အပိုင်း ၄၇၂
Viewers 61k

အခန်း.၄၇၂

အရူးအမျိုးသမီးက ဘာလို့ထွက်လာတာလဲ


ထိုခွေးငပျင်းက သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရနှင့် ပတ်သတ်သည့် အကြောင်းကို သူ့ကို သတိပေးသည့် အချိန်ကတည်းက ကောင်းသည့် ရည်ရွယ်ချက်မရှိမှန်း ပုဖန် ကြိုသိနေပေသည်။တစ်ခုတည်းသော အကြောင်းပြချက်က သူ ထိုအနှစ်သာရကို မြည်းကြည့်ချင်ခြင်းသာ ဖြစ်ပေသည်။ထို့ကြောင့်သာ လာရောက်သတိပေးခြင်းဖြစ်၏။


ဘလက်ကီ၏ မျက်ဝန်းများက တလက်လက်တောက်ပနေပြီး မျှော်လင့်ချက်များပြည့်နေသည့် မျက်နာငယ်လေးဖြင့် ပုဖန်ကို ကြည့်နေလေသည်။


ပုဖန်လည်း ပို၍ခက်ခဲအောင်လုပ်ချင်ခြင်း မရှိပေ။ထို့ကြောင့် ပန်းကန်လုံးတစ်လုံးထဲသို့ နဂါးသွေးထမင်းကြော်များ ခပ်ထည့်လိုက်ပြီး ဘလက်ကီကို ချပေးလိုက်သည်။


ထိုအချိန်၌ ဘလက်ကီမည်မျှ စိတ်လှုပ်ရှားနေကြောင်းကို အနားရှိသူတိုင်း မြင်နိုင်ပေသည်။ဘလက်ကီက သူအလွန်ဉာဏ်ကောင်းသောကြောင့် တော်တော်လေးဂုဏ်ယူနေမိသည်။အရင်က သူ သလင်းကျောက်အနှစ်သာရများကို ဒီတိုင်းမြိုချ စားသုံးခဲ့သည်။သူ့ရဲ့အရသာက ကောင်းလွန်းလှသော်လည်း တစ်စုံတစ်ခု ပျောက်ဆုံးနေသလို ခံစားမိလေသည်။


ယခု၌ ကောင်လေးပုဖန်ကို သတိပေးလိုက်ခြင်းအားဖြင့် သလင်းကျောက်အနှစ်သာရ၏ အရသာကိုသာမက ထူးခြားအံ့သြဖွယ်ကောင်းမွန်လှသော နဂါးသွေးထမင်းကြော်၏ အရသာကို မြည်းစမ်းနိုင်ပေပြီ။


"ဘော်ဒါပု ...ငါ့အတွက်ကကော...ငါ သုံးရက်သုံးညလုံးလုံး ဘာဆိုဘာမှ မစားရသေးဘူး...ဒီမှာကြည့်ပါဦး...ငါဘယ်လောက် ပိန်သွားလဲဆိုတာ မင်းမမြင်ဘူးလား..."


နန်ကုန်းဝူချယ်ကလည်း မျက်ရည်များပြည့်နေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။သင်းပျံ့မွှေးကြိုင်သော ရနံ့များက သူ့၏ အစာစားချင်စိတ်ကို ဆွဲဆောင်နေပေသည်။ထိုဆွဲဆောင်မှုကို တောင့်ခံထားရသည်မှာ အလွန်အမင်း နာကျင်လွန်းလှသည်။


ထို့အပြင် ပုဖန်၏ လက်ရာများကိုလည်း သူအရင်ကစားခဲ့ဖူးလေရာ သူချက်သမျှ ဟင်းပွဲတိုင်းက အလွန်အမင်း အရသာရှိလှသည်ကို သူကောင်းစွာ သိပေသည်။ယခု နောက်ထပ် အရသာရှိလှသော စားစရာတစ်မျိုးက သူ့ရှေ့၌ ရှိလေရာ အဘယ်ကဲ့သို့ လက်လွှတ်ခံလို့ရပါမည်နည်း။


ပုဖန် နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။သူ့၏ တဖျက်ဖျက်ခတ်နေသော မျက်ဝန်းများက သတိမပြုပဲ ထားရမည်မှာ အလွန်ခက်ခဲလှသည်။


"ဟမ်း..ဒီလူကလည်း အရမ်းသနားစရာကောင်းလွန်းနေတယ်..."


