အပိုင်း ၂၂
Viewers 16k

Chapter 22

အကြီးအကဲခေါင်းဆောင်ပြန်ရောက်လာပြီ


အကြီးအကဲကော်မတီရှိ လူများ ဆွေးနွေးနေကြသည်။


"ဘာဖြစ်သွားတာလဲ... ဒီရာဇဝတ်ကောင်ဘယ်လိုလုပ်ပြီး နယ်စပ်ကနေဝင်လာရတာလဲ... သူက Wကြယ်စုထဲမှာမဟုတ်ဘူးလား..."


"သူ လွန်ခဲ့တဲ့နှစ်နာရီလောက်ကမှ ဂြိုလ်ထဲဝင်လာပုံပဲ..."


"လခွမ်းပဲ... သူလို့. ဒီလိုအချိန်မှာမှ ရောက်လာရတာတဲ့လဲ..."


"သူ သခင်မလေးနိုးထလာတဲ့အကြောင်း သတိပေးချက်ရသွားတာနေမှာ..."


"ဘာ... ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘယ်မအေဘေးက သူ့ကိုသွားပြီးသတိပေးရတာလဲ.."


"ဝန်ကြီးယန် ဖြစ်လောက်တယ်..."


အစည်းအဝေးခန်းထဲရှိ လူတိုင်းတောင့်ခဲသွားကြကာ ဝင်ခွင့်သတိပေးချက်ကို ကိုင်ထားသည့် ယန်ရွှမ့်ကို ကြည့်လိုက်ကြသည်။


ယန်ရွှမ် လက်ခါပြကာ ပြောလိုက်သည်။

"သခင်မလေးရဲ့ သွေးမျိုးဆက်အဖြေကို ရတာနဲ့ အရေးပေါ်အခြေအနေဆိုပြီး ပထမဆုံး မျိုးဆက်လေးဆယ်ကို သတိပေးချက်ထုတ်ပြန်ပေးလိုက်တာ... အဲ့လိုနဲ့ပဲ..."

လူတိုင်းကို မက်ဆေ့ပို့ရတာဖြစ်ပြီး သူထိုလူကို ဘလော့ထားရန်မေ့သွားခဲ့သည်။


အကြီးအကဲများ၏မျက်နှာများ မဲမှောင်သွားကြကာ ဒုတိယအကြီးအကဲက ခပ်မြန်မြန် မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။

"အခုချက်ချင်း မြို့တော်ကိုပိတ်ချလိုက်.. ငါတို့သူ့ကိုသခင်မလေးဆီ သွားခွင့်မပေးနိုင်ဘူး..."


"အရမ်းနောက်ကျသွားပြီ..."


"ဘာ"


"သူက သခင်မလေးနေတဲ့ နေရာကိုတောင် ရောက်နေပြီ..."


“…”


အခန်းထဲတွင် သေမလိုတိတ်ဆိတ်သွားကာ လူတိုင်းတောင့်ခဲသွားကြပြီး အစည်းအဝေးခန်းမထဲမှ အမြန်ဆုံးပြေးထွက်သွားကြသည်။


သခင်မလေး... တောင့်ခံထားရမယ်နော်..


ထိုအချိန်တွင် ယောင်စစ် သူမရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ပန်းကြီးတစ်ပွင့်လိုပြုံးဖြဲနေသော မျက်နှာနှင့်လူကို ကြောင်တောင်တောင်ကြည့်မိလိုက်သည်။


"ယို့... ဒါက ငါတို့ရဲ့ နိုးထလာတဲ့ ဘိုးဘေးအသစ်ပေါ့လေ..."

သူ သူမကို တစ်ပတ်ပတ်ကြည့်ပြီး ခေါင်းမှ ခြေဖျားအထိ စူးစိုက်ကြည့်၍ အကဲဖြတ်နေသည့်လေသံဖြင့်ပြောလာသည်။

"ချစ်စရာလေးပဲ..."

