အပိုင်း ၄၇၉
Viewers 62k

အခန်း ၄၇၉

ငါ့ညီမ...နင် အမှန်တရားကို သေချာမသိဘူး...


နန်ကုန်းမိသားစု၏ ခြံဝန်းထဲ၌ နန်ကုန်းဝူချယ် တစ်ယောက် ဟိုဟိုဒီဒီလမ်းလျှောက်နေ၏။သူ့၏ မျက်နာကလည်း ကျေနပ်ပျော်ရွှင်မှုဖြင့် တောက်ပနေလေသည်။ခြံဝန်းထဲ၌ များစွာသော လမ်းအကွေ့အကောက်လေးများရှိပြီး သစ်ပင်ပန်းမန်များစုံလင်ကာ ပတ်ဝန်းကျင်ကလည်း ထူးကဲသာယာလှပေသည်။


တောက်ပလှသော နေရောင်ခြည်က သစ်ပင်များကို ဖောက်ထွင်းဖြတ်သန်း၍ မြေပြင်ပေါ် ဖြာကျနေလေရာ ရွှေတုံးလေးများ စီခြယ်ထားသလိုပင်ထင်ရ၏။


ရုတ်တရက် နန်ကုန်းဝူချယ် ခြေလှမ်းများကို ရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ကလည်း ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို သတိရသွားသလိုမျိုးတုန်ယင်သွားလေသည်။


"နေဦး...ငါတစ်ခုခုမေ့နေတာလား...ဟိုကလေးမလေး... ဝမ်ကလေးက ပိုင်ရှင်ပုရဲ့ ဆိုင်ကိုသွားတယ်လေ...ဒီလိုဆိုရင်သူ ဟိုကြောက်စရာကောင်းတဲ့ မိန်းမနဲ့ တွေ့ရတော့မှာပေါ့..."


နန်ကုန်းဝူချယ် တွေးတောရင်းဖြင့် နန်ကုန်းဝမ်အတွက် စိုးရိမ်စိတ်ပူလာမိသည်။ထိုငရဲကမ္ဘာအမျိုးသမီး မည်မျှ ကြောက်စရာကောင်းကြောင်း သူရှင်းရှင်းလင်းလင်းကိုသိပေသည်။သူ့ကို ဖိနှိမ့်ထားခဲ့သော ကြောက်မက်ဖွယ်ရာဖိအားများကို ပြန်လည်သတိရမိသွားပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။


ဝမ်ကလေးက ထိုအမျိုးသမီးကို တစ်စုံတစ်ရာ အပြစ်မလုပ်မိစေဖို့ မျှော်လင့်မိသည်။ထိုသို့မဟုတ်လျှင် အလွန်ဆိုးရွားလှသော ကိစ္စရပ်များ ဖြစ်ပွားလာပေလိမ့်မည်။မကြာခင်ကသူ ဝမ်ကလေး၏ ရှေ့တွင် ဟန်ပြရန်သာ အာရုံထားနေမိသောကြောင့် အရေးကြီးသည့် ကိစ္စကို သူမအားသတင်းပေးရန် မေ့လျော့ခဲ့သည်။


"ဝမ်ကလေး ကျေးဇူးပြုပြီး အန္တရာယ်ကင်းကင်းရှိပေးပါ..."


ယခုအချိန်၌ ထ်ိုစိတ်ပူစရာကိစ္စထက် အရေးကြီးတာ မည်သည့်အရာမှမရှ်ိတော့ပေ။သူခြံဝန်းထဲမှ အလျင်စလို ပြေးထွက်လိုက်သည်။နန်ကုန်းဝမ်ကို စိတ်ပူနေသောကြောင့် သူ့၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းလှ၏။


"ဆက်ခံသူ ...မြို့သခင်က အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် သူ့နေရာကို လာခဲ့ဖို့ ဖိတ်လိုက်ပါတယ်..."


အကြီးအကဲ တစ်ယောက်က နန်ကုန်းဝူချယ် ခြံတံခါးကို ဖြတ်လာသည်ကို မြင်လိုက်သည့်အခါ၌ လက်ကိုဝှေ့ယမ်းပြရင်း သတင်းစကားပါးလိုက်သည်။


"ငါအခု အလုပ်များနေတယ်...အဲ့ဒါကို ခဏ ရွှေ့ဆိုင်းထားလိုက် ..."


