အပိုင်း ၄၈၀
Viewers 53k

အခန်း ၄၈၀

မင်းတို့ အစစ်အမှန်ကို မမြင်ဖူးသေးပါဘူး...


"မလုပ်နဲ့..."


နန်ကုန်းဝူချယ်၏ နှလုံးသားက နစ်မြှုပ်သွားပြီး သူ့၏ ခြေထောက်များ တုန်ယင်လာလေသည်။သူ ငရဲ ကမ္ဘာအမျိုးသမီး ဒေါသထွက်လာမည်ကို အလွန်ကြောက်ရွံ့ပေသည်။သူမသာ ဒေါသထွက်လာလျှင် နန်ကုန်းဝမ် ဆယ်ယောက်ရှိလျှင်ပင် ထိုဒေါသကို ခံနိုင်ဖို့ မဖြစ်နိုင်ပေ။ထို့ကြောင့် သူ နန်ကုန်းဝမ်၏ အရှေ့သို့ အလျှင်အမြန်လျှောက်သွားလိုက်ပြီး ငရဲကမ္ဘာအမျိုးသမီးကို ရိုးရှင်းသည့် အကြည့်နှင့် ကြည့်လိုက်သည်။


"ခင်ဗျားဆက်စားလို့ရပါတယ်...ခင်ဗျား စားချင်သလောက်စား...ကျွန်တော့်ညီမက ခင်ဗျားကို စနောက်လိုက်တာ ခင်ဗျားက ဒီလောက်ထိ လှပတာကို ဘယ်သူကများ ခင်ဗျားကို ဆူဖို့ တတ်နိုင်မှာလဲ...သူမက ဒီလိုလှပတဲ့ အမျိုးသမီးတွေနဲ့ မိတ်ဆွေ ဖွဲ့ချင်ရုံ သက်သက်ပါ..."


နန်ကုန်းဝူချယ်က ကြိုးစားအားထုတ်၍ အလွန်အမင်း ရိုးသားသော အကြည့်များဖြင့် ကြည့်နေလိုက်သည်။


နယ်သာရီ၏ ပါးစပ်မှ ဆီအကွက်လိုက်ဖြစ်နေသော်လည်း သူမ၏ မျက်နာအမူအရာက မပြောင်းမလဲရှိနေဆဲပင်ဖြစ်သည်။သူမက စွပ်ပြုတ်အိုးဆီကို ပြန်လှည့်မသွားခင် နန်ကုန်းဝမ်ကို မျက်မှောင်တစ်ချက်ကြုတ်ကြည့်လိုက်သည်။


နန်ကုန်းဝူချယ်လည်း နယ်သာရီကို ကျေနပ်အောင်ပြောဆိုပြီးမှသာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။


နန်ကုန်းဝမ်က သူ၏ အကိုကို မယုံကြည်နိုင်စွာဖြင့် ပြူးပြီး ကြည့်နေလေသည်။


ဒီလူပြက်အကိုက တကယ်ကြီး သူစိမ်းတစ်ယောက်ဘက်မှ ရပ်တည်လိုက်တာလား...


"ဘယ်သူက သူမကို နောက်နေလို့လဲ...သူက ငါရဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို စားလိုက်တာ အဲ့ဒီ စွပ်ပြုတ်က သလင်းကျောက် တစ်သောင်းတောင် တန်တယ်..."


နန်ကုန်းဝမ်က သူမအကိုကို စူးစူးရဲရဲကြည့်လိုက်သည်။သူမ၏ မျက်ဝန်းများက မီးပွားများ လွင့်စင်ထွက်လာတော့မယောင်ပင် ထင်ရသည်။


နန်ကုန်းဝူချယ် ခါးသီးစွာ ပြုံး၍ သူ့ညီမ၏ မျက်နာကို ကြည့်လိုက်သည်။


"သူမက လှတယ်လေ...နင်ကဘာလို့ သူမ စားချင်တာကို စားခွင့်မပြုရတာလဲ...နင့်ရဲ့အကိုက နောက်တစ်ပွဲ နင့်တွက် ဝယ်ပေးမယ် ဟုတ်ပြီလား..."


သူထိုသို့ ပြောပြီးသည်နှင့် မီးဖိုခန်းတံခါးကို မှီ၍ ရပ်နေသော ပုဖန်ဘက်သို့ လှည့်လိုက်သည်။


"ပိုင်ရှင်ပု ...နောက်ထပ် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် တစ်ပွဲပေးပါ..."


ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး မီးဖိုခန်းထဲသို့ ပြန်လှည့်ဝင်သွားလိုက်သည်။အမျိုးသမီး နှစ်ယောက် သူ့ဆိုင်ထဲတွင် တိုက်ခိုက်မည့်ပုံ မပေါ်တော့သောကြောင့် သူဒီတိုင်းသာ ထားခဲ့လိုက်တော့သည်။


နန်ကုန်းဝမ်က ကျိုးကြောင်း မဆီလျော်သော လူတစ်ယောက်မဟုတ်ပေ။သူမ ဒေါသထွက်နေသေးသော်လည်း အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။


နယ်သာရီက နန်ကုန်းဝမ်တို့ မောင်နှမကို လုံးဝလျစ်လျူရှုထားပြီး ပျော်ပျော်ကြီးသာ စားသောက်နေလေ၏။


"နန်ကုန်းဝူချယ်...နင် ငါတို့ ပြန်ရောက်တဲ့အခါကျရင် ဖြေရှင်းချက်ကောင်းကောင်းပေး...မဟုတ်လို့ကတော့ ...နင့်ကို ငါရိုက်လို့ အပြစ်မတင်နဲ့တော့..."


နန်ကုန်းဝမ်က သူမအစ်ကို ကို လက်သီးဖြင့် ရွယ်၍ စိတ်ဆိုးစွာ ပြောလိုက်သည်။


"ကျိုးကြောင်းသင့်တဲ့ ဖြေရှင်းချက်ဟုတ်လား...တကယ်လို့ငါသာအမှန်အတိုင်း ပြောလိုက်မယ်ဆိုရင် နင်ကြောက်လွန်းလို့ ကြောက်ချီးပါသွားမယ်..."


နန်ကုန်းဝူချယ် ခါးသက်စွာ ရယ်လိုက်ပြီးနောက် နယ်သာရီဘက်သို့ တစ်ချက် ကြည့်လိုက်မိသည်။


အချိန်ခဏအတွင်းမှာပင် ပုဖန် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ချက်၍ ပြီးစီးသွားလေပြီ။သို့သော် ဒီတစ်ကြိမ်တွင်တော့ နယ်သာရီကို လှမ်းမခေါ်တော့ပဲ သူကိုယ်တိုင်သာ သယ်လာခဲ့လိုက်သည်။


သူစွပ်ပြုတ်အိုးကို နန်ကုန်းဝမ်၏ ရှေ့၌ ချပေးလိုက်ပြီးနောက် ခုံတစ်ခုံကိုဆွဲပြီး သူ့၏ မျက်နာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ထို့နောက် ပလုတ်ပလောင်းစားနေသော နယ်သာရီဘက်သို့ လှမ်းကြည့်လိုက်၏။


နန်ကုန်းဝမ်က ဒေါသထွက်နေဆဲ ဖြစ်သေးသော်လည်း သူ့၏ အစာကို စတင်စားလိုက်သည်။သူ အစားစစားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ စိတ်များက စတင်ငြိမ်သက်သွားပြီးနောက် စွပ်ပြုတ်အိုးထဲသာ အာရုံ စိုက်ထားတော့သည်။


ထိုမြင်ကွင်းကိုကြည့်၍ နန်ကုန်းဝူချယ် မယုံကြည်နိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ထို့နောက် သူခါးသက်စွာ အသာဖွဖွ ရယ်လိုက်မိသည်။ထို့နောက် သူ ပုဖန်ဘက်သို့ ကြည့်၍ ပြောလိုက်သည်။


"ဘော်ဒါပု ...ငါမင်းကို ပြောစရာရှိတယ်...မင်းဆိုင်က နန်ကုန်းမိသားစုလုပ်ငန်းတွေရဲ့ တည်နေရာမှာ တည်ရှိနေတယ် ဒါကြောင့် နန်ကုန်းလုပ်ငန်းတွေထဲက တစ်ခုလိုမျိုး ဆိုနိုင်တယ်...အခု လင်းနဲ့ ကျန်းမိသားစုတွေက ငါတို့ နန်ကုန်းစီးပွားရေးကို ပစ်မှတ်ထားလာကြပြီ...အဲ့ဒါကြောင့် အခုကနေစပြီး မင်းလည်း သတိထားဖို့ ငါပြောချင်တယ်..."


