အပိုင်း ၂၄
Viewers 16k

Chapter 24

နင်အခုပဲ ထာဝရအိပ်စက်လို့ရပြီ...


ပတ်ဝန်းကျင် မြင်ကွင်းများအားလုံးက လိုက်ကာတစ်ခု ဆွဲတင်လိုက်သလိုမျိုး ပြောင်းလဲကုန်လေသည်။ကြီးမားလှသော တောင်များ အပြောကျယ်လှသော ကောင်းကင်ကြီး ကျယ်ပြန့်လှသော မြေပြင်နှင့် အနီရောင်အပင်များ အားလုံး ကျောက်သင်ပုန်းပေါ်မှ စာများက်ို ဖျက်လိုက်သလိုမျိုး ပျောက်ကွယ်ကုန်လေသည်။


အရာရာအားလုံးတဖြေးဖြေးမှုန်ဝါးလာပြီးနောက်ဆုံး လုံးဝ ပျောက်ကွယ်သွားပေသည်။လွန်ခဲ့သည့် ရက်များစွာအတွင်းထွက်ဖို့ ကြိုးစားနေသော်လည်း မအောင်မြင်သေးသည့် ဤအနီရောင် ပတ်ဝန်းကျင်ကြီးက ဆယ်စက္ကန့်အတွင်းမှာပင် ပေနှစ်ဆယ် ပတ်လည်ရှိသော အဖြူရောင် နေရာလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။


သူမရပ်နေသောနေရာနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် အသားစားပန်းများက သူတို့၏ ပါးစပ်များကို ဖွင့်ဟ၍ ကြိုဆိုနေကြသည်။သို့သော်လည်း ၎င်းတို့အားလုံးက ဖန်ပေါင်းချောင် တစ်ခုအတွင်းတွင် ထည့်ထားခံရခြင်းဖြစ်သည်။သူတို့၏ ပါးစပ်ထဲမှ ရေခဲသွားချွန်ချွန်များကိုပင် မြင်နေရသေးသည်။ယောင်စစ်မလှုပ်န်ိုင်ပဲ နေရာမှာတင် ကြောင်အ၍ ရပ်နေမိသည်။


"အာ စိတ်မကောင်းစရာပဲ..."


ချွီဇယ်က သူ့လက်ထဲမှ ခရမ်းရောင်အလုံးလေးကိုမြောက်၍ ကစားနေရင်းပြောလိုက်သည်။


"ကျွန်တော့်ဆီမှာတခြား ဂြိုဟ်တွေကနေ ပြန်ယူလာနဲ့ မစမ်းသပ်ရသေးတဲ့ မျိုးခွဲအပင်တွေ အများကြီးရှိသေးတယ်..."


"စမ်းသပ်တာ ..."


ယောင်စစ် နှုတ်ခမ်းများ ရှုံ့မဲ့သွားပြီး သူ့၏ နှလုံးသားထဲမှ ဒေါသများ မြင့်တက်လာလေသည်။


"ရှင်ပြောတာက..."


"ဟုတ်တယ်  ..."


"ငါတို့က သစ်တောတစ်ခုထဲကို ပြောင်းရွေ့ခံလိုက်ရတာ မဟုတ်ဘူး..."


"အင်းလေ..."


"လူသားစားအပင်ဆိုတာလည်း မရှိဘူး..."


"ဟုတ်တာပေါ့..."


"လူတွေကို လှမ်းဆွဲတဲ့ အပင်လည်းမရှိဘူး ..."


"အမှန်ပဲ..."


"လူတွေကို အပေါက်ဖြစ်လု နီးပါးလှမ်းထ်ိုးမယ့် ရေခဲချွန်တွေလည်းမရှိဘူး ...


"ဒါပေါ့...အာ ဖြေးဖြေးပြောပါ သခင်မလေးရယ် ဘာတွေများ စိတ်ဆိုးနေတာလဲ..."


ချွီဇယ်က သူ့၏ ပုံမှန်အတိုင်း မည်သည့် အရာကိုမှ ဂရုမစိုက်သောပုံစံမျိုး ပြန်ဖြစ်လာလေသည်။သို့သော်လည်း သူ့၏ မျက်လုံးများက ရိုးသားမှု နည်းနည်းမှ မရှိပေ။


"ကျွန်တော်တို့ မျိုးနွယ်ကလူတွေအားလုံး သခင်မလေး နိုးထလာတာကို ကြိုဆိုနေကြတာမဟုတ်ဘူးလား ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ကြိုဆိုမှုကို ဘာမှ အန္တရယ်မရှ်ိတဲ့ စနောက်မှုလေးတစ်ခုနဲ့ ပြသတာပါ..."


