အခန်း ၄၈၂
အမှန်တရားကဘာလဲ..
"ထွက်သွားမလား...သေမလား..."
သူမ၏ အသံက မကျယ်လှသော်လည်း တိတ်ဆိတ်နေသော ညအချိန်ဖြစ်သောကြောင့် ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
သူမ၏ အသံက ခေါင်းဆောင်၏ နားထဲတွင် ပဲ့တင်ထပ်နေလေသည်။ထိုအမျိုးသမီးက ကြမ်းတမ်းခြင်း တင်းမာခက်ထန်ခြင်းမရှိပေ။သူမက အေးစက်ပြီး တည်ငြိမ်လှသည်။
ထိုလူက သူ့၏ လက်အောက်ငယ်သားနှစ်ဦးကိုကြည့်လိုက်သည်။ထိုသူနှစ်ယောက်က မြေပြင်ပေါ်တွင် အားနည်းစွာလဲကျနေလေသည်။သူတို့ခန္ဓာကိုယ်မှလည်း သွေးများစီးဆင်းနေပြီး နံဘေး၌ သွေးအိုင်ငယ်လေးသို့ ဖြစ်နေပေသည်။ထွက်ပေါ်နေသော သွေးနံ့များကပင် ကြက်သီးမွှေးညှင်းထသွားရန်လုံလောက်နေပေပြီ။
"မင်းကဘယ်သူလဲ...မင်းကဘာလို့ ဒီလောက်ရက်စက်ရတာလဲ..."
ခေါင်းဆောင်က သူ့၏ ကြောက်ရွံ့မှုများကို ထိန်းချုပ်ပြီး အေးစက်စွာပြောလိုက်သည်။သူမျက်ဝန်းများက တစ်ချက်လက်သွားပြီးနောက် သူ့ရှေ့မှောက်၌ တောက်ပလှသော ငွေရောင်လှံတစ်ချောင်းပေါ်လာသည်။
မြူကောင်းကင်မြို့မှ သူဆိုလျှင်ထိုလှံကို မြင်သည်နှင့် သူ့ကို သိပေလိမ့်မည်။ထိုသူက ကျန်းမိသားစုမှ ငွေလှံပိုင်ရှင် ကျန်းဟယ်ဖြစ်သည်။ထိုသူက မြူကောင်းကင်မြို့၏ ကျော်ကြားလှသော ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။သူက အဆင့် ၁ဆင့် ချိုးဖောက်ပြီးသော မသေမျိုးခန္ဓာပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့၏ တိုက်ခိုက်ရည်များကလည်း ထူးခြားလှသည်။
သို့သော်လည်း ယခုလက်ရှိအချိန်၌မူ သူကဲ့သို့ ကျော်ကြားလှသော ပညာရှင်ပင်လျှင် မျက်နာအမူအရာမဲမှောင်နေပြီး လှံကိုင်ထားသောလက်မှ ချွေးများစီးကျနေပေသည်။
ထိုခြေဗလာနှင့်အမျိုးသမီးဆီမှနေ၍ ပြင်းထန်လှသော ဖိအားများကို ခံစားမိနေလေသည်။ထိုအမျိုးသမီးက အလွန်စွမ်းအားကြီးလှသည်။
နယ်သာရီ၏ မျက်နာထားက ရေခဲတမျှ အေးစက်နေသည်။သူ... သူစိမ်းများကို မျက်နာချင်းဆိုင်ရသည့်အခါတိုင်း ပြုမူနေကြ မျက်နာထားမျိုးပင်ဖြစ်သည်။သူ့၏ မျက်ဝန်းထဲ၌ ခက်ထန်သော အလင်းတစ်ချက်သာလက်သွားပြီးနောက် မျက်လုံးအိမ်ကအနက်ရောင်ဖြစ်သွားသည် ။
"နင်ထွက်မသွားချင်ဘူးဆိုရင်တော့...သေလိုက်တော့..."
