အပိုင်း ၄၈၁
Viewers 53k

အခန်း.၄၈၁

ထွက်သွားမလား... သေမလား...


ခဏသာနေပြီးနောက် နန်ကုန်းဝူချယ် ပြန်လည်ထွက်ခွာသွားသည်။ယခု သူက နန်ကုန်းမိသားစု၏ ဆက်ခံသူ ဖြစ်နေပြီး ဖြစ်သောကြောင့် လုပ်စရာကိစ္စများစွာရှ်ိနေပေသည်။သူ တိမ်ခိုးစားသောက်ဆ်ိုင်ဆီသို့ အပြေးလာရခြင်းမှာလည်း နန်ကုန်းဝမ်တစ်ယောက် ငရဲ ကမ္ဘာအမျိုးသမီးကို သွားရောက်နှောင့်ယှက်မိမှာစိုးသောကြောင့် ဖြစ်သည်။


ယခု အားလုံး အဆင်ပြေသွားပြီဖြစ်လေရာ ခပ်မြန်မြန်သာ ပြန်လည် ထွက်ခွာသွားလိုက်သည်။


ပုဖန် အတွေးထဲ နစ်မြှုပ်နေသောကြောင့် နန်ကုန်းဝူချယ် ပြန်လည်ထွက်သွားသည်ကိုပင် မတွေ့လိုက်ပေ။


နန်ကုန်းဝူချယ်၏ ပြောစကားအရ နန်ကုန်းမိသားစုအပေါ်မှီခို၍ သူဆိုင်နာမည်ကို ပြန့်နှံ့အောင် ပြုလုပ်စေခြင်းမှာလည်း မဖြစ်နိုင်ပေ။ထ်ို့ကြောင့် သူ ပဉ္ဇလက်စုဝေးပွဲ၌ ပါဝင်ရပေလိမ့်မည်။


သို့သော်လည်း သူပါဝင်ဖို့ မည်သည့်နေရာ၌ စာရင်းသွင်းရမည်နည်း။ပုဖန်က အတွေးထဲမှပြန်လည်သတိဝင်လာပြီး သူနံဘေး၌ ပျော်ရွှင်စွာ စားသောက်နေဆဲဖြစ်သည့် နန်ကုန်းဝမ်ကို ကြည့်၍ မေးလိုက်သည်။


"ငါ တကယ်လို့ အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ဘယ်နေရာမှာ စာရင်းသွင်းရမလဲ..."


စွပ်ပြုတ်၏ အပူငွေ့များကြောင့် နန်ကုန်းဝမ်၏ မျက်နာက နီရဲနေကာ ပို၍ပင် နစ်လိုဖွယ်ကောင်းနေလေသည်။


"ပိုင်ရှင်ပု ...နင် အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲမှာတကယ်ပဲ ပါချင်တာလား..."


နန်ကုန်းဝမ်က ပုဖန်တွင် အောင်မြင်နိုင်မည့် အခွင့်အရေးနည်းပါးသည်ဟု ယုံကြည်ထားလေသည်။အဘယ့်ကြောင့်ဆိုသော် သူက စားဖိုမှူးတစ်ယောက်သာဖြစ်ပြီးအဂ္ဂိရတ်ပညာရှင် တစ်ယောက်မဟုတ်ပေ။


ထို့ကြောင့် သူ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးလုံးများကို သန့်စင်နိုင်သော အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်များနှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။


"တကယ်တော့ ပြောရမယ်ဆိုရင်တော့ ငါက ငါဆိုင်နာမည်ကို ပိုပြီးတော့ ကျော်ကြားစေချင်တယ်..."


