အခန်း ၄၇၇
ပိုင်ရှင်ပုရဲ့ အလှလေး...
သူတို့စားသောက်ပြီးစီးသည်နှင့် တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းကို စတင်လိုက်သည်။
ဆိုင်တံခါးဖွင့်သံနှင့်အတူ နွေးထွေးလှသော နေရောင်ခြည်က ဆိုင်ထဲဖြာကျလာသောကြောင့် ပုဖန်မျက်ဝန်းများစုကျုံ့လိုက်မိသည်။
အပြင်ဘက်ရှိ သက်စောင့်ဆေးဆိုင်များတွင်လည်း လူစီးကြောင်းကြီး ပြည့်နေပေသည်။
ထိုလူများက တိမ်ခိုးစားသောက်ဆိုင်မဖွင့်ခင် လိုအပ်သော တစ်ချို့ဆေးလုံးများကို အလုအယက် အလျှင်အမြန်ပြေးလွှားဝယ်နေကြသည်။ဆေးလုံးများ၏ စျေးနှုန်းအချို့က ပုဖန်၏ ဆိုင်ထက်ပင် နိမ့်သောကြောင့် လူတစ်ချို့ကို ဆွဲဆောင်နိုင်ထားပေသည်။ယခုအချိန်၌ သက်စောင့်ဆေးဆိုင်များအတွက် စီးပွားရေး လုပ်ရသည်က အလွန်ခက်ခဲနေသော်လည်း သူတို့၏ အဓိကဝင်ငွေကို ဆုံးရှုံးသွားရသည်လောက်တော့မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ဆီ၌လည်း သက်စောင့်ဆေးလုံးများလာဝယ်သည့် ဝယ်သူများစွာရှိနေသေးသည်။တိမ်ခိုးစားသောက်ဆိုင်က မြူကောင်းကင်မြို့ထဲတွင် နာမည်ရလာပြီဆိုသော်လည်း တစ်ချို့သူများက သေချာပေါက်မသိသေးပေ။အဘယ့်ကြောင့်ဆိုသော် မြူကောင်းကင်မြို့က အလွန်ကြီးမားလှသောကြောင့် လူများကလည်း ပြန့်ကျဲနေသည်။
တိမ်ခိုးစားသောက်ဆိုင်က နန်ကုန်းမိသားစုများ၏ နေရာ၌ တည်ရှိနေခြင်းသာဖြစ်သည်။မြို့တော်တွင် နန်ကုန်းမိသားစုအပြင် တခြားမိသားစုကြီးများဖြစ်သော လင်းမိသားစု ကျန်းမိသားစုနှင့် မြို့အရှင်နန်းတော်တို့အပြင် တခြားမိသားစုငယ် များစွာလည်းရှိနေသေးသည်။
ထိုမိသားစုများ၏ ပူပေါင်းဆောင်ရွက်မှုကြောင့်လည်း မြူကောင်းကင်မြို့က တိုးတက်လာသည်ဟု ဆိုနိုင်သည်။
တိမ်ခိုးစားသောက်ဆိုင်က အလွန်ထင်ပေါ်ကျော်ကြားနေခြင်းမဟုတ်သေးပဲ ဆိုင်ငယ်လေးတစ်ခု၏ သေးငယ်သောတည်ရှ်ိမှုလေးတစ်ခုမျှသာဖြစ်သည်။
မြူကောင်းကင်မြို့တော်၏ ထိပ်တန်းသက်စောင့်ဆေးဆိုင်တစ်ဆိုင်ဖြစ်သော စီးဆင်းတိမ်ဆေးဆိုင်မှ အဆင့်မြင့်သက်စောင့်ဆေးကဲ့သို့သော ဂုဏ်သတင်းမရှိသေးပေ။မြူကောင်းကင်မြို့ကြီးထဲ၌ ထိုစီးဆင်းတိမ် ဆေးဆိုင်အကြောင်း မကြားဖူးသေးသူ မရှ်ိပေ။
တ်ိမ်ခိုးစားသောက်ဆိုင်က ထိုဆိုင်နှင့်ယှဉ်လိုက်လျှင် အနည်းငယ်နိမ့်ကျနေပေသည်။ထိုစီးဆင်းတိမ်ဆေးဆိုင်က တခြားမြို့နှစ်မြို့ရှိ ဆေးဆိုင်များနှင့် ယှဉ်လိုက်လျှင်ပင် တမူထူးခြားသည်ဟု မှတ်ယူနိုင်သည်။