ပုဖန် ကျန်နေသေးသည့် ထမင်းကြော်များကို ပန်းကန်လုံးထဲ ခပ်ထည့်လိုက်သည်။သို့သော်လည်း ပန်းကန်တစ်ဝက်မျှသာရှိတော့၏။ပန်းကန်တစ်ဝက်ကလည်း ဘာမှ မရှိသည်ထက်တော့ ပို၍ ကောင်းနေပေသေးသည်။


နန်ကုန်းဝူချယ်လည်း ပန်းကန်တစ်ဝက်ပဲရှိသည့် ထမင်းကြော်ကို ကြည့်၍ ခဏမျှကြောင်အနေမိသည်။ထိုအနည်းငယ်က သူအလုတ်အနည်းငယ် စားရုံနှင့်ပင် ကုန်သွားပေလိမ့်မည်။သို့သော်လည်း ဘာမှမစားရတာထက်ဆိုရင်တော့ တော်တော်လေးကောင်းမွန်နေပေသေးသည်။


သူပန်းကန်ကိုဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ တစ်ဇွန်းခပ်ထည့်လိုက်သည်။သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ရှိ အရိုးအဆစ်များအားလုံးကို ဖြတ်သန်းသွားပြီး ကောင်းကင်ပေါ်တွင် ပျံတက်တော့မလိုပင် ခံစားလိုက်ရသည်။


"ဒီထမင်းကြော်က တကယ့်ကိုပဲ အရသာကောင်းလွန်းလှတယ်..."


နွေးထွေးလှသော စွမ်းအင်စီးကြောင်းက သူ့၏ ခန္ဓာကိုယ်တွင်ဖြတ်သန်းစီးဆင်းနေလေရာ နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ပြူးကျယ်နေလေသည်။စွမ်းအင်စီးကြောင်းက သူ့ခန္ဓာကိုယ်ရှိ အညစ်အကြေးများကို သန့်စင်ပေးနေသလို ထင်ရသည်။သူ နှစ်လုတ်သုံးလုတ်နှင့် စားပြီးရုံဖြင့် ထမင်းကြော်ပန်းကန်က ကုန်သွားလေသည်။


ထမင်းကြော်များအားလုံး သူ့အစာအိမ်ထဲ ရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲ၌စွမ်းအင်များပြည့်နှက်နေသလို ခံစားမိလေသည်။ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များက တိုးပွားလာနေပြီး ပေါက်ကွဲထွက်တော့မလိုပင် ခံစားရသည်။


"ထမင်းကြော်တစ်ပွဲရဲ့ သက်ရောက်မှုက အဲ့ဒီလောက်တောင်မှ အစွမ်းရှိလား...ဘယ်လိုတောင် အံ့အားသင့်စရာကောင်းလိုက်လဲ...အစာအစားတစ်ပွဲ စားလိုက်တာက သက်စောင့်ဆေးလုံးတွေ စားလိုက်ရတာနဲ့တောင်တူညီနေတယ်..."