"အန္တရာယ်မရှိဘူး ဟုတ်လား..."


ယောင်စစ် ခေါင်းထဲမှ သည်းခံခြင်းကြိုးလေး ထောင်းခနဲ ပြတ်သွားသံကို ကြားလိုက်ရသည်။ယောင်စစ်လက်သီးတင်းတင်းဆုပ်၍ ချွီဇယ်၏ မျက်နာကို ထိုးချလိုက်သည်။


"အန္တရာယ်မရှိဘူးဆိုရင် နင့်အဖွားကိုပဲ သွားစလိုက်..."


လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းသူမက သူ့ကို တကယ့် ငယ်သားတစ်ယောက်လို ဆက်ဆံပေးခဲ့သည်။သူ့၏ အသက်ကို ကယ်ဖို့အရေး သူမ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ရသည့် အခါမျိုးများလည်းရှိသည်။


နောက်ဆုံး၌ သိလိုက်ရသည်က စမ်းသပ်ခြင်းတဲ့ ဒါတွေအားလုံးက အတုအယောင်တွေတဲ့...ဖာ့ခ်ပဲ...


"နင့်မျက်နှာကို နင့်အမေတောင် မမှတ်မိအောင် မရိုက်နိုင်ဘူးဆိုရင်.. ငါ့ရဲ့ မျိုးရိုးနာမည်က ယောင်မဟုတ်တော့ဘူး..."


"သခင်မလေး..."


ချွီဇယ် ယခုအချိန်ထိ တောက်တောက်ပပပြုံးနေဆဲပင်ဖြစ်သည်။သူက ယောင်စစ်၏ လက်သီးချက်ကိုပင် ဂရုမထားပဲ အခြားလက်တစ်ဖက်ကို လှုပ်လိုက်သည်နှင့် မြေကြီးထဲမှ နွယ်ပင်နှစ်ချောင်း ထွက်လာပြီး ယောင်စစ်၏ လက်သီးကို အသာအယာဖမ်းဆုပ်ထားလိုက်လေသည်။


"သခင်မလေး ...လူကြီးလူကောင်းတစ်ယောက်ဆိုတာ စကားနဲ့ပဲ ပြောကြတယ်...လက်မပါဘူး ဒီတော့သခင်မလေးလည်း .."


ခွပ်...


သူ့စကားမဆုံးခင်မှာပင် ဒေါသအပြည့် လက်သီးချက်က ချွီဇယ်၏ မျက်နာကို အရှိန်ပြင်းပြင်းကျရောက်လာလေသည်။သူ့နှာခေါင်းမှ ပူနွေးနေသောသွေးများ စီးကျလာ၏။


"ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။ယောင်စစ်က သူ့ကို ရှင်းပြဖို့ စိတ်ကူးမရှိသလိုမျိုးသူမ၏ ဒေါသအပြည့်ဖြင့် လက်သီးချက်များက မိုးသီးမိုးပေါက်များလို အဆက်မပြတ် ကျရောက်လာလေသည်။


ယောင်စစ်၏ ရင်ထဲ၌ ရက်ပေါင်းများစွာသိုလှောင် သိမ်းဆည်းထားရသောဒေါသများက အရှိန်အဟုန်ဖြင့် ပေါက်ကွဲနေလေသည်။ဒေါသမီးလျှံက သူမ၏ ဆင်ခြင်တုံတရား သည်းခံခွင့်လွှတ်နိုင်မှုနှင့် ဂုဏ်သိက္ခာတို့အားလုံးကို လောင်ကျွမ်းပြာကျစေခဲ့လေပြီ။


သူမ၏ စိတ်ထဲ၌ ဒီအယုတ်တမာကောင်ကို သေအောင်ထ်ိုးနှက်ချင်စိတ်သာရှိလေသည်။


"နေပါဦ... နေပါဦး သခင်မလေး ဘယ်လိုလုပ်..."


" အား...မျက်နာကြီးပဲ မထ်ိုးပါနဲ့ အဲ့ဒါ နာတယ် နာတယ်လို့..."


" အား...ကျွန်တော် တောင်းပန်ပါတယ် တောင်းပန်ပါတယ် အဲ့ဒါက မလုံလောက် အား...နေပါဦး သခင်မလေးအဲ့ဒီနေရာကို မကန်နဲ့..."


