Chapter 23
အရင်ဆုံး ဘိုးဘေးကိုလှည့်စားပါရစေ"
"ယောင်ချမ့်ကို မြန်မြန်လေး သတိပေးလိုက်..."
ယောင်စစ် ချွီဇယ်၏ ကော်လာကိုလက်တစ်ဖက်ဖြင့် ဆောင့်ဆွဲ၍အော်ပြောလိုက်သည်။ သူမ၏သည်းခံစိတ်များအားလုံး အငွေ့ပျံသွားပြီဖြစ်ပြီး ထိုပြဿနာကောင်နှင့် တစ်စက္ကန့်လေးမှအတူမနေချင်တော့ပေ။
"ကျွန်တော် မလုပ်နိုင်လောက်တော့ဘူး..."
ချွီဇယ်ပန်းပွင့်၏အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသော သူ၏လက်ကို အပြစ်ကင်းစင်သည့် ပုံလေးဖြင့် ရမ်းပြလာသည်။
"အစာချေဖျက်နိုင်စွမ်းအပြင် ဒီပင်တွေရဲ့ အရည်တွေက ပြင်ပဆက်နွယ်ချက်တွေကိုပါ ပိတ်ဆို့နိုင်တယ်..."
အဲ့အပြင် ငါကအဲ့လူကြီးကို ဆက်သွယ်ရမယ့် နံပါတ်ကိုသိစရာလား...
"အဲ့တာဆို ငါတို့ဘာလုပ်ကြမလဲ.."
ဒီထဲမှာနေပြီး ပန်းပွင့်ကြီးဆီက အစာချေတာ ခံရမှာလား....
"စိတ်သက်သက်သာသာနေပါ သခင်မလေးရယ်..."
သူ အမှုမဲ့အမှတ်မဲ့သာဖြေလိုက်သည်။
"အစားကြူးပန်းက သွေးစုပ်ဖုတ်ကောင်တွေကို အစာမချေနိုင်ဘူးလေ... ကျွန်တော်တို့က အရသာမရှိဘူးမှန်းသိသွားရင် ထွေးထုတ်ပါလိမ့်မယ်...."
"..."
နောက်ဆို အဲ့လိုအကြောင်းတွေကို စောစောပြောပါဟ....
အိုး... ငါ့နှလုံးသားလေးပင်ပန်းနေပါပြီ...
ယောင်စစ်တစ်ယောက် သွေးစုပ်ဖုတ်ကောင်စစ်ပွဲကြီးထဲညပ်သွားကတည်းကစပြီး အခုလောက်ပင်ပန်းတာမျိုးမကြုံဖူးသေးပေ။
ဆံပင်အဝါနဲ့ကောင်တွေ တစ်ကောင်မှကောင်းကျိုးမပေးဘူးပဲ...
ဤတစ်ကြိမ်တွင် ချွီဇယ်သူမကို မလိမ်ခဲ့ပေ။ နှစ်နာရီခန့်အကြာတွင် အစားကြူးပန်းပွင့်ကြီးက သူတို့နှစ်ယောက်ကို အစာချေ၍မရမှန်းရိပ်မိသွား၍ "ဝေါ့"ဟူသေ အသံဖြင့် အကျိအချွဲများပေပွနေသော သူတို့နှစ်ယောက်ကို အန်ထုတ်လိုက်သည်။ အမြစ်တစ်ခုကပင် ရွံရှာနေဟန်ဖြင့် သူတို့နှစ်ယောက်ကို ဟိုဘက်ပို့နေသေးသည်။
အန်ထုတ်ခံရပြီးနောက်တွင် ယောင်စစ် ပထမဆုံးလုပ်သည့်အရာမှာ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ ယောင်ချမ်းနှင့် ယန်ရွှမ်တို့ကို ဆက်သွယ်ခြင်းဖြစ်သည်။ သို့သော် သူမသူတို့ကို မည်မျှပင် ဆက်သွယ်နေပါစေ ပြန်လည်ဖြေကြားခြင်းမရှိပေ။
ဘာတွေဖြစ်နေတာလဲ.. ကွန်ပျူတာလက်ပတ်ပျက်သွားတာလား..