ပုဖန်က တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ပုဖန်၏ လေးနက်လှသော အမူအရာကိုကြည့်၍ သူ့ကို လက်လျှော့ရန် ဖြောင်းဖျ၍ မရနိုင်ဟု နန်ကုန်းဝမ်ခံစားလိုက်ရသည်။သူမ ခဏမျှ တုံ့နှေးနေပြီးနောက် ချိုသာကြည်မြစွာ ရယ်မောလိုက်သည်။


"တကယ်ပဲ နင်ပါဝင်ချင်တယ်ဆိုရင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ပဲ တခြားလက်ဆောင်မွန်ရရှိထားတဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ပါဝင်လို့ရတယ်လေ...အဲ့ဒီလူတွေက မြူကောင်းကင်မြို့တော်ရဲ့ တောင်ဘက်ပိုင်းမှာ စာရင်းသွင်းနိုင်တယ်...နင်အဲ့ဒီကို သွားမယ်ဆိုရင်တော့ မနက်ဖြန်မနက် စောစောသွားမှရမယ်..."


နန်ကုန်းဝမ်က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။


"ငါက တောင်ဘက်ပိုင်းကို သွားရမှာလား...မြို့တော်ရဲ့ အဲ့ဒီနေရာမှာ စာရင်းသွင်းနိုင်တယ်ပေါ့..."


ပုဖန် သူကိုယ်တိုင်လည်း မည်သည့်နေရာတွင် စာရင်းသွင်းရမည်မသိသောကြောင့် နန်ကုန်းဝမ်၏ အဆိုပြုချက်ကိုသာ ခေါင်းငြိမ့်ပြလိုက်သည်။


"ကောင်းပြီ ဒါဆိုမနက်ဖြန်မနက် တူတူသွားကြစို့..."


ပုဖန်၏ စကားကြောင့် နန်ကုန်းဝမ်၏ မျက်လုံးလေးများ တောက်ပသွားသည်။ထို့နောက် သလင်းကျောက်တုံးများစွာကို ထုတ်၍ စားပွဲပေါ်တင်ပေးလိုက်ပြီး ဆိုင်ထဲမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။ဆိုင်ပိတ်ချိန်လည်း ရောက်နေပြီဖြစ်သောကြောင့် ပုဖန် ထ၍ တံခါးပိတ်လိုက်သည်။ထို့နောက် စားပွဲပေါ်မှ စွပ်ပြုတ်အိုးများကို ယူ၍ မီးဖိုချောင်ဘက်သို့ ဝင်သွားလိုက်သည်။


နယ်သာရီ၏ မျက်လုံးဝိုင်းဝိုင်းလေးများက ပုဖန်သွားရာဘက်သို့ မလွှဲတမ်းစိုက်ကြည့်နေတုန်းဖြစ်သည်။ပုဖန်၏ အရိပ် မီးဖိုချောင်ဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသော အခါမှသာ အကြည့်လွှဲလိုက်သည်။


သူ့ဘေးနား၌ရှိနေသောဘလက်ကီကမူ နစ်ခြိုက်စွာ ရယ်မောလိုက်သည်။


နယ်သာရီ မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ခုံရှိရာဆီသို့ ပြန်သွားလိုက်သည်။ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ကာ ကျယ်လောင်သောအသံနှင့်အတူ ငရဲကမ္ဘာသင်္ဘောပေါ်လာသည်။ပြင်းထန်သော လေအရှိန်ကြောင့် ခွေးဘုရင်၏ အမွှေးများ ပိပြားသွားလေသည်။အိပ်ပျော်နေသော ခွေးဘုရင်က မျက်စိဖွင့်၍ မကျေမနပ်ကြည့်လိုက်သည်။


"ကောင်မလေး ဒီခွေးဘုရင်ကို ကောင်းကောင်းအိပ်ခွင့်ပြုနိုင်မလား..."