ယာယီမစ်ရှင် ။ ။ ပိုင်ရှင်က သုံးလအတွင်း တိမ်ခိုးစားသောက်ဆိုင်ရဲ့ နာမည်ကို မြူကောင်းကင်မြို့တစ်မြို့လုံးသိသွားအောင်လုပ်ဆောင်ရပါမယ်။
မစ်ရှင်၏ဆု ။ ။ကြက်အစပ်ကြော်နည်း။
ပုဖန် နွေးထွေးသော နေရောင်ခြည်ကို ခံစားနေရင်း စနစ်၏ ကျယ်လောင်လှသော အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ထိုအသံက သူ့၏ လှပလှသော မနက်ခင်းလေးကို ဝင်ရောက်နှောင့်ယှက်လိုက်ပေသည်။ပုဖန် နှုတ်ခမ်းများ တွန့်ရှုံ့လိုက်မိသည်။
ထိုမစ်ရှင်က မလွယ်ပေ။တိမ်ခိုးစားသောက်ဆိုင်၏ နာမည်ကို မြို့တစ်မြို့လုံး ပြန့်နှံ့စေရမည်။တကယ့်ကိုခက်ခဲလှပေသည်။ဒါက တို့ဟူးပုပ်ကြော်နည်းကို ရခဲ့သည့်အခ်ျိန်ကနှင့်မတူညီပေ။
ဒါက ခေါင်းခဲစရာကိစ္စတစ်ခုဟု သူခံစားလိုက်မိသည်။မြူကောင်းကင်မြို့ထဲတွင်တိမ်ခိုးးသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကပြောပလောက်စရာမဟုတ်ပေ။
ယခူမူ သူက ထ်ိပ်တန်း ဆေးလုံးဆိုင်ဖြစ်သော စီးဆင်းတိမ်ဆေးဆိုင်၏ ဂုဏ်သတင်းနှင့် ယှဉ်နိုင်အောင်ပြုလုပ်ရပေတော့မည်။ယခုလက်ရှိ၌ သူထိုတာဝန်ကို အောင်မြင်အောင် မည်သို့ လုပ်ဆောင်ရမည်ကို မစဉ်းစားနိုင်ပေ။
"ပိုင်ရှင်ပု ...မင်းအခု ဆိုင်ဖွင့်ပြီလား..."
သူဆိုင်နှင့် အနီးဆုံးဖြစ်သော ဆေးဆိုင်ပိုင်ရှင်မှ ပုဖန်ကို လှမ်းနှုတ်ဆက်လိုက်သည်။ပုဖန်က ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး ဆိုင်ထဲသို့ လှည့်ဝင်လာလိုက်သည်။
သက်စောင့်ဆေးဆိုင်ပိုင်ရှင်လည်း ခပ်ဖွဖွရယ်လိုက်ပြီးနောက် သူခင်းကျင်းပြသထားသော ဆေးလုံးပုလင်းများကို သိမ်းဆည်းလိုက်သည်။ထို့နောက် လူစီးကြောင်းထဲဝင်၍ ပုဖန်ဆိုင်ထဲသို့ဝင်ရန် တန်းစီလိုက်သည်။
တိမ်ခိုးစားသောက်ဆိုင်တွင် ဟင်းပွဲမြောက်များစွာမရှိသော်လည်း ရှိသည့် ဟင်းပွဲတိုင်းက အရသာရှိလှသည်။ပို၍ အရေးကြီးသည်မှာ ပုဖန်၏ ဟင်းပွဲကို စားသုံးသည့်သူတိုင်း သက်စောင့်ဆေးများကဲ့သို့သော တူညီသည့် အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။
ဟင်းပွဲများက အရသာရှိရုံသာမက သူတို့၏ စွမ်းရည်အဆင့်ကိုလည်း တိုးမြင့်ပေးန်ိုင်လေရာ သူတို့အတွက် အတိုင်းအထက်အလွန် ကောင်းမွန်သော သတင်းထူးပင်ဖြစ်သည်။
ထိုကဲ့သို့ အရသာခံရင်း ကျင့်ကြံမှု တိုးတက်နိုင်မည့် ရတနာရှိနေလေရာ သက်စောင့်ဆေးများက်ို ဝယ်ယူစရာမလိုအပ်တော့ပေ။