ပုဖန်အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။


"ကောင်းပြီ ...ငါသိပြီ..."


ပုဖန်က ဂရုမစ်ိုက်စွာဖြင့် တုံ့ပြန်လိုက်သည်။ယခုအချိန်၌ လူများ ဒီနေရာသို့ လာပြီး ပြဿနာရှာဖို့ကို သူက ပို၍ မျှော်လင့်နေမိခြင်းဖြစ်သည်။ထို့ကြောင့် နန်ကုန်းဝူချယ်၏ သတိပေးစကားကို သူဂရုမစိုက်ပေ။ယခင်ကဆိုလျှင် ပြဿနာရှာမည့်လူများ ရောက်လာမည်ကို သူစိတ်ပူကောင်းစိတ်ပူပေလိမ့်မည်။သို့သော် ယခုချိန်၌မူ သူဆိုင်၏ နာမည်ကို လူသိများ ပြန့်နှံ့စေချင်နေသည်။မြူကောင်းကင်မြို့တော်တစ်ခုလုံးသို့ ဆိုင်နာမည် ကျော်ကြား ပြန့်နှံ့သွားဖို့ဆိုသည်က လွယ်ကူသောတာဝန်တစ်ခုမဟုတ်ပေ။


မြူကောင်းကင်မြို့က အလွန်ကြီးမားကျယ်ပြန့်လှသည်။၎င်းက လေအလင်းအင်ပါယာမြို့တော်ထက် အဆပေါင်းများစွာ ကြီးမားသည်။အင်ပါရီယာမြို့တော်တွင် ဖန်ဖန်ဆိုင်ငယ်လေး၏ နာမည်ကို ပြန့်နှံ့အောင် ပြုလုပ်ရသည်မှာ အကြိမ်ပေါင်းအနည်းငယ် တိုက်ဆိုင်မှုများ မတော်တဆဖြစ်ရပ်များဖြင့်ပင် လုံလောက်နေပေပြီ။


ထို့အပြင် သူ့ဆိုင်၏ ဂုဏ်သတင်းက လေအလင်းအင်ပါယာကို ကျော်၍ ပြန့်နှံ့သွားခြင်းလည်းမရှိပေ။ထို့ကြောင့် ယခုမြူကောင်းကင်မြို့တွင် ဂုဏ်သတင်းကျော်ဇောရန်ကအဆပေါင်းများစွာ ပို၍ ခက်ခဲနေပေလိမ့်မည်။


"ငါမင်းကို မေးစရာရှိသေးတယ်..."


ပုဖန် နန်ကုန်းဝူချယ်ကိုကြည့်လိုက်သည်။နန်ကုန်းဝူချယ်က မိသားစုကြီးတစ်ခုမှ ဆက်ခံသူဖြစ်သောကြောင့် ဝါဒဖြန့်ရန် နည်းလမ်းများကို သိလိမ့်မည်ဟု ယုံကြည်မိလေသည်။


"ဘာလဲ..."


နန်ကုန်းဝူချယ်က ဇဝေဇဝါဟန်ဖြင့် ပုဖန်ကို ကြည့်လိုက်သည်။


ပိုင်ရှင်ပုက ငါ့ကု ဟိုကြောက်စရာကောင်းတဲ့ မိန်းမနဲ့ ဝေးဝေးမှာ နေစေချင်တာလား...ဒီလိုဆိုရင် ငါဆိုင်ထဲက ထွက်သွားတာနဲ့ ဒီတိမ်ခိုးစားသောက်ဆိုင်ကို နောက်တစ်ခါထပ်ပြီး ခြေမချနိုင်တော့ဘူးပေါ့...


သို့သော်လည်း ပုဖန်က ထိုကဲ့သို့ တောင်းဆိုမှုမျိုး ပြုလုပ်မည်မဟုတ်ဟု သူသိထားပေသည်။


"တကယ်လို့ ငါဆိုင်ရဲ့ နာမည်ကို မြူကောင်းကင်မြို့တစ်ခုလုံး ပြန့်နှံ့စေချင်တယ်ဆ်ိုရင် ငါ ဘယ်လိုလုပ်သင့်လဲ...မင်း ဖြတ်လမ်းနည်းလေး ဘာလေး သိလား..."