သူမကို ယဉ်ယဉ်ကျေးကျေးလေးလေးစားစား ဆက်ဆံကြသော အခြားသွေးစုပ်ဖုတ်ကောင်များနှင့်မတူစွာ သူ၏စကားပြောပုံက လွတ်လပ်၍ သဘာဝကျနေသည်။


"ဟယ်လို.."

ယောင်စစ် သူစိုက်ကြည့်နေ၍ အနည်းငယ်သက်တောင့်သက်သာမဖြစ်သလိုခံစားနေရသည်။ ထို့ကြောင့် လက်ဆန့်ထုတ်၍ မိတ်ဆက်လိုက်သည်။


သူ၏အပြုံးက ပိုမိုကြီးမားလာပြီး မျက်လုံးပေါက်များပင် ကျဉ်းမြောင်းသွားတော့သည်။ သွေးစုပ်ဖုတ်ကောင်များ အကုန်လုံးနီးပါးက အလွန်ချောမောခန့်ညားကြသော်လည်း ထိုသူကတော့ ပုံမှန်ချောမောသည်ထက် သာလွန်ကာ အလွန်ကြည့်ကောင်းလှလေသည်။ သူ၏အပြုံးလေးတစ်ချက်ကပင် အခန်းတစ်ခုလုံးကို ပန်းများပွင့်လာစေလုမတတ်ဖြစ်သွားသည်။


သူ သူမလက်ကိုဆွဲကိုင်ကာ မှောက်လိုက်ပြီး ခေါင်းကိုငုံ့၍ လက်ဖမိုးကို လေးစားမြတ်နိုးမှုအပြည့်ဖြင့် နမ်းလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် သခင်မလေး..."

သူ၏ အပြုအမူတိုင်းက အလွန်ကျက်သရေရှိလှပြီး သူ၏ရွှေရောင်ဆံနွယ်များက နောက်ကျောဘက်တွင် ရွှေမျှင်များနှယ် ဝဲဖြာကျနေသည်။


"ဟားဟားဟား... အကြီးအကဲခေါင်းဆောင်.."

ဘေးဘက်တွင်ရပ်နေသော ယောင်ချမ့်တစ်ယောက် ချက်ချင်းပင် အသိပြန်ဝင်လာသည်။ သူက လူနှစ်ယောက်ကြားတွင် ခြေလှမ်းကြဲကြဲဖြင့် ကာဆီးပေးထားကာ အားတင်းပြုံး၍ ပြောလိုက်သည်။

"ဘယ်လေတိုက်လို့ ဘယ်လိုလုပ်ရောက်လာရတာလဲ..."


"အာ... ဆယ့်သုံး မင်းလည်းဒီမှာရှိနေတာပဲ..."

ထိုလူက ယောင်ချမ့်ကိုအခုမှသတိထားမိပုံနှင့် ကြည့်လိုက်သည်။ သူယောင်ချန်းကိုလက်ယမ်းပြလိုက်ပြီး ယောင်စစ်ကိုဆက်ပြောလာသည်။

"ဟုတ်သားပဲ... သခင်မလေးကို မိတ်ဆက်ပေးဖို့မေ့နေတာ... ကျွန်တော့်နာမည်က ချွီဇယ်ပါ... ကျွန်တော်က မျိုးဆက်သုံးဆယ်မြောက်က သွေးစုပ်ဖုတ်ကောင်ပေါ့..."


"အကြီးအကဲခေါင်းဆောင်ရောက်လာတာတောင် ကျွန်တော်မသိလိုက်ပါလား... တစ်ခုခုကြောင့်များရောက်လာတာလား..."

ယောင်ချမ့် ထိုနှစ်ယောက်ကြားတွင် ဆက်ရပ်နေဆဲဖြစ်ကာ 'လာမယ့်ဘေးပြေးတွေ့မယ်' ဟူသော မျက်နှာထားနှင့် ရှိနေသည်။ 

သူ ဒီကောင်ကို သခင်မလေးအနား လုံးဝမကပ်စေရဘူး...


