အပိုင်း ၄၇၃
Viewers 62k

အခန်း ၄၇၃

ပိုင်ရှင်ပုပေးသောနာမည်


ပို့ဆောင်ရေးအစီအရင်ထဲမှ ငရဲကမ္ဘာအမျိုးသမီး ထွက်ပေါ်လာသည်ကို မြင်လိုက်သည့်အခါ၌ နန်ကုန်းဝူချယ် လုံးဝအံ့သြမှင်သက်သွားမိသည်။အလွန်လှပသော မျက်နာက သူ့၏ နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။သူမဆီမှ ထွက်ပေါ်နေသော အေးစက်သည့် အော်ရာများက သူ့ခန္ဓာကိုယ်ကို တောင့်တင်းနေစေ၏။


ဘာကြောင့် သူမက ဒီကို ရောက်လာတာလဲ သူက လျှို့ဝှက်နယ်ပယ်ထဲမှာပဲ အမြဲနေသင့်တယ်လေ မဟုတ်ဘူးလား...သူ လျှို့ဝှက်နယ်ပယ်ထဲက ထွက်လာတာနဲ့ သူမကို ဘယ်တော့မှ မမြင်ရတော့ဘူးလေ ဟုတ်တယ်မဟုတ်လား ..


ထိုအိပ်မက်ဆိုး တစ္ဆေက သူမ၏ လှပလှသော ခန္ဓာကိုယ်ကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးကာထားသည်။သွယ်လျဖြောင့်တန်းနေသော ခြေတံတစ်စုံဖြင့် မတ်မတ်ရပ်နေလေ၏။


သူမ၏ အနက်ရောင်မျက်ဝန်းများကမူ ပုဖန်ကိုသာ စေ့စေ့ကြည့်နေ၏။


ပုဖန်ကလည်း သူ့နောက်ကျောမှ ဆူညံသံများကြားရသောကြောင့် လှည့်ကြည့်လိုက်ရာ အစီအရင်အလယ်၌ ရပ်နေသာ သူမကို မြင်လိုက်ရ၏။ခါးထိရှည်သော ဆံနွယ်ရှည်များက ဖြာကျနေပြီး ဖြူဖွေးသော အသွင်အပြင်နှင့် လှပလှသောသူမက လူအားလုံးကို မျက်စိမလွှဲနိုင်ပဲ ဖြစ်စေလေသည်။


"ငရဲကမ္ဘာအမျိုးသမီး,,,"


နန်ကုန်းဝူချယ် ကဲ့သို့ပင် သူလည်း အံ့အားသင့်သွားသည်။သူမ ဘာကြောင့် လျှို့ဝှက်နယ်ပယ်ထဲက ထွက်လာမိသည်ကိုပင် သိချင်မိသွား၏။


ခွေးဘုရင်က မျက်ဝန်းများမှေးစင်း၍ အမြီးယမ်းလိုက်ရင်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။


"သူမက မင်းရဲ့ ဟင်းပွဲတွေနဲ့ မခွဲနိုင်လို့နေမှာပေါ့..."


ပုဖန် ခွေးဝတုတ်ကို လှမ်းကြည့်လိုက်မိ၏။ ထိုခွေးဖက်တီး၏ စကားက အကျိုးအကြောင်းသင့်ပုံပေါ်လေသည်။


ငရဲကမ္ဘာအမျိုးသမီးက ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။သူမ၏ ဖြူဖွေးနူးညံ့လှသော ခြေဖဝါးလေးများက မြေပြင်နှင့် ထိတွေ့သွားသည်။သူမက မည်သည့်အခါကမှ ဖိနပ်မဝတ်ဖူးပုံပေါ်လေသည်။သူမက ပုဖန်နားသို့ လျှောက်လာခဲ့သည်။


"မင်းက နဂါးသွေးထမင်းကြော်ကို စားချင်နေသေးလို့လား..."


