အခန်း.၄၇၄
စားပွဲထိုးအလှလေး...နယ်သာရီ
နန်ကုန်းမိသားစု၏ ခြံဝန်းက အလွန်ကျယ်ဝန်းလှသည်။နန်ကုန်းမိသားစု၏ ခြံဝန်းထဲ၌ မြောက်များလှစွာသော အခန်းငယ်ပါသည့် ခြံဝန်းငယ်လေးများ တည်ရှိနေသည်။ထိုနေရာ၌ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်လေးတစ်ခုလည်းရှိ၏။ခြံဝန်း၏ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်ငြိမ်းချမ်းသာယာနေလေသည်။
နန်ကုန်းဝူချယ် ခြံဝန်းထဲသို့ ဝင် လိုက်သည့်ခဏ၌ တင်းမာသော လေထုကို ခံစားလိုက်မိပြီး သူမျက်မှောင်ကြုတ်လိုက်မိသည်။သူနှင့် ခပ်လှမ်းလှမ်း၌ရှိနေသော အစောင့်အချို့ကလည်း အလွန်ကြောက်လန့်သွားကြပြီး ဝေးရာသို့ ထွက်သွားကြသည်။
သူတို့က နန်ကုန်းဝူချယ်ကို ပိတ်ဆို့တားဆီးရန်ပင် မကြိုးစားကြပဲ မကောင်းဆိုးဝါးသားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပြုမူကြလေသည်။
ယခုလက်ရှိအချိန်၌...
နန်ကုန်းရွှမ်ဟူက သူ့၏ အကို နန်ကုန်းရွှမ်ဟယ်ကို ဆုံးရှုံးခဲ့ရသောကြောင့် နာကျင်ဝမ်းနည်းနေတုန်းဖြစ်သည်။
ထိုအချိန်၌ သူ့၏ လက်အောက်ငယ်သား တစ်ယောက်က နန်ကုန်းဝူချယ် ဝင်ရောက်လာကြောင်းကို အပြေးအလွှားသတင်းလာပို့လေသည်။နန်ကုန်းရွှမ်ဟူက မျက်လုံးများဖွင့်လိုက်ပြီး ဒေါသတကြီး ထိုင်ခုံကို ရိုက်လိုက်၏။ပြင်းထန်လှသည့် ခွန်အားကြောင့် ထိုင်ခုံက အစိပ်အစိပ်အမွှာမွှာ ကျိုးပဲ့သွားလေသည်။
"ဒီမျိုးမစစ်လေးက ပြန်လာနိုင်တယ်ပေါ့...လျှို့ဝှက်နယ်ပယ်ထဲမှ ငါ့အကိုတောင် သေခဲ့တယ်...ဒါတောင်မှ ဒီမျိုးမစစ်က ဘယ်လိုပြန်လာနိုင်တာလဲ..."
နန်ကုန်းရွှမ်ဟူက ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်လွင့်လိုက်ပြီး သူ့၏ လက်အောက်ငယ်သားတစ်ချို့နှင့် ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။
နန်ကုန်းဝူချယ်ကလည်း နန်ကုန်းရွှမ်ဟူတို့ လူစုရှိရာဆီသို့ အေးဆေးစွာ လျှောက်လာခဲ့သည်။ သူ၏ ဆံနီများက လေဖြင့် တဖျက်ဖျက်ခါနေလေရာ မီးတောက်များ ယိမ်းကနေသလိုပင် ထင်ရ၏။
နန်ကုန်းရွှမ်ဟူ၏ အမူအရာက ကြောက်စရာကောင်းလှသည်။သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းလည်း မြေပြင်ပင်သိမ့်သိမ့်တုန်ခါသွား၏။သူ့၏ နောက်မှလည်း သံကြိုးနှစ်ချောင်းက ဝေ့ဝဲထွက်ပေါ်နေသည်။
"နန်ကုန်းဝူချယ် မင်းပြန်လာရဲတယ်ပေါ့လေ...မင်းကသေချင်နေတာပဲ..."