"အမ်... ဆယ့်သုံးရေ ဘာလို့အဲ့လောက်တောင်တည်တင်းနေရတာလဲကွာ..."

ချွီဇယ် သူ့ပခုံးကိုပုတ်လိုက်သည်။

"ငါကလည်း သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ထဲကပဲလေ .. ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးကို ပြန်လာတွေ့တာ တစ်ခုခုများမှားနေလို့လား..."


"ဟားဟား... အခုတွေ့ပြီးပြီဆိုတော့... ပြန်လို့ရပါပြီ..."


"ဘာလို့ ဒီလောက်အလျှင်လိုနေရတာလဲ.."

ထိုလူက ယောင်စစ်ကို ပြုံးပြရင်း ဆက်ပြောလာသည်။

"ကျွန်တော်ကြားတာက သခင်မလေးကို စကြဝဠာထဲကိုခေါ်ပြပြီး ရင်းနှီးအောင်မိတ်ဆက်ပေးရမယ့် အိမ်တော်ထိန်းတစ်ယောက် လိုအပ်နေတယ်ဆို... ကျွန်တော်လုပ်ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ..."


"မလိုတော့ဘူး..."

ယောင်စစ် ပြန်မဖြေရသေးမီ ယောင်ချမ့်က တုံ့ဆိုင်းမှုမရှိပဲ ချက်ချင်းငြင်းပေးလိုက်သည်။

"အကြီးအကဲကော်မတီက ဆုံးဖြတ်ချက်ချပြီးပြီ... ငါကပဲ သခင်မလေးကို စကြဝဠာကြီးအကြောင်းပြောပြပေးလိုက်မယ်..."

မင်းကို ခွင့်ပြုပေးစရာ အကြောင်းကိုမရှိဘူးကွ...


"ဆယ့်သုံးရယ် မင်းငါ့လောက်တော့ မသိပါဘူးကွာ..."

ချွီဇယ် သူ့ကိုဘေးသို့တွန်းလိုက်ပြီး ယောင်စစ်ရှေ့မှာ လေဆက်ပေါပြန်သည်။

"သခင်မလေး... ကျွန်တော့်ကိုဘယ်လိုမြင်လဲ... ကျွန်တော်က အများကြီးသိပြီး မျက်စိပဒေသာလည်းဖြစ်တယ်နော်.. ကျွန်တော့်ကို ဆယ့်သုံးနဲ့အစားထိုးရင်ရောဘယ်လိုလဲ..."


ယောင်စစ် မျက်မှောင်ကြုတ်လိုက်သည်။ 

သူမက သာမန်အကြောင်းအရာတွေအကြောင်းသင်ချင်တာဆိုတော့ ဘယ်သူသင်ပေးပေးရနေတာပဲမလား... ပြီးတော့ ယောင်ချမ့်ရဲ့စိတ်ဖိစီးနေတဲ့ အကြည့်တွေအရတော့.. အကြီးအကဲခေါင်းဆောင်ဆိုတဲ့ တစ်ယောက်က မယုံရဘူးဆိုတာပြနေတယ်...


"မလိုပါဘူး..."


"ကောင်းပြီလေ... ဒါဆိုဆုံးဖြတ်ချက်ချလိုက်ပြီပေါ့...."


ဟမ်


သူယောင်စစ်နားလျှောက်လာပြီး သူမလက်ကိုချိတ်လိုက်သည်။

"ဒါဆို  သခင်မလေးကို အနီရောင်ဂြိုလ်အကြောင်း ကောင်းကောင်းသိဖို့ လက်တွေ့လိုက်ပြပေးပါ့မယ်..."


နေပါဦး... ငါသဘောမတူရသေးဘူးလေ...


"ငါတို့သွားပြီနော်..."