ပုဖန်က အေးဆေးတည်ငြိမ်စွာပင်မေးလိုက်၏။အမျိုးသမီးက ကွဲပြားခြားနားခြင်းမရှိသော မျက်နာသေဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်၏။ခရမ်းအနှစ်သာရနှင့် ရောထားသော နဂါးသွေးထမင်းကြော်က သူမကို ညှို့ယူဆွဲဆောင်သွားပေသည်။ပါဝင်နေသည့် စိတ်ဝိညာဉ် အနှစ်သာရများကလည်း ကမ္ဘာမြေရတနာများထက်ပင် ကြွယ်ဝ သိပ်သည်းလှ၏။


သူမက ပုဖန်နောက်သာလိုက်နေလျှင် ထိုထမင်းကြော်ကို မကြာခဏစားရပေလိမ့်မည်။ထိုသို့ဆိုလျှင် သူမ၏ ကျိန်စာကိုလည်း ဖိနှိမ့်နိုင်ပေလိမ့်မည်။ထို့အပြင် ကောင်းကင်ဘုံပစ္စည်းများ ကမ္ဘာမြေရတနာများကိုရှာဖွေရသည့် ဒုက္ခများမှလည်း ကင်းလွတ်သွားနိုင်ပေလိမ့်မည်။


ထိုကျိန်စာကြောင့်လည်း သူမထပ်မံ၍ ဒုက္ခရောက်ရမည်မဟုတ်ပေ။သူမလိုချင်သည်က ရိုးရှင်းလှပေသည်။ကျိန်စာ၏ သက်ရောက်မှုကြောင့် နာကျင်မှုများ ထပ်မံ မဖြစ်ပေါ်စေခြင်းသာဖြစ်သည်။


ပုဖန်က ငရဲကမ္ဘာအမျိုးသမီး၏ အကြည့်များကို ပြန်လည် တုံ့ပြန်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။သူ့အကြည့်များထဲမှ တစ်စုံတစ်ရာကို သူခံစားမိနိုင်ပေသည်။


"ပုဖန်ကောင်လေး...ဒီကလေးမကို ဘာလို့ မင်းနဲ့အတူ မခေါ်သွားတာလဲ...မင်းရဲ့ဆိုင်အသစ်မှာ စားပွဲထိုး အသစ် လိုနေတယ်မဟုတ်ဘူးလား...မင်းကလေးမလေး ရှောင်ယီကိုလည်း မင်းရဲ့ဆိုင်သစ်ဆီ ခေါ်လို့မရဘူးလေ ဟုတ်တယ်မဟုတ်လား..."


ခွေးဘုရင်၏ အသံက ပုဖန်နားထဲ ကြားဖြတ်ဝင်လာသည်။ထိုခွေးဝတုတ်ကို တစ်ချက်စောင်းကြည့်လိုက်သည်။သူမသင်္ကာစရာ အငွေ့အသက်များ ရနေပေသည်။


ငါ သူမကို လက်ခံလိုက်ရင် ခွေးဘုရင်ရဲ့ ကြံရာပါတစ်ယောက်များ ဖြစ်လာမှာလား...ဒီကိစ္စက တော်တော်လေး စဉ်းစားစရာကောင်းတယ်...


သို့သော်လည်း သူသေချာစဉ်းစားရင်းဖြင့် ခွေးဘုရင်ပြောသည်ကလည်း မှန်နေသည်ကို သိလေသည်။သူ့၏ ဆိုင်အသစ်အတွက် တကယ်ပင် စားပွဲထိုးတစ်ယောက်လိုနေပေသည်။


ထိုအမျိုးသမီးက လျှို့ဝှက်နယ်ပယ်ထဲတွင်သာ တစ်လျှောက်လုံး နေထိုင်ခဲ့ခြင်းပင်ဖြစ်သည်။ယခု သူမ လျှို့ဝှက်နယ်ပယ်ထဲမှ ထွက်လာလေရာ မြူကောင်းကင်မြို့ထဲတွင် အိမ်ခြေယာမဲ့ တစ်ယောက်သာ ဖြစ်သည်။သူမကို လက်မခံပဲ ဒီတိုင်းလွှတ်ထားလိုက်ခြင်းက အလွန်ရက်စက်ရာကျပေမည်။


