အပိုင်း ၂၀
Viewers 16k

Chapter 20

စကြဝဠာအများသုံးဘာသာစကား


အမှန်တကယ်တွင် ယောင်စစ်သည် စိတ်ရှည်ရှည်နှင့် မနာလိုမုန်းတီးမှုမထားတတ်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ အမြဲလိုလိုသည်းခံနေတတ်သော်လည်း သူမကိုဖိအားပေး၍ အတင်းအကြပ်ဒေါသလာမဆွမီအထိ သူမက လူကောင်းလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူမပြဿနာမရှာဘူးဆိုတိုင်း ကြောက်နေ၍မဟုတ်ချေ။ ဥပမာအားဖြင့် : တစ်စုံတစ်ယောက်က သူမသတ်တော့မည့် ယုန်ဘော့စ်ကြီးလာလုသည့်အချိန်မျိုးတွင်ဖြစ်သည်။


သူမခုဏလေးတင်သတ်လိုက်ပြီး ပြန်လည်ရှင်သန်သည့် စမှတ်နေရာကိုပို့လိုက်သောသူသည် လူအုပ်ကြီးကိုဦးဆောင်၍ ရွာထဲသို့ ချီတက်လာကြသည်ကို မြင်လိုက်ရသည်။


ထိုအချိန်တွင် သူမ၏ပထမဆုံးတုန့်ပြန်ချက်က : ယို့... ဒီတော့သူတို့က လက်စားပြန်ချေဖို့လူအုပ်လိုက်ကြီးနဲ့ ပြန်လာတာပေါ့လေ..


သူမလက်ထဲရှိ ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူမကိုယ်သူမစိတ်လျှော့ထားလိုက်သည်။ ခြေတစ်လှမ်းဖြင့် ထိုလူအုပ်ကြီးထဲ သူမကိုယ်သူမပစ်ဝင်လိုက်ပြီး ဓားကိုလွှဲရမ်း၍ တစ်ယောက်ပြီးတစ်ယောက်သတ်လိုက်သည်။


ဒီတစ်အုပ်ကို အရင်ဖြေရှင်းလိုက်တာပေါ့... ဘာများကြောက်စရာရှိလို့လဲ အကုန်သတ်ပစ်မယ်...


လူတွေအများကြီးခေါ်လာတာနဲ့ပဲ နင့်ကိုနင် ဘာကောင်ကြီးလိုလို ညာကောင်ကြီးလိုလိုထင်နေတာလား... နင်ကငါ့ရဲ့ယုန်ဘော့စ်ကြီးကိုခိုးပြီးတော့ နင့်ကိုယ်နင် အမှန်တရားဘက်တော်သားလို မျက်နှာပြောင်တိုက်ဖို့ ဘာအခွင့်အရေးများရှိနေလို့လဲ...


ထိုအချိန်တွင် သွေးစုပ်ဖုတ်ကောင်များအားလုံး မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး ခါးသက်သက်ခံစားနေရသည်။

"..."


ဘာဖြစ်သွားတာလဲ.. လူတိုင်းသတိမကပ်ခင်အချိန်မှာ သူမကစကားလေးတစ်ခွန်းတောင်မဟပဲ တွေ့ရာလူကိုသတ်နေတော့တာပဲ.. ဒီဘိုးဘေးကဘာဖြစ်နေတာလဲဟ...


မည်သို့ပင်ဆိုစေ သူတို့ပြန်လည်မတိုက်ခိုက်ရဲပေ။ 

လုံးဝမတိုက်ခိုက်ရဲဘူးလေ... သူတို့သာ ဘိုးဘေးကိုလေးလေးစားစားမဆက်ဆံရင် သူတို့တွေ သွေးစုပ်ဖုတ်ကောင်တစ်မျိုးနွယ်လုံးရဲ့ တံတွေးခွက်မှာ ပက်လက်မျောသွားမှာပေါ့...