ပုဖန်က စိတ်အားတက်ကြွစွာ မေးလိုက်သည်။


သူ့အမေးကြောင့် နန်ကုန်းဝူချယ် အတွေးနက်နေမိသည်။


ထိုအခ်ျိန်၌ စားသောက်ပြီးသွားပြီဖြစ်သော နယ်သာရီက သူမပါးစပ်ကို သုတ်လိုက်ပြီးနောက် စွပ်ပြုတ်အိုးကို စားပွဲပေါ်ချလိုက်သည်။


ဒုန်း...


အတွေးလွင့်နေသောနန်ကုန်းဝူချယ်က ဆူညံသံကြောင့် လန့်၍ ခုန်လိုက်မိသည်။


ဗိုက်ပြည့်သွားပြီဖြစ်သောကြောင့် နယ်သာရီက အတော်လေး စိတ်ကျေနပ်နေမိပေပြီ။သူမက ထရပ်လိုက်ပြီး ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်နားသို့ လျှောက်သွားလိုက်ကာ ဘလက်ကီ၏ ဘေးတွင် ထိုင်ချလိုက်သည်။


ထိုငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က သိပ်မမြင့်သော်လည်း သူ့ဆီမှ ထုတ်လွင့်နေသောအော်ရာများက ဘလက်ကီနှင့် နယ်သာရီတို့ နှစ်ယောက်လုံးကို သက်တောင့်သက်သာဖြစ်အောင် လွှမ်းခြုံထားနိုင်ပေပြီ။


"ငါ နည်းလမ်းသိတယ်...ငါတို့ နန်ကုန်းမိသားစုက ဒီမြို့ထဲမှာထိပ်တန်းမိသားစုထဲက တစ်ခုပဲ အဲ့ဒါကြောင့် လုပ်ငန်းစုတွေ အများကြီးရှိတယ်...မင်းရဲ့ ဆိုင်ကို အဲ့ဒီလုပ်ငန်းစုတွေကနေတစ်ဆင့် ကြော်ငြာခိုင်းလို့ရတယ်...ဒီမြို့ထဲမှာ အဆင့်မြင့်နေရာကို ရောက်လာတဲ့ အဂ္ဂိရတ်ပညာရှင်တော်တော်များကလည်း ငါတို့ လုပ်ငန်းစုတွေကို ကြော်ငြာပေးခဲ့တာပဲ..."


ပုဖန်၏ မျက်ဝန်းများက လက်လက်တောက်သွားသည်။


"ဒီလိုဆိုရင် မင်း ငါဆိုင်က်ို ကြော်ငြာပေးနိုင်လား..."


"ငါလုပ်ပေးနိုင်ပါတယ်...ဒါပေမယ့် အဲ့ဒါက အရမ်းခက်လိမ့်မယ်...ဘာလို့လဲဆိုတော့ ငါတို့ လုပ်ငန်းစုတွေ အားလုံးက အဂ္ဂိရတ်ပညာရှင်တွေ သက်စောင့်ဆေးတွေနဲ့ ဆက်နွယ်နေတာလေ...ဒါကြောင့် အဂ္ဂိရတ်ပညာရှင်တွေကို ကြော်ငြာပေးဖို့ဆိုတာက တော်တော်လေးလွယ်တယ်...သူတို့ရဲ့ နာမည် ဂုဏ်သတင်းက မြန်မြန်ဆန်ဆန်ပဲ ပြန့်နှံ့သွားလိမ့်မယ်...ဒါပေမယ့် ငါတို့ မင်းဆိုင်ကို ကြော်ငြာပေးဖို့ ကြိုးစားမယ်ဆိုရင်တော့...ဘော်ဒါပု မင်းလည်းသိပါတယ်...ဒီမြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင်တွေက ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို ..."


နန်ကုန်းဝူချယ်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။သူ ပုဖန်ကို မကူညီလိုခြင်းမဟုတ်ပေ။သို့သော် သူတို့ အစွမ်းကုန်ကြိုးစားမည်ဆိုလျှင်တောင်မှ ထိုစားသောက်ဆိုင်၏ နာမည်ကို မည်သူမှ ဂရုမစိုက်ခြင်းဖြင့် အဆုံးသတ်နိုင်သေးသည်။


ဒါက တကယ့်ကို ဒုက္ခများလှသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ အရင်နည်းလမ်းကိုပဲ အသုံးပြုသင့်သလား ။လူစည်းကားစုဝေးရာ အရပ်သို့သွား တို့ဟူးပုပ်ကြော်ကို ကြော်ပြီး သူတို့အာရုံကို ဆွဲဆောင်ကာ နာမည်ကျော်ကြားအောင် လုပ်သင့်သလား။


ထိုနည်းလမ်းက အောင်မြင်နိုင်သည်ဆိုသော်လည်း ပုဖန် ထိုနည်းကိုအသုံးချလိုခြင်းမရှိပေ။


"အကိုကြီး ပဉ္ဇလက်စုဝေးပွဲက မကြာခင်ပဲ စတော့မယ်မဟုတ်လား..."