"အိုး ...ပန်းပွင့်ကြီးရဲ့အရည်တွေက ဆက်သွယ်ရေးလိုင်းတွေကိုမပိတ်ထားတော့ဘူး..."
ချွီဇယ်၏မျက်နှာတွင် အူမြူးနေသော အမူအယာကြီးရှိနေပြီး စိုးရိမ်စိတ်များနေရမည့်အစား စိတ်လှုပ်ရှားနေဟန်ပင်ပေါ်နေသည်။
"ဒါပေမယ့် ကြည့်ရတာ ဒီတောအုပ်ထဲက သံလိုက်စက်ကွင်းက တစ်မျိုးတစ်မည်ထူးဆန်းနေပုံပဲ..."
"ရှင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းရွှေ့ပြောင်းစက်ကရော..."
ယောင်စစ် မေးလိုက်သည်။
"ငါတို့ပြန်ရွေ့ပြောင်းရင်ရတာပဲ..."
သူမပြန်ရောက်လျှင် ရေချိုးမှရတော့မည်ဖြစ်သည်။ သူမတစ်ကိုယ်လုံး အကျိအချွဲများပြည့်နေသည်မှာ ရွံရှာဖွယ်ကောင်းနေသည်။
"ဟမ်... ကျွန်တော် မပြောရသေးဘူးလား..."
သူကအခုမှသတိရသွားပုံနှင့် သေတ္တာအသေးစားလေးကို ထုတ်ယူလိုက်ပြီး ဘေးဘက်ကိုလွှင့်ပစ်လိုက်သည်။
"ရုပ်ဝတ္ထုပစ္စည်းရွေ့ပြောင်းစက်တွေက တစ်ခါသုံးတွေလေ.."
“…”
လခွမ်းပဲဟေ့
ယောင်စစ် အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ ထိုအကောင်ကို တကယ်ကြီး သတ်ချင်နေပြီဖြစ်သည်။
"အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ..."
သူတို့ဘယ်ရောက်နေလဲမသိသလို အခြားသူတွေနဲ့လည်း ဆက်သွယ်လို့မရပြန်ဘူး...
"ကြည့်ရတာ ကျွန်တော်တို့ ဒီနေရာလေးမှာပဲစောင့်နေကြဖို့နဲ့... ဒါမှမဟုတ်..."
"ဒါမှမဟုတ် ဘာလဲ.."
သူ့မှာအကြံတစ်ခုခုရှိတာလား...
"ရုပ်ဝတ္တုပစ္စည်းရွှေ့ပြောင်းစက်က ကီလိုမီတာနှစ်သိန်းအထိပဲပို့ပေးနိုင်ဖို့ လုပ်ပေးထားတာဆိုတော့... ကျွန်တော်တို့တွေ..."
သူစကားပြောတာရပ်လိုက်ပြီး ထူးထူးခြားခြား လေးနက်သည့်မျက်နှာထားပြောင်းသွားပြီး ဆက်ပြောလာသည်။
"လမ်းလျှောက်ပြန်ကြတာပေါ့..."
"တာ့တာပဲ..."
ယောင်စစ်လှည့်ထွက်သွားလိုက်သည်။ သူမသာ ထိုစောက်ရူးကောင်ကိုဆက်ယုံနေပါက သူမပါအရူးဖြစ်ပေတော့မည်။
ကီလိုမီတာနှစ်သိန်း ဟုတ်စ... အဲ့အကွာအဝေးက ကမ္ဘာတစ်ဝက်ခရီးသွားတာနဲ့ညီတယ်ဟ.. ဟုတ်ပြီလား...
"ဟမ်... ဘိုးဘေး ဘယ်ကိုသွား... သခင်မလေးဘယ်ကိုသွားတာလဲ..."