ထို့အပြင် ထိုပြဿနာကိုဖြေရှင်းရန် သူတို့အကုန်လုံး မမောနိုင်မပန်းနိုင်ဖြင့် စမှတ်ကိုထပ်ခါထပ်ခါပြန်သွားပြီး အခြေအနေကို ရှင်းပြရန်သာကြိုးစားနေရသည်။ သို့သော် သူတို့ပါးစပ်ပင်မဟရဲသေးမီ ဓားဖြင့်အခုတ်ခံရပြီး အသတ်ခံလိုက်ရပြန်သည်။ ထို့အပြင် သူတို့စကားတစ်ခွန်းစနှစ်ခွန်းစပြောနိုင်ပြန်ရင်လည်း သူမကတုံ့ဆိုင်းမှုမရှိပဲ သူတို့ကို သတ်နေဆဲဖြစ်သည်။


မူလက သူမကိုပြန်ခေါ်ကြမည်ဟု အားအင်အပြည့်ဖြင့်ကြုံးဝါးလာကြသော သွေးစုပ်ဖုတ်ကောင်များ၏ ကျိုးပဲ့လွယ်သော အသည်းနှလုံးလေးများသည် မှန်များလိုပင် တခွမ်းခွမ်းကွဲကြေသွားရပြီဖြစ်သည်။ သူတို့ရွေးချယ်စရာမရှိပဲ ဘိုးဘေးကြီး၏ တစ်ချက်ခုတ် တစ်ယောက်သေသော တိုက်ခိုက်မှုများကိုသာ ပြူးတူးကြောင်တောင်ငေးကြည့်နေလိုက်ကြသည်။ သူမ၏ ဓားခုတ်ချက်တိုင်း တိကျနေသည်မှာ မရွေ့လျားနိုင်သောဂေါ်ဖီထုတ်များကို ခုတ်ဖြတ်နေသည်ပင်နှင့် တူနေသည်။ 

ဒီလိုမျိုး ကျားတစ်ကောင်လို ဖျတ်လတ်တက်ကြွနေတဲ့ပုံက အရမ်းကို...


အရမ်းကို မူးမေ့သတိလုစေလုမတတ် လှတာပဲ...(ဖန်ဂဲလ်နှင့် ဖန်ဘွိုင်းများ၏ လော့ဂျစ်)


သူတို့ ယခုဖြစ်ပျက်နေသော ဇာတ်ကြောင်းကိုခန့်မှန်းရန်အတွက် အချိန်ငါးမိနစ်မျှယူလိုက်ရပြီးနောက်တွင် နောက်ထပ်နာရီဝက်လောက် သခင်မလေးက လူတွေကို သူရဲကောင်းဆန်ဆန်ဓားနှင့်ခုတ်နေသည့်ပုံကို ငေးကြည့်နေကြသည်။


ထင်တဲ့အတိုင်းပဲ.. သုံးရာခြောက်ဆယ်ဒီဂရီကို ဘယ်ထောင့်ကကြည့်ကြည့် မလှတဲ့နေရာကိုမရှိပါလား....


ထို့နောက် သူတို့ အသိပြန်ဝင်လာကြသည်။


ဟုတ်တယ်... သူတို့ရဲ့ဘိုးဘေးက သူမဂိမ်းထဲဈာန်ဝင်နေတဲ့အချိန်လာနှောင့်ယှက်လို့ သူတို့ကိုအပြစ်တင်သင့်တာပေါ့...


သူတို့က သေမလောက်ကိုအပြစ်ရှိတယ်...


ဒီလောက် အပြစ်ဒဏ်လေးကတော့ မျှတပါတယ်လေ...


လှဲချလိုက် လှဲချလိုက်ကြ... ငါတို့ သခင်မလေးကို သူမစိတ်ကျေနပ်ပြီးပျော်ရွှင်လာတဲ့အချိန်အထိ ငါတို့ကိုခုတ်ခွင့်ပေးရမယ်....

ဟေ့ ..ဟေ့ ..ဟေ့... ဟိုနားက မတ်တတ်နေတဲ့အရူးကောင် မင်းဘာလုပ်နေတာလဲကွ.....

မင်းက နှစ်သန်းပေါင်းများစွာ အသက်ရှင်လာတဲ့ မကောင်းဆိုးဝါးအိုကြီးလေ... ဘာလို့ သေချင်ယောင်ဆောင်လိုက်ဖို့ကို ကြောက်နေရတာလဲ... 

လှဲချလိုက် ...လှဲချလိုက်... ဒါမှ သခင်မလေး ငါတို့ကိုခုတ်ဖို့လွယ်မှာပေါ့ဟ....


