Chapter 21
အိမ်တော်ထိန်းလူအိုကြီး
ယောင်စစ်ဂိမ်းထဲမှ ထွက်လာပြီးကတည်းက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုမှ အကြီးအကဲများအားလုံး ကိုယ့်ကိုကိုယ် အပြစ်တင်နေကြတော့သည်။
သူတို့ထဲကတစ်ယောက်မှ သခင်မလေးကနှစ်သန်းရာပေါင်းများစွာ ဆောင်းခိုနေခဲ့ရ၍ စကြဝဠာအများသုံးဘာသာစကားကို နားမလည်ပဲဖြစ်နေမည်ဟု မထင်ခဲ့ကြပေ။ သူတို့ငိုတော့မလို ခံစားနေကြရသည်။
သူတို့ သခင်မလေးကို မရင်းနှီးတဲ့ဂိမ်းထဲမှာ ပစ်ထားခဲ့မိကြတယ်... သူတို့ငိုမိတော့မှာပဲ...
သခင်မလေးခင်ဗျာ အထီးကျန်ပြီး ကူကယ်ရာမဲ့နေရှာလို့ အချိန်ဖြုန်းဖို့အတွက် ယုန်တွေရှာပြီးသတ်နေရရရှာတာ... ပြန်တွေလေလေ အားကြီးနဲ့အော်ငိုချင်လေလေပဲ...
အမွေအနှစ်ပစ္စည်းတွေအများကြီး စုဆောင်းနိုင်ဖို့ သခင်မလေး ဘယ်လောက်တောင်ခံစားခဲ့ရမလဲ... သူတို့မျက်လုံးတွေကိုသာဖောက်ထုတ်ပစ်လိုက်ချင်တယ်...
သူတို့ တစ်လကျော်ကျော်ကြာမှ ဒီပြဿနာကိုရှာတွေ့ခဲ့ကြတာ... သေတောင်သေချင်တယ်...
ထို့ကြောင့် ယောင်စစ် ဂိမ်းထဲမှထွက်လာသည်နှင့် ရင်နာနာနှင့်ခါးသီးဝမ်းနည်းမှုတွေ ပြည့်နေတဲ့မျက်နှာတွေကို ပထမဆုံးမြင်လိုက်ရတော့သည်။ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များစီးကျလာမလိုဖြစ်နေသော မျက်ရည်ဝဲနေသော မျက်လုံးများစွာကလည်း ဆီးကြိုနေသည်။
ထိုကဲ့သို့သောအကြည့်များနှင့် အကြည့်ခံနေကြဖြစ်သော ယောင်စစ်တစ်ယောက် မျက်ရည်ဝဲနေသော မျက်လုံးပေါင်းစုံကို ကြုံတွေ့လိုက်သောအခါ...
နေသားကျနေသလိုတောင် ခံစားနေရပါပြီလေ...
╮(╯﹏╰)╭
"သခင်မလေး... ဒါက ကျွန်တော် တိရိစ္ဆာန်မွေးမြူရေးဂြိုလ်ကမှာထားတဲ့ အလင်းလုံးသားရဲရဲ့ လတ်လတ်ဆတ်ဆတ်သွေးပါ... အတော်လေးအရသာရှိပါတယ်..."
သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က သူမကို အလွန်ယဉ်ကျေးသည့် အမူအယာနှင့် နီရဲရဲသွေးပန်းကန်တစ်လုံးကိုပေးလာသည်။
"စိတ်မရှိဘူးဆိုရင်... တစ်ချက်လောက်သုံးဆောင်ကြည့်ပါလား.."
ယောင်စစ်၏နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။
"အမ်... စိတ်တော့မရှိပါဘူး..."
"ဒါဆိုကောင်းတာပေါ့... ကျွန်တော့်သမီးလေးဆီကကြားတာ ဒီသွေးက သွေးစုပ်ဖုတ်ကောင်တွေထဲမှာ နာမည်အကြီးဆုံးသွေးအဖြစ် vote ပေးခံထားရတယ်တဲ့..."
"ဟုတ်ကဲ့... အနံ့လေးကလည်းအရမ်းကောင်းပါတယ်..."
"ဒီသွေးက စွမ်းအင်ပြန်လည်ဖြည့်စွက်ပေးနိုင်တဲ့ အကျိုးကျေးဇူးရှိတာကြောင့် သခင်မလေးလိုအပ်နေတာနဲ့ ကွက်တိပါပဲ..."