ပြောရမည်ဆိုလျှင် ထိုအရာက သက်စောင့်ဆေးလုံးတွေထက်ပင် ကျော်လွန်နေတယ် ။သက်စောင့်ဆေးလုံးတစ်လုံးတွင် ထိုကဲ့သို့ စွမ်းအင်မျိုးကို ပေးစွမ်းန်ိုင်လိမ့်မည်မဟုတ်ပေ။


နန်ကုန်းဝူချယ်က ကုန်းပတ်ပေါ် တပလ္လင်ခွေ ထိုင်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက တိုးပွားလာပြီး အလင်းရောင်များ တောက်ပလာကာ သူ့၏ အဝတ်များပင် တဖျက်ဖျက် လွင့်ခါလာသည်။သူ့၏ အော်ရာများက အတက်အကျလှိုင်းများ စတင်ဖြစ်ပေါ်လာသည်။ထမင်းကြော်တစ်ပွဲက သူ့ကို စွမ်းအင်များကို ဒီရေအလား တိုးပွားလာစေသည်။


ငရဲကမ္ဘာသင်္ဘောက ဆက်လက်၍ ရွက်လွှင့်လာပြီး ပို့ဆောင်ရေးအစီအရင်ကို ရှင်းရှင်းလင်းမြင်ရသည်အထိ နီးကပ်လာလေသည်။ကျွန်းပေါ်၌ လူများပြည့်နှက်နေသည်။ထိုလူများအားလုံးကလည်း ငရဲကမ္ဘာသင်္ဘောကို မြင်ကြသည်။ငရဲကမ္ဘာသင်္ဘောက တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်ထဲတွင် နာမည်ကြီးလှသော်လည်း သူ့ကို လူတိုင်းမမှတ်မိကြပေ။သင်္ဘောကို မြင်သည့်အခ်ျိန်၌ သူတို့၏ ခန္ဓာကိုယ်ထဲသို့ အေးစိမ့်မှုတစ်ခု ဖြတ်သွားသလို ခံစားလိုက်ရပြီး အမွှေးမျှင်များပင် ထောင်ထသွားလေသည်။


"ဒီသင်္ဘောက တအားကြောက်ဖို့ကောင်းတာပဲ...အဲ့ဒီသင်္ဘောပေါ်မှာ ဘယ်သူရှိနေတာလဲ..."


ယန်မိန်ကျီက အားနည်းဖျော့တော့နေသော ဆရာသခင်ရွှမ်ပေကို တွဲကူထားရင်း အစီအရင်၏ ဘေးနားတွင် ရပ်နေကြသည်။သူတို့က ပို့ဆောင်ရေး အစီအစဉ် ပွင့်မည့် အချိန်ကိုစောင့်နေကြသည်။


ဟုတ်ပေသည်။သူတို့နှစ်ယောက်ကလည်း အနက်ရောင် သင်္ဘောကြီးကို မြင်လိုက်သည်။ထိုသင်္ဘောကို မြင်လိုက်သည့်ခဏ၌ ယန်မိန်ကျီ၏ ခန္ဓာကိုယ်မှ ကြွက်သားများပင် တုန်ယင်သွားလေသည်။


တစ်ခြားသူများက ထိုသင်္ဘောကို မမှတ်မိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမကတော့ အသေအချာကို မှတ်မိနေပေသည်။သူမတို့ အက်ကြောင်းထဲ၌ ရှိနေစဉ်က ထိုသင်္ဘော၏ စွမ်းအင်များကိုလည်း မြင်ခဲ့ရသေးသည်။သွေးလွှမ်းလူသားပင်လျှင် ထိုသင်္ဘောကို ကြောက်ရွံ့နေလေသည်။


"ဒီကြောက်စရာကောင်းတဲ့ သင်္ဘောက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ...သူက လျှို့ဝှက်နယ်ပယ်ကနေ ထွက်ခွာမယ့်လူတွေကို တားဆီးချင်နေတာလား...သူတို့က ပို့ဆောင်ရေးအစီအရင်ကို ဖျက်ဆီးကျမလို့လား..."