နန်ကုန်းဝမ်က စားနေရင်းဖြင့် လှမ်းပြောလိုက်သည်။နန်ကုန်းဝူချယ်လည်း သတိရသွားပြီး ပုဖန်၏ လက်ကိုပျော်ရွှင်စွာဆုပ်ကိုင်လှုပ်ခါလိုက်သည်။


"ဘော်ဒါပု ဝမ်ကလေးပြောတာဟုတ်တယ်...မင်း ပဉ္ဇလက်စုဝေးပွဲမှာ ဝင်ပါနိုင်တယ်...မင်းရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ မင်းရဲ့ အံ့သြဖွယ်ရာဟင်းပွဲတွေနဲ့ဆိုရင် သေချာပေါက် ရပ်တည်နိုင်မှာပဲ...ပြီးတော့ ဒီပဉ္ဇလက်စုဝေးပွဲကို ဆေးနန်းတော်ရဲ့ ပိုင်နက်ထဲက လူအများစုလာကြတာ...တကယ်လို့ အဲ့ဒီပွဲမှာ မင်းသာ အဆင့်ကောင်းကောင်းရခဲ့မယ်ဆိုရင် မင်းနာမည်က မြူကောင်းကင်မြို့တစ်ခုလုံးကို ပြန့်နှံ့သွားမှာ ...မဟုတ်သေးဘူး ...ဆေးနန်းတော် တစ်ခွင်လုံးကို ပြန့်နှံ့သွားလိမ့်မယ်..."


"ပဉ္ဇလက်စုဝေးပွဲ ဟုတ်လား..."


ပုဖန်က နန်ကုန်းဝူချယ်ဆွဲထားသော သူ့လက်ကို ပြန်ရုတ်ရင်း အေးဆေးစွာ မေးလိုက်သည်။


"အင်း...အဲ့ဒါက ဆေးနန်းတော်က ဦးစီးကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ...လူတိုင်း ဝင်ပါနိုင်တယ်...ဒါပေမယ့် အများစုကတော့ အဂ္ဂိရတ်ပညာရှင်ပဲ...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမှာ ဆေးဆရာတွေ အဆိပ်သခင်တွေနဲ့ တခြားပါရမီရှင်တွေ အများကြီးလည်း ပါတယ်...ဒီတော့ ဘော်ဒါပုစားဖိုမှူး တစ်ယောက်ဖြစ်တဲ့မင်းကလည်းမင်းရဲ့ ကံကောင်းမှုအတွက် ကြိုးစားသင့်တယ်..."


"မင်းဆိုင်ရဲ့ ဂုဏ်သတင်းကို ပြန့်နှံ့စေချင်တယ်မဟုတ်လား...ဒါ လုံးဝ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ...မင်းထိပ်ဆုံး ဆယ်နေရာထဲကို ပါဝင်နိုင်တာနဲ့ မင်းအောင်မြင်မှုကို ရနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျလို့ရှိရင် ဆေးနန်းတော်ရဲ့ ပိုင်နက်တစ်ခွင်လုံးကို သူတို့စီစဉ်ထားတဲ့ အစီအရင်ထဲကနေတစ်ဆင့် ကြော်ငြာပေးသွားလိမ့်မယ်..."


"အဲ့ဒီအချိန်ရောက်လို့ရှိရင် မင်းနဲ့ မင်းဆိုင်ရဲ့ ဂုဏ်သတင်းက ကျော်ကြားလာပြီး လူထုထဲမှာ ချပြလို့ရသွားပြီ..."


"မင်းရဲ့ အကြုံပြုချက်က မဆိုးဘူး ကျိုးကြောင်းဆီလျော်တယ်..."


