အပိုင်း ၄၇၀
Viewers 62k

အခန်း.၄၇၀

နန်ကုန်းဝူချယ်၏ ကြိုးပမ်းမှု


ငရဲကမ္ဘာအမျိုးသမီးက ဘလက်ကီ၏ စကားကြောင့် အံ့အားသင့်သွားပြီး သူ့၏ အဆီတလှုပ်လှုပ်ဖြစ်နေသော မျက်နာကို လှည့်ကြည့်လိုက်သည်။ထိုတည်ကြည်လှသော အသံက သူမကို လှည့်စားဖို့ ကြိုးစားနေသည်ဟုထင်ရလေသည်။


သို့သော်လည်း စကားလုံးထဲတွင် အမှန်တရားအချို့တော့ ပါဝင်နေသည်။ထိုအတွေးကြောင့်ပင် သူမသွေးဆောင်ခံလိုက်ရသလိုဖြစ်ပြီး နှုတ်ခမ်းပါးများကို သပ်လိုက်သည်။


သို့သော်လည်း ပုဖန်က သူမကို စိတ်ဝိညာဉ်အနှစ်သာရများ ပြည့်နှက်နေသည့် ဟင်းပွဲများ မကြာခဏပေးနိုင် မပေးနိုင်ကို သူမမသိသောကြောင့် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။


အကယ်၍သူမသာ စိတ်ဝိညာဉ်အနှစ်သာရအာဟာရများ လုံလုံလောက်လောက်မရခဲ့လျှင် ကျိန်စာကြောင့် ဒုက္ခရောက်ပေလိမ့်မည်။ထိုကျိန်စာက သူမကို ဓားပေါင်းများစွာဖြင့် တစ်ပြိုက်တည်း ခုတ်ဖြတ်သကဲ့သို့ (သို့မဟုတ်) ပုရွတ်ဆိတ်သောင်းပေါင်းများစွာ ကိုက်ခံရသကဲ့သို့ နာကျင်မှုကို ခံစားရစေနိုင်သည်။


ထို့ကြောင့် သူမ တွန့်ဆုတ်နေခြင်းဖြစ်သည်။တိမ်ပင်လယ်လျှို့ဝှက်နယ်မြေထဲ၌မူ မြောက်များလှစွာသော ကမ္ဘာမြေရတနာများ ကောင်းကင်ဘုံ ဆိုင်ရာ ပစ္စည်းများ ပြည့်နှက်နေပြီး သူမ အလိုရှိတိုင်းယူနိုင်လေသည်။


သို့သော်လည်း သူမ လျှို့ဝှက်နယ်ပယ်ထဲမှ ထွက်သွားပါက ထိုရတနာများကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။ထို့ကြောင့် သူမအတွက် အလွန်ပင်အရေးကြီးလှသော ရွေးချယ်မှု တစ်ခုပြုလုပ်ရပေတော့မည်။


သူမ၏ အတွေးများက ရှုပ်ထွေးနေပြီး ခေါင်းအငွေ့ထွက်မတက်ပင်ဖြစ်နေလေသည်။သူမ ပုဖန်၏ ထမင်းကြော်ကို စားခဲ့သည့်အချိန်တုန်းက ထိုအနှစ်သာရများက လည်ချောင်းမှတစ်ဆင့် ဆင်းသွားပြီးနောက် သစ်ပင်သေကဲ့သို့ ဖြစ်နေသော သူမ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားကာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားတက်ကြွမှု ပျေနပ်နှစ်သိမ့်မှုတို့ကို ခံစားခဲ့ရသည်။ထို့ကြောင့် သူမကိုယ်တိုင်ကလည်း ပုဖန်နှင့် မခွဲခွာလိုပေ။


"အဲ့ဒီကောင်လေးက တစ်ခြားနေရာတွေမှာသာ အသုံးမဝင်တာ...ဒါပေမယ့် ချက်ပြုတ်တဲ့နေရာမှာတော့ လုံးဝ ထိပ်တန်းပဲ..."