ဆိုင်ထဲသို့ လာသည့် လူများက တဖြေးဖြေးတိုးပွားလာလေသည်။ဆိုင်အတွင်း၌ စျေးတစ်ခုကဲ့သို့ပင် စားသုံးသူများ၏ အော်ဒာ မှာသံများဖြင့် ဆူညံနေပေသည်။
နယ်သာရီက စားသောက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် သူမ၏ အလုပ်ကို စတင်လုပ်ကိုင်နေပေပြီ။သူမက အစားကြီးသည်ဆိုသော်လည်း အရူးတစ်ယောက်တော့မဟုတ်သောကြောင့် သူမဘာလုပ်ရမည်ကို ကောင်းစွာနားလည်ပေသည်။
သူမ၏ အေးစက်သော အမူအကျင့်ကလည်း စားသုံးသူများကို ဆွဲဆောင်ထားနိုင်ပေသည်။ပထမနေ့က တချို့သူများ ဒုက္ခရောက်သွားသည်ဆိုသော်လည်း လူများစွာကို အနှောင့်အယှက်မဖြစ်ပေ။လူများစုက လှပသော မျက်နာလေးထက်တွင် ယစ်မူး ကျဆုံးနေကြတုန်းဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမကလည်း နန်ကုန်းနတ်ဘုရားမလေးနည်းတူ တခြားသော နတ်ဘုရားမလေးဖြစ်နေလေရာ သူတို့ မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။သို့သော်လည်း ယခင်နေ့က သူမအကြောင်း သတင်းများ ပြန့်နှံ့သွားပြီ ဖြစ်လေရာ လူများက မျက်လုံးများဖြင့်သာ သဘောကျကြောင်းပြောရဲတော့သည်။သူမကို ရူးနမ်းသည့် မည်သည့်အရာကိုမှ မလုပ်ဆောင်ရဲတော့ပေ။
မည်သူမှ သူမကို မနှောင့်ယှက်သောကြောင့် နယ်သာရီကလည်း ပြဿနာမရှာပေ။သူမ၏ အတွေးများက ရိုးရှင်းလှပေသည်။သူမသိသည်က ပုဖန် ခိုင်းသမျှကို လုပ်ပေးလျှင် သူမ စားစရာကောင်းကောင်းရမည်ဆိုတာသာ ဖြစ်သည်။
သူမ၏ ဘဝနေထိုင်မှုက ရိုးရှင်းလှပေသည်။
အလုပ်လုပ်နေစဉ်အတောအတွင်း နယ်သာရီက တဖြေးဖြေးလိုက်လျောညီထွေဖြစ်လာသည်။ဟင်းပွဲနာမည်များကိုမှန်မှန်ကန်ကန်ဖြင့် ရွတ်ဆိုလာနိုင်ပြီဖြစ်သည်။
သူမ၏ သင်ယူမှု တိုးတက်လာခြင်းကြောင့် ပုဖန်လည်း အတော်လေး စိတ်ကျေနပ်မိပေသည်။
ဆိုင်၏ စီးပွားရေးက ပုံမှန်အတိုင်း ငြိမ်သက်စွာ လည်ပတ်နေပေသည်။
.....
နန်ကုန်းမိသားစု၏ ခြံဝန်းအတွင်း၌ နန်ကုန်းဝမ်က ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်လေးများကလည်း ရေတံခွန်ကဲ့သို့ပင် ဆင်းကျနေသည်။သူမ၏ လှပလှသော မျက်နာလေးပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်အပ်နေပြီး နှုတ်ခမ်းပါးလေးများပင် တဆတ်ဆတ် တုန်ယင်နေသည်။
"နင်အခု ဘာပြောလိုက်တာလဲ...ခွေးအိုကြီး နန်ကုန်းရွှမ်ဟယ် သေသွားပြီ ဟုတ်လား..."