နန်ကုန်းရွှမ်ဟူ၏ ကျယ်လောင်လှသော အော်သံက ဗုံတီးလိုက်သကဲ့သို့ပင် ခြံဝန်းတစ်ခုလုံးကို ပြန့်နှံ့သွားသည်။
ရိုးရိုးရှင်းရှင်း အခန်းငယ်တစ်ခုတွင် အကျဉ်းချခံထားရသော နန်ကုန်းဝမ်လည်း ထိုအသံကို ကြားလိုက်ရသည်။သူမ၏ မျက်တောင်များ တုန်ယင်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ဘယ်လိုဖြစ်ပြီး...နန်ကုန်းဝူချယ်ပြန်လာရတာလဲ...သူ နန်ကုန်းရွှမ်ဟယ်နဲ့သူညီကိုနှစ်ယောက်ကို ရင်ဆိုင်နိုင်ပါ့မလား..."
သူမ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။သူက နန်ကုန်းရွှမ်ဟယ်နှင့် နန်ကုန်းရွှမ်ယင်တို့ သေသွားသည့် အကြောင်းကို မသိသေးပေ။
နန်ကုန်းဝူချယ်က မဲ့ပြုံးပြုံးလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် နန်ကုန်းရွှမ်ဟူကို ကြည့်လိုက်သည်။ထိုသူက အဆင့် ၂ ဆင့် ချိုးဖောက်ပြီးသည့်သူ ဖြစ်သောကြောင့် သူ့၏ အော်ရာများက အလွန်အားကောင်းလှသည်။
သို့သော်လည်း သူကလည်း အဆင့် ၂ ဆင့် ချိုးဖောက်ပြီးသော သူဖြစ်သောကြောင့် နည်းနည်းမျှ ကြောက်ရွံ့ခြင်းမရှိပေ။ယခုမှသာလျှင် အဆင့် ချိုးဖောက်တက်ရောက်ခဲ့ခြင်းဖြစ်သော်လည်း သူက ပါရမီရှင်တစ်ယောက်ဖြစ်သည်။အဆင့် တူချင်းဆိုလျှင် သူ ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။
ပါရမီရှင်ဆိုတာဘာလဲ ပြရသေးတာပေါ့...
သူ့၏ ငရဲဘုရင်ကိုးပါးမီးလျှံကို ဆုံးရှုံးခဲ့ပြီ ဖြစ်တောင်မှ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေဆဲဖြစ်သည်။
နန်ကုန်းရွှမ်ဟူက နန်ကုန်းဝူချယ်၏ ကျင့်ကြံမှုအဆင့်ကို ကြည့်လိုက်ပြနောက် အံ့အားတသင့်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီမျိုးမစစ်လေးကလည်း နောက်ထပ်အဆင့် ၁ဆင့် ချိုးဖောက်ပြီးသွားပြီလား...ကြည့်ရတာ ဒီမျိုးမစစ်လေးက လျှို့ဝှက်နယ်ပယ်ထဲကနေ ရတနာအများကြီး ရခဲ့တာပဲဖြစ်မယ်...
ထိုအကြောင်းကို တွေးလ်ိုက်မိသည်နှင့် သူဝမ်းနည်းသွားမိသည်။သူ့၏ အကို နန်ကုန်းရွှမ်ဟယ်က လျှို့ဝှက်နယ်ပယ်ထဲတွင် သေဆုံးခဲ့ရသော်လည်း မျိုးမစစ်လေးက အဆင့် ချိုးဖျက်နိုင်မည့် အခွင့်အရေးပင် ရရှိခဲ့သေးသည်။
ကံကြမ္မာက တကယ့်ကို ကွားခြားလွန်းလှပေသည်။သူထိုကဲ့သို့ တွေးလိုက်မိသည်နှင့် နန်ကုန်းဝူချယ်ကို ပို၍ သတ်ချင်လာသည်။
"သေပေတော့..."
နန်ကုန်းရွှမ်ဟူက အော်ဟစ်လိုက်ပြီး တိုးဝင်တိုက်ခိုက်လိုက်သည်။နန်ကုန်းဝူချယ်၏ မျက်ဝန်းများက အေးစက်သွားသည်။နောက်ဆုံး၌ ထိုသူတို့ သူ့အပေါ် ပြုလုပ်ခဲ့သမျှကို ပြန်လည်ပေးဆပ်ရဖို့ အချိန်ရောက်လာပေပြီ။
"သေလိုက်တော့..."