ပုဖန်က မီးဖိုခန်းထဲဝင်ရောက်သွားပြီးနောက် သူလေ့ကျင့်ခန်းအနည်းငယ် လုပ်လိုက်သည်။သူ ဓားဆယ့်သုံးကွက်တွင် တဖြေးဖြေးတိုးတက်မှု ရှိလာစေရန်အတွက် နေ့တိုင်းလေ့ကျင့်နေရပေသည်။


သူကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာ လေ့ကျင့်ခံတုန်းကလိုပင် တဖြေးဖြေးချင်း အချိန်ယူနေပေသည်။ဒီနည်းလမ်းကို လေ့ကျင့်ရာ၌ အလျှင်စလို ပြုလုပ်၍ မရကြောင်းသူသိပေသည်။


ကျွမ်းကျင်သည့် ဝါရင့်စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့အတွက် မီးဖိုချောင်ထဲတွင်ပင် နှစ်ပေါင်းများစွာဟအချိန်ယူရပေသည်။ချက်ပြုတ်ခြင်းနည်းပညာများ ဖြတ်တောက်ခြင်းနည်းပညာများကိုလည်း သူတို့ဘဝ တစ်သက်တာလုံး သင်ယူရပေသည်။တကယ့်ကို ကောင်းမွန်လှသည့် အဖြတ်အတောက်ပညာရပ်များက အချိန်ကြာမြင့်စွာ သင်ယူခဲ့သည့်အပေါ်တွင် မူတည်နေပေသည်။


လေ့ကျင့်ပြီးနောက် အခန်းဆီသို့ ပြန်သွား၍ ရေချိုးသန့်စင်လိုက်သည်။ထို့နောက် သူ့၏ အိပ်ယာပေါ်တွင် သက်တောင့်သက်သာ လှဲချလိုက်၏။အချိန်ခဏအတွင်းမှာပင် အသက်ရှုသံ မှန်မှန်ထွက်ပေါ်လာလေသည်။


....


မဟူရာကောင်းကင်ထက်၌ တောက်ပလှသော လနှစ်စင်းက အေးမြလှသော အလင်းရောင်များကို ထုတ်လွင့်နေလေသည်။သူတို့၏ အလင်းကန့်လန့်ကာဖြင့် ကမ္ဘာမြေတစ်ခွင်ကို လွှမ်းခြုံထားပေ၏။


ထိုအချိန်၌...

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်စု လှုပ်ရှားနေကြသည်။လူတိုင်းမျက်နှာဖုံးစွပ်ထားသာကြောင့် သူတို့၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။သို့သော်လည်း သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသော အော်ရာများကိုတော့ ခံစားနိုင်လေသည်။


ထိုသန်မာလှသော အော်ရာများအရ သူတို့ကို ဦးဆောင်လာသောသူက မသေမျိုးခန္ဓာအဆင့် ပညာရှင်မှန်းသိနိုင်ပေသည်။


"ဒီနေရာမှာရှိနေတဲ့ အဆောက်အအုံတွေအားလုံးက နန်ကုန်းမိသားစုက ပိုင်တာပဲ...ငါတို့အရှင်သခင်ရဲ့ အမိန့်အတိုင်းလိုက်နာပြီးတော့ ဒီနေရာမှာရှိတဲ့ ဆိုင်အားလုံးကို မနက်ဖြန် စီးပွားရေးမလုပ်နိုင်အောင်လို့ ဖျက်စီးပစ်ရမယ်..."


"နားလည်ပါပြီ..."


အနက်ရောင်ဝတ် လူများက သံပြိုင်ဖြေလိုက်ကြသည်။ထို့နောက် သူတို့ လူစုနှစ်စုခွဲလိုက်ပြီးနောက် လျှင်မြန်စွာ လှုပ်ရှားလိုက်ကြ၏။ပြင်းထန်လှသော စွမ်းအင်အငွေ့အသက်လှိုင်းများ၏ နောက်တွင် ဖျက်စီးခံလိုက်ရသော သက်စောင့်ဆေးဆိုင်များ၏ ပေါက်ကွဲမှုက ကပ်ရပ်လိုက်ပါလာလေသည်။ကျိုးကြေမွသွားသော ကျောက်တုံးကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်ပျံထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြန်ကျလာကာ ပြန့်ကျဲနေလေသည်။