"မင်းဒီခွေးဘုရင်ကို ယုံလိုက်စမ်းပါ...ငါက မင်းကို ဘယ်တော့မှ လှည့်စားမှာမဟုတ်ဘူး...ဒါပေမယ့်လည်း မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်း ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ တွေးပြီးတော့ ဆုံးဖြတ်ပါ...တကယ်လို့ မင်းကျိန်စာကိုသာ တိုက်ထုတ်နိုင်သွားပြီဆိုလို့ရှိရင် မင်းဘဝကို သက်တမ်းစေ့ ပြည့်ပြည့်ဝဝ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီ..."


ခွေးဘုရင်က သူမကို လှည့်စားလိုသောအသံဖြင့် ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။


ထိုအခ်ျိန်၌ ပုဖန်က ဘလက်ကီနှင့် အမျိုးသမီးတို့ ဘာလုပ်နေသည်ကို မကြည့်နေပဲ ပတ်ဝန်းကျင်၌ လျှောက်ပတ်ကြည့်နေသည်။ဒီနေရာက အရမ်းကြီးမားသည်ဟု ဆို၍မရပေ။ထို့အပြင် နေရာတိုင်းကျာက်ရေပူများ အပူငွေ့လှိုင်းများသာ ပြည့်နှက်နေလေသည်။


ဖီးနစ်ဥ ပျောက်ကွယ်သွားပြီးနောက် ဒီနေရာ၌ ရှိနေသောသိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များက လျှင်မြန်လှသော အရှိန်ဖြင့် လျော့ကျနေသည်။သူက ဒီနေရာ၌ စိတ်ဝိညာဉ် ဆေးပင်များ ရှိမရှိကို သိလိုခဲ့သည်။သို့သော်လည်း မကြာခင်မှာပဲ သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။


ဒီနေရာ၌ ဖီးနစ်ဥနှင့် နဂါးရိုးအသွင်မြက်တို့ ရှိနေခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို သူတို့ကသာ သိမ်းပိုက်ထားခဲ့ပြီး တခြားဆေးဖက်ဝင်အပင်များပေါက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။


ပုဖန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသွားပြီးနောက် ဒီနေရာ၌ ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့သောကြောင့် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။


ပုဖန်၏ နောက်မှ ထပ်ကြပ်မခွာ လိုက်နေသော ဝှိုက်တီ၏ မျက်လုံးများက ခရမ်းရောင်အလင်းများ တဖျက်ဖျက်လက်နေပြီး သူပခုံးပေါ်၌ရှိနေသော ပုစွန်ပိစိကလည်း မျက်လုံးတဝေ့ဝေ့ဖြင့် စူးစမ်းနေသည်။


"သွားကြစို့...ငါတို့ ဒီနေရာက ထွက်သွားသင့်ပြီ..."


ပုဖန်က ယခုထိတိုင်အောင် အမျိုးသမီးကို တီးတိုးပြောဆိုနေသည့် ဘလက်ကီကို လှမ်းပြောလိုက်သည်။ခွေးဘုရင်က သူ့အမြီးကို ဝှေ့ယမ်းလိုက်ပြီး အမျိုးသမီးကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။


"မင်းသေချာလေး စဉ်းစားဆုံးဖြတ်သင့်တယ်..."


ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့တင့်တယ်လှသော ခြေလှမ်းများဖြင့် ပုဖန်၏ ဘေးသို့လျှောက်သွားလိုက်သည်။ပုဖန်က ယခုထိတိုင်အောင် အမူရာမဲ့စွာ ရပ်နေသည့် အမျိုးသမီးကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် နှုတ်ဆတ်စကားပင်မဆိုပဲ လှည့်ထွက်လာခဲ့သည်။


သူက အက်ကွဲကြောင်းရှိရာဆီသို့ ဦးတည်လိုက်သည်။


ငရဲကမ္ဘာအမျိုးသမီး၏ လှပသေးသွယ်သော ခြေထောက်လေးများက မြေပြင်ပေါ်ထိကပ်လိုက်သည်။ထို့နောက် သူ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်လေ၏။