ပုဖန် နန်ကုန်းဝူချယ်အား သူမကို ကြည့်ရှုစောင့်ရှောက်ခိုင်းနိုင်ပေသည်။


ပုဖန်လည်း ထိုသို့တွေးမိပြီး နန်ကုန်းဝူချယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။


နန်ကုန်းဝူချယ်၏ အမျိုးသမီးကို ကြည့်နေသော အမူအရာက အလွန်ထိတ်လန့် တုန်လှုပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုလူပြက်က အမျိုးသမီးကို စောင့်ရှောက်ပေးနိုင်လိမ့်မှာမဟုတ်မှန်း ပုဖန် သိလိုက်ပေသည်။သူ့၌ ရွေးချယ်စရာမရှိတော့ပဲ အမျိုးသမီးကို သူ့နောက်လိုက်ခွင့် ပြုရပေတော့မည်။


"ကောင်းပြီလေ...ဒါဆိုလည်း မင်းငါ့နောက်လိုက်နိုင်တယ်..."


ငရဲကမ္ဘာအမျိုးသမီး၏ မျက်ဝန်းလေးများက တောက်ပသွားပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားလေသည်။


"ဘော်ဒါပု ...မင်းတကယ်ပဲ သူ့ကို ခေါ်သွားမယ် သူက ..."


နန်ကုန်းဝူချယ်၏ မျက်နာ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။


သူကဘာလို့ သူမကိုခေါ်သွားမှာလဲ ...ဒီလိုသာဆို ငါသူ့ဆိုင်ကို ဘယ်လိုလုပ် သွားနိုင်တော့မှာလဲ...


နန်ကုန်းဝူချယ်၏ စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်၏ အကြည့်ကို ခံစားလိုက်မိသည်။ထိုအကြည့်တွင်ပါဝင်သော သတ်ဖြတ်ခြင်းအငွေ့အသက်များက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းသွားလေသည်။သူလှည့်ကြည့်လိုက်လေရာ အမျိုးသမီး၏ အနက်ရောင်မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များပြည့်နေသည်ကိုတွေ့လိုက်ရ၏။


"စိတ်မဆိုးလိုက်ပါနဲ့ အစ်မကြီး...မင်းက အရမ်းကို အံ့သြဖို့ကောင်းတဲ့ လူပါပဲ..."


နန်ကုန်းဝူချယ်လည်း သူပြောချင်သည့် စကားများကိုသာကြိတ်မှိတ်မြိုချလိုက်ရလေသည်။သူတို့နန်ကုန်းမိသားစု၏ အဆောက်အဦးဆီမှ ထွက်လာခဲ့ပြီးနောက် မြူကောင်းကင်မြို့၏ လမ်းမများထက်သို့ ဝင်ရောက်လာခဲ့သည်။ထိုလမ်းမများထဲ၌ ပုံမှန်အတိုင်း လူစည်ကားလျက်ရှိလေသည်။


လျှို့ဝှက်နယ်ပယ်ထဲတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြီးအကျယ်သေဆုံးပျက်စီးခဲ့ကြသော်လည်း မြူကောင်းကင်မြို့တွင်း၌မူ ယခင်အတိုင်း ကြွယ်ဝ စည်ကားနေဆဲဖြစ်သည်။


မြင့်မားလှသော အဆောက်အဦးများက လမ်းတစ်ဖက်တစ်ချက်စီတွင် တည်ရှိနေဆဲဖြစ်သလို လမ်းမထက်တွင်လည်း စိတ်ဝိညာဉ် သားရဲများဆွဲသော ရထားလုံးများက ဥဒဟို ဖြတ်သန်းနေကြသည်။


စျေးသည်များ၏ အော်ဟစ်ရောင်းချသံများကလည်း ဆူညံနေပြီး နေရာအနှံ့ဆီမှ သက်စောင့်ဆေးလုံးများ၏ မွှေးရနံ့များကလည်း လွင့်ပျံနေကာ မြို့က ကြက်ပျံမကျ စည်ကားနေလေသည်။