လူတိုင်း အတူတကွစုဝေးလိုက်ကြသည်။ လူတိုင်း သခင်မလေးရှေ့မှာ တစ်ယောက်တည်း မျက်နှာသာရဖို့ အခွင့်အရေးကိုမလွဲချော်စေရဖို့ လုနေကြပြီး ဘယ်သူမှ သူတို့ကိုယ်သူတို့ ပြန်အသက်သွင်းဖို့ မတ်တတ်မရပ်ကြချေ။


#ဖန်ဂဲလ်တွေနဲ့ ဖန်ဘွိုင်းတွေအုပ်စုလိုက်ကြီးရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အရည်အချင်းတွေအကြောင်းပြောရအောင်#


လူများစွာကို ကောက်ရိပ်သလိုအားရအောင် ဓားနှင့်ခုတ်နေသည်ကိုပင် သူမက သွေးတစ်စက်မှမလျော့သဖြင့် ယောင်စစ်တစ်ယောက် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်းသတိထားမိပြီး သူမကိုယ်သူမ cheat များသုံးမိလားဟုပင် သံသယဝင်လာမိသည်။

ငါ့ကိုဘာလို့တစ်ယောက်မှ ပြန်မတိုက်ကြတာလဲ...လူသစ်တွေရဲ့အကောင့်က မသန်မာကြဘူးဆိုပေမယ့် သူတို့သူမကိုတိုက်ခိုက်ရင် သူမ နည်းနည်းလေးတောင်မထိခိုက်ပဲတော့ မနေဘူးလေ...


ကြည့်ရသလောက်ကတော့...


သူတို့က လာတိုက်ခိုက်ကြတာမဟုတ်ပဲ.. လာတောင်းပန်ကြတာများလား...


သူမဘေးတွင် ပတ်ပတ်လည်ဝိုင်းပြီး လဲနေကြသော ခန္ဓာကိုယ်များကိုကြည့်ပြီး တကယ့်ကိုရိုးသားတာပဲဟု ပြောချင်လာသည်။

စကြဝဠာနိုင်ငံသားတွေက အရမ်းကို ယဉ်ကျေးကြတာပဲ...

(⊙ o ⊙)


၎င်းကသူမကို အနည်းငယ်ရှက်ရွံ့သွားစေ၍ သူမဓားကိုပြန်သိမ်းလိုက်ပြီး တော်သင့်ပါပြီလေဟု ဆုံးဖြတ်လိုက်သည်။


သူမ၏ကျောပိုးအိတ်က ပြည့်ဖောင်းနေပြီဖြစ်ကြောင်းသတိရမိသောအခါ... ယုန်တွေဆက်သတ်နေ၍ဘာမှမထူးတော့ဘူးဟု တွေးမိလိုက်သည်။ သူမဂိမ်းထဲစရောက်လာလာချင်းနေရာဖြစ်သည့် မြက်ခင်းပြင်ဘက်သို့ လှည့်ပြန်လိုက်ပြီး ထိုင်ချလိုက်ကာ ဂိမ်းထဲမှသူ့အလိုလိုထွက်သွားမည့်အချိန်ကို စောင့်နေလိုက်သည်။


ဗလာဖြစ်နေသော မြက်ခင်းလွင်ပြင်ကို ကြည့်လိုက်ပြီး စိတ်အားငယ်သလိုခံစားလိုက်ရသည်။ မူလက ဤစမှတ်နေရာတွင် လူပင်လယ်ကြီးရှိနေခဲ့သော်လည်း ယခုတွင် သူမတစ်ယောက်တည်းသာကျန်တော့ကြောင်း သတိထားမိသွားသည်။ ပရော်ဖက်ရှင်နယ်ဂိမ်းဂျိုးတစ်ယောက်အနေနှင့် သူမသည် ဆာဗာတစ်ခုလုံး၏နောက်ဆုံးတွင် ကျန်ခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေ ယခုဂိမ်းသည် သူမအနာဂတ် ပထမဆုံးဆော့ခဲ့သော ဂိမ်းဖြစ်ပြီး လူသစ်ရွာမှပင်မထွက်နိုင်ခဲ့ချေ။ သူမကစမှတ်၏နောက်ဆုံးတွင်ကျန်နေခဲ့ပြီဖြစ်ပြီး ထိုခံစားချက်က သူမကိုနှလုံးပင်အောင့်မျက်သွားစေခဲ့သည်။


ဂိမ်း၏ လူတိုင်းစကားပြော၍ရသော chatting နေရာတွင် ရှိသည့် လူများသည် ကိစ္စပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်၍ ဘာမှပင်ထပ်မပြောနိုင်တော့ချေ။