"ကျွန်မမှာ ပြဿနာသေးသေးလေးတစ်ခုရှိနေတယ်..."
"ပြောပြပေးပါ သခင်မလေး..."
"သွေးခဲက တစ်ယောက်ယောက်ဆီအလည်သွားရင်ပေးလေ့ရှိတဲ့ လက်ဆောင်လားဟင်..."
သူစားပွဲပေါ်ကိုနှိပ်လိုက်ပြီး ချက်ချင်းပင်အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး စားပွဲအပြည့်သွေးခဲ ပန်းကန်များစွာထွက်ပေါ်လာသည်။
"ဘာလို့လဲဆိုတော့ ကျွန်မဒီနေ့တင် သွေးခဲပန်းကန်လေးဆယ်လောက်ကိုလက်ခံပြီးသွားပြီ..."
အခြားသွေးများကိုလည်း သောက်ထားသည်ဖြစ်ရာ သူမအတော်လေး ဗိုက်ပြည့်နေပြီဖြစ်သည်။
"..."
လူကြီး၏နှုတ်ခမ်းများတွန့်လိမ်သွားတော့သည်။
သောက်ကျိုးနည်း... ဒီမျိုးမစစ်လူအိုကြီးတွေက သူ့ထက်တောင် မြန်နေကြတာပဲ...
"သခင်မလေး စားပြီးသွားပြီဆိုရင် ရပါပြီ..."
လူအိုကြီး သူ့လက်ထဲရှိ သွေးခဲပန်းကန်ကိုချ၍ ယောင်စစ်ကိုကြည့်လိုက်သည်။ ချက်ချင်းပင် သူ့နှလုံးသားအောက်ခြေမှ စူးအောင့်လာတော့သည်။
"သခင်မလေး ဂိမ်းထဲမှာ တစ်လလုံးလုံး ဘာမှမစားမသောက်ပဲနေခဲ့ရတာကို တွေးကြည့်တိုင်းလေ ကျွန်တော့်နှလုံးသားထဲကနေကိုခံစားရတယ်... ဒါကျွန်တော်တို့ လူငယ်မျိုးဆက်တွေရဲ့ အသုံးမကျမှုကြောင့်ပဲ... သခင်မလေးလို ရှေးဟောင်းမျိုးဆက်တွေ ခံစားခဲ့ရပြီ..."
သူ့မျက်လုံးများနီရဲလာကာ နှာတစ်ရှုံ့ရှုံ့ဖြင့် ပြောလာသည်။
"ကျွန်တော့်ကိုဆူပါ့လား.. ဒါမှမဟုတ်ရိုက်ရင်လဲရတယ်လေ... ဒါမှ ကျွန်တော့်ခံစားရအဆင်ပြေသွားမှာ..."
သူ သူမကိုမျက်ရည်များ ဝဲနေသော မျက်လုံးဖြင့် ကြည့်လာသည်။
ယောင်စစ် စားပွဲပေါ်မှသွေးခဲပန်းကန်ကို ကိုးယိုးကားယားဖြင့်မယူလိုက်ပြီး ပြောလိုက်သည်။
"သောက်ပါ့မယ်... ရှင့်သဘောအတိုင်း သောက်ပါ့မယ်လို့..."
သွေးစုပ်ဖုတ်ကောင်တွေက သီးသန့်ဆန်တဲ့ မြင့်မြတ်တဲ့သူတွေလို့ ဘယ်သူပြောလဲ... ဒါဆို သူမလွန်ခဲ့တဲ့ ရက်တွေကတွေ့ခဲ့တဲ့လူတွေက ကလေးပိစိကိုချော့မြူနေသလို ဆက်ဆံနေကြရတာလဲ... အခုကြ ဂိမ်းထဲမှာတစ်လလေးပိတ်မိရုံနဲ့တင်ကို ကဲကဲသဲသဲတွေလုပ်နေပြန်ရောပဲ...
အမှန်အတိုင်းပြောရရင် သူမစိတ်ထဲမထားပါဘူး... သူမနောက်တစ်ကြိမ်တောင် ထပ်ဆော့ချင်နေသေးတာ... တစ်လဆိုတာဘာမှမဟုတ်ဘူးလေ .. သူမက ကမ္ဘာပေါ်မှာလူသားမျိုးတုံးလို့ ဂြိုလ်ကြီး ဖျက်ဆီးခံရတဲ့အခြေအနေရောက်တဲ့အချိန်အထိကို အိပ်နေခဲ့တဲ့လူသားတစ်ယောက်လေ... မဟုတ်သေးပါဘူး သူမကအခုဆိုသရဲတောင်ဖြစ်နေပြီ...