ဖြစ်နိုင်ချေရှိသည့် အကြောင်းအရာများကို တွေးတောရင်း ယန်မိန်ကျီ၏ ခန္ဓာကိုယ်က တောင့်တင်းလာပေသည်။အကယ်၍ ပို့ဆောင်ရေးအစီအရင်ကိုသာ ဖျက်ဆီးလိုက်လျှင် သူမတို့ အားလုံး လျှို့ဝှက်နယ်ပယ်ထဲ၌ သေဆုံးကြရပေလိမ့်မည်။


အစီအရင်၏ ရှေ့၌ရပ်နေသော နန်ကုန်းရွှမ်ဟူ၏ မျက်နာက တည်ကြည်လေးနက်နေပြီး သူ့၏ နှလုံးသားကလည်း တုန်ယင်နေလေသည်။မကောင်းသည့် တစ်စုံတစ်ရာ ဖြစ်ပွားတော့မည်ဟု သူခံစားနေမိ၏။


"ငါ့အကို နန်ကုန်းရွှမ်ဟယ်က ဘာဖြစ်နေတာလဲ...သူဘာလို့ ဒီကို မရောက်သေးတာလဲ...သူ တစ်စုံတစ်ခုများ ဖြစ်နေတာလား..."


လျှို့ဝှက်နယ်ပယ်ထဲ၌ မတော်တဆဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေလေ့ရှိသည်။အဆင့်မြင့် ပညာရှင်တစ်ယောက်ဖြစ်သောနန်ကုန်းဝမ်ထျန်းပင်လျှင် လျှို့ဝှက်နယ်ပယ်ထဲ၌ သေခြင်းတရားဖြင့် အဆုံးသတ်ခဲ့ရသည်။


ထိုကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး နန်ကုန်းရွှမ်ဟယ်တွင်လည်း ဖြစ်နိုင်ချေအများကြီးရှိနေပေသည်။သို့သော်လည်း နန်ကုန်းရွှမ်ဟူက သူ့အကိုတစ်ယောက် အသက်ရှင်လျက် ပြန်လာနိုင်ဖို့အရေး ဆုတောင်းနေမိသည်။


သူ့၏ ဒုတိယအကိုကို ဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။ထို့ကြောင့် အကိုကြီးကို ထပ်မံ၍ မဆုံးရှုံးလိုတော့ပေ။


ငရဲကမ္ဘာသင်္ဘော ဆိုက်ရောက်လာချိန်၌ လူများအားလုံး ကြောက်ရွံ့ ထိတ်လန့်နေကြသည်။ရုတ်တရက် သင်္ဘောဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် သင်္ဘောက ကောင်းကင်ယံထက်ဆီသို့ မျောလွင့်သွားလေသည်။


ထိုအလင်းက အစီအရင်ဆီမှ ထုတ်လွှင့်နေသော အလင်းလောက် သိပ်သည်းပြင်းထန်ခြင်းမရှိသော်လည်း စွမ်းအင်များ အများအပြား ပါဝင်နေတုန်းပင်ဖြစ်သည်။


လေထုထဲမှ သံကြိုးရိုက်ခတ်သံများကိုလည်း ကြားလိုက်ရသည်။


"ဒါက တစ်စုံတစ်ယောက် အဆင့် ချိုးဖောက် တက်ရောက်နေတာလား..."


အားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။လျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်လာကြသူအများစုက အဆင့်၁ဆင့် ချိုးဖောက်ပြီးကြသူများပင် ဖြစ်သည်။ထို့ကြောင့်ပင် ထိုမြင်ကွင်း၏ အဓိပ္ပာယ်ကို သူတို့ ရှင်းလင်းစွာ သိကြပေသည်။


"ဘယ်သူကများ အဆင့် ချိုးဖောက်တက်ရောက်နေတာလဲ..."