ယောင်စစ် သက်ပြင်းချကာစိတ်တွေလွတ်နေသော်လည်း အဝေးမှ လူများစွာက သူ့ဆီလာနေသည်ကိုမြင်လိုက်ရသည်။ ထိုလူများက သူမအားပါးတရဓားနှင့်ခုတ်ထားသောသူများ ဖြစ်ကြသည်။ ယောင်စစ်မျက်မှောင်ကြုတ်လိုက်မိသော်လည်း ထိုလူများကသူမကို အပျော်ကြီးပျော်နေသော အမူအယာများဖြင့် စိတ်လှုပ်တရှား ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။ သူမဘေးပတ်ပတ်လည်တွင် ညီညီညာညာ တရိုတသေဒူးထောက်လိုက်ကြပြီး ဘလင်းဘလင်းထနေသောမျက်လုံးများဖြင့် သူမကိုစိုက်ကြည့်လာကြသည်။


ဘိုးဘေးက ဒေါသမထွက်တော့ဘူးကွ... အဲ့တာသူတို့ရဲ့ ဉာဏ်ကောင်းပြီး အမှားကိုဝန်ခံပြီး အပြစ်ခံယူလိုက်လို့နေမှာ...


ယောင်စစ် ထိုလူများ၏အကြည့်ကြောင့် စိတ်မသက်မသာဖြစ်သွားရပြီး သူမနောက်လိုက်နေသည့် အကြောင်းပြချက်ကို ဖျစ်ညှစ်၍တွေးလိုက်သည်။

သူမဓားနဲ့ခုတ်လိုက်တာကိုသဘောတွေကျပြီး ရန်မဖြစ်တော့ရင် မိတ်ဆွေဖြစ်သွားပြီလို့ ခံစားရပြီး သူတို့အဖွဲ့ထဲဝင်ဖို့လာခေါ်တာများလား... ဘာသာစကားဆိုတဲ့ တံတိုင်းကြီးခြားနေပေမယ့် အဲ့ဒီ့တလက်လက်တောက်ပနေတဲ့မျက်လုံးတွေထဲမှာ ယုံကြည်ကိုးစားမြတ်နိုးမှုတွေအပြည့်ပါနေတာတော့ တကယ့်ကိုသိသာနေတာပဲ...


သူမ ခဏစောင့်ကြည့်လိုက်တော့ သူမဆီပထမဆုံးရောက်လာပြီး သူမ၏ယုန်ဘော့စ်ကြီးကိုခိုးရန်ကြိုးစားခဲ့သူက ချောင်းဟန့်လိုက်ပြီး စကားတစ်ပြုံကြီးကို စတင်ပြောဆိုလာတော့သည်။


ဒါပဲလေ ဒါပဲလေ... သူတို့က သူမကိုအဖွဲ့ထဲဝင်ဖို့ခေါ်နေတာပဲ..


ထိုလူက စကားကိုဖြေးဖြေးနှေးနှေးနှင့်ပြောပြီး သူ၏အပြုအမူများက ရိုးသားတည်ကြည်နေကာ အသံအနေအထားကလည်း နူးညံ့ညင်သာနေသဖြင့် ယောင်စစ် ထိုလူ၏စကားများမှ ကြီးမားနက်ရှိုင်းလှသည့် လေးစားအားကိုးမှုများကိုပင် ခံစားနေရသည်။


သူမ နားမလည်ပေမယ့်လည်းပေါ့လေ....


မည်သို့ပင်ဆိုစေ ရည်ရွယ်ချက်ကသာအဓိကဖြစ်သည်။ သူမထံမှ ယုန်ဘော့စ်ကြီးကိုခိုးယူရန်ကြိုးစားဖူးသည်ဟူသောကိစ္စကို လျှော်လိုက်လျှင် ထိုလူကလည်း သူမကဲ့သို့ အခြားသူများနှင့်ယှဉ်လျှင် လယ်ဗယ်နိမ့်သောလူတစ်ယောက်ဖြစ်ပြီး လူသစ်များရွာတွင် လျှောက်ပတ်သွားနေသူဖြစ်ရမည်။ ယောင်စစ် ရုတ်တရက်ကြီး သူတို့က တစ်လှေတည်းစီးနေကြသူများဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူမထိုလူ၏ကမ်းလှမ်းချက်ကို လျှင်လျှင်မြန်မြန်သာလက်ခံလိုက်သည်။ သူတို့သာ အတူတူကစားကြပါက လူသစ်များ၏ရွာမှ ထွက်နိုင်လိမ့်မည်ဖြစ်သည်။


ဆုံးဖြတ်ချက်ချလိုက်ပြီ... ဒီနေ့ကစပြီး သူမက သူတို့နဲ့တစ်ဖွဲ့တည်း ဖြစ်သွားပြီပဲ...


