိုက်သည်။


"ငါ့ကို နောက်တစ်ပွဲထပ်ပေးဦး..."


"ငါ့မှာမရှိတော့ဘူး..."


ပုဖန်က ပန်းကန်လုံးကို ပြန်သိမ်းရင်းပြောလိုက်သည်။


ထမင်းကြော်ကို စားပြီးနောက် ငရဲကမ္ဘာအမျိုးသမီး၏ မျက်နာက သွေးရောင်လွှမ်းလာပေပြီ။ပုဖန်၏ စကားကိုကြားပြီးနောက် သူမ၏ မျက်လုံးထဲ၌ စိုးရိမ်မှုများ ပြည့်နှက်လာသည်။သူမ၏ ရှည်လျားလှသော အနက်ရောင်ဆံနွယ်များက ပုဖန်၏ လက်မောင်း၌ ရစ်ပတ်လေသည်။


"ငါ့ကို နောက်တစ်ပွဲ ထပ်ပေးဦး..."


သူမက ခေါင်းမာစွာဖြင့် ထပ်ပြောလိုက်သည်။ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်မောင်းမှ အေးစက်လှသော ဆံနွယ်များကို ငုံ့ကြည့်လိုက်သည်။ထို့နောက် ငရဲကမ္ဘာအမျိုးသမီး၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လိုက်၏။


အမျိုးသမီးက နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးနောက် သူမဆံပင်များကို ပြန်လည် ဖြေလျော့ပေးလ်ိုက်သည်။


"ရှင်က ဟင်းပွဲတွေ ချက်နိုင်တယ်...ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ..."


"အခုငါ့မှာ ဘာပစ္စည်းမှမရှိဘူး...အဲ့ဒီတော့ ငါနောက်ထပ်ထပ်ပြီးတော့ မချက်န်ိုင်တော့ဘူး...အဲ့ဒီတော့ နောက်ထပ် ထပ် မရှိတော့ဘူး..."


ပုဖန်က ညှင်သာစွာပင် ကြည့်လိုက်ပြီးနောက် သူမကို ရှင်းပြလိုက်သည်။ငရဲကမ္ဘာအမျိုးသမီး၏ အမူအရာမဲ့လှသောမျက်နှာပေါ်တွက် ဝမ်းနည်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။


သူမက လျှာထုတ်၍ ဖြူဖွေးသေးသွယ်လှသော သူမ၏ လက်ချောင်းလေးများကို လျက်ကာကျန်နေသေးသည့် ထမင်းကြောက်အရသာကို အရသာခံနေပေသည်။


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် အမျိုးသမီး၏ ဘေးနားသို့ တက်ကြွစွာပင်လျှောက်သွားလိုက်သည်။


"အခုလောလောဆယ်တော့ကောင်လေးပုဖန်မှာ ဘာပါဝင်ပစ္စည်းမှမရှိတော့ဘူး...ဒါပေမယ့် နောင်တစ်ချိန်မှာ ရှိမလာတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ...နင်သာ သူ့လို ကော်လိုမျိုး လိုက်ကပ်ထားမယ်ဆိုလို့ရှိရင် လုံလောက်အောင်စားရမှာပဲလေ မဟုတ်ဘူးလား..."


ခွေးဘုရင်က အမျိုးသမီးနားသို့ နီးကပ်အောင် တိုးကပ်သွားလိုက်ပြီးနောက် တီးတိုးပြောလိုက်သည်။


"ဒီခွေးဘုရင်က မင်းကိုယုံတယ်...မင်းကို ထောက်ခံပေးမယ်..."