သူတို့နှစ်ယောက်က ရိုးရှင်းလှသော တ်ိုက်ခိုက်နည်းကိုသာ အသုံးပြုပြီး လက်သီးချင်း ယှဉ်လိုက်ကြသည်။သူတို့၏ ခန္ဓာကိုယ်မှ အစစ်အမှန်းစွမ်းအင်လှိုင်းများ ပြန့်ဝဲထွက်ပေါ်နေသည်။
သူတို့၏ နောက်ကျောဆီ၌ လွင့်မျောနေသော သံကြိုးနှစ်ကြိုးဆီမှလည်း တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်နေ၏။သူတို့နှစ်ယောက်၏ လက်သီးချင်း တွေ့ဆုံလိုက်ချိန်တိုင်း၌ မြေပြင်ပင် သိမ့်သိမ့်တုန်ခါသွားသည်။
နန်ကုန်းမိသားစု၏ အစောင့်များက ထိတ်လန့်တကြားဖြင့် သူတို့နှစ်ယောက်တိုက်ပွဲကိုကြည့်နေကြသည်။သူတို့၏ အဆင့်နှင့် ဝင်မပါနိုင်သော တိုက်ပွဲဖြစ်သောကြောင့် အဝေးကနေသာ ရပ်ကြည့်နေကြလေသည်။
.....
တိမ်ခိုးစားသောက်ဆိုင်၌ ...
ဆိုင်၏ အပေါက်ဝ၌ စည်ကားလှသော လူတန်းရှိနေသည်။ထင်မှတ်မထားစွာဖြင့် အနက်ရောင်ဆံနွယ်နှင့် လှပသော မိန်းကလေးက ဆိုင်၏ စားပွဲထိုးဖြစ်နေသောကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။သူတ်ို့အားလုံး ကြက်သွေး ထိုးထားသကဲ့သို့ပင် တက်ကြွနေကြသည်။
တစ်ချို့သူများကတော့ သူမ၏ အေးစက်လှသော ပုံစံကြောင့် အနည်းငယ် ထိတ်လန့်နေကြသည်။သို့သော်လည်း တစ်ချို့လူများက ထိုအေးစက်သော ပုံစံကြောင့်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်။
အနား၌ရှိနေသော သူများက သူမကို တစ်ယောက်တစ်ပေါက်စီပြောဆိုနေကြသည်။သူတ်ို့၏ အကြည့်များကလည်း သူမ၏ လှပလှသော ခန္ဓာကိုယ်ကို မကြာခဏ ဖြတ်သန်းသွားလေ၏။အထူးသဖြင့် လှပလှသော ခြေချောင်းလေးများကို ဖြစ်သည်။ထို ဖြူသွယ်သော ခြေထောက်လေးများက အားလုံး၏ အကြည့်များကို ဆွဲဆောင်ထားနိုင်လေသည်။
နယ်သာရီက အေးဆေးတည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။သူမ၏ အေးစက်လှသော အကြည့်များက ပို၍ နက်ရှ်ိုင်းသထက် နက်ရှိုင်းလာခဲ့သည်။သူမ ထိုသူများ၏ အကြည့်ကို သဘောမကျပေ။တိတိကျကျပြောရမည်ဆိုလျှင် သူတို့က်ို ရွံ့မုန်းပေသည်။
သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအားများ လွင့်ထွက်လာတော့မယောင် ဖြစ်နေ၏ သူမ၏နှုတ်ခမ်းပါးလေးကို ဖွင့်လိုက်သောအခါ၌ ရေခဲတမျှအေးစက်လှသော အသံက ဆိုင်တစ်ခွင်လုံး ပြန့်နှံ့သွားသည်။
"ဟင်းပွဲမှာ ...မမှာရင်ထွက်သွား..."
သူမ၏ စကားက အမြဲတမ်း လိုတိုရှင်းပဲဖြစ်၏။သူမ၏ အေးစက်လှသောစိတ်သဘောထားကပင် စားသုံးသူများကို ပို၍ စိတ်လှုပ်ရှားလာစေသည်။သူတို့၏ လှပလှသော အေးခဲနတ်သမီးလေးက အလွန် အံ့အားသင့်စရာကောင်းလှပေသည်။
သူတို့ အသစ်တွေ့ရှိလှသော နယ်သာရီ၏ အေးစက်လှသော သဘောထားက နန်ကုန်းဝမ်၏ နူးညံ့ချိုမြိန်လှသော သဘောထားထက်ပင်ပို၍ စိတ်လှုပ်ရှားစရာကောင်းနေပေသည်။
ထိုအေးခဲ နတ်သမီးလေး၏ ဒေါသများဖြင့်ပင် လောင်ကျွမ်းခံလိုကြသည်။စားသုံးသူတစ်ယောက်က ရှေ့သို့ အလျှင်အမြန်တိုးသွားလိုက်သည်။ထို့နောက် သူမျက်ဝန်းများ မှေးစင်းလိုက်ပြီး နယ်သာရီကို ပြောလိုက်သည်။
"ဟင်းပွဲမှာရမယ်...ဒီအကိုကြီးက မှာမှာပေါ့ ဒါပေမယ့် အလှလေး...မင်းက ဒီအကိုကြီးနဲ့ အတူတူသောက်ပေးရမယ်..."