စိတ်ဝင်စားခြင်းပင်မရှိသော အသံထွက်ပေါ်လာသည်။ပြေလျော့နေသော ဆံနွယ်များက လေတွင်တဖျက်ဖျက်လွင့်ခါနေသည်။ထိုဆံနွယ်များက လရောင်၏ လွှမ်းခြုံမှုမှ ပုန်းရှောင်ရန် ကြိုးစားနေသကဲ့သို့ပင်။
ကျန်းဟယ်က ဒေါသတကြီး မာန်သွင်းအော်ဟစ်လိုက်သည်။သူ့ခန္ဓာကိုယ်ရှိ အရိုးအဆစ်များ အားလုံး ပွင့်ထွက်သွားပြီးနောက် ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ထိုစွမ်းအင်လှိုင်းများက မြူအလွှာအပါးဖြင့် ပြောင်းသွားကာ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။
သူ့၏ လှံကိုဝှေ့ယမ်း၍ အမျိုးသမီးဆီသို့ ပစ်လွှတ်လိုက်သည်။ထိုလှံ၏ စွမ်းအားက ကောင်းကင်ကိုပင်ဆုတ်ဖြဲ၍ ပြေးထွက်သွားသလိုပင်။သူမဆီသ်ို့ ဦးတည်သွားသော လှံ၏ အရှိန်က အလင်းတစ်ခုအဖြစ်သာ မြင်လိုက်ရလေသည်။သူ့၏ နောက်ကျောမှလည်း ပုံရိပ်ယောင်စိတ်ဝိညာဉ်ကြိုးထွက်ပေါ်လာသည်။
နယ်သာရီ၏ မျက်ဝန်းနက်များက ပို၍ပင်နက်ရှိုင်းသွားသည်။ထို့နောက် သူမ၏ သေးသွယ်လှသော ခြေဖျားလေးဖြင့် မြေပြင်ကို တစ်ချက်ထောက်ကန်လိုက်ပြီး သရဲတစ်ကောင်ကဲ့သို့ပင် ပျောက်ကွယ်သွားသည်။ငွေရောင်လှံက အမှောင်ထုကိုသာ ထိုးနှက်မိသွား၏။
ခရက်ရှ်...
နယ်သာရီ၏ အနက်ရောင်ဝတ်ရုံက လေရှိန်၌ တစ်ဖျက်ဖျက်ခါနေသည်။သူမက မြေပြင်ပေါ်အသာအယာ ဆင်းသက်လိုက်သည်။
မြေပြင်ပေါ်ပြန့်ကျဲနေသော ကျောက်တုံးကျောက်ခဲများ၏ ကျိုးကြေသံများ ထွက်ပော်နေသည်။
ကျန်းဟယ်က သူ့၏ လှံဖြင့်အဆက်မပြတ်ထိုးနှက်နေသေည်။သို့သော်လည်း သူမ၏ ရေတံခွန်ကဲ့သို့ ဖြာဆင်းကျနေသည့် ဆံနွယ်များက သူ့ကို တဖြေးဖြေးဖုံးလွှမ်းလာ၏။ဆံနွယ်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းကျပ်ကျပ်ချုပ်နှောင်လိုက်ပေသည်။နယ်သာရီက အနောက်သို့အသာအယာ ပြန်လှည့်ကြည့်လိုက်သည်။သူမ၏ ဆံပင်များက တင်းခနဲ ဖြစ်သွားပြီးနောက် အရိုးကျိုးသံများကို ကြားလိုက်ရသည်။ကျန်းဟယ် ရုန်းကန်ခြင်းပင် မပြုနိုင်ပဲ သေဆုံးသွားရလေသည်။
ရွှစ်...
နယ်သာရီက သူ့ဆံပင်ကို အသာအယာ ပြန်လည် သိမ်းယူလိုက်သည်။အနက်ရောင် ဆံနွယ်များက သူမ၏ ခါးနား၌ ဝေ့ဝဲနေပြီးလှပမှုကိုသာ ပုံဖော်နေလေသည်။လနှစ်စင်းဆီမှ ဖြာကျနေသော အလင်းရောင်များက သူမ၏ လှပသော မျက်နာလေးကို ပံ့ပိုးနေလေသည်။
"ခေါင်းဆောင် သေသွားပြီလား..."