ယောင်စစ် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ထဲတွင် ထိုကဲ့သို့သော ကျပ်မပြည့်သည့်အကောင်တစ်ကောင်ရှိနေမည်ဟု မထင်ထားခဲ့ပေ။ အခြားသူတွေက သူတို့၏အဖေတွေကိုသာ လိမ်လည်လှည့်ဖျားကြသော်လည်း ထိုလူကတော့ ဘိုးဘေးတစ်ယောက်ကိုပင် လှည့်ဖျားနေလေသည်။ ပို၍ဆိုးသည်မှာ သူသင့်ပေါ် လာကပ်တွယ်ပြီဆိုပါက ဘယ်လိုခွာချချမကွာတော့ပေ။ ထိုကဲ့သို့သောကံဆိုးခြင်းသည် အတော်လေးကံဆိုးသည်ဟု ပြောရပေမည်။
သို့သော် မကြာမီပင် ယောင်စစ် ဘိုးဘေးအတွက်သေတွင်းတူးပေးသည်ဟူသော အဓိပ္ပာယ်ကိုနားလည်သွားရပေသည်။ ချွီဇယ်တစ်ယောက် မွေးကတည်းက ကံဆိုးသည်ဟု ပြောရမည်လား မသိတော့ပေ။ သူပန်းပွင့်ကြီးစားသည်ကိုခံရပြီး၊ သစ်ပင်ကြီးဆွဲတာလည်းခံရပြန်ကာ၊ အမည်မသိငှက်တစ်မျိုးထံမှ ခဏခဏလိုက်ဖမ်းခံနေရလေသည်။
မည်သို့ပင်ဆိုစေ ကံဆိုးမှုများအားလုံးက သူ့ရှေ့တွင်စောင့်ကြိုနေသည်နှင့်ပင် တူနေသည်။ယောင်စစ် တောအုပ်ထဲလမ်းလျှောက်နေရသည့် တစ်ချိန်လုံးတွင် ထိုလူကိုသာ ပြန်ကာလန်ကာကယ်နေရပေသည်။
ရလဒ်ကလား...
ချွီဇယ်၏ကိုယ်တွင် ခြစ်ရာတစ်ခုပင်မထင်သော်လည်း ယောင်စစ်ကတော့ ပန်းပွင့်စားသည်ခံရလိုက်၊ သစ်ပင်ရိုက်သည်ကိုခံရလိုက်၊ ငှက်လိုက်ဆိတ်သည်ကိုခံရလိုက်ဖြစ်နေသည်။ သူမတို့၏ အသက်ကလေးနှစ်ချောင်းကို ကယ်ရင်းကယ်ရင်း အမောဆို့၍သေတော့မည်ဟုပင် ခံစားနေရသည်။
သူမ သူမမျိုးနွယ်၏ စိတ်ကျန်းမာရေးအခြေအနေကိုပင် တဖြေးဖြေးချင်း သံသယဝင်လာတော့သည်။
ဘယ်မျိုးနွယ်ကများ သူတို့ရဲ့မိခင်ဂြိုလ်ကြီးပေါ်မှာ အန္တရာယ်ရှိတဲ့ အပင်တွေနဲ့ တိရိစ္ဆာန်တွေကို နေရာတကာမှာ ပေါက်ချင်သလိုပေါက်စမ်းဆိုပြီး လက်လွှတ်စပယ်ထားပါ့မလဲ... အဲ့တာဘယ်လိုတောင် တစ်ခန်းလွတ်နေတဲ့အတွေးအခေါ်လဲ... အခုအချိန်မှာ သူမကို အပြာရောင်ဂြိုလ်လူသားအဖြစ် ပြန်ပြောင်းပေးဖို့ပြောရင် အချိန်မှီသေးလားဟင်...
"ဘိုးဘေးခင်ဗျ... ကျွန်တော်တို့ ဘာလို့ဒီနေရာမှာပုန်းနေရလဲမသိဘူးနော်.."
ချွီဇယ် ချုံပုတ်တွေအောက်မှာ မှောက်ယားထိုးပြီးပုန်းနေသော ယောင်စစ်ကို တို့၍မေးလိုက်သည်။
"ရှေ့ကပန်းပွင့်တွေကို မမြင်ဖူးလားဟ..."
သူမ သူ့ကိုအောက်ကိုဆွဲချလိုက်ပြီး အရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။
"ပန်းပွင့်တွေ..."
ချွီဇယ် သူမလက်ညှိုးညွှန်ရာကိုလိုက်ကြည့်ပြီး သူ့မျက်လုံးများ တောက်ပသွားသည်။
"ဟမ်... အဲ့တာ အစားကြူးပန်းတွေမလား... ဘာလို့အများကြီးရှိနေရတာလဲ.."