ထို့အပြင် ယခုအဆင့် ချိုးဖျက်နေသည့်သူက ပထမအတားအဆီးကို ချိုးဖျက်နေခြင်းမဟုတ်ပဲ ဒုတိယအတားအဆီးကို ချိုးဖျက်နေခြင်းဖြစ်၏။တော်တော်လေးအံ့အားသင့်စရာကောင်းလှပေသည်။ထိုသူက လျှို့ဝှက်နယ်ပယ်ထဲတွင် အခွင့်ရေးကောင်းများကို ကြုံတွေ့ခဲ့ရသူပင် ဖြစ်ပေလိမ့်မည်။


ဝီ...


အဆင့်ချိုးဖောက်မှုမှ ထွက်ပေါ်လာသော အော်ရာများက ပို့ဆောင်ရေး အစီအရင်အပေါ် သက်ရောက်သွားပုံရလေသည်။အစီအရင်က စတင်၍ လည်ပတ်လာ၏။လေထုကို ဆုတ်ဖြဲ ပစ်တော့မလိုထင်ရသော ကြည်လင်လှသော အလင်းရောင်များထွက်ပေါ်လာ၏။ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများက ပြန့်နှံ့သွားပြီး အစီအရင် စတင်လာသည်။


ဝီ...


အစီအရင်မှထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက သူမကို ဖြတ်သန်းသွားမှသာလျှင် ယန်မန်ကျီ သက်ပြင်းချလိုက်နိုင်သည်။သူမပို့ဆောင်ခံလိုက်ရသည့်အချိန်၌ အမြင်များ အနည်းငယ်ဝေ့ဝဲသွားပြီး မူးဝေသွားလေ၏။


အရှေ့သို့ ဆက်လက်ရွေ့လျားနေသော ငရဲကမ္ဘာသင်္ဘောက ရပ်တန့်သွားပြီး အစီအရင်ပြင်ပ၌သာ လွင့်မျောနေလေသည်။သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသော ပုဖန်က အစီအရင်ကို ငြိမ်သက်စွာ လှမ်းကြည့်နေ၏။သူ့၏ နောက်မှ နန်ကုန်းဝူချယ်၏ စွမ်းအင်များက ပြန်လည် တည်ငြိမ်လာပြီး သူ့၏ အော်ရာကလည်း ပိုမို တည်ငြိမ်လာသည်။


သူ့၏ စွမ်းအင်များကြောင့် လေထုတုန်ခါသံများကိုပင် ကြားနေရသည်။သူ့၏ နောက်မှလည်း သံကြိုးနှစ်ကြိုးက လွင့်မျောနေလေသည်။နန်ကုန်းဝူချယ်က စိတ်လှုပ်ရှားမှုကြောင့် အကျယ်ကြီးပင် အော်ငိုပစ်လိုက်ချင်သည်။သူလျှို့ဝှက်နယ်ပယ်ထဲမှ လက်ဗလာဖြင့်သာ ထွက်သွားရမည်ဟု တွေးထားခဲ့ခြင်းသာဖြစ်သည်။


သို့သော်လည်းပုဖန်ပေးသော ထမင်းကြော်တစ်ပွဲကြောင့် သူအဆင့်ချိုးဖောက်တက်ရောက်နိုင်သွားခဲ့သည်။ကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို ရယူပိုင်ဆိုင်လိုက်နိုင်ပေ၏။


ထမင်းကြော်တစ်ပွဲလုံး စားပြီးသွားပြီ ဖြစ်သော ခွေးဘုရင်က မျက်ဝန်းများမှေးစင်း၍ အမြီးတလှုပ်လှုပ်ဖြင့် ထိုင်နေလေသည်။


ငရဲကမ္ဘာအမျိုးသမီးကလည်း ပန်းကန်လုံးကိုကိုင်၍ နေရာလပ်မကျန်အောင် လျက်နေပေသည်။


"ပို့ဆောင်ရေးအစီအရင်က အသက်ဝင်နေပြီ ငါတို့ အခုထွက်ခွာရမယ်..."