သူ တစ်ခုခုကိုထုတ်ယူလိုက်သည်။


ယောင်စစ် သူမမျက်စိရှေ့တွင် မြင်ကွင်းပေါင်းများစွာ ဖြတ်ပြေးသွားသည်ကိုသာ ခံစားလိုက်ရသည်။


ယောင်ချမ့်၏ ထိတ်လန့်တုန်လှုပ်နေသော အသံနက်ကြီးက သူမနားထဲ ပဲ့တင်ထပ်လာသည်။

"သခင်မလေး......."


ခဏအကြာတွင် သူမအနီရောင်တောအုပ်တွင်း တစ်နေရာတွင် မတ်တတ်ရပ်နေကြောင်း သိလိုက်ရသည်။


"ဝိုး... ဒီရုပ်ဝတ္ထုပစ္စည်းပြောင်းရွှေ့တဲ့စက်က တကယ်ကြီးအလုပ်ဖြစ်မယ် မထင်ထားခဲ့ဘူး..."

ချွီဇယ် သူ့လက်ထဲတွင်ရှိသော သေတ္တာအသေးလေးတစ်ခုကို အံ့ဩနေသည့်ပုံဖြင့်ကြည့်ပြီး ယောင်စစ်ဘက်လှည့်ကြည့်ကာ ပြုံးဖြဲဖြဲလုပ်ပြလာသည်။

"သခင်မလေး... ဒီနေရာကိုသဘောကျရဲ့လားနော်..."


ယောင်စစ် သတိပြန်လည်လာဖို့ တစ်မိနစ်တိတိကြာမှာ အသိပြန်ဝင်လာတော့သည်။


အချိန်ခဏကြာမှ သူမသတိပြန်ကပ်သွားတော့သည်။ ပတ်ဝန်းကျင်ကို ခေတ္တမျှ လှည့်ပတ်ကြည့်ပြီးနောက်တွင် သူမရောက်ရှိနေသော တောအုပ်က သူမမြင်ခဲ့ဖူးသော တောအုပ်များနှင့် တစ်စိုးတစ်စိမှတူမနေကြောင်း သိလိုက်ရသည်။ တစ်နေရာလုံးကို အနီရောင်အပင်များဖြင့် ဖုံးလွှမ်းထားပြီး မိုးထိအောင်မြင့်သော အပင်များလည်း ရှိသလို မြေပြင်တစ်ခုလုံးကို ရိပ်မိုးသွားနိုင်သည့် အပင်များလည်းရှိနေသည်။ လူတစ်ရပ်နီးပါးမြင့်သော အရောင်တောက်ပသည့် ပန်းပွင့်များနှင့် ရောင်စုံမှိုကြီးများလည်း ရှိနေသည်။ သူမကိုယ်သူမ နတ်သမီးပုံပြင်ထဲ ရောက်ရှိသွားသလိုပင် ခံစားလိုက်ရသည်။


ဒီနေရာက... အရမ်းကို အရမ်းကိုလှတာပဲ...


"အကြီးအကဲခေါင်းဆောင်..."


"သခင်မလေး.. ကျွန်တော့်ကို ချွီဇယ်လို့ပဲခေါ်ပါ..."


"အိုး ချွီဇယ်.. ဒါကဘယ်နေရာလဲ..."

သူမမေးလိုက်သည်။


ချီဇယ်ပြုံးပြုံးကြီး ခေါင်းငြိမ့်ပြလာသည်။

"ဟုတ်သားပဲ....ဒါဘယ်နေရာလဲမသိဘူးနော်..."


"..."

ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။

အဲ့တော့ နင်လည်း လုံးဝမသိဘူးပေါ့လေ...


"ဟားဟားဟား... အထင်မလွဲပါနဲ့... ရုပ်ဝတ္တုပစ္စည်းရွှေ့ပြောင်းစက်က ကျွန်တော်တို့ကို ကြုံရာကျပန်းနေရာတစ်ခုကို ပို့ပေးလိုက်တာ... ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီနေရာက သခင်မလေးကိုခေါ်လာတဲ့နေရာနဲ့ ကီလိုမီတာနှစ်သိန်းလောက်ပဲဝေးတာပါ.."