"ငါကဘယ်လိုလုပ်သိမှာလဲ..."
ယောင်စစ် မျက်ဆန်လှန်လိုက်မိသည်။သူမက 'အစားကြူးပန်း'ဟူသော အမည်ကို သူ့ဆီမှသိခဲ့ရသည်မဟုတ်ပါလော။ သူတို့တွေ့ခဲ့သော တစ်ပွင့်တည်းသော ပန်းနှင့်မတူပဲ ထိုနေရာတွင် အုပ်စုလိုက်ကြီးရှိနေကြသည်။ လျှပ်တစ်ပြက်ကြည့်လိုက်လျှင် အဖြူရောင်ရေကန်ကြီးနှင့်ပင် တူနေသည်။
ယောင်စစ်တွင် ခက်ခဲသောအခြေအနေတစ်ခုရှိနေသည်။ သူတို့နှစ်ယောက် ထိုပန်းခင်းကြီးကို ဧကန်မုတ်ချဖြတ်ကျော်သွားမှသာ တောအုပ်အစွန်ကိုရောက်မည်ဖြစ်သည်။ သို့သော် သူတို့ဖြတ်သွားလိုက်ပါက တစ်ကြိမ်ခန့် သို့မဟုတ် နှစ်ကြိမ်ခန့် မျိုချခံရမည်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် မရေမတွက်နိုင်သည့်အကြိမ်ခန့် မျိုချခံရမည်ဖြစ်သည်။
"ဒီပန်းပွင့်တွေ ဘာလို့စုနေကြတာလဲပဲ..."
သူမ ထိုပန်းများက အုပ်စုလိုက်မနေတတ်ကြ ဟူသော ချွီဇယ်ပြောပြထားသည့်အချက်ကို ကောင်းကောင်းကြီးမှတ်မိနေသေးသည်။ သေသေချာချာကြည့်လိုက်သောအခါ ထိုပန်းများက စက်ဝိုင်းပုံစံ စီစီရီရီစုဝေးနေကြကြောင်းမြင်လိုက်ရသည်။ သူတို့ ပထမဆုံးတွေ့ခဲ့သည့် သားကောင်ကိုမလှုပ်မယှက် စောင့်ဖမ်းတတ်သော ပန်းပွင့်ကြီးနှင့်ယှဉ်လျှင် ယခုတွေ့နေရသောပန်းပွင့်ကြီးများက အလယ်သို့ဖြေးဖြေးချင်းရွှေ့ပြီးနောက် ပြန်ဆုတ်ကြနေကြသည်။ ထိုသို့တိုးလိုက် ဆုတ်လိုက်လုပ်နေကြသော သူတို့၏အလယ်ကိုကြည့်လိုက်သောအခါ...
"ဟမ်... အလယ်မှာ ခရမ်းရောင်အလုံးလေးရှိနေသလိုပဲနော်...."
ထိုအလုံးလေးက လက်သီးဆုပ်တစ်ခုစာသာရှိပြီး အရောင်ကလည်း ပန်းများနှင့် သိပ်မကွာသည့် ခပ်ဖျော့ဖျော့အရောင်သာဖြစ်နေ၍ ယောင်စစ် သတိပင်မထားမိခဲ့ချေ။
သွေးစုပ်ဖုတ်ကောင်နှစ်ကောင်က ထိုအလုံးလေးဆီ ပန်းပွင့်တစ်ပွင့်တိုးကပ်သွားသည်ကို တွေ့လိုက်ရပြီး ပန်းဖူးပိုင်းကို ငုံ့ချ၍ အရည်အချို့ချလိုက်ပြီး နောက်သို့ပြန်ဆုတ်သွားသည်ကို ကြည့်နေလိုက်ကြသည်။ ထို့နောက် နောက်ထပ်ပန်းပွင့်ကြီးတစ်ပွင့်ထွက်လာပြီး ခုဏကအတိုင်းလုပ်၍ ပြန်ဆုတ်သွားပြန်သည်။ ၎င်းက ဓလေ့ထုံးတမ်းတစ်ခုလုပ်နေသည်နှင့်ပင် တူနေသည်။
"သူတို့ အဲ့အလုံးလေးကိုအစာကျွေးနေကြတာနေမှာ..."