နန်ကုန်းဝူချယ်က ပုဖန်ကို ခေါင်းငြိမ့်ပြလိုက်သည်။နောက်ဆုံးတော့ ကြောက်မက်ဖွယ်ကောင်းလှပြီး ရူးသွပ်နေသည့် အမျိုးသမီးနှင့် ဝေးရာဆီသို့ သွားနိုင်ပေတော့မည်။သူအဆင့်ချိုးဖောက်တက်ရောက်နိုင်ခြင်းကြောင့် ပျော်ရွှင်ရသလို ထိုအမျိုးသမီးနှင့် ဝေးရာကို သွားနိုင်ခြင်းကြောင့်လည်း ပို၍ပင် စိတ်လှုပ်ရှားပျော်ရွှင်ရလေသည်။


ဒီနေရာက ထွက်ခွာသွားပြီးလျှင်ပင် ငရဲကမ္ဘာအမျိုးသမီးနှင့် တွေ့ကြုံခဲ့ရသည့် ကိစ္စရပ်က သူ့နောက်သို့ အိပ်မက်ဆိုးတစ်ခုအဖြစ် လိုက်လာနေအုန်းမည်ဖြစ်သည်။သူ သူမအကြောင်းကို မေ့ပျောက်ရန်အတွက် အချိန်တစ်ချို့ပင် ယူ ရပေအုန်းမည်။


ပုဖန်က အမျိုးသမီးပြန်လည် ကမ်းပေးသော ပန်းကန်လုံးကိုယူ၍ ခေါင်းငြိမ့်ပြလိုက်သည်။


"ငါ့ရဲ့ ကတိကို ငါ ဖြည့်ပြီးသွားပြီ...ငါတို့ တစ်ယောက်နှင့် တစ်ယောက် ဒီမှာပဲ နှုတ်ဆတ်ကြတာပေါ့...ခင်ဗျားကို နောက်တစ်ခါ တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်..."


ငရဲကမ္ဘာအမျိုးသမီးက ပုဖန်ကို အမူအရာမဲ့စွာဖြင့်ပင် ကြည့်နေလေသည်။သူ့၏ မျက်ဝန်းအကြည့်များက တည်ငြိမ်နေပြီး မည်သည့်စကားမှ ပြန်လည် ပြောဆိုခြင်းမရှ်ိပေ။


ပုဖန်ကလည်း သူမ အပြုအမူကို စိတ်ထဲထါးမနေပဲ ပြန်လှည့်လိုက်သည်။သင်္ဘောပေါ်တွင် တိုက်ခတ်နေသော လေကြမ်းများကြောင့် သူ့၏ ဆံပင်များကလည်း တဖြတ်ဖြတ် လွင့်ခါနေလေသည်။


ပုဖန်က သင်္ဘောပေါ်မှနေ၍ အောက်ဘက်ရှိ ပို့ဆောင်ရေးအစီအရင်ဆီသို့ ခုန်ချလိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်ခဏမျှ လက်သွားပြီးနောက် သူ့၏ တောင်ပံများကို ဖြန့်ကားလိုက်ကာ ပုဖန်၏ နောက်မှ လိုက်ပါလာသည်။


နန်ကုန်းဝူချယ်က အမျိုးသမီးဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးမှ အသက်ပြင်းပြင်းရှုလိုက်ကာ သင်္ဘောပေါ်မှ ခုန်ချလိုက်သည်။သင်္ဘောကြီးပေါ်၌ ငရဲကမ္ဘာအမျိုးသမီးနှင့် ခွေးဘုရင် နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။


ခွေးဘုရင်က သင်္ဘောပေါ်မှ မဆင်းခင် အဓိပ္ပါယ်များစွာ ပါဝင်ခြင်းဖြင့် အမျိုးသမီးကို ကြည့်လိုက်သည်။ထို့နောက် ငရဲကမ္ဘာအမျိုးသမီးတစ်ယောက်တည်းသာ သင်္ဘောပေါ်၌ ကျန်ခဲ့လေသည်။