 ထိုအမျိုးသမီး သူနောက်မှ နေ၍ လေပြေလေညှင်းကဲ့သို့ပင် အသာအယာကပ်လိုက်လာသည်ကို ပုဖန် ခံစားလိုက်မိသည်။


သူအနည်းငယ် အံ့အားသင့်သွားသော်လည်း အများကြီး ဂရုမစိုက်မိပေ။အဘယ့်ကြောင့်ဆိုသော် ဒီနေရာမှ ထွက်ခွာရန်အတွက် ထွက်ပေါက်တစ်ခုသာရှိလေရာ အမျိုးသမီးက သူ့နောက်ကပင် လိုက်လာရလိမ့်မည်။


သူတို့အက်ကြောင်းထဲမှ ပြန်လည်ထွက်လာပြီးနောက် စားကောင်းသောက်ဖွယ်ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။


အံ့အားသင့်ဖွယ်ရာကောင်းပြီး အရသာရှိလှသည့် စားသောက်ဖွယ်ရာများ ပြည့်နှက်နေသည့် ကျွန်းက ယခုအခါတွင်မူ ပျက်စီးနေပေပြီ။စိတ်ဝိညာဉ် စွမ်းအင်များအပြည့်ဖြင့် သစ်ပင်များက ယခုအခါတွင် ကျောက်ရေပူများ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရပြီးနောက် မီးသွေးများ အဖြစ်သို့ ပြောင်းလဲနေပေပြီ။အငွေ့တလူလူထွက်နေသည့် မီးသွေးပုံများသာ ကျန်ရှိနေတော့၏။


ကျွန်းပေါ်ရှိ စိမ်းလန်းနေသော မြက်ပင်များကလည်း လောင်ကျွမ်းခံလိုက်ရပြီးနောက် အကြွင်းအကျန်ငုတ်တိုများအဖြစ်သာ ကျန်နေခဲ့ပြီး မြေပြင်ပေါ်၌လည်း အက်ကြောင်းများ ပြည့်နှက်နေလေသည်။


ပုဖန်က အက်ကြောင်းများ ပြည့်နေသည့် မြေပြင်ပေါ်တွင် ခဏမျှ ပတ်ကြည့်လိုက်ပြီးနောက် စိတ်မသက်မသာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။


သဘာဝအတိုင်းဖြစ်ပေါ်နေသည့် စားကောင်းသောက်ဖွယ်ကျွန်းဆိုသည်မှာ အလွန်တရာ ရှားပါးလှသည်။ထိုကဲ့သို့သော ကျွန်းများကို စားဖိုမှူးများ တွေ့ကြုံနိုင်ရန်က ပို၍ပင် ခက်ခဲလှသည်။


လှပမှုများက တစ်ခဏသာ ခံသည်မှာ နှမြောစရာကောင်းလွန်းလှ၏။


သူ ကျွန်းပေါ်၌ ကြည့်နေရင်းမှ မျက်မှောင်ကြုတ်လိုက်မိသည်။နတ်လှေငယ်များ အားလုံးက ပျောက်ဆုံးနေလေပြီ။ထိုလှေများ မရှိက သူမည်ကဲ့သို့ ထွက်ခွာရမည်နည်း။


ထို့အပြင် သူ လျှို့ဝှက်နယ်မြေအတွင်းမှ ဘယ်လိုပြန်ထွက်ရမည်နည်း။


ကြုံတွေ့လိုက်ရသော ပြဿနာကြောင့် သူစိတ်ရှုပ်ထွေးသွားမိသည်။လျှို့ဝှက်နယ်ပယ်ထဲသို့ လူမြောက်များဝင်ခဲ့သည် ဖြစ်လေရာ အသက်ရှင်ကျန်နေသူများ ရှိနေသင့်ပေသည်။အဘယ့်ကြောင့်ဆိုသော် ဒီစားကောင်းသောက်ဖွယ်ကျွန်းဆီသို့ လူအားလုံးရောက်လာကြခြင်းမဟုတ်ပဲ တချို့သူများက အခြားကျွန်းပေါ်တွင် ကျန်ရှိနေသင့်ပေသည်။