ပန်းပွင့်ထိပ်ဖူးပိုင်းမှ အစာသာထွက်နိုင်ပေလိမ့်မည်။
"သူတို့လုပ်နေတာကိုကြည့်ရသလောက်တော့ အဲ့အလုံးလေးက ပန်းပွင့်တွေရဲ့ဘုရင် ဒါမှမဟုတ် သူတို့ရဲ့ ဆက်ခံသူပဲဖြစ်ရမယ်... ငါတို့ဒီနေရာကကွေ့သွားရအောင် သွားမထိတာပဲကောင်းမယ်... ဟမ်.. လူရော.."
လွန်ခဲ့တဲ့ တစ်စက္ကန့်ကတင် ချွီဇယ်သူမဘေးရပ်နေသေးတာမဟုတ်ဘူးလား...
ယောင်စစ်၏နှလုံးသားလေး နစ်မြုပ်သွားကာ မကောင်းသည့်ခံစားချက်များရနေသည်။
သူမထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် လူတစ်ယောက်၏ ပျော်နေသယောင်ယောင် စိတ်ရှုပ်နေသယောင်ယောင်အသံကို ကြားလိုက်ရသည်။
"သခင်မလေး... ဒါသခင်မလေးပြောတဲ့ အလုံးလေးဆိုတာလား..."
လူတစ်ယောက်က ပန်းပင်လယ်ကြီးထဲတွင် ရပ်နေပြီး ခရမ်းရောင်အလုံးလေးကိုကိုင်၍ အပြုံးကြီးကြီးပြုံးပြနေသည်။
ယောင်စစ် သူမနှလုံး ဆောင့်ခုန်သွားသည်ကိုခံစားလိုက်ရသည်။
အိုး ...ချီးပဲ...
ရုတ်တရက် မီးခလုတ်နှိပ်လိုက်သလိုပင် ပန်းပွင့်တိုင်းက သွေးရောင်ရဲရဲအဖြစ်ပြောင်းသွားကြသည်။ ပန်းထိပ်ဖူးများ ပွင့်လာကြကာ ၎င်းတို့၏ အဝိုင်းပတ်ထဲသို့ ရောက်ရှိနေသော ချွီဇယ်ထံ ညီညီညာညာလှည့်ကြည့်လိုက်ကြသည်။ အစားကြူးပန်းများ၏ အတွင်းတွင် အဖြူရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။
"ပြေး....."
ယောင်စစ် ဘယ်နေရာမှ အင်အားများထွက်လာသလဲပင်မသိတော့ပဲ ပန်းပင်လယ်ကြီးထဲပြေးဝင်သွား၍ ကျပ်မပြည့်နေသော ထိုအရူးကောင်ကိုဆွဲကာ သွေးရူးသွေးတမ်းပြေးလေတော့သည်။
ခဏအကြာတွင် ကောင်းကင်တစ်ခုလုံး၌ ရေခဲစူးချွန်တို့ပြည့်နှက်သွားပြီး 'ကလက် ကလက်'ဟူသောအသံတို့စုံလင်စွာဖြင့် စက်သေနတ်နှင့်ပစ်သလို တရစပ်ပစ်ချလာသည်။ ရေခဲစူးချွန်တစ်ခုစီက လူ့လက်မောင်းတစ်ခုလောက် တုတ်ခိုင်ကာ အင်အားအပြည့်ဖြင့် ပစ်ခတ်လာသောအကြောင့် ပတ်ပတ်လည်ရှိ သစ်တောကြီးတစ်ခုလုံးကိုပင် အစိတ်စိတ်အမြွှာမြွှာပျက်ဆီးသွားစေသည်။
ယောင်စစ် ရေခဲချွန်တွေကိုရှောင်ရသလို လဲကျလာသောသစ်ပင်များကိုလည်းရှောင်တိမ်းရင်း ခက်ခက်ခဲခဲပြေးနေရသည်။ ပို၍ ဆိုးသည်မှာ သူမ အရူးတစ်ကောင်ကိုပါဆွဲ၍ ပြေးနေရခြင်းဖြစ်သည်။ လွန်ခဲ့သည့်ရက်များအတွင်း ချွီဇယ်၏ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဟိုတိမ်းရဒီရှောင်ရလုပ်ခဲ့ရသဖြင့် ပြေးသည့်နေရာတွက် တဖက်ကမ်းခတ်နေပြီဖြစ်သည်။
ရုတ်တရက် သူမကိုယ်သူမ Plants VS Zombie ဂိမ်းထဲရောက်သွားသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်မိသွားသည်။ သူတို့နောက်တွင် အပင်များအုပ်လိုက်ကြီးလိုက်နေပြီး သူတို့က ဖုတ်ကောင်များလိုဖြစ်နေသည်။
ထိုအချိန်တွင် သူမစာကြောင်းတစ်ခုတည်းကိုသာ အော်နေချင်သည်။
"ချွီဇယ် ငါနင့်ဦးနှောက်ကိုစားချင်တယ်..."