နန်ကုန်းဝူချယ်က ပုဖန်ကို နှုတ်ဆတ်လိုက်ပြီး အရင်ဆုံး ထွက်ခွာသွားလိုက်သည်။သူ အဆင့်ချိုးဖောက်တက်ရောက်ပြီးပြီ ဖြစ်သောကြောင့် ယခုအခါတွင် အရေးကြီးသော ကိစ္စရပ်တစ်ချို့ကို ကိုင်တွယ်ဖြေရှင်းရပေမည်။


ပုဖန်လည်း ဝှိုက်တီ ၊ ဘလက်ကီနှင့် ပုခုံးပေါ်တွင် လဲလျောင်းနေသော ပုစွန်ပိစိတို့ကို သယ်ဆောင်၍ တိမ်ခိုးစားသောက်ဆိုင်ဆီသို့ ပြန်လာခဲ့လိုက်သည်။


သူ့၏ အဖွဲ့ဝင်များထဲတွင် ယခုအခါ၌ နောက်ထပ်အသစ်တစ်ယောက်လည်း တိုးလာပေပြီ။ထိုသူက အရပ်ရှည်ရှည်နှင့် ငရဲကမ္ဘာအမျိုးသမီးပင်ဖြစ်သည်။


........


ဆေးလုံးအဆောက်အဦး၏ အပေါ်၌ တိမ်များ မြူများဖြင့် ဖုံးလွှမ်းနေသည်။


အခန်းတစ်ခုထဲ၌ လူတစ်ယောက် တင်ပလ္လင်ခွေထိုင်နေသည်။သူ့၏ ပါးစပ်မှလည်း သွေးများစီးကျနေ၏။


သူက လျှို့ဝှက်နယ်ပယ်ထဲမှ နေ၍ ယန်မိန်ကျီ ပြန်လည်ခေါ်ဆောင်လာသော မဟာသခင်ရွှမ်ပေပင်ဖြစ်၏။အဆင့် ၃ဆင့် ချိုးဖောက်ပြီးသော သူပင် သွေးလွှမ်းလူသားကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့၏။


သူ့၏ ဒဏ်ရာများက ပြင်းထန်သောကြောင့် လုံးဝ ပြန်လည်ကောင်းမွန်လာစေရန် အချိန်တစ်ချို့လိုပေလိမ့်မည်။


အခန်းထောင့်၌ ယန်မိန်ကျီက တိတ်ဆိတ်စွာ ရပ်နေပြီး သူ့၏ ဆရာသခင် ပြန်လည်ကုစားနေသည်ကို စောင့်ကြည့်နေခဲ့သည်။


အချိန်အတော်ကြာပြီးနောက် မဟာသခင် ရွှမ်ပေ၏ အော်ရာများက ပြန်လည် တည်ငြိမ်လာသည်။သူ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ယန်မိန်ကျီဘက်သို့ လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။


"နင်အခန်းကို ပြန်ပြီးတော့ ကိုယ်ရဲ့ ကျင့်ကြံစဉ်ကို ပြန်ပြီး သွားဂရုစိုက်ဦး ...မသေမျိုးခန္ဓာအဆင့် ကို ချိုးဖောက်ဖို့ ကြိုးစားချည်...ချိုးဖောက်အောင်မြင်သွားပြီဆိုရင်တော့ ဆရာက မင်းကို တန်ဖိုးရှိတဲ့ အရာတစ်ခုပေးမယ်..."