နန်ကုန်းမိသားစု ယခုကဲ့သို့ အခြေအနေ ဖြစ်နေရခြင်းတွင် နန်ကုန်းရွှမ်ဟယ်က အဓိက တရားခံပင်ဖြစ်သည်။
"အခုတော့ သူက ဒီလိုပဲသေသွားတယ်လား...အခုမှ (၁၀) ရက်ကျော်ပဲရှိသေးတယ်လေ..."
"နန်ကုန်းရွှမ်ဟယ်ပဲ မဟုတ်ဘူး...နန်ကုန်းရွှမ်ယင်လည်း သေသွားပြီ...ငါအခု နန်ကုန်းရွှမ်ဟူရဲ့ စွမ်းအင်အဆင့်တွေကို ဖျက်ဆီးလိုက်ပြီး ငါတို့ရဲ့ နန်ကုန်းမိသားစုကို ပြန်ယူထားလိုက်ပြီ..."
နန်ကုန်းဝူချယ်က မေးကို မြင့်မြင့်မော့၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
နန်ကုန်းဝမ်က သူမ၏ အကိုကို အံ့အားသင့်စွာ ကြည့်နေမိသည်။ နန်ကုန်းဝူချယ်၏ အကျင့်စရိုက်က မည်ကဲ့သို့ ရှိမှန်းသူမသေချာစွာသိပေသည်။ယခုတော့ လူပြက်လို အကျင့်စရိုက်ရှိသော သူက များစွာ ပြောင်းလဲသွားပေသည်။ယခုကိစ္စက အောင်ပွဲ ကြီးကြီး ကျင်းပသင့်ပေသည်။
"ဟုတ်သားပဲ ...ဝမ်ကလေး အဲ့ဒီခွေးအိုကြီးက နင်လက်ထပ်ဖို့အတွက် လုပ်ပေးခဲ့သေးတယ် မဟုတ်လား...စိတ်မပူနဲ့တော့..
အခု အဲ့ဒီ အရူးကောင် မုချန်းဖုန်လည်း လျှို့ဝှက်နယ်ပယ်ထဲမှာသေသွားခဲ့ပြီ...အဲ့ဒီတော့ ဘာ သဘောတူညီချက်မှမရှိတော့ဘူး ..."
နန်ကုန်းဝူချယ်က တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။
နန်ကုန်းဝမ်၏ မျက်လုံးလှလှလေးများက တောက်ပသွားလေသည်။
"အဲ့ဒါတကယ်ပဲလား မုချန်းဖုန် တကယ်သေသွားပြီလား..."
"အမှန်ပဲ ... အဲ့ဒီလျို့ဝှက်နယ်မြေထဲမှာ မထင်ထားတာ တစ်ခုခုဖြစ်ခဲ့တယ်...အဲ့ဒီမှာ လူအများကြီးပဲ သေခဲ့ရတယ်...နင့်ရဲ့ အကို ငါကသာ ငါ့လမ်းကြောင်းမှာရှိနေတဲ့ ရန်သူအမြောက်အများကို သတ်ပစ်ပြီးတော့ လွှတ်မြောက်လာခဲ့တာ..."
နန်ကုန်းဝူချယ်က မျက်တောင်တစ်ချက်ပင်မခတ်ပဲ တည်ကြည်စွာဖြင့် လိမ်ညာပြောလိုက်သည်။
"ပြီးတော့ ငါ့ရဲ့ ယောက်ဖလောင်းကလည်း ငါ့ကို အများကြီး ကူညီပေးခဲ့တယ်...သူက အရမ်းအံ့သြသင့်ဖို့ကောင်းတယ် နင်တွေးတောင် တွေးမိမှာမဟုတ်ဘူး..."
"ယောက်ဖ ဘယ်ကယောက်ဖလဲ ...နင်ဘယ်သူ့အကြောင်း ပြောနေတာတုန်း..."
နန်ကုန်းဝမ် ကြောင်အသွားမိသည်။
"ဘော်ဒါပုက ချောမောခန့်ညားယုံတင်မကဘူး ဟင်းချက်စွမ်းရည်ကလည်း အရမ်းကောင်းတယ်...သူဘယ်လောက်ကောင်းတယ်ဆ်ိုတာ နင်မမြင်နိုင်ဘူးလား..."