"အတူတူသောက်ရမယ်..."
နယ်သာရီက အေးစက်လှသော အကြည့်များဖြင့် ထိုသူ၏ မျက်ဝန်းထဲ တည့်တည့်စိုက်ကြည့်လိုက်သည်။
သိမြင်မှု သစ်ပင်ဘေးတွင် အိပ်ပျော်နေသော ဘလက်ကီက နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် ငိုက်မြည်းနေသော မျက်ဝန်းများကို တွန်းကန်ဖွင့်ရင်း သေတွင်းတူးနေသည့် စားသုံးသူကို ကြည့်လိုက်၏။ထို့နောက် ဆက်လက်၍ အိပ်နေလိုက်သည်။
ငရဲကမ္ဘာအမျိုးသမီးကို ရိသဲ့သဲ့လုပ်ဖို့ ကြိုးစားနေတာလား ...မင်းရဲ့ သတ္တိတွေ ဘယ်ကရောက်လာလဲဆိုတာ ငါသိချင်လိုက်တာ...
တောင်တစ်တောင်ကဲ့သို့ပင် ကြီးမားလေးလံလှသော ဖိအားများ သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်လာသောကြောင့် ထိုသူ၏ မျက်နာပေါ်မှ တပ်မက်သည့်အရာက ပျောက်ဆုံးသွားပြီး အပြုံးက ပျောက်ချင်းမလှ ပျောက်သွားလေသည်။
သူ့ မျက်ဝန်းထဲမှ အေးဆေးတည်ငြိမ်လှသော နတ်ဘုရားမက နတ်ဆိုးတစ်ကောင်အဖြစ်သို့ ချက်ချင်းပြောင်းသွားလေသည်။ပြင်းထန်လှသော ဖိအားကြောင့် သူ့၏ အသက်ရှူသံများ လေးလံလာပြီး တဖြေးဖြေးပို၍ အသက်ရှုရ ခက်လာလေသည်။
"ဒီအမျိုးသမီး... သူက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်..."
နယ်သာရီက သွယ်လျလှသော လက်ချောင်းလေးများကို အသာမြင့်မြင့်မြှောက်လိုက်ရင်း ထိုစားသုံးသူ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
လက်တစ်စုံက သူလည်ပင်းကို ထိလိုက်သည့်ခဏ၌ သူတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထသွားလေသည်။နှစ်သောင်းချီနေသော ရေခဲတုံးကြီး တစ်တုံးနှင့် ထိတွေ့လိုက်မိသလို ခံစားလိုက်ရသည်။
"ဘယ်လို မကောင်းဆိုးဝါးမ်ျိုးလဲ..."
သေခြင်းတရား၏ အရိပ်က သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာပြီဟု ခံစားလိုက်ရသည်။သေမင်းနှင့် နီးကပ်လာသောကြောင့် သူတစ်ကိုယ်လုံး တုန်ယင်နေမိသည်။
ထိုသူ၏ဘေးနား၌ ရှိနေကြသော စားသုံးသူများကလည်း နယ်သာရီ၏ အပြုအမူကြောင့် စွံ့အမှင်သက်နေကြသည်။အံ့အားသင့်ဖွယ်ရာ အလှလေးက ကြောက်စရာကောင်းသည့် ပုံစံမျိုးပြောင်းလဲသွားမည်ဟု သူတို့ မထင်ထားမိပေ။
"မင်း...ငါ့ကို... လွှတ်..."