ယန်မိန်ကျီက ရိုသေစွာဖြင့် ခေါင်းငြိမ့်ပြလ်ိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။လျှို့ဝှက်နယ်ပယ်သို့ သွားသည့်ခရီး၌ သူမ ရတနာများစွာကို ရရှိခဲ့ပေသည်။ပုဖန်နှင့် မယှဉ်သာသော်လည်း မဟာသခင်ရွှမ်ပေ၏ နောက်သို့ လိုက်ခဲ့ခြင်းဖြင့် ကောင်းကင်ဘုံ ပစ္စည်းများနှင့် ကမ္ဘာမြေရတနာများစွာကို သူမရရှ်ိခဲ့သည်။


သူမက မသေမျိုးနယ်ပယ်ကို ခြေလှမ်းတစ်ဝက်မျှ လှမ်းပြီးပြီဖြစ်သည်။ထို့ကြောင့် အဆင့်ချိုးဖောက်တက်ရောက်ရန်မှာ သူမအတွက် မခက်ခဲလှပေ။သူမက ဆရာသခင် ပြင်ဆင်ပေးထားသည့် လက်ဆောင်အကြောင်းကိုလည်း သိချင်နေပေသည်။


ယန်မိန်ကျီ ထွက်ခွာသွားပြီးနောက် မဟာသခင်ရွှမ်ပေက အသက်တစ်ချက် ရှုထုတ်လိုက်သည်။ထို့နောက် တုန်ယင်နေသော သူ့လက်ကို အနည်းငယ်မြှောက်ပင့်လိုက်သည်။သူ့၏ လက်ဖဝါးပေါ်၌ ထူးဆန်းသော အရောင်အသွေးရှိသည့် မီးလုံးတစ်လုံးပေါ်လာသည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံအမျိုးအစား ငရဲသွေးဘုရင်ကိုးပါး မီးလျှံ...ဒီမီးတောက်က ကောင်မလေးရဲ့ စွမ်းအင် ကျင့်ကြံမှုကို အထောက်အကူပြုဖို့ မျှော်လင့်မိတယ်...ဒီပြိုင်ပွဲကြီးမှ သူမ ကောင်းမွန်တဲ့ အဆင့် သတ်မှတ်ချက်တစ်ခုရပြီး ...ဆေးကောင်းကင်မြို့တော်ရဲ့ ဆေးလုံးအဆောက်အဦးမှ လေ့ကျင့်ခွင့်ရဖို့လည်း မျှော်လင့်မိတယ်..."


ဒီမီးလျှံက ငရဲဘုရင်ကိုးပါး မီးလျှံဖြစ်သည်။နန်ကုန်းရွှမ်ဟယ်သေဆုံးသွားပြီးနောက် သူ့၏ အလောင်းမှ ထုတ်ယူခဲ့ခြင်းဖြစ်၏။သူကိ်ုယ်တိုင် ထိုမီးလျှံနှင့် ပေါင်းစပ်ရမည့်အစား ယန်မိန်ကျီနှင့် ပေါင်းစပ်ပေးဖို့ရန်သာ ရည်ရွယ်ထားလေသည်။


သူက တော်တော်လေးအိုမင်းနေပြီဖြစ်ပြီး သူ့၏ စွမ်းအင်များကလည်း အကျဘက်သို့ ရောက်နေပေသည်။ယန်မိန်ကျီက သူ့၏ အကြိုက်ဆုံးတပည့် တစ်ယောက်ဟူသည့် အချက်ကို ထည့်မပြောလျှင်ပင် သူမက တော်တော်လေးအရည်အချင်းရှိကြောင်း သူမျက်မြင် တွေ့ဖူးပေသည်။သူမ၏ ပါရမီက နန်ကုန်းဝူချယ်နှင့် ယှဉ်လျှင်ပင် နည်းနည်းလေးမှ နိမ့်ကျနေမည်မဟုတ်ပေ။


မှန်ပေသည်။ဒီငရဲဘုရင်ကိုးပါးမီးလျှံက နန်ကုန်းဝူချယ်၏ ပိုင်ဆိုင်မှု တစ်ခုဖြစ်ခဲ့ဖူးသည်။သို့သော်လည်း ယခုမူ သူ့၏ လက်ထဲ၌ ရှိလေရာ မည်သူ့ကို ပေးမည်ကို သူဆုံးဖြတ်နိုင်သည်။


......