နောက်ထပ်အနက်ဝတ်လူကလည်း ခုန်လိုက်ပြီးနောက် သူ့၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းရည်များက သူလမ်းကြောင်းတည့်တည့်တွင်ရှိနေသော သက်စောင့်ဆေးဆိုင်ကို နှစ်ခြမ်းခွဲလိုက်လေသည်။


ထိုနေရာ၌ ရှိနေသော မြောက်များလှစွာသော သက်စောင့်ဆေးဆိုင်များ ဖျက်စီးခံလိုက်ရသည်။ပေါက်ကွဲမှုများအတွင်း အဆင့်နိမ့်သက်စောင့်ဆေးလုံးများက ကြေမွသွားကြပြီး အများစုက ထိုလူများ၏ နင်းချေဖျက်ဆီးခြင်းခံလိုက်ရသည်။


အရှိန်ဖြင့်လှုပ်ရှားနေကြသော အနက်ရောင်ဝတ်လူနှစ်ဦး၏ အကြည့်က စားသောက်ဆိုင်ပေါ် ကျရောက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်လေသည်။


"ဒါက သက်စောင့်ဆေးဆိုင်မဟုတ်ဘူး မဟုတ်လား...ဘယ်လိုဖြစ်ပြီး ဒီနေရာမှာစားသောက်ဆိုင်ကြီး ရှိနေရတာလဲ..."


ထိုလူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။မျက်လုံးပဲ ပေါ်အောင် ဝတ်ဆင်ထားသော သူတို့၏ အကြည့်များထဲ၌ ရှုပ်ထွေးမှုများပြည့်နေသည်။


"ငါတို့ ဒီစားသောက်ဆိုင်ကိုကော ဖျက်စီးသင့်လား...ဆိုင်ထဲမှာ တစ်ယောက်ယောက်ရှိနေနိုင်သေးလား..."


အနက်ရောင်ဝတ်လူတစ်ဦးက မေးလိုက်သည်။သူတို့ တွန့်ဆုတ်နေမိကြသည်။သက်စောင့်ဆေးဆိုင်များကို အလျှင်အမြန်ဖျက်စီးနိုင်ခြင်းမှာ အထဲ၌ မည်သူမှမရှိသည်ကို သူတို့သိထားခြင်းကြောင့် ဖြစ်သည်။


သူတို့၏ တစ်နေ့တာ စီးပွားရေးလုပ်ငန်းများပြီးပြီးနောက် ဆိုင်ရှင်များက တန်ဖိုးရှိလှသော ဆေးလုံးများကို ပြန်လည်သိမ်းဆည်းပြီး သူတို့အိမ်သို့ ပြန်သွားကြသည်။သို့သော် ဒီစားသောက်ဆိုင်ကမူ မသေချာပေ။ပိုင်ရှင်က အထဲ၌ ရှိကောင်းရှိနေနိုင်ပေသည်။


"ဘယ်သူကဂရုစိုက်နေမှာလဲ...ဒီစားသောက်ဆိုင်ကလည်း နန်ကုန်းမိသားစုရဲ့ အပိုင်ထဲကပဲ ဖြစ်မယ်...ဒီလိုမှတော့ ငါတို့က အရှင်သခင်ရဲ့ အမိန့်ကိုပဲ နာခံရမယ်..."