အခန်းတစ်ခုလုံးအတွင်း၌ တစ်စုံတစ်ယောက်၏ အသဲခိုက်နာကျင်စွာအော်သံများသာပဲ့တင်ထပ်နေလေသည်။ယောင်စစ်က အင်အားအပြည့်ဖြင့် ဒေါသများပေါက်ကွဲပြီးနောက် သူမနှလုံးသားထဲမှ ဒေါသများ အနည်းငယ်အရှိန်လျော့သွားလေသည်။


သူမရပ်တန့်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ထို့နောက် မြေပြင်ပေါ်တွင် လဲနေသော လူကိုထပ်မံ၍ ကန်လ်ိုက်သည်။


"ပြော ရှင်တကယ်လိုချင်နေတာ ဘာလဲ..."


ယောင်စစ်နှင့် ထိုသူသည် အတိတ်ရန်ညှိုးလည်း မရှိသလို အနာဂတ်ရန်ညှိုးလည်းမရှိပေ။ထို့ကြောင့် သူမကို စစ်ဆေးဖို့အတွက်နဲ့ ထိုမျှထိ အပင်ပန်းခံ အားထုတ်မည်ဟု မယုံပေ။


"သခင်မလေး..."


ချွီဇယ်၏ သလင်းကျောက်ကဲ့သို့ တောက်ပသော မျက်ဝန်းလေးများက ယခု၌ ဝက်ကဲ့သို့ ရောင်ကိုင်း နေပေပြီ။သူမြေပြင်ပေါ်မှ ထရန်ကြိုးစားသော်လည်း နောက်ဆုံး၌ လက်လျှော့လိုက်ပြီး ဒီအတိုင်းသာ လှဲနေလိုက်သည်။


သူ့၏ အပြစ်ကင်းသည့် မျက်နာလေးကို လုပ်ပြရန် ကြိုးစားသော်လည်း၎င်းက သူ့၏ ဒဏ်ရာများကို ပို၍ နာကျင်အောင် ပြုလုပ်သွားသလိုဖြစ်နေသည်။


ထို့နောက် သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ပြောလာလေသည်။


"ပယ်ရိုများ ရုပ်ယက်ရတာလဲပျာ နနော် သော်သော် စေ့မကောင်းဖြစ်မိတယ်(ဘယ်လိုများလုပ်ရက်ရတာလဲဗျာ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိတယ်)..."


ယောင်စစ် ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်သည်။


"ငါလည်း နင့်ကို အန္တရာယ်မရှိတဲ့ စနောက်ခြင်းမျိုးနဲ့ စနောက်တာလေ..."


အမ်...


"တော်ပြီ ဟန်ဆောင်နေတာ တော်လိုက်တော့ နင် ဘာလိုချင်တယ်ဆိုတာသာပြောလိုက်..."


ထိုအလိမ်အညာများကြားထဲ ထပ်မံ ကျဆုံးသွားပါက တကယ့် ငတုံးတစ်ကောင်ပင် ဖြစ်သွားပေလိမ့်မည်။


ချွီဇယ် ခဏမျှ ငြိမ်သက်သွားသည်။ထို့နောက် သူ့၏ အမူအရာများအားလုံး ပျောက်ဆုံးသွားပြီး တည်ငြိမ်လေးနက်သည့် အမူအရာမျိုးဖြစ်သွားကာ ယောင်စစ်ကို စူးစမ်းသလို ကြည့်နေသည်။


"သခင်မလေးက တကယ်ပဲ သိချင်တာလား ..."


ယောင်စစ် ထ်ိုအကြည့်များကြောင့် အနည်းငယ် နေရခက်လာသလို ဖြစ်နေသည်။သို့သော်လည်း ဤအချိန်ရောက်မှတော့ နောက်ပြန်ဆုတ်၍ မဖြစ်တော့ပေ။


"ပြောကြည့်လိုက် ရှင်ဘာပြောမလဲဆိုတာ ကြည့်ရသေးတာပေါ့..."


ကောင်းပြီလေ...


ချွီဇယ် မတ်တပ်ထရပ်လိုက်ပြီးနောက်  ယောင်စစ်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။ထို့နောက် သူ စကားလုံး အနည်းငယ်ကို ရှင်းလင်းပြတ်သားစွာ ပြောလာသည်။


"ရှင်းရှင်းလေးပါပဲ ကျွန်တော်က ခင်ဗျားကို သဘောမကျလို့ပေါ့..."


"ဟား ဟား ဟား တ်ိုက်ဆိုင်လိုက်တာ ငါလည်း နင့်ကို သဘောမကျဘူး..."