သူမ အံတင်းတင်းကြိတ်ပြီး သွေးခဲတစ်ပန်းကန်ကို မျိုချလိုက်ပြီး နောက်တစ်ပန်းကန် ထပ်ထုတ်လာမည်စိုး၍ စကားလမ်းကြောင်းချက်ချင်းလွှဲလိုက်သည်။
"ကျွန်မဦးလေးကို ဘယ်လိုခေါ်ရမလဲဟင်..."
သူမဆီလာခဲ့ကြသော သူများသည် သူမကိုသွေးခဲပေးပြီးပြန်ရင်ပြန် မဟုတ်ရင် အချိန်ခဏလောက်သာနေ၍ပြန်ကြသူများသူ ဖြစ်ကြသည်။ သို့သော် ဤဦးဘေးကြီးက ချက်ချင်းတမ်းထိုင်ပြီး သူ့ကိုယ်သူမိတ်ဆက်လာပြီး သူမနှင့် စကားလမ်းကြောင်းရှည်အောင်ဆွဲဆန့်နေလေသည်။
"သခင်မလေး ကျွန်တော့်ကိုသတ်ချင်နေတာလား... သခင်မလေးဆီက ဦးလေးလို့ အခေါ်မခံဝံ့ပါဘူး.."
သူ လျှင်လျှင် မြန်မြန်မတ်တတ်ရပ်လိုက်ပြီး ပိုမိုကျိုးနွံလာသောလေသံဖြင့် ပြောလာသည်။
"ကျွန်တော်က သုံးဆယ့်ခုနစ်ဆက်မြောက်မျိုးဆက်ကပါ.. ကျွန်တော့်နာမည်က ယောင်ဖြစ်ပြီး သခင်မလေးက ကျွန်တော့်ကိုယောင်လို့ ခေါ်နိုင်ပါတယ်...."
"ယောင်..."
ယောင်စစ်၏မျက်နှာ အမူအရာတွန့်လိမ်သွားသည်။သူမဆိုလည်း သူမထက် နှစ်သန်းပေါင်းများစွာအသက်ကြီးသူထံမှ လေးလေးစားစားခေါ်ဝေါ်ခံရလျှင် မိုးကြိုးပစ်ခံရမလိုခံစားရမည်ဖြစ်သည်။ သူမကိုယ်သူမ အားတင်း၍ ပြန်မေးလိုက်သည်။
"အကြီးအကဲယောင်မှာ... ကျွန်မကိုပြောချင်တဲ့ ပြဿနာတစ်ခုခုများရှိနေသလား...."
သူမက ပဉ္စမျိုးဆက်ဟု သိသွားကြကတည်းက ယန်ရွှမ်နှင့် အခြားသော သွေးစုပ်ဖုတ်ကောင်များက သူမကို ထိုင်ရှိခိုးမတတ် အရာရာတိုင်းလုပ်ပေးခဲ့သည်။ သူမ၏သွေးမျိုးဆက်အကြောင်းသိသွားကြလျှင် သူမအပေါ်ထားရှိကြသော သဘောထားများပြောင်းလဲသွားကြမည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ ပြောင်းလဲမှုကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။
ထိုနေ့မှစ၍ သူမကို သူမစိတ်ကူးယဉ်ခဲ့ဖူးသော အိမ်များထက် ကြီးကျယ်ခမ်းနားလှသော အိမ်ကြီးထဲ တုံ့ဆိုင်းမှုပင်မရှိပဲ ပြောင်းရွေ့ပေးခဲ့သည်။ သူမ မရေမတွက်နိုင်သောလူများက သူမထံနေ့တိုင်းလာလည်ပြီး သွေးခဲမျိုးစုံ လက်ဆောင်ပေးကြသည်။ သူမ မူကြိုမှ တိရိစ္ဆာန်ရုံထဲသို့ ပြောင်းရွေ့ခံလိုက်ရသည်ဟုပင် ခံစားနေရသည်။
"သခင်မလေး... ကျွန်တော်ပြောချင်တာက..."