သူ့လက်ထဲရှိ ဘူးလေးကို မြှောက်ပြလိုက်သည်။

"ဘယ်နေရာကိုရောက်နေလဲ အတိအကျသိချင်ရင်တော့... တည်နေရာရှာဖွေရေးစက်နဲ့ဆိုသိနိုင်ပေမယ့်... သခင်မလေးရယ် အခုလိုကြုံကြိုက်တုန်းမှာ ပတ်ဝန်းကျင်ကို ပိုပြီးထိထိရောက်ရောက်လေ့လာနိုင်မယ်မထင်ဘူးလားဗျာ..."


ဒီလိုကြတော့လဲ ဟုတ်သလိုလိုပဲ...


"ကျွန်တော်တို့ တောထဲကိုရောက်နေတာဆိုတော့ သခင်မလေးကို အနီရောင်ဂြိုလ်ပေါ်မှာ အများဆုံးတွေ့ရတတ်တဲ့ အပင်တွေနဲ့ အခြားသတိထားသင့်တဲ့ အပင်တွေအကြောင်းလည်း ပြောပြမယ်လေ..."


ယောင်စစ် ခေါင်းငြိမ့်ပြလိုက်ကာ ဂရုတစိုက်နားထောင်လိုက်သည်။


ချွီဇယ် လည်ချောင်းရှင်းလိုက်ကာ လေးနက်သည့် အသံဖြင့်စတင်ပြောလာသည်။

"အနီရောင်ဂြိုလ်ပေါ်မှာ အပင်မျိုးစိတ်တွေ အများကြီးရှိတယ်... အခြေခံအားဖြင့်ပြောရရင် အန္တရာယ်ရှိတဲ့ အမျိုးအစားနဲ့ အလှစိုက်လို့ရတဲ့ အမျိုးအစားဆိုပြီးရှိတယ်..."


"ဟုတ်ပြီလေ..."


"အခုလက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ အပင် အမျိုးအစားစုစုပေါင်းက..."

သူ လေးလေးနက်နက်တွေးနေဟန်ဖြင့် စကားပြောနေရာမှရပ်လိုက်ပြီး ဆက်ပြောလာသည်။

"အများကြီးပဲ..."


“…”


"ဟိုနားက ရှည်မျောမျောနဲ့သစ်ပင်နဲ့တူတဲ့ အပင်ကြီးကိုကြည့်လိုက်ပါဦး... အဲ့တာသစ်ပင်လို့ခေါ်တယ်လေ..."


“…”


"မြေပြင်ပေါ်မှာရှိတဲ့ မြက်နဲ့တူတဲ့ဟာတွေကိုလည်း... မြက်လို့ခေါ်တယ်..."


“…”


"ပြီးတော့ ဟိုနားက ထိပ်ဖျားက လုံးလုံးဝိုင်းဝိုင်းနဲ့ ခပ်ရှည်ရှည်အပင်လေးက..."


"မှိုတွေလေ..."


"ဝိုး... သခင်မလေး ဒီလောက်မြန်မြန်ကြီး သင်နိုင်သွားမယ် မထင်ခဲ့ဘူး..."


နင့်ဖင်ကြီးကိုပဲ သင်နေလိုက်..... ဘယ်သူကများနင့်လို သင်ပေးလို့လဲ... နင့်မှာ သွေးစုပ်ဖုတ်ကောင်သင်ကြားခွင့် လက်မှတ်တောင် မရှိဘူးမလား....


ငါ့ကို ဘာကိစ္စဒီနေရာကိုခေါ်လာရတာလဲ...


"ငါ့မှာမျက်လုံးတွေရှိတယ်လေ ကျေးဇူးပါ..."

မျက်လုံးသာကန်းမနေသ၍တော့ နင်ပြောပြသမျှဟာတွေက မြင်တာနဲ့ဘာမှန်းတမ်းသိတဲ့ဟာတွေဟ ဟုတ်ပြီလား... 