ထိုစားသုံးသူက ကြောက်ရွံ့မှုအပြည့်ဖြင့် အော်လိုက်သည်။နယ်သာရီ၏ လက်ချောင်းများက ဖြေလျော့သွားမည့်အစား သူ့၏ မျက်ဝန်းများ ပိုမိုနက်မှောင်လာပြီး အားပိုမို ထည့်လိုက်သည်။ထိုသူက အသက်ရှုကျပ်သွားပြီး သူ့မျက်နာတစ်ပြင်လုံး နီရဲလာလေသည်။
သူမ၏ ဖိအားများအောက်တွင် သူအနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိပေ။တကယ်တမ်းပြောရမည်ဆိုလျှင် သူကိုယ်တိုင်ကလည်း တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သို့သော်လည်း သူမရှေ့မှောက်တွင် ကလေးငယ်တစ်ယောက်ကဲ့သို့ပင် မည်သည့်အရာမှ လုပ်ဆောင်နိုင်ခြင်းမရှိပေ။
သူမက ဘယ်ကနေရာက ရောက်လာတာလဲ...ဒီလောက်တောင် စွမ်းအားရှိနေတယ်ဆိုရင်လည်း ဒီနေရာမှာ ဘာလို့ စားပွဲထိုး လုပ်နေသေးတာလဲ...
နယ်သာရီ၏ စွမ်းအင်ကျင့်ကြံမှု အစစ်အမှန်ကို ပုဖန်ပင်လျှင်မသိပေ။ဒီစားသောက်ဆိုင်ထဲ၌ ဘလက်ကီတစ်ဟောက်တည်းသာလျှင် အမျိုးသမီး၏ စွမ်းအင်အစစ်အမှန်ကို သတိပြုမိသည့် သူတစ်ယောက်ဖြစ်သည်။
နယ်သာရီကသူမ၏ ကျင့်ကြံစဉ်ကို တခါမှ ဖော်ပြထားဖူးသည်မရှိသောကြောင့် ပုဖန်မသိခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ထ်ိုအရာများကို သူဂရုမစိုက်ပေ။မည်သို့ပင်ဆိုစေ ထိုသူမက သူ့၏ စားပွဲထိုးဖြစ်နေပြီးလေပြီ။
စားသုံးသူ၏ လည်ပင်းက တင်းကျပ်လာပြီးနောက် အလွန်အသက်ရှုရ ခက်ခဲလာခဲ့ပြီး သူ့၏ စွမ်းအင်အော်ရာများက အလျင်အမြန်အားနည်းလာခဲ့သည်။
သူဒီနေရာမှာ သေရတော့မှာလား...
သူလုပ်မိသည့် ကိစ္စရပ်ဟူ၍ ထ်ိုအမျိုးသမီးကို အနည်းငယ် ရိသဲ့သဲ့ပြောမိခြင်းသာဖြစ်သည်။
အဲ့ဒါကြောင့် သူသေရတော့မှာလား...ဘာလို့ ဘဝက ဒီလောက်တောင် ဝမ်းနည်းစရာကောင်းရတာလဲ...
အဆုံး၌ နယ်သာရီက သူ့ကို မသတ်ခဲ့ပေ။ထိုသူမျက်ဖြုလန်သွားသည့် အချိန်၌ သူမလည်း လွှတ်ပေးလိုက်သည်။ထိုသူက ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီးနောက် အသက်အလုအယက် ရှုနေရလေသည်။ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမှု မရှိတော့ပဲ ဆိုင်ထဲမှ ချက်ချင်း ထွက်ပြေးသွားလေသည်။
ထိုသူ၏ အဖြစ်အပျက်ကို မြင်လိုက်သည်နှင့် ဘေးရှိ လူများအားလုံး လေအေးတစ်ရှိုက်ရှုရှိုက်လိုက်မိကြသည်။နယ်သာရီ၏ ရေခဲတမျှ အေးစက်နေသော အကြည့်က သူတို့အားလုံးအပေါ် ဖြတ်သန်းသွားလေသည်။အေးစက်လှသော ဆောင်းလေအေးများ သူတို့ နှလုံးသားထဲ ဖြတ်သန်းတိုက်ခတ်သွားသလိုပင် ခံစားလိုက်ရသည်။
"ပိုင်ရှင် ငါ့ကို ဥထမင်းကြော် တစ်ပွဲပေးပါ..."
"ငါကိုတော့ အရသာရှိလှတဲ့ နံရိုးချိုချဉ်ကြော် တစ်ပွဲပေး..."