နန်ကုန်းဝူချယ်က စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
နန်ကုန်းဝမ်၏ မျက်နာလေးက ရဲရဲနီသွားပေသည်။ယခုတော့ သူမ ထင်ယောင်ထင်မှားဖြစ်နေမှန်း သေချာသွားပေသည်။
ဒီလူပြက်အက်ိုရဲ့ အကျင့်က ပြောင်းလဲသွားပြီလို့ သူမ ဘယ်လိုလုပ် ထင်လိုက်မိတာတုန်း...
"နင်ဒီအကြောင်းကို ထပ်ပြောရဲမယ်ဆ်ိုရင် ငါနင့်ပါးစပ်ကို အပ်နဲ့ချုပ်ပစ်လိုက်လို့ အပြစ်မတင်နဲ့နော်..."
နန်ကုန်းဝူချယ်က တောင့်တင်းသွားဟန် ပြုလိုက်သည်။
နန်ကုန်းဝမ်က နှာမှုတ်၍သာ စိတ်ဆိုးစွာ လှည့်ထွက်သွားလေသည်။သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရပြီး ပြန်လှည့်လိုက်သည်။
"ဟေး...ငါ့ရဲ့ သက်စောင့်ဆေးဆိုင်က အရင်နေရာမှာပဲ မဟုတ်လား...ငါသက်စောင့်ဆေး ဆက်ရောင်းချင်သေးတယ်..."
နန်ကုန်းဝူချယ်က သူမကိုကြည့်ရင်း လှောင်ပြောင်ဟန်ဖြင့် ပြုံးနေလိုက်သည်။ဒီကလေးမကတော့ မရိုးသားဘူးပဲ။
"ဘာကို သက်စောင့်ဆေးရောင်းမှာလဲ...သူမက နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကို စားချင်ပြီး သူ့ကိုတွေ့ချင်နေတာများ... ကျွတ်...ကျွတ်...ကျွတ်..."
"ငါအမိန့်ကို ဖြန့်ကျက်လိုက်...နန်ကုန်းမိသားစုမှာ ရှိနေတဲ့ လူတွေအားလုံးက နန်ကုန်းမိသားစုရဲ့ အထက်မြင့် အဆောက်အဦးဆီ အခုချက်ချင်းလာရမယ်...အခုပဲ မိသားစု အစည်းအဝေးပွဲလုပ်မယ်..."
နန်ကုန်းဝမ် ထွက်သွားသည်ကို ကြည့်ပြီးနောက် နန်ကုန်းဝူချယ်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။သူက တည်ကြည်လေးနက်စွာဖြင့် အနားရှိလူများအားလုံးကို အမိန့်ပေးလိုက်သည်။
......
နန်ကုန်းမိသားစု၏ အထက်မြင့် အဆောက်အဦး၌...