နန်ကုန်းဝူချယ်က ခဏမျှပင် ရပ်တန့်သွားခြင်းမရှိပဲ သာမန်ကာလျှံကာ ပြောလိုက်ကာ တဟုန်ထိုးပြေးထွက်သွားလေသည်။


"ရွှေ့ဆိုင်းထားရမယ်...ငါက ဘယ်လိုလုပ်ပြီး ရွှေ့ဆိုင်းရမှာလဲ..."


အကြီးအကဲလည်း ပြောစရာစကားလုံးပင် မဲ့နေလေသည်။


"မြို့သခင်က မင်းကို ဖိတ်ခိုင်းလိုက်တာလေ အဲ့ဒါကို မင်းကလျစ်လျူရှုသွားတဲ့အပြင် ငါကိုတောင် ရွှေ့ဆိုင်းထားခိုင်းချင်သေးတာလား..."


နန်ကုန်းဝူချယ်က အရင်နန်ကုန်းဝူချယ်နှင့် တူတူဖြစ်နေဆဲပင်။သူက ယခင်ကကဲ့သို့ပင် မယုံကြည်စရာကောင်းတုန်းပင်။


........


ပြန်လည် စိတ်တည်ငြိမ်သွားပြီ ဖြစ်သော နန်ကုန်းဝမ်က ပုဖန်ကို ပြုံးပြုံးလေးကြည့်၍ ပြောလိုက်သည်။


"ပိုင်ရှင်ပု ...ငါနင့်ကို ဘယ်လိုမျိုး ကျေးဇူးဆပ်စေချင်သလဲ..."


နန်ကုန်းဝမ်၏ စကားကိုကြားလိုက်ရသော စားသုံးသူများ၏ ခန္ဓာကိုယ်က တုန်ယင်သွားကြသည်။သူမက အလွန်ပင်ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိလွန်းလှသည်။ထိုကဲ့သို့သော စကားလုံးများကို နတ်ဘုရားမလေးက ချိုသာသော အသံဖြင့် ပြောလိုက်သောအခါ မည်သူက တောင့်ခံနိုင်ပါတော့မည်နည်း။


ပုဖန်က နန်ကုန်းဝမ်ကို ထိတ်လန့် အံ့အားသင့်ဟန်ကြည့်လိုက်သည်။


ဒီအမျိုးသမီးက အခု ဘာဖြစ်ချင်ပြန်တာလဲ...သူအစားစားမယ်ဆိုလည်း စားချင်တာကို မှာလိုက်လေ ...ဘာတွေပြောနေတာတုန်း...


"ကိစ္စမရှိဘူး...နန်ကုန်းဝူချယ်ကို ကူညီခဲ့တာက အပေါ်ယံပါပဲ ပြီးသွားတဲ့ကိစ္စကို ထားလိုက်ပါ..အခုမင်းဘာစားမှာလဲသာပြော..."


ပုဖန်က မျက်နာသေဖြင့်ပင် တုံ့ပြန်လိုက်၏။နန်ကုန်းဝူချယ်ကို ကယ်တင်ခဲ့ခြင်းကလည်း တကယ့်ကို အပေါ်ယံမျှသာဖြစ်သည်။သူ ထိုအတွက် နဂါးသွေးထမင်းကြော် တစ်ပွဲမျှသာ ပေးခဲ့ရသည်။မည်သည့်အရာမှ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ခဲ့ရခြင်းမရှိပေ။


အကယ်၍ နန်ကုန်းဝူချယ်ကို ကယ်တင်ဖို့အတွက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကဲ့သို့သော ဟင်းပွဲမျိုးကို လိုအပ်မည်ဆိုပါက သူပြတ်ပြတ်သားသားပင် လှည့်ထွက်လာခဲ့မည် ဖြစ်သည်။


နန်ကုန်းဝမ်က ထိုကိစ္စနှင့်ပတ်သတ်၍ ထပ်၍ ပြောချင်နေသေးသော်လည်း မျက်လွှာအသာချ၍သာ နေလိုက်ပြီး ဟင်းပွဲသာမှာလိုက်လေသည်။


"ကောင်းပြီလေ...ပိုင်ရှင်ပု ငါ့ကို နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် တစ်ပွဲပေး..."


ပိုင်ရှင်ပု၏ နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်က သူမစားဖူးသမျှ အစားအစာများအားလုံးထဲတွင် အရသာရှိဆုံး စားကောင်းသောက်ဖွယ်ပင်ဖြစ်သည်။


"ကောင်းပြီ...ခဏစောင့် ..."