ယောင်စစ်လှောင်ရယ်လိုက်ပြီးနောက် သူမမျက်နာနှင့် ထိကပ်လုနီးပါးဖြစ်နေသည့် ဝက်ခေါင်းကို တွန်းထုတ်လိုက်သည်။


ချွီဇယ်၏ မျက်နာတစ်ချက် တင်းသွားပြီးနောက် ဆက်လက် စကားပြောလာလေသည်။


"ကျွန်တော် အကြောင်းကြားစာကို ရလိုက်တယ်...အဲ့ဒီစာကြောင့် မိုင်ပေါင်းသောင်းချီ ဝေးကွာတဲ့ ကြယ်အစုအဝေးကနေ ဒီနေရာကို အမြန်ဆုံးပြန်လာရတယ်...အဲ့ဒီအချိန်က အရမ်းအရေးကြီးတဲ့ သုတေသနတစ်ခုကို လုပ်နေတာ...ဒါပေမယ့်လည်း ပဉ္စမမျိုးဆက်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့ ဒီနေရာကို ချက်ချင်း ပြန်လာဖို့ အတင်းအကြပ် ခေါ်ခံရတယ်..."


ရောင်ကိုင်းနေသော မျက်ဝန်းများထဲ၌ သူ့၏ မကျေမနပ်ဖြစ်မှုများ ပေါ်လွင်နေလေသည်။


"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ ဘာလို့ မြန်မြန်ပြန်လာရတာလဲ...ပဉ္စမမျိုးဆက် ဖြစ်နေတယ် ဆိုတဲ့ တစ်ချက်တည်းနဲ့ တခြားအရာတွေဘေးဖယ်ပြီး ခင်ဗျားကိုဦးစားပေးရမှာလား...ခင်ဗျားက ကျုပ်တို့ မျိုးနွယ်အတွက် ဘာတွေများ လုပ်ဖူးလို့လဲ... ကျုပ်ကိုကော ဘာများ ကူညီပေးလို့လဲ... ဘာကြောင့် ကျုပ်က ခင်ဗျားကို ဖော်ရွေလေးစားနေရမှာလဲ...ကျုပ်က မျိုးဆက် ၃၀ မြောက် သွေးစုပ်ဖုတ်ကောင်တွေရဲ့ အကြီးအကဲပဲ ဒီဂြိုဟ်ပေါ်မှာအသက်ကြီးဆုံးတွေထဲက တစ်ယောက်လို့လည်း သတ်မှတ်လို့ရတယ်..."


ချွီဇယ်၏ နှုတ်ခမ်းထောင့်စွန်းလေးများကတွန့်ကွေးပြီး မဲ့ပြုံးပြုံးလိုက်သည်။


"ဇက်ဂ်ျတွေကမ္ဘာမြေကို ကျူးကျော်လာတဲ့ အချိန်ကတည်းကနေ ယခုအချိန်အထိ နှစ်ပေါင်းများစွာ တိုင်အောင် အသက်ရှင်ခဲ့ပြီးပြီ ကြုံလာတဲ့ တိုက်ပွဲတွေအားလုံးကိုလည်း သွေးစုပ်ဖုတ်ကောင်တွေနဲ့ အတူတူ လက်တွဲပြီး တိုက်ထုတ်ခဲ့ပြီးပြီ ..ဘာလို့လဲဆိုတော့ ကျုပ်က မျိုးဆက်သုံးဆက်မြောက် အကြီးအကဲ တစ်ယောက်မို့လို့လေ... ဒါတွေအားလုံးက ကျုပ်ရဲ့ တာဝန်တွေပဲ...နှစ်ပေါင်းများစွာ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်ကို စောင့်ရှောက်လာပြီးပြီ..."


ချွီဇယ်အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပြီးနောက် အဖြူရောင်အခန်းကို ဝေ့ဝဲကြည့်ကာ ဆက်ပြောလိုက်သည်။