တိုက်ခတ်နေသော လေပြေလေညှင်းကြောင့် သူမရဲ့ အဝတ်အစားများက အနည်းငယ်လှုပ်ခါနေပြီး သူမ၏ အနက်ရောင်မျက်ဝန်းလေးများကလည်း အလင်းတန်းများ ထုတ်နေသည်ဟုပင် ထင်ရသည်။


သူမ သင်္ဘောအရှေ့ပိုင်းဆီသို့ ဖြေးညှင်းစွာ လျှောက်လာခဲ့သည်။ထို့နောက် ပုဖန်တို့ ခုန်ချသွားခဲ့သော ပို့ဆောင်ရေးအစီအရင်ကို စိုက်ကြည့်နေ၏။


ထို့နောက်လျှာဖျားလေးကို ထုတ်၍ နှုတ်ခမ်း၌ အကြွင်းအကျန်ကပ်ကျန်ခဲ့သော ထမင်းကြော်၏ အရသာခံလိုက်သည်။


သူမ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ လက်သွားပြီး ဖြူဖျော့နေသော မျက်နာပင် နီရဲသွားလေသည်။ထို့နောက် အားအပြည့်ထည့်၍ သင်္ဘောကုန်းပတ်ကိုထောက်ကန်ပြီး ခုန်ချလိုက်သည်။


ကျယ်လောင်လှသော အသံနှင့်အတူ ငရဲကမ္ဘာသင်္ဘောကြီးက စတင်၍ သေးကျုံ့လာသည်။ထို့နောက် သူမ၏ လည်ပင်းထက်ဆီ၌ လည်ဆွဲတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။


......


အနည်းငယ်မူးဝေမှုမှ သက်သာလာပြီးနောက် ပုဖန်မျက်လုံးဖွင့်ကြည့်လိုက်သည်။သူရင်းနီးနေပြီးသား နန်ကုန်းမိသားစု၏ အဆောက်အဦးနေရာလွတ်ကို မြင်လိုက်ရသည်။ပို့ဆောင်ရေးအစီအရင်က သူ့အောက်၌ ရှိနေပေသည်။


နောက်ဆုံး၌ တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်၌ ထွက်လာနိုင်ပြီး မြူကောင်းကင်မြို့တော်သို့ ပြန်ရောက်လာပေပြီ။


ပတ်ပတ်လည်၌ လူမြောက်များစွာ ရှိပေသည်။ထိုသူများက အစီအရင်ကို စောင့်ရှောက်နေကြသော နန်ကုန်းမိသားစုမှ အစောင့်များနှင့် ပို့ဆောင်ရေးအစီအရင်ဖြင့် အစောဆုံး ထွက်ခွာလာကြသည့်သူများ ဖြစ်သည်။


ပုဖန်အစီအရင်ထဲမှ လျှောက်ထွက်လိုက်သည်နှင့် နန်ကုန်းဝူချယ်လည်း ကပ်လျက်လိုက်ပါလာသည်။


ဝှိုက်တီကလည်း သူ့အတောင်ပံများကို သိမ်းလိုက်ပြီး ပုဖန်နှင့် ထပ်ကြပ်မကွာလိုက်ပါလာသည်။


ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ သိမ့်မွေ့နူးညံ့လှသော ခြေလှမ်းများဖြင့် အေးဆေးစွာ လျှောက်ထွက်လာ၏။


စွမ်းအားများပြည့်နှက်နေသည့် လေထုကို ရှုရှ်ိုက်လိုက်ရသလိုနန်ကုန်းဝူချယ်ခံစားလိုက်မိသည်။ထိုလေထုက မြူကောင်းကင်မြို့၏ ပိုင်ဆိုင်မှုပင်ဖြစ်သည်။တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်သို့ သွားသည့်ခရီးက သူ့အတွက် အိပ်မက်ဆိုးတစ်ခုပင်ဖြစ်ခဲ့သည်။နောက်ဆုံး၌ အိပ်မက်ဆိုးက လွတ်မြောက်လာနိုင်ခဲ့ပြီး ပျော်စရာလည်း တွေ့ကြုံခဲ့ရပေသည်။