ထိုသူများ စားကောင်းသောက်ဖွယ်ကျွန်းဆီသို့ အလျှင်အမြန်မလာရခြင်းကလည်း သူတို့ တစ်ခြားနေရာများမှ သူတို့အတွက် အခွင့်အလမ်းများကို ရယူနေရခြင်းကြောင့် ဖြစ်နိုင်သည်။


ပုဖန်၏ နောက်တွင် ရပ်နေသော ငရဲကမ္ဘာအမျိုးသမီးဆီမှ အေးစက်လှသော လေအေးများ ရိုက်ခတ်လာသည်။


ပုဖန် မထိန်းနိုင်စွာဖြင့် တုန်ယင်သွားပြီးနောက် သူ သံသမကင်းစွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။


အမျိုးသမီးက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ကောင်းကင်ယံ၌ မျောလွင့်နေသော သူ့၏ ငရဲကမ္ဘာသင်္ဘောကို လက်ညှိုးညှန်ပြလေသည်။


"ခင်ဗျား ပြောချင်တာက ကျုပ်က အဲ့ဒီသင်္ဘောကို ယူရမယ်လို့လား..."


ပုဖန် အံ့သြတကြီး မေးလိုက်၏။အမျိုးသမီးက အမူအရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် သူမ၏ လှပလှသော ခြေဖျားလေးများဖြင့် မြေပြင်ကို ထောက်ကန်လိုက်ပြီး လေထဲသို့ မျောတက်လိုက်သည်။


ထို့နောက် ငရဲကမ္ဘာသင်္ဘောဆီသို့ မျောလွင့်သွားလိုက်၏။ပုဖန်က သူမကိုကြည့်၍ ခဏမျှ ခြေတုံချတုံဖြစ်နေပြီးနောက် အနောက်ကနေလိုက်သွားလိုက်လေသည်။


"ဒီလိုမျိုး ပြစ်ဒဏ်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိဘူး...ကျုပ်ဆိုလိုတာက ငရဲကမ္ဘာသင်္ဘောက အေးစက်ပြီး မှောင်မိုက်နေတယ်ဆိုပေမယ့်လည်း တခြားနတ်လှေတွေနဲ့ ယှဉ်လိုက်ရှိရင် အဆပေါင်းများစွာ ကြီးမားကောင်းမွန်နေတုန်းပဲလေ..."


ပုဖန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် စကားပြောင်းပြောလိုက်သည်။ဘလက်ကီက ပါးစပ်အကျယ်ကြီးဟ၍ သန်းဝေလိုက်သည်။ထို့နောက် သက်တောင့်သက်သာဖြစ်မယ့်နေရာတစ်ခုကို ရှာဖွေလိုက်ပြီး လှဲချ၍ အိပ်စက်လိုက်လေသည်။


ငရဲကမ္ဘာအမျိုးသမီးက ကုန်းပတ်ပေါ်တွင်ရပ်နေသော ပုဖန်ကို ငေးကြည့်နေ၏။ငရဲကမ္ဘာသင်္ဘောက အသံကျယ်များ စတင်မြည်ဟီးလာပြီးနောက် စတင်ရွေ့လျားလာပေသည်။ငရဲကမ္ဘာသင်္ဘောက ပင်လယ်ရေမျက်နာပြင်ပေါ် ပြန်လည် ခြေချသွားလေရာ ကျယ်လောင်လှသည့် လှိုင်းခတ်သံနှင့်အတူ လှိုင်းလုံးကြီးများ မြင့်တက်လာလေသည်။


 နက်ဆွေးနေသော ရွက်တိုင်များက လေနှင်ရာအတိုင်း လိုက်ပါပြီး အရှေ့သို့ ဆက်လက်ခရီးနှင်လာခဲ့သည်။