ကျယ်ပြန့်လှသော အစည်းဝေးခန်းမအတွင်း၌ မြောက်များလှစွာသော စန္ဒကူးခုံများပေါ်တွင် လူများစွာထိုင်သည်။လူများအားလုံးကနန်ကုန်းမိသားစုဝင်များပင် ဖြစ်သည်။တစ်ချို့က မိသားစုခွဲများမှ ဖြစ်ပြီး တစ်ချို့က မိသားစု၏ အကြီးအကဲ များဖြစ်သည်။
အကယ်၍ သူ နန်ကုန်းမိသားစုကို ခိုင်ခိုင်မာမာအုပ်ချုပ်လိုလျှင် ထိုသူများကပင် အရင် စတင်ရပေမည်။မကောင်းသည့် အခြေအနေများစွာ ဖြစ်ပွားပြီးပြီးနောက် နန်ကုန်းဝူချယ်က ပို၍ ရင့်ကျက်လာပေသည်။သူ့၏ အကျင့်စရိုက်ကလည်း ပို၍ တည်ငြိမ်လာသည်။
နန်ကုန်းဝူချယ်၏ အကြည့်နှင့်ဆုံလိုက်သည့် အကြီးအကဲများစိတ်ထဲ၌ တုန်လှုပ်နေကြသည်။ယခု အစည်းအဝေးပွဲ၌ မကောင်းသည့် တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိနေလေသည်။
သူတို့က နန်ကုန်းဝူချယ်နှင့် နန်ကုန်းရွှမ်ဟယ်ကြားမှ အာဃာတများကို ရှင်းရှင်းလင်းလင်းသိပေသည်။အများစုက နန်ကုန်းရွှမ်ဟယ်တို့ ညီအကိုကို ထောက်ခံပေးခဲ့လေရာ ယခုသူတို့စိတ်ထဲ၌ တုန်လှုပ်မှုများ ပြည့်နေကြသည်။
သူတို့၏ စိတ်ထဲ၌ နန်ကုန်းဝူချယ် သူတို့ကို အန္တရာယ်မပေးရဲဟုလည်း ထင်နေကြသည်။အဘယ့်ကြောင့်ဆိုသော် သူတို့က နန်ကုန်းမိသားစု၏ မြောက်များလှစွာသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။သို့သော်လည်း အမှန်တကယ် မည်သည့်အရာများ ဖြစ်ပျက်လာသည်ကို မည်သူမှမသိပေ။
နန်ကုန်းဝူချယ်က သူ့၏ ခုံပေါ်၌ အေးစက်သော အမူအရာနှင့် သက်တောင့်သက်သာ ထိုင်နေရင်း ထိုသူများကို ဝေ့ဝဲ အကဲခတ်နေလိုက်သည်။
"ခွေးအိုကြီး နန်ကုန်းရွှမ်ဟယ် ငါကိုယ်ထဲက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ထုတ်ယူတဲ့အခ်ျိန်တုန်းက မင်းတို့အားလုံး ရှိနေသင့်တယ်..."
ထိုစကားကြားသည့်အချိန်တွင် နန်ကုန်းမိသားစုဝင်များ၏ စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏ အမူအရာများကလည်း အနည်းငယ်ဆိုးရွားသွားကြသည်။
"ယခုတော့ နန်ကုန်းရွှမ်ဟယ်က လျှို့ဝှက်နယ်မြေထဲမှာ သေဆုံးသွားပြီးတော့ နန်ကုန်းရွှမ်ဟူရဲ့ ကျင့်ကြံစဉ်တွေကိုလည်း ငါဖျက်ဆီးလိုက်ပြီဆိုတာ ခင်ဗျားတို့အားလုံးကြားမှာပါ...အခု ငါက နန်ကုန်းမိသားစုရဲ့ ခေါင်းဆောင်ပဲ...ဒီကိစ္စနဲ့ပတ်သတ်ပြီး ခင်ဗျားတို့မှာ ပြောစရာရှိသေးလား..."
မည်သူမှ ထွက်မလာပေ။အဘယ့်ကြောင့်ဆိုသော် နန်ကုန်းဝူချယ်က နန်ကုန်းမိသားစု၏ အစစ်အမှန် ဆက်ခံသူဖြစ်နေခြင်းကြောင့်ပင်။
"ဟုတ်ပြီ...အခု ငါက နန်ကုန်းမိသားစုရဲ့ လက်ရှိဆက်ခံသူဆိုတာ ခင်ဗျားတို့အားလုံးလည်း သိကြပြီဆိုတော့ ဒီနေ့ ပြန်ပေးဆပ်စရာရှိတယ်..."
နန်ကုန်းဝူချယ်၏ခန္ဓာကိုယ်မှ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့၏ နောက်ဘက်၌ လှုပ်ရမ်းနေသော စိတ်ဝိညာဉ်သံကြိုးနှစ်ချောင်းပေါ်လာလေသည်။ထိုစွမ်းအားက ခန်းမထဲ ပြန့်နှံ့သွားပြီး ရှိနေသော သူများအားလုံးကို တုန်လှုပ်သွားစေသည်။
အစောင့်များကလည်း ခန်းမထဲသို့ အလျှင်အမြန်ပြေးဝင်လာကြပြီး အေးစက်လှသော ဓားများဖြင့် ထိုလူအိုကြီးများကို ချိန်ရွယ်ထားလိုက်လေသည်။
နန်ကုန်းဝူချယ် တကယ့်ကို အရွယ်ရောက်လာပေပြီ။
.....