ပုဖန် သူ၏ ဆိုင်သို့ ပြန်ရောက်လာခဲ့လေပြီ။တစ်လကုန်သွားပြီ ဖြစ်သော်လည်း သူ လျှို့ဝှက်နယ်ပယ်သို့ သွားသည့် ခရီးက ခဏမျှသာကြာသည်ဟု ခံစားမိလေသည်။


တကယ်တမ်းပြောရလျှင် သူဆိုင်မဖွင့်သည်မှာ တစ်လကျော်သွားခဲ့ပြီဖြစ်သည်။ဘေးနားပတ်ဝန်းကျင်၌ ဆိုင်များသည်လည်း နဂိုအတိုင်း ပြန်လည်စည်းကားရောင်းဝယ်ဖောက်ကားလျှက်ရှ်ိသည်။


ဒီနေရာက အလွန်စည်ကားသောကြောင့် နန်ကုန်းမိသားစုဝင်များကဆိုင်များဖွင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။သူတို့အနေဖြင့် တိမ်ခိုးစားသောက်ဆိုင်ကဲ့သို့သော စားသောက်ဆိုင်ပေါ်လာပြီး သူတို့၏ စီးပွားရေးလုပ်ငန်းကိုခိုးယူသွားလိမ့်မည်ဟု မည်သို့မျှ ထင်ထားခဲ့မည်မဟုတ်ပေ။


"ဟမ်...အဲ့ဒါ ပိုင်ရှင်ပုမဟုတ်လား...သူလျှို့ဝှက်နယ်ပယ်က ပြန်လာပြီလား..."


"ဘုရားရေ ...ပိုင်ရှင်ပု ပြန်လာပြီ ဒါဆို သူ့ဆိုင်ကော ပြန်ဖွင့်ဦးမှာပေါ့..."


"အဲ့ဒီဆိုင် နောက်တစ်ခေါက်ပြန်ဖွင့်လို့ရှိရင် ငါတို့စီးပွားရေးတော့ မဆုံးရှုံးလောက်ပါဘူးနော်...ရုတ်တရက် ငါစိတ်ခံစားချက်တွေ မကောင်းတော့ဘူး...ဝမ်းနည်းပြီး ငိုချင်လာတယ်..."


ပုဖန်တို့လူစုကို မြင်လိုက်သည့်ခဏ၌ ပတ်ဝန်းကျင်ရှိ သက်စောင့်ဆေးဆိုင်ပိုင်ရှင်မျက်နာအမူအရာက တင်းမာသွားလေသည်။


ပုဖန်ကမူ သူတို့ကို ဂရုမစိုက်ပဲ အလွန်တည်ငြိမ်နေ၏။သူက မျက်နာသေဖြင့်ပင် ထိုပိုင်ရှင်များကို ခေါင်းငြိမ့်နှုတ်ဆတ်လိုက်၏။


ထိုသူများကို သူက မိတ်ဆွေဟောင်းများဖြင့် တွေးထင်ထားမိသည်။ထိုသူများနှင့် သူ ကိစ္စကြီးငယ်တစ်ချို့ရှိခဲ့သော်လည်း သူတို့အားလုံးက သူ့၏ ဆိုင်၌ စားသုံးဖူးလေသည်။ထို့ကြောင့် သူ့၏ စားသုံးသူများကို နွေးထွေးစွာပင် ဆက်ဆံမိမည်ဖြစ်သည်။


သို့သော် ထိုသက်စောင့်ဆေးဆိုင်များအတွင်း၌ရှိသော ဝယ်သူများ၏ မျက်ဝန်းများကတော့ တောက်ပသွားလေသည်။သူတို့ ယခုလက်ရှိ သက်စောင့်ဆေး ဝယ်နေကြသော်လည်း နောက်ထပ်ထပ်ဝယ်တော့မည်မဟုတ်ပေ။


သူတ်ို့ အကြာကြီး စောင့်ခဲ့ရပြီးနောက် နောက်ဆုံး၌ ပိုင်ရှင်ပု ပြန်လာလေပြီ။


သူတို့ အံ့သြစရာကောင်းသော စားစရာများကို နောက်တစ်ဖန် ပြန်လည် မြည်းစမ်းနိုင်ပေမည်။တို့ဟူးပုပ်ကြော် ၊ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် အစရှိသော ဆွဲဆောင်မှုရှိလှသည့် စားကောင်းသောက်ဖွယ်များကို ပြန်လည်စားသောက်နိုင်ပေတော့မည်။