"နံပတ် ၁၃ ဆိုလည်း အတူတူပဲ ...သူတို့အားလုံးက သွေးစုပ်ဖုတ်ကောင် မျိုးနွယ်ကို ပိုပြီးအရှိန်အဝါပြင်းအောင် ကြိုးစားနေကြတာ ဒါကြောင့်မလို့လည်း ကျုပ်က အကြီးအကဲ ခေါင်းဆောင်ဖြစ်လာတာပေါ့...ဒါပေမယ့် ခင်ဗျားကကော ခင်ဗျားက ဘာတွေများလုပ်ပေးနေလို့လဲ ခင်ဗျားက ဘာတွေနဲ့များထိုက်တန်နေလို့လဲ...နှစ်သန်းပေါင်းများစွာ ကြာအောင် အိပ်ယူနေခဲ့ပြီး အေးချမ်းသွားပြီဆိုတဲ့ အခါကျမှ အချိန်ကိုက်ရောက်လာပြီးတော့ နေရာဝင်ယူချင်နေတာလား...သွေးစုပ်ဖုတ်ကောင် မျိုးနွယ်အတွက် ဘာတစ်ခုမှတောင် မလုပ်ပေးဖူးပဲနဲ့ ဘာလို့ ဘိုးဘေးတစ်ယောက်အဖြစ် အသိအမှတ်ပြုရမှာလဲ...ဘာလို့ သခင်မလေးဆိုပြီး ရိုကျိုးပြနေရမှာလဲ...ကျုပ်တို့အားလုံးကလည်း ခင်ဗျားရဲ့ နောက်ခံ အကြောင်းလည်း မသိသလို အကျင့်စရိုက်တွေကိုလည်း မသိဘူး ခင်ဗျားကိုယ်တိုင်ကလည်း စကြဝဠာအများသုံးစကားကိုတောင် မသိသေးဘူး..."


ချွီဇယ်ပြောရင်းဖြင့် အသက်ပြင်းပြင်းတစ်ချက်ထပ်ရှိုက်လိုက်သည်။


"ဟုတ်တယ်... ကျွန်တော် ခင်ဗျားကို အာခံခဲ့မိတယ် ဒါပေမယ့်လည်း အကြီးအကဲ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလောက်တော့ လုပ်ရမှာပဲ... ခင်ဗျား ကျုပ်တို့ဆီ ရောက်လာတာ ကျုပ်တို့ မျိုးနွယ်အတွက် ထိခိုက်မှု မရှိပါဘူးဆိုတာသေချာ အောင်လုပ်ရမယ်...ဒီလိုလုပ်တဲ့အတွက် ကျုပ်ကို အပြစ်ပေးမယ်ဆိုလည်း အပြစ်ခံယူပါမယ်...ကျုပ်ရဲ့ သွေးဆက်ကိုဖြတ်ပြီး ထာဝရအိပ်စက်ခြင်းအတွက် အပြစ်ပေးခံရမယ်ဆိုရင်တောင်ခံယူပါမယ်..."


"ထာဝရအိပ်စက်ခြင်း..."


ယောင်စစ် အံ့သြသွား၏ ၎င်းက ကြီးမားသည့် အပြစ်ဒဏ်ပင် ဖြစ်ပေလိမ့်မည်။သွေးစုပ်ဖုတ်ကောင်တို့၏ မျိုးရိုးဗီဇအရ တိုက်ခိုက်မှုများကို မမှုသော်လည်း မျိုးနွယ်အချင်းချင်းဆိုပါက ဒဏ်ရာအနာတရ ဖြစ်လိမ့်မည်။


အလားတူစွာပင် မျိုးနွယ်အချင်းချင်းသတ်ရင်လည်း တကယ်သေ၏ ။သွေးစုပ်ဖုတ်ကောင်တွေက ၎င်းကို ထာဝရအိပ်စက်ခြင်းအပြစ်ဒဏ်ဟု ခေါ်ဆိုကြလေသည်။


"ခင်ဗျားက ပဉ္စမ မျိုးဆက် သွေးစုပ်ဖုတ်ကောင်ပဲလေ...ဒီတော့ ခင်ဗျားမှာ ဘာမှ အပြစ်မရှ်ိတဲ့ သူကိုတောင် အဲ့ဒီလို ပြစ်ဒဏ် စီရင်ပိုင်ခွင့်ရှိတယ်..."


ယောင်စစ် သူ့ရှေ့မှ လူကို ခြေဆုံးခေါင်းဆုံးတစ်ချက် အကဲခတ်လိုက်သည်။သွေးစုပ်ဖုတ်ကောင်တို့၏ မျိုးရိုးဗီဇကြောင့် သူ့၏ ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းနေသော ခေါင်းကြီးက တဖြေးဖြေး တစ်ဝက်လောက် ပြန်လည် သက်သာလာနေပေပြီ။


ယောင်စစ် မတ်တတ်ထရပ်လိုက်သည်။ထို့နောက် သူမ၏ အဝတ်အစားများပေါ်တွင် တင်ကျန်နေသော ဖုန်များကို ခါထုတ်လိုက်ရင်းအေးအေးဆေးဆေးပြောလိုက်သည်။


"ဒါဆိုရင်လည်းအခုပဲ နင်ထာဝရ အိပ်စက်လိုက်လို့ ရပြီ..."