တစ်ခြား အနက်ဝတ်လူတစ်ယောက်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ထို့နောက် သူတို့ တွန့်ဆုတ်နေခြင်းကို ရပ်တန့်လိုက်သည်။သူတို့ခန္ဓာကိုယ်မှ စွမ်းအင်များကို စတင်ထုတ်လွှင့်လိုက်၏။သူတို့၏ အကြည့်များကလည်း စူးရှထက်မြက်လာသည်။ထိုဆိုင်ဆီသို့ ပြေးဝင်သွားလိုက်ကြသည်။


သူတို့က ကြောက်မက်ဖွယ်ကောင်းလှသော ဓားသွားစွမ်းအင်နှင့် စွမ်းအားကြီးလှသော ဓားစွမ်းရည်အင်တို့ကို တစ်ပြိုင်တည်း ထုတ်လွင့်လိုက်သည်။တိုက်ခိုက်မှုက စားသောက်ဆိုင်ကို တကယ့်ကို ဖျက်စီးပစ်နိုင်လေသည်။


သို့သော်လည်း ထိုသူနှစ်ယောက်လုံးက ကြောင်အမှင်သက်သွားမိသည်။သူတို့ အချိန်အနည်းငယ်မျှ စောင့်ကြည့်နေမိသော်လည်း စားသောက်ဆိုင်တွင် ပျက်စီးမှု တစ်စုံတစ်ရာမှ မတွေ့ရပေ။တကယ်တမ်းတွင် သူတို့၏ တိုက်ခိုက်မှုက ပုံရိပ်ယောင်တစ်ခု ဖြစ်သွားသကဲ့သို့ပင် ဆိုင်တွင် အခြစ်ရာလေးတောင်မှ ထင်ကျန်နေခြင်းမရှိပေ။


"နောက်တစ်ခေါက် ကြိုးစားကြည့်ကြစို့ ..."


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းငြိမ့်လိုက်ကြသည်။နောက်ထပ်တစ်ကြိမ် တိကျစွာ တိုက်ခိုက်လိုက်ကြသည်။ဒီတစ်ကြိမ်၌မူ သူတို့တွင် ရှိသမျှ စွမ်းအင်များအားလုံးကို ပေါင်းထည့်လိုက်သည်။ပုံသဏ္ဍာန်မဲ့သော ထက်မြေ့လှသည့် ဓားစွမ်းအင်က အလယ်တည့်တည့်ပိုင်းကျလာလေသည်။ဒီတစ်ကြိမ်၌ အနက်ဝတ်လူတစ်ဦးက သူ့၏ ကြီးမားလှသော ဓားသွားကို ရှင်းလင်းစွာ မြင်နေရသည်။ထိုစွမ်းအင်များက ဆိုင်နှင့် မီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားပြီး အနည်းငယ်မျှ ရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိတော့ပေ။


"ဘာဖြစ်တာလဲ...ဘာကြောင့် ဒီလို အဆုံးသတ်သွားရတာလဲ..."


သူတို့၏ မျက်ဝန်းများ ပြူးကျယ် ဝိုင်းစက်သွားသည်။မျက်နာဖုံးအောက်တွင်ရှိနေသော မျက်နာအောက်၌လည်း မယုံကြည်နိုင်မှု အထင်းသားပေါ်လွင်နေသည်။


"အဲ့ဒီမှာ အစီအရင်တစ်ချို့ရှိနေတာလား..."


သို့သော်လည်း သူတို့ မည်သည့်အစီအရင်၏ စွမ်းအင်မှ မခံစားမိပေ။


"ကောင်းပြီ...ငါမင်းကိုကူညီမယ်..."


အနက်ရောင်ဝတ်လူတစ်ယောက်က စိတ်ဆိုးဒေါသထွက်စွာဖြင့်ပြောလိုက်သည်။ထို့နောက်သူ့၏ စွမ်းအင်များကို ကောင်းကင်ယံဆီသို့ ပစ်လွှတ်လိုက်သည်။ထိုစွမ်းအင်မျာက ကြီးမားလှသော ကြယ်တစ်လုံးကြွေဆင်းကျလာသလိုပင် စားသောက်ဆိုင်ဆီသို့ လျှင်မြန်စွာ သက်ဆင်းလာသည်။သူ့၏ စွမ်းအားများက အံ့အားသင့်ထိတ်လန့်ဖွယ်ကောင်းလှသည်။


ခပ်လှမ်းလှမ်းတစ်နေရာတွင်ရှိနေသော သူတို့၏ ခေါင်းဆောင်လည်း ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။


"သူတို့ ဘာလုပ်နေတာလဲ...သူတို့က ဒုံးကြည်လွှတ်နေတာလား...သူတို့က မီးရှူးမီးပန်းဖောက်နေတာလား...ဒီနန်ကုန်းမိသားစုပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို ဖျက်စီးတာ လူမသိမှာဆိုးလို့လား..."