"ငါတို့က ဒီမှာ စားဖို့ ရောက်နေကြတာလေ...ဘာလို့ မင်းတို့ ပြဿနာရှာချင်နေရတာလဲ...ငါကိုတော့ နတ်မင်းစွေ့စွေ့ခုန် တစ်ပွဲပေး..."
ထိုသူများအားလုံးက နယ်သာရီ၏ အကြည့်များမှ ရှောင်လွှဲလိုဟန်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ဟင်းပွဲများကို အလုအယက် အော်မှာလိုက်ကြသည်။ထိုအမျိုးသမီးက ကြောက်စရာကောင်းလွန်းလှသည်။သူမကို ရိသဲ့သဲ့ လုပ်ချင်လိုလျှင် သူတို့၌ အသက်ပိုရှိမရှိကို ပထမဆုံး တွေးရမည်ဖြစ်သည်။
နယ်သာရီက မျက်နာသေဖြင့်ပင် အော်ဒါများကို လက်ခံလိုက်သည်။ထို့နောက် ခြေတံရှည်ရှည်များဖြင့် ခြေလှမ်းကျဲကျဲ လှမ်း၍ မီးဖိုချောင်ဘက်သို့ ထွက်သွားလိုက်သည်။
မီးဖိုချောင် ပြတင်းပေါက်လေး ရှေ့၌ ရပ်လိုက်ချိန် သူမကို လှမ်းကြည့်နေသော ပုဖန် မျက်နာကို တွေ့လိုက်ရသည်။
နယ်သာရီက ထိုပြတင်းပေါက်လေးရှေ့၌ မည်သည့်စကားမှမဆိုပဲ အမူအရာမဲစွာဖြင့် ခဏရပ်နေလေသည်။သူမ၏ မျက်ဝန်းနက်လေးများက ပုဖန်ကို ကြည့်လိုက်ပြီး အနည်းငယ်လှုပ်ခတ်သွားသည်။ထို့နောက် ချာခနဲ ပြန်လည်လှည့်ထွက်သွားလေသည်။
ပုဖန်၏ မျက်နာ၌ ဇဝေဇဝါ အမူအရာများ ပေါ်လာလေသည်။သူမဘာလုပ်နေသည်ကို သူသိချင်လာမိ၏။
ပုဖန်နှင့် နှိုင်းယှဉ်လိုက်လျှင် စားသုံးသူများက ပို၍ပင် ဇဝေဇဝါ ဖြစ်နေကြသည်။သူတို့ ထိုအမျိုးသမီး ထွက်သွားသည့် အချိန်၌ အသက်ရှုနိုင်သွားသည်။သို့သော်လည်း စိတ်အေးလက်အေးမရှိသေးခင်မှာပင် သူမက ပြန်လည် လှည့်လျှောက်လာလေသည်။
သူမ၏ ပါးစပ်မှ အေးစက်လှသော စကားလုံးများ ထွက်ကြလာ၏။
"နောက်တစ်ခေါက်ထပ်ပြော...နင်တို့ ဘာဟင်းပွဲတွေ မှာလိုက်တာလဲ..."
စားသုံးသူများအားလုံး စွံ့အသွားကြသည်။သိူ့သော်လည်း ထိုခဏမှာပင် သတ်ဖြတ်ခြင်းအငွေ့အသက်များက သူတို့အပေါ် လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
စားစရာမှာရတာက ဘယ်တုန်းက အဲ့ဒီလောက် အန္တာရာယ်ကြီးလာရတာလဲ...ဟင်းပွဲတွေရဲ့ နာမည်ကို မမှတ်မိတာမင်းရဲ့ ပြဿနာမဟုတ်ဘူးလား...ဘာလို့ ငါတို့ကို အပြစ်တင်နေရတာလဲ...