ယီးပဲ... ဒီအရူးရဲ့ဦးနှောက် တွေးခေါ်ဖို့သုံးတာမှမဟုတ်တာ... ရေသိုလှောင်ဖို့သုံးနေတာလေ...
–
ယောင်စစ်နာရီဝက်ခန့် ပြေးလွှားလိုက်ရပြီး နောက်ဆုံးတွင် ပန်းပွင့်များကို မျက်ခြေဖြတ်နိုင်ခဲ့သည်။ သူမကို ပြေးရလွှားရအောင်လုပ်သော တရားခံကို မျက်စောင်းထိုးကြည့်ပြီး ဒူးထောင်၍လက်တင်ပြီးသာ အမောဖြေနေရသည်။ သူမတွင် သူ့ကိုဆဲဆိုရန် အင်အားပင် မကျန်တော့ချေ။ ကံကောင်းစွာဖြင့် ထိုပန်းများရွေ့လျားသည်မှာ နှေးကွေးနေ၍ လွတ်လာရခြင်းဖြစ်သည်။ မဟုတ်ပါက ဆန်ကာပေါက်များဖြစ်သွားအောင် ရေခဲချွန်ဖြင့်အထိုးခံရမည်ဖြစ်သည်။
"ဝိုး ဝိုး ဝိုး... ကျွန်တော် အဲ့ပန်းတွေကိုလူတွေစားတာလောက်ပဲ လုပ်နိုင်တယ်လို့ ထင်ထားခဲ့တာ... အခုလိုတိုက်ခိုက်လာနိုင်မယ် မထင်ထားခဲ့ဘူး... အရမ်းကြောက်ဖို့ကြောင်းတာပဲ..."
ချွီဇယ်၏ပါးစပ်ပေါက်မှ ကြောက်သည်ဟုထွက်လာသော်လည်း သူ့မျက်နှာတွင် ရွှင်မြူးရိပ်သန်းနေသည်။ လွန်ခဲ့သည့် ရက်များအတွင်းသူမကို သေတွင်းတူးပေးနေကြဖြစ်သောကြောင့် ဟန်ဆောင်ပန်ဆောင် ရှက်ရွံ့ကာအားနာနေသော အမူအယာကိုပင်မလုပ်ပြတော့ချေ။
"ကြောက်ဖို့ကောင်းတယ်.. နင်ပဲသူတို့ကိုသွားနှောင့်ယှက်တာလေ... နင်ရူးနေ..."
မဟုတ်သေးပါဘူး... သူကအစကတည်းက ရူးနေပြီးသားကို...
"သခင်မလေး..."
သူ မတရားခံရသလို မျက်နှာလေးနှင့် သူမကိုကြည့်ကာပြောလာသည်။
"ကျွန်တော်က သခင်မလေးဒါကိုကြိုက်တယ်ထင်လို့... ဒီအလုံးလေးကိုသွားယူပြီး တကူးတကလာပြတာလေ..."
"ဘယ်သူက အဲ့လိုဟာကိုကြိုက်မှာလဲ...."
သူ စကားတစ်ခွန်းမှမပြောပဲ ပျော်ပျော်ကြီး ပြဿနာ သွားရှာလာတာမှန်း သိသာနေတာကို..