အချိန်ခဏအတွင်းမှာပင် လူအုပ်စုလိုက်ကြီး ပုဖန်၏ နောက်၌ လိုက်ပါသွားလေသည်။သူတို့ ဆိုင်ပြန်ဖွင့်မည်ကို စောင့်လိုကြသည်။


သို့သော်လည်းခဏအကြာ၌ သူတို့အားလုံး၏ အကြည့်များက အနက်ရောင် ဝတ်စုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးဆီသို့ ကျရောက်သွားသည်။သူမက အလွန်လှပလှသည်။ခန္ဓာကိုယ်က သွယ်လျလှပြီး ကျောက်စိမ်းကဲ့သို့ ဖြူသော ခြေထောက်တစ်စုံကိုလည်း ပိုင်ဆိုင်ထားလေသည်။


"လခွမ်း...ပိုင်ရှင်ပုက လျှိူ့ဝှက်နယ်ပယ်ကနေပြီး အမျိုးသမီး တစ်ယောက်ကို ပြန်ခေါ်လာတာလား...သူ အဲ့ဒီလိုမျိုး အမျိုးသမီး တစ်ယောက်ခေါ်လာတာ ငါတို့ရဲ့ နန်ကုန်း နတ်သမီးလေးကို အရှက်ခွဲမိတယ်လို့ မခံစားရဘူးလား..."


ထိုသူများက မခံမရပ်နိုင်ဖြစ်စွာဖြင့် ငရဲကမ္ဘာအမျိုးသမီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။


ငရဲကမ္ဘာအမျိုးသမီးက ရပ်တန့်လိုက်ပြီး သူမ၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။


အေးစက်လှသော သူမ၏ အကြည့်က သူတို့အားလုံးအပေါ် ဖြတ်သန်းသွားပြီး သူတို့၏ ခန္ဓာကိုယ်များကို ရေခဲထဲထည့် ချိတ်ပိတ်လိုက်သလို ခံစားလိူက်ရသည်။သူမ၏ အကြည့်က အလွန်ကြောက်စရာကောင်းလှသည်။


သူတို့အားလုံး ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြပြီး သူမ၏ မကောင်းကြောင်းကို ထပ်မတွေးရဲတော့ပေ။


ထိုခဏအတွင်းမှာပင် သူမက လှပလှသော ခန္ဓာကိုယ်ကို လွှဲယမ်းရင်း အရှေ့သို့ ဆက်လျှောက်သွားပြီဖြစ်သည်။သူတို့အားလုံး၏ စိတ်ထဲ၌ သွေးများ ပွက်ပွက်ဆူလာသလိုပင် ခံစားလိုက်ရသည်။


"သူမက အေးစက်တဲ့ နတ်ဘုရားမပဲ ..."


" သူမက တမူထူးခြားတယ်...ဒါပေမယ့် ပိုင်ရှင်ပုလိုပဲ အေးစက်တယ် ..."


" သူမက အရမ်းလှပတယ်...သူ... ခုဏလေးက ငါ့ကိုကြည့်လိုက်တယ်...အဲ့ဒီအချိန်တုန်းက ငါ သေချာပေါက် တစ်ခုခုကို ခံစားလိုက်ရတယ်.. အခုကနေစပြီး ငါပိုင်ရှင်ပု ဆိုင်ကို နေ့တိုင်းသွားပြီ...နတ်ဘုရားမလေးဆီမှာ ဝန်ခံစကားပြောရမယ်..."


ပုဖန်က ဆိုင်တံခါးကို တွန်းဖွင့်၍ အထဲသို့ လျှောက်ဝင်သွားလိုက်သည်။


"ဟုတ်ပြီ...နင့်ရဲ့ နာမည်က ဘာတုန်း..."