ပုဖန်၏ မျက်ဝန်းလေးများက လင်းလက်နေသည်။ထိုနည်းလမ်းက သူ့ယခင်ကမ္ဘာမှ ကြော်ငြာသည့် နည်းလမ်းများနှင့် ဆင်တူသည်မဟုတ်ပါလား။


"နန်ကုန်းဝူချယ် နင်က ဝက်လား...အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲမှာပါဝင်ကြတဲ့ လူတိုင်းနီးပါးက ပါရမီရှင် အဂ္ဂိရတ်ပညာရှင်တွေကြီးပဲ..အဲ့ဒီမှာ တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်တောင် ပါနိုင်တယ်...ပိုင်ရှင်ပုက သူ့ရဲ့ အချက်အပြုတ်စွမ်းရည်ကို အသုံးပြုပြီး ထ်ိပ်ဆုံး ဆယ်ယောက်ထဲ ပါဝင်နိုင်လိမ့်မယ်လို့ နင်တကယ်ပဲ ထင်နေတာလား...အဲ့ဒီ ထူးချွန်တဲ့ အဂ္ဂိရတ်ပညာရှင်တွေက အသုံးမဝင်တဲ့ အမှိုက်သရိုက်တွေကို ယူမယ်လို့များ ထင်နေတာလား..."


နန်ကုန်းဝမ်က ထ်ိုမိုက်မဲသော အရူးနှစ်ယောက်ပေါ်သို့ ရေအေးများလောင်းချပေးလိုက်သည်။ပိုင်ရှင်ပု၏ ဟင်းပွဲများက အလွန်အရသာရှိပြီး အကျိုးသက်ရောက်မှုများသည်ဆိုသော်လည်း နန်ကုန်းဝမ်ကဲ့သို့ အဂ္ဂ်ိရတ်ပညာရှင်က သူတို့၏ သက်ရောက်မှုကို သေချာပေါက်ဆုံးဖြတ်နိုင်ပေသည်။


စျေးကြီးပြီး အလွန်အရသာရှိသောနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က အဆင့် ၉ သက်စောင့်ဆေးနှင့် ယှဉ်နိုင်သည်ဆိုသော်လည်း အမှတ် ၁ စိတ်ဝိညာဉ်ဆေးနှင့်ယှဉ်လိုက်လျှင် ချို့တဲ့နေတုန်းဖြစ်သည်။


ထို့အပြင် အမှတ် ၂ စိတ်ဝိညာဉ်ဆေးပြား ၊ အမှတ် ၃ စိတ်ဝိညာဉ်ဆေးပြားများလည်းရှိသေးသည်။ထိုဆေးပြားများ၏ အကျိုးသက်ရောက်မှုက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်၏ သက်ရောက်မှုကို သေချာပေါက် ရိုက်ချနိုင်ပေသည်။


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပင် ထိုဆေးလုံးများကို မယှဉ်နိုင်လျှင် ပိုင်ရှင်ပုက ထိပ်သီးအဂ္ဂိရတ်ပညာရှင်များကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။


နံရိုးချိုချဉ်ကြော် ၊ ဒါမှမဟုတ် ဥထမင်းကြော်လား...


သူ့၌ ထိုအဂ္ဂိရတ်ပညာရှင်များကိုယှဉ်ပြိုင်နိုင်မည့် နည်းလမ်းမရှိပေ။


နန်ကုန်းဝူချယ် ခဏမျှ တိတ်ဆိတ်သွားသည်။သူလည်း နန်ကုန်းဝမ်ကဲ့သို့ပင် တွေးလိုက်မိသောကြောင့် ပုဖန်ကိုအကူအညီမဲ့စွာ ရယ်ပြလိုက်သည်။


သို့သော်လည်း သူတို့နှင့် မတူညီစွာပင် ပုဖန်က အေးဆေးနေတုန်းဖြစ်သည်။ပုဖန် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးရုံ ပြုံးလိုက်ပြီး နန်ကုန်းဝူချယ်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။


ငါ အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲကို ဘယ်လို ပါဝင်နိုင်မလဲ...ဥထမင်းကြော် ၊ ဝက်နံရိုးချိုချဉ်ကြော် ဒါမှမဟုတ် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်လား...


သေချာပေါက် မဟုတ်ဘူးပေါ့...


"မင်းတို့အားလုံးက တကယ့်သက်စောင့်ဟင်းပွဲကို မမြင်ဖူးသေးဘူး...မင်းတို့ အစစ်အမှန်ကို မမြင်ဖူးသေးပါဘူး..."