အကြီးအကဲယောင် သူ့ခန္ဓာကိုယ်ကို မတ်မတ်ထား၍ အစီအရင်ခံစာတင်နေရသလိုပြောလာသည်။
" အရင်တစ်ခေါက် ကျွန်တော်တို့ရဲ့ပေါ့ဆမှုကြောင့် ခွင့်မလွှတ်နိုင်စရာ အမှားကြီးဖြစ်ခဲ့တယ်... အဲ့လိုဆက်မဖြစ်စေဖို့နဲ့ လုံးဝဖြစ်မဖြစ်လာစေဖို့ သခင်မလေးက အခုခေတ်ကမ္ဘာကြီးအကြောင်း ကောင်းကောင်းသိနေသင့်တယ်... နိုင်ငံတော်ကောင်စီနဲ့ မျိုးနွယ်စုအကြီးအကဲတွေရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ ဒီနေ့ကစပြီး ကျွန်တော်က သခင်မလေးကို နှစ်ဆယ့်လေးနာရီ တစ်ရက်လုံးကာကွယ်ပေးပြီး သခင်မလေးရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို စီမံခန့်ခွဲပေးဖို့ အမိန့်ရလာပါတယ်... နောက်တစ်နည်းပြောရရင် ဒီနေ့ကစပြီး ကျွန်တော်က သခင်မလေးရဲ့ အိမ်တော်ထိန်းဖြစ်သွားပါပြီ..."
"အိုး..."
အဲ့တော့ ငါ့ရဲ့အိမ်တော်ထိန်းလုပ်ဖို့က နိုင်ငံတော်ကောင်စီရဲ့ ဆုံးဖြတ်ချက်တောင်လိုသေးတာလား....
"အဲ့တာဆိုရင် ကျေးဇူးတင်ပါတယ်နော်..."
သူမလည်း ယခုခေတ် လူမှုပတ်ဝန်းကျင်နှင့် ရင်းနှီးရန်အကူအညီလိုနေခဲ့ခြင်းဖြစ်သည်။
"သခင်မလေးရယ်.. အရမ်းယဉ်ကျေးလွန်းနေပါပြီ..."
"ရှင်... ရှင်ကျွန်မကို သခင်မလေးလို့ မခေါ်ပဲနေလို့ရလား..."
သူတို့ဘာလို့ အဲ့လိုခေါ်နေကြတာလဲ..အဲ့လိုခေါ်တာကြီးက ထူးဆန်းတယ်လေနော်...
"ယောင်စစ်လို့ခေါ်ရင်ရပါပြီ.."
"သခင်မလေးလို တော်ဝင်အဆင့်အတန်းရှိတဲ့သူကို ကျွန်တော်တို့လို လူငယ်တွေက နာမည်တပ်ခေါ်လို့ ဘယ်ဖြစ်ပါ့မလဲ..."
ထိုလူ၏မျက်နှာတွင် 'သခင်မလေးသည် နတ်ဘုရားကဲ့သို့ မြင့်မြတ်လှသည်၊ ဆန့်ကျင့်၍ မဝံ့ပါချေ'ဟူသော စာလုံးကြီးရေးထားသလိုဖြစ်နေပြီး သူမ၏အကြံပြုချက်ကို လုံးဝငြင်းဆိုလိုက်သည်။
"အဲ့ဒီ့အပြင် သွေးစုပ်ဖုတ်ကောင် တစ်မျိုးနွယ်လုံးကလည်း ခေါ်ခွင့်ပြုမှာမဟုတ်ဘူး..."
"..."
ကောင်းပြီလေ ရှင်ပျော်သလိုသာလုပ်ပါတော့...
"ရှင်ပြောချင်တာက အနာဂတ်မှာ ကျွန်မဘာပဲလိုလို ရှင့်ကိုခေါ်ရမယ် အဲ့လိုလား...."
"..."
"ဟုတ်ပါတယ်.. အဲ့လိုပါပဲ.."
လူအိုကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး ခါးကိုင်း၍ ဦးညွတ်ပြီး အိမ်တော်ထိန်းကာရိုက်တာထဲ လုံးဝနစ်မြှုပ်သွားသည်။
"သခင်မလေး ဘယ်ကစချင်ပါသလဲ..."
"ရှင် ကျွန်မကို ဘာသာစကားလေး သင်ပေးနိုင်မလား..."