ပုဖန်က ငရဲကမ္ဘာသင်္ဘောကို တော်တော်လေး စိတ်ဝင်စားနေမိသောကြောင့် ပတ်ပတ်လည်ကို လျှောက်ကြည့်နေလိုက်၏။ငရဲကမ္ဘာသင်္ဘောကို တည်ဆောက်ထားပုံက အနုစိတ်ကျလှ၏။အသုံးပြုထားသည့် ပစ္စည်းများကလည်း သာမန်ထက် ထူးခြားလှ၏။သူ့၏ ပုံသဏ္ဍာန်က အနည်းငယ် အေးစက်ပြီး စိတ်ပျက်စရာကောင်းသော်လည်း သေချာစွာ လေ့လာကြည့်မည်ဆိုလျှင် မည်မျှပင် အံ့အားသင့်ဖွယ် သပ်ရပ်လှကြောင်း သိသွားပေလိမ့်မည်။


ရုတ်တရက်ပုဖန်၏ အကြည့်က သင်္ဘောအခန်းဆီသို့ ကျရောက်သွားသည်။တင်းကြပ်စွာ ပိတ်ထားသည့် တံခါးကို ကြည့်ရင်း မရည်ရွယ်ပဲ ကိစ္စရပ်တစ်ချို့ကို ပြန်လည်သတိရသွားသည်။


အကယ်၍ သူမှတ်မိသည်သာ မမှားပါက ဟိုလူပြက် နန်းကုန်ဝူချယ်က ဤအခန်းထဲ၌ ရှိနေပေလိမ့်မည်။ထိုသူ သင်္ဘောအခန်းထဲသို့ ဆွဲသွင်းခံရစဉ်က သူမျက်နာပေါ်က အမူအရာကို ပုဖန်၏ အာရုံထဲ စွဲထင်မှတ်နေတုန်းဖြစ်သည်။


"ဟုတ်သားပဲ...အခုသူတို့က တော်တော်လေး ဆူဆူညံညံ ပြုခဲ့တာပဲလေ...နန်ကုန်းဝူချယ်က ဘာလို့ ထွက်မလာတာလဲ ...သူထွက်လာဖို့များ ရှက်နေတာလား..."


သူခြလှမ်းအနည်းငယ်လှမ်းလိုက်ပြီး တံခါးရှေ့သို့ လျှောက်သွားလိုက်သည်။ထို့နောက် သူ့၏ လက်ကို မြှောက်၍ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည်။သို့သော်လည်း သူ တံခါးကို မထိရသေးခင်မှာပင် သူ့နောက်ကျောဘက်မှ အေးစက်လှသော အော်ရာများကို ခံစားလိုက်ရ၏။


ပုဖန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လှည့်ကြည့်လိုက်ရာ လှပသော်လည်း အလွန်တရာ အေးစက်နေသည့် ငရဲကမ္ဘာအမျိုးသမီး၏ မျက်နာကို တွေ့လိုက်ရသည်။


.......


နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်မှ ချွေးပေါက်များက ပွင့်ထွက်နေပြီး ထ်ိုမှအခိုးအငွေ့များပင် တလူလူ ထွက်နေ၏။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချွေးများဖြင့် စိုနစ်နေ၏။သူ့၏ ကြွက်သားများက ခန္ဓာကိုယ်ကို ထောက်ပံ့ရန် အားပြုထားရသဖြင့် အလွန်အမင်း နာကျင်နေပေပြီ။


သူ အလျှော့ပေးလိမ့်မည်မဟုတ်ပေ။


သူလုံးဝ အလျှော့ပေးရန် ဆန္ဒမရှိပေ။သူက နောင်တစ်ချိန်တွင် နန်ကုန်းမိသားစု၏ ခေါင်းဆောင်ဖြစ်လာမည့်သူ ဖြစ်သည်။ထို့ကြောင့် ထိုအမျိုးသမီး၏ ဖမ်းဆီးခံဘဝဖြင့် ဒီသင်္ဘောပေါ်တွင် သေသည်အထိ မည်ကဲ့သို့ နေနိုင်ပါမည်နည်း။


ဒါက မေ့ပျောက်နိင်စရာ ကိစ္စရပ်တစ်ခုမဟုတ်ပေ။သူ ပြင်းထန်လှသော ဖိအားများကို အံကြိတ်တွန်းလှန်ရင်း ကြိုးစားပမ်းစားဖြင့် သင်္ဘောခန်းထဲမှ ထွက်နိုင်ရန် တွားသွားနေသည်။


သူ ဒီနေရာမှာ မသေစေရဘူး...