စားသုံးသူများက ငိုချင်နေကြပေပြီ။သို့သော်လည်း နယ်သာရီ၏ အကြည့်များကြောင့် မျက်ရည်ပင် မကျနိုင်ပေ။သူတို့ နာခံစွာဖြင့်ပင် ဟင်းပွဲများကို နောက်တစ်ကြိမ် ထပ်ပြောပြလိုက်သည်။
သူတို့၏ အမှာစကားကို နားထောင်ရင်း နယ်သာရီ၏ မျက်ဝန်းလေးများက လှုပ်ခတ်နေပေသည်။သူမက နူးညံ့သေးသွယ်လှသော လက်ချောင်းလေးများကို ချိုး၍ မှာကြားသမျှကို မှတ်မိနိုင်ရန် ကြိုးစားနေသည်။သူမအော်ဒါများဟု မှတ်မိသည်ဟု ထင်လိုက်သည့်ခဏ၌ မီးဖိုချောင် ပြတင်းပေါက်ဆီသို့ အလျှင်အမြန် ပြန်လှည့်သွားလိုက်သည်။
"ထမင်းကြော်...ဥထမင်းကြော်က နှစ်ပွဲ ၊ အမ်...နံရိုးချိုချဉ်ကြော်က...သုံးပွဲ ၊နတ်မင်းစွေ့စွေ့ခုန်က တစ်ပွဲ ၊ ပြီးတော့... အနီရောင်အသားနှပ် သုံး... သုံးပွဲ..."
သူမ၏ လက်ချောင်းလေးများကို ဝှေ့ယမ်းရင်း စားသုံးသူများမှာလိုက်သည့် ဟင်းပွဲများ ပြန်လည်ပြောပြနေသော နယ်သာရီကို ကြည့်၍ ပုဖန်၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားလေသည်။အလွန်စွမ်းအားကြီးလှပါသည်ဆိုသော ငရဲကမ္ဘာအမျိုးသမီးက ရိုးရှင်းလှသော ဟင်းပွဲများ၏ အမည်ကိုပင်မမှတ်နိုင်ပေ။
သူ့ဆီသို့ အော်ဒါများ ပြန်လည်မှာနေသော ကွမ်းရှောင်ယီ၏ ချိုမြလှသော အသံလေးကို တွေးလိုက်မိပြီး သူ ငိုလုမတက်ပင် ဖြစ်သွားသည်။တကယ်တမ်းတွင် သူ ထိုနှစ်ယောက်ကို မနှိုင်းယှဉ်သင့်ပေ။ထိုသို့ နှိုင်းယှဉ်ခြင်းက ကွမ်းရှောင်ယီအတွက် အလွန်ရက်စက်ရာ ကျပေသည်။
သူမအော်ဒါများကို ပြောပြီးသည်နှင့် တောင့်တောင့်ကြီးရပ်၍ ပုဖန်ကို တည့်တည့် စိုက်ကြည့်နေလေသည်။
"ကောင်းပြီ...ငါ ဟင်းပွဲတွေကို ချက်ပြီးပြီဆိုရင် ဒီနေရာမှာ ထားထားမယ်...နင်က အဲ့ဒါတွေကို သယ်ပြီး စားသုံးသူတွေဆီကို သွားပို့ရမယ်နော်..."
နယ်သာရီက ပုဖန်ပြောသည့် အဓိပ္ပါယ်ကို လုံးဝ နားလည်ခြင်းမရှိပဲနှင့် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူမက စားသုံးသူများဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။သူမ၏ အကြည့်ရောက်ရှိလာသည်နှင့် ထ်ိုသူများက ထခုန်မတက်လန့်ဖြန့်သွားကြသည်။
"ငါတို့နားကို မလာပါနဲ့ ...ငါတို့ နင့်ကို မနှောင့်ယှက်ပါဘူး..."
စားသုံးသူများက အမျိုးသမီးနှင့် မျက်နာချင်းဆိုင်ရုံမျှဖြင့်ပင် ကြောက်သေး ပါချင်နေကြပေပြီ။
နယ်သာရီက သူတို့ကို ကြည့်နေခြင်းမှ မျက်နာလွှဲလိုက်ပြီး ပြတင်းပေါက်ရှေ့၌ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
ပုဖန် ဥထမင်းကြော်ကို ချက်ပြီးသွားသည်နှင့် ပြတင်းပေါက်ဘောင်ပေါ်တွင် တင်လိုက်သည်။
အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်ကိုကြည့်၍ နယ်သာရီ၏ မျက်ဝန်းလေးများက ချက်ချင်းတောက်ပသွားလေသည်။
သူမ၏ တောက်ပြောင်နေသော မျက်ဝန်းများကို မြင်လိုက်သည့်ခဏ၌ ပုဖန် ကြောင်အသွားမိသည်။ဆိုးရွားလှသည့် ကိစ္စဖြစ်လာမည်ကို ကြိုသိနေသကဲ့သို့ သူ့၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားတော့သည်။