သက်စောင့်ဆေးဆိုင်များက အရင်အတိုင်း အခြေအနေဆိုးရွားနေသည်ကို နန်ကုန်းဝမ်လှမ်းမြင်လိုက်လေသည်။ သူတို့၏ လက်ရှိအခြေအနေက သူမ မပျောက်သွားခင် အချိန်ကနှင့် ကွားခြားမှုမရှိပေ။သူတို့၏ စီးပွားရေးလုပ်ငန်းများကို ပုဖန်၏ အရသာရှိလှသော ဟင်းပွဲများက ခိုးယူသွားပေသည်။
နန်ကုန်းဝမ်၏ အတွေးများက နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲဆီသို့ ရောက်သွားသည်နှင့် သူမ မတောင်းတပဲ မနေနိုင်ပေ။ထိုဟင်းပွဲက အလွန်အရသာရှိလှရုံသာမက သူမ၏ ကျင့်ကြံမှုကိုလည်း တိုးပွားပေးစေနိုင်သည်။စားသောက်ရင်း ကျင့်ကြံမှု တိုးနိုင်ခြင်းမှာ အလွန်အံ့အားသင့်စရာကောင်းလှပေသည်။ထိုအချင်းအရာက တစ်ပြိုင်နက် ကောင်းမွန်သော အရာနှစ်ခု ပိုင်ဆိုင်ရသလိုပင်။
သူမ၏ ဆိုင်က အချိန်ကြာမြင့်စွာ မည်သူမှ သန့်ရှင်းရေးမလုပ်ထားသောကြောင့် ဖုန်ထူနေပေပြီ။သူမ၏ ဆိုင်သို့ ရောက်ရောက်ခြင်းပင် ဖုန်လုံးကြီးက စီးဝင်နှုတ်ဆတ်လိုက်သောကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးလိုက်မိသည်။
"ကောင်းပြီ...ဒီညတော့ ငါ ဒီနေရာကို သန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ယောက်ယောက်ကိုရှာလိုက်မယ်...ဒါပေမယ့် အခုတော့ တစ်ခုခုစားဖို့အတွက် ပိုင်ရှင်ပုဆိုင်ကို အရင်သွားလိုက်ဦးမယ်..."
နန်ကုန်းဝမ်က သူမ၏ ဆံနွယ်နီများ ဝဲခနဲ ခါသွားအောင်ပင် ချာခနဲလှည့် လိုက်သည်။ထို့နောက် ခြေတံသွယ်သွယ်ဖြင့် ပိုင်ရှင်ပု၏ ဆိုင်သို့ လျှောက်လှမ်းလိုက်သည်။
နန်ကုန်းဝမ်လာချိန်က နောက်ကျနေသောကြောင့် ဆိုင်ထဲ၌ လူများများစားစားမရှိတော့ပေ။
"ကျွတ်...ကျွတ်...ပိုင်ရှင်ပုဆိုင်က အေးခဲ နတ်သမီးလေးက အရမ်းကို လှတယ်...ငါဒီလို လှပတဲ့ အမျိုးသမီးမျိုး တစ်ခါမှ မမြင်ဖူးဘူး..."
"မင်းဘာတွေ ပေါက်ကရပြောနေတာလဲ...ငါတ်ို့ရဲ့ နန်ကုန်းနတ်သမီးလေးကကော မလှလို့လား..."
"မင်းကဘာနားလည်လို့လဲ...နန်ကုန်းနတ်သမီးလေးရဲ့ အမူအကျင့်က ပိုင်ရှင်ပုရဲ့ အလှလေးနဲ့ ယှဉ်လိုက်ရင် အများကြီးကွာတယ်..."
မျက်နာကာအောက်မှ သူမ၏ နှုတ်ခမ်းပါးထက်၌ အေးစက်သော အပြုံးတစ်ခုပေါ်လာသည်။
"ပိုင်ရှင်ပုရဲ့ အလှလေး...ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ ... ငါကိုယ်တိုင် သွားကြည့်ရမှာပဲ..."