ကျန်ရှိနေသော အနက်ဝတ်လူများ၏ မျက်နာ၌ ကြောက်ရွံ့မှုများပြည့်နှက်နေသည်။သူတို့က ချာခနဲလှည့်၍ တန်းနေအောင် ထွက်ပြေးကြတော့သည်။တစ်စုံတစ်ယောက်ကို သူမ၏ ဆံပင်ဖြင့်ပင် သတ်နိုင်သည့်သူမှ မကောင်းဆိုးဝါးမဟုတ်လျှင် ဘာများဖြစ်နိုင်ဦး မည်နည်း။
သို့သော်လည်း ထိုသူများက ခြေလှမ်းအနည်းငယ်သာ ပြေးပြီးသည့်အချိန်၌ သူတို့၏ ခြေထောက်များကို အနက်ရောင်ဆံပင်က ရစ်ပတ်ထားသည်ကို မြင်လိုက်ရလေသည်။ထိုဆံပင်များက ပြန့်ကားလာပြီးနောက် သူတို့အားလုံးကို လုံးဝ ဖုံးအုပ်သွားလေသည်။များလှစွာသော ကျွမ်းကျင်ပညာရှင်များနှင့် အဆင့် တစ် မသေမျိုးပညာရှင်တစ်ယောက်က အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သေဆုံးသွားရလေသည်။
ထိုသတင်းသာပြန့်နှံ့သွားလျှင် သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။
ယခု၌ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေလေသည်။နယ်သာရီက လေထုထဲ၌ ခြေတစ်လှမ်းလှမ်းလိုက်သည်။ခဏချင်းမှာပင် သူမ စားသောက်ဆိုင်ခေါင်းမိုးပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။
သူ့၏ လက်ကိုမြှောက်လိုက်သည်။ဖြာကျနေသော လရောင်ကြောင့် ဖြူဖွေးနူးညံ့လှသော သူမ၏ လက်ကလေးက ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသကဲ့သို့ပင်ချစ်စဖွယ်ကောင်းလှပေသည်။
လက်ကိုဝှေ့ယမ်းလိုက်လေရာ စွမ်းအင်အတက်အကျလှိုင်းများ ဖြစ်ပေါ်လာသည်။ထို့နောက် မြေပြင်ပေါ်ပြန့်ကျဲနေသည့် အလောင်းများက ပျက်စီးလာလေသည်။အလောင်းများက ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားပြီး သွေးအိုင်နှင့် လေထုထဲပြန့်နှံ့နေသည့် အနံ့ဆိုးများသာ ကျန်ခဲ့လေသည်။
သူမ၏ ခက်ထန်မာကျောမှုက ပြန်လည် ပျောက်ကွယ်သွားသည်။ထို့နောက် အေးစက်လှသော မျက်နာသေဖြင့်ပင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။သူမ၏ နေရာမှ တမဟုတ်ချင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။
ခွေးဘုရင်က နှာခေါင်းအနည်းငယ်ရှုံ့လိုက်သည်။သူ ငိုက်မြည်းနေသော မျက်ဝန်းများကို အားတင်းဖွင့်၍ ငရဲကမ္ဘာသဘောင်္ဆီ ပြန်ရောက်လာသော နယ်သာရီကို ကြည့်လိုက်သည်။
"နင် သူတို့အားလုံးကို သေချာဂရုစိုက်ခဲ့ရဲ့လား..."
သူ့၏ အသံက ယောက်ကျားဆန်လှသော်လည်း နူးညံ့လှ၏။နယ်သာရီက သာမန်သာ ခေါင်းငြိမ့်ပြလိုက်သည်။
"နင်ဒီမှာရှိနေတော့ ဒီခွေးဘုရင်ရဲ့ ဘဝက ပိုပြီးလွယ်ကူချောမွေ့သွားတယ်...နင်ကော ခွေးဘုရင်ရဲ့ နံရိုးချိုချဉ်ကြော်ကော ရှိနေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."
နယ်သာရီက ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် သင်္ဘောဆီသို့ လှည့်သွားလိုက်သည်။
"ဒီကောင်မလေးကတော့..."
ခွေးဘုရင်လည်း ပြန်လည်အိပ်စက်လိုက်လေသည်။
နောက်တစ်နေ့မနက်၌...