သူနဖူးပေါ်မှ ချွေးစက်များက မျက်လုံးများ၊ နှာခေါင်းများ၊ ပါးစပ်များ၊ မေးစေ့များကိုပင် ဖြတ်သန်း၍ စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည်။


ထိုအသံကပင် အသက်ရှုသံများသာ ကြီးစိုးနေသော သင်္ဘောခန်းငယ်၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သကဲ့သို့ပင်။


သူ နီးကပ်လာပေပြီ။သူသင်္ဘောခန်း၏ တံခါးသို့ နောက်တစ်ကြိမ် ရောက်နိုင်ပေတော့မည်။


သူ့၏ မျက်နာအမူအရာက နီရဲနေသည်။သူ အံတင်းတင်းကြိတ်၍ လက်ကိုမြှောက်လိုက်သည်။သူ့လက်ချောင်းများက တံခါးရွက်ကို ထိတော့ပေမည်။


ကလစ်...


သို့သော်လည်း ထိုအချိန်၌ပင် သင်္ဘောခန်းတံခါးက ပွင့်သွားသည်။အပြင်ဘက်မှ အလင်းရောင်များက အခန်းငယ်အတွင်းကို လွှမ်းခြုံသွားလေ၏။


နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ကျိန်းစပ်သွားပြီး မျက်ရည်များ စီးကျလာ၏။တံခါးဝ၏ အရှေ့၌ တစ်စုံတစ်ယောက်ရပ်နေပေသည်။သူ့မျက်နာပေါ်၌ မျက်ရည်များ စီးကျနေသော်လည်း ခေါင်းကိုမော့၍ ကြည့်လိုက်၏။


ဟမ်...


ထိုပုံရိပ်က လှပသော ခန္ဓာကိုယ်ရှိသော်လည်း ကြောက်စရာကောင်းလှသည့် ဆံပင်ရှည်နှင့် အမျိုးသမီးမဟုတ်ပေ။


သူ မှတ်မိသော ပုံပန်းသဏ္ဍာန်နှင့် လူတစ်ယောက်က တံခါးဝ၌ ရပ်နေလေ၏။


ပုဖန် တံခါးကို ဖွင့်လိုက်ခြင်းခြင်းပင် ကြမ်းပြင်ပေါ်လဲကျနေသည့် နန်းကုန်ဝူချယ်ကို တွေ့လိုက်ရသည်။ထိုသူက ခေါင်းမော့ကြည့်လာချိန်တွင် သူ့၏ နှာခေါင်းပေါက်များကပင် ကျယ်လောင်စွာပွင့်နေပြီး မျက်ရည်များက ပါးပြင်ကိုဖြတ်၍ စီးဆင်းကျလာလေသည်။


"လခွမ်း...ဒါကြီးက ဘယ်ကရောက်လာတာလဲ..."


ပုဖန် အထိတ်တလန့်ဖြင့် ခပ်မြင့်မြင့်ရောက်အောင်ပင် ခုန်လိုက်မိသည်။ထိုအချင်းအရာက ငရဲကမ္ဘာအမျိုးသမီး၏ မျက်နာကို ပထမဆုံးစတွေ့သည့် ခံစားချက်နှင့်တူနေသည်။


သို့သော်လည်း ပုဖန်က နန်ကုန်းဝူချယ်၏ မျက်နာကို ချက်ချင်း မှတ်မိသွားပြီး ပြန်လည် တည်ငြိမ်သွားသည်။


"ဘော်ဒါပု ... ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ...ငါအခု အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်..."


နန်ကုန်းဝူချယ်က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ပုဖန် ခေါင်းငုံ့ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။


"ငါပါ..."