"တကယ်လား.... ဒါကိုမကြိုက်ဘူးပေါ့လေ..."
သူ့မျက်လုံးများ မှိန်ဖျော့သွားကာ 'ကျွန်တော် မတရားခံနေရပါတယ်' ဟူသောရုပ်နှင့် အကြီးအကျယ်စိတ်ထိခိုက်သွားဟန် ဖြစ်သွားသည်။
ထပ်လုပ်ပြန်ပြီ... သူအမှားတစ်ခုခုလုပ်မိတိုင်း မျက်နှာငယ်လေးနဲ့ 'သနားစရာခွေးပေါက်လေး'ပုံစံချိုးပြီး သူမရဲ့ဒေါသတွေကို အတင်းအကြပ်ပြန်မျိုချအောင်လုပ်နေကြပဲ... အဲ့လိုအချိန်ကြရင် သူမကလည်း ပစ်ပစ်ခါခါမပြောရက်တော့ပြန်ဘူး... တစ်ခါနှစ်ခါဆိုအဆင်ပြေပေမယ့် သူကအချန်တိုင်းအဲ့လိုလုပ်နေတော့ အဲ့ရုပ်မြင်တိုင်းဒေါသထွက်လာတော့တယ်...
"မ..ကြိုက်...ဘူး..."
ယောင်စစ် လေသံမာမာနှင့် တစ်လုံးချင်းပြောလိုက်သည်။
"အိုး.... ကျွန်တော်က ဒီအလုံးလေးကို အတော်လေးလှတယ်လို့တွေးနေတာ..."
သူ ခရမ်းရောင်အလုံးလေးကို ပစ်မြှောက်လိုက်ပြီး ပြန်ဖမ်းလိုက်သည်။
"ဒါပေမယ့် သခင်မလေးမကြိုက်ဘူးဆိုတော့လဲ... ရပါတယ်လေ..."
"နင့်မှာဘာလို့ အဲ့တာကြီးရှိနေရသေးတာလဲ... "
ယောင်စစ်၏ နှလုံးသားတင်းကြပ်လာသည်။
ဒီလူဘယ်နှပြားတောင် လိုနေတာလဲဟ... သူတို့မှာအဲ့အလုံးသာရှိနေသေးလို့ ပန်းတွေကဖမ်းမိသွားရင် ဘယ်လိုလုပ်မှာလဲ....
"မြန်မြန် လွှင့်ပစ်လိုက်..."
သူမ သူ့ဆီပြေးထွက်သွားပြီး ထိုအလုံးကိုလု၍ လွှတ်ပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ချွီဇယ်က သူ့လက်ကိုပြန်ဆုတ်လိုက်ပြီး နောက်သို့ယိမ်းလိုက်သည်။ သူ့ခြေထောက်မခိုင်သလိုဖြစ်သွား၍ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ကုဗတုံးတစ်ခုပြုတ်ကျလာသည်။ ယောင်စစ် 'ဘိ'ဟူသော အသံတိုးတိုးကိုပင် ကြားလိုက်ရသည်။
"ဒါဘယ်ကကျလာတာ..."
သူမ ခါးကုန်းလိုက်ကာ ထိုကုဗတုံးလေးကို ကောက်လိုက်သည်။
ချွီဇယ်၏အမူအယာပြောင်းလဲသွားကာ ရုတ်တရက်ကြီးအော်ချလာသည်။
"အဲ့တာကို မထိနဲ့...."
သို့သော် သူမထိုအရာကိုကောက်လိုက်သည်နှင့် စာလုံးအနက်နှင့်စာကြောင်းတစ်ခုထွက်ပေါ်သည်ကို မြင်လိုက်ရသည်။
_သက်ဝင်လှုံ့ဆော်မှုနောက်ခံပိတ်ပါပြီ...
ဘာကြီး..
"ဟမ့်.. အဲ့လောက်မြန်မြန်ရှာတွေ့သွားမယ်လို့ မထင်ထားခဲ့ဘူး..."
ရင်းနှီးနေသော်လည်း ပုံမှန်ထက် အေးစက်နေသော လေသံဖြင့်ပြောလာသည်။