ပုဖန်က ပြောပြီးပြီးချင်း မီးဖိုခန်းဘက်ဆီသို့ လှည့်ဝင်သွားလိုက်သည်။ပုဖန်ထွက်သွားသည်နှင့် နန်ကုန်းဝမ်၏ အကြည့်များက နယ်သာရီဆီသို့ ကျရောက်သွားသည်။အမျိုးသမီးနှစ်ယောက်၏ အကြည့်များက လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံသွားပြီး လျှပ်စီးမီးပွားများပင် လွင့်ထွက်လာသလို ထင်ရသည်။


ထိုအချင်းအရာက အများပြောကြသလို အမျိုးသမီးများကြားက ရန်လိုမုန်းတီးမှုများဖြစ်နိုင်ပေသည်။


ဆိုင်အတွင်းမှလေထုက ကသိကအောင့် အခြေအနေသို့ ပြောင်းလဲသွားလေသည်။


ဆိုင်အတွင်း၌ ကျန်ရှိနေသော စားသုံးသူများကလည်း သူတို့ရှေ့မှ မြင်ကွင်းကို စိတ်ဝင်တစားဆက်လက်ကြည့်ရှုလိုကြသည်။သို့သော်လည်း ပြောင်းလဲသွားသော လေထုအခြေအနေကြောင့် သူတို့ မသက်မသာလည်း ခံစားခဲ့ရသည်။


အေးခဲ နတ်ဘုရားမ၏ အကြည့်များ သူတို့ဆီ ရောက်လာသောအခါတွင် ကြက်သီးမွှေးညှင်းများပင် ထသွားလေသည်။


ထိုအကြည့်က အလွန်ကြောက်စရာကောင်းလှသည်။


ထိုစားသုံးသူများက သုံးစက္ကန့်လောက် တွန့်ဆုတ်နေကြပြီးနောက် ဆိုင်ထဲမှ လှည့်ထွက်သွားကြသည်။


ဆိုင်ထဲ၌ နန်ကုန်းဝမ်တစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။


မကြာခင်မှာပင် မီးဖိုခန်းဘက်မှ ထွက်ပေါ်လာသော မွှေးရနံ့များက သူမ၏ နှာခေါင်းဝကို လာရောက်ကျီစယ်လေသည်။


"နယ်သာရီ ဟင်းပွဲချပေး..."


မီးဖိုခန်း ပြတင်းပေါက်ဆီမှ ပုဖန်၏ အသံ ထွက်ပေါ်လာသည်။မွှေးရနံ့များက နယ်သာရီ၏ စားချင်စိတ်ကို ဆွဲဆောင်နေပေပြီ။ပုဖန် အသံကို ကြားလိုက်သည်နှင့် သူမ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး မီးဖိုခန်းပြတင်းပေါက်ဆီသို့ ရောက်သွားသည်။သူမအလျင်က နေရာရွှေ့ပြောင်းအစွမ်းကို သုံးလိုက်သလိုပင်။


နယ်သာရီ၏ မျက်နာပေါ်က အလွန်အမင်း စိတ်လှုပ်ရှားနေမှုကို ပုဖန် အံ့အားသင့်သင့်ကြည့်နေမိသည်။ထိုအမျိုးသမီးက တစ်စုံတစ်ခုလုပ်တော့မည်ဟု သူခံစားမိနေပြန်သည်။


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အိုးကို ကောက်ယူလိုက်သည့်အချိန်၌ နယ်သာရီ၏ မျက်ဝန်းလေးများက ပို၍ပင် လင်းလက်တောက်ပသွားသည်။သူမ ခေါင်းကိုငုံ့၍ မွှေးရနံ့များထွက်ပေါ်နေရာသို့ နီးသထက်နီးအောင် တိုးသွားလိုက်သည်။


ထိုအပြုအမူကြောင့် ပုဖန် မျက်ခုံးပင့်လိုက်မိသည်။


ဒီအမျိုးသမီး... သူ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားမလို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်...ဟုတ်တယ်မဟုတ်လား...


ပုဖန် ခန့်မှန်းလိုက်စဉ်မှာပင် နယ်သာရီက စွပ်ပြုတ်အိုးအဖိုးကို ဖွင့်လိုက်ပြီ ဖြစ်သည်။ရွှေရောင်သန်းနေသောနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်မှ သိပ်သည်းလှသော မွှေးရနံ့များက ပို၍ပင် ကြိုင်လှိုင်စွာ ထွက်ပေါ်လာသည်။


"ဒါက မွှေးတယ်...အရမ်းကို မွှေးလွန်းတယ်..."