သို့သော်လည်း နန်ကုန်းဝူချယ်က ပုဖန်၏ နောက်တွင်ရှိနေသော လှပသည့် ခြေထောက်တစ်စုံကို သတိပြုမိလိုက်ပြီး သူ့၏ မျက်နာက ဖြူဖျော့သွားလေသည်။


ငရဲကမ္ဘာအမျိုးသမီးက အေးစက်လှသော မျက်နာသေဖြင့်ပင် သူ့၏ ရှေ့သို့ ရောက်လာလေသည်။နန်ကုန်းဝူချယ်က ခဏမျှ ကြက်သေသေနေပြီးနောက် သူ့၏ နှလုံးသားထဲ ဝမ်းနည်း ပူဆွေးမှုများ ပြည့်နှက်လာကာ နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်လာလေသည်။


ဒီနေရာသို့ ရောက်လာရန်အတွက် အဆမတန် ကြိုးစားအားထုတ်၍ တွားသွားလာခဲ့ရသည်။ငရဲကမ္ဘာအမျိုးသမီးက သူမ၏ သေးသွယ်သော လက်ချောင်းလေးများကို မြှောက်လိုက်ပြီး အသာဝှေ့ယမ်းလိုက်သည်။ကြမ်းပြင်ပေါ်မှ နန်ကုန်းဝူချယ်က ချက်ချင်းပင် သင်္ဘောခန်းထဲသို့ တဖန်ပြန်လည် ဆွဲသွင်းခံလိုက်ရ၏။


"ဒီကံမကောင်းမှုတွေက ဘာကြောင့် ငါဆီမှာပဲ အမြဲတမ်းဖြစ်နေရတာလဲ..."


နန်ကုန်းဝူချယ်က တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေမိပေပြီ။ထိုငရဲကမ္ဘာအမျိုးသမီးက သူ့၏ အိပ်မက်နှင့် မျှော်လင့်ချက်များကို နောက်တစ်ဖန် ထပ်မံဖျက်ဆီးလိုက်ပြန်သည်။


ပုဖန်ကလည်း သူမြင်တွေ့လိုက်ရသောကိစ္စရပ်ကြောင့် အလွန်အံ့အားသင့်သွားသည်။ငရဲကမ္ဘာအမျိုးသမီးနှင့် နန်ကုန်းဝူချယ်ကြားမှ ဆက်ဆံရေးက အလွန်ရှုပ်ထွေးနေသည်ဟု သူခံစားမိသည်။


"ဒါက ဘာတွေဖြစ်နေကြတာလဲ...ဒဏ္ဍာရီထဲမှာ ပြောကြသလိုမျိုး ချစ်ခြင်းမေတ္တာကြောင့် ဖြစ်လာတဲ့ တိုက်ပွဲတွေလား..."


ပုဖန်က နန်ကုန်းဝူချယ်သည် သူ့၏ သူငယ်ချင်းဖြစ်ကြောင်းကို အချိန်တော်တော်ကြာ ရှင်းပြလိုက်သည်။ထို့နောက် နန်ကုန်းဝူချယ်ကို လွှတ်ပေးဖို့ရန်အတွက် သူမကို တောင်းဆိုလိုက်၏။


ပုံပြင်အရှည်ကြီးကို နားထောင်ပြီးသည့်နောက်တွင်တောင် အမျိုးသမီး၏ အမူအရာက မပြောင်းလဲပဲ ခေါင်းဘယ်ညာ ယမ်းခါပြလိုက်သည်။


သင်္ဘောခန်းထဲမှ နန်းကုန်ဝူချယ်၏ စိတ်ပျက်လက်ပျက် အော်မြည်သံကလည်း ပဲ့တင်ထပ်ထွက်ပေါ်နေသည်။ပုဖန် တစ်ချက်မဲ့လိုက်မိပြီးနောက် ထပ်ပြောလိုက်သည်။


"ငါဒီလူကို နဂါးသွေးထမင်းကြော် တစ်ပွဲနဲ့ လဲလို့ရမလား..."