ထိုအချိန် ယန်ရွှမ်တစ်ယောက် တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်း ရိုရိုကျိုးကျိုးပြုမူပြီး ဘိုးဘေးကို ယဉ်ယဉ်ကျေးကျေးနဲ့ အဆက်မပြတ်တောင်းပန်စကားဆိုရင်း ဂိမ်းထဲကထွက်ဖို့ အရိပ်အမြွက်ပြနေစဉ်တွင်...


ဘိုးဘေးက နားလည်ရခက်သောအပြုံးကြီးကိုပြုံးပြရင်း တလက်လက်တောက်ပနေသော ပစ္စည်းတစ်ခုကို သူ့လက်ထဲထည့်ပေးလာသည်။


_ ယောင်စစ်၏အထင်အမြင်ကောင်းရစေရန် ပေးသောလက်ဆောင်ဖြစ်သည်။


အပြန်အလှန်ယဉ်ကျေးမှုရှိမှကောင်းမယ်မလား... အခုကစပြီး ငါတို့တွေက သားရဲတွေကိုအတူတူသတ်ကြမယ့် အဖော်တွေဖြစ်သွားကြပြီနော်... *ယန်ရွှမ့်ကို ပခုံးပုတ်ပေးလိုက်* (^o^)/~


ယန်ရွှမ် “…”


ဒါဘာကိုဆိုလိုတာလဲ..ဘိုးဘေးက စကားတစ်ခွန်းမှမပြောပဲ သူ့ကိုအမွေအနှစ်ပစ္စည်းပေးတာဘာလို့လဲ...


သူသဘောမပေါက်မီတွင် ယောင်စစ်က မတ်တတ်ထရပ်လိုက်ပြီး လူအုပ်ကြီးထံလျှောက်သွားလိုက်သည်။ သူမ လူတစ်ယောက်ဆီကို အမွေအနှစ်ပစ္စည်းတစ်ခုဆီလိုက်ပေးလိုက်သည်။


ဒီမယ် ဒီမယ်ယူထားကြ... လူသစ်တွေရတဲ့ပစ္စည်းတွေက တန်ဖိုးမရှိပေမယ့် ငါ့ရဲ့ကောင်းမွန်လှတဲ့ရည်ရွယ်ချက်လေးတွေကိုတော့ ပြနိုင်တယ်မလား... ငါတို့ကအခုကစပြီး တစ်မိသားစုထဲက ညီအစ်တွေဖြစ်သွားကြပြီပဲ ယဉ်ကျေးနေစရာမလိုပါဘူး ယူလိုက်ကြ...

ယောင်စစ် လူတစ်ယောက်ချင်းဆီကို ပစ္စည်းများလိုက်ပေးနေသည်မှာ သူ့ကျောပိုးအိတ်ပင် တစ်ဝက်ကျိုးသွားပြီဖြစ်သည်။


ဟမ်း... အနာဂတ်ရဲ့ဂိမ်းတွေက ဉာဏ်ကောင်းလိုက်ပုံများတော့... ပစ္စည်းတွေကို လွှင့်ပစ်လို့မရပေမယ့်... တခြားလူတွေကိုတော့ပေးလို့ရတာပဲ... ဘယ်လိုတောင် လူသားဆန်ရတာလဲ.....


လူတိုင်း  “…”


သခင်မလေးက သူတို့ကိုအတူတူခေါ်ပြီး သူမနဲ့အတူတူ မိမိုက်တဲ့ပုံစံနဲ့ဆော့ချင်နေတာလား...


Σ(°△°|||)︴


သူမပေးတဲ့ဟာတွေအကုန်လုံးက အမွေအနှစ်ပစ္စည်းတွေပဲ... အရမ်းကို အရမ်းကို ရင်ထဲထိလိုက်တာကွာ...