သူမ နှလုံးသားအောက်ခြေမှ တလိမ့်လိမ့်တက်လာသော ဒေါသများကို အတင်းအကြပ် ဖိနှိပ်လိုက်ရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူမဘေးရှိ ပန်းပွင့်ကိုကြည့်လိုက် ပြောလိုက်သည်။

"ချွီဇယ်... ငါထင်တာတော့ ဒီပန်းပွင့်က..."


သူမရောက်လာကတည်းက အပင်တိုင်းနီနီရဲနေသော တောအုပ်ကြီးထဲတွင် ထိုပန်းပွင့်ကသာ ဖြူနေခြင်းဖြစ်၍ အတော်လေးထင်းနေပြီး ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင် မြင်လိုက်မိခြင်းဖြစ်သည်။ ထို့အပြင် ထိုပန်းပွင့်ကြီးကအတော်လေးမြင့်ပြီး ချွီဇယ်ထက်ပင် ကြီးနေသေးသည်။ ထို့အပြင် ပင်စည်နှင့်အရွက်မရှိပဲ တစ်ပွင့်တည်းသောပန်းအဖြစ်သာပွင့်နေသည်။သူမစိတ်ထင်နေသည်လား မသိသော်လည်း ထိုပန်းကလှုပ်နေသည်ဟု မြင်နေရသည်။ 


"သခင်မလေးက... အဲ့အပင်ကိုစိတ်ဝင်စားနေတာလား... အဲ့တာကို.."


"ရှင်သာပန်းလို့ပြောရဲသေးရင် ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလိုက်..."

နင့်ကိုအချိန်အကြာကြီးသည်းခံထားပြီးသားနော်.. ဒီတစ်ခေါက်သာပေါက်ကရပြောကြည့် တကယ်ရိုက်သတ်ပစ်မှာ...


"အာ..."

ချွီဇယ် တောင့်ခဲသွားပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ဆက်ပြောလာသည်။

"အဲ့လိုကြီးမပြောပါနဲ့ သခင်မလေးရယ်... ကျွန်တော်က အတော်လေးဗဟုသုတကြွယ်ဝပါတယ်..."


"ဟားဟား..."

သူမ သူပြောတဲ့ ဗဟုသုတကြွယ်ဝတယ်ဆိုတာကြီးကို ကြုံဖူးပြီးသွားပါပြီ...


"ကျွန်တော် ဒီပန်းအမျိုးအစားနဲ့ တော်တော်လေးရင်းနှီးတယ်..."

သူ ထိုပန်းပွင့်ကြီးဘေးသို့လျှောက်သွားပြီး ပွင့်ချပ်ကိုလက်နှင့်ထိုးလိုက်သည်။

"ဒါကို 'အစားကြူးပန်း' လို့ခေါ်တယ်..တိတိကျကျပြောရရင် ဒါကအပင်မျိုးနွယ်ဝင်မဟုတ်ဘူး တိရိစ္ဆာန်မျိုးနွယ်ဝင်လို့ပြောလို့ရတယ်..."


တိရိစ္ဆာန်မျိုးနွယ်ဝင်...


"ဒါကြီးက အချိန်အကြာကြီးမလှုပ်ရှားနိုင်ဘူး... သူ့ရဲ့ပုံပန်းသွင်ပြင်ကလည်း ပန်းတစ်ပွင့်တဲ့တော်တော်လေးဆင်တယ်... ပြီးတော့ သူကပန်းအဖြစ်ဟန်ဆောင်ရတာကိုလည်းသဘောကျသေးတာ.. တိရိစ္ဆာန်တစ်ကောင်ကောင် သူ့နားကပ်လာတာနဲ့ သူက တစ်လုပ်တည်းနဲ့...."