အမျိုးသမီး၏ မျက်ဝန်းများက လဲ့တောက်သွားပြီးနောက် ချစ်စဖွယ်ကောင်းစွာခေါင်းငြိမ့်ပြလိုက်သည်။သူမ၏ တုံ့ပြန်မှုက မြန်လွန်းလှသောကြောင့် ပုဖန်ပင် ပြောစရာစကားပျောက်ရှပြီး ကြောင်အသွားမိသည်။


မင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်ရောက်ကုန်တာတုန်း...


သေချာပေါက်ပင် သူမအတွက် ထမင်းကြော်တစ်ပွဲက နန်ကုန်းဝူချယ်ထက် ပို၍ တန်ဖိုးရှိလေသည်။ချစ်ဖွယ်ကောင်းလှသော မျက်ဝန်းလေးက သူမ၏ ရေခဲတမျှအေးစက်လှသော မျက်နာတွင် ခဏမျှသာ ဖြစ်တည်သွားသည်။သူမ၏ နက်မှောင် ရွှန်းစိုနေသော မျက်ဝန်းများက သင်္ဘောအခန်းတွင်းသို့ လှမ်းကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်၏။


နန်ကုန်းဝူချယ်က သူ့ခန္ဓာကိုယ်တွင်ရှိနေသော ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်မိသည်။သူ သံသယမကင်းစွာဖြင့်ပင် ကြမ်းပြင်ပေါ်မှ ကုန်းထလ်ိုက်သည်။


ထို့နောက် သူ့၏ မျက်နာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားလေသည်။သူ ထရပ်လိုက်ပြီးသည်နှင့် သင်္ဘောခန်းထဲမှ အပြင်ဘက်သို့ အော်ဟစ်ရင်း ပြေးထွက်လာလေသည်။


"ဘော်ဒါပု အခုချိန်ကစပြီး...ငါနန်ကုန်းဝူချယ်က မင်းအလိုရှိတိုင်း အမြဲအသင့်ရှိနေမယ်..."


နန်ကုန်းဝူချယ်က ငိုကြွေးမိမတက်ပင်ဖြစ်နေလေသည်။သူ့ကို ကယ်ဆယ်လိုက်သည့်သူက ပုဖန်ဖြစ်မှန်း သူသေချာသိပေ၏။


နန်ကုန်းဝူချယ်က အလွန်ပျော်ရွှင်စွာဖြင့်ပင် သူ့၏ လက်နှစ်ဖက်ကို ဆန့်တန်း၍ ပုဖန်ဆီသို့ ပြေးဝင်သွားသည်။သို့သော်သူ၏ မျက်ဝန်းများက ပုဖန်ဘေးတွင်ရပ်နေသည့် အမျိုးသမီးကို မြင်လိုက်ရသည့်ခဏ၌ တုန်လှုပ်သွားပေသည်။


စိတ်အားထက်သန်မှုက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားလေသည်။ထိုအမျိုးသမီး၏ ရေခဲတမျှအေးစက်လှသော အကြည့်များက လှပသော်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။


ထိုအမျိုးသမီးက နတ်ဆိုးတစ်ကောင်ပင်ဖြစ်သည်။


နန်ကုန်းဝူချယ်က ပုဖန်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖတ်ရမည့်အစားပထမဦးစွာ သူ့ကိုယ်သူ အမျိုးသမီးနှင့် အကွာအဝေးတစ်ခုသာ ထားထားလိုက်သည်။


နန်ကုန်းဝူချယ်ကို ကြည့်နေသော အမျိုးသမီး၏ အကြည့်များက ပုဖန်ဆီသို့ ပြောင်းလဲရောက်ရှိလာသည်။


"ငါ့အတွက် စားစရာမြန်မြန်လုပ်ပေးတော့..."


ပုဖန် ချက်ချင်းပင် ခေါင်းကိုက်ရောဂါရသွားသလို ခံစားလိုက်မိသည်။


"ရွှံ့နက်မြွေရဲ့ သွေးသရဖူမရှိပဲ ငါဘယ်လိုလုပ် ထမင်းကြော်လုပ်ရမှာတုန်း..."