အဘယ့်ကြောင့်ဆိုသော် သူ စွမ်းအင်အတားအဆီးကို ချိုးဖျက်၍ သူ့၏ ကျင့်ကြံဆင့် နောက်တစ်ဆင့် တိုးတက်လာခဲ့ပေသည်။


ယခု၌ သူ့၏ စွမ်းအင်အဆင့်က သေဆုံးသွားပြီဖြစ်သော ခွေးအိုကြီး နန်ကုန်းရွှမ်ဟယ်နှင့် တူတူပင်ဖြစ်နေပြီ။ယခုသူပိုင်ဆိုင်ခဲ့သမျှကို ပြန်ယူရမည့်အချိန်ရောက်ပေပြီ။


ထို့အပြင် သူ့၏ ညီမငယ်လေး နန်ကုန်းဝမ်ကိုလည်း ကယ်တင်ရပေဦးမည်။


ကံကောင်းထောက်မစွာဖြင့် နန်ကုန်းဝမ် ဟိုလူရှုပ် မုချန်းဖုန်ကို လက်ထပ်စရာမလိုတော့ပေ။ကောင်းကင်ဆေးမြို့တော်၏ ပါရမီရှင် မုချန်းဖုန်က လျှို့ဝှက်နယ်ပယ်ထဲတွင် သေဆုံးတရားဖြင့် အဆုံးသတ်တွေ့ကြုံရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့မိပေ။


သို့သော်လည်း ထိုအရာက မျှော်လင့်မထားခဲ့သည့် တစ်ခုတည်းသော အံ့သြစရာဖြစ်ရပ်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်ထဲတွင် သေဆုံးသွားခဲ့သော ထိပ်တန်းအုပ်စုမှ ပါရမီရှင် မြောက်များစွာရှိလေသည်။ထိုအချင်းအရာက သေးငယ်သော ကိစ္စရပ်တစ်ခုမဟုတ်ပေ။


မြူကောင်းကင်မြို့တွင်း၌ ဆူပူအုံကြွမှု နောက်တစ်ဖန်ဖြစ်ပွားပေတော့မည်။


နန်ကုန်းဝူချယ် တွေးတောစိတ်မောနေစဉ်မှာပင် သူ့၏ နောက်ဘက်တွင်ရှိနေသောအစီအရင်က ရုတ်တရက် တောက်ပလာသည်။သူလည်း အံ့အားသင့်မိသွားသည်။


"လျှို့ဝှက်နယ်ပယ်ထဲက တစ်ယောက်ယောက်ရောက်လာပြန်တာလား...ဘယ်လိုဖြစ်ပြီး အခုထိတောင် လျှို့ဝှက်နယ်ပယ်ထဲမှာ တစ်စုံတစ်ယောက်ရှိနေသေးတာလဲ..."


သူသံသယမကင်းစွာဖြင့် နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် အလွန်ချောမောလှပသော်လည်း ရေခဲတမျှ အေးစက်နေသည့် မျက်နာပိုင်ရှင်နှင့် ပက်ပင်းတွေ့လိုက်ရလေသည်။


ထိုမျက်နာပိုင်ရှင်က အလွန်တရာ ချောမောလှပေသည်။


သို့သော်လည်းတွေ့ကြုံလိုက်ရသည့်ခဏတွင် နန်ကုန်းဝူချယ်၏ ဆံပင်မွှေးများထောင်ထသွားပြီး သေးပေါက်ချမိမတက်ပင် ဖြစ်သွားသည်။


"အောင်မယ်လေး...ဒီအရူးမကြီးက ဘယ်လိုဖြစ်ပြီး လျှ်ို့ဝှက်နယ်ပယ်ထဲက ထွက်လာရတာလဲ..."