သူ့စကားမဆုံးမီတွင်ပင် သူ့ဘေးတွင် ငြိမ်သက်နေခဲ့သောပန်းပွင့်ကြီးက ခေါင်းကိုငုံ့၍ ချွီဇယ် တစ်ကိုယ်လုံးကိုမျိုချလိုက်သည်။ ထိုပန်းကြီးအတွင်းမှ ချွီဇယ်ကသူပြော၍မပြီးသေးသော စကားကိုဆက်ပြောလာသည်။

"စားပစ်လိုက်တယ်..."


ချီးပဲ ချီးပဲ ချီးလိုပဲဟေ့....


"ချွီဇယ်..."


ယောင်စစ် အတော်လေးထိတ်လန့်သွားပြီး ခဏအကြာတွင် အားကုန်သုံး၍ ချွီဇယ်ကို ခြေထောက်မှဆွဲ၍ ဆွဲထုတ်နေသည်။

"ရှင်သွက်သွက်ခါအောင်ရူးနေပြီလား... ဒါကြီးကလူတွေကိုစားမှန်းသိနေတာတောင် ဘေးမှာသွားရပ်ပြီး လက်နဲ့သွားထိုးလိုက်သေးတယ်..."

သူကဦးနှောက်ပျက်နေတာ... လုံးဝကိုပျက်နေတာ...


"ကျွန်တော်က သခင်မလေးကို လက်တွေ့ပြရုံလေးပါ..."

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ပန်းကြီးထဲရောက်နေသော်လည်း သူမမေးနေသည်ကို ဖြေပေးနေဆဲဖြစ်သည်။

"သခင်မလေးက ကျွန်တော့်ကိုချက်ချင်းလာကယ်ပေးတာပဲ... ချွီဇယ်ကောင်းချီးပေးခံရသလို ခံစားလိုက်ရတယ်ဗျာ..."


"ပါးစပ်ပိတ်ထားစမ်း..."

ယောင်စစ် ယခုမှ ယောင်ချမ့်စိတ်ညစ်သွားရလဲဆိုသည်ကို နားလည်သွားရတော့သည်။

ဒီကောင်က လုံးဝကိုသွက်သွက်ခါနေတာပဲ..


"ထားလိုက်ပါသခင်မလေးရယ်... အစားကြူးပန်းရဲ့ နောက်ထပ် ထင်ရှားတဲ့အချက်တစ်ခုက.. တစ်ခုခုကိုမျိုလိုက်ပြီဆိုတာနဲ့ ဘယ်တော့မှမလွှတ်တော့ဘူး ဆိုတာပဲ.."


"..."

စောစောကပြောရင် နင်သေသွားမှာမလို့လား... အဲ့တာဆို နင့်ကိုလွှတ်ထားပေးလိုက်တော့မှာပေါ့ဟ... အစားခံရတာကိုများပျော်နေတာလားဟယ်... အနည်းဆုံးတော့ စိတ်သောကရောက်နေပါတယ်ဆိုပြီး ဟန်ဆောင်ပေးလို့မရဘူးလား...


"အိုး... သခင်မလေးကို နောက်တစ်ခုပြောဖို့မေ့နေတာ... ဒီပန်းရဲ့ဘယ်အစိတ်အပိုင်းကိုမှ မထိနဲ့နော်.. မဟုတ်ရင်..."


ယောင်စစ် တောင့်ခဲသွားကာ ပွင့်ဖတ်ပေါ်ကန်ထားသော သူမခြေထောက်ကို ငုံ့ကြည့်လိုက်သည်။


လခွမ်းပဲ


"အာဝူး" ဟူသောမြည်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း သူတို့အချင်းချင်း ပန်းပွင့်ကြီး၏အစာအိမ်ဟုထင်ရသော နေရာတွင် ပြန်တွေ့ကြတော့သည်။


ထိုအခါမှ ချွီဇယ်က သူပြောလက်စ စကားကိုဆက်ပြောလာသည်။

"သခင်မလေးပါ မျိုချခံရလိမ့်မယ်.."


"..."