သွေးစုပ်ဖုတ်ကောင်များ စိတ်လှုပ်ရှားမှုကြောင့် သွေးများပင် ပွက်ပွက်ဆူသွားကြသည်။ မျက်ရည်များဝိုင်းနေသော ခံစားချက်အပြည့်ဖြင့် မျက်လုံးများနှင့် သူမကိုပတ်ပတ်လည်ဝိုင်းလိုက်ကြသည်။ ထို့နောက် သူတို့၏ခံစားချက်များကို ရေပက်မဝင်အောင် အားရပါးရ တရစပ်မပြီးနိုင်မစီးနိုငိပြောလိုက်ကြသည်။


သို့သော် သူတို့မည်မျှပင် ပြောနေပါစေ သူမကထူးဆန်းသည့်အပြုံးကြီးကိုပြုံးပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။


အချိန်အတော်ကြာမြင့်သွားချိန်တွင် သူမက သူတို့နားမလည်နိုင်သော ရှေးဟောင်းအပြာရောင်ဂြိုလ်ပေါ်က ဘာသာစကားနှင့် စကားနှစ်ကြောင်းသာပြန်ပြောလာသည်။


"မရှက်ပါနဲ့... ငါတို့ကညီအစ်ကိုတွေဖြစ်သွားကြပြီလေ.. သွားကြစို့... အတူတူဆော့ကြစို့လေ.."


ထိုအချိန်မှစ၍ လူသစ်များရွာတွင် ပစ္စည်းလက်ခံရရှိကြောင်း အသံများသာဆူညံပွက်လောရိုက်နေသည်။


တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က မေးခွန်းအများကြီးမေးလာလျှင် ယောင်စစ်က အမွေအနှစ်ပစ္စည်းတစ်ခုကိုထုတ်ပေးလိုက်သည်။ အကယ်၍ဆက်ပြောနေသေးပါကာ နှစ်ခုထုတ်ပေးလိုက်သည်။


ယန်ရွှမ်က ယောင်စစ်ကို ဂိမ်းထဲကထွက်ရန် တိုက်ရိုက်ပြောသည့်အချိန်တွင် ယောင်စစ်က နောက်ထပ် အမွေအနှစ်ပစ္စည်းတစ်ခုကို ထုတ်ပေးသောအခါမှ တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။


ယန်ရွှမ်တိုက်ရိုက်ပဲရှေ့ကိုတိုးပြီး ယောင်စစ်ကိုစကားသွားပြောသည်ကို ကြည့်၍ သူတို့ဆွံ့အနေကြသည်။


"ဘိုးဘေး..."


"ဟဲလို ဟဲလို..."

ပြုံးနေစမ်း ဆက်ပြုံးထား....


"ကျွန်တော်က ယန်ရွှမ်ပါ..."


"နင့်မှာ ပစ္စည်းတွေအလုံအလောက်ရှိရဲ့လား... ငါ့မှာအများကြီးရှိသေးတယ်နော်..."

သူ့ကို ပစ္စည်းတွေပေးလိုက်... ထပ်သာပေးလိုက်...


"မင်းက သခင်မလေးယောင်စစ် ဟုတ်ပါသလား..."


"ငါက အနာဂတ်မှာနင့်ကိုပဲမှီခိုရမှာလေ ညီအစ်ကိုရဲ့..."

အတူတူဆော့ကြမယ်...အတူတူပေါ့...


"သခင်မလေး ကျွန်တော်ပြောတာတွေ နားလည်လားမသိဘူးဗျ..."


"ငါ ပစ္စည်းတွေအများကြီးပေးပြီးသွားပြီဆိုတော့... ယုန်တွေထပ်ဖမ်းရအောင်လေ..."


လူတိုင်း “…”


ကြောက်စရာအတွေးတစ်ခုက သွေးစုပ်ဖုတ်ကောင်တိုင်း၏ စိတ်ထဲကိုဖြတ်ပြေးသွားကြသည်။


သူတို့ရဲ့ တော်ဝင်ပဉ္စမမြောက်မျိုးဆက်သခင်မလေးက ဖြစ်...ဖြစ်နိုင်တာက... 


စကြဝဠာအများသုံးဘာသာစကားကို နားမလည်တာများလား...


ဒါဆို ဒီတစ်လလုံး သူတို့ဘာတွေလုပ်မိခဲ့တာလဲ...

Σ(°△°|||)︴