ဝက်များကို သတ်ဖြတ်နေသကဲ့သို့ ဆူညံသည့် အော်ဟစ်သံများကြောင့် ပုဖန် ထိတ်လန့်တကြားနိုးလာရသည်။သူ အိပ်ယာပေါ်ငေါက်ခနဲ ထထိုင်၍ မျက်ဝန်းများကို ပွတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အူကြောင်ကြောင်ကြည့်လိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ..."
သူအိပ်ယာပေါ်မှထ၍ ပြတင်းပေါက်နားသ်ို့ သွားကြည့်လိုက်သည်။သက်စောင့်ဆေးဆိုင်များ ပျက်စီးပြိုပျက်နေသော အုတ်ခဲပုံကို မြင်လိုက်ရလေသည်။
ပြိုပျက်နေသော ဆိုင်များရှေ့၌ ဒူးထောက်၍ အော်ဟစ်ငိုကြွေးနေကြသော ဆိုင်ရှင်များလည်း ရှိနေသည်။
"ဘာတွေဖြစ်ပျက်သွားတာလဲ..."
ပုဖန်မျက်ဝန်းများ ပြူးကျယ်သွားသည်။
"တစ်ညတည်းနှင့် ဒီလောက်များပြားလှသော သက်စောင့်ဆေးဆိုင်များအားလုံး ဘယ်လိုပြိုပျက်စီးသွားလဲ..."
ထိုသက်စောင့်ဆေးဆိုင်ပိုင်ရှင်များက တကယ့်ကို သနားစရာကောင်းလှသည်။သူတို့၏ ဘဝက ဒီဆိုင်များပေါ်တွင် မှီခ်ိုနေခြင်းဖြစ်သည်။နန်ကုန်းမိသားစုဆီမှ ဒီနေရာကို ငှားရမ်းဖို့အတွက် မြောက်များလှစွာသော ငွေကြေးအကုန်ကျခံထားရခြင်းဖြစ်သည်။ယခုဖြစ်ရပ်က သူတို့ကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ကဲ့သို့ပင် ။
တစ်ချို့ ဆေးဆိုင်ပိုင်ရှင်များက သက်ပြင်းသာအသာချနေသည်။တစ်ချို့က ကျယ်ကျယ်လောင်လောင်ငိုကြွေးနေကြ၏။တစ်ချို့က ခါးသက်စွာပင် မျက်ရည်ကျနေ၏။
ထို့အပြင် စားသောက်ဆိုင်၏ တံခါးကို ဒေါသတကြီး ထုနှက်နေသည့် ဆိုင်ပိုင်ရှင်အချို့လည်း ရှိနေပေသေးသည်။
သူတို့က ယခုဖြစ်ရပ်၏ နောက်ကွယ်တွင် ပုဖန်ရှိနေသည်ဟု ယုံကြည်ကြသည်။အဘယ့်ကြောင့်ဆိုသော် ပတ်ပတ်လည်ရှိ ဆေးဆိုင်များအားလုံး ပြိုလဲကျသွားသော်လည်း အကောင်းတိုင်းရှိနေသည်မှာ ဒီဆိုင်သာဖြစ်သည်။
ထို့ကြောင့် ဒီလိုဖြစ်နိုင်ချေကို မတွေးပဲ မနေနိုင်တော့ပေ။
နန်ကုန်းမိသားစုမှ လူများ လျှင်မြန်စွာရောက်လာကြသည်။သူတို့ကို မိသားစုအကြီးအကဲ တစ်ယောက်က ဦးဆောင်လာ၏။အကြီးအကဲက ဆူညံနေသော လူအုပ်ကို ကြည့်လိုက်ပြီးနောက် လိုအပ်သည့်အကြောင်းအရာများကို မေးမြန်လိုက်သည်။ထို့နောက် သူအကြည့်များက စားသောက်ဆိုင်ဘက်သို့ရောက်လာခဲ့သည်။စွန်းထင်းနေသည့် သွေးများကလည်း သူ့၏ အာရုံကို ဆွဲဆောင်သွားလေသည်။
"မနေ့ညက ဘာဖြစ်ခဲ့တာလဲ..."