သူမနားရွက်မှ ဘာသာပြန် ကိရိယာကိုချွတ်လိုက်ပြီး သူ့ရှေ့တွင် ဝေ့ရမ်းပြလိုက်သည်။
"ဒါလေးက အတော်အသုံးဝင်ပေမဲ့ ... စကြဝဠာကွန်ရက်ထဲအထိတော့ အလုပ်မလုပ်ဘူးလေ..."
ပြောဆိုဆက်ဆံရေးက လောလောဆယ်တွင် သူမဖြေရှင်းသင့်သော အကြီးဆုံးပြဿနာဖြစ်သည်။
"ဒါပေါ့..."
သူခေါင်းငြိမ့်လိုက်သည်။
"သခင်မလေးဂိမ်းထဲက ထွက်လာကတည်းက စီစဉ်ပြီးသွားပါပြီ... ရှေးဟောင်းအပြာရောင်ဂြိုလ်ပေါ်က ဘာသာစကားကိုကျွမ်းကျင်တဲ့ သွေးစုပ်ဖုတ်ကောင်အမျိုးသမီးတစ်ယောက်ကို စီစဉ်ပြီးပါပြီ... မကြာခင် သူမ အစီအရင်လာခံပြီးတာနဲ့ စကြဝဠာအများသုံးဘာသာစကားကို သင်ပေးတော့မှာပါ..."
အဲ့တာဆို သူတို့က ကိုယ်ပိုင်ဆရာတောင် စီစဉ်ပေးပြီးပြီပေါ့လေ...
ယောင်စစ်တစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
"ဒါဆို ကျွန်မအနာဂတ်မှာ ရှင့်ကိုဒုက္ခပေးပါဦးမယ်..."
သူမ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"အိုး... စကားမစပ် ကျွန်မရှင့်နာမည်အပြည့်အစုံကိုမမေးရသေးဘူးပဲ.."
"သခင်မလေး... ကျွန်တော့် မျိုးရိုးနာမည်ကယောင်ပါ..နာမည်က ချမ်.."
ယောင်ချမ့်...
ပိုက်ဆံလိုတယ်... (⊙ o ⊙)
(Note: ယောင်ချမ့်က တရုတ်လို ပိုက်ဆံလိုတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်...)
"ပြောပြဖို့အဆင်ပြေတယ်ဆိုရင်လေ... ရှင်တစ်လကိုဘယ်လောက် ဝင်ငွေရှိလဲ ပြောပြပါလား..."
"သခင်မလေး... ကျွန်တော့်ကို အကြီးအကဲကော်မတီကလစာပေးတာပါ..."
"အိုး... တော်သေးတာပေါ့..."
ဒါဆို သူကသွေးစုပ်ဖုတ်ကောင်တွေဆီက ထောက်ပံ့ကြေးရတာပေါ့...
သူမ သူ့ကိုလစာပေးရန် မတတ်နိုင်မည်ကိုစိုးရိမ်နေခဲ့မိသေးသည်။
ယောင်စစ် နောက်ထပ်မေးစရာတွေရှိနေသေးသော်လည်း အကြီးအကဲယောင်၏ ကွန်ပျူတာလက်ပတ်မှ အသိပေးချက်အရှည်ကြီးတစ်ခုထွက်ပေါ်လာသည်။
အပြင်ဘက်ရှိ လူခေါ်ခေါင်းလောင်းမှလည်း အသံမြည်လာသည်။
"ဧည့်သည်လာနေတယ်...."
"ဘယ်သူလာတာလဲ.."
ယောင်စစ်မေးလိုက်သည်။
အကြီးအကဲယောင် သူ၏ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သောအခါ သူ့ရှေ့တွင် ဟိုလိုဂရက်ဖစ်မျက်နှာပြင်တစ်ခုထွက်ပေါ်လာသည်။ သူကွန်ပျူတာကိုဖွင့်ရင်းသူမကိုစကားပြောနေသည်။
"ကြည့်ရတာ သခင်မလေးကို စကြဝဠာအများသုံး ဘာသာစကား သင်ပေးမယ့်သူထင်... အိုး ချီးပဲ..."
သူ စကားပြောနေရင်းတန်းလန်းရပ်လိုက်ပြီး သူ၏ကွန်ပျူတာကို အလင်းအလျှင်နှင့် ရိုက်၍ပိတ်လိုက်သည်။ ခဏအကြာတွင် သူ့လက်ကြီးရဲချိတ်လာတော့သည်။
"ဘယ်လိုလုပ် သူဖြစ်နေရတာလဲ...."
ဘယ်သူလဲ...