နယ်သာရီ၏ ဖြူဖျော့သော မျက်နာလေးက အပူငွေ့များ၏ ရိုက်ခတ်မှုကြောင့် ပန်းသွေးရောင်သန်းလာပြန်သည်။လှပလှသော အမျိုးသမီးက စွပ်ပြုတ်အိုးထဲကို လက်ဖြင့်နှိုက်၍ အသားတစ်တုံးကို ယူကာ ပါးစပ်ထဲ ပလုတ်ပလောင်းထည့်လိုက်သည့်မြင်ကွင်းကို ကြည့်၍ နန်ကုန်းဝမ် အံ့အားတသင့် ဖြစ်နေမိသည်။


သောက်ကျိုးနည်း...သူက စားပွဲထိုးမဟုတ်ဘူးလား...အဲ့ဒီအမျိုးသမီးက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲကို ငါဆီယူလာပေးသင့်တာမဟုတ်ဘူးလား...ဘာလို့ ငါဆီမယူလာတာလဲ...


နန်ကုန်းဝမ်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူမ ခေါင်းပင် ကိုက်လာမိသည်။


"ဒီအပြုအမူက ဘယ်လိုလုပ်စားပွဲထိုး တစ်ယောက်ရဲ့ အပြုအမူဟုတ်မှာလဲ...ဒါက ဓားပြတစ်ယောက်ရဲ့ အပြုအမူဆိုတာ အရှင်းကြီးပဲလေ..."


နန်ကုန်းဝမ်၏ ဒေါသများ ပေါက်ကွဲထွက်လာပြီး သူမ အော်ဟစ်လိုက်သည်။


"နင်အဲ့ဒါ ဘာလုပ်နေတာလဲ...အဲ့ဒီ နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်က ငါ့ဟာ..."


ရှလွတ်...


နယ်သာရီက နန်ကုန်းဝမ်ဆီသို့ အေးဆေးစွာပင် တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် စွပ်ပြုတ်အိုးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး အငမ်းမရ သောက်သုံးတော့သည်။အရသာရှိလှသော စွပ်ပြုတ်ရည်များက လည်ချောင်းမှတစ်ဆင့် ပူနွေးစွာ စီးဝင်သွားပြီး အစာအိမ်ထဲ ရောက်သွားသည်နှင့် သူမ မထိန်းချုပ်နိုင်ပဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။


အရသာရှိလွန်းလှသည်။သူမ နောက်ထပ် ဟင်းပွဲအသစ်စားလိုက်ရပြန်ပြီ။


ပုဖန်ပြောချင်စိတ်ကုန်ခမ်းစွာဖြင့် မီးဖိုခန်းတံခါးကိုမှီ၍ နားထင်ကို ပွတ်သပ်နေမိသည်။


မည်သို့ပင် ဆိုစေကာမူ ထိုစွပ်ပြုတ်ပွဲကို စတင်စားသောက်နေပြီးသားဖြစ်နေပေပြီ။


သူ ဘလက်ကီထက်ပင် အစားကြီးသည့်သူကို ခေါ်ခဲ့မိသည့်ပုံ ပေါ်သည်။


ဘလက်ကီက ငိုက်မြည်းနေသော မျက်ဝန်းများကိုဖွင့်ကာ နယ်သာရီကို ကြည့်၍ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။


"နင်က တွေ့ကရာလျှောက်စားတဲ့သူပဲ...ဒီခွေးဘုရင်က နံရိုးချိုချဉ်ကြော် တစ်ခုပဲ စားတယ် ဒီလိုသာမန် ဟင်းပွဲတွေကို လုံးဝမစားဘူး..."


နယ်သာရီက စားနေရင်းဖြင့် နန်ကုန်းဝမ်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။သူ စားရင်းတန်းလန်းဖြင့်ပင် ခုံတစ်ခုံကို ဆွဲထုတ်၍ ထိုင်ချလိုက်သည်။


နန်ကုန်းဝမ်၏ ရင်အစုံက ဒေါသများကြောင့် နိမ့်တုန်မြင့်တုန်ဖြစ်နေလေသည်။သို့သော်လည်း သူမက ဆွဲဆောင်မှု ရှိတုန်းပင်ဖြစ်၏။သူမ၏ လှပလှသော မျက်နာကလည်း ဒေါသထွက်ရလွန်း၍ ဖြူဖျော့နေပေသည်။


"နင်..."