ထိုသွေးများကပင် ပြင်းထန်သည့် စွမ်းအင်များနှင့် ပြည့်နှက်နေခဲ့သည်။ထိုအဓိပ္ပာယ်က သေဆုံးသွားသည့် သူက စွမ်းအားကြီးသည့် သူတစ်ယောက်ဖြစ်သည်။ထိုသွေးက မည်သူဆီကဆိုသည်ကို ရှာဖွေနိုင်လျှင် အမှန်တရားကို သိရပြီဖြစ်သည်။
ဒီကိစ္စ၏ နောက်ကွယ်၌ ကျန်းနှင့် လင်းမိသားစု ရှိနေမည်ဟု လည်း အကြီးအကဲယုံကြည်နေမိသည်။အဘယ့်ကြောင့်ဆိုသော် ထိုသူများဆီမှ အလားတူပုံစံမျိုး ကောလဟာလများ ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
နန်ကုန်းဝူချယ်နှင့် နန်ကုန်းဝမ်တို့လည်း ဒီနေရာသို့ အပြေးအလွှားရောက်လာကြသည်။ယခုကဲ့သို့ကြီးကျယ်သည့် ကိစ္စဖြစ်သွားပြီးနောက် သူတို့ လာမစစ်ပဲနေ၍ မဖြစ်နိုင်ပေ။နန်ကုန်းမိသားစု၏ လုပ်ငန်းနေရာတစ်ခုလုံး ပျက်စီးခြင်းက အသေးအဖွဲ ကိစ္စတစ်ခုမဟုတ်ပေ။
နန်ကုန်းဝမ်က အလွန်ပါးနပ်ချက်ခြာသော သူတစ်ယောက်ဖြစ်သည်။သူက ငိုကြွေးနေသော ဆိုင်ပိုင်ရှင်များကို ငွေပြန်ပေးမည်ဟု ပြော၍ နှိမ့်သိမ့်ပေးလိုက်သည်။နန်ကုန်းဝမ်၏ သက်စောင့်ဆေးဆိုင်လည်း ဖျက်စီးခံထားရသည်။သို့သော် ဒီကိစ္စက ပိုင်ရှင်ပုနဲ့ မည်သို့မှ သက်ဆိုင်မည်မဟုတ်မှန်းသူမ ကောင်းစွာ သိပေသည်။ဒီကိစ္စရပ်က ကျန်းနှင့်လင်းမိသားစုမှ လွှတ်လိုက်သော သူများ လုပ်ခြင်းပင်ဖြစ်လိမ့်မည်။သူတို့ ဒီကိစ္စနှင့်ပတ်သတ်၍ သေချာစစ်ဆေးရပေမည်။
ပုဖန် အဝတ်အစားလဲ သန့်ရှင်းရေးလုပ်ပြီးနောက် ဆိုင်အောက်သို့ ဆင်းလာခဲ့သည်။ထို့နောက် တံခါးကိုဖွင့်၍ မှီကာ ရပ်လိုက်သည်။နန်ကုန်းဝူချယ်နှင့် နန်ကုန်းဝမ်တို့ နှစ်ယောက်လည်း သူဆီသို့လာ၍ နှုတ်ဆတ်လိုက်ကြသည်။ပုဖန်က အနားနား၌ရှိနေသော သက်စောင့်ဆေးဆိုင်ပိုင်ရှင်၏ အကြည့်စူးစူးများကို သတိထားမိသောကြောင့် စိတ်မကြည်စွာ မျက်မှောင်ကြုတ်လိုက်သည်။
"ပိုင်ရှင်ပု ...ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်မှန်းငါတို့သိတယ်...ဒါကြောင့် စိတ်မပူနဲ့ ဒီဟာကို ဘယ်သူလုပ်တယ်ဆိုတာ ငါတို့ သေချာပေါက် ဖော်ထုတ်မှာပါ...နန်ကုန်းမိသားစုက ဒီကိစ္စကို အလွယ်လေး ကျော်သွားမပေးနိုင်ဘူး..."