ထိုနှစ်ယောက်ဆီသို့ အလျှင်စလို သွားရန်ပြင်လိုက်သည်။သို့သော်လည်း သူ့ခြေထောင်များကို မရွေ့လျားရသေးခင်မှာပင် သူ့ခန္ဓာကိုယ်က ရုတ်တရက်တောင့်တင်းသွားသည်။


"ငါအိပ်နေတာကို လာနှောင့်ယှက်တဲ့ ဘယ်သူမဆို သေသင့်တယ်..."


အနက်ရောင်ဝတ်လူနှစ်ဦးလည်း စားသောက်ဆိုင်၏ အပေါ်တွင်ရပ်နေသော အလွန်လှပလှသည့် အမျိုးသမီးကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေမိကြသည်။သူမ၏ အနက်ရောင်ဆံနွယ်များက လနှစ်စင်းဆီမှ ဖြာကျနေသောအလင်းရောင်ကြောင့် တောက်ပနေသကဲ့သို့ပင်။


ပတ်ဝန်းကျင်တွင် ပြန့်နှံ့နေသော အေးစက်လှသည့်ဖိအားများက သူတို့ အသက်ရှုခက်ရအောင်ပင် လုပ်နေလေသည်။ကြယ်ပျံတစ်လုံးကဲ့သို့ မြန်ဆန်လှသည့် အရှိန်အဟုန်ဖြင့် ထိုးဆင်းလာသည့် ဓားစွမ်းအင်များကပင် သူမဆီသို့ မရောက်လိုက်ပေ။သူမက အညစ်အကြေးစွန့်ပစ်သကဲ့သို့ပင် လက်ကိုဝှေ့ယမ်းလိုက်လေရာ ဝေးကွာသော နေရာဆီ ကျရောက်သွားလေသည်။


"သူတ်ို့ရဲ့ တ်ိုက်ခိုက်မှုက ဒီလိုပဲ ပျောက်ကွယ်သွားတယ်..."


နောက်ခဏအတွင်း၌ သူတို့လည်ပင်း၌ အနက်ရောင်ဆံနွယ်များ ရစ်ပတ်နေပြီးသူတို့၏မျက်ဝန်းများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေလေသည်။


စားသောက်ဆိုင်ခေါင်မိုးပေါ်၌ အမျိုးသမီးပျာက်ကွယ်သွားသည်ကိုသတိထားမိလိုက်သည့်အချိန်၌ပင် သူတို့၏ အမြင်အာရုံများ မဲမှောင်သွားကာ သူတို့၏ အသိစိတ်က လွင့်ထွက်သွားပေပြီ။


ထိုအမျိုးသမီးက သူမ၏ ဆံပင်များကို အသာအယာ ပြန်လည်ရုတ်သိမ်းလိုက်သည်။ထို့နောက် ကြည်လင်ချောမွေ့လှသော ခြေဖဝါးလေးများက မြေပြင်ကို အသာအယာထိလ်ိုက်ပြီးနောက် လှည့်ကြည့်လိုက်သည်။


သူမ၏ အနောက် နီးကပ်သော နေရာတွင်ရှိနေသော ခေါင်းဆောင်ကလည်း အသက်ရှုကျပ်လုနီးပါးပင်ဖြစ်နေလေသည်။


"ထွက်သွားမလား...သေမလား..."


နယ်သာရီက မျက်နာသေဖြင့် အေးစက်စွာ ပြောလိုက်သည်။