သူအမျိုးသမီးဘက်သို့ လှည့်၍ မေးလိုက်၏။ငရဲကမ္ဘာအမျိုးသမီးက အကြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သော်လည်း မည်သည်မှ ပြန်ပြောခြင်းမရှိပေ။သူမ၏ အမူအရာကလည်း အရင်အတိုင်း အေးစက်နေမြဲပင်ဖြစ်သည်။


ပုဖန်ပင်လျှင် ထ်ို အမူအရာကြောင့် ကြောင်အသွားပြီး ခွေးဘုရင်ဆီသို့ မေးခွန်းများပါသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။


"ဒီခွေးဘုရင်ကို လာမကြည့်နဲ့...ငါက ဘယ်လိုလုပ်ပြီး သူ့နာမည်ကို သိမှာလဲ..."


ခွေးဘုရင်က ပျင်းရိစွာ သန်းဝေလိုက်ပြီး တုန့်ပြန်လိုက်သည်။သူ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဆိုင်ထဲသို့ လျှောက်ဝင်သွားလိုက်ပြီး သိမြင်မှု သစ်သီးပင်၏ ဘေးနား ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။


စားမယ် ၊ အိပ်မယ် ၊ ကြောင်တစ်ကောင်လို လမ်းလျှောက်မယ် ဒါကပင် ခွေးဘုရင်၏ နေ့စဉ်ဘဝ ဖြစ်သည်။


"ဒီနေ့ကစပြီး နင့်ကို နယ်သာရီ(ငရဲကမ္ဘာမှအမျိုးသမီး)လို့ ခေါ်မယ်...နင်က ဒီ တိမ်ခိုးစားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ပေးရမယ်...စားသုံးသူတွေရဲ့ အော်ဒါ မှတ်ပေးဖို့က လွဲပြီး တခြားဘာမှ လုပ်စရာမလိုဘူး...ငါက နေ့တိုင်းစိတ်ဝိညာဉ် အနှစ်သာရတွေ ပြည့်နေတဲ့ စားရာတွေပေးမယ်...အဲ့ဒါက ဒီမှာလုပ်တဲ့အတွက်နင့်ရဲ့ လုပ်အားခပဲ..."


ပုဖန် အမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။မည်သို့ပင်ဆိုစေကာမူ ခွေးဘုရင်ကိုလည်း နေ့တိုင်း ကျွေးမွေးနေရသည်ဖြစ်လေရာ သူကျွေးမွေးရမည့် စာရင်း၌ နောက်တစ်ယောက် ထပ်တိုးလာလို့လည်း အပမ်းမကြီးတော့ပေ။


"နယ်သာရီ..."


ပုဖန် ပေးလိုက်သော နာမည်ကို ကြားပြီးနောက် ခွေးဘုရင်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။ခွေးတစ်ကောင်ဖြစ်သော သူပင်လျှင် ပုဖန်၏ နာမည်ပေးမှုက ဆိုးရွားလှကြောင်းခံစားနိုင်ပေသည်။


သို့သော်လည်း နယ်သာရီက မျက်နာအပြောင်းအလဲမရှိပဲ ခေါင်းငြိမ့်ပြလိုက်သည်။ပြောရမည်ဆိုလျှင် ပုဖန်ပြောသွားသမျှအရာအားလုံးကို သူနားလည်ပုံပင် မပေါ်ပေ။


ပုဖန်လည်း မထိန်းနိုင်စွာ နှုတ်ခမ်းများမဲ့သွားမိပြီးနောက် သက်ပြင်းတစ်ချက်သာ အသာချလိုက်သည်။ 


ထို့နောက် သူမီးဖိုချောင်ထဲသို့ လှည့်ဝင်သွားလိုက်သည်။


"ကောင်းပြီလေ ...ငါတို့ စီးပွားရေးစကြတာပေါ့..."


.......


ထိုအချိန်၌...


ခြိမ်းခြောက်နိုင်စွမ်းရှိသော အော်ရာများကို ထုတ်လွင့်နေသည့် နန်ကုန်းဝူချယ်က နန်ကုန်းမိသားစုပိုင် ခြံဝန်းထဲသို့ ဝင်ရောက်သွားလေသည်။