"ညီမလေး..."


နန်ကုန်းဝမ်၏ ဒေါသများ ပေါက်ကွဲထွက်တော့မည့်အချိန်မှာပင် ဆိုင်အပြင်ဘက်ဆီမှ ကျယ်လောင်သောအော်သံတစ်ခုထွက်ပေါ်လာသည်။


နန်ကုန်းဝမ်နှင့် ပုဖန်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။


ဆူညံစွာစားသောက်နေသော နယ်သာရီပင်လျှင် ခေါင်းမော့ကြည့်လိုက်၏။


"ဘာဖြစ်တာလဲ..."


အားလုံး၏ အကြည့်များအောက်၌ပင် နန်ကုန်းဝူချယ် ဆိုင်ထဲသို့ အလျှင်စလို ပြေးဝင်လာသည်။သူ့၏ မျက်နာ၌လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။နန်ကုန်းဝူချယ်က သူ့ကို အရူးတစ်ယောက်လို လှမ်းကြည့်နေသော နန်ကုန်းဝမ်၏ အကြည့်က်ို အရင်ဆုံး မြင်လ်ိုက်လေသည်။


စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။မည်သို့ပင်ဆ်ိုစေ သူမ အန္တရာယ်ကင်းနေပေသည်။ထို့နောက် ဆူညံစွာ စားသုံးနေသော နယ်သာရီကို သတိပြုမိလိုက်သည်။ထိုအမျိုးသမီးကို မြင်လိုက်သည့်ခဏ၌ သူ့နှလုံးသားက ခုန်ပေါက်သွားလေသည်။


ထိုအမျိုးသမီးက ကြောက်စရာကောင်းလှ၏။


သို့သော်လည်း ယခုလက်ရှိအချိန်၌ ပိုင်ရှင်ပု၏ ဆိုင်ထဲ၌ဖြစ်နေလေရာ သူမက ပို၍ ကျိုးကျိုးနွံနွံ သိမ်သိမ်မွေ့မွေ့ရှိနေပေသည်။သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။သို့သော်လည်း သူ သက်ပြင်းချ၍ မဆုံးသေးခင်မှာပင် နန်ကုန်းဝမ်၏ ပြောသည့်စကားကို ကြားလိုက်ရသောကြောင့် ထိတ်လန့်ကြောက်ရွံ့သွားမိသည်။


"ပိုင်ရှင်ပု ...ဒီအမျိုးသမီးက စည်းကမ်းမရှိ စားသုံးသူရဲ့ ဟင်းပွဲကို စားပစ်လိုက်တယ်...နင်တစ်ခုခုပြောသင့်တယ်...ဒီလိုစားပွဲထိုးမျိုးက ဆိုင်ရဲ့ ဂုဏ်သတင်းကိုပဲ ပျက်စီးစေလ်ိမ့်မယ်...သူကိုအလုပ်ထုတ်ပစ်လိုက်သင့်တယ်..."


ထိုစကားကြောင့် ပုဖန်ကြောင်အသွားမိသည်။နယ်သာရီလည်း ကြောင်အသွား၏။ငိုက်မြည်းနေသော ခွေးဘုရင်ပင်လျှင် စွံ့အသွား၏။နန်ကုန်းဝူချယ်၏ နှလုံးသားက တဒိန်းဒိန်း ခုန်နေပြီး ဒူးများပင် ပျော့ခွေလာသလို ခံစားလိုက်မိသည်။


ညီမလေးရေ...နင်က အမှန်တရားကို မသိသေးဘူး...နင် ဘယ်လိုကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကို စကားပြောနေလဲဆိုတာ နင်မသိဘူး...


နန်ကုန်းဝူချယ်၏ နှလုံးသားက နစ်မြှုပ်သွားပြီး နယ်သာရီကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။


မျှော်လင့်ထားသည့်အတိုင်းပင် ထိုအနက်ရောင်အမျိုးသမီးက စားနေခြင်းကိုရပ်တန့်လိုက်သည်။ထို့နောက် စွပ်ပြုတ်အိုးကို လက်လွှတ်လိုက်ပြီး နန်ကုန်းဝမ်ဆီသို့ အကြည့်များ ရောက်လာလေသည်။