နန်ကုန်းဝူချယ်က သူရင်ဘက်ကိုပုတ်၍ အာမခံပြောလိုက်သည်။
သူမ၏ ဆိုင် ဖျက်စီးခံထားရသောကြောင့် နန်ကုန်းဝမ်၏ စိတ်အခြေအနေကလည်းမကောင်းဖြစ်နေသည်။သူမက ဒီနေ့တွင် ဆိုင်ကို ပြန်လည် သန့်ရှင်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း မမျှော်လင့်ထားစွာပင် ဒီလိုအခြေအနေမျိုး ဖြစ်သွားခဲ့သည်။
"ပိုင်ရှင်ပု...ပဉ္ဇလက်စုဝေးပွဲအတွက် တစ်ခြားနယ်ပယ်က ထူးချွန်သူတွေ စာရင်းသွင်းရမယ့်နေရာက တောင်ဘက်ပိုင်းမှာ...နင်အခုအားလား အဲ့ဒီနေရာကိုသွားမယ် ...ငါနင်နဲ့ အဖော်လိုက်ခဲ့ပေးမယ်..."
နန်ကုန်းဝမ်က သက်ပြင်းလေးလေးချ၍ စိတ်လျှော့လိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။
"ငါမအားဘူး...ငါအခုထိ မနက်စာမစားရသေးဘူး..."
နန်ကုန်းဝမ် တောင့်တင်းသွားမိသည်။သူ့၏ ပြန်ပြောစကားကြောင့် ကြောင်အမှင်သက်နေမိ၏။
"မင်းတို့ရော ငါနဲ့တူတူ စားချင်လား...ဒါဆို ဆိုင်ထဲဝင်လာခဲ့...ဒါပေမယ့် သလင်းကျောက်တော့ ပေးရမှာနော်..."
ပုဖန်က ပြောပြီးသည်နှင့် မီးဖိုခန်းထဲသို့ လှည့်ဝင်သွားလိုက်သည်။နန်ကုန်းမောင်နှမ၏ မျက်ဝန်းများက တောက်ပသွားသည်။သူတို့ ဆိုင်ထဲဝင်ရန် ပြင်လိုက်သည်။
သို့သော်လည်း နန်ကုန်းဝူချယ်က ငရဲကမ္ဘာသင်္ဘောပေါ်မှ ထွက်လာသောနယ်သာရီကို မြင်လိုက်ရလေသည်။ထိုကြောင့် သူ ကြောင်လိုက်ခြင်းခံလ်ိုက်ရသော ကြွက်ကဲ့သို့ အလျှင်စလို ထွက်ပြေးသွားလေသည်။
သူ့၏ ရုတ်တရက် ဆန်လှသော လှုပ်ရှားမှုကြောင့် နန်ကုန်းဝမ်ကြောင်အကျန်ခဲ့သည်။
နယ်သာရီက မျက်နာသေဖြင့် သင်္ဘောပေါ်မှ ဆင်းလာပြီးနောက် ပျင်းရိစွာ သန်းဝေလိုက်သည်။ထို့နောက် အသံကျယ်တစ်ချက်နှင့်အတူ သင်္ဘောက ပြန်လည်ကျုံ့ဝင်သွားပြီး သူမလက်ထဲ ရောက်သွားလေသည်။
နန်ကုန်းဝမ် နယ်သာရီကို သတိပြုမိလိုက်ပြီး ရုတ်တရက် သူမမျက်ဝန်းများ ပြူးကျယ်လာသည်။နယ်သာရီက သူမ၏ ဆံနွယ်ရှည်များကို အနောက်သို့ သိမ်းပို့လိုက်သည့်အချိန်၌ ထိုဆံပင်မှ သွေးနံ့ပြင်းပြင်းများ ထွက်ပေါ်နေကြောင်း သူမသတိပြုမိလိုက်သည်။
သူမ၏ မျက်နာပေါ်သို့ တစ်စုံတစ်ခုကျလာသလို ခံစားလိုက်မိသောကြောင့် သူလက်ဖြင့် သုတ်လိုက်သည်။သူမ၏ လက်၌ ပေကျံနေသည်က သွေးဖြစ်ကြောင်း သူသိလိုက်ရလေသည်။